အခန်း (၁၂၁-၁၂၂)
Vol. 7 Ch. 121-122
အခန်း (၁၂၁)
စင်မြင့်ထက်ရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားသည် သက်ပြင်းတစ်ချက် ချလိုက်သော်လည်း မျက်ဝန်းများမှာ တည်ငြိမ်နေဆဲဖြစ်သည်။ သူ၏ စိတ်ထဲတွင်မူ ဤပစ္စည်းအား လေလံမအောင်မြင်ဘဲ ကျန်ရစ်ခဲ့လျှင် ကောင်းလေစွဟု မျှော်လင့်နေမိသည်။ အချိန်ဆွဲနိုင်သည်နှင့်အမျှ သူကြားဖြတ်ပြီး ဝယ်ယူနိုင်မည့် အခွင့်အရေး ရရှိလာမည် မဟုတ်ပါလား။
"နွားကြီး... ဒီလေလံပွဲက ပစ္စည်းချင်း ဖလှယ်တဲ့ စနစ်ကို သုံးနေတာလား... ကျွမ်းကျင်မှု မရှိလိုက်တာ"
ချန်ရွှင်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး နွားနက်ကြီးကို ပြောလိုက်သည်။
"နှစ်ငါးရာ သက်တမ်းရှိပြီး အာနိသင်ပျက်စီးနေတဲ့ ဆေးပင် တစ်ပင်ကို နှစ်တစ်ထောင်သက်တမ်းရှိ အပင်နဲ့ လဲချင်တယ်တဲ့လား... ကြွက်သေတစ်ခုအရင်းပြု ပြီး အမြတ်ထုတ်ချင်နေတာပဲ"
"မွန်း"
နွားနက်ကြီးသည်လည်း မကျေနပ်သည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ဆေးပင်များနှင့် ပတ်သက်၍ သူသည် မည်သူ့ကိုမျှ အလျော့ပေးလေ့မရှိပေ။ ထိုအပင်မှာ ပျက်စီးနေသည်မှာ ထင်ရှားလှရာ ငွေကိုရေလိုသုံးနိုင်သူ များသာ လဲလှယ်ကြပေလိမ့်မည်။ ရေဝိဉာဉ်ပညာ ဖြင့် ပြန်လည်ပျိုးထောင်လျှင်ပင် သက်တမ်းများစွာ တိုးတက်လာမည် မဟုတ်ပေ (မူလစွမ်းအင် အသုံးပြုလျှင်တော့ ခြွင်းချက်ဖြစ်သည်)။
သက်လတ်ပိုင်းအရွယ် အမျိုးသားသည် စင်မြင့်ထက်တွင် ရပ်လျက် လေလံပွဲမအောင်မြင်ကြောင်း ကြေညာရန် ပြင်ဆင်လိုက်စဉ် ရုတ်တရက် အသံတစ်သံ ပျံ့လွင့်လာလေသည်။
"မိတ်ဆွေ... နှစ်တစ်ထောင်သက်တမ်းရှိ သစ်နက်မှို နဲ့ လဲလှယ်လို့ ရမလား"
သူ၏ မျက်ဝန်းများတွင် အံ့သြမှုများ ယှက်သန်းသွားပြီး ချန်ရွှင်ရှိရာသို့ ချက်ချင်း လှမ်းကြည့်ကာ လက်သီးဆုပ် အရိုအသေပြုလိုက်သည်။
"စီနီယာ ခဏစောင့်ပါ... ကျွန်တော် သွားရောက် မေးမြန်းပေးပါ့မယ်"
ထိုသို့ပြောပြီးနောက် သူသည် ဘေးနားရှိ လူတစ်ယောက်အား အကြောင်းစုံ ပြောပြလိုက်ရာ ထိုသူက ခေါင်းညိတ်ပြီး အသံလွှင့်အဆောင် ကို ကိုင်ဆောင်လျက် လျင်မြန်စွာ ထွက်ခွာသွားလေသည်။ ထိုအချိန်တွင် လူအများအပြား၏ အကြည့်များသည် ချန်ရွှင်ထံသို့ ကျရောက်လာကြပြီး အဓိပ္ပာယ်ဖော်ရခက်သော မျက်ဝန်းများဖြင့် ကြည့်ရှုနေကြသည်။
ဘုန်း...
"မွန်း"
နွားနက်ကြီးသည် ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ ချန်ရွှင်သည် ပတ်ဝန်းကျင်ကို အရေးမစိုက်ဘဲ အဝါရောင်အဆင့် အနိမ့်စား တောင်ဖြိုပုဆိန် တစ်လက်ကို စားပွဲပေါ်သို့ ဝုန်းခနဲ ရိုက်ချလိုက်ရာ လက်ဖက်ရည်ခွက်များပင် မှောက်ကျကုန်၏။ သူ၏ အရှိန်အဝါသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ အနောက်ဘက်ရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများအပြားမှာ ကြောက်လန့်သွားကြပြီး အကြည့်များကို အလျင်အမြန် ပြန်ရုပ်သိမ်းကာ ခေါင်းငုံ့သွားကြသည်။
ရွှေအမြူတေအဆင့် ကျင့်ကြံသူ အချို့လည်း အကြည့်များကို ပြန်လည် ရုပ်သိမ်းလိုက်ကြသည်။ ဤကဲ့သို့သော လူမျိုးသည် စိတ်သဘောထား ထူးဆန်းတတ်သဖြင့် အပြင်လောကတွင် မလိုအပ်ဘဲ ထိပ်တိုက်မတိုးချင်ကြပေ။ ချန်ရွှင်၏ မျက်ဝန်းများမှာ အလွန် စူးရှသွားသည်။ အကယ်၍ သူတို့ကို အလွယ်တကူ အနိုင်ကျင့်နိုင်သည်ဟု ထင်မှတ်နေပါက မှားယွင်းသွားပေလိမ့်မည်။
မကြာမီ အချိန်အတွင်းမှာပင် အစေခံ အမျိုးသမီးနှစ်ဦးသည် အလျင်အမြန် ရောက်ရှိလာပြီး တောင်းပန်စကား ဆိုကြကာ စားပွဲကုလားထိုင်များကို ပြန်လည် ရှင်းလင်းပေးကြသည်။ ထို့နောက် ပိုင်ရှင်ဖြစ်သူက လဲလှယ်ရန် သဘောတူကြောင်း ချန်ရွှင်အား လာရောက် ပြောကြားလေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး စင်မြင့်နောက်ဘက်သို့ ထွက်ခွာသွားကြသည်။ သူတို့သည် ဤကဲ့သို့သော အသေးစား လေလံပွဲမျိုးကို စိတ်မဝင်စားတော့ပေ။ ဩဇာပေးသည့် ကစားပွဲမျိုးသာ ဖြစ်နေ၍ဖြစ်သည်။
စင်မြင့်နောက်ဘက်တွင် ချန်ရွှင်သည် ဝိညာဉ်ကျောက်တုံး ရာချီကို လက်ခအဖြစ် ပေးဆောင်လိုက်ရသဖြင့် ရင်နာနေသော်လည်း ယွမ်ချန်ဂျင်ဆင်း ကို လက်ဝယ် ပိုင်ဆိုင်လိုက်ရပြီ ဖြစ်သည်။ သို့သော် သူ၏ မျက်နှာတွင် စိတ်မကျေနပ်မှု နှင့် နှမျောဟန်များ အထင်းသား ပေါ်လွင်နေသည်။
ထိုအချိန်တွင် နန်းတွင်းဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ကျော့ရှင်းသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာလေသည်။
"မိတ်ဆွေက ဝိညာဉ်ဆေးပင်တွေနဲ့ ပတ်သက်ပြီး ဗဟုသုတ ရှိပုံရတယ်နော်"
ချန်ရွှင်သည် သက်ပြင်းချလိုက်ပြီး
"နည်းနည်းပါးပါး နားလည်ရုံပါ... ဒီ ယွမ်ချန်ဂျင်ဆင်း ပြန်ရှင်လာနိုင်မလား ဆိုတာတောင် မသေချာပါဘူး"
"အကယ်၍ မိတ်ဆွေ စိတ်ဝင်စားမယ် ဆိုရင် လေလံပွဲ ပြီးတဲ့အခါ ရွှေအမြူတေအဆင့် ကျင့်ကြံသူတွေရဲ့ တွေ့ဆုံပွဲလေး တစ်ခု ရှိပါတယ်... ချင်တိုင်းပြည် အပြင်ဘက်မှာလည်း အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်"
နန်းတွင်းဝတ်စုံနှင့် အမျိုးသမီး၏ နှုတ်ခမ်းထောင့်စွန်းများသည် လခြမ်းကလေးကဲ့သို့ လှပစွာ ကွေးညွတ်သွားသည်။
"ရာစုနှစ်ပွဲတော်ကြီး ပြီးဆုံးသွားတဲ့ အခါကျရင်..."
"မလိုပါဘူး... မိတ်ဆွေရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... ကျွန်တော် ပြန်ပြီး တံခါးပိတ် ကျင့်ကြံတော့မလို့ပါ"
ချန်ရွှင်သည် သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။
"နောက်တစ်ကြိမ် အခွင့်အရေး ရရင်တော့ ကျွန်တော် သေချာပေါက် လာခဲ့ပါမယ်... ခွင့်ပြုပါဦး"
"မွန်း"
နွားနက်ကြီးကလည်း သူမကို နှုတ်ဆက်လိုက်သည်။ နောက်တစ်ခါကျရင် သေချာပေါက် လာခဲ့ပါမည်။
လူတစ်ယောက်နှင့် နွားတစ်ကောင်သည် လျင်မြန်စွာ ထွက်ခွာသွားကြသည်။ နန်းတွင်းဝတ်စုံနှင့် အမျိုးသမီး၏ မျက်ဝန်းထဲတွင် အံ့သြရိပ်များ ဖြတ်သန်းသွားသည်။ အခွင့်အလမ်းများကို စိတ်မဝင်စားသော ကျင့်ကြံသူမျိုး ရှိသေးသည်လား။ သို့သော် အားလုံးသည် ရွှေအမြူတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြသဖြင့် အတင်းအကျပ် တားဆီးရန် မသင့်တော်ပေ။ ထို့အပြင် ယွီရွှပ်မြို့ အတွင်း၌ ဖြစ်သဖြင့် သူမတို့ ပို၍ပင် ပြဿနာ မရှာရဲကြပေ။
မကြာမီ သူမသည် အကြည့်များကို ရုပ်သိမ်းလိုက်ပြီး လေလံပွဲ ခန်းမအတွင်းရှိ ရွှေအမြူတေအဆင့် ကျင့်ကြံသူများကို ဆက်လက် ကြည့်ရှုကာ စိတ်ထဲ၌ တစ်စုံတစ်ခုကို ကြံစည်နေလေသည်။ လေလံပွဲသည် ဆက်လက် ကျင်းပနေဆဲ ဖြစ်ပြီး ယွမ်ချန်ဂျင်ဆင်း မှာ ကြားဖြတ် ပစ္စည်းတစ်ခုသာ ဖြစ်သည်။ အစစ်အမှန် ပစ္စည်းကောင်းများ မထွက်ပေါ်လာသေးသဖြင့် ပွဲသည် ပိုမို စည်ကား အသက်ဝင်လာလေသည်။
လမ်းခရီးတွင် ချန်ရွှင်သည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို တဖြည်းဖြည်း လျှော့ချလိုက်ရာ မျက်စိတစ်မှိတ်အတွင်း အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ဦး အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ယွီရွှပ်မြို့ တွင် လူအသွားအလာ များပြားလှပြီး သူတို့ကလည်း နာမည်ကျော်ကြားသူများ မဟုတ်သဖြင့် မည်သူကမျှ သာမန် ကျင့်ကြံသူ တစ်ဦးနှင့် ဝိညာဉ်သားရဲ တစ်ကောင်ကို အာရုံစိုက်နေမည် မဟုတ်ပေ။
"နွားကြီး... ရပြီဟေ့"
ချန်ရွှင်၏ မျက်ဝန်းများတည်ငြိမ်နေသော်လည်း ရင်ထဲတွင် အလွန် ပျော်ရွှင်နေသည်။ သူကပြောလိုက်သည်။
"ဒါပေမဲ့ နောက်နောင်ကျရင် ဒီလို အသေးစား လေလံပွဲမျိုး မတက်တာ ကောင်းမယ်"
"မွန်း..."
နွားနက်ကြီးသည် မူလက စိတ်လှုပ်ရှားနေခဲ့သော်လည်း ချန်ရွှင်၏ စကားကြောင့် အံ့အားသင့်သွားသည်။ ၎င်းတို့သည် သတင်းအချက်အလက်များကို ဆက်လက် ဝယ်ယူဦးမည်ဟု ထင်မှတ်ထားခဲ့မိခြင်း ဖြစ်သည်။ မြို့အတွင်းရှိ ဆိုင်ကြီးများသည် ရွှေအမြူတေအဆင့် ဆေးပင်များကို ရောင်းချခြင်း မရှိဘဲ ဝယ်ယူရုံသာ ဝယ်ယူတတ်ကြလေသည်။
"ကျွမ်းကျင်မှု နည်းလွန်းတယ်... ဒီလိုပွဲမျိုး ဆိုရင် ငါ တောင်အောက်မှာ အော်လိုက်ရုံနဲ့တင် ပွဲတစ်ပွဲ ဖြစ်လာနိုင်တယ်"
ချန်ရွှင်သည် နှာခေါင်းရှုံ့လျက် မကျေမနပ် ရေရွတ်လိုက်၏။
"ပွဲတွေ များများတက်လေ... ကိုယ့်ကိုယ်ကိုယ် ပြဿနာ ရှာသလို ဖြစ်လေ၊ ရန်သူတွေ များလာလေပဲ... အရေးအကြီးဆုံးက ပစ္စည်းဝယ်တဲ့သူက လက်ခ ပေးရတယ် ဆိုတာ ဘယ်လို ဟာကြီးလဲကွာ"
"မွန်း... မွန်း..."
နွားနက်ကြီးသည် အခြေအနေကို သဘောပေါက်သွားကာ မျက်လုံးများ ပြူးကျယ်သွားလေသည်။ မှန်ပေသည်။ ပစ္စည်းလာရောက် ရောင်းချသူကသာ ပေးဆောင်ရမည် မဟုတ်ပါလား။ လေလံရုံသည် နှစ်ဖက်စလုံးထံမှ အမြတ်ထုတ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် နွားနက်ကြီးသည် ချန်ရွှင်အား ပွတ်သီးပွတ်သပ် လုပ်လိုက်လေသည်။ သဘောပေါက်သွားပြီ ဖြစ်၍ နောက်နောင်တွင် မည်သည့်အခါမျှ လာတော့မည် မဟုတ်ပေ။
၎င်းတို့သည် လမ်းမပေါ်သို့ ရောက်ရှိလာပြီးနောက် ကျင့်ကြံသူ လူအုပ်ကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားကြတော့သည်။ ချန်ရွှင်သည် ဘေးဘီဝဲယာကို ကြည့်ရှုလိုက်သည်။
"နွားကြီး... ပထမဆုံးအကြိမ် လေလံအောင်မြင်တာကို ဂုဏ်ပြုတဲ့ အနေနဲ့ ဝိညာဉ်သားရဲ အသား သွားဝယ်စားကြစို့"
"မွန်း..."
နွားနက်ကြီးသည် ရယ်မောလိုက်လေသည်။ ချန်ရွှင် ကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးသော လက်ရာကို မစားသောက်ရသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။
"ဟဲဟဲ... ငါတို့ရဲ့ နေ့ရက်လေးတွေက... အေးချမ်းလာတော့မှာ"
ချန်ရွှင်သည် လက်ကို နောက်ပစ်လျက် မျက်ဝန်းများထဲတွင် အပြုံးများ ပြည့်နှက်နေလေသည်။ သူသည် လမ်းလျှောက်လိုက် ရပ်လိုက်ဖြင့် နေရာအနှံ့သို့ လျှောက်ကြည့်နေမိသည်။
"ဟိုလူ့ ကျောပေါ်က ဓားကြီးက တော်တော် ခန့်ညားတာပဲ... အနည်းဆုံးတော့ အဝါရောင်အဆင့် အထက်တန်းစား လောက် ရှိမယ်"
"မွန်း"
နွားနက်ကြီးသည်လည်း ချန်ရွှင်၏ ကိုယ်ပေါ်သို့ မှီတွယ်လိုက်သည်။ ၎င်းတို့သည် ပြင်ပသို့ ရောက်ရှိပါက စိတ်ဖြင့်သာ စကားပြောလေ့ ရှိကြသည်။
ချင်ရှန်တောင် ခြေရင်းရှိ ဈေးတန်းတွင် လူအသွားအလာ များပြားနေပြီး ဈေးဆစ်သံများဖြင့် ဆူညံနေလေသည်။ ဆိုင်ခန်းများမှာလည်း ယခင်ကထက် ပိုမို များပြားလာသည်။ သို့သော် အများစုမှာ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြပြီး ရာစုနှစ်ပွဲတော်ကြီးတွင် ဝင်ငွေကောင်းစွာ ရှာဖွေလိုကြသူများ ဖြစ်ကြသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာကြပြီး လူအုပ်ကြားမှ တိုးဝှေ့ကာ ဝိညာဉ်သားရဲ အသား ရောင်းချသော ဆိုင်တစ်ဆိုင် ရှေ့သို့ ရောက်ရှိသွားကြလေသည်။
ဆိုင်ရှင်သည် မုတ်ဆိတ်မွေး ထူထူနှင့် လူထွားကြီး တစ်ဦး ဖြစ်ပြီး ချီသန့်စင်ခြင်း (၉) ဆင့် ရှိလေသည်။ သူသည် အဆောင်လက်ဖွဲ့ အရောင်းအဝယ်ကို အနည်းငယ် လုပ်ကိုင်သူ ဖြစ်သည်။ ချန်ရွှင် ရောက်ရှိလာသည်ကို မြင်သောအခါ ထိုလူသည် အလျင်အမြန် ထလိုက်သည်။
"စီနီယာ... ဘာဝယ်ချင်လို့လဲခင်ဗျာ"
"ဒီ လျှပ်စီးနီ ဝံပုလွေ တစ်ကောင်လုံး ယူမယ်ဆို... ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲ"
ချန်ရွှင်သည် မျက်လုံးကို အနည်းငယ် မှေးစင်းလိုက်ပြီး နတ်အသိဖြင့် စစ်ဆေးကြည့်လိုက်လေသည်။ အသားများမှာ လတ်ဆတ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ကို တွေ့ရသည်။ တစ်ချက်တည်းဖြင့် အသေသတ်ထားပုံ ရလေသည်။ လူထွားကြီး၏ မျက်လုံးများမှာ အရောင်တောက်လာပြီး စတင် ရှင်းပြလေတော့သည်။
"စီနီယာ... ဒီ လျှပ်စီးနီ ဝံပုလွေရဲ့ အရေခွံက စုတ်တံ လုပ်လို့ ရသလို အသားနဲ့ သွေးကလည်း အဆောင်ရေးဆွဲရာမှာ သုံးလို့ ရပါတယ် "
"ဟဲဟဲ... ငါ သိတယ်... ဈေးပဲ ပြောပါ"
"အင်း... ဂျူနီယာက စီနီယာကို မလိမ်ရဲပါဘူး... ချီသန့်စင်ခြင်း (၄) ဆင့် ရှိတဲ့ လျှပ်စီးနီ ဝံပုလွေ ဆိုတော့... အနည်းဆုံး ဝိညာဉ်ကျောက်တုံး (၆၀) လောက်တော့ ပေးရပါမယ်"
လူထွားကြီး၏ မျက်နှာသည် အနည်းငယ် ရဲသွားပြီး လက်ကို ပွတ်သပ်ကာ ခေါင်းငုံ့လျက် ချန်ရွှင်ကို ကြည့်နေလေသည်။
ချန်ရွှင်သည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်သည်။ ဈေးကွက်ပေါက်ဈေးမှာ ဤမျှလောက် မဟုတ်ပေ။ နွားနက်ကြီးသည် ဘေးနားတွင် လိုက်လံ အနံ့ခံနေပြီး လတ်ဆတ်မှု ရှိမရှိ စစ်ဆေးနေသဖြင့် လူထွားကြီးမှာ ချွေးစေးများ ပြန်လာလေသည်။ ဤဝိညာဉ်သားရဲကြီးကပါ အခြေခံတည်ဆောက်ခြင်းအဆင့် ဖြစ်နေသည်လား ဟူ၍ တွေးမိလိုက်သောကြောင့် ဖြစ်သည်။
"စီနီယာ... ရာစုနှစ်ပွဲတော်ကြီး နီးလာတော့ ဝိညာဉ်သားရဲ အသားတွေက ပစ္စည်းပြတ်နေလို့ပါ... ဒါကြောင့် ဈေးနည်းနည်း တက်သွားတာပါ"
လူထွားကြီးသည် တဟဲဟဲ ရယ်မောလိုက်ပြီး နွားနက်ကြီးကိုပါ ခေါင်းညိတ် နှုတ်ဆက်လိုက်လေသည်။
"ဒီလိုလုပ်ပါ... စီနီယာတို့ နှစ်ယောက်အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅၅) တုံးပဲ ပေးပါ"
"ကောင်းပြီ... နောက်တစ်ခါ ငါ လာလို့ မင်း ရှိနေသေးရင် မင်းဆီမှာပဲ ဝယ်မယ်"
ချန်ရွှင်သည် ရုတ်တရက် ဆုံးဖြတ်ချက် ချလိုက်သကဲ့သို့ သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူလိုက်သည်။
"ဒါဆို ဒီ လျှပ်စီးနီ ဝံပုလွေ ကို ယူသွားပြီ"
"ကျေးဇူးတင်ပါတယ် စီနီယာ"
လူထွားကြီးသည် ဝိညာဉ်ကျောက်တုံး အရေအတွက်ကိုပင် မစစ်ဆေးတော့ဘဲ ခေါင်းငုံ့ကာ လက်သီးဆုပ်လျက် နှုတ်ဆက်လိုက်သည်။ ၎င်းတို့ ထွက်ခွာသွားပြီးမှ လူထွားကြီးသည် ဝမ်းသာအားရဖြင့် ဝိညာဉ်ကျောက်တုံးများကို ရေတွက်ကြည့်လိုက်ရာ အံ့သြသွားလေသည်။ ဝိညာဉ်ကျောက်တုံး (၆၀) တိတိ ဖြစ်နေသောကြောင့်ဖြစ်သည်။
လူထွားကြီးသည် ပိုနေသောငွေကို ပြန်အမ်းရန်အတွက် အပြင်သို့ ပြေးထွက်လိုက်သော်လည်း ၎င်းတို့၏ အရိပ်အယောင်ကို မတွေ့ရတော့ပေ။ သူသည် တစ်ဖက်သို့ လှည့်ကာ လက်သီးဆုပ်၍ ကျေးဇူးအများကြီးတင်ပါသည် ဟု စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူ မသိလိုက်သည့် အချက်မှာ ချန်ရွှင်က သူ့အား ဝိညာဉ်ကျောက်တုံး (၆၀) ပေးခဲ့ရသည့် အကြောင်းရင်းသည် စောစောက သူသည် နွားနက်ကြီးကို လေးစားမှု ပြသခဲ့ခြင်းကြောင့်ပင် ဖြစ်လေသည်။
အခန်း (၁၂၂)
ချင်ရှန်တောင် သို့ ပြန်လာရာ လမ်းခရီးတွင် ဖြစ်သည်။
ချန်ရွှင်သည် စိတ်ရောကိုယ်ပါ ကြည်လင်လန်းဆန်းနေပြီး လျှပ်စီးနီ ဝံပုလွေ အား မည်သို့မည်ပုံ ချက်ပြုတ်စားသောက်ရမည်ကို စိတ်ကူးယဉ်နေလေသည်။ နွားနက်ကြီး၏ မျက်ဝန်းများတွင်လည်း ကျေနပ်ပီတိဖြစ်မှုများ ပြည့်နှက်နေပြီး ချန်ရွှင်ကို ရံဖန်ရံခါ လှမ်းကြည့်နေတတ်၏။ သို့သော် ရှူရှင်းမျှော်စင် ရှေ့သို့ ရောက်ရှိသောအခါ လူအများ ဝိုင်းအုံကြည့်ရှုနေကြပြီး တစ်ယောက်တစ်ပေါက် ဝေဖန်ပြောဆိုနေကြသည်ကို တွေ့လိုက်ရသည်။ ကျင့်ကြံခြင်းလောကတွင် ပွဲကြည့်ပရိသတ် လုပ်လိုသူများမှာ ရှားပါးလှသည် မဟုတ်ပေ။ အထူးသဖြင့် ယွီရွှပ်မြို့ တွင် ရာစုနှစ်ပွဲတော်ကြီး ကျင်းပရန် နီးကပ်နေသဖြင့် ကျင့်ကြံသူများ ပြည့်နှက်နေချိန်တွင် ပိုမို၍ပင် များပြားလှပေသည်။
မူလက ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဤနှစ်များအတွင်း ယခုကဲ့သို့သော အခြေအနေမျိုးကို ဆယ်ကြိမ်မက ကြုံတွေ့ခဲ့ဖူးသော်လည်း မည်သည့်အခါမျှ ဝင်ရောက်စပ်စုလေ့ မရှိသကဲ့သို့ မှတ်ချက်ပေးလေ့လည်း မရှိဘဲ မိမိတို့လမ်းအတိုင်းသာ ဆက်လက် လျှောက်လှမ်းလေ့ရှိကြသည်။ သို့သော် ဘေးပတ်ဝန်းကျင်မှ လူများက 'လီမြောင်' ဟူသော အမည်နာမကို ပြောဆိုနေကြသည်ကို ကြားလိုက်ရသဖြင့် ချန်ရွှင်နှင့် နွားနက်ကြီးတို့ ခြေလှမ်းတန့်သွားပြီး ထိုနေရာသို့ လှမ်းကြည့်လိုက်ကြလေသည်။
လူအုပ်အလယ်တွင် ဆံပင်များ ဖြူဖွေးနေသော အဘိုးအိုတစ်ဦး ရှိနေသည်။ သူ၏ မျက်နှာတွင် အရေးအကြောင်းများ ပြည့်နှက်နေပြီး ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေ၏။ ကျင့်ကြံခြင်းအဆင့်မှာ ချီသန့်စင်ခြင်း အ ဆင့် (၁၀) ရှိပြီး ဝတ်ဆင်ထားသော အဖြူရောင် ဝတ်ရုံမှာ ရွှံ့ဗွက်များ ပေကျံနေသည်။ သူသည် စိတ်ဖောက်ပြန်နေသကဲ့သို့ ဖြစ်နေပြီး ရှူရှင်းမျှော်စင် အပြင်ဘက်တွင် အော်ဟစ်ငြင်းခုံနေလေသည်။
"စီနီယာ... တောင်းပန်ပါတယ်ဗျာ... ကျွန်တော့်ကို.... ဂူလေး တစ်လုံးလောက် ရောင်းပေးပါ... ကျွန်တော့်မှာ ဝိညာဉ်ကျောက်တုံး ရှိပါတယ်... တကယ် ရှိတာပါ"
လီမြောင်၏ အသံမှာ အိုမင်းရင့်ရော်ပြီး အက်ကွဲနေကာ မျက်ဝန်းများ နီရဲနေသည်။ မြေကြီးပေါ်တွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အချို့ ပြန့်ကျဲနေသည်။
"နောက်နှစ် ပွဲတော်ကြီးကျရင် အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး တွေ လေလံတင်တော့မှာပါ... စီနီယာ... ကျွန်တော့်ကို အခွင့်အရေးလေး တစ်ခုလောက် ပေးပါဗျာ"
"စည်းကမ်း ဆိုတာ စည်းကမ်းပဲ... မင်း အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်မှ လာဝယ်လို့ ရမယ်... ရှူရှင်းမျှော်စင် က အလှူအတန်း လုပ်တဲ့နေရာ မဟုတ်ဘူး"
အမျိုးသားတစ်ဦးက မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။ ဤလူ လာရောက်နေသည်မှာ အကြိမ်ကြိမ် ရှိပြီဖြစ်ပြီး သူ ကောင်းမွန်စွာ နားချခဲ့ဖူးသည်။
"လူငယ်လေး... တစ်ခါနှစ်ခါ မကဘူး သုံးခါ ရှိပြီ... ချင်ရှန်တောင် ရဲ့ စည်းမျဉ်းတွေကို ထပ်ပြီး မချိုးဖောက်နဲ့တော့"
စကားဆုံးသည်နှင့် ထိုအမျိုးသား၏ အခြေခံတည်ဆောက်ခြင်းအဆင့် အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး ပြင်းထန်သော စွမ်းအား လှိုင်းတစ်ခုသည် လီမြောင်ဆီသို့ ဝင်ရောက်သွားလေသည်။ ထို စွမ်းအား လှိုင်းသည် အန္တရာယ် မရှိသော်လည်း လီမြောင်၏ မျက်လုံးထဲတွင်မူ မျှော်လင့်ချက်မဲ့မှုများ ပေါ်ထွက်နေသည်။ သူသည် ဤမျှ ပြင်းထန်သော ဝိညာဉ်စွမ်းအားမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူ၏ အမြင်တွင် ဤဝိညာဉ်စွမ်းအား သည် ရွှေအမြူတေအဆင့် ကျင့်ကြံသူ များထက်ပင် ပိုမို အစွမ်းထက်နေပုံ ရသည်။
သူသည် ခြေလှမ်း (၁၀) လှမ်းကျော်ခန့် နောက်သို့ လွင့်စင်သွားပြီး သွေးတစ်ပွက် အန်ကာ မြေကြီးပေါ်သို့ ခွေခွေလေး လဲကျသွားသည်။ အရိုးများ ကျိုးကြေသွားမတတ် ခံစားလိုက်ရသော်လည်း သူ ရုတ်တရက် တည်ငြိမ်သွားပြီး ဆက်လက် ဆူညံခြင်း မရှိတော့ပေ။ တစ်ခါတစ်ရံတွင် စစ်မှန်သော မျှော်လင့်ချက်မဲ့ခြင်းသည် နာကျင်မှု၊ ဝမ်းနည်းမှုတို့နှင့် မသက်ဆိုင်ဘဲ အရိုးထဲထိ စိမ့်ဝင်သွားသော မျှော်လင့်ချက်မဲ့ခြင်းကသာ လူတစ်ယောက်ကို တည်ငြိမ်သွားစေတတ်လေသည်။
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ဝေးဝေးသို့ ရှောင်ဖယ်သွားကြသည်။ အချို့က ခေါင်းခါလျက် သက်ပြင်းချကြပြီး အချို့ကမူ လှောင်ပြောင်သရော်သော မျက်လုံးများဖြင့် ကြည့်ရှုနေကြသည်။
"လာရာလမ်းအတိုင်း ပြန်လှည့်သွားလိုက်တော့"
ထိုအမျိုးသားက အေးစက်စွာ ပြောလိုက်ပြီး ရှူရှင်းမျှော်စင် ထဲသို့ ပြန်လှည့်ဝင်သွားလေသည်။
ကြည့်စရာ ပွဲမရှိတော့သဖြင့် ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည်လည်း တဖြည်းဖြည်း လူစုကွဲသွားကြသည်။ မည်သူကမျှ ချီသန့်စင်ခြင်းအဆင့် တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ဦး မည်သို့ ဖြစ်ပျက်သွားမည်ကို ဂရုစိုက်နေမည် မဟုတ်ပေ။ ဝိညာဉ်ကျောက်တုံး တစ်တုံးသည် လီမြောင်၏ ကိုယ်ပေါ်မှ တိတ်တဆိတ် လျှောကျသွားသည်။ သူ ကြေကွဲစွာ ပြုံးလိုက်ပြီး "မင်းကပါ ငါ့ကို အထင်သေးတာလား" ဟု ရေရွတ်လိုက်သည်။
အေးစက်သော လေပြည်အဝှေ့တွင် သစ်ရွက်ကြွေများ လွင့်ပျံနေသည်။ ထိုအဆင့်နိမ့် ဝိညာဉ်ကျောက်တုံးလေးသည် လိမ့်ဆင်းသွားရာ သူ၏ နောက်ဆုံးသော ကောက်ရိုးတစ်မျှင် ပြတ်တောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ လီမြောင်၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများ ပိုမို နက်ရှိုင်းလာပြီး အက်ကွဲသော အသံဖြင့် "မင်းကပါ ငါ့ကို အထင်သေးတာလား..." ဟု ထပ်မံ ရေရွတ်လိုက်မိသည်။
ထိုအချိန်တွင် လက်တစ်ဖက်က ရုတ်တရက် ထိုလိမ့်ဆင်းလာသော အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးလေးကို ဖမ်းယူလိုက်လေသည်။
လီမြောင်သည် ဖြည်းညှင်းစွာ မော့ကြည့်လိုက်ရာ ပြုံးရွှင်နေသော မျက်နှာတစ်ခုနှင့် ဘေးနားရှိ နွားနက်ကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ သူ၏ မျက်ဝန်းများ ပြူးကျယ်သွားပြီး အဝတ်အစားများကို အလျင်အမြန် ပြုပြင်ကာ
"စီနီယာ... ခင်ဗျားပါလား"
ဤနှစ်များအတွင်း သူသည် စီနီယာအများအပြားကို လမ်းပြလုပ်ပေးခဲ့ဖူးသော်လည်း မည်သူကမျှ သူ့အား ဝိညာဉ်ကျောက်တုံး နှစ်တုံး ပိုပေးခဲ့ခြင်း မရှိပေ။ ချန်ရွှင်နှင့် နွားနက်ကြီးကိုမူ သူ၏ ရင်ထဲတွင် အမြဲ မှတ်သားထားခဲ့သည်။
"မွန်း"
နွားနက်ကြီးက ဘေးနားရှိ အခြား ဝိညာဉ်ကျောက်တုံး အချို့ကိုပါ ကောက်ယူပေးလိုက်သည်။
"မတွေ့တာ ကြာပြီပဲ"
ချန်ရွှင်က နွေးထွေးစွာ ဆိုလိုက်သည်။
"ဝိညာဉ်ကျောက်တုံးတွေကို သိမ်းထားလိုက်ပါ... ရဖို့ မလွယ်ဘူး"
"ဟုတ်ကဲ့ပါ စီနီယာ"
လီမြောင်၏ အသံမှာ အိုမင်းပြီး အက်ကွဲနေကာ မျက်လုံးထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသော ယခင်က လူလတ်ပိုင်း အရွယ်နှင့် လုံးဝ မတူတော့ပေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူစိမ်းတစ်ယောက်၏ ရုတ်တရက် ဂရုစိုက်မှုက ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။ အထူးသဖြင့် ထိုသူက စီနီယာ တစ်ဦး ဖြစ်နေလျှင် ပိုဆိုးသည်။ သူ မသိလိုက်ဘာသာဖြင့် မျက်လုံးထဲမှ မျက်ရည်များ စီးကျလာသည်။ သူ မငိုခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ချန်ရွှင်သည် ဘာမှ မဖြစ်သလို မြေကြီးပေါ်တွင် ဝင်ထိုင်လိုက်ပြီး
"ဘာဖြစ်လို့ ချင်ရှန်တောင် မှာ ဂူ ဝယ်ချင်ရတာလဲ"
"မွန်း"
နွားနက်ကြီးကလည်း ဘေးနားတွင် ထိုင်ချလိုက်ပြီး သံသယ မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ဤဝိညာဉ်ကျောက်တုံးများဖြင့် ဆိုလျှင် လီမြောင်အနေဖြင့် စွမ်းအား အရင် မြှင့်တင်၍ ရနိုင်သည် မဟုတ်ပါလား။
"စီနီယာကို မလိမ်ပါဘူးဗျာ... ကျွန်တော့် မိသားစုက မျိုးဆက် သုံးဆက်တိုင်တိုင် ယွီရွှပ်မြို့ မှာ နေထိုင်ခဲ့ကြတာပါ... ဒါပေမဲ့ ကောင်းကောင်း နေစရာ မရှိလို့ တစ်ကွဲတစ်ပြား ဖြစ်ကုန်ကြပြီ"
လီမြောင်၏ မျက်ဝန်းများ မှုန်ဝါးနေပြီး ချင်ရှန်တောင်ကို မျှော်လင့်တကြီး လှမ်းကြည့်လိုက်သည်။
"အဲဒီမှာ ဂူလေး တစ်လုံးလောက် ဝယ်နိုင်ရင် သိပ်ကောင်းမှာပဲ... ဒါဆိုရင် သူတို့တွေ ထွက်သွားကြတော့မှာ မဟုတ်ဘူး"
"ဪ... အဲဒီလိုကိုး... နောက်နှစ် ရာစုနှစ်ပွဲတော်ကြီး မှာ ဆေးဂိုဏ်း က အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး တွေကို ထုတ်ပြီး လေလံတင်မယ်တဲ့... ဒါက တစ်ကိုယ်တော် ကျင့်ကြံသူတွေအတွက် လမ်းစ တစ်ခုပဲ"
ချန်ရွှင်က လီမြောင်၏ ပခုံးကို ပုတ်လိုက်ပြီး အားပေးလိုက်သည်။
"အဲဒီကျရင် တစ်လုံးလောက် သွားဝယ်လိုက်... ပြီးမှ ဂူ လာဝယ်ပေါ့... ငါနဲ့ နွားကြီး ဝိညာဉ်ကျောက်တုံး တစ်ရာ စိုက်ပေးမယ်... ငါတို့ အိမ်နီးချင်း လုပ်ကြတာပေါ့"
"မွန်း မွန်း"
နွားနက်ကြီးကလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။
"ကျေးဇူးတင်ပါတယ် စီနီယာ... ကျေးဇူးတင်ပါတယ် စီနီယာ နွားကြီး"
လီမြောင်သည် ခေါင်းကို အဆက်မပြတ် ငုံ့ကာ အရိုအသေ ပြုနေပြီး မျက်ရည်များသည် တာကျိုးသကဲ့သို့ စီးကျလာလေသည်။
"သွားကြစို့... မင်းကို အိမ်ပြန်ပို့ပေးမယ်... မင်း အခု အခြေအနေက သိပ်မကောင်းဘူး"
ချန်ရွှင်က လီမြောင်၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ရာ မျက်ဝန်းများမှေးကျဉ်းသွားသည်။
"ငါတို့လည်း အခု ဘာမှ လုပ်စရာ မရှိပါဘူး... အေးအေးဆေးဆေးပေါ့"
လီမြောင်သည် ခါးကို ကိုင်းညွှတ်လျက် စကားတစ်ခွန်းမျှ မပြောနိုင်တော့ပေ။ ချန်ရွှင်သည် သူ့အား ဝိညာဉ်စွမ်းအားဖြင့် မ လိုက်ပြီး မြို့မြောက်ဘက်ပိုင်းသို့ ဦးတည် ထွက်ခွာသွားလေသည်။
နေ့ဝက်ခန့် ကြာသောအခါ...
မြို့မြောက်ဘက်ပိုင်း၏ စည်ကားသိုက်မြိုက်မှုများ နောက်ကွယ်တွင် မမြင်ရသော ပြိုပျက်လုနီးပါး သစ်သားအိမ်အိုလေးများ ပြည့်နှက်နေသည်။ ဤနေရာသည် တစ်ကိုယ်တော် ကျင့်ကြံသူများ စုဝေးရာ နေရာဖြစ်ပြီး ကောင်းသူဆိုးသူ ရောထွေးနေကာ မြို့ထဲတွင် နေ့စားအလုပ် လိုက်လုပ်သူများ နေထိုင်ကြသည်။
လီမြောင်သည် တစ်ကိုယ်တည်းသမား ဖြစ်ပြီး ပြိုပျက်လုနီးပါး သစ်သားအိမ်လေး တစ်လုံးတွင် နေထိုင်သည်။ အိမ်ထဲတွင် ကုတင်တစ်လုံးသာ ရှိပြီး အခြေအနေမှာ အလွန် ဆိုးရွားလှသည်။ ဘေးပတ်ဝန်းကျင်မှ ဖြတ်သွားဖြတ်လာ တစ်ကိုယ်တော် ကျင့်ကြံသူများက ချန်ရွှင်ကို မြင်သောအခါ လက်သီးဆုပ် အရိုအသေ ပြုကြပြီး ခြေလှမ်းများကို အရှိန်မြှင့်ကာ ထွက်ခွာသွားကြလေသည်။ နွားနက်ကြီးမှာမူ အိမ်တံခါးဝတွင် ရပ်နေရသည်။ တံခါးက သေးလွန်းပြီး အိမ်က ဟောင်းလွန်းသဖြင့် ဝင်၍မရဘဲ အတော်လေး အနေရခက်နေသည်။
အိမ်ရှေ့တွင် ခြောက်သွေ့နေသော သစ်ပင်တစ်ပင် ရှိသည်။ သစ်ကိုင်းများသည် ကောက်ကွေးကာ အရပ်လေးမျက်နှာသို့ ဖြာထွက်နေပြီး အရွက်တစ်ရွက်မျှ မရှိပေ။ ကြည့်မကောင်းသည့်အပြင် လေများ တိုက်ခတ်နေချိန်တွင် အလွန် ဆွေးမြေ့ဖွယ် ကောင်းနေသည်။ ချန်ရွှင်သည် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သော်လည်း အပြစ်တင်ခြင်း မရှိပေ။ သက်ပြင်းတစ်ချက်သာ ချလိုက်မိသည်။ အကယ်၍ လီမြောင်သာ ချင်တိုင်းပြည် ၏ လူ့လောကတွင် နေထိုင်ခဲ့မည် ဆိုပါက ချမ်းသာကြွယ်ဝသော ဆရာသခင် တစ်ပါး ဖြစ်နေလောက်ပြီ ဖြစ်သည်။
"စီနီယာ... စီနီယာ့ အချိန်တွေကို နေ့ဝက်လောက် ဖြုန်းတီးမိတဲ့အတွက် တကယ် အားနာပါတယ်ဗျာ... ဒီ ဝိညာဉ်ကျောက်တုံး တစ်ရာကို လက်ခံပေးပါ"
လီမြောင်သည် တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်ပြီး ဝိညာဉ်ကျောက်တုံးများကို လက်နှစ်ဖက်ဖြင့် ပေးလိုက်သည်။
"ငါက ဂုဏ်သိက္ခာရှိတဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ပါကွာ... မင်းရဲ့ ဝိညာဉ်ကျောက်တုံး တစ်ရာလောက်ကို မက်ပါ့မလား"
ချန်ရွှင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"လီမြောင်... မင်း ငါ့ကို အထင်သေးတယ်နဲ့တူတယ်"
"စီနီယာ ခွင့်လွှတ်ပါခင်ဗျာ"
လီမြောင် တုန်လှုပ်သွားပြီး လက်များ တုန်ရီသွားကာ ဝိညာဉ်ကျောက်တုံး အချို့ ကြမ်းပြင်ပေါ်သို့ တဒေါက်ဒေါက် ကျသွားသည်။
ချန်ရွှင်သည် လက်ကာပြလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဒဏ်ရာကို ကောင်းကောင်း ကုသလိုက်ပါ... နောက်နှစ်ဆို ရာစုနှစ်ပွဲတော်ကြီး ရောက်ပြီ... အခွင့်အရေးကို လက်လွတ်မခံနဲ့"
"စီနီယာ့ ဆိုဆုံးမစကားကို နာခံပါ့မယ်"
လီမြောင်သည် ချန်ရွှင်ကို အကြီးမားဆုံးသော ဂါရဝပြုခြင်းဖြင့် ဦးညွှတ်လိုက်ပြီး မျက်လုံးထဲတွင် ကျေးဇူးတင်ခြင်းများ ပြည့်နှက်နေလေသည်။
ချန်ရွှင်သည် နွားနက်ကြီးကို ခေါ်ဆောင်ကာ ထွက်ခွာသွားသည်။ သွားနေရင်း သက်ပြင်းတစ်ချက် ထပ်မံ ချလိုက်မိသည်။ ချန်ရွှင်သည် လီမြောင်ကို ကြည့်ရင်း ထိုစဉ်က မိမိကိုယ်ကို ပြန်မြင်ယောင်နေမိသည်။ အကယ်၍ ထာဝရအသက်ရှင်ခြင်းသာ မရှိခဲ့လျှင် သူသည် ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် လူ့လောကတွင် သာမန်လူတစ်ယောက် အနေဖြင့် ရိုးသားစွာ နေထိုင်သွားမိမည် ဖြစ်သည်။ သို့မဟုတ်လျှင်လည်း ကျင့်ကြံခြင်းလောကနှင့် ထိတွေ့ပြီး ကျင့်ကြံခြင်း ရင်းမြစ်များအတွက် အသည်းအသန် ရုန်းကန်နေရပေလိမ့်မည်။ မတော်တဆမှုများသာ မရှိခဲ့လျှင် သူ၏ ကျင့်ကြံခြင်း ပါရမီ အကန့်အသတ်ကြောင့် နောက်ဆုံးတွင် နင်ယွင်တောင်တန်း ၏ နက်ရှိုင်းသော နေရာတွင် နောင်တများနှင့်အတူ သေဆုံးသွားရပေလိမ့်မည်။ ဖြစ်စဉ် အစအဆုံးသည် လီမြောင်နှင့် မည်သို့မျှ ကွာခြားမည် မဟုတ်ပေ။
ထာဝရအသက်ရှင်သူ နှင့် ကျင့်ကြံသူ တို့၏ စိတ်နေသဘောထားမှာ မည်သို့ပင်ဆိုစေ ကွာခြားမှု ရှိစမြဲပင် ဖြစ်သည်။ လမ်းချင်းတူ၍ လူချင်းတွေ့ဆုံကြရခြင်းဖြစ်ရာ သူ၏ ဇာတ်သိမ်း ပိုမို ကောင်းမွန်ပါစေကြောင်း ဆုတောင်းပေးရုံသာ တတ်နိုင်တော့သည်။
လီမြောင်သည် ကုတင်ဘေးတွင် ညင်သာစွာ မှီထိုင်လျက် မျက်လုံးများကို အနည်းငယ် မှိတ်ထားလိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေသော်လည်း နှုတ်ခမ်းများကမူ တိုးညှင်းစွာ ရေရွတ်နေလေသည်။
"နောက်နှစ်ကျရင် အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး တစ်လုံးလောက် လေလံအောင်ရင် ကောင်းမှာပဲ..."