← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 7 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 7 Ch. 123-124

အခန်း (၁၂၃)

ညဉ့်အမှောင်ထုကြီး ကျရောက်လာပြီး ကောင်းကင်ထက်၌ ကြယ်များ စုံလင်စွာ တောက်ပလျှက် အလွန်တရာ လှပနေပေသည်။ ယွီရွှပ်မြို့ တစ်ခုလုံး မီးရောင်များ ထိန်ထိန်လင်းနေပြီး နေ့ခင်းဘက်ထက်ပင် ပိုမို စည်ကားသိုက်မြိုက်နေသည်။ ကျင့်ကြံသူများ၏ စိတ်ဓာတ်ခွန်အားသည် သာမန်လူများနှင့် အလွန် ကွာခြားလှပေသည်။

ချင်ရှန်တောင် သို့ ပြန်လာရာ လမ်းခရီးတွင် ဖြစ်သည်။

ချန်ရွှင်သည် သိုလှောင်အိတ်ထဲမှ ဟင်းခတ်အမွှေးအကြိုင်များကို စစ်ဆေးရင်း နွားနက်ကြီးအား စကားပြောနေလေသည်။ သူတို့သည် နှစ်သက်သော ဆိုင်များ တွေ့ရှိပါက ဝင်ရောက်ကြည့်ရှုကြသည်။ အားလုံးက နားလည်တတ်ကြသူများ ဖြစ်ကြသဖြင့် ဝယ်ယူခြင်း မရှိဘဲ ဝင်ရောက်ကြည့်ရှုရုံ သက်သက်ဖြင့် မည်သူကမျှ မောင်းထုတ်ခြင်း မပြုကြပေ။ သို့သော် တစ်ခါတစ်ရံ လမ်းခရီးတွင် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူအချို့က လာရောက်နှောင့်ယှက်ကာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဦးစီးသည့် မြေအောက်လေလံပွဲ ရှိကြောင်း၊ ဈေးကွက်ထဲတွင် မရှိသော ပစ္စည်းများ ရနိုင်ကြောင်း ပြောတတ်ကြသည်။

ချန်ရွှင်သည် ပြတ်သားစွာပင် ဝိညာဉ်ကျောက်တုံး မရှိကြောင်း ပြောလိုက်ပြီး ခါးကြားမှ အဝါရောင်အဆင့် အနိမ့်စား တောင်ဖြိုပုဆိန်ကို မတော်တဆ ထုတ်ပြလိုက်သည်။ ထိုပစ္စည်းမျိုးဖြင့် လေလံပွဲသို့ မည်သို့ သွားရောက်ရမည်နည်း။ ထိုချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများမှာ နောက်ဆုံးတွင် မတတ်သာဘဲ ထွက်ခွာသွားကြရသည်။ မြို့ထဲတွင် ကျင့်ကြံသူ များပြားလာသည်နှင့်အမျှ မသမာသူများလည်း ပေါ်ပေါက်လာကြသည်။ အဆုံးသတ်တွင်မူ လျှို့ဝှက်နယ်မြေကို အတူတူ စူးစမ်းရန် ဖိတ်ခေါ်ပြီး လူသတ်ပစ္စည်းလုကြခြင်းသာ ဖြစ်သည်။ သို့မဟုတ်ပါက အနောက်တွင် အင်အားကြီးမားသူ ရှိနေသည်ဟု ဆိုကာ ခြိမ်းခြောက်ကြခြင်း ဖြစ်သည်။ ချန်ရွှင်ကို ဤကဲ့သို့ ကစားကွက်များ လာဆင်ခြင်းက ခေတ်နောက်ကျလွန်းနေပြီ ဖြစ်သည်။

လမ်းမပေါ်တွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် မည်သည့် ဆိုင်တွင်မျှ မဝယ်ဘဲ အေးအေးဆေးဆေး ပြန်ထွက်လာကြသည်။

"နွားကြီး... အိမ်ပြန်ပြီး ထမင်းချက်ကြစို့"

ချန်ရွှင်သည် လုံလောက်အောင် ကြည့်ရှုပြီးပြီ ဖြစ်သဖြင့် နွားနက်ကြီး၏ ခေါင်းကို ဖက်လိုက်သည်။

"လျှပ်စီးနီ ဝံပုလွေ ကို ချက်ပြုတ်နည်းပေါင်း (၁၀၈) မျိုး ငါ့ခေါင်းထဲမှာ အဆင်သင့် ဖြစ်နေပြီ"

"မွန်း"

နွားနက်ကြီးသည် ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားလေသည်။

"ဟဲဟဲ... နွားကြီး ... ငါ့ကို အထင်မသေးနဲ့နော်"

ချန်ရွှင်သည် လျှို့ဝှက်သော အပြုံးဖြင့် ပြုံးလိုက်သည်။

"ကြိုးကြာဖြူပင် ကို ဟင်းခတ်အမွှေးအကြိုင် အဖြစ် သုံးလို့ ရတယ်... သူ့ရဲ့ ထူးခြားချက်က သာမန် ဝိညာဉ်သစ်ပင်တွေမှာ မရှိဘူး"

"မွန်း"

"သွားမယ် သွားမယ်"

သူတို့သည် လမ်းမပေါ်တွင် ခြေလှမ်းသွက်သွက်ဖြင့် ပြေးလွှားသွားကြလေသည်။ အကယ်၍ ရွှေအမြူတေအဆင့် ကျင့်ကြံသူများက ဤကဲ့သို့ ပြုမူနေသည်ကို လူများ သိရှိသွားပါက မျက်လုံးများပင် ပြူးထွက်ကုန်ကြပေလိမ့်မည်။ ဤမြို့ထဲရှိ ရွှေအမြူတေအဆင့် ကျင့်ကြံသူများသည် အထက်တန်းစားများနှင့်သာ ပေါင်းသင်းဆက်ဆံလေ့ ရှိကြပြီး သာမန်လူတန်းစားများနှင့် ရောနှောလေ့ မရှိကြပေ။

ချင်ရှန်တောင်ရှိ ဝေးလံခေါင်သီသော အဝါရောင်အဆင့် ဂူလေး တစ်လုံးတွင် ဖြစ်သည်။

ချန်ရွှင်သည် လက်မောင်းအင်္ကျီကို ပင့်တင်လိုက်ပြီး တောင်ဖြိုပုဆိန်ကို ကိုင်ဆောင်ကာ ဒယ်အိုးခွက်ယောက်များကို ပြင်ဆင်လိုက်သည်။ သူတို့သည် ဤအရာများကို ရံဖန်ရံခါ ပြုပြင်မွမ်းမံလေ့ ရှိပြီး လက်နက်လုပ်ရာတွင် သုံးသော ပစ္စည်းများ ထည့်သွင်းထားသဖြင့် ဆွေးမြေ့ပျက်စီးခြင်း အလျဉ်းမရှိပေ။ ချောမွတ်ပြောင်လက်နေသော ကျောက်တုံးကြီး တစ်တုံးပေါ်တွင် လျှပ်စီးနီ ဝံပုလွေအား တင်ထားပြီး ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် စားသောက်ပွဲ မစမီ ပြင်ဆင်မှုများကို လုပ်ဆောင်နေကြသည်။ ချန်ရွှင်သည် ဂူထဲသို့ ဝင်လိုက်ထွက်လိုက် လုပ်နေပြီး အသားများကို နေရာအနှံ့ ချထားကာ နွားနက်ကြီးမှာမူ ချန်ရွှင်သွားလေရာ တကောက်ကောက် လိုက်ပါနေလေသည်။

"နွားကြီး... မီးမွှေး မီးမွှေး"

"မွန်း"

ဂူအပြင်ဘက်တွင် ချန်ရွှင်၏ ရယ်မောသံများ ထွက်ပေါ်လာပြီး ပုဆိန်သံများ ဆူညံနေသည်။ ဟင်းခတ်အမွှေးအကြိုင်များ အဆင်သင့် ဖြစ်နေပြီး ကြိုးကြာဖြူသစ်ကိုင်း တစ်ချောင်းကိုလည်း အမှုန့်ကြိတ်ထားလိုက်သည်။ နွားနက်ကြီးသည် အလုပ်လုပ်ရာတွင် အနည်းငယ် ကြမ်းတမ်းသဖြင့် ဟင်းခတ်အမွှေးအကြိုင် အချို့ကို ဖိတ်စင်သွားရာ ချန်ရွှင်က နွားခေါင်းကို ရိုက်ပြီး ကောင်းကောင်းကြီး ဆူပူကြိမ်းမောင်းလိုက်လေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးကဲ့သို့သော ထာဝရအသက်ရှင်သူများသည် ကျင့်ကြံခြင်းလောက၏ နေ့စဉ်ဘဝ အသေးအဖွဲလေးများထဲတွင် ဘဝ၏ အဓိပ္ပာယ်ကို ဤကဲ့သို့ ရှာဖွေကြရသည်။ သူတို့သည် လေလံပွဲများသို့ ထပ်မံ သွားရောက်ခြင်း မရှိတော့ဘဲ နေ့စဉ် တံခါးပိတ် ကျင့်ကြံခြင်းဖြင့်သာ အချိန်ကုန်ဆုံးစေခဲ့သည်။

အတိတ်အကြောင်းအရာများသည် မီးခိုးငွေ့များပမာ လွင့်ပါးသွားခဲ့ပြီး နောက်ထပ် တစ်နှစ် ကုန်ဆုံးသွားပြန်သည်။

ချင်တိုင်းပြည် ၏ ရာစုနှစ်ပွဲတော်ကြီး ကျင်းပရန် တစ်လသာ လိုတော့သည်။ ယွီရွှပ်မြို့ တစ်ခုလုံး လူပင်လယ်ကြီးဖြင့် စည်ကားနေပြီး မြို့ပြင်တွင် လှေပျံများ အဆက်မပြတ် ဖြတ်သန်းသွားလာနေကာ ဧရာမ လှေပျံကြီးများ၊ မိုးပျံသားရဲများဖြင့် ကောင်းကင်ကြီးတစ်ခုလုံးသည် ပြည့်နှက်နေသည်။ ဂိုဏ်းအသီးသီးမှ တပည့်များသည်လည်း စီနီယာများ၏ ဦးဆောင်မှုဖြင့် မြို့ထဲသို့ ရောက်ရှိလာကြရာ လူချင်းပခုံးချင်းတိုက်မိမတတ် ပင်ပြည့်ကျပ်နေလေသည်။ မြို့လယ်ခေါင်တွင် ပါရမီရှင် အများအပြားသည် စာပေစွမ်းရည် ပြိုင်ပွဲများ စတင်နေကြပြီ ဖြစ်သည်။

ရှန်ယွဲ့မျှော်စင် သည် ယခုနှစ်တွင် အရေးကြီး သတင်းတစ်ခု ထုတ်ပြန်လိုက်သည်။ ရှန်ယွဲ့မျှော်စင်၏ လက်ရှိခေတ် နံပါတ်တစ် ပါရမီရှင်၊ ကောင်းကင် ဝိညာဉ်အမြစ် ပိုင်ရှင် ရန်ဝေ သည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီ ဖြစ်သည်။ နှစ်ပေါင်း (၂၀၀) မပြည့်မီ ရွှေအမြူတေအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး အနာဂတ်တွင် အကန့်အသတ်မရှိ တိုးတက်နိုင်သူ ဖြစ်သည်။ အကယ်၍ လမ်းခုလတ်တွင် မသေဆုံးခဲ့ပါက နောက်ထပ် နှစ်ပေါင်း ရာချီကြာသောအခါ ရှန်ယွဲ့မျှော်စင်တွင် ဝိညာဉ်ကူးပြောင်းခြင်းအဆင့် အဆင့်မြင့် ကျင့်ကြံသူ တစ်ဦး ပေါ်ထွက်လာပေလိမ့်မည်။

ကောလာဟလများ အရ ဤမိန်းကလေးသည် ရုပ်ရည်ရော အရည်အချင်းပါ ပြိုင်ဘက်ကင်း လှပသူ ဖြစ်သဖြင့် လောကီအာရုံကို စွန့်ခွာထားသော အမျိုးသား ကျင့်ကြံသူ အများအပြား၏ စိတ်နှလုံးကို ပြန်လည် လှုပ်ရှားစေခဲ့သည်။ ကျောက်တုံးတစ်ခုကြောင့် ရေလှိုင်းထောင်ချီ ဖြစ်ပေါ်လာသကဲ့သို့ ချင်နိုင်ငံ အတွင်းရှိ ခရမ်းရောင်တိမ်ဂိုဏ်း မှလွဲ၍ အခြား ဂိုဏ်းကြီးများမှ ပါရမီရှင်များသည် ဆရာသခင်များ၏ တာဝန်ပေးချက် အရ ဤမိန်းကလေးကို အရယူနိုင်ပါက နှစ်ပေါင်း ရာချီ သက်သာသွားမည်ဟု ယုံကြည်ကြလေသည်။

ခရမ်းရောင်တိမ်ဂိုဏ်းမှ မုချင်း သည်လည်း အားကျမခံ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာကြောင်း ကြေညာလိုက်သည်။ သူမသည်လည်း ခရမ်းရောင်တိမ်ဂိုဏ်း၏ လက်ရှိခေတ် နံပါတ်တစ် ပါရမီရှင် ဖြစ်ပြီး ကောင်းကင် ဝိညာဉ်အမြစ် ပိုင်ရှင် ဖြစ်သည်။ ပန်းပွဲတော်တွင် အလှချင်း ပြိုင်ဆိုင်ကြမည် ဖြစ်ရာ ကျင့်ကြံသူ အများအပြား၏ စိတ်ဝင်စားမှုသည် ပါရမီရှင်များ၏ တိုက်ခိုက်မှုထက်ပင် ပိုမို များပြားနေသည်။

သို့သော် ကျန်ရှိသော ဂိုဏ်းကြီး (၉) ဂိုဏ်းမှ လက်ရှိခေတ် နံပါတ်တစ် ပါရမီရှင်များကမူ ဂရုမစိုက်ကြဘဲ မြို့လယ်ခေါင်တွင် ပြိုင်ပွဲစင်မြင့်များ တည်ဆောက်ရန် ပြင်ဆင်နေကြသည်။ သူတို့၏ သည် လွတ်လပ်ပေါ့ပါးပြီး မျက်ဝန်းများတွင် ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေကြသည်။

ချင်းယန်ဂိုဏ်း ၏ လက်ရှိခေတ် မျိုးဆက်သစ် ခေါင်းဆောင် ခွန်ယုံယွမ် ကလည်း "တိုင်းပြည် အသီးသီးက ပါရမီရှင်တွေအနေနဲ့ ကျုပ်ကို စိတ်ဝင်စားမှု ဖြစ်လာအောင် လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်" ဟု ရဲရဲတင်းတင်း စိန်ခေါ်စကား ဆိုလိုက်သည်။ အမျိုးသမီး ကျင့်ကြံသူ အများအပြားသည် သူ၏ ခန့်ညားမှုအောက်တွင် ကျဆုံးကုန်ကြသည်။ ဤကဲ့သို့သော ခန့်ညားထည်ဝါသည့် အမျိုးသားသည်သာ တာအိုလက်တွဲဖော် အဖြစ် အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။

သို့သော် ပြင်ပလောက၏ ဆူညံပွက်လောရိုက်မှုများနှင့် နှိုင်းယှဉ်လျှင် မြို့ထဲသို့ ဝင်ရောက်လာသော လူအုပ်ကြီးနှင့် ဆန့်ကျင်ဘက် လမ်းကြောင်းအတိုင်း လျှောက်လှမ်းသွားသော လူနှစ်ဦး ရှိနေပေသည်။ နေဝင်ချိန် ဆည်းဆာရောင်သည် အေးစက်နေသလိုရှိပြီး ပြန်လည် ပြင်ဆင်၍ မရနိုင်တော့သော ဇာတ်သိမ်းတစ်ခုအတွက် နောက်ဆုံး ဝမ်းနည်းခြင်း တေးသွားကိုသီဆိုနေသကဲ့သို့ရှိလေသည်။

သူတို့သည် သစ်သားခေါင်းတလား တစ်လုံးကို တွန်းလျက် တည်ငြိမ်စွာဖြင့် မြို့ပြင်သို့ ထွက်ခွာသွားကြသည်။ ကျင့်ကြံသူ အများအပြားသည် အံ့သြသော မျက်လုံးများဖြင့် လူတစ်ယောက်နှင့် ဝိညာဉ်သားရဲ တစ်ကောင်ကို ကြည့်ရှုသွားကြသည်။

လီမြောင် ဆုံးပါးသွားခဲ့လေပြီ။ နောက်ဆုံးတွင် ပွဲတော်ကြီး ကျင်းပမည့် အကြိုနေ့အထိ တောင့်ခံမထားနိုင်တော့ဘဲ ပြိုပျက်လုနီးပါး အိမ်လေးထဲရှိ ကုတင်ပေါ်တွင် အသက်ကုန်ဆုံးသွားခဲ့သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ မြို့မြောက်ဘက်ပိုင်းကို ဖြတ်သန်းသွားစဉ် လီမြောင်အား သွားရောက် ကြည့်ရှုရန် ပြင်ဆင်ခဲ့သော်လည်း သူ သေဆုံးသည်မှာ (၃) ရက် ခန့် ရှိနေပြီ ဖြစ်သည်။ ကိုယ်ပေါ်ရှိ ပစ္စည်းများ အားလုံး ခိုးယူခံလိုက်ရပြီး ဝါညစ်ညစ် အဖြူရောင် ဝတ်စုံလေးသာ ကျန်ရစ်ခဲ့သည်။

သူ မည်သို့ သေဆုံးသွားသည်ကို ဘေးပတ်ဝန်းကျင်ရှိ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများက အမျိုးမျိုး ပြောဆိုကြသည်။ အချို့က အိုမင်း၍ သေဆုံးသည်ဟု ဆိုကြပြီး အချို့ကမူ ဝိညာဉ်ကျောက်တုံး လိမ်လည်ခံရသဖြင့် စိတ်ထိခိုက်ကာ သေဆုံးသွားသည်ဟု ဆိုကြသည်။ လီမြောင်တွင် မိတ်ဆွေ သူငယ်ချင်း မရှိပေ။ နေ့စဉ် နှိမ့်ချစွာ အသက်ရှင်နေထိုင်ပြီး ရာစုနှစ်ပွဲတော်ကြီးတွင် အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး တစ်လုံး လေလံဆွဲကာ ဂူတစ်လုံး ဝယ်ယူရန်သာ မျှော်လင့်ခဲ့သည်။ သို့သော် သူသည် မိမိ၏ နေ့ရက်များ သိပ်မကျန်တော့သည်ကို သိရှိသဖြင့် (သို့မဟုတ်) အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး ဝယ်ယူရန် ဝိညာဉ်ကျောက်တုံး မလုံလောက်သဖြင့် ရှူရှင်းမျှော်စင် သို့ အကြိမ်ကြိမ် သွားရောက် တောင်းပန်ခဲ့ခြင်း ဖြစ်တန်ရာသည်။

ချန်ရွှင်သည် သူ၏ ကျန်းမာရေး အခြေအနေကို သိရှိသဖြင့် ရေစက်ဆုံသည်ဟု သဘောထားကာ ကျန်းမာရေးအတွက် ဆေးတစ်ပုလင်း ပြင်ဆင်ပေးထားခဲ့သည်။ အနည်းဆုံးတော့ ပွဲတော်ကြီး ပြီးဆုံးသည်အထိ တောင့်ခံနိုင်စေရန်နှင့် နောင်တများစွာ မကျန်ရစ်စေရန် ရည်ရွယ်ခဲ့သည်။ သို့သော် လောကဓံသည် မရေရာလှပေ။ ရွှေအမြူတေအဆင့် ကျင့်ကြံသူ ဖြစ်လျှင်ပင် သာမန် လူတစ်ယောက်၏ ကံကြမ္မာကို ကြိုတင် မခန့်မှန်းနိုင်ပေ။ သူတို့ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

လီမြောင်၏ အိမ်ရှေ့ရှိ ခြောက်သွေ့နေသော သစ်ကိုင်းများသည် လူများ၏ နင်းချေမှုကို ခံထားရသဖြင့် ကျိုးပဲ့နေပြီး လေအေးများတိုက်ခတ်မှုကြောင့် ပြန့်ကျဲနေသည်။ ကြည့်ရသည်မှာ လူအများအပြား လာရောက်ခဲ့ပုံ ရလေသည်။

မြို့ပြင်တွင်မူ ဆူညံသံများ ဆက်လက် ရှိနေဆဲ ဖြစ်သည်။ နေမင်းကြီးသည် အနောက်ဘက်သို့ ဝင်ရောက်သွားပြီး ကျင့်ကြံသူ အများအပြားသည် အဖော်များနှင့်အတူ ရယ်မောပျော်ရွှင်စွာ သွားလာနေကြသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ခေါင်းတလားကို ကောင်းကင်လွင်ပြင် တွင် မြှုပ်နှံလိုက်ကြသည်။ ချင်နိုင်ငံ၏ ပြင်ပတွင် ဖြစ်သည်။ ပတ်ဝန်းကျင် မှာ ခြောက်သွေ့နေပြီး လမ်းလျှောက်ရန်ပင် ခက်ခဲလှသည်။ သို့သော် ဤနည်းဖြင့်သာ သူ့ကို မည်သူမျှ လာရောက် မနှောင့်ယှက်နိုင်တော့မည် ဖြစ်သည်။

ချန်ရွှင်သည် ကျောက်တိုင် စိုက်ထူခြင်း မရှိသလို ဘာသာရေး အခမ်းအနားများလည်း မပြုလုပ်ခဲ့ပေ။ နှဲမှုတ်လိုက်ပြီး နွားနက်ကြီးက ဘေးနားမှ ခေါင်းလောင်းတီးပေးလိုက်သည်။ ခြောက်သွေ့သော ဒေသသည် ကြိုးစားသော်လည်း သာမန်ဘဝကို မကျေနပ်နိုင်သူများ၏ နောက်ဆုံး နားခိုရာ ဖြစ်ပုံရသည်။ ချန်ရွှင်သည် လီမြောင်ကို မြှုပ်နှံနေခြင်း ဖြစ်သလို မိမိကိုယ်ကို မြှုပ်နှံနေခြင်းလည်း ဖြစ်ပေသည်။ သူတို့အားလုံးသည် နောက်ဆုံးတွင် သာမန်လူများသာ ဖြစ်ကြလေသည်။

သူတို့၏ မျက်ဝန်းထဲတွင် သနားခြင်း၊ နှမြောတသဖြစ်ခြင်းများ မရှိတော့ဘဲ ခံစားချက်အားလုံး ပျောက်ကွယ်သွားသကဲ့သို့ ရှိသည်။ အထီးကျန် မြေပုံလေး၏ ရှေ့တွင် တင်ပျဉ်ခွေ ထိုင်လျက် တိတ်ဆိတ်ငြိမ်သက်နေမိကြသည်။

"မိတ်ဆွေ... ကောင်းမွန်ရာ ဘုံဘဝ ရောက်ပါစေ... လိုက်မပို့တော့ဘူးနော်"

"မွန်း"

သဲများပါဝင်သော လေများသည် တိုက်ခတ်လာပြီးနောက် သူတို့၏ ပုံရိပ်များကို ဖုံးလွှမ်းသွားသည်။ မီးခိုးရောင် ကောင်းကင်အောက်တွင် သူတို့၏ ခန္ဓာကိုယ်များသည် အစက်များ အဖြစ် ပြောင်းလဲကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသည်။

ဤနှစ်အတွက် ရရှိသော သက်တမ်းအမှတ် များကိုလည်း ခံစစ်စွမ်းရည် တွင် ဆက်လက် ပေါင်းထည့်ခဲ့ကြပေသည်။

အခန်း (၁၂၄)

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် မြို့လယ်ခေါင်သို့ ဦးတည်သွားကြရာ နေရာအနှံ့အပြားတွင် စည်ကားသိုက်မြိုက်နေပြီး ဂိုဏ်းအသီးသီးမှ တပည့်အများအပြားကို မြင်တွေ့လိုက်ရသည်။ နွားနက်ကြီးသည် မျှော်လင့်ချက် ပြည့်နေသော မျက်လုံးများဖြင့် ဘေးဘီဝဲယာကို လိုက်လံကြည့်ရှုနေသည်။ အကယ်၍ ဖြစ်နိုင်မည်ဆိုပါက ရင်းနှီးကျွမ်းဝင်သူ အနည်းငယ်လောက်ကို တွေ့မြင်ချင်မိခြင်း ဖြစ်သည်။

သို့သော် သူနှင့် နွားနက်ကြီးတို့သည် စကားပြောခြင်း မရှိကြဘဲ လမ်းလျှောက်ရင်း ဟိုကြည့်သည်ကြည့် လုပ်နေကြသည်။ ကျယ်ပြန့်သော လမ်းမကြီးများကို ဖြတ်သန်းသွားလာရင်း မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် ပခုံးချင်းယှဉ်ကာ ဖြတ်သန်းသွားလာနေကြရသည်။ ဤကဲ့သို့ ကျင့်ကြံသူများပြားသော နေရာမျိုးတွင် တိကျသော ပစ်မှတ်မရှိဘဲ နတ်အသိ ကို လျှောက်လွှတ်၍ မရနိုင်ပေ။ ဤသည်မှာ အလွန် ဆိုးရွားသော ရန်စမှု တစ်ခု ဖြစ်ပြီး မိမိကိုယ်ကို ဆရာကြီးဟု သတ်မှတ်ကာ အများ၏ ဒေါသကို မကြောက်ရွံ့မှသာ လုပ်ဆောင်သင့်သော အရာဖြစ်သည်။

"နွားကြီး... ထားလိုက်ပါတော့... သူတို့တွေလည်း အဆင့်တက်သွားလောက်ပါပြီ... ဒီကျင့်ကြံခြင်းလောကမှာ ဘယ်သူ့ ပါရမီက ငါတို့ထက် မကောင်းတာ ရှိလို့လဲ... ဟဲဟဲ"

"မွန်း မွန်း"

"ငါ့ရဲ့ ရှေးဟောင်းစာအုပ်ကိုတောင် မဖွင့်ရသေးဘူး... နောက်တစ်ခါ ပြန်တွေ့ရင် သူတို့ကို အံ့အားသင့်အောင်လုပ်ပြီးမှ ပြန်ပေးမလို့ စိတ်ကူးထားတာ"

"မွန်း"

"အဲဒီအချိန်ကျရင် ငါတို့ ပြောလိုက်မယ်... ဟုတ်တယ်... ငါတို့က ဒဏ္ဍာရီလာ ကမ္ဘာကိုတုန်လှုပ်စေတဲ့ ဘိုးဘေးကြီးတွေပဲ... ဂျူနီယာလေးတို့... ဒူးထောက်ကြစမ်း... ဟားဟားဟား..."

"မွန်း မွန်း"

နွားနက်ကြီးကလည်း လိုက်လံ ရယ်မောလိုက်သော်လည်း ရုတ်တရက် ချန်ရွှင်ကို လှမ်းကြည့်လိုက်သည်။ မျက်ဝန်းထဲတွင် သံသယ အနည်းငယ် ပါဝင်နေသည်။ အကယ်၍ ချန်ရွှင် တကယ် သွားချင်သည် ဆိုပါက ဝူယွင်ဂိုဏ်း သို့ တိတ်တဆိတ် ပြန်သွား၍ ရနိုင်သည် မဟုတ်ပါလား။ ချန်ရွှင်၏ ရင်ထဲတွင် လေးလံသွားပြီး နွားခေါင်းကို တစ်ချက် ပုတ်ကာ စကားလမ်းကြောင်း လွှဲလိုက်သည်။

"သွားစို့... နွားကြီး... ဟို လေလံပွဲ ခန်းမဆောင်ကြီးကို ကြည့်လိုက်စမ်း"

"မွန်း"

နွားနက်ကြီးသည် ချက်ချင်း အာရုံပြောင်းသွားပြီး ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။

သူတို့သည် လမ်းထောင့်တစ်နေရာတွင် ရပ်နေကြခြင်း ဖြစ်သည်။ မြို့လယ်ခေါင်နှင့် အနည်းငယ် ဝေးကွာနေသေးသော်လည်း ဖွင့်လှစ်ထားသော လေလံပွဲ ခန်းမဆောင်ကြီးကို လှမ်းမြင်နေရပြီ ဖြစ်သည်။ ၎င်း၏ အမည်မှာ ထိုက်ကူခန်းမ ဖြစ်ပြီး နိုင်ငံအသီးသီးမှ ကျင့်ကြံခြင်းလောကတွင် ကျော်ကြားသော ရှေးဟောင်း ခန်းမဆောင်ကြီး တစ်ခု ဖြစ်သည်။ မြို့တည်စကတည်းက ဤနေရာတွင် တည်ရှိခဲ့ပြီး ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက ပူးပေါင်း ထိန်းသိမ်း စောင့်ရှောက်ထားကာ ပြင်ပလူများကို ဝင်ရောက်စွက်ဖက်ခွင့် မပေးခဲ့ပေ။

ထိုရှေးဟောင်း အငွေ့အသက်များသည် သာမန် လက်နက်ပစ္စည်းများ ယှဉ်ပြိုင်နိုင်သော အရာမျိုး မဟုတ်ပေ။ အဝေးမှ လှမ်းကြည့်လျှင်ပင် လေးစားစိတ်ကို ဖြစ်ပေါ်စေပြီး ကျင့်ကြံခြင်းလောက၏ ခေတ်ကာလ ပြောင်းလဲမှုများကို သိသိသာသာ ခံစားမိစေသည်။ ထိုက်ကူခန်းမ တစ်ခုလုံးသည် အနက်ရောင်နှင့် ရွှေရောင် ရောယှက်နေပြီး တည်ဆောက်ပုံမှာ အလွန် ခမ်းနားထည်ဝါကာ စေ့စပ်သေချာလှသည်။ မြို့ရိုးနှင့်အညီ မြင့်မားနေပြီး အရပ်လေးမျက်နှာမှ လာသူများကို စီးမိုးကြည့်ရှုနေသကဲ့သို့ ရှိသည်။ သာမန်အချိန်များတွင် ထိုက်ကူခန်းမကို ဖွင့်လှစ်ခြင်း မရှိဘဲ မဟာအစီအရင်ဖြင့် ကာရံထားလေ့ရှိရာ ယခုမှသာ လူများရှေ့တွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ချန်ရွှင်သည် တံတွေးကို ဂလုခနဲ မြိုချလိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ နွားနက်ကြီးလည်း ထိုနည်း၎င်းပင်။ သူတို့ တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ကြည့်လိုက်ကြသည်။ အဓိပ္ပာယ်မှာ တူညီနေသည်။ ဤကဲ့သို့သော အဆောက်အအုံမျိုးကို ကျင့်ကြံသူများ ဆောက်လုပ်နိုင်သည်လား။

"နွားကြီး... ငါတို့ အနားကပ်ပြီး သွားကြည့်ရအောင်... မဟုတ်ရင် နောင်တရစရာ ဖြစ်နေလိမ့်မယ်"

"မွန်း"

သူတို့၏ မျက်လုံးများထဲတွင် အံ့သြတုန်လှုပ်မှုများ ဖြစ်ပေါ်နေပြီး လမ်းလျှောက်ရင်း အဝေးမှ ထိုက်ကူခန်းမကို မော့ကြည့်နေကြသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် မြို့ရိုးများနှင့် အဆောက်အအုံများကို ကြည့်ရှုရသည်ကို အလွန် နှစ်သက်ကြသည်။ ဤအရာများတွင် ပုံပြင်များနှင့် ဉာဏ်ပညာပေါင်းများစွာ တိတ်တဆိတ်မြုပ်ကွယ်နေသည်ဟု ခံစားရသည်။ ကျင့်ကြံခြင်းလောက တစ်ခုလုံးတွင် သူတို့လို သက်တမ်းကိုဖြုန်းတီးပြီး စိတ်ရှည်လက်ရှည် ကြည့်ရှုမည့်သူမျိုး ရှိမည် မဟုတ်ပေ။

မြို့လယ်ခေါင်သည် အလွန် ကျယ်ဝန်းလှသည်။ လမ်းမများ မရှိသလောက်ပင် ဖြစ်ပြီး နေရာအနှံ့တွင် ကြီးမားသော အဆောက်အအုံကြီးများ၊ ပြာသာဒ်ဆောင်များ ထီးထီးမားမား တည်ရှိနေသည်။ စားသောက်ဆိုင်များနှင့် တည်းခိုခန်းများတွင်ပင် ကိုယ်ပိုင် ဝိညာဉ်စွမ်းအင် စုစည်းသော အစီအရင်များ ပါရှိရာ အလွန် ဇိမ်ကျလှသည်။ စားသောက်ဆိုင် အများစုတွင် ရှုခင်းကြည့် စင်မြင့်များ ပါရှိပြီး အရှိန်အဝါ ကြီးမားသော သူအများအပြား ထိုနေရာတွင် ထိုင်ကာ အောက်ဘက်သို့ ငုံ့ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများမှာ စူးရှနေပြီး ဘေးနားတွင် အစေခံ အများအပြား ရှိနေသည်။

ထိုက်ကူခန်းမ၏ မြောက်ဘက်တွင် တိုက်ခိုက်ရေး စင်မြင့်ကြီးများ ရှိသည်။ အင်အားစု အသီးသီးနှင့် ဂိုဏ်းအသီးသီးမှ ပါရမီရှင်များသည် လူလုံးပြရန် အဆင်သင့် ဖြစ်နေကြပြီ။ အချို့သော ပါရမီရှင်များကလည်း ဤပွဲတော်ကြီးတွင် တစ်မဟုတ်ချင်း ကျော်ကြားလာရန်နှင့် လူအများကို အံ့အားသင့်သွားစေရန် ပြင်ဆင်နေကြသည်။

ထိုက်ကူခန်းမ၏ အနောက်ဘက်တွင် ပန်းပွဲတော် ကျင်းပရာ နေရာရှိသည်။ မြို့အနောက်ဘက်တွင် ပန်းများ ဖူးပွင့်ဝေဆာနေပြီး မြစ်ကြီး တစ်စင်း ဖြတ်သန်း စီးဆင်းနေသည်။ ကောင်းကင်လွင်ပြင် နှင့် လုံးဝ ကွဲပြားခြားနားသော ကမ္ဘာတစ်ခုကဲ့သို့ ထူးဆန်းလှပနေလေသည်။

"ဒီ ခွန်ယုံယွမ် စီနီယာက နည်းနည်း မောက်မာလွန်းနေပြီ"

"သူက ရွှေအမြူတေ အလယ်အလတ်အဆင့်ပဲ ရှိသေးတာ... ဘာသတ္တိနဲ့များ အဆင့်တူချင်း ပြိုင်ဘက်ကင်းလို့ ကြွေးကြော်ရဲတာလဲ... ငါတော့ နားမလည်နိုင်ဘူး"

"မိတ်ဆွေတို့က ဖယ်သာစံအိမ် က သခင်လေး ယွီတုန်း ကို မေ့နေကြပြီလား... သူ့ရဲ့ ပညာ က တကယ့်ကို အစွမ်းထက်တဲ့ ပညာရပ်နော်"

"သခင်လေး ယွီတုန်း ကလည်း ကောင်းကင် ဝိညာဉ်အမြစ် ပိုင်ရှင်ပဲ... ကြားတာတော့ ချင်တိုင်းပြည် ပြင်ပက ဝိညာဉ်ကူးပြောင်းခြင်းအဆင့် ဘိုးဘေးတစ်ယောက်ရဲ့ တပည့်တဲ့... ကြည့်ရတာ ဒီပွဲတော်ကြီးကတော့ နဂါးနဲ့ ကျား တိုက်ခိုက်မယ့်ပွဲ ဖြစ်လာတော့မယ်"

မြို့လယ်ခေါင် နေရာအနှံ့တွင် ဆွေးနွေးသံများ ထွက်ပေါ်နေသည်။ အာရုံစိုက်မှု အားလုံးသည် ပါရမီရှင်များ အပေါ်တွင်သာ ရောက်ရှိနေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် မြို့ထောင့်တစ်နေရာတွင် ထိုင်လျက် ခန်းမဆောင်ကြီးကို တိတ်ဆိတ်စွာ ထိုင်ကြည့်နေကြသည်။ မူလက လက်ယားပြီး သွားရောက် ကိုင်ကြည့်ချင်သော်လည်း ထိုက်ကူခန်းမ ဘေးပတ်လည်တွင် စောင့်ကြပ်နေသော ဂိုဏ်းသားများ ရှိနေသဖြင့် လက်လျှော့လိုက်ရသည်။

"နွားကြီး... ငါတို့ ဆေးပင် နှစ်ပင် လိုနေသေးတယ်... အဲဒီကျရင် လေလံပွဲ သွားကြမယ်"

"မွန်း"

"ဒါပေမယ့် ဒီလေလံပွဲကလည်း လျှို့ဝှက်လွန်းတယ်... လေလံပစ္စည်း စာရင်းတောင် ကြိုမထုတ်ပြန်ဘူး"

ချန်ရွှင် သက်ပြင်းချလိုက်ပြီး ထိုက်ကူခန်းမကို ဆက်လက် ကြည့်ရှုနေသည်။

"ဝင်ကြေးကတင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင် တောင်းတယ်..."

"မွန်း"

နွားနက်ကြီးလည်း သက်ပြင်းချလိုက်ပြီး ခွာကို ချန်ရွှင် ပခုံးပေါ် တင်ကာ နှစ်သိမ့်လိုက်သည်။

"နွားကြီး... ကိစ္စမရှိပါဘူး... ဝိညာဉ်ကျောက်တုံး ဆိုတာ ပြန်ရှာလို့ ရပါတယ်... ငါက ဝိညာဉ်ကျောက်တုံး ပြတ်လပ်မယ့်လူမှ မဟုတ်တာ"

ချန်ရွှင် ဂရုမစိုက်သလို ပြောလိုက်သော်လည်း သိုလှောင်အိတ်ကို မသိမသာ စမ်းသပ်ကြည့်လိုက်မိသည်။ ငွေများ ခြေထောက်ပေါက်ပြီး ထွက်ပြေးသွားမည်ကို သူ နည်းနည်းတော့စိုးရိမ်သည်။

"မွန်း"

နွားနက်ကြီး အော်မြည်လိုက်ကာ ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။

လူတစ်ယောက်နှင့် နွားတစ်ကောင်သည် စကားဆက်မပြောတော့ဘဲ ပခုံးဖက်လျက် ထိုက်ကူခန်းမကို ဆက်လက် ကြည့်ရှုနေကြသည်။ ကြည့်လေ ကြည့်လေ အရသာရှိလေ ဖြစ်နေသည်။ သို့သော် ပုံစံကတော့ သိပ်ကြည့်မကောင်းလှပေ။ သူတို့ရှေ့တွင် ဇလုံအကွဲလေး တစ်လုံး ချပေးထားလိုက်လျှင် တောင်းစားနေသူများနှင့် တူသွားပေလိမ့်မည်။

ရက်များ ကုန်ဆုံးသွားပြီးနောက် ယွီရွှပ်မြို့ တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ အရပ်လေးမျက်နှာမှ လူများ စုဝေးရောက်ရှိလာကြပြီး မြို့လယ်ခေါင်တွင် တင်းမာသော အခြေအနေများ ဖြစ်ပေါ်နေသည်။ နေရာတိုင်းတွင် ကျင့်ကြံခြင်းလောက၏ ပါရမီရှင်များ ဟု ခေါ်ဆိုကြသော သူများ ပြည့်နှက်နေသည်။ သူတို့သည် စောင့်ကြွားကြွားနှင့်လျှောက်နေကြပြီး ထက်မြက်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ဘေးနားတွင်လည်း နောက်လိုက် အများအပြား ပါရှိသည်။

ယခုအခါ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် လမ်းလျှောက်လျှင်ပင် ဖြည်းဖြည်းသာ လျှောက်ရဲကြပြီး အီးပင်မပေါက်မိအောင်အောင့်ထားရသည်။ မတော်တဆ ဆရာကြီး တစ်ယောက်ယောက်နှင့် ဝင်တိုက်မိပြီး လှောင်ပြောင်ခံရကာ တိုက်ခိုက်ရေး စင်မြင့်ပေါ် အခေါ်ခံရမည်ကို စိုးရိမ်ရသောကြောင့် ဖြစ်သည်။ အကယ်၍ စိတ်မထိန်းနိုင်ဘဲ ထိုပါရမီရှင်များကို မတော်တဆ ရိုက်သတ်မိသွားလျှင် အားနာစရာကောင်းသည်။

ထိုက်ကူခန်းမ အပြင်ဘက်တွင် အစီအရင်များ လည်ပတ်နေပြီး ကျင့်ကြံသူများ စုဝေးနေကြသည်။ သူတို့သည် အစီအရင် အတားအဆီးများကို ဖြတ်ကျော်ပြီး ပွဲခင်းထဲသို့ ဝင်ရောက်နေကြသည်။ လေလံပွဲကို အပိုင်း နှစ်ပိုင်း ခွဲခြားထားသည်။ ဘေးဘက် ခန်းမဆောင်သည် ချီသန့်စင်ခြင်းအဆင့်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအတွက် ဖြစ်သည်။ ဝင်ကြေးမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀၀) ဖြစ်သည်။

ပင်မ ခန်းမဆောင်သည် ရွှေအမြူတေအဆင့်နှင့် ဝိညာဉ်ကူးပြောင်းခြင်းအဆင့် ဘိုးဘေးများအတွက် ဖြစ်သည်။ တိုင်းပြည်အသီးသီး၏ အမြင့်ဆုံးသော အာဏာပိုင်များ ဖြစ်ကြသည်။ ဝင်ကြေးမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀၀) ဖြစ်သည်။ ချန်ရွှင်သည် ပုံစံပြောင်းလဲလိုက်ပြီး ရွှေအမြူတေအဆင့် ကျင့်ကြံသူ တစ်ဦး အဖြစ် ဟန်ဆောင်လိုက်သည်။ သို့သော် နွားနက်ကြီးမှာမူ အခြေခံတည်ဆောက်ခြင်းအဆင့် အတိုင်းသာ ထားရှိသည်။ သူတို့ စုံစမ်းထားရသလောက် ကျင့်ကြံသူနှင့်အတူ ပါလာသော ဝိညာဉ်သားရဲများသည် ဝင်ကြေး ထပ်ပေးစရာ မလိုပေ။ အလွန် လူ့အခွင့် အရေးကိုလေးစားလိက်နာသော စည်းကမ်းပင် ဖြစ်သည်။ အဲ…. နွားအခွင့်အရေးဆိုလျှင် ပိုမှန်မည်လားမပြောတတ်ပေ။ ချန်ရွှင် နွားဖြစ်ချင်သွားသည်။

ပင်မ ခန်းမဆောင် အပြင်ဘက်တွင် ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများက စီနီယာများကို အဆက်မပြတ် နှုတ်ဆက် ကြိုဆိုနေကြသည်။ ဝိညာဉ်ကူးပြောင်းခြင်းအဆင့် ဘိုးဘေးများမှာမူ အခြား တံခါးပေါက်မှ ဝင်ရောက်သွားကြပြီ ဖြစ်သည်။ လှမ်းမျှော်ကြည့်လိုက်လျှင် ရွှေအမြူတေအဆင့် ကျင့်ကြံသူ ရာပေါင်းများစွာ ရှိနေသည်ကို တွေ့ရသည်။ အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

"စီနီယာက လေလံပွဲကြီးကို လာတာလားရှင့်"

ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသမီး တစ်ဦးသည် ဖော်ရွေစွာ လျှောက်လှမ်းလာသည်။ ချန်ရွှင် အပြင်ဘက်တွင် ရပ်နေသည်မှာ ကြာပြီ ဖြစ်သောကြောင့် ဖြစ်သည်။

"ဟုတ်တယ်... ဘာစည်းကမ်းတွေ ရှိလဲ မသိဘူး"

ချန်ရွှင် ခေါင်းညိတ် ပြုံးပြလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ နွားနက်ကြီးမှာမူ ဘေးဘီဝဲယာကို မကြည့်ရဲဘဲ အမြီးကုပ်ကာ ထို ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးကိုသာ ငေးကြည့်နေသည်။

"စီနီယာက ရွှေအမြူတေအဆင့် ကျင့်ကြံသူ ဖြစ်တဲ့အတွက် ဝိညာဉ်ကျောက်တုံး တစ်ထောင် ပေးဆောင်ရုံနဲ့ ဝင်ရောက်နိုင်ပါတယ်... တခြား စည်းကမ်း မရှိပါဘူး"

"ကောင်းပြီ... ဒါ ဝိညာဉ်ကျောက်တုံးတွေပါ"

ချန်ရွှင် လက်ဝှေ့ယမ်းလိုက်ပြီး သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးများကို ထုတ်ပေးလိုက်သည်။ ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးကလည်း သိုလှောင်လက်စွပ် တစ်ကွင်း ထုတ်ယူကာ လက်ခံလိုက်ပြီး ချန်ရွှင်ကို ကျောက်စိမ်းပြား တစ်ခု ပေးလိုက်သည်။

"စီနီယာ... ဒါက စီနီယာ့ အခန်းရဲ့ အစီအရင် ကျောက်စိမ်းပြားပါ... မြေကမ္ဘာအဆင့် အမှတ်စဉ် ၃၅၇ ပါ"

"ဟေ... ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်း ဆိုတာ မခေပါလား"

ချန်ရွှင် မျက်လုံးများ အရောင်တောက်သွားပြီး အလျင်အမြန် လှမ်းယူလိုက်သည်။

"ကျေးဇူးပါပဲ"

ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးက ချိုသာစွာ ပြုံးလိုက်ပြီး လက်ကို ဆန့်တန်းလိုက်သည်။

"ဒါက ဂျူနီယာ လုပ်သင့်တဲ့ အလုပ်ပါ... စီနီယာ ခန်းမဆောင်ထဲ ကြွပါ"

ချန်ရွှင်က နွားနက်ကြီးကို ပုတ်လိုက်သည်။ သူတို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကျောက်စိမ်းပြားထဲသို့ ဝိညာဉ်စွမ်းအား အနည်းငယ် ထည့်သွင်းလိုက်ရာ အစီအရင် အလင်းတန်းများကြားသို့ ချက်ချင်း ရောက်ရှိသွားကြသည်။

ယခု ထိုက်ကူခန်းမကို အနီးကပ် လေ့လာခွင့် ရချိန်တွင် သူတို့ ထပ်မံ အံ့သြသွားကြပြန်သည်။ သို့သော် ပတ်ဝန်းကျင်တွင် ကျင့်ကြံသူ များလွန်းသဖြင့် အကြာကြီး ရပ်မနေတော့ပေ။ ထိုက်ကူခန်းမ အတွင်းပိုင်းသည် ရောမခေတ်က ကစားကွင်းကြီးကဲ့သို့ အလွန် ကျယ်ဝန်းလှသည်။ သို့သော် ပွဲကြည့်စင်မြင့်ပေါ်တွင် ပုံစံမျိုးစုံ အခန်းများ ရှိနေပြီး အပြင်ဘက်တွင် နတ်အသိကို ကာကွယ်နိုင်သော အစီအရင်များ တပ်ဆင်ထားသည်။ ချန်ရွှင် အကြမ်းဖျင်း ခန့်မှန်းကြည့်လိုက်ရာ အခန်းပေါင်းများစွာ ရှိနေပြီး လူသောင်းချီ ဆံ့မည့်ပုံ ပေါက်သည်။ အလွန်ကို ကြီးမားလွန်းလှပေသည်။

ဘေးပတ်ဝန်းကျင်မှ ရွှေအမြူတေအဆင့် ကျင့်ကြံသူများ တဖြည်းဖြည်း ဝင်ရောက်လာကြသည်။ အားလုံး တိတ်ဆိတ်ငြိမ်သက်နေကြသည်။ သို့သော် ဝိညာဉ်ကူးပြောင်းခြင်းအဆင့် ဘိုးဘေးများကိုတော့ မတွေ့ရပေ။

"နွားကြီး... ဝိညာဉ်ကူးပြောင်းခြင်းအဆင့် ဘိုးဘေးတွေက အပေါ်ဆုံး အခန်းတွေမှာ နေမှာပဲ"

ချန်ရွှင် မေးငေါ့ပြလိုက်ပြီး ပွဲကြည့်စင်မြင့် အပေါ်ဆုံးကို ကြည့်လိုက်သည်။ ထိုအခန်းများသည် အပေါ်စီးမှ စီးမိုးထားသကဲ့သို့ ရှိနေသည်။

"မွန်း"

နွားနက်ကြီး မျက်လုံးထဲတွင် စိုးရိမ်မှုများ ပါဝင်နေသည်။ ဤလူများသည် ဒဏ္ဍာရီလာ ထိပ်သီးများပင်ဖြစ်သည်။ ဖန်နင်းမြို့ မှ မြို့စားမင်းထက်ပင် ပို၍အစွမ်းထက်သေးသည်။

"နွားကြီး... အခန်းကို အရင် သွားကြစို့"

"မွန်း"

ပင်မ ခန်းမဆောင် အတွင်းတွင် လှေကားထစ်များ နေရာအနှံ့ ရှိပြီး ကြိုက်သလို တက်သွား၍ ရသည်။ ချန်ရွှင်သည် ကျောက်စိမ်းပြားပေါ်မှ နံပါတ်စဉ်အတိုင်း ရှာဖွေလိုက်ရာ နောက်ဆုံးတွင် ပွဲကြည့်စင်မြင့် အလယ်ဗဟို၌ သူတို့၏ နေရာကို ရှာတွေ့သွားလေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ အပေါ်မှနေ၍ တစ်ချက် လှမ်းမျှော်ကြည့်လိုက်သည်။ သူတို့၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်နေသည်။ ဗဟုသုတများစွာ တိုးသွားပြီ ဖြစ်သည်။ ဝိညာဉ်ကျောက်တုံး တစ်ထောင် ပေးရသည်မှာ မရှုံးတော့ပေ။ အခန်းရှေ့ရှိ အစီအရင်သည် ကျောက်စိမ်းပြားနှင့် ထိလိုက်သည်နှင့် ချက်ချင်း ပွင့်သွားလေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ချက်ချင်း ခုန်ဝင်သွားကြတော့သည်။

All Chapters