အခန်း (၁၂၅-၁၂၆)
Vol. 7 Ch. 125-126
အခန်း (၁၂၅)
အခန်းသည် ပြန့်ပြန်ပြူးပြူးရှိပြီး အလွန်သားနားသပ်ယပ်သည်ကို တွေ့ရသည်။ ထို့အပြင် အခန်းအတွင်း၌ ခပ်မှိန်မှိန်အလင်းမျက်နှာပြင်တစ်ခုရှိနေရာ အပြင်ဘက် လေလံပွဲ စင်မြင့်ကို အနီးကပ် ဆွဲယူကြည့်ရှုနေရသကဲ့သို့ ထင်ရှားပြတ်သားလှပေသည်။ သို့သော် အပြင်ဘက်မှ အခန်းအတွင်းပိုင်း အခြေအနေကိုမူ လုံးဝ မမြင်တွေ့နိုင်ချေ။ ဖုံးကွယ်ထားမှုအပိုင်းတွင် အလွန် စေ့စပ်သေချာလှသည်။
ပတ်ဝန်းကျင်တွင် အသံလုံ အစီအရင်များ ရှိနေပြီး အခန်းထောင့်တွင် ရှားပါး ပန်းများ ခင်းကျင်းထားရာ အခန်းတစ်ခုလုံး မွှေးပျံ့သော ရနံ့များ သင်းပျံ့နေလေသည်။
"နွားကြီး... ဒါ အစီအရင်ပဲ"
ချန်ရွှင်သည် ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။ အခန်းထဲတွင် စားပွဲကြီး တစ်လုံး ရှိပြီး အပေါ်တွင် စာအုပ်ငယ် တစ်အုပ် တင်ထားသည်ကို တွေ့ရသည်။
"ကြည့်စမ်း... ကျွမ်းကျင်တဲ့လူတွေ လုပ်ထားတာက တခြားစီပဲ"
"မွန်း"
နွားနက်ကြီးသည် အော်မြည်လိုက်ပြီး နေရာအနှံ့ လျှောက်ကြည့်နေလေသည်။ ဤအရာသည် သေချာပေါက် အစီအရင်၏ အစွမ်းသတ္တိပင် ဖြစ်သည်။
နွားနက်ကြီးသည် လူတစ်ရပ်ခန့် မြင့်သော အနီရောင် တိုင်လုံးကို စိတ်ဝင်တစား ကြည့်ရှုနေသည်။ ထိုအရာသည် လက်နက်ပြုလုပ်ခြင်းပညာနှင့် အစီအရင်ပညာ ပေါင်းစပ်ထားသော ပစ္စည်း ဖြစ်ကြောင်း သိသာလှပေသည်။ နွားနက်ကြီး၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်နေသည်။ သူသည် လက်နက် များပေါ်တွင် အစီအရင် ခင်းကျင်းနည်းကို မတတ်မြောက်သေးပေ။ ဤထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်း၏ အမွေအနှစ်နှင့် အခြေခံအုတ်မြစ်များသည် အလွန် ကြီးမားခိုင်မာလှရာ သူတို့ အနေဖြင့် နှစ်ပေါင်း ရာချီ၊ ထောင်ချီ သင်ယူလျှင်ပင် ပြီးဆုံးနိုင်မည် မဟုတ်ချေ။
"နွားကြီး... ငါတို့ သင်ယူစရာတွေ အများကြီး ကျန်သေးတယ်"
ချန်ရွှင်သည် ခွက်ကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်ရှိ စာအုပ်ငယ်ကို လှန်လှောကြည့်ရှုလိုက်သည်။
"ဒီထဲမှာ လေလံပွဲနဲ့ ပတ်သက်တဲ့ မိတ်ဆက် အချက်အလက်တွေ ပါတယ်"
"မွန်း"
နွားနက်ကြီးသည် ချန်ရွှင်အနားသို့ လျှောက်သွားပြီး အတူတူ ဖတ်ရှုလိုက်လေသည်။
စာအုပ်ထဲတွင် လေလံပွဲသည် ပစ္စည်းချင်း ဖလှယ်ခြင်းကို လက်မခံကြောင်း၊ အကြွေးထားခြင်းကို လက်မခံကြောင်းနှင့် ဈေးအများဆုံး ပေးသူကသာ ပစ္စည်းကို ရရှိမည် ဖြစ်ကြောင်း ရေးသားထားသည်ကို တွေ့ရှိရသည်။ အကယ်၍ ဈေးအတင်းခေါ်ပြီးနောက် ဝိညာဉ်ကျောက်တုံး မပေးချေနိုင်ပါက ပိုင်ဆိုင်မှု အားလုံးကို သိမ်းဆည်းမည် ဖြစ်ပြီး ယွီရှုမြို့ ၏ နာမည်ပျက် စာရင်းသွင်းကာ မောင်းထုတ်မည် ဖြစ်သည်။ ခွင့်ပြုချက် မရှိဘဲ မြို့ထဲသို့ ဝင်ရောက်ပါက ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက ပူးပေါင်း ကွပ်မျက်မည် ဖြစ်သည်။
သူတို့သည် ထိုအချက်ကို ဖတ်ရှုပြီးနောက် ပင့်သက်ရှိုက် လိုက်မိကြသည်။ စီစဉ်ထားပုံကထောင့်စေ့လွန်းသည်။ လေလံပွဲ စတင်သောအခါ ထိုက်ကူခန်းမ အတွင်းရှိ အစီအရင်များ ပွင့်လာမည် ဖြစ်ပြီး အခန်းအတွင်းရှိ အနီရောင် တိုင်လုံးပေါ်တွင် ဝိညာဉ်စွမ်းအားဖြင့် ဈေးနှုန်းကို ရေးသားပေးပို့ရမည် ဖြစ်သည်။ လေလံအောင်မြင်ပြီးနောက် ဝိညာဉ်ကျောက်တုံး လာရောက် ကောက်ခံမည့်သူ ရှိလာမည် ဖြစ်ပြီး ပစ္စည်းကိုလည်း အစီအရင်ဖြင့် တိုက်ရိုက် ပို့ဆောင်ပေးမည် ဖြစ်လေသည်။
"နွားကြီး... နေရာရွှေ့ပြောင်းခြင်း အစီအရင် တဲ့ဟေ့"
ချန်ရွှင်သည် နွားနက်ကြီးကို ပုတ်ကာ အော်ဟစ်လိုက်သည်။
"မွန်း"
နွားနက်ကြီးသည် လန့်သွားပြီး ချန်ရွှင်၏ ခွက်ကို လုယူကာ အတွင်းမှ ရေများကို လျှာဖြင့်စုပ်သောက်လိုက်လေသည်။
ချန်ရွှင်သည် ဂရုမစိုက်နိုင်ဘဲ နေရာရွှေ့ပြောင်းခြင်း အစီအရင်ကိုသာ အာရုံရောက်နေသည်။
"နွားကြီး... တကယ်လို့ နောင်တစ်ချိန်ကျရင် မင်းသာ နေရာရွှေ့ပြောင်းခြင်း အစီအရင် ကို ခင်းကျင်းနိုင်ရင် ဘယ်သူက ငါတို့ကို တားဆီးနိုင်တော့မှာလဲ"
"မွန်း"
နွားနက်ကြီးသည် ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်လိုက်ပြီး မျက်လုံးများ အရောင်တောက်သွားလေသည်။
"မွန်း"
ချန်ရွှင်သည် သက်ပြင်းချလိုက်မိသည်။ ထိုစဉ်က နန်ဒုတောင် ရှိ နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို သူ အလွန် အားကျခဲ့ဖူးသည်။ သို့သော် ထိတွေ့ခွင့် မရခဲ့ပေ။
"မွန်း မွန်း"
နွားနက်ကြီးသည် ချန်ရွှင်ကို ခွာဖြင့် ပုတ်ကာ နှစ်သိမ့်လိုက်သည်။ မပူပါနဲ့ ဟူသည့် သဘောပင်။
"ကိစ္စမရှိပါဘူး... ငါတို့ များများ လေ့လာကြမယ်... အချိန်တန်ရင် ဖယ်သာစံအိမ် ဆိုင်ကို သွားပြီး ပစ္စည်းကောင်းတွေ ဝယ်ကြမယ်"
ချန်ရွှင် ပြုံးလိုက်သည်။ မျက်ဝန်းထဲတွင် ခံစားချက်များ ပြည့်နှက်နေသည်။
"နွားကြီး... ငါတို့ ကောင်းကောင်း အသက်ရှင် နေထိုင်ကြစို့"
"မွန်း"
နွားနက်ကြီးကလည်း ပျော်ရွှင်စွာ အော်မြည်လိုက်သည်။ အစ်ကိုကြီး နောက်လိုက်ရတာ အကောင်းဆုံးပင်။
စာအုပ်ထဲတွင် နေရာအနှံ့ လျှောက်သွားခွင့် မရှိသည့် စည်းကမ်းချက်များ ပါရှိသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ငြိမ်သက်သွားကြပြီး လေလံပွဲ စင်မြင့်ကို လှမ်းကြည့်လိုက်ကြသည်။ ထိုနေရာတွင် အရှိန်အဝါ ပြင်းထန်သော ရွှေအမြူတေအဆင့် ကျင့်ကြံသူ အချို့ ရပ်နေကြပြီ ဖြစ်သည်။
နာရီဝက်ခန့် ကြာသောအခါ ထိုက်ကူခန်းမ အတွင်းမှ ခေါင်းလောင်းသံ မြည်ဟည်းသွားပြီး ခန်းမဆောင် အပြင်ဘက် တံခါးကြီးများ ပိတ်သွားလေသည်။ လေလံပွဲကြီး တရားဝင် စတင်လေပြီ။ ချန်ရွှင်သည် ခွက်ကို ကိုင်ထားရင်း မျက်နှာ အနည်းငယ် နီရဲနေသည်။ ဤအထဲတွင် ရတနာ မည်မျှလောက် များများစားစား ရှိနေမည်နည်း။ ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်လောက်ဖြင့် လုံလောက်ပါမည်လား။ နွားနက်ကြီးသည် အပြင်ဘက်ကို မျက်တောင်မခတ်တမ်း ကြည့်ရှုနေပြီး အစီအရင် ပစ္စည်းများ ပါလာမလားဟု မျှော်လင့်နေလေသည်။
လေလံပွဲ စင်မြင့်ထက်တွင် ကြိုးကြာဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ရွှေအမြူတေအဆင့် အဘိုးအို တစ်ဦးသည် တည်ငြိမ်သော မျက်နှာဖြင့် အခန်းအသီးသီးကို လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။ သူ၏ အသံသည် ဝိညာဉ်စွမ်းအားနှင့်အတူ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"ချင်တိုင်းပြည် ရဲ့ ရာစုနှစ် လေလံပွဲကြီးကို တရားဝင် စတင်ပါပြီ... မိတ်ဆွေများ၊ စီနီယာများ အားလုံး လိုအင်ဆန္ဒ ပြည့်ဝကြပါစေ"
အဘိုးအို၏ အသံသည် ထိုက်ကူခန်းမ အတွင်း ပဲ့တင်ထပ်သွားသည်။ စင်မြင့်ပေါ်မှ တိုင်လုံး (၁၀) ခု ဖြည်းညှင်းစွာ မြင့်တက်လာသည်။ အလွန် ခမ်းနားထည်ဝါလှပေသည်။
"ပထမဆုံး ပစ္စည်းကတော့... ကျောက်စိမ်းဝိဉာဉ်ကျမ်း ... ရွှေအမြူတေအဆင့် အောက် ကျင့်ကြံသူတွေရဲ့ ဝိညာဉ်စွမ်းအားကို (၂၀) ရာခိုင်နှုန်း ပိုမို သိပ်သည်းစေနိုင်ပါတယ်... ကျင့်ကြံခြင်းလောကမှာ ရှားပါးတဲ့ အထောက်အကူပြု ကျင့်စဉ် တစ်ခုပါ"
အဘိုးအိုသည် ဖြည်းညှင်းစွာ မိတ်ဆက်လိုက်သည်။
"ဒါပေမဲ့ ဒီကျင့်စဉ်မှာ ကြီးမားတဲ့ အားနည်းချက် တစ်ခု ရှိပါတယ်... အဆင့်တက်ရောက်ရာမှာ (၂၀) ရာခိုင်နှုန်း ပိုမို ခက်ခဲစေပါလိမ့်မယ်"
"အဖွင့်ဈေးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅၀၀၀) ပါ... တစ်ခါ တိုးရင် (၁၀၀၀) ထက် မနည်းရပါဘူး"
စကားဆုံးသည်နှင့် စင်မြင့်ပေါ်တွင် အလင်းရောင်များ လင်းလက်လာပြီး ဈေးစတင် ခေါ်ယူနေကြပြီ ဖြစ်သည်။
"မိတ်ဆွေ တစ်ယောက်က (၇၀၀၀) ပေးလိုက်ပါပြီ... ဟဲဟဲ... ကြည့်ရတာ အားလုံးက ဒီပစ္စည်းကို လက်မလွှတ်ချင်ကြပုံ ရတယ်"
အဘိုးအို၏ မျက်နှာတွင် အပြုံးများ ဖြစ်ပေါ်နေသည်။ သူသည် အမြင့်ဆုံး ဈေးနှုန်းကိုသာ ကြေညာပြီး အခန်းနံပါတ်ကို ထုတ်မပြောပေ။ စကားပြောရင်း ပွဲကို ထိန်းကျောင်းနေခြင်း ဖြစ်သည်။
"ဪ... မိတ်ဆွေ တစ်ယောက်က (၉၀၀၀) အထိ ပေးလိုက်ပြီပဲ... ဒါပေမဲ့ ကျောက်စိမ်းဝိဉာဉ်ကျမ်း က တိုက်ခိုက်နိုင်စွမ်းကို အများကြီး တိုးတက်စေတာတော့ အမှန်ပါပဲ"
"ဝိညာဉ်ကျောက်တုံး (၁၁၀၀၀)... မိတ်ဆွေက တကယ် အမြင်ရှိတယ်"
အဘိုးအို၏ မျက်လုံးထဲတွင် အပြုံးများ ပြည့်နှက်နေပြီး အပြောအဆို ကျွမ်းကျင်လှသည်။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းသည် မည်သည့်နေရာမှ သွားရောက် ရှာဖွေထားသည်ကို မသိရပေ။
အခန်းအတွင်း၌...
"ငလူးမ... နွားကြီး... ဒီအဆင့်မှာတင် ဝိညာဉ်ကျောက်တုံး သောင်းချီ နေပြီလား"
ချန်ရွှင်နှင့် နွားနက်ကြီးတို့ အံ့သြတကြီး မတ်တပ်ရပ်လိုက်ကြသည်။
"မွန်း"
နွားနက်ကြီးသည် ချန်ရွှင်ကို ဝှေ့လိုက်သည်။ ဤအထောက်အကူပြု ကျင့်စဉ်သည် သူတို့နှင့် ကိုက်ညီမှု ရှိပေသည်။
"နွားကြီး... မလောနဲ့... ငါတို့ဆီမှာ ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော် ရှိသေးတယ်"
ချန်ရွှင်သည် တံတွေးကို အတင်း မျိုချလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်စိမ်းဝိဉာဉ်ကျမ်း ဈေးနှုန်းသည် (၁၅၀၀၀) အထိ ရောက်ရှိသွားပြီး ရပ်တန့်မည့်ပုံ မပေါ်သေးပေ။
"နွားကြီး... စွန့်စားကြည့်ကြမယ်... ဝိညာဉ်ကျောက်တုံး (၂၀၀၀၀)"
ချန်ရွှင်သည် ခွက်ကို စားပွဲပေါ် ဘုန်းခနဲ တင်လိုက်သည်။ ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
"မွန်း"
နွားနက်ကြီး ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဝိညာဉ်စွမ်းအားကို အနီရောင် တိုင်လုံးထဲသို့ ထည့်သွင်းလိုက်သည်။ ယခု မဝယ်လျှင် နောက်ပိုင်း ပစ္စည်းများ သူတို့အလှည့် ရောက်တော့မည် မဟုတ်ပေ။
လေလံပွဲ စင်မြင့်ပေါ်တွင်...
အဘိုးအိုသည် ဖြည်းညှင်းစွာ လျှောက်လှမ်းနေသည်။
"ဟဲဟဲ... မိတ်ဆွေ တစ်ယောက်က (၂၀၀၀၀) အထိ ပေးလိုက်ပါပြီ... တကယ့်ကို ရက်ရောတာပါပဲ"
"(၂၁၀၀၀)"
...
"(၂၃၀၀၀)"
...
"ဝိညာဉ်ကျောက်တုံး (၃၀၀၀၀)... ထပ်တိုးမယ့် မိတ်ဆွေ ရှိပါသေးလား"
အဘိုးအို ပြောပြီးနောက် မျက်လုံးထဲတွင် အံ့သြမှုများ ဖြတ်သန်းသွားသည်။ လေလံပွဲတွင် ပစ္စည်းတိုင်းက ပေါက်ဈေးထက် ပိုကြီးနေသည်။ ခဏကြာသော် မည်သူမျှ ထပ်မတိုးတော့သဖြင့် တူထုသံ ဒုန်းခနဲ မြည်သွားပြီး အတည်ပြုလိုက်လေသည်။
အခန်းအတွင်း၌...
ချန်ရွှင် အံ့အားသင့်သွားပြီး ကုလားထိုင်ပေါ်တွင် အားလျော့စွာ ထိုင်ချလိုက်သည်။ လေလံပွဲက ကျွမ်းကျင်သလောက် ပစ္စည်းတွေကလည်း ဈေးကြီးလွန်းလှသည်။
"မွန်း"
နွားနက်ကြီး အားလျော့စွာ အော်မြည်လိုက်သည်။ ဝိညာဉ်ကျောက်တုံး (၃၀၀၀၀) ဖြင့် သူတို့ ဝယ်လိုက်ရပြီ ဖြစ်သည်။
"သောက်ကျိုးနည်း... ငါတို့ကိုများ ဈေးကိုင်ပြီး လိမ်ရောင်းလိုက်တာလား..."
"မွန်း မွန်း..."
ချန်ရွှင်နှင့် နွားနက်ကြီးတို့ အကြည့်ချင်း ဆုံလိုက်ကြသည်။ နဖူးပေါ်မှ ချွေးစေးများ စီးကျလာသည်။ ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်ဟူသည် သိပ်ပြီး အရာမဝင်တော့သလို ခံစားလိုက်ရသည်။ ထိုအချိန်တွင် အခန်းတွင်းရှိ အစီအရင် တုန်ခါသွားပြီး အသံလုံ စနစ် ပွင့်သွားသည်။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းမှ လူများ ဝိညာဉ်ကျောက်တုံး လာရောက်ကောက်ခံခြင်း ဖြစ်သည်။
"စီနီယာ"
အခန်းအပြင်ဘက်မှ အမျိုးသား တစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
ချန်ရွှင် အလျင်အမြန် ဟန်လုပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ဝင်ခဲ့ပါ"
သူ လက်ဝှေ့ယမ်းလိုက်ရာ တံခါးပွင့်သွားပြီး ရုပ်ရည်သန့်ပြန့်သော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဝင်ရောက်လာလေသည်။
"စီနီယာ... ဝိညာဉ်ကျောက်တုံးတွေကို သိုလှောင်လက်စွပ်ထဲ ထည့်ပေးပါ"
အမျိုးသားက လက်သီးဆုပ် အရိုအသေပြုပြီး သိုလှောင်လက်စွပ်ကို ကမ်းပေးလိုက်သည်။
ချန်ရွှင်သည် မျက်လုံးထောင့်စွန်းမှ နွားနက်ကြီးကို လှမ်းကြည့်လိုက်ပြီး ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး မျက်လုံးများကိုမှိတ်ထားလိုက်သည်။ သူ မကြည့်ရက်တော့ပေ။
"မွန်း"
နွားနက်ကြီး၏ ကိုယ်ပေါ်မှ သိုလှောင်အိတ်များ ပြုတ်ကျလာရာ ထိုအမျိုးသား မျက်လုံး ပြူးသွားသည်။ ဒါ ရွှေအမြူတေအဆင့် စီနီယာ ဟုတ်ရဲ့လား။
နောက်ဆုံးတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀၀၀၀) သူတို့လက်ထဲမှ ပါသွားခဲ့ပြီ ဖြစ်သည်။ ထိုအမျိုးသားက အသံလွှင့်အဆောင် တစ်ခုကို ထုတ်ယူလိုက်ပြီး အရိုအသေပြုကာ အခန်းထဲမှ ထွက်ခွာသွားသည်။ အနီရောင် တိုင်လုံးပေါ်တွင် ရောင်စုံအလင်းတန်းများ လင်းလက်လာပြီး ကျောက်စိမ်းဝိဉာဉ်ကျမ်း ရောက်ရှိလာသည်။ ချန်ရွှင် သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ ပြန်ရောက်မှ လေ့လာရပေမည်။
အခန်း (၁၂၆)
လေလံပွဲသည်ဆက်လက်ကျင်းပနေသည်။ လေလံရုံဘက်မှ အပိုဆောင်း ဝိညာဉ်ကျောက်တုံးများ ကောက်ခံခြင်း မရှိသဖြင့် ချန်ရွှင်၏ စိတ်ထဲတွင် သက်သာရာ ရသွားလေသည်။ သူနှင့် နွားနက်ကြီးတို့သည် လေလံပွဲ စင်မြင့်ပေါ်သို့ ဆက်လက် အာရုံစိုက်လိုက်ကြသည်။ ဒုတိယမြောက် လေလံပစ္စည်းမှာ လက်နက် တစ်ခုဖြစ်ပြီး နောက်ဆုံးတွင် ဝိညာဉ်ကျောက်တုံး (၃၅၀၀၀) ဖြင့် ဈေးပြတ်သွားလေသည်။ ထိုဈေးနှုန်းကို ကြည့်ရင်း သူတို့၏ နဖူးပေါ်မှ ချွေးစေးများ တိတ်တဆိတ် စီးကျလာပြန်သည်။
နောက်ပိုင်း ထွက်ပေါ်လာသော ပစ္စည်းများသည်လည်း တစ်ခုထက်တစ်ခု ပိုမို၍ ဈေးနှုန်းကြီးမြင့်လာကာ ဝိညာဉ်ကျောက်တုံး (၅၀၀၀၀) အထက်သို့ စတင် ရောက်ရှိလာခဲ့သည်။ လက်နက်များ၊ နှစ်ထောင်ချီ သက်တမ်းရှိသော ဝိညာဉ်ဆေးပင်များ၊ အလယ်အလတ်အဆင့် ဆေးများ၊ ရတနာများနှင့် ဝိညာဉ်သားရဲများ စသည်ဖြင့် အစုံအလင် ပါဝင်လေသည်။ ၎င်းတို့အားလုံးသည် ဆိုင်များတွင် ဝယ်ယူ၍ မရနိုင်သော ရှားပါးပစ္စည်းများ ဖြစ်သော်လည်း သူတို့ လိုအပ်သော ပစ္စည်းများ မပါဝင်သဖြင့် မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေရုံသာ တတ်နိုင်ကြသည်။
ထိုပစ္စည်းများ၏ ဈေးနှုန်းများမှာလည်း တစ်ခုထက်တစ်ခု ပိုမို မြင့်မားလာသည်။ ချန်ရွှင်သည် စားပွဲပေါ်တွင် အသည်းအသန် စာလိုက်ရေးနေလေသည်။ စာအုပ်ငယ်လေးကို ထုတ်ယူကာ ပစ္စည်းအမည်များကို မနားတမ်း မှတ်တမ်းတင်နေပြီး ပုံကြမ်းများပါ ရေးဆွဲကာ ခန့်မှန်းခြေ ဈေးနှုန်းများကိုပါ ရေးမှတ်ထားလိုက်သည်။ ဗဟုသုတများစွာ တိုးပွားရလေသည်။
နွားနက်ကြီးကလည်း ဘေးနားမှနေ၍ စိတ်လှုပ်ရှားစွာဖြင့် တမွန်းမွန်း အော်မြည်နေပြီး အသေးစိတ် အချက်အလက်များကို ဖြည့်စွက်ပေးနေသည်။ သူ၏ ရင်ခုန်သံများမှာလည်း တဒိန်းဒိန်း မြည်နေသည်။ သို့သော် လေလံပွဲတော်ကြီးသည် တစ်နှစ်တိုင်တိုင် ကျင်းပမည် ဖြစ်ပြီး လေလံပွဲကြီး သုံးကြိမ် ပြုလုပ်မည် ဖြစ်ရာ တစ်ကြိမ်နှင့် တစ်ကြိမ်ကြား (၄) လခန့် ခြားနားလေသည်။ ထို့ကြောင့် သူတို့ လိုအပ်နေသော ဆေးပင် နှစ်ပင်နှင့် သေချာပေါက် ကြုံတွေ့ရမည် ဖြစ်သဖြင့် များစွာတော့မစိုးရိမ်ကြပေ။
လေလံပွဲ စင်မြင့်ထက်တွင် အဘိုးအို၏ မျက်နှာသည် အနည်းငယ် နီမြန်းနေပြီး ဘေးနားရှိ ကြီးမားသော သံလှောင်အိမ်ကြီး တစ်ခုကို ညွှန်ပြလျက် ပြောလိုက်သည်။
" မီးလျှံငှက် ဝိညာဉ်သားရဲ ငှက်ပေါက်လေးပါ... မိတ်ဆွေ တစ်ယောက်က (၉၀၀၀၀) ပေးလိုက်ပါပြီ"
"ဒီကောင်လေးကိုသာ ကောင်းကောင်း ပျိုးထောင်ပေးမယ် ဆိုရင် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ဦးရဲ့ အားကိုးရတဲ့ လက်ရုံးတစ်ဆူ ဖြစ်လာမှာပါ"
အဘိုးအိုသည် တည်ငြိမ်မှု မရှိတော့ဘဲ စိတ်လှုပ်ရှားစွာဖြင့် ဆက်တိုက် ပြောဆိုနေလေသည်။
"တကယ်လို့များ ကံကောင်းပြီး အခွင့်အလမ်းကြီးကြီးမားမား ရခဲ့ရင် ရွှေအမြူတေအဆင့်ကို ရောက်ရှိဖို့တောင် မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး"
"မိတ်ဆွေ တစ်ယောက်က (၉၅၀၀၀) ပေးလိုက်ပါပြီ"
...
"ဝိညာဉ်ကျောက်တုံး တစ်သိန်း... တကယ့်ကို အမြင်ရှိတဲ့ မိတ်ဆွေပါပဲ"
...
လေလံပွဲ စင်မြင့်ထက်တွင် လူတစ်ယောက်တည်း ရှိနေသော်လည်း ပွဲအခြေအနေမှာ အလွန်တရာ မြိုင်ဆိုင်လှသည်။ အကယ်၍ အခန်းများဖြင့်သာ ကာရံမထားပါက ခန်းမဆောင်ကြီး တစ်ခုလုံး မည်မျှ ဆူညံပွက်လောရိုက်နေမည်ကို ခန့်မှန်း၍ပင် ရနိုင်မည် မဟုတ်ချေ။
အခန်းတစ်ခန်း အတွင်း၌ ကျယ်လောင်သော အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။
"ငလူးမ... နွားကြီး... ဒီကောင်တွေ အိမ်မှာ ဝိညာဉ်ကျောက်တုံး မိုင်းတွင်းများ ရှိနေတာလားကွ"
"မွန်း မွန်း"
"ငါ တကယ် အရှုံးပေးလိုက်ပါပြီ... ဒီလေလံပွဲကြီးက တစ်ရက်လုံး ကျင်းပမှာနော်... အခုမှ စရုံ ရှိသေးတယ်... ဈေးတွေက တစ်သိန်းကနေ စနေကြပြီ"
ချန်ရွှင် ကိုင်ထားသော ခွက်ပင် တုန်ခါသွားသည်။ သူသည် ရေကို ယိုင်နဲ့နဲ့ဖြင့် မော့သောက်လိုက်ရာ အလွန် ပူလောင်သည်ဟု ခံစားလိုက်ရသည်။ နွားနက်ကြီး၏ ဦးခေါင်းသည်လည်း ချန်ရွှင်၏ ကိုယ်ပေါ်သို့ အားလျော့စွာ မှီကျလာပြီး မျက်လုံးများ ကြောင်တောင်တောင် ဖြစ်နေသည်။ ဤလူများသည် ဝိညာဉ်ကျောက်တုံး မိုင်းတွင်းများကို တူးဖော်ထားကြသည်မှာ သေချာသည်ဟု သူ အခိုင်အမာ ယုံကြည်လိုက်သည်။ ဝိညာဉ်ကျောက်တုံး မရှားပါးသဖြင့် ကြိုက်တာ ဝယ်နေကြခြင်း ဖြစ်သည်။
"နွားကြီး... နောက်နောင်ကျရင် ငါ့မှာ စီမံကိန်းကြီး တစ်ခု ရှိတယ်"
ချန်ရွှင်၏ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး မျက်ဝန်းများမှာ စူးရှနေသည်။
"နောက်ကျရင် ပိုင်ရှင်မဲ့ ဝိညာဉ်ကျောက်တုံး မိုင်းတွင်းတွေ တွေ့ရင်... အခွံပါမကျန်အောင် တူးကြစို့"
"မွန်း"
နွားနက်ကြီးသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး အားအင်များ ပြည့်ဝလာကာ ဝုန်းခနဲ မတ်တပ်ထရပ်လိုက်သည်။ မဖြစ်မနေ တူးရပေမည်။
ချန်ရွှင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မျက်လုံးထဲတွင် ယုံကြည်မှုများ ပြည့်နှက်လာသည်။
"ငါတို့က ဒီကျင့်ကြံခြင်းလောကရဲ့ သူဌေးကြီးတွေ လုပ်ရမယ်... လျှပ်စီးနီ ဝံပုလွေ ဝယ်ရင်တောင် နှစ်ကောင် ဝယ်မယ်"
"မွန်း"
နွားနက်ကြီး နားမလည် ဖြစ်သွားသည်။ တစ်ကောင်တည်းဆို စားလောက်ပါပြီ။
"တစ်ကောင် ဝယ်ပြီး တစ်ကောင် လွှင့်ပစ်မယ်... မဟုတ်ရင် တခြား ကျင့်ကြံသူတွေက ငါတို့လို သူဌေးကြီးတွေက မစားနိုင်ဘူးလို့ ထင်သွားကြလိမ့်မယ်"
"မွန်း..."
နွားနက်ကြီး သဘောကျသွားပြီး အမြီးက ကောင်းကင်သို့ ထောင်တက်သွားသည်။ အစ်ကိုကြီး ပြောတာ အဓိပ္ပာယ် ရှိသည်။
"နွားကြီး... ဆက်ကြည့်မယ်... စိတ်ကို ငြိမ်ငြိမ်ထား... ငါတို့က သိက္ခာရှိတဲ့သူတွေ... မင်းက သိက္ခာရှိတဲ့နွားကြီး"
"မွန်း မွန်း"
နွားနက်ကြီး မျက်လုံးများ အရောင်တောက်လာသည်။ သူသည် ချန်ရွှင်ကို ဘယ်တော့မှ သံသယ မဝင်ခဲ့ပေ။ သူတို့က ကျင့်ကြံခြင်းလောက၏ သူဌေးကြီးများ ဖြစ်လာမည့်သူများ ဖြစ်သည်။ ယခု အခြေအနေက ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်တန် စီးပွားရေး အသေးစားလေး တစ်ခုသာ ဖြစ်သည်။ ချန်ရွှင် တဟဲဟဲ ရယ်မောလိုက်ပြီး ခန့်ညားသော အမူအရာဖြင့် ကျန်းမာရေး လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။ ယခုတော့ သိပ်မပူတော့ပေ။
လေလံပွဲ စင်မြင့်ပေါ်တွင် အပြာရောင် တောက်ပနေသော ဆေးမီးဖိုကြီး တစ်လုံးကို တင်ထားသည်။ အတော်လေး ကြီးမားသော်လည်း ကြည့်ရသည်မှာ အသုံးပြုထားသည်မှာ ကြာမြင့်နေပြီဖြစ်သော ရှေးဟောင်းပစ္စည်း အငွေ့အသက်များ ရနေလေသည်။
"ဒီပစ္စည်းကို ဂိုဏ်းတစ်ခုက ရောင်းချတာပါ... နာမည်ကတော့ ရေခဲမီးတောက်မီးဖို ပါ... မိတ်ဆွေတို့ ကြည့်တာနဲ့ သိမှာပါ... ဒါက ဆေးဖော်တဲ့ မီးဖိုပါ"
အဘိုးအိုသည် စကားကို ခေတ္တရပ်လိုက်ပြီး ဆွဲဆောင်လိုက်သည်။
"စစ်ဆေးချက်တွေအရ... ဒီမီးဖိုက တစ်ချိန်တုန်းက မြေကမ္ဘာအဆင့် အနိမ့်စား ဆေးမီးဖို ဖြစ်ခဲ့နိုင်ပါတယ်"
"ဒါပေမယ့်..."
အခန်းထဲတွင် ချန်ရွှင်၏ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။ သူသည် ဆေးမီးဖို တစ်လုံး အလွန် လိုအပ်နေသည်။ ဆေးအောင်မြင်မှု နှုန်းထား နည်းပါးနေရခြင်းမှာ သူ၏ အဝါရောင်အဆင့် ဆေးမီးဖိုနှင့် များစွာ သက်ဆိုင်နေသည်။ နွားနက်ကြီးကလည်း လေလံပွဲ စင်မြင့်ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ ချန်ရွှင် မီးဖို လဲချင်နေသည်မှာ ကြာပြီ ဖြစ်ကြောင်း သူ သိထားသည်။ သို့သော် ဆိုင်ကြီးများတွင် ရောင်းချသော မီးဖိုများမှာ အနက်ရောင်အဆင့် အနိမ့်စား များသာ ဖြစ်ပြီး ဈေးကြီးရုံသာမက အရည်အသွေးလည်း သာမန်သာ ဖြစ်သည်။ မြို့ထဲရှိ လက်နက်ဆိုင်များတွင် ကုန်ကြမ်းပေးပြီး သီးသန့် မှာယူမှသာ ရနိုင်သည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ မျက်လုံးများသည် လေလံပွဲ စင်မြင့်မှ မခွာတော့ပေ။
အဘိုးအိုက ပြုံးလိုက်ပြီး
"ဒီမီးဖိုက သက်တမ်း ကြာမြင့်နေပြီ ဖြစ်သလို စစ်ပွဲတွေရဲ့ ဒဏ်ကိုလည်း ခံခဲ့ရပုံ ရပါတယ်... ဒါကြောင့် အဆင့်အတန်းက အနက်ရောင်အဆင့် အလယ်အလတ် ကို ကျဆင်းသွားပါတယ်"
"ဒါပေမယ့် မြေကမ္ဘာအဆင့် လက်နက်တွေရဲ့ ဂုဏ်သတ္တိ အချို့ကိုတော့ ပိုင်ဆိုင်ထားဆဲပါ... ဥပမာ ….. ဆေးမီးတောက်ကို အားဖြည့်ပေးနိုင်တာ၊ နတ်အသိနဲ့ ထိန်းချုပ်တဲ့အခါ ပိုပြီး လိုက်လျောညီထွေ ရှိတာမျိုးပေါ့"
သူသည် စကားကို ခေတ္တရပ်လိုက်ပြီး မီးဖိုကြီးကို ကြည့်လိုက်သည်။
"မိတ်ဆွေတို့ စိတ်ထဲမှာ သံသယ ဖြစ်နေကြမှာပါ... ဒီလောက် ကောင်းတဲ့ ပစ္စည်းကို ဘာလို့ လာရောင်းရတာလဲ... တစ်ခုခုများ ချို့ယွင်းချက် ရှိနေမလား ဆိုပြီးတော့လေ"
အခန်းထဲတွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့ ခေါင်းကို ကြက်ကလေးများ စပါးကောက်သလို တဆတ်ဆတ် ညိတ်နေကြသည်။ ဤကဲ့သို့သော ပစ္စည်းမျိုးက ကြည့်လိုက်သည်နှင့် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသည့် ပစ္စည်းမှန်း သိသာနေသည်။
အဘိုးအို၏ မျက်ဝန်းများ လေးနက်သွားပြီး တစ်လုံးချင်း ပြောဆိုလိုက်သည်။
"တကယ်တော့ လာရောက်ရောင်းချတဲ့ ဂိုဏ်းက အကြောင်းရင်းကို တိတိကျကျ မပြောခဲ့ပါဘူး... ဒါပေမယ့် ချင်တိုင်းပြည်ရဲ့ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက အာမခံပါတယ်... လေလံပစ္စည်းတွေမှာ လုံးဝ ပြဿနာ မရှိပါဘူး... ဘာအန္တရာယ်မှလည်း မရှိပါဘူး"
ထိုစကားကို ကြားလိုက်ရသောအခါ အခန်းအသီးသီးရှိ ကျင့်ကြံသူများ၏ မျက်နှာများမဲ့သွားကြသည်။
"ကြမ်းခင်းဈေးက ဝိညာဉ်ကျောက်တုံး (၃၀၀၀၀) ပါ"
"(၃၁၀၀၀)"
...
"မိတ်ဆွေ တစ်ယောက်က (၄၀၀၀၀) အထိ ပေးလိုက်ပါပြီ... ဒီပစ္စည်းက ပျက်စီးနေတယ် ဆိုပေမယ့် သာမန် အနက်ရောင်အဆင့် အလယ်အလတ် မီးဖိုတွေနဲ့ ယှဉ်လို့ မရပါဘူး"
...
"ဝိညာဉ်ကျောက်တုံး (၅၀၀၀၀)... မိတ်ဆွေ တစ်ယောက်က (၅၀၀၀၀) ပေးလိုက်ပါပြီ... ကြည့်ရတာ ဒီမီးဖိုရဲ့ ထူးခြားချက်ကို သဘောကျသွားပုံ ရပါတယ်"
...
အခန်းထဲတွင် ချန်ရွှင်သည် အလွန် တည်ငြိမ်နေပြီး နွားနက်ကြီးကို ကြည့်လိုက်သည်။
"နွားကြီး... ငါတို့ဆီမှာ ဝိညာဉ်ကျောက်တုံး ဘယ်လောက် ကျန်သေးလဲ"
"မွန်း"
နွားနက်ကြီးသည် ရေဝိဉာဉ်ပညာ ကို အသုံးပြုပြီး ကြမ်းပြင်ပေါ်တွင် စာရေးပြလိုက်သည်။ 'အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၄၃၁၅၂ တုံး'
"နွားကြီး... ငါ ဒါကို လိုချင်တယ်"
"မွန်း"
နွားနက်ကြီးက သဘောတူညီပြီး ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။ ချန်ရွှင် ဆေးဖော်ရသည်မှာ မည်မျှ ပင်ပန်းသည် ဆိုသည်ကို သူသာ အသိဆုံး ဖြစ်သည်။ ချန်ရွှင်၏ မှတ်စုစာအုပ် အများအပြားသည် ဆေးဖော်ခြင်း ကျရှုံးမှု မှတ်တမ်းများသာ ဖြစ်သည်။ ချန်ရွှင် တဟဲဟဲ ရယ်မောလိုက်ပြီး နွားနက်ကြီးကို ခေါင်းညိတ်ပြလိုက်သည်။
လေလံပွဲ စင်မြင့်ထက်တွင် ဈေးနှုန်းသည် အရှိန်အဟုန်ဖြင့် မြင့်တက်နေပြီး ဝိညာဉ်ကျောက်တုံး (၉၀၀၀၀) အထိ ရောက်ရှိသွားပြီ ဖြစ်သည်။ မြို့ထဲရှိ လက်နက်ဆိုင်များတွင် ကိုယ်ပိုင် ဒီဇိုင်းဖြင့် မှာယူလျှင်ပင် အနက်ရောင်အဆင့် အလယ်အလတ် မီးဖိုတစ်ခုသည် ဤမျှ ဈေးမကြီးနိုင်ပေ။
"နွားကြီး... တစ်သိန်း တန်းပေးလိုက်... သူတို့ကို လန့်သွားအောင် လုပ်လိုက်မယ်"
"မွန်း"
နွားနက်ကြီးက ပြန်ထူးလိုက်ပြီး ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားကို အနီရောင် တိုင်လုံးပေါ်သို့ ရိုက်ထည့်လိုက်ရာ အလင်းရောင် တစ်ချက် လက်သွားလေသည်။
လေလံပွဲ စင်မြင့်ပေါ်တွင် အဘိုးအိုသည် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
"ဝိညာဉ်ကျောက်တုံး တစ်သိန်း... ကြည့်ရတာ ဒီမီးဖိုကို စုဆောင်းလိုတဲ့ မိတ်ဆွေများ ရှိနေပုံ ရပါတယ်... ဒါပေမယ့် ကျွန်တော့် အမြင်အရ ပြောရရင်တော့ ဒီပစ္စည်းက တကယ် တန်ဖိုးရှိပါတယ်"
"ခွေးကောင်... တကယ် ဈေးကိုင်တတ်တာပဲ... ဒီလေလံလုပ်ငန်းက မင်းတို့ မိသားစု ပိုင်တာများလား"
ချန်ရွှင် စိတ်ထဲတွင် ကျိန်ဆဲလိုက်ပြီး လက်သီးကို တိတ်တဆိတ် ဆုပ်လိုက်သည်။ ဤလူက ကျွမ်းကျင်လွန်းနေသည်။ အရှင်ထား၍ မဖြစ်တော့ပေ။
"မွန်း"
နွားနက်ကြီးက ဈေးထပ်ပေးလိုက်ပြန်သည်။ သူ၏ မျက်လုံးများ ပြူးကျယ်နေပြီး နှမြောခြင်း အလျဉ်းမရှိပေ။ ဝိညာဉ်ကျောက်တုံး ကုန်သွားလျှင်လည်း ဝယ်ရပေမည်။
"ဝိညာဉ်ကျောက်တုံး (၁၂၅၀၀၀)... ထပ်တိုးမယ့် မိတ်ဆွေ ရှိပါသေးလား"
အဘိုးအို၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလျက် ရှိလေသည်။ ဤလေလံပွဲ တစ်ခုတည်းမှ ရရှိမည့် အကျိုးအမြတ် ဝေစုဖြင့်ပင် သူသည် ဆယ်စုနှစ်ပေါင်းများစွာတိုင်တိုင် စိတ်အေးချမ်းသာစွာ ကျင့်ကြံအားထုတ်နိုင်တော့မည် ဖြစ်၏။ သူ၏ ဘေးပတ်ဝန်းကျင်ရှိ မိတ်ဆွေများမှာ ဤကဲ့သို့သော အခွင့်ကောင်းမျိုးကို ကြုံတွေ့ရသည့် သူ့အား အားကျမနာလို ဖြစ်နေကြသော်ငြား၊ ဤသည်မှာ သူ့အရည်အချင်းကြောင့်သာ ဖြစ်ပေသည်။ ရွှေအမြူတေအဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ဦး ဖြစ်ပါလျက်နှင့် ဂုဏ်သိက္ခာကို နှင့် အရှက်တရားကို ပဓာနမထားဘဲ လုပ်ကိုင်ရဲသော သတ္တိကြောင့်သာလျှင် ဤအခွင့်အရေးကို ပိုင်ဆိုင်ရခြင်း ဖြစ်သည်။
ဤဆေးမီးဖိုသည် ကျင့်ကြံအားထုတ်မှု အဆင့်အတန်းနှင့် တိုက်ခိုက်ရေး စွမ်းအားကို မည်သို့မျှ တိုးတက်စေနိုင်မည် မဟုတ်ဘဲ၊ ဆေးပညာရှင်တို့ အတွက်သာလျှင် အသုံးဝင်မည့် အရာဖြစ်သည်။ ထို့အပြင် ဆိုးရွားစွာ ယိုယွင်းပျက်စီးနေသေး၏။ ယခင်က မြေကမ္ဘာအဆင့်နိမ့် ဖြစ်ခဲ့ဖူးသည် ဆိုစေဦးတော့ ပြန်လည်ပြုပြင်မည် ဆိုပါက လိုအပ်သောပစ္စည်းများ မည်မျှလောက်အထိ ထပ်မံ ဖြည့်ဆည်း ပေးရဦးမည်ကို ခန့်မှန်း၍ပင် ရနိုင်မည် မဟုတ်ချေ။ သို့ဖြစ်ရာ အနက်ရောင်အဆင့် အလယ်အလတ်တန်းစား ပစ္စည်းတစ်ခုအတွက် ယခုရောက်ရှိနေသော ဈေးနှုန်းသည် ၎င်းတို့ မျှော်မှန်းထားသည်ထက် များပြားလွန်းနေပြီ ဖြစ်သဖြင့် မည်သူမျှ ထပ်မံ၍ ဈေးမပေးကြတော့ပေ။
ဒုန်း...
တူထုသံ ကျယ်လောင်စွာ မြည်ဟည်းသွားပြီး ရေခဲမီးတောက်မီးဖိုကို အဆင့်မြင့် ကျင့်ကြံသူ တစ်ဦးက အောင်မြင်စွာ လေလံဆွဲလိုက်နိုင်ပြီ ဖြစ်သည်။
အခန်းထဲတွင်...
"နွားကြီး... ရှယ်ပဲကွာ"
"မွန်း မွန်း"
ချန်ရွှင်နှင့် နွားနက်ကြီးတို့ စိတ်လှုပ်ရှားစွာ ဖက်လိုက်ကြပြီး ပါးစပ်မှ ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။ ကျင့်ကြံခြင်း လမ်းခရီးတွင် နောက်ထပ် ခြေလှမ်းငယ်လေး တစ်လှမ်း လှမ်းနိုင်ခဲ့ပြန်ပြီ။ မကြာမီ အချိန်အတွင်း လူတစ်ယောက် လာရောက်ပြီး ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းသွားကာ သူတို့ကို အရွယ်အစား ကြီးမားသော သိုလှောင်အိတ် တစ်လုံး လက်ဆောင် ပေးသွားသည်။ အထဲတွင် ဆေးမီးဖို ပါဝင်လေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ပျော်လွန်း၍ ရူးမတတ် ဖြစ်သွားသည်။ သိုလှောင်အိတ် အလကား ရလိုက်သည်။ ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော် သုံးလိုက်ရသည်မှာ သိပ်မရှုံးဘူးဟု ခံစားလိုက်ရသည်။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းကား အတော်လေးပညာတော့ တတ်ပေသည်။