အခန်း (၁၂၇-၁၂၈)
Vol. 7 Ch. 127-128
အခန်း (၁၂၇)
"နွားကြီး... ဝိညာဉ်ကျောက်တုံး ကုန်သွားပြီ... ကြည့်ရုံပဲ ကြည့်ကြရအောင်... လေလံပွဲ ပြီးမှ ဝိညာဉ်ကျောက်တုံး သွားရှာကြမယ်"
ချန်ရွှင်၏ မျက်ဝန်းများတွင် ပြင်းပြသော စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေသည်။
"ဒီ ရာစုနှစ်ပွဲတော်ကြီးမှာ ကျင့်ကြံသူတွေ အများကြီး ရှိတယ်... အကြီးအကျယ် စီးပွားရှာလို့ ရမယ့် အခွင့်အရေးပဲ"
"မွန်း"
နွားနက်ကြီးသည် ချန်ရွှင်ဘေးသို့ တိုးကပ်လိုက်ပြီး ခွာနှစ်ဖက်ဖြင့် လက်ဖက်ရည်ခွက်ကို ကိုင်ကာ ပိုက်ဖြင့် စုပ်သောက်လိုက်သည်။ အာခေါင် ခြောက်နေသောကြောင့် ဖြစ်သည်။
သူတို့သည် ပွဲကြည့်ပရိသတ်အဖြစ် ဆက်လက် နေထိုင်ကြသည်။ ထူးဆန်းသော ရတနာ ပစ္စည်းများ တစ်ခုပြီးတစ်ခု လေလံစင်မြင့်ထက်သို့ ရောက်ရှိလာရာ ဈေးနှုန်းများက သွေးတက်စရာများချည်းသာဖြစ်နေသည်။ နောက်ပိုင်းတွင် ဝိညာဉ်ကူးပြောင်းခြင်းအဆင့် များ အသုံးပြုသော ပစ္စည်းများ ပါဝင်လာရာ လေလံဈေးနှုန်းကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ဖြင့် စတင် ခေါ်ယူကြသဖြင့် ချန်ရွှင်နှင့် နွားနက်ကြီးတို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။
အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများကို သူတို့ ယခုထိ မမြင်ဖူးသေးသော်လည်း ဂုဏ်သတင်းကိုမူ ကြားဖူးကြသည်။ ၎င်းတို့တွင် ဓာတ်ငါးပါး ဂုဏ်သတ္တိများ ပါဝင်ပြီး ဝိညာဉ်စွမ်းအင် သန့်စင်မှုသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများထက် အဆတစ်ရာ သာလွန်ကာ အဆင့်တက်ရောက်ရာတွင်ပင် အထောက်အကူ အနည်းငယ် ပြုနိုင်သည်။ ဂိုဏ်းကြီးများ၏ ဧရာမ လှေပျံကြီးများကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများဖြင့်သာ မောင်းနှင်ရပြီး ကျင့်ကြံခြင်းလောက၏ မဟာဗျူဟာမြောက် သယံဇာတများ ဖြစ်သဖြင့် အလွယ်တကူ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်း မပြုကြပေ။
အခန်းထဲတွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် လေလံဈေးနှုန်းများကို နားထောင်ရင်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကြသည်။
သူတို့ ပိုင်ဆိုင်သမျှ အားလုံး ရောင်းချလိုက်လျှင်ပင် ဤမျှလောက်သော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများကို ရရှိနိုင်မည် မဟုတ်ပေ။ နှစ်သုံးထောင် သက်တမ်းရှိပြီး ဝိညာဉ်ကူးပြောင်းခြင်းအဆင့်တွင် အသုံးပြုသော ဝိညာဉ်ဆေးပင် တစ်ပင်သည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၃၀၀၀) အထိ ဈေးပေါက်သွားခဲ့သည်။
ယှဉ်ပြိုင်မှုမှာလည်း အလွန် ပြင်းထန်လှရာ စင်မြင့်ထက်မှ အဘိုးအို၏ မျက်နှာမှာ နီရဲနေပြီး အသံများပင် တုန်ရီနေသည်။
ချန်ရွှင်သည် တိတ်တဆိတ် တက်ခေါက်လိုက်မိသည်။ အကယ်၍ ရွှေအမြူတေအဆင့် ကျင့်ကြံသူများသည် ဝိညာဉ်ကူးပြောင်းခြင်းအဆင့် ဘိုးဘေးများနှင့် အပြိုင်အဆိုင် စျေးပြိုင်ပေးမည် ဆိုပါက လေလံပွဲ ပြီးဆုံးပြီးနောက် သေချာပေါက် ခေါ်ယူသတိပေးခြင်း ခံရပေလိမ့်မည်။
"ဒီ ကျင့်ကြံခြင်းလောကက သူတွေက တကယ် ချမ်းသာကြတာပဲ"
ချန်ရွှင်သည် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ငေးငိုင်နေသည်။
"နွားကြီး... ကျင့်ကြံခြင်းလောကရဲ့ ချမ်းသာကြွယ်ဝမှု အများစုက သူတို့ဆီမှာပဲ ရှိလောက်တယ်"
"မွန်း"
နွားနက်ကြီးသည် အော်မြည်လိုက်သော်လည်း ချန်ရွှင်၏ စကားကို နားမလည်ပေ။
ချန်ရွှင်၏ အကြည့်များမှာ ပိုမို နက်ရှိုင်းလာပြီး သူ မည်သည်ကို တွေးတောနေမှန်း ခန့်မှန်း၍ မရနိုင်ပေ။ သူသည် ခွက်ကို ယူကာ တစ်ငုံ သောက်လိုက်သည်။
"မွန်း... မွန်းမွန်း"
"ဘာမှ မဖြစ်ပါဘူး"
တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။ နွားနက်ကြီးသည် ချန်ရွှင်ကို ကြည့်ကာ တိုးညှင်းစွာ အော်မြည်လိုက်သည်။ ချန်ရွှင်၏ ရင်ထဲတွင် မပြောပြသော အကြောင်းအရာများစွာ ရှိနေသည်ကို သိသော်လည်း ဤကဲ့သို့သော ပုံစံမျိုးကို သူ မနှစ်သက်ပေ။ သူသည် ချန်ရွှင်၏ ပေါ့ပေါ့ပါးပါး ပြုံးရွှင်နေသော ပုံစံကိုသာ သဘောကျသည်။
"မွန်း"
နွားနက်ကြီးသည် ရုတ်တရက် ချန်ရွှင်ကို ဝင်တိုက်လိုက်ပြီး ရယ်မောပြလိုက်သည်။
ဘုန်း...
ချန်ရွှင်သည် ကုလားထိုင်ပေါ်မှ လွင့်စင်သွားပြီး ခွက်လည်း မှောက်ကျသွားသည်။ သူ၏ မျက်နှာတွင် ထိတ်လန့်သွားသော အမူအရာ ပေါ်လာသည်။
"မင်းအဘ... ငါ့ရဲ့ ကျန်းမာရေး လက်ဖက်ရည် ကုန်ပါပြီ ကုန်ပါပြီ"
"မွန်း"
"ခွေးနွား... သေပေတော့"
လူတစ်ယောက်နှင့် နွားတစ်ကောင်သည် အခန်းထဲတွင် စတင် သတ်ပုတ်ကြတော့သည်။ လက်ရှိ လေလံပစ္စည်းများကို မည်သို့ပင်ဖြစ်စေ ဝယ်နိုင်မည် မဟုတ်သလို ဝယ်နိုင်လျှင်လည်း မဝယ်ရဲကြပေ။ နောက်ဆုံးတွင် နွားနက်ကြီးသည် ချန်ရွှင်၏ လောကကိုကိုင်လှုပ်သောအား(သိုင်းကွက်) ဖြင့် ဆုံးမခြင်းကို ခံလိုက်ရပြီး ကြမ်းပြင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေရတော့သည်။
သူတို့သည် ဝိညာဉ်ကူးပြောင်းခြင်းအဆင့် ဘိုးဘေးများ လေလံဆွဲသော ပစ္စည်းများကို ပြန်လည် မှတ်တမ်းတင်ကြပြန်သည်။ ဤအရာများသည် ချင်တိုင်းပြည် အတွင်း အပြင်ရှိ ရှားပါး ရတနာများ ဖြစ်တန်ရာသည်။ ရွှေအမြူတေအဆင့် ရောက်ရှိပြီးနောက် မှတ်ဉာဏ်များ ပိုမို ကောင်းမွန်လာသော်လည်း သူသည် စာအုပ်ငယ်လေးထဲတွင် ရေးမှတ်ရသည်ကို နှစ်သက်ဆဲပင်။ ထာဝရအသက်ရှင်သူ တစ်ဦး အနေဖြင့် မှတ်တမ်းတင်ထားနိုင်သော အတွေ့အကြုံများသည် အမြဲတမ်း တန်ဖိုးရှိလှသည်။
တစ်ရက်နှင့် တစ်ည ကြာပြီးနောက်...
နောက်ဆုံး လေလံ ပစ္စည်းသည် လူအများ၏ စောင့်မျှော်နေမှုများကြားတွင် နောက်ဆုံး၌ ထွက်ပေါ်လာခဲ့သည်။
"ဝိညာဉ်ကူးပြောင်းအားဖြည့်ဆေး တစ်လုံး... ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက ကုန်ကြမ်းပစ္စည်းများ ထုတ်ပေးပြီး ဆေးဂိုဏ်း မှ ဆေးပညာရှင်များ ပူးပေါင်း ဖော်စပ်ထားတာပါ"
အဘိုးအိုသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ရင်ထဲမှ လောဘစိတ်ကို အတင်း ဖိနှိပ်ထားလိုက်သည်။
"ဒါက ပြိုင်ဘက်ကင်း ရတနာ ဆေးတစ်ပါးပါ... အရည်အသွေးက အဆင့်နိမ့် ဖြစ်ပေမယ့် ဝိညာဉ်ကူးပြောင်းခြင်းအဆင့် ဖွဲ့စည်းနိုင်မှု နှုန်းထားကို (၂၀) ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ပါတယ်"
အခန်းအသီးသီးရှိ ရွှေအမြူတေအဆင့် ကျင့်ကြံသူများနှင့် ဝိညာဉ်ကူးပြောင်းခြင်းအဆင့် ဘိုးဘေးများသည် သိုလှောင်လက်စွပ်များကို စားပွဲပေါ်သို့ ၀ုန်းခနဲတင်လိုက်ကြသည်။ ချင်တိုင်းပြည် ရာစုနှစ်ပွဲတော်ကြီး၏ ပထမဆုံး လေလံပွဲကြီးတွင် နောက်ဆုံးလေလံပစ္စည်း အဖြစ် ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းသည် နိုင်ငံအသီးသီးမှ အဆင့်မြင့် ကျင့်ကြံသူများအပေါ်ထားရှိသော စေတနာကို ပြသသည့် အနေဖြင့် အဆင့်နိမ့် ဝိညာဉ်ကူးပြောင်းအားဖြည့်ဆေး တစ်လုံးကို စျေးကွက်တင်လေ့ ရှိသည်။
ဤသည်မှာ ယွီရွှပ်မြို့ ရေရှည် တည်တံ့နေရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ပြီး အပြန်အလှန် မျက်နှာသာ ပေးကြခြင်းလည်း ဖြစ်သည်။
ရွှေအမြူတေအဆင့် ကျင့်ကြံသူများသည် ဤပစ္စည်းကို သေချာပေါက် လိုအပ်သလို ဝိညာဉ်ကူးပြောင်းခြင်းအဆင့် ဘိုးဘေးများ၏ မျိုးဆက်သစ်များလည်း လိုအပ်ကြသည်။ ရာစုနှစ်တိုင်းတွင် ဤဆေးကို အသည်းအသန် စျေးပြိုင်ပေးကြရပြီး ပိုင်ဆိုင်သမျှ ပုံအောကြရသည်။
ဂိုဏ်းကြီး ဂိုဏ်းငယ် အများအပြားသည် ဂိုဏ်းတစ်ခုလုံး၏ ဘဏ္ဍာငွေကို အသုံးပြုပြီး လာရောက် ယှဉ်ပြိုင်ကြသည်များပင် ရှိသည်။ ဤအရာသည် သူတို့အတွက် ကောင်းကင်မှ ပေးသော အခွင့်အရေး တစ်ရပ် ဖြစ်သည်။
"ကြမ်းခင်းဈေးက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၅၀၀၀) ပါ... တစ်ခါတိုးရင် (၁၀၀၀) ထက် မနည်းရပါဘူး"
အဘိုးအိုသည် အသံကို ဝိညာဉ်စွမ်းအားဖြင့် ပေါင်းစပ်ထားရာ ပဲ့တင်သံများသည် ခန်းမဆောင်ကြီး တစ်ခုလုံး ပျံ့လွင့်သွားသည်။
"မိတ်ဆွေများ... စီနီယာများ... ဈေးစခေါ်နိုင်ပါပြီ"
စကားဆုံးသည်နှင့် တိုင်လုံးပေါ်ရှိ ဈေးနှုန်းများ မရပ်မနား ခုန်တက်သွားလေသည်။
"(၆၀၀၀)..."
...
"(၈၀၀၀)..."
...
"(၁၀၀၀၀)..."
...
အခန်းထဲတွင်...
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ကျန်းမာရေး လက်ဖက်ရည်ကို တည်ငြိမ်စွာ သောက်သုံးနေကြသည်။ သူတို့သည် အခြားသူများ၏ ကြမ်းခင်းစျေး အစွန်းထွက်လေးကိုပင် မမီသဖြင့် လက်မြှောက် အရှုံးပေးလိုက်ပြီ ဖြစ်သည်။
"ဟဲဟဲ... နွားကြီး... ဝိညာဉ်ကူးပြောင်းအားဖြည့်ဆေး လို ဒဏ္ဍာရီလာ ပစ္စည်းမျိုးတောင် ရှိတာပဲ... စိတ်ဝင်စားစရာပဲ"
ချန်ရွှင်၏ မျက်ဝန်းများ အလွန် တည်ငြိမ်နေသည်။ လက်ဖက်ရည် တစ်ငုံ သောက်လိုက်ရာ "ရှီး" ခနဲ အသံထွက်သွားသည်။ ပူလိုက်တာ။
"မွန်း"
နွားနက်ကြီး၏ မျက်လုံးထဲတွင် ဂရုမစိုက်သော ပုံစံ ပေါက်နေပြီး မနာလိုခြင်း မရှိပေ။ သို့သော် ပါးစပ်ထောင့်မှ တံတွေးများ စီးကျနေလေသည်။
"ရွှေအမြူတေအဆင့် ဂိုဏ်းတွေ အတော်များများက ငွေပုံပေးနေကြပြီထင်တယ်"
ချန်ရွှင်၏ အကြည့်များ လေးနက်နေသည်။
"တကယ်လို့များ ဝိညာဉ်ကူးပြောင်းခြင်းအဆင့် မအောင်မြင်ခဲ့ရင် ကျင့်ကြံခြင်း ရင်းမြစ်တွေ အားလုံးက ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်း လက်ထဲ ရောက်သွားမှာပဲ"
"မွန်း"
"အောက်ဆုံးအဆင့် နန်ဒုတောင် ကလည်း ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်း လက်ထဲမှာ... အမြင့်ဆုံးအဆင့် ဝိညာဉ်ကူးပြောင်းအားဖြည့်ဆေး ကလည်း သူတို့ လက်ထဲမှာ... နွားကြီး... ဒါကြောင့် သူတို့က အကြီးဆုံး ဖြစ်နေတာပဲ"
"မွန်း"
နွားနက်ကြီးသည် နားလည်သလိုလိုဖြင့် ခေါင်းညိတ်လိုက်သည်။ မျက်လုံးများထဲတွင် ဉာဏ်ပညာရှိသောဟန်ဖြင့် စဉ်းစားနေပုံ ရသည်။
"အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၅၀၀၀) ရောက်သွားပြီ... နွားကြီး... ငါတို့ အရင် ပြန်ကြစို့"
ချန်ရွှင်သည် ခွက်ကို ကိုင်လျက် မတ်တပ်ရပ်လိုက်သည်။ ဤလေလံပွဲကြီးက သူ့အား ဗဟုသုတများစွာ တိုးပွားစေခဲ့ပြီး အမြင်ကျယ်စေခဲ့သည်။
"အကျိုးရှိလိုက်တာ"
"မွန်း"
နွားနက်ကြီးလည်း ထရပ်လိုက်ပြီး ရယ်မောလိုက်သည်။ သူတို့ အရင်တုန်းက လုပ်ခဲ့သည့်အရာများက ကလေးကစားစရာများလို ဖြစ်နေပြီ။
ထိုက်ကူခန်းမ ၏ ဘေးပေါက်မှ ကျောက်စိမ်းပြားကို ပြန်ပေးပြီးနောက် လူရိပ်နှစ်ခု တိတ်တဆိတ် ထွက်ခွာသွားကြသည်။ ခန်းမဆောင် အတွင်းတွင်မူ ယှဉ်ပြိုင်မှုများ ပြင်းထန်နေဆဲပင် ဖြစ်သည်။
...
ခန်းမဆောင် အပြင်ဘက်တွင် ကောင်းကင်ကြီးသည် ပြာလဲ့နေပြီး နေရောင်ခြည်များ တောက်ပနေလေသည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့ သက်ပြင်းချလိုက်ကြပြီး ကျင့်ကြံသူ လူအုပ်ကြီးထဲသို့ တိုးဝင် ပျောက်ကွယ်သွားကြသည်။
သူတို့သည် မြို့အရှေ့ပိုင်း၊ မြို့မြောက်ပိုင်းနှင့် မြို့တောင်ပိုင်းတို့တွင် နှစ် (၅၀၀) သက်တမ်းရှိ ဝိညာဉ်ဆေးပင်များနှင့် အခြေခံတည်ဆောက်ခြင်းအဆင့်ဆေးများကို လိုက်လံ ရောင်းချကြသည်။ အသေးစား လေလံပွဲများသို့လည်း ပစ္စည်းပို့ကြသည်။
သို့သော် ရှားပါး ပစ္စည်းများကိုမူ လုံးဝ ထုတ်မရောင်းပေ။ ယွီရွှပ်မြို့တွင် လူအသွားအလာ များပြားလွန်းသဖြင့် ကျင့်ကြံသူ ပင်လယ်ကြီး တစ်ခုကဲ့သို့ ဖြစ်နေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် နေ့စဉ် ဝိညာဉ်ကျောက်တုံး အနည်းငယ် မြတ်သည်နှင့် အရောင်းကိုရပ်လိုက်ကြသည်။ စုစုပေါင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀၀၀) ခန့် ရရှိလေသည်။
(၅) ရက် ကြာပြီးနောက် ယွီရွှပ်မြို့ တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
နေရာအနှံ့တွင် ကျင့်ကြံသူများ၏ ဆွေးနွေးသံများ ထွက်ပေါ်နေပြီး အကြီးအကျယ်ဂယက် ရိုက်ခတ်နေသည်။
မြို့လယ်ခေါင်တွင် ပါရမီရှင်များ၏ တိုက်ပွဲ တရားဝင် စတင်လေပြီ။ ကြီးမားသော အစီအရင် တိုင်လုံးကြီးများသည် တိုက်ခိုက်ရေး စင်မြင့် အသီးသီးတွင် ထောင်မတ်နေကြသည်။ အမြင့် ပေပေါင်းများစွာ ရှိလေသည်။ ရောင်စုံအလင်းတန်းများ ကောင်းကင်သို့ ထိုးတက်နေပြီး ကာကွယ်ရေး အလင်းတန်း များ ကိုအသက်သွင်းထားကြသည်။ ဝိညာဉ်စွမ်းအားများ ဘေးပတ်ဝန်းကျင်သို့ မပျံ့နှံ့စေရန် ဖြစ်သည်။
ဝိညာဉ်ကူးပြောင်းခြင်းအဆင့် ဘိုးဘေးများသည် အနောက်ဘက် ကောင်းကင်ယံရှိ လေပေါ်တွင် ပျံဝဲနေသော စင်မြင့်ထက်တွင် ထိုင်နေကြပြီး မြို့တစ်မြို့လုံးကို စီးမိုးကြည့်ရှုနေကြသည်။ စင်မြင့်ထက်တွင် ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များ၊ အင်အားစု အသီးသီးမှ ခေါင်းဆောင်များလည်း နေရာယူထားကြသည်။
လေကြောင်းတားမြစ် အစီအရင်သည် ထိုကဲ့သို့သော ပုဂ္ဂိုလ်များအပေါ်တွင် သက်ရောက်မှု မရှိပေ။
ပါရမီရှင်များ၏ တိုက်ပွဲသည် ရာစုနှစ်ပွဲတော်ကြီး၏ အဓိက အစီအစဉ် ဖြစ်ပြီး လူအများအပြား ဤနေရာတွင် နာမည်ကျော်ကြားလာကာ အောင်မြင်မှုများ ရရှိကြသည်။
တိုက်ခိုက်ရေး စင်မြင့် (၅) ခု၏ အောက်တွင် လူများ ပြည့်ကျပ်နေလေသည်။ ခေါင်းများ လှုပ်ရှားနေပြီး ဆူညံသံများ ထွက်ပေါ်နေသည်။ ဇာတ်လိုက်ကျော်များ ထွက်ပေါ်လာမည့် အချိန်ကို မျှော်လင့်တကြီး စောင့်စားနေကြသည်။
အခန်း (၁၂၈)
"ဒီ ခွန်ယုံယွမ် က သိပ်မောက်မာလွန်းတယ်... တစ်ယောက်ယောက်က သူ့ကို ကောင်းကောင်း ဆုံးမပေးနိုင်ရင် ကောင်းမှာပဲ"
လူအများအပြားက ဆွေးနွေးပြောဆိုနေကြလေသည်။
"ဟဲဟဲ... မိုးကြိုးလျှပ်စီးဂိုဏ်း က ပါရမီရှင် ရှန်ယွီ က သူ့ကို လွှတ်ထားမှာတဲ့လား... သူတို့နှစ်ယောက်က ကျောင်းတော်ကရန်စရှိတယ် ကြားတယ်"
"စောင့်ကြည့်ရုံပဲ ရှိတော့တာပေါ့... ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းရဲ့ ပါရမီရှင်တွေက ဘယ်သူမှ ညံ့တာ မဟုတ်ဘူး"
တိုက်ခိုက်ရေး စင်မြင့်အောက်တွင် ကျင့်ကြံသူများ၏ ပြောဆိုသံများ ဆူညံနေလေသည်။ သူတို့သည် တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး ပါရမီရှင်များထက်ပင် ပိုမို စိတ်လှုပ်ရှားနေကြကာ ပွဲကြီးပွဲကောင်းကို မျှော်လင့်နေကြသည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ပြုံးရွှင်စွာဖြင့် လူအုပ်၏ အစွန်အဖျားသို့ လျှောက်သွားကြပြီး အခြား ကျင့်ကြံသူများကို မိမိတို့ရှေ့တွင် နေရာပေးလိုက်ကြသည်။ ရှေ့ဆုံးနေရာကို ရယူရန် မဖြစ်နိုင်တော့ပေ။ တိုက်ခိုက်ရေး စင်မြင့်သည် သူတို့ နေရာနှင့် အတော်လေး ဝေးကွာသော်လည်း မြင့်မားသော နေရာတွင် ရှိနေသဖြင့် ရွှေအမြူတေအဆင့် အမြင်အာရုံအတွက် အခက်အခဲ မရှိချေ။ ထိုပြာသာဒ်ဆောင်များပေါ်ရှိ နေရာများသည် ကြည့်ရှုရန် အကောင်းဆုံး ဖြစ်သော်လည်း ဈေးနှုန်း ကြီးမြင့်လွန်းလှသဖြင့် သူတို့၏ စဉ်းစားချက်ထဲတွင် မပါဝင်ပေ။
"နွားကြီး... ဒီ အခင်းအကျင်းက ငါတို့ ဝူယွင်ဂိုဏ်း က ပြိုင်ပွဲထက် အများကြီး ပိုကြီးကျယ်တယ်"
ချန်ရွှင်သည် ဘေးဘီဝဲယာကို ကြည့်ရှုရင်း အသံပေးပို့(စိတ်ဖြင့်ပြောခြင်း)ကာ ပြောလိုက်သည်။ လူအုပ်ကွဲသွားမည်ကို စိုးရိမ်သဖြင့် နွားနက်ကြီးကို ဆွဲထားလိုက်သည်။
"ဟို အနောက်ဘက် ကောင်းကင်ကို ကြည့်လိုက်... အကုန်လုံးက ထိပ်သီး တွေချည်းပဲ"
"မွန်း မွန်း"
နွားနက်ကြီးသည်လည်း ခေါင်းကို မော့ကာ ကြည့်ရှုနေပြီး ချန်ရွှင်၏ ကိုယ်ပေါ်သို့ မှီလိုက်သည်။
ချန်ရွှင်သည် ပါးစပ်နားရွက်ကို တက်ချိတ်မတတ် ပြုံးလိုက်လေသည်။ ဤကဲ့သို့ တရားဝင် ကျင်းပသော ပွဲလမ်းသဘင်မျိုးကို သူတို့ အလွန် နှစ်သက်ကြသည်။ သူတို့နှင့် သက်ဆိုင်သော ပြဿနာများ ပါဝင်လာမည် မဟုတ်သောကြောင့် ဖြစ်သည်။
"မွန်း"
နွားနက်ကြီးက ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်လိုက်သည်။
"စိတ်ချပါ... ယူလာပါတယ်... နေကြာစေ့ ကို ငါက ဘယ်မေ့ပါ့မလဲ"
ချန်ရွှင်သည် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ နေကြာစေ့ တစ်ထုပ် လေထဲသို့ ပျံတက်လာသည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် စတင် စားသောက်ကြပြီး ပွဲစတင်မည့်အချိန်ကို စောင့်ဆိုင်းနေကြလေသည်။ ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် အဆက်မပြတ် အော်ဟစ် အားပေးနေကြပြီး နေကြာစေ့ စားနေသော သူတို့နှစ်ဦးကို ထူးဆန်းစွာ လှမ်းကြည့်နေကြသည်။
နှစ်နာရီခန့် ကြာသောအခါ...
အနောက်ဘက် ကောင်းကင်ယံရှိ စင်မြင့်ထက်မှ အလင်းရောင်များ လှုပ်ရှားသွားပြီး ခမ်းနားထည်ဝါသော ဝိညာဉ်စွမ်းအားများ ကောင်းကင်အနှံ့ ပြန့်ကျဲသွားကာ တည်ငြိမ်လေးနက်သော အသံ တစ်သံ ထွက်ပေါ်လာသည်။
"စတင်ပြီ"
ယွီရွှပ်မြို့ တစ်ခုလုံးရှိ ကျင့်ကြံသူများသည် ထိုအရှိန်အဝါကြောင့် တုန်လှုပ်သွားကြပြီး ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည်လည်း အာရုံပျက်မည်စိုးသဖြင့် နေကြာစေ့ စားလက်စကို ရပ်တန့်လိုက်ကြသည်။
ထိုအချိန်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ကောင်းကင်ကို ရုတ်တရက် မော့ကြည့်လိုက်ကြသည်။
အရှေ့ဘက် ကောင်းကင်မှ အရှိန်အဝါ ထွက်ပေါ်နေသော ရွှေအမြူတေ အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ဦးသည် လေပေါ်တွင် လမ်းလျှောက်လာသည်။ သူ၏ ခန္ဓာကိုယ်မှ သိပ်သည်းသော ဝိညာဉ်စွမ်းအားများ ထွက်ပေါ်နေပြီး ခြေလှမ်း လှမ်းလိုက်တိုင်း ဟင်းလင်းပြင်သည် တုန်ခါသွားသကဲ့သို့ ဖြစ်နေသည်။
ထိုသူသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရုပ်ရည်မှာ အလွန် ချောမောခန့်ညားသော်လည်း မျက်ဝန်းများမှာ အေးစက်နေလေသည်။ သူသည် လက်တစ်ဖက်ကို နောက်ပစ်ထားပြီး ခြေလှမ်းတိုင်းတွင် တည်ငြိမ်မှုများ ရှိနေကာ ကျင့်ကြံသူ အားလုံးကို အရေးမစိုက်သော အမူအရာမျိုး ပေါ်လွင်နေသည်။
"ချင်းယန်ဂိုဏ်း ... လက်ရှိခေတ် မျိုးဆက်သစ် ခေါင်းဆောင်... ခွန်ယုံယွမ် ... သူ ရောက်လာပြီ"
"ဒီလို ဝင်ရောက်လာတဲ့ အရှိန်အဝါကတင် ရွှေအမြူတေအဆင့် ကျင့်ကြံသူ ဘယ်နှယောက်ကို ဖိနှိပ်ထားနိုင်မလဲ မသိဘူး"
"ဟူး... ဒါက လက်တွေ့ဘဝပဲ... သူတို့ရဲ့ နောက်ခံနဲ့ အင်အားက ငါတို့ မော့ကြည့်ရတဲ့ အဆင့်အတန်းတွေပဲ"
"နွားကြီး... ဟားဟားဟား... ရှယ်ပဲကွာ"
"မွန်း"
အရပ်လေးမျက်နှာမှ ဆူညံသံများ၊ အာမေဋိတ်သံများ၊ စူးစမ်းလိုစိတ်များ၊ အားကျမှုများ၊ လေးစားမှုများနှင့် အံ့သြမှုများ ထွက်ပေါ်လာပြီး အကြည့်အားလုံးသည် ခွန်ယုံယွမ်ထံသို့ ကျရောက်သွားကြသည်။ သို့သော် သူ၏ မျက်ဝန်းများကမူ တည်ငြိမ်နေဆဲပင်။ ဤကဲ့သို့သော အခြေအနေမျိုးကို သူ ရင်းနှီးနေပြီးသား ဖြစ်ပုံရသည်။ သူသည် ကောင်းကင်မှ ၀ုန်းခနဲ ဆင်းသက်လာပြီး တိုက်ခိုက်ရေး စင်မြင့်ပေါ်တွင် တည်ငြိမ်စွာ ရပ်တန့်လိုက်သည်။
ခွန်ယုံယွမ်၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးညွတ်သွားပြီး တစ်စုံတစ်ခုသော အရပ်မျက်နှာသို့ ကြည့်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။
"ဘယ်သူ ယှဉ်ပြိုင်ရဲလဲ"
စကားဆုံးသည်နှင့် ဘေးပတ်ဝန်းကျင်မှ ဆူညံသံများ ထပ်မံ ထွက်ပေါ်လာပြန်ပြီး အားလုံး၏ အကြည့်များသည် အခြားတစ်ဖက်ရှိ ကောင်းကင်ယံဆီသို့ ရောက်ရှိသွားကြသည်။
အဝေးတစ်နေရာ ကောင်းကင်ယံတွင် လျှပ်စီးအလင်းတန်းများဖြင့် ဖုံးလွှမ်းထားသော လူရိပ်တစ်ခု လေပေါ်တွင် လျှောက်လှမ်းလာပြီး တဖြည်းဖြည်း ထင်ရှားလာသည်။ မောက်မာသော အမူအရာရှိသည့် လူငယ်တစ်ဦး ဖြစ်သည်။
"မိုးကြိုးလျှပ်စီးဂိုဏ်း ... ရှန်ယွီ လာပြီဟေ့... ဒဏ္ဍာရီလာ ဗီဇပြောင်း ကောင်းကင် ဝိညာဉ်အမြစ်... မိုးကြိုး ဝိညာဉ်အမြစ် ပိုင်ရှင်ပဲ"
"ဒီလို ဝိညာဉ်အမြစ်မျိုးက နှစ်တစ်ထောင်မှ တစ်ခါ တွေ့ရခဲတယ်... တိုက်ခိုက်နိုင်စွမ်း ဘယ်လောက်တောင် မြင့်မားမလဲ မသိဘူး... ဟူး"
" ကြားထားသလိုပါပဲလား... အရှိန်အဝါက တကယ် ပြင်းထန်တာပဲ"
"နွားကြီး... တော်တော်မိုက်တယ်ဟ…. ကောင်းလိုက်တာ... ရှယ်ပဲ"
"မွန်း"
ဘေးပတ်ဝန်းကျင်တွင် အံ့သြတုန်လှုပ်သံများ ထပ်မံ ထွက်ပေါ်လာပြန်ရာ ချန်ရွှင်နှင့် နွားနက်ကြီးတို့လည်း လိုက်လံပြီး အံ့သြလိုက်ကြသည်။ ဤမျှ စည်ကားသော ပွဲမျိုးတွင် ပါဝင်မှု မရှိလျှင် အလကား ဖြစ်သွားပေလိမ့်မည်။ လေကြောင်းတားမြစ် အစီအရင် ဆိုသည်မှာ သူတို့အတွက်သာ တားမြစ်ထားခြင်း ဖြစ်ပုံရသည်။
အုန်း….
ရှန်ယွီသည် လေပေါ်မှ ဆင်းသက်လာပြီး ခွန်ယုံယွမ်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်ကာ ခေါင်းကို အနည်းငယ် မော့လိုက်သည်။
"ခွန်ယုံယွမ်... နောက်ဆုံးတော့ ချင်းယန်ဂိုဏ်း ထဲကနေ ထွက်လာရဲပြီပေါ့"
"ရှန်ယွီ... အရင်တုန်းက ငါ ဒဏ်ရာရနေတုန်း မင်း ကံကောင်းပြီး တစ်ကွက်အသာစီးရခဲ့တာလေးနဲ့ ငါ့ရှေ့မှာ လာရပ်ဖို့ ထိုက်တန်တယ်လို့ ထင်နေတာလား"
ခွန်ယုံယွမ်သည် တည်ငြိမ်နေဆဲ ဖြစ်ပြီး ရှန်ယွီကို မျက်လုံးထဲ ထည့်ပုံမရပေ။
ရှန်ယွီက ပြုံးလျက် ခေါင်းခါလိုက်သည်။
"ခွန်ယုံယွမ်... မင်း ထင်တာ မှားနေပြီ... ငါက မင်းကို ဘယ်တုန်းကမှ မျက်လုံးထဲ မထည့်ခဲ့ဘူး"
လေသံမှာ အလွန် အထင်သေးသော ပုံစံ ပေါက်နေသည်။ ထိုစကားကြောင့် ခွန်ယုံယွမ်၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာသည်။ သူ၏ မျက်ဝန်းများတွင် အေးစက်မှုများ ပြည့်နှက်သွားသည်။
"မင်းကလေတော့တော်တော်ကြီးတဲ့ကောင်ပဲ... ရှန်ယွီ... မင်းရဲ့ ဝိညာဉ်စွမ်းအားက မင်းရဲ့ အပြောနဲ့ကိုက်ညီမယ်လို့ မျှော်လင့်ပါတယ်"
"ဟက်..."
အေးစက်သော ရယ်သံတစ်သံ ထွက်ပေါ်လာပြီး ရှန်ယွီ၏ မျက်နှာတွင် ယုံကြည်မှုများ ပြည့်နှက်နေသည်။ သူ့တွင် ဝှက်ဖဲများ ရှိနေပုံရသည်။ ကွင်းပြင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားလေသည်။
စကားစစ်ထိုးပွဲ...
လူအများ မျှော်လင့်စောင့်စားနေကြသော စကားစစ်ထိုးပွဲကြီး နောက်ဆုံးတွင် ရောက်ရှိလာလေပြီ။
"နွားကြီး..... ကြည့်ကောင်းလိုက်တာကွာ"
"မွန်း မွန်း"
ချန်ရွှင်နှင့် နွားနက်ကြီးတို့ စိတ်လှုပ်ရှားစွာ ကြည့်ရှုနေကြပြီး နေကြာစေ့ စားရသည်မှာ ပို၍ပင် အရသာ ရှိလာသည်။ ဤပါရမီရှင်များသည် စကားမပြောဘဲ ဆရာကြီး ဂိုက်ဖမ်းမနေကြဘဲ စကားစစ်ထိုးကြသည်ကို သူတို့ အနှစ်သက်ဆုံး ဖြစ်သည်။
တိုက်ခိုက်ရေး စင်မြင့်ပေါ်တွင် သူတို့နှစ်ဦး၏ အရှိန်အဝါများ ပိုမို ပြင်းထန်လာသည်။
"ရှန်ယွီ... လက်တွေ့ပဲ ယှဉ်ပြိုင်ကြတာပေါ့... ငါ မင်းနဲ့ စကားအများကြီး မပြောချင်ဘူး"
"သဘောပဲ"
အုန်း…
စကားဆုံးသည်နှင့် တပြိုင်နက် သူတို့၏ အရှိန်အဝါများ အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သော ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများသည် မီးတောင်ပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာသည်။
တိုက်ခိုက်ရေး စင်မြင့်ပေါ်တွင် သူတို့နှစ်ဦးသည် စတင်တိုက်ခိုက်ကြပြီး တဂျိမ်းဂျိမ်းအသံများ မြည်ဟည်းကာ စွမ်းအင်လှိုင်းများ ပျံ့နှံ့သွားသည်။ စင်မြင့်အတွင်းရှိ တုန်ခါမှုများမှာ အလွန် ပြင်းထန်လှပြီး ကာကွယ်ရေး အလင်းတန်း များပေါ်တွင် အလင်းရောင်များ လက်ခနဲ ဖြစ်သွားသည်။ ဘေးနားရှိ ကျင့်ကြံသူ အများအပြားသည် အဝေးသို့ ထွက်ပြေးကြသည်။
သူတို့နှစ်ဦး အကြိတ်အနယ် တိုက်ခိုက်ကြရာ နောက်ဆုံးတွင် ခွန်ယုံယွမ်၏ ကိုယ်ပေါ်တွင် သွေးများချင်းချင်းနီလာသည်။ ရှန်ယွီ၏ နှုတ်ခမ်းထောင့်စွန်းတွင်လည်း သွေးများ စီးကျလာသည်။ နောက်တစ်ကြိမ် တိုက်ပွဲ ပြန်လည် စတင်ကြပြန်သည်။
...
ချန်ရွှင်နှင့် နွားနက်ကြီးတို့ အရသာခံ ကြည့်ရှုနေကြသည်။
"နွားကြီး... မိုက်တယ်နော်... ဒါတွေက တကယ့် ပါရမီရှင်တွေပဲ"
ချန်ရွှင် ခေါင်းကို ရှည်နိုင်သမျှ ရှည်အောင် ထုတ်ပြီး ကြည့်နေသည်။ အသေးစိတ် အချက်အလက် တစ်ခုမျှ အလွတ်မခံနိုင်ပေ။
"ဒါပေမဲ့ ဒီလူရဲ့ မိုးကြိုးစွမ်းအားက ကောင်းကင်က ပစ်ချတဲ့ မိုးကြိုးလောက်တော့ မပြင်းထန်သေးဘူး"
"မွန်း"
နွားနက်ကြီးက ချန်ရွှင်ထက်ပင် ပိုပြီး အလေးအနက်ထား ကြည့်ရှုနေသည်။ ကျင့်ကြံသူများက သူ့ကို မျက်လှည့်ပြနေပြန်ပြီ။ ဖန်နင်းမြို့ တုန်းက မီးမှုတ်တဲ့ ကျင့်ကြံသူထက်တောင် ပိုတော်သေးသည်။ စည်းကမ်းသာ မရှိလျှင် သူ သွားပြီး ကြေးပြား နှစ်ပြားလောက် ပစ်ပေးလိုက်မိပေမည်။
ထိုအချိန်တွင် အခြားတစ်ဖက်မှ ဆူညံသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။ ကောင်းကင် အရပ်မျက်နှာ အသီးသီးမှ ပါရမီရှင်များ လေပေါ်တွင် လျှောက်လှမ်းလာကြသည်။
"ဖယ်သာစံအိမ် က သခင်လေး ယွီတုန်း ရောက်လာပြီ"
"ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းထဲက ၀ူနန်ဂိုဏ်း က နင်းဝူ လည်း ရောက်လာပြီ"
"ဟိုမှာ ကြည့်စမ်း... အဲဒါ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်း... မဟာသမုဒ္ဒရာဂိုဏ်း က စစ်လော် နတ်မိမယ် မဟုတ်လား"
"ရှယ်ပဲ"
"မွန်း"
...
ကျင့်ကြံသူ အများအပြား၏ အကြည့်များသည် စစ်လော်ထံသို့ ရောက်ရှိသွားကြပြီး မျက်လုံးများထဲတွင် အံ့သြမင်သက်မှုများ ဖြစ်ပေါ်လာကာ ရင်ခုန်သံများ မြန်ဆန်လာကြသည်။ အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသော စစ်လော်သည် ဆွဲဆောင်မှု ရှိပြီး အလွန် လှပနေသည်။ သူမသည် အရပ်မျက်နှာ အသီးသီးမှ ပါရမီရှင်များကို ကြည့်ရှုနေပြီး ပြုံးနေသည်။
သူတို့သည် တိုက်ခိုက်ရေး စင်မြင့် အသီးသီးတွင် ရပ်တန့်လိုက်ကြပြီး တိုက်ပွဲကြီးကို အမြင့်ဆုံး အရှိန်အဟုန်သို့ ဆွဲတင်လိုက်ကြသည်။ ယခင်နှစ်များက စည်းကမ်းအတိုင်း စကားစစ်ထိုးပွဲ အရင် စတင်ကြသည်။ ပါရမီရှင် ဖြစ်သော်လည်း အနုပညာဆန်ဆန် ဆဲဆိုကြကာ အမုန်းတရားများကို အမြင့်ဆုံး ရောက်အောင် ဆွဲတင်နေကြသည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့မှာ ကြည့်၍မ၀အောင် ဖြစ်နေသည်။ ဟိုဘက် ကြည့်ချင် သည်ဘက် ကြည့်ချင် ဖြစ်နေသည်။ အဓိကကတော့ စကားစစ်ထိုးပွဲကို နားထောင်ချင်နေကြသည်။ ပါရမီရှင် အသီးသီး၏ အချစ်ဇာတ်လမ်းများ၊ အငြိုးအတေးများ အကုန် ပါဝင်နေသည် မဟုတ်ပါလား။