အခန်း (၁၂၉-၁၃၀)
Vol. 7 Ch. 129-130
အခန်း (၁၂၉)
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ပုံပြင်နားထောင်နေရသကဲ့သို့ စိတ်ဝင်စားစွာ နားစွင့်နေကြသည်။
ထိုခံစားမှုသည်...
စစ်လော် သည် မူလက ကျရှုံးနေသော အမျိုးသမီးငယ် တစ်ဦး ဖြစ်ပြီး ဖယ်သာစံအိမ် မှ သခင်လေး ယွီတုန်း နှင့် သံယောဇဉ် ငြိတွယ်ခဲ့ဖူးသော်လည်း ၀ူနန်ဂိုဏ်း မှ နင်းဝူ ၏ ကြားဝင်နှောင့်ယှက်မှုကို ခံခဲ့ရသည်။
နောက်ပိုင်းတွင် မဟာသမုဒ္ဒရာဂိုဏ်း က သူမ၏ အရည်အချင်းကို မြင်တွေ့ပြီး ဂိုဏ်းသို့ ခေါ်ဆောင်သွားခဲ့သော်လည်း ဂိုဏ်းတူမောင်နှမများ၏ လှောင်ပြောင်သရော်မှုများကို ခံခဲ့ရသည်။ မရေမတွက်နိုင်သော သည်းခံမှုများ၏ ရလဒ်မှာ ပိုမိုဆိုးရွားသော အနိုင်ကျင့်မှုများသာ ဖြစ်ခဲ့သည်။
ပါရမီရှင်များ၏ တိုက်ပွဲတွင် စစ်လော်ကို အနိုင်ယူပြီး သူမကို ကျေနပ်လက်ခံသွားစေနိုင်မှသာ သူမ၏ ကလဲ့စားချေမည့် စီမံကိန်းကို နားထောင်ခွင့် ရရှိပေလိမ့်မည်။
ရှယ်ပဲ...
"ဂွပ်... ဂွပ်..."
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် နေကြာစေ့များကို မနားတမ်း စားသောက်ရင်း ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများ ဖြည့်စွက်ပြောကြားနေသည်များကို နားထောင်နေကြကာ မျက်လုံးများက ဟိုကြည့်သည်ကြည့် ဖြစ်နေကြသည်။ တိုက်ခိုက်ရေး စင်မြင့်ထက်တွင် သက်တံရောင် အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်နေပြီး ထူးဆန်းသော လက်နက် မျိုးစုံ ထွက်ပေါ်လာရာ နေရာအနှံ့တွင် အံ့သြတကြီး အော်ဟစ်သံများဖြင့် ပြည့်နှက်နေလေသည်။
သူတို့သည် အပြင်စည်း နေရာများတွင် လှည့်လည်သွားလာနေကြသည်။ တစ်ခါတလေ ဤစင်မြင့်ကို ကြည့်လိုက်၊ တစ်ခါတလေ ဟိုစင်မြင့်ကို ကြည့်လိုက် လုပ်နေကြသည်။ နောက်ပိုင်းတွင် အခြေခံတည်ဆောက်ခြင်းအဆင့် တိုက်ပွဲများလည်း ရှိလာဦးမည် ဖြစ်ရာ အရန်ပါရမီရှင်များဟု သတ်မှတ်၍ ရပေသည်။
"အမယ်လေး... မလွယ်ပါလား... မလွယ်ပါလား"
ချန်ရွှင်သည် တစ်နေ့လျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ထောင်ချီ ဝင်ငွေရနေသဖြင့် စိတ်ထဲတွင် ပျော်ရွှင်နေသည်။
"နွားကြီး... ဟို ခွန်ယုံယွမ် နဲ့ ရှန်ယွီ က လက်ရည်သိပ်မကွာဘူး... နှစ်ယောက်လုံး တော်တော် စွမ်းကြတယ်"
"မွန်း"
နွားနက်ကြီးသည်လည်း ခေါင်းညိတ်လိုက်ပြီး ခေါင်းကို အပြင်ဘက်သို့ လှည့်ထားလိုက်သည်။
"ဟို စစ်လော် မိန်းကလေးကလည်း ရက်စက်မယ့်ပုံပဲ... ဒါပေမဲ့ ဟို သခင်လေး ယွီတုန်း ကတော့ ကြည့်ရတာ သိပ်အားမပါသလိုပဲ"
"မွန်း"
သူတို့သည် လူအုပ်နှင့် ဝေးရာသို့ တဖြည်းဖြည်း ရောက်ရှိလာပြီး လူသူကင်းရှင်းသော မြေကွက်လပ် တစ်ခုတွင် ထိုင်လိုက်ကြသည်။ နားထဲတွင် ဆူညံသံများ သိပ်မကြားရတော့ပေ။ အားလုံးက အံ့သြတကြီး အော်ဟစ်နေကြသည့် အသံများသာ ဖြစ်သည်။
ချန်ရွှင်သည် သိုလှောင်အိတ်ထဲမှ လျှပ်စီးနီ ဝံပုလွေ အသားခြောက် တစ်တုံးကို ထုတ်ယူလိုက်သည်။
"နွားကြီး... ငါတို့ တစ်ယောက်တစ်ဝက် စားကြမယ်"
"မွန်း"
နွားနက်ကြီးသည် ပျော်ရွှင်စွာဖြင့် ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်လိုက်ပြီး အမြီးကို ယမ်းလိုက်လေသည်။
"နွားကြီး... ပန်းပွဲတော် ကိုတော့ ငါတို့ မသွားတော့ဘူး"
ချန်ရွှင်သည် အသားခြောက်ကို ဖြည်းဖြည်းချင်း ဝါးစားရင်း တိုက်ခိုက်ရေး စင်မြင့်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
"မွန်း"
"ငါတို့ စုံစမ်းထားပြီးပြီ မဟုတ်လား... အဲဒီနေရာက ပါရမီရှင်တွေ မိတ်ဖွဲ့ကြတဲ့ နေရာတဲ့... အနုပညာ စွမ်းရည်ရှိတဲ့ လူတွေပဲ သွားကြတာ... ငါတို့က အနုပညာဘက်မှာမှ မထူးချွန်တာ"
ချန်ရွှင်၏ မျက်နှာ အနည်းငယ် ရဲသွားပြီး နွားနက်ကြီးကို မသိမသာ လှမ်းကြည့်လိုက်သည်။
"ငါ့ရဲ့ ပန်းချီစွမ်းရည်က ကမ္ဘာကို တုန်လှုပ်စေနိုင်တယ် ဆိုပေမဲ့ သူတို့က ဂျူနီယာတွေပဲလေ... သူတို့ရဲ့ အခွင့်အရေးကို သွားလုစရာ မလိုပါဘူး"
"မွန်း….."
နွားနက်ကြီး သဘောပေါက်သွားသကဲ့သို့ အော်မြည်သံ ရှည်ကြီး တစ်ချက် ပြုလိုက်သည်။
ချန်ရွှင် မျက်ခုံးပင့်လိုက်ပြီး ဘာမှ မဖြစ်သလို နွားနက်ကြီးကို ပုတ်လိုက်သည်။ နွားနက်ကြီး လန့်သွားသည်။ (၃) ရက် ဆက်တိုက် ချန်ရွှင်နှင့် နွားနက်ကြီးတို့ ထိုနေရာမှာပင် ထိုင်လျက် ရွှေအမြူတေအဆင့် ပါရမီရှင်များ၏ တိုက်ပွဲကို ကြည့်ရှုခဲ့ကြသည်။ ဖျက်မြင်း အများအပြား ထွက်ပေါ်လာခဲ့ပြီး နေရာတိုင်းတွင် တအံ့တဩ အသံများ ထွက်ပေါ်နေသည်။ လမ်းသွားလမ်းလာ ပါရမီရှင် အများအပြားလည်း စင်မြင့်ပေါ် တက်ရောက် စိန်ခေါ်ကြသော်လည်း စိန်ခေါ်စကားပင် မဆုံးသေးခင်မှာပင် ဒဏ်ရာအပြင်းအထန် ရရှိကာ ပြန်ဆင်းလာခဲ့ကြရသည်။
သူတို့သည်လည်း ပွဲကြည့်ပရိသတ် အဖြစ် ဟိုနေရာ သည်နေရာ ထိုင်လျက် တဟဲဟဲ ရယ်မောကာ နေကြာစေ့ စားနေကြသည်။ ဖြတ်သွားဖြတ်လာ ကျင့်ကြံသူများသည် သူတို့ ဘာကို သဘောကျနေမှန်း နားမလည်ကြပေ။ ပါရမီရှင်များ၏ တိုက်ပွဲကို ကြည့်ပြီး ကြောက်လွန်း၍ ရူးသွားကြသည်ဟု ထင်မှတ်နေကြသည်။ သို့သော် ချန်ရွှင်နှင့် နွားနက်ကြီးတို့ အတွက်မူ ပစ်မှတ်ထား မခံရခြင်း၊ လှောင်ပြောင် မခံရခြင်း ဆိုသည့် လွတ်လပ်မှုမျိုးကို သာမန်လူများ နားလည်ခံစားနိုင်မည် မဟုတ်ပေ။
သူတို့သည်လည်း အခြားသူများ၏ ထူးဆန်းသော အကြည့်များကို ဂရုမစိုက်ကြပေ။ အားလုံးသည် ခရီးသွားများသာ ဖြစ်ကြသည်။ မသေခင် တစ်ချိန်ချိန်တွင် စားသောက်ပွဲ တစ်ခုခုမှာ ပြန်ဆုံတွေ့ချင် တွေ့ရနိုင်ပေသည်။
...
နေမင်းကြီးသည် အရှေ့ဘက်မှ ထွက်ပေါ်လာပြီး နီရဲစူးရှသော အလင်းရောင်များ ဖြာကျနေသည်။ ပါရမီရှင်များ၏ ပွဲတော် မပြီးဆုံးသေးသော်လည်း ချန်ရွှင်နှင့် နွားနက်ကြီးတို့ ဖြည်းညှင်းစွာ ထရပ်လိုက်ကြပြီး ချင်ရှန်တောင် ရှိရာသို့ ဦးတည် ထွက်ခွာလာခဲ့ကြသည်။ သူတို့သည် အပြေးအလွှား လာရောက်နေကြသော ကျင့်ကြံသူများနှင့် ဆန့်ကျင်ဘက် လမ်းကြောင်းအတိုင်း လျှောက်လှမ်းသွားနေကြသည်။
ချင်ရှန်တောင်၊ ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ နေအိမ်
"နွားကြီး... မင်း အလုပ်သွားလုပ်ချေဦး... ငါ ကျောက်စိမ်းဝိဉာဉ်ကျမ်း ကို လေ့လာကြည့်လိုက်ဦးမယ်"
ချန်ရွှင်သည် ဂူရှေ့ရှိ ကျောက်တုံးကြီးပေါ်တွင် မှီထိုင်လိုက်ပြီး အထောက်အကူပြု ကျင့်စဉ်စာအုပ်ကို ကိုင်ထားလိုက်သည်။
"အသုံးဝင်ရင် ကျင့်ကြံမယ်... အသုံးမဝင်ရင် ပြန်ပြီး လေလံတင်ပစ်မယ်"
ဤကဲ့သို့သော ကျင့်စဉ်မျိုးကို မိတ္တူပေါင်းများစွာ ကူးယူနိုင်ပြီး လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန် မလွယ်ကူပေ။ သို့သော် ကျင့်စဉ်များကို စည်းမဲ့ကမ်းမဲ့ ဖြန့်ဝေခြင်းသည် မလိုလားအပ်သော ဘေးဒုက္ခများကို ဖြစ်ပေါ်စေတတ်သည်။ ရန်သူများ ရောက်ရှိလာပြီး မင်းက သူ့တပည့်လား ဟု ဆိုကာ ဖမ်းဆီးခြင်း ခံရနိုင်သည်။ အင်အားကြီး ဂိုဏ်းများကလည်း သူတို့ ရောင်းချသော ရှားပါး ကျင့်စဉ်များကို လိုက်လံ ဖြန့်ဝေသည်ဟု ဆိုကာ အင်မော်တယ် မဖြစ်ခင် အသတ်ခံရနိုင်သည်။
ဤအရာများသည် ကျင့်ကြံခြင်းလောကတွင် အမှန်တကယ် ဖြစ်ပျက်ခဲ့ဖူးသော သင်ခန်းစာများ ဖြစ်သည်။ ထိုစဉ်က ကြယ်ကိုးလုံးတောင်ကြား ၏ စာအုပ်ငယ်လေး ကိစ္စကဲ့သို့ပင် ဖြစ်သည်။ ဤသည်မှာ ကျင့်ကြံခြင်းလောက၏ ပေထက်အက္ခရာမတင်ထားသော စည်းမျဉ်းတစ်ခု ဖြစ်သည်။ ပစ္စည်းကောင်း ရရှိပါက ကိုယ့်ဘာသာ သိမ်းဆည်းထားရုံသာ ရှိသည်။ ချန်ရွှင်သည်လည်း ပါးစပ်ကသာ ပြောခြင်း ဖြစ်ပြီး တကယ် ပြန်ရောင်းရဲခြင်း မရှိပေ။
"မွန်း"
နွားနက်ကြီး အလျင်အမြန် ပြန်ထူးလိုက်သည်။ အရိပ်မည်းတစ်ခုသည် ဝိညာဉ်သားရဲ အခန်းသို့ ပြေးသွားသည်။ ဝိညာဉ်ဆေးပင်များကို ရက်အနည်းငယ်ကြာအောင် ဂရုမစိုက်မိဘဲ ပစ်ထားခဲ့မိသောကြောင့် ဖြစ်သည်။
ချန်ရွှင်၏ မျက်ဝန်းများတွင် တွေးတောဆင်ခြင်မှုများ ပေါ်လာသည်။ သူတို့သည် မည်သည့် ကျင့်စဉ်ကိုမျှ မထိတွေ့ဖူးကြပေ။ အထူးသဖြင့် ဤကဲ့သို့သော အထောက်အကူပြု ကျင့်စဉ်မျိုး ဖြစ်သည်။ ကိုယ်ပိုင် ကျင့်စဉ် ဖန်တီးမည့် စိတ်ကူးသည် ယခုအချိန်ထိ လက်တွေ့ အကောင်အထည် မဖော်နိုင်သေးပေ။
"ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအား (၂၀) ရာခိုင်နှုန်းကို ပိုမို သိပ်သည်းစေတယ် ဆိုတာ တကယ်ပဲလား... ငါ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားတွေက နည်းနည်း ထူးခြားနေတာ"
ချန်ရွှင်သည် ခေါင်းအုံးပေါ်တွင် လက်တင်လိုက်ပြီး စာအုပ်ကို လှန်လှောကြည့်ရှုလိုက်သည်။
"ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအား ပမာဏကို ဖိသိပ်ပြီး သိပ်သည်းဆကို မြှင့်တင်တာပါလား..."
အဆင့်တက်ရောက်ရာတွင် အဘယ်ကြောင့် ခက်ခဲစေသနည်း ဆိုသည်ကို သဘောပေါက်သွားသည်။ ဤဝိညာဉ်စွမ်းအား လည်ပတ်ပုံ လမ်းကြောင်းကို ဖန်တီးခဲ့သူသည် ပါရမီရှင် တစ်ဦး ဖြစ်သလို အရူးတစ်ဦးလည်း ဖြစ်ပေလိမ့်မည်။ ချန်ရွှင်သည် ချက်ချင်း မကျင့်ကြံသေးဘဲ စတင် လေ့လာနေလေသည်။ ရံဖန်ရံခါ ဝေဖန်သုံးသပ်မှုများ ပြုလုပ်နေသည်။ သူသည် ကျင့်ကြံခြင်းလောကရှိ အခြား ကျင့်ကြံသူများနှင့် လုံးဝ မတူညီပေ။ အခြားသူများ ဆိုလျှင် အဆင့်မြင့် ကျင့်စဉ် ရရှိသည်နှင့် ချက်ချင်း ကျင့်ကြံလိုကြသည်။ အရည်အသွေး ကောင်းလေ ပိုကြိုက်လေ ဖြစ်ပြီး အခြားအရာများကို ထည့်မတွက်ကြပေ။
နေ့ဝက်ခန့် ကြာသောအခါ ချန်ရွှင်သည် ကျင့်စဉ် လမ်းကြောင်းကို ကောင်းစွာ နားလည်သွားပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ငွေရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး အရှိန်အဝါများ တဖြည်းဖြည်း ပြင်းထန်လာသည်။ သူသည် ကျောက်တုံးကြီး ဘေးတွင် တင်ပျဉ်ခွေ ထိုင်လျက် မျက်လုံးများကို မှိတ်လိုက်သည်။
"ဟင်"
နာရီဝက်ခန့် ကြာသော အချိန်တွင် ချန်ရွှင်၏ ဘေးပတ်ဝန်းကျင်၌ ဖုန်မှုန့်များ လွင့်ပျံလာသည်။ သူ မျက်လုံးများကို ဝုန်းခနဲ ဖွင့်လိုက်ပြီး အံ့သြတကြီး ဖြစ်သွားသည်။
"အထောက်အကူပြု ကျင့်စဉ်တွေကလည်း ဝိညာဉ်စွမ်းအား ပံ့ပိုးမှုကို ရရှိတာလား"
"မွန်း မွန်း"
ဝိညာဉ်စွမ်းအား များ စုစည်းသွားပြီး နွားနက်ကြီးသည် ချန်ရွှင်၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိလာသည်။ သူ၏ မျက်လုံးများထဲတွင် အံ့သြထိတ်လန့်မှုများ ရှိနေသည်။ ချန်ရွှင် ဘာဖြစ်သွားတာလဲ။
"ဘာမှ မဖြစ်ပါဘူး နွားကြီး... ငါတို့ ပစ္စည်းကောင်း တွေ့သွားပြီ... ဟားဟား"
"မွန်း"
နွားနက်ကြီး သက်ပြင်းချလိုက်ပြီး ဂူထဲသို့ ဖြည်းညှင်းစွာ ပြန်ပြေးသွားသည်။ ချန်ရွှင်၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်မှုများ ပြည့်နှက်နေပြီး မယုံကြည်နိုင် ဖြစ်နေသည်။ ပုံမှန်အားဖြင့် ဂါထာမန္တန် များသာ ပံ့ပိုးမှု ရရှိသည် မဟုတ်ပါလား။ သူတို့ ကျင့်ကြံသော ကျင့်စဉ်များကို ဂါထာမန္တန် စာရင်းထဲတွင် ထည့်သွင်းမထားဘဲ ကျင့်ကြံမှု တိုးတက်စေသည့် နည်းလမ်းတစ်ခု အဖြစ်သာ သတ်မှတ်ထားသည်။
ချန်ရွှင်သည် မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး ကျောက်စိမ်းဝိဉာဉ်ကျမ်းကို စတင် ကျင့်ကြံလိုက်သည်။ ဝိညာဉ်စွမ်းအား ၏ ပံ့ပိုးမှုက ဤအထောက်အကူပြု ကျင့်စဉ်အပေါ် မည်သို့ သက်ရောက်မှု ရှိသည်ကို ခံစားကြည့်လိုက်သည်။
နောက်ထပ် နေ့ဝက်ခန့် ကြာသောအခါ...
နွားနက်ကြီးသည် ဂူရှေ့တွင် မျက်လုံးများ ပြူးကျယ်လျက် ကြည့်ရှုနေသည်။ ချန်ရွှင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ငွေရောင်အလင်းတန်းများ ထွက်ပေါ်နေပြီး မတူညီသော ဝိညာဉ်စွမ်းအား ချီစွမ်းအင်စီးကြောင်း ၅ ခုသည် သူ့ကို ဝန်းရံထားလေသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ထူးဆန်းသော အရှိန်အဝါများ ပြည့်နှက်နေပြီး ရွှေအမြူတေအဆင့်သို့ စတင် ရောက်ရှိစဉ်က အခြေအနေနှင့် တူညီနေသည်။
"မွန်း"
နွားနက်ကြီးသည် အံ့သြတကြီး အော်မြည်လိုက်သည်။ ဒါက ချန်ရွှင်ရဲ့ စွမ်းအားအကြီးမားဆုံး အခြေအနေပင်။ ထိုဂိုဏ်းကြီးများမှ ပါရမီရှင်များသည် အလွန် စွမ်းအားကြီးမား ကြသော်လည်း အကယ်၍ သူတို့သာ အစ်ကိုကြီး ချန်ရွှင်ကို ရန်စမိပါက တစ်ချက်တည်းနှင့် ရိုက်သတ်ခံရမည်ကို သူ လုံးဝ သံသယ မရှိပေ။
ထိုအချိန်တွင် ချန်ရွှင်၏ ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအားများသည် ထူးခြားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး ပတ်ဝန်းကျင်တွင် တုန်ခါသံများ ထွက်ပေါ်နေသည်။
ဝုန်း— ဝုန်း— ဝုန်း—
မြေကြီး၊ ကျောက်တုံးကျောက်ခဲများ၊ သစ်ပင်များ၊ စမ်းချောင်းနှင့် မီးဓာတ် သက်ရောက်သော အရာဝတ္ထုများသည် တိုးညှင်းစွာ မြည်ဟည်းနေသကဲ့သို့ ရှိသည်။ နွားနက်ကြီး၏ နဖူးပေါ်မှ ချွေးစေးများ စီးကျလာသည်။ သို့သော် ပတ်ဝန်းကျင်တွင် အစီအရင် ခင်းကျင်းထားပြီး ဖြစ်သဖြင့် ဆူညံသံ ကြီးကြီးမားမား မထွက်ပေါ်ဘဲ အားလုံးကို ထိန်းချုပ်ထားနိုင်သည်။ သူသည် ချန်ရွှင်ကို မလှုပ်မယှက် စိုက်ကြည့်နေသည်။ ဘယ်မှ မသွားဘဲ စောင့်နေသည်။ အကယ်၍ တစ်ခုခု ဖြစ်ပါက သူ ချက်ချင်း ဝင်ရောက် ကူညီနိုင်သည်။
သို့သော် ချန်ရွှင်၏ လက်ရှိ မျက်နှာ အမူအရာမှာ အလွန် သက်သောင့်သက်သာ ရှိနေသည်။ ဆေး စားလိုက်သကဲ့သို့ ကျင့်ကြံမှု တိုးတက်လာခြင်းကို ကိုယ်တိုင် ခံစားနေရသဖြင့် အလွန် နှစ်သက်ဖွယ် ကောင်းလှသည်။ သို့သော် ဆေး စားသုံးခြင်းတွင် အားနည်းချက် အချို့ ရှိသည်။ ယင်းမှာ ကျင့်ကြံမှု တိုးတက်လာသည့် အဆင့်တိုင်းကို အမှန်တကယ် မခံစားရခြင်းဖြစ်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဆေးစားပြီးမှသာ အဆင့်ကို ဖြည်းဖြည်းချင်း ခိုင်မာအောင် လုပ်ဆောင်ကြရပြီး ခံစားချက်ဖြင့်သာ အပြန်အလှန် ဆွေးနွေးကြရသည်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ခုခု လိုနေသလိုတော့ရှိသည်။
သို့သော် ဤအထောက်အကူပြု ကျင့်စဉ်က ထိုပြဿနာကို ဖြေရှင်းပေးလိုက်ပြီ ဖြစ်သည်။ ချန်ရွှင်သည် ဈာန်ဝင်စားနေဆဲ ဖြစ်ပြီး ပြန်လည် နိုးထလာမည့် အရိပ်အယောင် မရှိသေးပေ။ သူ၏ ဝိညာဉ်စွမ်းအားများသည် ဖြည်းညှင်းစွာ သိပ်သည်းလာပြီး အခြေခံအုတ်မြစ် မှာ ပိုမို ခိုင်မာလာသည်။
"ချီသန့်စင်ခြင်းအဆင့်... အခြေခံတည်ဆောက်ခြင်းအဆင့်... ရွှေအမြူတေအဆင့်... လတ်စသတ်တော့ ဒီလိုကိုး..."
ချန်ရွှင်သည် ပါးစပ်မှ တီးတိုး ရေရွတ်နေပြီး ကိုယ်ပေါ်ရှိ အရှိန်အဝါများ ပိုမို နက်ရှိုင်းလာလေသည်။
အခန်း (၁၃၀)
ဝိညာဉ်စွမ်းအား အမှတ် (၉၀) ပံ့ပိုးမှုသည် ကိန်းဂဏန်း သဘောတရားအရ ဆတိုး တိုးပွားလာခြင်း ဟုတ်၊ မဟုတ် ဆိုသည်ကိုမူ ချန်ရွှင်သည် သူ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်အတန်းဖြင့် အာရုံမခံစားနိုင်သေးချေ။
ခွန်အားနှင့် ပတ်သက်၍မူ သူ အနည်းငယ် နားလည်သဘောပေါက်ထားသည်။ ၎င်းသည် သာမန်လူတစ်ဦး ခွန်အား၏ အဆ (၉၀) မဟုတ်သကဲ့သို့၊ သူ၏ လက်ရှိ ခန္ဓာကိုယ် ခွန်အား (၉၀) ဆလည်း မဟုတ်ပေ။ ဧကန်မုချ ထိုပမာဏထက် ကျော်လွန်နေပြီ ဖြစ်သည်။ သို့သော် သူသည် ခန္ဓာကိုယ် ကြံ့ခိုင်မှု ကျင့်စဉ်ကို စနစ်တကျ မကျင့်ကြံရသေးသဖြင့် မိမိ၏ ခန္ဓာကိုယ် ခွန်အားအတိုင်းအတာကို အကန့်အသတ်ဖြင့်သာ သိရှိထားလေသည်။
လက်ရှိအချိန်တွင် ယင်းကိစ္စနှင့် ပတ်သတ်ပြီး အလျင်လိုစရာ အကြောင်းရင်း မရှိလှပေ။ ကမ္ဘာမကြေ ရန်ကြွေးများ ပေးဆပ်စရာလည်း မရှိသလို၊ အိမ်တိုင်ရာရောက် လာပြီး ရန်ရှာမည့်သူလည်း မရှိသေးချေ။
ကျောက်စိမ်းဝိဉာဉ်ကျမ်းသည် ဝိညာဉ်စွမ်းအား ပံ့ပိုးမှုဖြင့် ပြုပြင်လိုက်သလို ဖြစ်နေပြီး၊ မီးလုံးပစ် ဂါထာကဲ့သို့ပင် ကြိုတင် ခန့်မှန်း၍ မရနိုင်သော လမ်းကြောင်းသို့ ပြောင်းလဲသွားခဲ့လေသည်။ မူလက ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအား (၂၀) ရာခိုင်နှုန်းကို သိပ်သည်းစေရန် ရည်ရွယ်သော်လည်း၊ ယခုအခါ ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအား အညစ်အကြေးများကိုပါ သန့်စင်ပေးနေသကဲ့သို့ ဖြစ်ပေါ်နေသည်။
"ဝိညာဉ်အမြစ်မှာလည်း သန့်စင်မှု ဆိုတာ ရှိလို့လား... ဒီမှာ အဲဒီလို ပြောမထားပါဘူး..."
ချန်ရွှင်သည် တစ်ယောက်တည်း ရေရွတ်နေပြီး နားမလည်နိုင်သော စကားများကို ဆိုနေလေသည်။ နွားနက်ကြီးမှာမူ စာအုပ်ငယ်ကို ထုတ်ယူကာ ချက်ချင်းပင် မှတ်တမ်းတင်လိုက်သည်။ သူ နားမလည်သော်လည်း ချန်ရွှင်သည် လောလောဆယ်တွင် ဈာန်ဝင်စားနေသကဲ့သို့ ဖြစ်နေသည်။ ချန်ရွှင် ပြန်နိုးလာသည့်အခါ မေ့သွားမည်ကို စိုးရိမ်သဖြင့် မှတ်တမ်းတင်ထားခြင်းက အကောင်းဆုံး ဖြစ်ပေသည်။ ဤသည်မှာ ၎င်းတို့ ဆေးပညာ သင်ကြားစဉ်ကဲ့သို့ပင် ဖြစ်သည်။
နေဝင်မိုးချုပ် သွားသော်လည်း ချန်ရွှင် ပြန်လည် နိုးထလာမည့် အရိပ်အယောင် မရှိသေးပေ။ နွားနက်ကြီးသည် အဝေးတစ်နေရာတွင် ထိုင်လျက် မလှုပ်မယှက် စောင့်ကြည့်နေလေ၏။ သူ၏ ရှေ့တွင် စာအုပ်ငယ်လေးက လေထဲ၌ ဝဲပျံနေသည်။ ချန်ရွှင် စကားပြောလိုက်သည်နှင့် ချက်ချင်း မှတ်တမ်းတင်လိုက်သည်။
သူတို့ ဝူယွင်ဂိုဏ်းတွင် ရှိစဉ်က ကြားခဲ့ဖူးသည်။ ရွှေအမြူတေအဆင့် ကျင့်ကြံသူများသည် တံခါးပိတ် ကျင့်ကြံလျှင် (၁၀) နှစ်၊ နှစ် (၂၀) ခန့် ကြာမြင့်တတ်ပြီး အချိန်ကုန်ဆုံးသွားသည်ကိုပင် မခံစားမိတတ်ကြပေ။ ရယ်စရာကောင်းသော ဟာသတစ်ခုပင် ကြားဖူးသေးသည်။ အဆင့်မြင့် ကျင့်ကြံသူ တစ်ဦးသည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသောအခါ ခုနှစ်သက္ကရာဇ်ကိုပင် မသိတော့ဘဲ၊ နောက်ဆုံးတွင် သက်တမ်းကုန်ခါနီးမှန်း သိလိုက်ရသည်။ မကြာမီ သေဆုံးသွားပြီး ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများသည် ဈာပန အခမ်းအနားသို့ တက်ရောက်ခဲ့ကြရလေသည်။
ယနေ့ ယွီရွှပ်မြို့၏ ကောင်းကင်ယံသည် အုံ့မှိုင်းညိုမှောင်နေပြီး ခဲရောင် တိမ်တိုက်များ ဖုံးလွှမ်းနေသည်။ တိမ်တိုက်များသည် မင်ရည်များကဲ့သို့ မည်းနက်နေ၏။ ဂူဘေးပတ်ဝန်းကျင်တွင် သစ်ရွက်များ တဖြုတ်ဖြုတ် ကြွေလွင့်ကျဆင်းနေသည်။
"မွန်း"
နွားနက်ကြီးသည် အာရုံစိုက်ထားပြီး သူ၏ မျက်လုံးထဲတွင် ချန်ရွှင် တစ်ယောက်တည်းသာ ရှိသည်။ ဘေးပတ်ဝန်းကျင်ရှိ ကာကွယ်ရေး အစီအရင်များသည် လည်ပတ်နေပြီ ဖြစ်သဖြင့် မိုးသည်းထန်စွာ ရွာသွန်းလျှင်ပင် ဤနေရာကို ထိခိုက်နိုင်မည် မဟုတ်ပေ။
ဝုန်း….
ကျယ်လောင်သောအသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ချန်ရွှင်၏ ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအားများ အဆင့်မြှင့်တင်ခြင်း စတင်နေပြီ ဖြစ်သည်။ ဝိညာဉ်စွမ်းအား ချီစွမ်းအင်စီးကြောင်း ၅ ခုသည် ပိုမို သိပ်သည်းလာပြီး အနီး၌ လည်ပတ်နေသည်။ နွားနက်ကြီး မျက်လုံးများ ပြူးကျယ်သွားလေသည်။ နှစ်ပေါင်း ရာချီကြာပြီးနောက် ၎င်းတို့သည် ပထမဆုံးအကြိမ် ပစ္စည်းကောင်း တစ်ခုအား ရရှိခဲ့ခြင်း ဖြစ်တန်ရာ၏။
ဤအထောက်အကူပြု ကျင့်စဉ်သည် အခြား ကျင့်ကြံသူများ အတွက် တိုးတက်မှုကို အဟန့်အတားဖြစ်စေသော အရာ ဖြစ်နိုင်သော်လည်း၊ သူတို့က ထာဝရအသက်ရှင်သူများ ဖြစ်ကြသဖြင့် ထိုသို့ဖြစ်စရာ အကြောင်း မရှိပေ။
ချန်ရွှင်သည် ဝိညာဉ်စွမ်းအင် ပင်လယ်ပြင်ကြီးထဲ၌ လွတ်လပ်စွာ ကူးခတ်နေဆဲ ဖြစ်သည်။ သူ မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ ဤကျင့်စဉ်တွင် ကြီးမားသော ပြဿနာ ရှိနေသည်။ သာမန်လူများ ကျင့်ကြံ၍ ရသော အရာ မဟုတ်ပေ။ ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအား (၂၀) ရာခိုင်နှုန်းကို သိပ်သည်းစေခြင်း ဆိုသည်မှာ ချီသန့်စင်ခြင်းအဆင့်၊ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ရွှေအမြူတေအဆင့်တို့တွင်သာ ကျင့်ကြံနိုင်သည်။ ဤအချက် ကိုယ်တိုင်က ထောင်ချောက်တစ်ခု ဖြစ်ကြောင်း ဝိညာဉ်ကူးပြောင်းခြင်းအဆင့် ဘိုးဘေးများ တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။
ဤအရာသည် အဆင့်တက်ရောက်မှုကို ဆတိုးကိန်းဂဏန်းဖြင့် ခက်ခဲစေမည် ဖြစ်သည်။ (၂၀) ရာခိုင်နှုန်း တည်း မဟုတ်ပေ။ ထိုစဉ်က လေလံဒိုင်မှ ရှင်းလင်းစွာ မပြောခဲ့ဘဲ အဆင့်တူချင်း တိုက်ခိုက်နိုင်စွမ်းကိုသာ အဓိကထား ပြောဆိုခဲ့သည်။ ဥပမာအားဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး တစ်လုံးဖြင့် အဆင့်တက်နိုင်သော်လည်း၊ ဤကျင့်စဉ်ကို ကျင့်ကြံပြီးနောက် ဆေးအများအပြား သုံးစွဲမှသာ အတားအဆီးကို ကျော်ဖြတ်နိုင်ပေလိမ့်မည်။
သို့သော် ချန်ရွှင်အတွက်မူ ပြဿနာ မရှိပေ။ ဝိညာဉ်ဆေးပင်သည် သူ့အတွက် မရှားပါးပေ။ သူ၏ အဓိက အချက်မှာ...
'ငလူးမ... ကုန်ပြီနဲ့တူတယ်...'
"မွန်း"
နွားနက်ကြီး၏ မျက်ဝန်းများ မှေးကျဉ်းသွားသည်။ ချန်ရွှင်၏ ဘေးပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအားများ ဘာကြောင့် ရုတ်တရက် ကြမ်းတမ်းလာရသနည်း။ ပတ်ဝန်းကျင်ရှိ ကျောက်စရစ်ခဲများ လွင့်ပျံလာပြီး ဒေါသထွက်နေသကဲ့သို့ ဖြစ်ပေါ်နေသည်။ သို့သော် ပြန်လည် နိုးထလာမည့် အရိပ်အယောင် မရှိသေးပေ။ နွားနက်ကြီး နားလည်လိုက်သည်။
'ဒါက ဂါထာအသေးစားလေးတွေ လေ့ကျင့်သလို ချက်ချင်း ရနိုင်တာမျိုး မဟုတ်ဘူး...'
ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီးနောက် ပါရမီရှင်များ၏ တိုက်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဤပွဲကြီးသည် အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းလှပြီး လူအချို့ ထင်ရှား ထွက်ပေါ်လာခဲ့ကြသည်။ ဂိုဏ်းငယ်လေး တစ်ခုမှ ကျင့်ကြံသူ တစ်ဦးသည် အခြေခံတည်ဆောက်ခြင်းအဆင့် ပါရမီရှင်များ၏ တိုက်ပွဲတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့သဖြင့် ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းမှ သဘောကျသွားပြီး ဖိတ်ခေါ်ခြင်း ခံခဲ့ရသည်။
ထိုဂိုဏ်းကြီးများသည် အင်အားသုံးပြီး ဖိအားမပေးခဲ့ကြပေ။ ဂိုဏ်းသို့ လာရောက် ကျင့်ကြံလိုခြင်း ရှိမရှိသာ မေးမြန်းခဲ့ပြီး၊ ထိုဂိုဏ်းငယ်လေးကိုလည်း ကျင့်ကြံရေး အထောက်အပံ့များ တိတ်တဆိတ် ပေးအပ်ခဲ့သည်။
သူတို့က ပြောကြသည်။ "သူ မလာချင်ရင်တောင် ဒီလို ပါရမီရှင်မျိုး မွေးထုတ်ပေးနိုင်တာ ငါတို့ ချင်တိုင်းပြည် ကျင့်ကြံခြင်းလောကရဲ့ ကံကောင်းခြင်းပဲ... ဆုချသင့်တယ်"
ထိုအခြေခံတည်ဆောက်ခြင်းအဆင့် ပါရမီရှင်သည် အလွန် စိတ်လှုပ်ရှားသွားသည်။ ဂိုဏ်းသားများကလည်း သူ့ကို အမြန် သွားရောက်ရန် တိုက်တွန်းကြသည်။ နောက်ပိုင်းတွင် သူသည် ဆေးဂိုဏ်းသို့ ဝင်ရောက်သွားပြီး ချင်တိုင်းပြည်နှင့် ဂိုဏ်းကြီးများ အတွက် တစ်တပ်တစ်အား ပါဝင်ကူညီလိုကြောင်း၊ ဆေးဖော်စပ်ခြင်း ပညာကို လေ့လာလိုက်စားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဤကိစ္စသည် ပါရမီရှင်များ၏ တိုက်ပွဲကြီးကို ပြီးပြည့်စုံသော နိဂုံးချုပ်တစ်ခု ဖြစ်စေခဲ့သည်။ ထိုဂိုဏ်းငယ်လေးများကလည်း ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်း၏ လုပ်ရပ်ကို ချီးကျူးကြသည်။ "ဒါမှ စစ်မှန်တဲ့ အဆင့်အတန်းနဲ့ စိတ်သဘောထားပဲ... အင်မော်တယ်ဂိုဏ်း လို့ ခေါ်ထိုက်ပါတယ်..."
သို့သော် အကောင်းဆုံး အစီအစဉ်မှာ ပန်းပွဲတော် ဖြစ်သည်။ ဂီတသံစဉ်များ ပျံ့လွင့်နေပြီး မီးပန်းများ၏ အလှသည် မြစ်ပြင်ကျယ်ကြီးကို ထင်ဟပ်နေသည်။ မီးပုံးများစွာ မြစ်ထဲတွင် မျောပါနေသည်။ ရှန်ယွဲ့မျှော်စင်မှ နတ်မိမယ်များသည် လှေစီးပြီး ရောက်ရှိလာကြကာ ပါရမီရှင်များကို လှေပေါ်တက်ရောက်ပြီး လမင်းကြီးကို ကြည့်ရှုရန် ဖိတ်ခေါ်ကြသည်။ ပါရမီရှင်နှင့် အလှပဂေးလေးများ လိုက်ဖက်ညီလှသဖြင့် မြစ်ကမ်းနဘေးတွင် ရပ်ကြည့်နေသော ကျင့်ကြံသူ အများအပြားမှာ မနာလိုဝန်တို ဖြစ်ကာ အံကြိတ် တက်ခေါက်ကြရသည်။
အကောင်းဆုံး အစီအစဉ်က နောက်တွင် ရှိသေးသည်။ နတ်မိမယ် ရန်ဝေသည် မျှော်စင်ပေါ်တွင် ရပ်နေသည်။ မြူခိုးများ ထွက်ပေါ်နေပြီး ဝေဝါးကာ အလွန်လှပလွန်းသည်။ သူမသည် မျက်နှာတွင် ပုဝါပါးလေးကို အုပ်ထား၏။ ကုချင်းသံများသည် စမ်းရေစီးသံကဲ့သို့ သာယာငြိမ့်ညောင်းနေပြီး ဝိညာဉ်ငှက်များပင် ပျံသန်းရောက်ရှိလာကာ မျှော်စင်ကို ဝိုင်းရံထားကြသည်။ ပန်းမိုးများ ရွာသွန်းနေပြီး ရောင်စုံ တိမ်တိုက်များ လွှမ်းခြုံထားလေသည်။
နတ်မိမယ် ရန်ဝေသည် လရောင်အောက်တွင် ကခုန်နေသည်။ ကျင့်ကြံသူများသည် သူမ၏ အလှအပများတွင် ကြည့်၍ မဝအောင် ဖြစ်နေကြသည်။ ခရမ်းရောင်တိမ်ဂိုဏ်းမှ နတ်မိမယ် မုချင်းမှာမူ မျက်မှောင်ကြုတ်နေသည်။ သူမသည် ကျင့်ကြံသူ များ၏ ရှေ့မှောက်တွင် ဤကဲ့သို့ ပြုလုပ်ရန် ဝန်လေးနေသောကြောင့် ဖြစ်သည်။
နောက်ပိုင်းတွင် ပါရမီရှင်များသည် မျှော်စင်ပေါ်သို့ တက်ရောက်သွားကြသဖြင့် အပြင်ဘက်မှ ကျင့်ကြံသူများမှာ မည်သည့်မြင်ကွင်းကိုမျှ မမြင်ကြရတော့ပေ။ ပထမဆုံး လေလံပွဲကြီး ပြီးဆုံးခဲ့သည်မှာ နှစ်ဝက်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
...
ချင်ရှန်တောင်၊ အမှတ်စဉ် ၃၅၇၇ အဝါရောင်အဆင့် ဂူ။
ချန်ရွှင် ပြန်လည် နိုးထလာမည့် အရိပ်အယောင် ရှိလာသည်။ နွားနက်ကြီးသည် မူလနေရာတွင် ထိုင်နေဆဲ ဖြစ်ပြီး စာအုပ်ငယ်လေးထဲတွင် စာမျက်နှာ အနည်းငယ် ရေးသားထားသည်။ အများစုမှာ "ရှုံးပြီ... သေချာပေါက် ရှုံးပြီ..လူပါး၀တဲ့ကောင်..." ဟူသော စာများ ဖြစ်သည်။
ဘုန်း...
ဘုန်း...
"မွန်း"
နွားနက်ကြီး နောက်ဆုံးတွင် လှုပ်ရှားလာသည်။ သူ မတ်တပ်ရပ်လိုက်ပြီး တမွန်းမွန်း အော်ဟစ်လိုက်သည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်များ နှင့် ကြိုးကြာဖြူပင်များသည် အဘယ်ကြောင့်မှန်းမသိ အကြောင်းမဲ့သက်သက်ညှိုးခြောက်ကုန်ကြည်။
"နွားကြီး"
ချန်ရွှင် မျက်လုံး ဝုန်းခနဲ ဖွင့်လိုက်ပြီး အော်ဟစ်လိုက်သည်။ အရောင်စုံ အလင်းတန်းများ ထွက်ပေါ်လာပြီး ချီစွမ်းအင်စီးကြောင်း ၅ ခုသည် သူ၏ ခန္ဓာကိုယ် အတွင်းသို့ ချက်ချင်း ပြန်လည် ဝင်ရောက်သွားသည်။ ကြောက်မက်ဖွယ် ကောင်းသော တုန်ခါမှုများလည်း ပျောက်ကွယ်သွားသည်။ သူ၏ ကိုယ်ပေါ်ရှိ စူးရှသော အရှိန်အဝါများ တဖြည်းဖြည်း လျော့နည်းသွားပြီး မူလ ပုံစံအတိုင်း ပြန်ဖြစ်သွားလေသည်။
"မွန်း မွန်း"
နွားနက်ကြီး ဆက်တိုက် အော်ဟစ်လိုက်ပြီး ပြေးဝင်သွားကာ ချန်ရွှင်ကို အဆက်မပြတ် ပွတ်သီးပွတ်သပ် လုပ်နေသည်။ သူ ရေးထားသော စာအုပ်ငယ်လေးကိုလည်း ချန်ရွှင်အား ပေးလိုက်သည်။ မျက်လုံးထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေလေသည်။
"ဟွတ်"
ချန်ရွှင်သည် နွားနက်ကြီးကို ဖြောင်းခနဲ ရိုက်လိုက်ပြီး သေသေချာချာ ဖတ်ရှုလိုက်သည်။ တစ်လုံးမှ မလွတ်စေရပေ။ နေ့စဉ် နွားနက်ကြီး မှတ်တမ်းတင်ထားသည့် မှတ်တမ်းများထဲတွင် သူ ပြောသမျှ စကားလုံးတိုင်း ပါဝင်နေသည်။ တွက်ကြည့်လိုက်တော့ နှစ်ဝက်လောက် ကြာသွားပြီဖြစ်သည်။ ချန်ရွှင် မျက်လုံးထဲတွင် အံ့သြမှုများ ဖြတ်သန်းသွားသည်။ အချိန်နာရီများ မည်သို့ ကုန်ဆုံးသွားသည်ကိုပင် သတိမထားမိလိုက်ချေ။ ဤကဲ့သို့သော ထူးခြားသည့် ခံစားမှုမျိုးကို ယခုမှ သူ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။ ယခင်ကမူ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်ကို ခိုင်မာအောင် ပြုလုပ်စဉ်နှင့် ဂါထာမန္တန်များကို လေ့ကျင့်ခဲ့စဉ် ကာလများ၌ ပြင်ပလောက၏ အပြောင်းအလဲများကို သိရှိနိုင်ခဲ့သေးသည်။
"နွားကြီး... ပင်ပန်းသွားပြီ..."
ချန်ရွှင် သက်ပြင်းချလိုက်သည်။ သို့သော် သူ့မျက်လုံးများသည် ရုတ်တရက်တောက်ပသွားကြသည်။
"ဒါပေမယ့်... ဒီပစ္စည်းက ငါနဲ့ ရေစက် ပါတယ်... ငါပဲ သိမ်းထားလိုက်ပါမယ်"
"မွန်း"
နွားနက်ကြီး ချက်ချင်း ခုန်ထွက်သွားပြီး မျက်လုံးများ ပြူးကျယ်သွားလေသည်။
"မွန်း မွန်း မွန်း"
"ငါ့ဟာ ဖြစ်သွားပြီ"
ချန်ရွှင်၏ လေသံသည် တည်ငြိမ်နေ၏။ သူသည် လက်များကို နောက်သို့ ပစ်ထားကာ လက်ထဲရှိ စာအုပ်ငယ်လေးကိုမူ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။
"နွားကြီး... မင်း..."
"မွန်း"
ချန်ရွှင် စကားမဆုံးမီ နွားနက်ကြီးက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
ထိုစာအုပ်ငယ်သည် သူကိုယ်တိုင် စာလုံးတစ်လုံးချင်းစီ ဂရုတစိုက် ရေးမှတ်ထားသော မှတ်တမ်းလေး ဖြစ်၏။
၀ုန်း….
"ငလူးမ... ငလူးမ... ငလူးမ"
"မွန်း"
ထို့နောက် ဂူအတွင်းမှ အလွန်ကျယ်လောင်သော ရိုက်နှက်တိုက်ခိုက်သံများနှင့်အတူ နာကျင်စွာ အော်ဟစ်ညည်းညူသံများ ပဲ့တင်ထပ်၍ ထွက်ပေါ်လာခဲ့သည်။ ထိုအသံများသည် ကြားရသူအပေါင်း၏ နှလုံးသားကို ဆွဲကိုင်လှုပ်ခါလိုက်သကဲ့သို့ ရှိပြီး ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှပေသည်။