အခန်း (၁၃၁-၁၃၂)
Vol. 7 Ch. 131-132
အခန်း (၁၃၁)
ချန်ရွှင်သည် ဤတစ်ကြိမ်တွင်မူ အမှန်တကယ် လက်မြှောက်အရှုံးပေးလိုက်ရပြီး စာအုပ်ငယ်လေးကို နွားနက်ကြီးထံသို့ ပြန်ပေးလိုက်ရလေသည်။ ထိုအခါမှသာ နွားနက်ကြီးသည် သူ့ကို လွှတ်ပေးလိုက်တော့၏။ သို့သော် ၎င်း၏ ပါးစပ်ကမူ မကျေမနပ်ဖြင့် 'တမွန်းမွန်း' အော်မြည်နေပြီး ဆဲဆိုကြိမ်းမောင်းနေသယောင် ရှိနေသည်။ ချန်ရွှင်ကို ကြည့်သော အကြည့်များကလည်း မကြည်လင်လှပေ။ ချန်ရွှင်သည် သူ၏ ပစ္စည်းများကို တစ်ကြိမ်တစ်ခါမျှ လုယူခဲ့ဖူးခြင်းမရှိပေ။
နွားနက်ကြီးသည် ဂူနံရံကို မှီထိုင်လျက် စိတ်ကောက်နေသော်လည်း ချန်ရွှင်မှာမူ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများ တိုးတက်ပြောင်းလဲလာမှုကို အာရုံခံစားနေမိသည်။ သူသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး လက်တစ်ဖက်ကို မြှောက်လိုက်ရာ ရောင်စုံ ဝိညာဉ်စွမ်းအား ငါးခုသည် ခန္ဓာကိုယ်ပတ်လည်တွင် ဝန်းရံလာကြ၏။
"ဒီ ဝိညာဉ်စွမ်းအားက တော်တော်လေး သိပ်သည်းတဲ့ ခံစားမှုကို ပေးတာပဲ... ဒါပေမဲ့ ဒါက ပထမအဆင့်ပဲ ရှိသေးတယ်"
သူသည် ကျောက်စိမ်းဝိညာဉ်ကျင့်စဉ်ကို အဆင့်ပေါင်းများစွာ ခွဲခြားထားပြီး မိမိ၏ ကျင့်ကြံခြင်းအဆင့်တိုင်းနှင့် ကိုက်ညီအောင် ပြုလုပ်ထားသည်။ ယခုအခါတွင်မူ ချီသန့်စင်ခြင်းအဆင့် အပိုင်းကို ပြီးမြောက်အောင်မြင်ထားပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများသည် ဂါထာမန္တန်များကို အသုံးပြု၍ အားဖြည့်ခြင်းမဟုတ်ဘဲ သဘာဝအတိုင်း တဖြည်းဖြည်း စွမ်းအားပြည့်ဝလာခြင်း ဖြစ်သည်။ ယခင်က ဝိညာဉ်စွမ်းအား ပမာဏသည် တစ်ဆသာ ရှိခဲ့လျှင် ယခုအခါ နှစ်ဆ ဖြစ်လာပြီ ဖြစ်သည်။ အကယ်၍ ဂါထာမန္တန်များနှင့် ပေါင်းစပ်လိုက်ပါက ရလဒ်မှာ ဆိုဖွယ်ရာပင် ရှိတော့မည် မဟုတ်ပေ။
ချန်ရွှင်၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု ပေါ်လာပြီး အဝေးမှ ခမ်းနားထည်ဝါသော တောင်တန်းကြီးများကို လှမ်းမျှော်ကြည့်လိုက်သည်။ ထိုတောင်တန်းများသည် သူ၏ ခြေဖဝါးအောက်တွင် ရှိနေသကဲ့သို့ ခံစားလိုက်ရ၏။ ကမ္ဘာလောကကြီးသည် ကျယ်ပြောလှသဖြင့် မိမိကြိုက်သလို သွားလာနိုင်သည်။ အကယ်၍ မဖြေရှင်းနိုင်သော ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရပါက ပြေးမလွတ်လျှင် သေဆုံးရုံသာ ရှိသည်။ နှစ်တစ်ရာကျော် အသက်ရှင်နေထိုင်ရခြင်းသည် နေ့ရက်တိုင်း အမြတ်ထွက်နေခြင်းပင် ဖြစ်သည်။
"နွားကြီး... ကျင့်စဉ် လာကျင့်ကြစို့... မြန်မြန်လာခဲ့... ငါ မင်းကို သေချာ ရှင်းပြမယ်"
"မွန်း..."
နွားနက်ကြီးသည် ချက်ချင်းပင် စိတ်ဆိုးပြေသွားပြီး အလျင်အမြန် ပြေးလာကာ ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်လေသည်။ ချန်ရွှင်သည် စာလုံးတစ်လုံးချင်းစီကို အသေးစိတ် ရှင်းပြပေးရာ အတွေ့အကြုံများပြားလှသဖြင့် နွားနက်ကြီးသည် ဘေးနားတွင် ထိုင်လျက် ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေသည်။ နေ့ဝက်ခန့် ကြာသောအခါ နွားနက်ကြီးသည် ဂူအပြင်ဘက်၌ စတင် ကျင့်ကြံလေတော့သည်။ ဂူပြိုကျမည်ကို စိုးရိမ်သဖြင့် အတွင်းထဲတွင် တော့ မကျင့်ကြံဝံ့ပေ။
ချန်ရွှင်သည် စမ်းချောင်းဘေးတွင် ရပ်လျက် နတ်အသိဖြင့် နွားနက်ကြီးကို စောင့်ကြည့်နေရင်း သိုလှောင်အိတ်ထဲမှ ရေခဲမီးတောက်ဆေးမီးဖို ကို ထုတ်ယူလိုက်သည်။ သူသည် မျက်လုံးကို အနည်းငယ် မှေးစင်းလိုက်သည်။ ဤပစ္စည်းသည် သူတစ်သက်တာ ဝယ်ယူဖူးသမျှထဲတွင် ဈေးအကြီးဆုံး ပစ္စည်းတစ်ခု ဖြစ်သည်။
နေရောင်အောက်တွင် အပြာရောင် မီးဖိုကိုယ်ထည်သည် ခရမ်းရောင်များနှင့် ရောယှက်နေပြီး ထူးဆန်းသော အလင်းရောင်များ လက်ခနဲ ဖြတ်သန်းသွားကြသည်။ မီးဖိုသည် ရှေးဆန်ပြီး နှစ်ကာလ ကြာမြင့်စွာ ဖြတ်သန်းခဲ့ရသည့် အငွေ့အသက်များ ရှိနေသော်လည်း အတွင်းပိုင်းတွင်မူ ပျက်စီးမှု အနည်းငယ် ရှိနေသည်။ မည်သည့် ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို မသိရသော်လည်း ထုခွဲလိုက်ပါက ဈေးကောင်းရနိုင်မည့် ပုံစံမျိုး ဖြစ်သည်။
သူသည် နတ်အသိကို မီးဖိုထဲသို့ ထည့်သွင်းကာ စစ်ဆေးလိုက်သည်။ အညစ်အကြေးများကို လုံးဝ မကျန်စေရအောင် ဖယ်ရှားပစ်၏။ ဤကျင့်ကြံခြင်းလောကတွင် နည်းလမ်းပေါင်းစုံ ရှိသဖြင့် မပေါ့ဆရဲပေ။ ရောင်းချသော လေလံဒိုင် ပြောသည့်အတိုင်းပင် ဤမီးဖိုသည် နတ်အသိနှင့် အလွန် လိုက်ဖက်ညီပြီး မည်သည့် အတားအဆီးမျှ မရှိဘဲ ချောမွေ့နေသည်။
"ပြီးပြည့်စုံတယ်... ငါ တော်တော် သဘောကျသွားပြီ"
ချန်ရွှင်သည် မီးဖိုကို ပွတ်သပ်ကြည့်လိုက်သည်။
"တကယ်လို့ မင်းသာ တစ်ကယ်ကောင်းမယ်ဆိုရင် ငါ့ရဲ့ ရွှေအမြူတေထဲမှာ ထည့်ပြီး ပျိုးထောင်ပေးမယ်"
သူသည် တတဟဲဟဲ ရယ်မောလိုက်သည်။ ရွှေအမြူတေ ငါးခုတွင် နေရာလွတ်များ ရှိနေသေးသည်။ အကယ်၍ ရွှေအမြူတေအဆင့် ကျင့်ကြံသူများသာ ဤအဖြစ်ကို မြင်တွေ့သွားပါက သူ့အား မနာလိုဖြစ်ကာ ကျင့်ကြံခြင်းလောက၏ ရန်သူတော်ကြီးအဖြစ် သတ်မှတ်ကုန်ကြပေလိမ့်မည်။
"သွားစမ်း"
ချန်ရွှင် လက်ကို ဝှေ့ယမ်းလိုက်ရာ မီးဖိုသည် ဝဲကတော့ပုံစံ လည်တက်သွားပြီး ရေပြင်ပေါ်တွင် ငြိမ်သက်စွာ ဝဲပျံနေသည်။ သူသည် ချက်ချင်း တင်ပျဉ်ခွေ ထိုင်လိုက်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ဝိညာဉ်ဆေးပင် အချို့သည် မီးဖိုထဲသို့ ဝင်ရောက်သွားကြသည်။ ချန်ရွှင်၏ ခန္ဓာကိုယ်ထဲမှ ဆေးမီးတောက်များ တိတ်တဆိတ် ထွက်ပေါ်လာ၏။ ထိုမီးတောက်သည် လှပသော မီးတောက်ကလေး ဖြစ်သော်လည်း အပူချိန် လုံးဝ မရှိဘဲ သာမာန် ပုံစံသာ ရှိသည်။ သို့သော် စမ်းချောင်းရေများသည် ထိတ်လန့်သွားသကဲ့သို့ မီးတောက်ကို ရှောင်ဖယ်ကာ လမ်းကြောင်းခွဲ၍ စီးဆင်းသွားကြသည်။
"ဒီမီးဖိုက... အဝါရောင်အဆင့် မီးဖိုတွေထက် ပိုကောင်းတာ သေချာတယ်"
ချန်ရွှင်သည် စိတ်ထဲတွင် ကျေနပ်သွားသည်။ ဓာတ်ငါးပါး ဆေးမီးတောက်၏ စွမ်းအားသည်လည်း တဖြည်းဖြည်း မြင့်တက်လာပြီး ဝိညာဉ်ဆေးပင်များမှ ဆေးရည်များကို လျင်မြန်စွာ သန့်စင်ပေးနေသည်။ ထိုအချိန်တွင် မီးဖိုသည် ရုတ်တရက် ပြောင်းလဲသွားသည်။ ဓာတ်ငါးပါး စွမ်းအားကြောင့် မီးဖိုမှ အသံမြည်လာပြီး အရောင်မှာ ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။ မီးဖိုထဲမှ ဆေးအာနိသင်များသည် အပြင်သို့ လုံးဝ ထွက်မသွားဘဲ အတွင်းတွင်သာ စုစည်းနေကြ၏။
ချန်ရွှင် မျက်လုံးများ ပြူးကျယ်သွားသည်။ ဆေးဖော်လာသည်မှာ နှစ်ပေါင်းရာချီနေပြီ ဖြစ်သော်လည်း ဤကဲ့သို့ အခြေအနေမျိုး တစ်ကြိမ်တစ်ခါမျှ မကြုံဖူးပေ။ ယခင်က မီးအပူချိန်၊ နတ်အသိနှင့် နည်းစနစ်များ လိုအပ်ချက် ရှိခဲ့လျှင် ဆေးရည်များ ပျက်စီးသွားတတ်သည်။ ယခုအခါတွင်မူ မီးဖိုက အတင်း စုစည်းပေးထား၏။ ဤမီးဖိုကား သာမန် မဟုတ်ပေ။
"ငါ့ရဲ့ ဓာတ်ငါးပါး ရွှေအမြူတေ စွမ်းအားကြောင့်များလား... ဒါမှမဟုတ် အဆင့်တက်သွားတဲ့ ဝိညာဉ်စွမ်းအားကြောင့်လား... ဆေးမီးတောက်က ပြောင်းလဲသွားတာလား"
ချန်ရွှင် အတွေးနက် သွားသည်။ ဤပစ္စည်းသည် ရှေးဟောင်း အမွေအနှစ် ဖြစ်သည်ဟု ကြားသိရရာ ရှေးခေတ်က ဓာတ်ငါးပါး ဝိညာဉ်အမြစ် ပိုင်ရှင် ဆေးပညာရှင်များ သုံးစွဲခဲ့သော ပစ္စည်းများ ဖြစ်နေမည်လော။
"ဟဲဟဲ... ဘယ်ဖြစ်နိုင်မလဲ... ဒါက အစုတ်ကြီးပဲဟာ"
ချန်ရွှင် ခေါင်းခါလိုက်သည်။ ဤကဲ့သို့ ကံကောင်းမှုမျိုး သူတို့ဆီ ရောက်လာစရာ အကြောင်း မရှိပေ။ ချောက်ကမ်းပါး အောက်ခြေများ၊ ဂူများစွာကို ရှာဖွေခဲ့သော်လည်း ဘာမျှ မတွေ့ခဲ့ရသည် မဟုတ်ပါလား(ချောက်ကြီးထဲကျ သိုင်းကျမ်းကောက်ရ)။ သို့သော် သူ့မျက်လုံးထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ရှိနေသည်။ အသက်ရှည်ရှည် နေရလျှင် ကံကောင်းခြင်းများ ရောက်လာတတ်သည် ဆိုသော စကားမှာ ဖြစ်နိုင်ချေ ရှိပေသည်။
အခြားတစ်ဖက်တွင် နွားနက်ကြီးသည် မူလ အသွင် အတိုင်း ပြန်လည် ဖြစ်ပေါ်နေသည်။ ဦးချိုများသည် ထက်မြက်မာကျောနေပြီး ထူထဲသော အမွေးများက သူ့အား ခန့်ညားထည်ဝါသော ပုံစံကို ပေးစွမ်းနေသည်။ ရောင်စုံ ဝိညာဉ်စွမ်းအား ငါးခုသည် ချန်ရွှင်ကဲ့သို့ပင် နွားနက်ကြီး၏ ကိုယ်ပတ်လည်တွင် ဝန်းရံနေသည်။ ချန်ရွှင် ကြည့်ရင်း အားကျမိသည်။ နွားထီးအလွန်ပီသသည့် ပုံစံမျိုး ဖြစ်သည်။ နွားအုပ်ထဲသာ ရောက်သွားလျှင် နွားပျိုမလေး ဘယ်နှကောင်လောက်ကို ဖမ်းစားနိုင်မလဲ မသိနိုင်ပေ။
စမ်းချောင်းဘေးတွင် ဆေးမီးဖို အပြင် အမွှေးတိုင်အိုးများနှင့် ကြိုးကြာဖြူသစ်သားဖြင့် ပြုလုပ်ထားသော ရုပ်တုများကိုပါ စီထားသည်။ ရုပ်တုများမှာ လက်ရာအတော်ပင်ကြမ်းသည်။ ပတ်ဝန်းကျင်တွင် ဝိညာဉ်စွမ်းအားများ တက်ကြွနေပြီး အမွှေးတိုင် မီးခိုးများ ထွက်ပေါ်နေသည်။ နတ်မင်းများကို ပူဇော်ရန်ဖြစ်သည်။
"ဆေး စဖော်ပါတော့မယ်... နတ်ကောင်းနတ်မြတ် အပေါင်းတို့ စောင့်ရှောက်တော်မူကြပါ... ကျုပ် ချန်ရွှင် ကို စောင်မကြပါ… အမွေးတိုင် အလင်းတိုင်တွေနဲ့ မပြတ်တမ်းပူဇော်ပါ့မယ်"
ချန်ရွှင်၏ မျက်လုံးများတွင် အလွန် ကြည်ညိုလေးစားမှုများ ပေါ်နေပြီး ဓာတ်ငါးပါး ဆေးအတွက် လိုအပ်သော ဝိညာဉ်ဆေးပင်များကို ထုတ်ယူကာ ဆေးစတင်ဖော်စပ်လေသည်။ တစ်ဖက်ကလည်း နွားနက်ကြီးကို စောင့်ကြည့်နေ၏။ မီးဖိုသည် လေပေါ်သို့ မြောက်တက်သွားပြီး ဆေးပင်များ တစ်ပင်ပြီး တစ်ပင် ဝင်ရောက်သွားကာ ဆေးရနံ့များ သင်းပျံ့လာသည်။
"ဒီနှစ် ကိစ္စရှိလို့ လေလံပွဲ တစ်ခု လွတ်သွားခဲ့ပြီ... မိတ်ဆွေတို့ရေ... နောက်ထပ် နှစ်တစ်ရာကျမှ ပြန်ဆုံကြမယ်"
ချန်ရွှင် အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ နတ်အသိသည် မီးဖိုထဲတွင် လှည့်ပတ်နေပြီး ဆေးမီးတောက်သည် ယခင်ကထက် ပိုမို သိပ်သည်းလာ၏။
......
ကျင့်ကြံခြင်းတွင် အချိန်ကာလ မရှိသကဲ့သို့ ဆေးဖော်စပ်ခြင်းတွင်လည်း အချိန်ကာလ မရှိပေ။ ယွီရွှပ်မြို့၏ နှစ်တစ်ရာ ပြည့် ညီလာခံကြီးသည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဂိုဏ်းပေါင်းစုံမှ ကျင့်ကြံသူများသည် မြို့ထဲမှ ထွက်ခွာသွားကြသည်။ ကျင့်ကြံသူ အများအပြားသည် လျှို့ဝှက်နယ်မြေများကို အတူတကွ သွားရောက် ရှာဖွေကြသည်။ မြို့အနောက်ဘက်ခြမ်းတွင်တော့ စည်ကားနေဆဲပင်။ ကျင့်ကြံခြင်းလောက၏ ထိပ်သီးများသည် ကိစ္စကြီး တစ်ခုခုကို ဆွေးနွေးတိုင်ပင်နေကြပုံ ရသည်။ မိမိတို့၏ အင်အားနှင့် ရည်မှန်းချက်များ ကြီးထွားလာမှုကြောင့် လှုပ်ရှားချင်နေကြပြီ ဖြစ်သည်။ မည်သည့်နေရာတွင် မည်သို့ပြိုင်ဆိုင်ကြမည်ဆိုသည်ကိုတော့ မသိပေ။ မြို့ပြင် ကောင်းကင်တွင် လှေပျံကြီးများ၏ အသံများ မြည်ဟည်းနေပြီး မိုးပျံသားရဲများလည်း ကောင်းကင်တွင် ပြည့်နှက်နေသည်။
နိုင်ငံအသီးသီးမှ လာရောက်ကြသော ကျင့်ကြံသူများသည် ယွီရွှပ်မြို့တွင် ဆက်လက် နေထိုင်ကြသဖြင့် မြို့သည် ယခင်ကဲ့သို့ ပြန်လည် တည်ငြိမ်သွားသော်လည်း အနည်းငယ် လှုပ်ရှားမှုများကတော့ ရှိနေဆဲပင်။ ချင်ရှန်းတောင် တွင် အချို့သော ကျင့်ကြံသူများ သေဆုံးသွားကြသည်၊ အချို့က ဂူများကို ဝယ်ယူကြသည်၊ အချို့က သက်တမ်းကုန်ဆုံး၍ ထွက်ခွာသွားကြသည်။ အချိန်ကာလသည် ကျင့်ကြံသူများအပေါ် သက်ရောက်မှု နှေးကွေးသော်လည်း ကျင့်ကြံခြင်းလောက၏ ဖြစ်ပျက်မှုများကို ဆက်လက် ပုံဖော်နေဆဲပင်။
အချိန်ကာလသည် ရက်စက်သော်လည်း အချိန်မြစ်ရေစီးကြောင်းထဲမှ ဓားပြကြီး နှစ်ဦးဖြစ်သော ချန်ရွှင်နှင့် နွားနက်ကြီး တို့ကိုတော့ မေ့လျော့ထားခဲ့ပုံ ရသည်။
"အသက်ရှည်ရတာ ကောင်းလိုက်တာ....."
"မွန်း မွန်း..."
စမ်းချောင်းဘေးတွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် သူတို့ ကိုယ်တိုင် စပ်ဆိုထားသော အမတ သီချင်း' ကို သီဆိုနေကြသည်။ နွားနက်ကြီးသည် လွန်ခဲ့သော တစ်လကပင် ကျင့်ကြံခြင်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ စိတ်ရှုပ်ထွေးမှု မရှိခြင်းနှင့် အတွေ့အကြုံများစွာ သင်ကြားခံထားရခြင်းတို့ကြောင့် ချန်ရွှင်ထက် များစွာ လျင်မြန်နေသည်။ ချန်ရွှင်လည်း ဆေးဖော်ပြီးသွားပြီ ဖြစ်သည်။ ဆေးအောင်မြင်မှု နှုန်းထား (၃၀) ရာခိုင်နှုန်း တိုးတက်လာခြင်းက ဆေးမီးဖိုကြောင့် ဖြစ်သည်မှာ သေချာသည်။ သူတို့သည် တစ်ရက်တာ အနားယူကြသည်။ စမ်းချောင်းဘေးတွင် သီချင်းဆိုခြင်း၊ နေထွက်ချိန် နေဝင် ချိန်များကို ကြည့်ရှုခြင်း၊ အနာဂတ်ကို စိတ်ကူးယဉ်ခြင်းတို့ဖြင့် အပန်းဖြေကြပါသည်။
အခန်း (၁၃၂)
"နွားကြီး... ငါ နောက်ထပ် နှစ်တစ်ရာ စီမံကိန်း ရေးဆွဲပြီးပြီ"
ချန်ရွှင်သည် စာအုပ်ငယ်လေးကို ထုတ်ယူကာ နွားနက်ကြီး၏ မျက်စိရှေ့တွင် ပြသလိုက်သည်။
"မင်း ဖြည့်စွက်စရာ ရှိသေးလား ကြည့်ပါဦး"
"မွန်း"
နွားနက်ကြီးက ခေါင်းညိတ်လိုက်သည်။
"မွန်း မွန်း"
နွားနက်ကြီး စိတ်လောသွားပြီး စာလုံးအချို့ အလျင်အမြန် ရေးပြလိုက်သည်။ လေလံပွဲ နှစ်ခုမှာ ဘာတွေ ရောင်းချခဲ့လဲ ဆိုတာကိုလည်း သိအောင် လုပ်ရမည်။ သူတို့၏ ဗဟုသုတ ကြွယ်ဝမှုသည်လည်း ကျင့်ကြံခြင်း၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်ဟု ဆိုသည်။ ချန်ရွှင် သဘောပေါက်သွားပြီး ချက်ချင်း ဖြည့်စွက်လိုက်သည်။ အမြဲတမ်း လိုအပ်ချက်များ ရှိနေတတ်စမြဲပင်။
ထိုအချိန်တွင် နေရောင်ခြည်သည် သစ်ရွက်များကြားမှ ဖြတ်သန်းကာ ရွှေရောင် အစက်အပြောက်လေးများအဖြစ် သူတို့နှစ်ဦး၏ ကိုယ်ပေါ်သို့ ကျရောက်နေသည်။ သူတို့သည် စာရေးလိုက်၊ ငြင်းခုံလိုက် ဖြစ်နေကြသည်။ စမ်းချောင်းရေပြင်သည် ကြည်လင်နေပြီး ကောင်းကင်ပြာနှင့် တိမ်ဖြူဖြူများကို ထင်ဟပ်နေသည်။ သူတို့သည် ယခုနှစ်အတွက် သက်တမ်းအမှတ်များကို ခံစစ်စွမ်းရည် တွင် ပေါင်းထည့်လိုက်ကြလေသည်။
နောက်တစ်နေ့တွင် စီမံကိန်း စတင်လေပြီ။ ဦးစွာ ကျင့်ကြံမှုအဆင့်ကို အကန့်အသတ်မရှိ တိုးမြှင့်ရမည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဂူကို ပိတ်လိုက်ပြီး မလိုအပ်သော လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြသည်။ နွားနက်ကြီးသည် ဝိညာဉ်သားရဲ ဂူပေါက်ထဲတွင် ဝိညာဉ်ဆေးပင်များကို ပျိုးထောင်နေပြီး ချန်ရွှင်က ဆေးဖော်ခန်းထဲတွင် ဆေးဖော်နေသည်။ ထို့နောက် ဓာတ်ငါးပါးဆေး ကို စားသုံးပြီး အတူတူ ကျင့်ကြံကြသည်။ ဂူအတွင်းအပြင် ဆူညံသံများ တိတ်ဆိတ်သွားပြီး လေတိုက်သံနှင့် ရေစီးသံများသာ ကျန်ရစ်တော့သည်။
ဆောင်းကုန်၍ နွေကူးလာသည်။ ရံဖန်ရံခါ နှင်းထုကြီးများ သည် မြေပြင်ကို ဖုံးလွှမ်းသွားသည်။ ပတ်ဝန်းကျင်ရှိ ကြိုးကြာဖြူသစ်ပင်များသည် ကြံ့ကြံ့ခံ ရပ်တည်နေကြသည်။ ဤသစ်ပင်များသည် အများအားဖြင့် တွေ့ရလွယ်ကူသော်လည်း သေချာ စဉ်းစားကြည့်ပါက ကျင့်ကြံခြင်းလောက၏ နံပါတ်တစ် ထူးဆန်းသော သစ်ပင်ဟု ဆိုရပေမည်။ ဂူအတွင်းအပြင်ကို အစီအရင်ဖြင့် ဖုံးကွယ်ထားသဖြင့် အသံများ ထွက်ပေါ်လာခြင်း မရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။ ရံဖန်ရံခါ ဂူအတွင်းမှ ကြောက်မက်ဖွယ် စွမ်းအင်များ ထွက်ပေါ်လာသဖြင့် ကြိုးကြာဖြူသစ်ပင်မှ အရွက်ဝါများ ကြွေကျလာတတ်သည်။
ချင်ရှန်းတောင် တွင် ပြန်မလာတော့သော ကျင့်ကြံသူများ များပြားလာသည်။ လျှို့ဝှက်နယ်မြေများကို အတူတကွ သွားရောက် ရှာဖွေရာမှ ကျင့်ကြံခြင်း အတွေ့အကြုံများကို ဖလှယ်ရင်း စိတ်ဖောက်ပြန်ကာ သေဆုံးသွားကြခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ယွီရွှပ်မြို့သည် ကျင့်ကြံခြင်းလောက၏ စည်ကားသော မြို့တော်အဖြစ် တည်ရှိနေဆဲ ဖြစ်သည်။ အချို့သော အဆင့်မြင့်ကျင့်ကြံသူများသည် ဝိညာဉ်ကျောက်တုံး သောင်းချီ သုံးစွဲကြသလို အချို့သော အဆင့်နိမ့်ကျင့်ကြံသူများသည် ဝိညာဉ်ကျောက်တုံး အနည်းငယ်အတွက် ရက်ပေါင်းများစွာ အလုပ်လုပ်ကြရသည်။ ကောင်းကင်ကြီးက ထိုအတိုင်းပင် ရှိနေသော်လည်း လူများကမူ ပြောင်းလဲသွားကြပြီ ဖြစ်သည်။
အချိန်ကာလများ ကုန်ဆုံးသွားသည်။ ပြန်လှည့်ကြည့်လိုက်သောအခါ ချန်ရွှင်နှင့် နွားနက်ကြီးတို့သာ အတူတူ ကျန်ရစ်ခဲ့ကြသည်။ နှစ်ပေါင်း (၁၀၀) ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဖိနပ်သံများ ထွက်ပေါ်လာသည်။ ဂူအတွင်းမှ လူတစ်ယောက်နှင့် နွားတစ်ကောင် ဖြည်းညှင်းစွာ ထွက်လာကြသည်။ သူတို့၏ ပတ်လည်တွင် ဝိညာဉ်စွမ်းအားများ ဝန်းရံနေပြီး သဲမှုန်များ လွင့်ပျံနေကာ လမ်းဖယ်ပေးနေသကဲ့သို့ ရှိသည်။ သူတို့၏ နတ်အသိ သည် ဂူအတွင်းအပြင် နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားသည်။ သူတို့သည် ျနေရာတိုင်း၏ ပြောင်းလဲမှုများကို မှတ်သားလိုက်ပြီး သံသယဖြစ်ဖွယ်ရာများကို စစ်ဆေးနေသည်။
"ဟဲဟဲ"
"မွန်း"
သူတို့၏ မျက်လုံးများသည် အေးစက်နေကြပြီး တိုးညှင်းစွာ ရယ်မောလိုက်ကြသည်။ ဘေးပတ်ဝန်းကျင်တွင် သက်တံရောင် အလင်းတန်းများ တောက်ပနေပြီး မိုးခြိမ်းသံများ ထွက်ပေါ်နေသည်။ မည်သည့် ကျင့်ကြံသူကမျှ ထိုကဲ့သို့ သိပ်သည်းသော ဝိညာဉ်စွမ်းအားများကို လာရောက် စမ်းသပ်ရဲမည် မဟုတ်ပေ။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ အကြည့်ချင်း ဆုံလိုက်ကြပြီး နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားကြသည်။
နောက်ဆုံးတွင် မရေမတွက်နိုင်သော ဝိညာဉ်ဆေးပင်များနှင့် ဆေးဝါးများကို အသုံးပြုပြီးနောက် အဆင့်တက်နိုင်ခဲ့ကြပြီ။ ကုန်ကျစရိတ်မှာ ဂိုဏ်းကြီးတစ်ဂိုဏ်းပင် ဒူးထောက်သွားရလောက်အောင် များပြားလှသည်။ ရွှေအမြူတေ အလယ်အလတ်အဆင့် အဆင့်မြင့်ကျင့်ကြံသူများ ဖြစ်လာကြပြီ။ ခန္ဓာကိုယ်၊ ဝိညာဉ်စွမ်းအားနှင့် နတ်အသိ တို့သည် အဆင့်အတန်း တစ်ခု မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။ ထိုပြောင်းလဲမှုသည် လောကတွင် အကောင်းမွန်ဆုံးသော အရာတစ်ခုကဲ့သို့ ခံစားရစေသည်။ ဤသည်မှာ စနစ် ၏ အမှတ်ပေါင်းထည့်ရုံဖြင့် မရနိုင်သော အရာများ ဖြစ်သည်။ သဘာဝတရား၏ စွမ်းအားသည် နက်ရှိုင်းကျယ်ပြန့်လှပြီး ထာဝရအသက်ရှင်သူများပင်လျှင် တစ်စိတ်တစ်ဒေသကိုသာ သိမြင်နိုင်ကြသည်။
ဓာတ်ငါးပါးဆေး သည်လည်း အကန့်အသတ်သို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် သူတို့၏ ကျင့်ကြံမှုကို ဆက်လက် မတိုးမြှင့်ပေးနိုင်တော့ပေ။ သို့သော် သူတို့၏ ခန္ဓာကိုယ်ထဲရှိ ရွှေအမြူတေများသည် ပိုမို ကြီးမားလာပြီး အရောင်များလင်းလက်လာကာ မှိန်ဖျော့ခြင်း မရှိတော့ပေ။
"နွားကြီး... ရက်နည်းနည်းလောက် နားပြီးရင် နောက်ထပ် နှစ်တစ်ရာ စီမံကိန်း ရေးဆွဲကြမယ်"
ချန်ရွှင်၏ မျက်နှာက တည်ငြိမ်နေသည်။ အရာအားလုံးသည် သဘာဝအတိုင်း ဖြစ်ပျက်လာခြင်းသာ ဖြစ်သည်။
"တောင်အောက်ဆင်းမယ်... လျှပ်စီးနီ ဝံပုလွေ နှစ်ကောင် ဝယ်မယ်"
"မွန်း"
"ဒီနေ့ ငါ ပျော်တယ်ကွ"
"မွန်း"
"ဟားဟားဟား..."
ဂူအပြင်ဘက်တွင် ကျယ်လောင်သော ရယ်မောသံကြီးများနှင့် နွားအော်သံများ ထွက်ပေါ်လာသည်။ သူတို့၏ ပုံရိပ်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တောင်အောက်သို့ ဆင်းသွားကြသည်။
ဤနှစ်တစ်ရာ အတွင်း သက်တမ်းအမှတ် များကို ခံစစ်စွမ်းရည် ၊ မူလစွမ်းအင် နှင့် အမြန်နှုန်း တို့တွင် ပေါင်းထည့်ခဲ့ကြသည်။ ယခု သူတို့၏ အမှတ်များမှာ ခွန်အား ၉၀၊ အမြန်နှုန်း ၁၃၉ (၉၀)၊ မူလစွမ်းအင် ၁၄၀ (၉၀)၊ ဝိညာဉ်စွမ်းအား ၁၄၀ (၉၀)၊ ခံစစ်စွမ်းရည် ၁၄၀ (၉၀) တို့ ဖြစ်ကြသည်။
သို့သော် ဤတစ်ကြိမ် နှစ်တစ်ရာပြည့် ညီလာခံကြီးကို သူတို့ လွဲချော်သွားခဲ့ကြသည်။ အသားသွားဝယ်ရင်း လေလံပစ္စည်းများကို စုံစမ်းမေးမြန်းနေခဲ့ကြသည်။ သို့သော် နှစ် (၈၀၀) သက်တမ်းရှိ မြေကမ္ဘာမြက် ပါဝင်ကြောင်း ကြားသိလိုက်ရသောအခါ သူတို့ အလွန် နောင်တရကြသည်။ နတ်ကောင်းနတ်မြတ်များ မစောင်မပါလားဟု ဆိုကာ ပူဇော်ရန်ပြင်ဆင်ကြသည်။
သို့သော် ဘဝဆိုသည်မှာ ပြည့်စုံလွန်းနေလျှင် ကောင်းမည် မဟုတ်ပေ။ အနည်းငယ် နောင်တရစရာများ ရှိနေမှသာ ကျင့်ကြံခြင်း ဘဝသည် ပိုမို လှပပေလိမ့်မည်။ အပြန်လမ်းတွင် သူတို့သည် ရှုရှင်းမျှော်စင် သို့ သွားရောက်ပြီး ဂူငှားရမ်းခ နှစ် (၂၀၀) စာ ထပ်မံ ပေးသွင်းခဲ့ကြသည်။ မျက်နှာစိမ်း ကျင့်ကြံသူ တစ်ဦးက လက်ခံဆောင်ရွက်ပေးခဲ့ပြီး နောက်တစ်ခါ ပြန်လာအားပေးပါဦး ဟု ပြောခဲ့သည်။
ချင်ရှန်းတောင်၊ အဝါရောင်အဆင့် ဂူ၊ ညအချိန်
ချန်ရွှင်သည် ဟင်းကောင်းတစ်ခွက် ချက်ပြုတ်ပြီးနောက် သူတို့ ကြယ်ရောင်အောက်တွင် ထိုင်ကာ အနာဂတ်အကြောင်း ဆွေးနွေးနေကြသည်။ မူလဂျင်ဆင်း ကို သူတို့ အကန့်အသတ်မရှိ ပွားများအောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ မြေကမ္ဘာမြက် နှင့် ညဖြူမှို သာ လိုတော့သည်။ ထိုအရာများ ရရှိပါက မူလဆေး ကို ဖော်စပ်နိုင်ပြီ ဖြစ်သည်။
"နွားကြီး... ငါတို့ လောစရာ မလိုပါဘူး"
ချန်ရွှင် တဟဲဟဲ ရယ်မောလိုက်သည်။ လက်ထဲတွင် စမ်းချောင်းရေကို ခပ်ယူထားပြီး လရောင်အောက်တွင် ရေများ လက်လက်ထနေသည်။
"ငါ့ရဲ့ ပုဆိန်သိုင်းကွက်တွေနဲ့ မင်းရဲ့ အစီအရင်တွေ... ပြီးတော့ ငါတို့ရဲ့ မူလက်နက်တွေ ၊ ဝိညာဉ်ကျောက်တုံး ရှာဖွေရေး စီမံကိန်းတွေ အကုန်လုံးကို ဒီနောက်ပိုင်း နှစ်တစ်ရာမှာ အစပြုရမယ်... နောက်ဆုံးကျမှ လေလံပွဲ သွားတက်ကြမယ်"
"မွန်း မွန်း"
နွားနက်ကြီး သည် ပြုံးရွှင်နေသည်။ သူ ဘယ်တုန်းကမှ မလောခဲ့ဖူးပေ။ သူသည် ခွာဖြင့် ရေကစားနေရင်း ရုတ်တရက် ကြိုးကြာဖြူသစ်ပင် ကို လှမ်းကြည့်လိုက်သည်။
ချန်ရွှင်က ဆေးမီးဖိုကို မူလလက်နက် အဖြစ် ပြုလုပ်လိုကြောင်း ပြောဖူးသည်။ သူကလည်း အစီအရင်အလံ များကို မူလလက်နက် အဖြစ် ပြုလုပ်ပြီး အဓိက ထိန်းချုပ်မှု တစ်ခု အနေဖြင့် ထားရှိချင်သည်။
"ဘာဖြစ်လို့လဲ နွားကြီး"
ချန်ရွှင်လည်း ကြိုးကြာဖြူသစ်ပင် ကို ကြည့်လိုက်သည်။
"မွန်း မွန်း"
နွားနက်ကြီးသည် ရုတ်တရက် ခြေ၊ လက်များ လှုပ်ရှားလျက် အော်ဟစ်လိုက်လေ၏။
"မင်းက အစီအရင်အလံ တစ်စုံကို မူလလက်နက် အဖြစ် လုပ်ချင်တာလား... ပြီးတော့ ကြိုးကြာဖြူသစ်ပင် ကို သုံးချင်တာလား"
ချန်ရွှင်သည် ခေါင်းခါယမ်းလျက် တဟားဟား ရယ်မောလိုက်လေသည်။
"မင်း မေ့သွားပြီလား... အစီအရင်အလံ တွေက ထူးခြားတဲ့ ကုန်ကြမ်းပစ္စည်းတွေနဲ့ လုပ်ရတာလေ... အဲဒါတွေကမှ ပြည့်ဝတဲ့..."
"မွန်း"
နွားနက်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် ချန်ရွှင်၏ ဘေးသို့ ပြေးလွှားသွားလေ၏။
သို့သော် ချန်ရွှင်၏ ဦးခေါင်းထဲတွင် အလင်းတန်း တစ်ချက် လက်ခနဲ ဖြစ်သွားပြီး မျက်လုံးများ မှေးကျဉ်းသွား၏။
"ဝိညာဉ်စွမ်းအင်... ဒါမှ ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်နိုင်ပြီး အစီအရင်ရဲ့ အစွမ်းသတ္တိကို ရရှိနိုင်မှာ"
ချန်ရွှင်သည် ကြိုးကြာဖြူသစ်ပင်ကို ဖြည်းညှင်းစွာ ကြည့်လိုက်လေ၏။ ဤသစ်ပင်သည် မွေးရာပါ ဝိညာဉ်စွမ်းအင် ပါရှိသော သစ်ပင် မဟုတ်ပါလား။ သို့သော် ကျင့်ကြံခြင်းလောကရှိ ကြိုးကြာဖြူသစ်ပင် အများစုသည် သက်တမ်း နုနယ်ကြပြီး ပျက်စီးလွယ်သဖြင့် လက်နက်လုပ်ရန် အသုံးမဝင်ကြပေ။ သို့သော် ဤသစ်ပင်သည် သက်တမ်း ရင့်လာပါက အလွန် မာကျောပြီး အသက်စွမ်းအား ကြီးမားကြောင်း သူတို့ သိထားကြသည်။ ထိုကဲ့သို့ သက်တမ်းရင့်သော ကြိုးကြာဖြူသစ်ပင်သည် ဝိညာဉ်စွမ်းအင်များ စုဝေးရာ နေရာတွင်သာ ပေါက်ရောက်နိုင်ပြီး သာမန်လောကတွင် ရှိနိုင်မည် မဟုတ်ပေ။
"ကောင်းပြီ နွားကြီး... အဲဒီကျရင် ငါ စမ်းကြည့်ပေးမယ်... မင်းအတွက် တစ်စုံ လုပ်ပေးမယ်"
ချန်ရွှင်သည် အတွေးနက်သွား၏။
"ဝိညာဉ်ကျောက်တုံး လုံလောက်ရင် လက်နက်လုပ်တဲ့ စာအုပ်တွေနဲ့ အစီအရင် ကုန်ကြမ်းတွေ သွားဝယ်ကြမယ်"
"မွန်း..."
နွားနက်ကြီးသည် ချန်ရွှင်ကို အဆက်မပြတ် ပွတ်သီးပွတ်သပ် လုပ်နေလေ၏။ ၎င်းသည် ပျော်ရွှင်လွန်း၍ ကောင်းကင်ပေါ်သို့ ပျံတက်ချင်စိတ် ပေါက်နေပြီ ဖြစ်သည်။
"နွားကြီး... ငါ ရှိနေသရွေ့ အေးဆေးပဲ"
ချန်ရွှင်သည် နှာခေါင်းရှုံ့လိုက်ပြီး ကမ္ဘာလောကကြီး တစ်ခုလုံးကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
"မစောင်မချင်တဲ့ နတ်မင်းတွေကို ပညာကောင်းကောင်းပြန်ပေးရမယ်….. တောင်းပန်ပါတယ် အကျွန်ုပ်စကားမှားသွားတာပါ အမိုက်အမဲလေးကို အပြစ်မယူပါနဲ့ခင်ဗျာ"
"မွန်း"
နွားနက်ကြီးသည် အလွန်လေးစားသွားပြီး စမ်းချောင်းဘေးတွင် ရေချိုး သန့်စင်ကာ အမွှေးတိုင် ထွန်းညှိလိုက်လေသည်။ ထို့နောက် ချန်ရွှင်၏ ရှေ့ကို တစ်လှမ်းချင်း တိုးကာ ဦးခေါင်းဖြင့် မြေကြီးကို ဆောင့်လျက် ကန်တော့လိုက်သည်။
ဘုန်း...
ငွေရောင် အလင်းတန်း တစ်ချက် လက်သွားပြီး သဲအိတ်ခန့် ပမာဏရှိသော လက်သီးကြီး တစ်လုံး ဝင်ရောက်လာရာ နွားနက်ကြီးသည် လွင့်စင်ထွက်သွားပြီး ဗိုက်ဖြူဖြူကြီးများလင်းခနဲပေါ်လာကာ စမ်းချောင်းအတိုင်း မျောပါသွားလေသည်။ ၎င်း၏ မျက်လုံးထဲတွင် ကြယ်ရောင်စုံများကို မြင်တွေ့လိုက်ရလေ၏။