အကြောင်းမဲ့
Vol. 20 Ch. 191
ခီးလုံဂို့စ်ဟာ လေရဲ့ အကူအညီနဲ့ လူလုပ်ရေကန်တစ်ကို ဖြတ်သန်းပြီး သူ့နောက် လိုက်လာတဲ့လူတွေကို ချန်ထားခဲ့ပါတယ်။
သူဟာ ဘေးပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် ကြည့်ရှုပီးနောက် ရေမြောင်းကနေ ထာ့ဆစ်မြစ်ထဲ ထွက်ပြေးသလိုမျိုး ဖန်တီးပြီး ဘက်ကလင်ရဲ့ ငွေရေးကြေးရေး ဗဟိုချက်မဖြစ်တဲ့ ဟေးစတင်မြို့နယ်ဆီ ခြေဦး လှည့်လိုက်ပါတယ်။
အဲဒီအချိန်မှာ သူ့မြင်ကွင်းတစ်ခုလုံး ရုတ်တရက် ဝေဝါးပြီး သူ့ဘေးပတ်လည်က အရောင်တွေဟာ အမှောင်ထုထဲမှာ စိုရွှဲသွားပါတယ်။
သစ်ပင်စိမ်းတွေဟာ ပိုစိမ်းပြီး အသီးနီတွေတောင် ပိုနီရဲသွားပါတယ်။ မှောင်မိုက် မည်းနက်တဲ့ ရေတွေကလည်း ပိုပြီးတော့ မှောင်သွားပါတယ်။ အရာအားလုံးကို ဆေးရောင်စုံနဲ့ ပက်ဖျန်းလိုက်သလိုပါပဲ။
ကြက်သွေးရောင်လ မှေးမှိန်နေတဲ့ ကောင်းကင်ယံအောက်မှာ စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ လျှို့ဝှက်ဆန်းကြယ် အသိပညာတွေ ပါဝင်နေတဲ့ ရောင်စုံတောက်ကာ ခံညားထည်ဝါနေတဲ့ အကြည်သားရုပ်သွင်တွေ အများကြီး ရှိနေပါတယ်။
ခီးလုံဂို့စ်ဟာ ဇဝေဇဝါ ဖြစ်သွားပြီး လေထဲ မျောနေတာကို သတိထားမိလိုက်ပါတယ်။ သူ့ခြေထောက်အောက်မှာ မှောင်မိုက်တဲ့ရေတွေဟာ သူ့ဆီ မြင့်တက်လာပြီး ရေအောက်က ဖျော့တော့တဲ့ လက်ဖဝါးတွေဟာ သူ့ကို လှမ်းဆွဲပါတယ်။
‘သွားပြီ...’ ခီးလုံဂို့စ်ဟာ ချုံခို တိုက်ခိုက်ခံရပြီဆိုတာကို သိလိုက်ပါတယ်။
ပြီးတော့ ချုံခိုတိုက်ခိုက်သူတွေက သေချာပေါက် အားနည်းမှာ မဟုတ်ပါဘူး။
သူ့ရှေ့မှာ ရုတ်တရက်ဆိုသလို ဧရာမ လူသားပုံစံ အရိုးစုကြီး ပေါ်လာပါတယ်။ ဒီမွန်းစတားက လေးမီးတာမြင့်ပြီး မျက်လုံးအိမ်နေရာမှာ ပိန်းပိန်းပိတ်အောင် မှောင်တဲ့ အနက်ရောင် မီးလျှံတွေ တောက်လောင်နေပါတယ်။ သူ့ခန္ဓာကိုယ်ပေါ်က အရိုးတွေကတော့ ဝေဝါးပြီး ဝိုးတိုးဝါးတား ရှိနေပါတယ်။
ခီးလုံဂို့စ်ဟာ သူ့ရန်သူကို မျက်နှာသေနဲ့ ကြည့်ပြီး နှာခေါင်းရှုံ့လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ဘက်လက်က လက်အိတ်ဟာ တောက်ပတဲ့ အလင်းရောင်ကို ထုတ်လွှတ်ပြီး ရွှေစစ်စစ်နဲ့ လုပ်ထားသလိုမျိုး ပြောင်းလဲသွားပါတယ်။
ခီးလုံဂို့စ်ဟာ နောက်ယိုင်လိုက်ပြီး နေမင်းကို ဖက်ဖို့ ကြိုးစားသလိုမျိုး လက်မောင်းနှစ်ဘက်ကို ဖြန့်လိုက်ပါတယ်။ ဒီအခါမှာ သန့်စင် တောက်ပတဲ့ စီးကြောင်းတစ်ကြောင်းဟာ ကောင်းကင်ယံကနေ ထိုးကျလာပြီး ဧရာမအရိုးစုကြီးကို လွှမ်းမိုးသွားပါတယ်။
ဆေးရောင်စုံခြယ်ထားသလိုမျိုး ဖြစ်နေတဲ့ လောကက တုန်လှုပ်သွားပြီး မည်းနက်နေတဲ့ ရေအောက်က ဖျော့တော့တဲ့ လက်တွေဟာ တစ်ခုချင်း အငွေ့ပျံကုန်ပါတယ်။
ဒါက အလင်းဘုန်းတော်ကြီးရဲ့ သာလွန်စွမ်းအားပါ။ နေဆုံမှတ်လမ်းကြောင်းက သာလွန်စွမ်းအား ဆိုရင်လည်း မမှားပါဘူး။ ဒီစွမ်းအားက ပေတမျိုးတွေအတွက်တော့ လုံးဝကို ငယ်နိုင်ပါ။
တောက်ပတဲ့ အလင်းရောင် ပျောက်ကွယ်သွားတဲ့အခါ ဧရာမအရိုးစုကြီးရဲ့ မည်းနက်နေတဲ့ အနက်ရောင် မီးလျှံတွေဟာ ရုတ်ခြည်း ငြိမ်းသွားပါတယ်။ အဲဒီနောက် ဧရာမအရိုးစုကြီးဟာ တဖြည်းဖြည်းနဲ့ ကြည်ထွက်သွားပြီး နောက်ဆုံး လေထဲမှာပဲ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပါတယ်။
ခီးလုံဂို့စ် အလင်းဘုန်းတော်ကြီး အစွမ်းနဲ့ ဆေးရောင်စုံ လောကကို မဖယ်ရှားနိုင်ခင်မှာဘဲ သူ့မျက်နှာဟာ ရုတ်တရက်ဆိုသလို တောင့်တင်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဘယ်ဘက်မှာ နောက်ထပ် ဧရာမအရိုးစုကြီး ပေါ်လာတာကို တွေ့လိုက်ရတာကြောင့်ပါ။ ဒီအရိုးစုကြီးကလည်း လေးမီးတာမြင့်ပြီး သူ့မျက်လုံးအိမ်မှာ အနက်ရောင်မီးလျှံ တောက်လောင်နေပါတယ်။ ခုနက သူဖျက်ဆီးလိုက်တဲ့ ဧရာမအရိုးစုကြီးနဲ့ တစ်ထေရာတည်းပါပဲ။
အဲဒီနောက် ချက်ချင်းဆိုသလို ခီးလုံဂို့စ်ဘေးမှာ အဲဒီလိုမျိုး ဧရာမအရိုးစုတွေ တစ်ခုပြီးတစ်ခု ပေါ်လာပါတယ်။
တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး...။ တစ်ရာကျော်ပါတယ်။
အနက်ရောင်မီးလျှံတွေ တောက်လောင်နေတဲ့ မျက်လုံးအစုံ တစ်ရာကျော်ဟာ ခီးလုံဂို့စ်ကို တစ်ချိန်တည်းမှာ စိုက်ကြည့်လိုက်ပါတယ်။ သူ့ခြေထောက်အောက်က မှောင်မိုက်နေတဲ့ ရေပြင်ဟာလည်း သူ့ခြေထောက်နဲ့ ထိလုနီးပါးအထိ မြင့်တက်လာပါတယ်။
သွေးဆုပ်နေတဲ့ လက်တွေဟာ အပြင်ကို ထွက်လာပြီး ယက်ကန်ယက်ကန်နဲ့ အသက်ကယ် ကောက်ရိုးမျှင်ကို ဖမ်းဆုပ်ဖို့ ကြိုးစားသလိုမျိုး ဆက်တိုက် ဖမ်းဆုပ်ပါတယ်။
...
“ဖြန့်ကြက်ပြီးလိုက်... ဒီကောင်ကို ချောင်ပိတ်မိအောင် လုပ်ရမယ်...” ရေဖျန်းဘုန်းတော်ကြီး အေ့စနိတ်က ညွှန်ကြားပါတယ်။ သူဟာ လေမုန်တိုင်းတစ်ခု ဖန်တီးပြီး လေထဲမြှောက်တက်ကာ ခီးလုံဂို့စ် ထွက်ပြေးတဲ့ဘက် လိုက်ပါတယ်။
နယ်စားကြီးနီဂန်နဲ့ ကျန်တဲ့လူတွေကတော့ သူတို့ရဲ့ အဆင့်အတန်းကြောင့် ဒဏ်ခတ်သမားတွေနဲ့ မလိုက်ပါဘူး။ အဲဒီအစား ပြတင်းပေါက်တွေ လသာဆောင်တွေမှာ ရပ်ပြီး စောင့်ကြည့်ပါတယ်။ အဲဒီအချိန်ကျမှာပဲ သွေးရူးသွေးတန်း ပြေးနေတဲ့ သာမန် အထက်တန်းလွှာတွေဟာ တဖြည်းဖြည်း ငြိမ်ကျသွားပါတယ်။
အမှောင်ထုနဲ့ အသံမျိုးစုံကြောင့် သူတို့တွေဟာ ဘာဖြစ်သွားတာလဲ ဆိုတာကို တိတိကျကျ မသိပါဘူး။ သို့ပေမဲ့ နယ်စားကြီးနီဂန်ကို တစ်ယောက်ယောက်က လာလုပ်ကြံတာကိုတော့ သူတို့အကုန်လုံး သိကြပါတယ်။
အယ်ဂျာဝဲလ်ဆင်ဟာ မေးကို တင်းတင်းစေ့ပြီး နယ်စားကြီးနီဂန် စံအိမ်ထဲက ပြေးထွက်ကာ မြူနီစပယ် ဥယျာဉ်လမ်းအတိုင်း ဟေးစတင်မြို့နယ်ဆီ ဦးတည်လိုက်ပါတယ်။ သူဟာ မျှော်လင့်ချက် ဘယ်လောက်ပဲနည်းနည်း ဒီအခွင့်အရေးကို လက်လွှတ်မခံလိုပါဘူး။
သို့ပေမဲ့ သူဟာ ရုတ်တရက်ဆိုသလို လေနဲ့အတူပါလာတဲ့ အသံတစ်သံကို ကြားလိုက်ရပါတယ်။
“ဆက်လိုက်ဖို့ မလိုတော့ဘူး”
‘ဆက်လိုက်ဖို့ မလိုတော့ဘူး... ဒါက ရေဖျန်းဘုန်းတော်ကြီး စနိတ်ရဲ့အသံပဲ...’
လေးငါးလှမ်း ပြေးပြီးရုံ ရှိသေးတဲ့ အယ်ဂျာဟာ ရပ်တန့်သွားပြီး နားမလည်တဲ့မျက်နှာနဲ့ ကောင်းကင်ကို လှမ်းကြည့်လိုက်ပါတယ်။ ဒီအခါမှာ မုန်တိုင်း သင်္ကေတတွေနဲ့ တန်ဆာဆင်ထားတဲ့ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ရေဖျန်းဘုန်းတော်ကြီး စနိတ်ဟာ တောအုပ်နဲ့ လူလုပ်ရေကန်အထက်မှာ ရပ်ပြီး အောက်ကို စိုက်ကြည့်နေတာ တွေ့လိုက်ရပါတယ်။
အယ်ဂျာလည်း မျက်မှောင်ကြုတ်သွားပြီး ရေဖျန်းဘုန်းတော်ကြီး စိုက်ကြည့်နေတဲ့နေရာကို နှစ်ခါမတွေးဘဲ အပြေးသွားလိုက်ပါတယ်။ ရေဖျန်းဘုန်းတော်ကြီး စိုက်ကြည့်နေတဲ့ နေရာနားကို ရောက်တဲ့အခါမှာတော့ သူဟာ ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် သင်္ဘောသား အစွမ်းကို သုံးလိုက်ပါတယ်။
ဘုရားသခင်ရဲ့ တေးသီပညာရှင်က ဘာအမူအရာမှ မပြပေမဲ့ သူ့ကိုယ်ဟန်က လေးလေးနက်နက် ရှိတယ်ဆိုတာ သိသာ ထင်ရှားလှပါတယ်။ အနက်ရောင် ဦးထုပ်အောက်က ထွက်ကျနေတဲ့ ဆံပင်ဖြူတွေဟာ လေနဲ့အတူ လူးလွန့်နေပြီး သူ့ရဲ့ ငွေရောင် မျက်လုံးတွေက ပုံမှန်ထက် တည်ကြည်နေပါတယ်။
တောအုပ်ထဲကနေ ပြေးထွက်လာတဲ့ အယ်ဂျာရဲ့ မျက်လုံးထဲကို ကြက်သွေးရောင်လ ရောင်ပြန်ဟပ်နေတဲ့ ကန်ရေပြင် မြင်ကွင်းက အလိုလို ဝင်လာပါတယ်။ ကန်ရေစပ်နားမှာ လူတစ်ယောက် ပေါလောမျောနေပါတယ်။
အဲဒီလူက မေးရိုးကားပြီး မြင်းမြီးပုံကျစ်ထားတဲ့ ဆံပင်ညိုတွေ ရှိပါတယ်။ သူ့ရဲ့ စိမ်းနက်ရောင် မျက်လုံးတွေက ရေခဲလို အေးစက်နေပေမဲ့ ကြောင်တောင်တောင် ဖြစ်နေပါတယ်။
ခီးလုံဂို့စ်။
နောက်တန်း ဗိုလ်ချုပ်ကြီး ဟာရီကိန်း ခီးလုံဂို့စ်။
အယ်ဂျာဟာ မြင်မြင်ချင်းတော့ လန့်သွားပေမဲ့ အဲဒီနောက် ချက်ချင်းဆိုသလို အံ့ဩပြီး ဝမ်းသာသွားပါတယ်။ သူဟာ သူ့မျက်လုံးကိုတောင် သူမယုံနိုင်ပါဘူး။ အမှောင်ထုကြောင့် ထင်ယောင်ထင်မှား ဖြစ်နေတယ်လို့တောင် သံသယ ဝင်သွားပါတယ်။
ဒါပေမဲ့ သူ ဘာမှ မလုပ်နိုင်ခင်မှာဘဲ ခီးလုံဂို့စ်ရဲ့ မျက်နှာက ရုတ်ခြည်း ဆွေးမြေ့သွားတာ တွေ့လိုက်ရပါတယ်။ စိမ်းဝါရောင် အရည်တွေ ထွက်ကျလာပြီး အသားတွေ တစ်စပြီးတစ်စ ကြွေကျကုန်ပါတယ်။
နောက်ဆုံးမှာ ခီးလုံဂို့စ်ရဲ့ မျက်နှာဟာ အရိုးခေါင်းဖြစ်သွားပြီး မျက်လုံးနှစ်လုံးကလည်း မျက်လုံးအိမ်ထဲကနေ ပြုတ်ကျသွားပါတယ်။
ခီးလုံဂို့စ်ဟာ လုံးလုံးလျားလျား ဆွေးမြေ့သွားပြီး တွန့်ခေါက်နေတဲ့ အဝတ်အစား၊ ပုပ်သိုးနေတဲ့ အသားတွေနဲ့ အရိုးဖြူတွေပဲ ကျန်နေခဲ့ပါတယ်။
စက္ကန့်နှစ်ဆယ် မပြည့်ခင်မှာဘဲ ပင်လယ်ဓားပြ ဗိုလ်ချုပ်ကြီး ၇ ဦးထဲက တစ်ဦးဖြစ်တဲ့ ခီးလုံဂို့စ်ဟာ အယ်ဂျာရှေ့မှာ ထူးထူးဆန်းဆန်း သေဆုံးသွားပါတယ်။
ဒီကြောက်စရာကောင်းတဲ့ မြင်ကွင်းဟာ အယ်ဂျာရဲ့ စိတ်ထဲမှာ ကျောက်ထက် အက္ခရာတင်သလို စွဲသွားပါတယ်။ အိပ်မက်ဆိုးတစ်ခု မက်နေတယ်လို့တောင် သူ့ကိုယ်သူ သံသယ ဝင်သွားပါတယ်။
‘ဘာတွေ ဖြစ်နေတာလဲ...’
‘ခီးလုံဂို့စ်က လွတ်သွားတာ မဟုတ်ဘူးလား...’
‘ဘယ်လို ဖြစ်ပြီး ဒီနေရာမှာ ဒီလိုမျိုး ထူးထူးဆန်းဆန်း သေသွားရတာလဲ...’
‘သူ ဘာနဲ့ တွေ့လို့ ဒီလောက် အချိန်တိုလေးအတွင်းမှာ အသက်ဆုံးသွားရတာလဲ...’
‘သူက ဆုံမှတ် ၆ လေဆုမွန်... ငဆာမွတ်ကိုလည်း ပိုင်ထားတယ်’
‘ဘယ်သူ့လက်ချက်လဲ...’
‘ဘာရည်ရွယ်ချက်နဲ့ ခီးလုံဂို့စ်ကို သတ်တာလဲ...’
အယ်ဂျာရဲ့ ခေါင်းထဲမှာ အတွေးမျိုးစုံ ယှက်သမ်းသွားပါတယ်။ အဲဒီအချိန်မှာပဲ သူဟာ ဘုရားသခင်ရဲ့ တေးသီသမား အေ့စနိတ်ရဲ့ အသံကို ကြားလိုက်ရပါတယ်။
“မင်း ဒီသတင်းကို ဘယ်သူ့ ပေးလိုက်သေးလဲ”
“ဒီသတင်းကို တခြားသိတဲ့လူ ရှိသေးလား”
အယ်ဂျာဟာ စိတ်ငြိမ်အောင် ထိန်းပြီး ခီးလုံဂို့စ်ရဲ့ အကြွင်းအကျန်တွေကို တစ်ချက် လှမ်းကြည့်ကာ အေ့စနိတ်ရဲ့ မေးခွန်းကို ပြန်ဖြေပါတယ်။
“ကျွန်တော် ဒီသတင်းကို သိသိချင်း တင်ပြတာပဲ”
သူဟာ စိတ်ထဲမှာတော့ စောဒကမတက်ဘဲ မနေနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အေ့စနိတ်သာ ထာ့ဆစ်မြစ်တစ်လျှောက်မှာ ခီးလုံဂို့စ်ကို အတင်းလျှောက်ရှာခိုင်းပြီး အချိန်မဖြုန်းခဲ့ရင် သူတို့တွေ နယ်စားကြီးနီဂန်ရဲ့ စံအိမ်တော်ကို ခီးလုံဂို့စ် ထွက်မပြေးခင် အချိန်မီရောက်နိုင်ခြေ ရှိလို့ပါပဲ။
ဒီလိုဆိုပေမဲ့ သူဟာ အဆင့်မြင့် သာလွန်သူရှေ့မှာ ဒီလိုစကားမျိုး မပြောရဲပါဘူး။ အဲဒါကြောင့် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးလို ရိုရိုကျိုးကျိုးနဲ့...။
“ဒီသတင်းကို ရတဲ့လူက စတေးသွားပြီ... စာပို့တဲ့ကြားမှာလည်း ဘယ်သူမှ ဖွင့်မဖတ်ဘူး... ဒါကတော့ ကျွန်တော် အာမခံနိုင်တယ်”
“ဒါပေမဲ့ သတင်းရင်းမြစ်ကနေ ပေါက်ကြားသွားလား ဆိုတာတော့ ကျွန်တော်လည်း အတည်မပြုနိုင်ဘူး... ကျွန်တော်တို့လည်း သိမှတော့ တခြားလူတွေလည်း သိလောက်တယ်”
အယ်ဂျာဟာ အေ့စနိတ်ရဲ့ မေးခွန်းကို ပြန်ဖြေရင်းနဲ့ နောက်တန်းဗိုလ်ချုပ်ကြီး ဟာရီကိန်း ခီးလုံဂို့စ်ကို ဘယ်သူသတ်လဲဆိုတာ မှန်းဆလိုက်ပါတယ်။ ‘နယ်စားကြီးနီဂန်ကို လုပ်ကြံခိုင်းတဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းလား... ခီးလုံဂို့စ်က အောင်အောင်မြင်မြင် ထွက်ပြေးနိုင်ခဲ့တာဆိုတော့ သတင်းပေါက်ကြားမှာ စိုးရိမ်စရာ မလိုဘူး... အဲဒီတော့ သူ့ကို သတ်စရာ မလိုဘူး... ငါသာဆိုရင် ခီးလုံဂို့စ်ကို သိုသိုသိပ်သိပ် နေခိုင်းပြီး လူတွေ ဒီကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာနဲ့ ထပ်ပြီးတော့ လုပ်ကြံခိုင်းမှာ...’
‘နောက်ပြီး ခီးလုံဂို့စ်က ဘယ်သူမှ ယုံတာ မဟုတ်ဘူး... သူ့ကိုယ်သူပဲ ယုံတာ... အဲဒီတော့ သူ့ရဲ့ လုပ်ကြံမဲ့ အစီအစဉ်ကို ဘယ်သူ့ကိုမှ ပြောမှာ မဟုတ်ဘူး... နယ်စားကြီးနီဂန်က စက်တင်ဘာမှာ တင်သွင်းမဲ့ အဆိုအတွက် ဒီကြားထဲ တွေ့ဆုံပွဲတွေ ခဏခဏ လုပ်တာဆိုတော့ အခွင့်အရေးက မရှာဘူး... ခီးလုံဂို့စ်ကလွဲရင် ဘယ်အချိန် လုပ်ကြံမလဲဆိုတာကို ဘယ်သူမှ မခန့်မှန်းနိုင်ဘူး... အဲဒီလူက ပုရောဟိတ်ဆိုရင်တော့ ဖြစ်နိုင်လိမ့်မယ်... ဒါပေမဲ့ ဒါက ဖြစ်နိုင်ခြေ နည်းတယ်...’
‘တခြား အုပ်စုတွေလား... မဖြစ်နိုင်ဘူး... မစ္စတရားမျှတမှုက မူမမှန်တာကို သတိထားမိမိချင်း မစ္စတာအရူးကို ဆုတောင်းပြီး သတင်းပေးခဲ့တာ... တခြားအဖွဲ့အစည်းတွေ ဒီသတင်းကို တစ်ချိန်တည်းမှာ သိနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး’
‘မစ္စတာအရူး...’
အယ်ဂျာဟာ ဖြစ်နိုင်ခြေတစ်ခုကို တွေးမိပြီး တုန်လှုပ်သွားပါတယ်။
‘အဲဒီလူက မစ္စတာအရူးကို ယုံကြည်လေးစားသူလား...’
‘သူ ဘက်ကလင်မှာ ရှိနေတာနဲ့ ကြုံလို့ လှုပ်ရှားလိုက်တာလား...’
အယ်ဂျာဟာ တွေးလေလေ အမှန်တရားနဲ့ နီးကပ်လာလေလေလို့ ခံစားရလေလေပါပဲ။
တဲရော့ကလပ် အဖွဲ့ဝင်တွေနဲ့ နောက်လိုက်တွေပဲ ဒီသတင်းကို အချိန်မီ သိနိုင်ပါတယ်။ အရူးကို ယုံကြည်လေးစားသူကပဲ ဘာရည်ရွယ်ချက်မှ မရှိဘဲ ဒီလိုမျိုး လျှို့ဝှက်ဆန်းကြယ်အောင် လုပ်နိုင်ပါတယ်။
သူ အတွေးထဲ နစ်မျောနေတုန်းမှာ ရေဖျန်းဘုန်းတော်ကြီး စနိတ်ဟာလည်း တခဏ တိတ်ဆိတ်သွားပါတယ်။ အဲဒီနောက် စနိတ်ဟာ နောက်က ရောက်လာတဲ့ ဒဏ်ခတ်သမားတွေကို...။
“ခီးလုံဂို့စ် သေသွားပြီ... အဆင့်မြင့် သာလွန်သူ ဒါမှမဟုတ် အလားတူ စွမ်းအားရှိတဲ့ ချိပ်ပိတ်လက်နက်ကို ပိုင်ဆိုင်တဲ့လူ တစ်ယောက်ယောက်က သတ်လိုက်တာ... ဒါပေမဲ့ ချိပ်ပိတ်လက်နက် ပိုင်တဲ့လူ သတ်လိုက်တာက အန္တရာယ်များလွန်းတော့ ဖြစ်နိုင်ခြေ သိပ်မရှိဘူး”
“အကြမ်းဖျင်း သုံးသပ်ရသလောက်တော့ မရဏ ဆုံမှတ်လမ်းကြောင်းက အဆင့်မြင့် သာလွန်သူ ဖြစ်လောက်တယ်... ဒါမှမဟုတ်ရင်လည်း ဣဒ္ဓိပါဒ်ဂိုဏ်းဝင် တစ်ယောက်ယောက် ဖြစ်နိုင်တယ်... ဒါပေမဲ့ ငါ သိတဲ့လူတော့ မဟုတ်ဘူး... တခြား လျှို့ဝှက်အဖွဲ့အစည်းတွေက အဖွဲ့ဝင် တစ်ယောက်ယောက် သတ်လိုက်တာလည်း ဖြစ်နိုင်တယ်”
“ရည်ရွယ်ချက်ကတော့ မရှင်းလင်းဘူး”
ဣဒ္ဓိပါဒ်ဂိုဏ်းက တောင်ပိုင်းတိုက်ကနေ မြစ်ဖျားခံပါတယ်။ ဒဏ္ဍာရီအရ မရဏရဲ့ မျိုးဆက်က မရဏကို အသက်ပြန်သွင်းဖို့ ကြိုးစားရာကနေ ပထမဆုံး ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။ တောင်ပိုင်းတိုက် နယ်ချဲ့ခံရပြီးနောက်မှာ ရှင်းပစ်ခံရတဲ့အတွက် သူတို့တွေ မျိုးတုံးလုနီး ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ရှင်ကျန်ရစ်တဲ့လူတွေကနေ ဒီအဖွဲ့အစည်းက မြောက်ပိုင်းတိုက်မှာရှိတဲ့ နိုင်ငံတွေဆီ ပျံ့နှံ့လာခဲ့ပါတယ်။
‘အဆင့်မြင့် သာလွန်သူ... ဟုတ်တယ်... အဆင့်မြင့် သာလွန်သူပဲ ခီးလုံဂို့စ်ကို ဒီလို အချိန်တိုလေးအတွင်းမှာ သတ်နိုင်မှာ... မစ္စတာအရူးကို ယုံကြည်လေးစားသူက ဒီလိုမျိုး အဆင့်မြင့် ဆုံမှတ်ကို ရောက်နေပြီ... ဒါက နတ်တစ်ပိုင်း ဖြစ်နေပြီ’
အယ်ဂျာဟာ ခီးလုံဂို့စ်ရဲ့ အသားစတွေ အရိုးစတွေကို တစ်ခါ ထပ်ကြည့်ပြီး အရာအားလုံးနဲ့ မသက်ဆိုင်သလိုမျိုး ခံစားချက်တွေ ကင်းမဲ့သွားသလိုမျိုး ခံစားလိုက်ရပါတယ်။ သူဟာ နေရာမှာ တွေတွေကြီး ရပ်ပြီး အကုန်လုံးကို ကြည့်နေမိပါတယ်။
‘ငါသာ တစ်နေ့ကျ မစ္စတာအရူးကို သစ္စာဖောက်ခဲ့ရင်...’
ဒီအတွေးကို တွေးမိလိုက်တာနဲ့ အယ်ဂျာရဲ့ စိတ်ထဲမှာ ခီးလုံဂို့စ်ရဲ့ တစ်ခဏချင်း ဆွေးမြေ့သွားတဲ့ ကြောက်စရာမြင်ကွင်း ပေါ်လာပါတယ်။ အယ်ဂျာဟာ ကြက်သီးမွေးညင် ထသွားပြီး ခေါင်းငုံ့လိုက်ပါတယ်။
တစ်ချိန်တည်းမှာ သူဟာ ရင်ထဲမှာ ပေါ့သွားပါတယ်။ ထွက်ပြေးလို့လည်း မရ၊ ပြန်တိုက်ဖို့လည်း မဖြစ်နိုင်တော့ သစ္စာရှိဖို့ပဲ ရွေးချယ်စရာ ရှိပါတော့တယ်။
‘ဖူး... ခီးလုံဂို့စ် သေသွားပြီဆိုတော့ အဲဒီလျှို့ဝှက်ချက်နဲ့ ငါ့ကို ဘယ်သူမှ မခြိမ်းခြောက်နိုင်တော့ဘူး...’
သူဟာ ရင်ထဲက စိုးရိမ်စိတ်တွေ လွှင့်ပါး ပျောက်ကွယ်သွားပါတယ်။
...
နယ်စားကြီးနီဂန်ရဲ့ စံအိမ်တော်မှာ အထက်တန်းလွှာတွေနဲ့ လုပ်ကြံမှုအကြောင်း ဆွေးနွေးနေတဲ့ အော်ဒရီဟောလ်ဟာ တံခါးဝမှာပေါ်လာတဲ့ သူ့အဖေကို မြင်သွားပါတယ်။
သူမဟာ နားနေခန်းထဲကနေ ဆင်ခြေရှာထွက်ပြီး...။
“အဖေ... တစ်ခုခု ဖြစ်လို့လား”
အော်ဒရီဟာ မျက်လုံးစိမ်းတွေနဲ့ ခရိုင်မြို့စားဟောလ်ကို ကြည့်လိုက်ပါတယ်။ သူမရဲ့ မျက်လုံးစိမ်းတွေက သူမရဲ့ အမေဆီကနေ အမွေရထားတာပါ။
ခရိုင်မြို့စားဟောလ်ဟာ ပြုံးလိုက်ပါတယ်။
“ပြီးသွားပြီ သမီး... ဘာမှစိုးရိမ်စရာ မရှိတော့ဘူး”
“အင်း... သမီး မြို့စားဂရပ်မီယာက အယောင်ဆောင်ဆိုတာကို တစ်ယောက်ယောက် ပြောလိုက်သေးလား”
“မပြောပါဘူး”
အော်ဒရီဟာ ခေါင်းခါပါတယ်။
‘သမီးက ဘုရားသခင်လို တည်ရှိမှုကိုပဲ ပြောလိုက်တာ...’ သူမဟာ စိတ်ထဲမှာ ဖြည့်ပြောလိုက်ပါတယ်။
သူမဟာ တစ်ခဏတွေးပြီးနောက်...။
“သမီး အဖေကို ပြောပြီးတာနဲ့ သန့်စင်ခန်း သွားတယ်... ပြီးတာနဲ့ အမေ့ဆီ တန်းသွားတာပဲ... အဖေ မယုံရင် အမေ့ကို မေးကြည့်လို့ရတယ်”
“အဖေ သမီးကို ယုံပါတယ်”
“ဒါနဲ့ ခီးလုံဂို့စ် သေသွားပြီ... တစ်ယောက်ယောက် သတ်သွားတာ”
“ဘယ်သူ သတ်တာလဲ” အော်ဒရီဟာ စိတ်လှုပ်ရှားသွားပါတယ်။
“မသိဘူး... ခီးလုံဂို့စ်ကို ဘယ်သူ သတ်သွားလဲဆိုတာ အဖေတို့ မသိသေးဘူး... ဘယ်က စစဉ်းစားရမှန်း မသိတဲ့ ပြဿနာပဲ...”
ခရိုင်မြို့စားဟောလ်ဟာ ခဏရပ်လိုက်ပြီး။
“လူတစ်ယောက်ယောက် ဒါမှမဟုတ် အင်အားကြီးတဲ့ လျှို့ဝှက်အဖွဲ့အစည်း တစ်ခုခုက သတ်လိုက်တာ ဖြစ်နိုင်တယ်”
‘ရည်ရွယ်ချက်က မရှင်းလင်ဘူး... လျှို့ဝှက်ပြီး အင်အားကြီးတဲ့ အဖွဲ့အစည်း... မစ္စတာအရူးကို ယုံကြည်လေးစားသူများလား... ငါတို့ရဲ့ တဲရော့ကလပ် ဖြစ်နိုင်သလိုပဲ’
အော်ဒရီဟာ ရုတ်တရက်ဆိုသလို လျှပ်တစ်ပြက် တွေးမိလိုက်ပါတယ်။