← Chapters

မစ်ရှင်လာအပ်ခြင်း

Vol. 20 Ch. 193

မစ်ရှင်လာအပ်ခြင်း

Vol. 20 Ch. 193

ခီးလုံဂို့စ်အကြောင်း ရေးထားတဲ့ သတင်းက သိပ်မရှည်ပါဘူး။ ဒါပေမဲ့ အချိန်၊ နေရာ၊ ပါဝင်တဲ့လူတွေနဲ့ ရလဒ်ကိုတော့ အကုန်လုံး ဖော်ပြထားပါတယ်။ ဒီလိုသတင်းကို အကျဉ်းချုပ်ရေးလေလေ အခြေအနေက ပိုပြီးတော့ ပြင်းထန်လေလေဆိုတာကို ကလိုင်း သိပါတယ်။

‘မနေ့ည ၈ နာရီ ၉ နာရီလောက်က ဘက်ကလင်မှာ ဖြစ်သွားတဲ့ကိစ္စက ဒီမနက်ခင်း သတင်းစာထဲ ပါလာတယ်ဆိုတော့ ဒီလောကမှာ သတင်းပျံ့တာက ဧကရာဇ်ရစ်ဆဲလ်ရဲ့ အကျိုးဆောင်မှုကြောင့် မနှေးဘူးဘဲ... ကပွဲတက်တဲ့ အထက်တန်းလွှာတွေထဲက တစ်ယောက်ယောက် ဒါမှမဟုတ် ဝန်ကြီးတစ်ယောက်ယောက်က သတင်းထောက်တွေကို သတင်းပေးလိုက်တာ ဖြစ်မယ်... အဲဒီသတင်းထောက်တွေက ကြေးနန်းသုံးပြီး သူတို့ရဲ့ သတင်းစာကုမ္ပဏီတွေကို သတင်းပြန်ပို့တာ ဖြစ်မယ်’

‘မနက်ခင်း သတင်းစာက ညပိုင်းရေးပြီး သန်းခေါင်ကျော်တာနဲ့ ရိုက်နှိပ်တာ... ဒါမှ မနက်ပိုင်းမှာ ဖြန့်ချိနိုင်မှာ... သူတို့မှာ ဒီသတင်းကို ထည့်ရေးဖို့ အချိန်လောက်ရုံလေးပဲ...’

‘ဒီသတင်းနဲ့ဆို ထင်းဂန်မြို့ မနက်ခင်း သတင်းစာက အနည်းဆုံး အစောင်ရေ တစ်ထောင်ကျော် ပိုရောင်းလောက်ရတယ်... ဒါက ဒီမြို့တစ်မြို့တည်းတင်...’

ကလိုင်းရဲ့ အတွေးတွေဟာ တဖြည်းဖြည်းနဲ့ ဟိုရောက်ဒီရောက် ဖြစ်သွားပြီး နောက်ဆုံးမှာ ပြန်ငြိမ်သွားပါတယ်။

‘နောက်တန်းဗိုလ်ချုပ်ကြီး ခီးလုံဂို့စ် သေသွားပြီဆိုတော့ မစ္စတာအက်ဇစ် ဒဏ်ရာ ရသွားရင်တောင် သိပ်ပြီးတော့ ပြင်းထန်မှာ မဟုတ်ဘူး...’

‘ဒဏ်ရာပြင်းရင် ခီးလုံဂို့စ်နောက်လိုက်တဲ့ ဒဏ်ခတ်သမားတွေနဲ့ နယ်စားကြီးနီဂန်ရဲ့ ကိုယ်ရံတော်တွေ လက်ထဲ ရောက်သွားလောက်ပြီ... အဲဒီလို အခြေအနေဆိုရင် မစ္စတရားမျှတမှုနဲ့ မစ္စတာလူဇောက်ထိုးက အဲဒီသတင်းကို ငါ့ဆီ အမြန်ဆုံး တင်ပြနိုင်အောင် အကောင်းဆုံး ကြိုးစားမှာပဲ... အဲဒီလို သတင်းပို့တာ မရှိဘူးဆိုတာ အကုန်လုံးက ထိန်းချုပ်မှုအောက်မှာ ရှိနေသေးတယ်...’

‘အင်း... မစ္စတာအက်ဇစ်က စာမပြန်ဘူး... မစ္စတရားမျှတမှုနဲ့ မစ္စတာလူဇောက်ထိုးကလည်း ဒီနေ့ည ငါ့ကို ဆုမတောင်းဘူးဆိုရင် မစ္စတာအက်ဇစ်ဆီ စာထပ်ပို့ပြီး အကျိုးအကြောင်း မေးရမှာပဲ...’

ကလိုင်းဟာ စိတ်လျှော့လိုက်ပြီး သတင်းစာကနေ မျက်နှာလွှဲကာ မြင်းလှည်းထဲက ခရီးသည်တွေကို ကြည့်လိုက်ပါတယ်။

ဒီလိုမျိုး မြင်းလှည်းနဲ့ ခရီးသွားနိုင်တဲ့ လူအများစုက စာဖတ်တတ်ပြီး သတင်းစာကောင်လေးရဲ့ “အချပ်ပို” နဲ့ “သတင်းထူး” ဆိုတဲ့ စကားလုံးတွေကြောင့် ထင်းဂန်မြို့ မနက်ခင်း သတင်းစာကို ဝယ်ယူလိုက်ကြပါတယ်။ အဲဒါကြောင့် တချို့ဟာ ခီးလုံဂို့စ် သတင်းနဲ့ ပတ်သက်ပြီး တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြပါတယ်။

“ဒီပင်လယ်ဓားပြ ဘုရင်တွေနဲ့ ‌ဗိုလ်ချုပ်ကြီးတွေက ပင်လယ် ရေလမ်းကြောင်းမှာ သောင်းကျန်းနေတာ တော်တော်ကြာပြီ... ဒီကောင်တွေက စစ်သင်္ဘောတွေနဲ့ တိုးရင် ပြေးပြီး ကုန်သင်္ဘောတွေဆိုရင် လုယက်တယ်... ခီးလုံဂို့စ်က ဗိုလ်ချုပ်ကြီးခုနစ်ဦး စာရင်းဝင်တာ ဆယ်နှစ်တောင် မရှိသေးပေမဲ့ အစိုးရသတ်တာကို ခံရတဲ့ ပထမဆုံး ပင်လယ်ဓားပြ ဗိုလ်ချုပ်ကြီးပဲ...”

“ပြောရရင် ငါ သူ ဘက်ကလင်မှာ ဘာလာလုပ်တာလဲ ဆိုတာကို စိတ်ဝင်စားတယ်... ပင်လယ်ဓားပြက ပင်လယ်ကနေ ခွာမှာတော့ သေခြင်းနဲ့ တိုးတာ မဆန်းပါဘူး”

“ဒီထက် ပိုပြီးတော့ အသေးစိတ်ရေးထားတဲ့ သတင်းထွက်လာရင် ကောင်းမယ်”

“အို မုန်တိုင်းအရှင်... နယ်စားကြီးနီဂန်ရဲ့ ဘယ်ကိုယ်ရံတော်က ခီးလုံဂို့စ်ကို သတ်လိုက်လဲ မသိဘူး... သူ့ဆုငွေက ပေါင်တစ်သောင်းတောင်”

“ပေါင်တစ်သောင်း... ငါ့မှာသာ ပေါင်တစ်သောင်း ရှိရင် အလုပ်ကနေ ချက်ချင်းထွက်ပြီး အိပ်ခန်းလေးငါးခန်းပါတဲ့ အိမ်တစ်လုံးဝယ်မယ်... ပြီးရင် ပိုတဲ့ငွေက နယ်ချဲ့တဲ့ ကုမ္ပဏီတွေနဲ့ မီးရထား ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံပြီး ထိုင်စားမယ်...”

“ဒါက လိုအင်နိုင်ငံရဲ့ ဆုငွေတင်... အင်ထစ်၊ ဖေးဆက်၊ ဖေးနာပေါ်တာနဲ့ တခြားကုန်အဖွဲ့တွေ ထုတ်ထားတဲ့ ဆုငွေလည်း ရှိသေးတယ်... သတင်းထဲမှာ အဲဒီဆုငွေအကြောင်း ပြည့်ပြည့်စုံစုံ ထည့်ရေးရင် ကောင်းမှာပဲ”

‘ပေါင်တစ်သောင်း...’ ကလိုင်းဟာ ဒီစကားကြားပြီး တအံ့တဩ ဖြစ်သွားပါတယ်။

သူရဲ့ များပြားလှတဲ့ လခနဲ့တောင် ဒီပမာဏရဖို့ဆိုရင် မစားမသောက်ဘဲ နှစ် ၂၀ စုရပါလိမ့်မယ်။

‘ငါသာ... ထားလိုက်ပါတော့... ဒီဆုငွေက ငါ ထုတ်ဖို့ဆိုတာ ဖြစ်နိုင်တာမှ မဟုတ်တာ...’

သူဟာ သတင်းစာကို ခေါက်ပြီး မှိုင်တွေတွေနဲ့ အပြင်ကို လှမ်းကြည့်လိုက်ပါတယ်။

ဒီအချိန်မှာတော့ သူဟာ နောက်တန်း ဗိုလ်ချုပ်ကြီး ဟာရီကိန်း ခီးလုံဂို့စ် ကိစ္စက အဆုံးတိုင်သွားပြီဆိုတာ သိလိုက်ပါတယ်။ ဒီကိစ္စကနေ သူရနိုင်တာဆိုလို့ လူဇောက်ထိုး ကတိပေးထားတဲ့ ဧကရာဇ်ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီ စာရွက်တွေပဲ ရှိပါတော့တယ်။

...

ဘက်ကလင်၊ ချာဝတ်မြို့နယ်။

ဖာ့စ်ဝေါလ်နဲ့ ဇီယိုဒါရက်ချာဟာ သူတို့နဲ့ အနီးဆုံးမှာရှိတဲ့ ဗာဗက်ဘက်ခွဲရှိ သွားနေပါတယ်။

“ငါ့ငွေထုပ်က ငါတောင် မသိလိုက်ဘဲ ပျောက်သွားတယ်”

ဖာ့စ်ဟာ သက်ပြင်းချလိုက်ပါတယ်။ ဇီယိုလည်း သူမလို ခံစားရပါတယ်။

“ဟုတ်တယ်”

“တော်သေးတယ်... ငါ့ရဲ့ လေမုန်တိုင်း တောင်ပေါ်စံအိမ် စာအုပ်က လူကြိုက်များနေသေးလို့... အဲဒီကရတဲ့ မူပိုင်ခလေးနဲ့မလို့ အဆင်ပြေနေတာ... မဟုတ်ရင် ငါ ဆေးရုံ ဆေးခန်း ပြန်သွားပြီး ဆရာဝန် ထပ်လုပ်ရမှာ...” ဖာ့စ်ဟာ သက်ပြင်းတစ်ချက် ချပြီးပြောပါတယ်။ သူမရဲ့ စကားသံမှာ ကျေနပ်မှုနဲ့ စိုးရိမ်မှုတွေ နှစ်ခုစလုံး ပါဝင်နေပါတယ်။

ဇီယိုဟာ တစ်ခဏ တိတ်ဆိတ်သွားပြီးမှ မေးပါတယ်။

“ခီးလုံဂို့စ်အကြောင်း စုံစမ်းတာက နင့်ရဲ့ စာရေးဆရာအလုပ်ကို ထိခိုက်နိုင်လား... ငါတို့တွေကို ဒဏ်ခတ်သမားတွေ ညသိမ်းငှက်တွေနဲ့ ကျန်တဲ့လူတွေက အာရုံစိုက်နိုင်လာတယ်...”

“မထိခိုက်ပါဘူး... သူတို့တွေက နင့်ကိုပဲ အာရုံစိုက်တာ”

ဖာ့စ်ဟာ ရယ်ပါတယ်။

“လူလွှတ်ပြီး ရဲကို သတင်းပေးလိုက်တာက နင်... အရှေ့ပိုင်းမြို့နယ်မှာရှိတဲ့ လူဆိုးဂိုဏ်းတွေနဲ့ လမ်းကြားတွေကြားမှာ ကျော်ကြားတာကလည်း နင်ပဲ... ငါကျတော့ အရောင်းရဆုံး နာမည်ကြီး စာရေးဆရာမ ဖြစ်နေတုန်းပဲ”

ဇီယိုဟာ တွေဝေသွားပါတယ်။

“အဲဒါကြောင့် နင်က တစ်ချိန်လုံး ငါ့နား ကပ်နေတာကို”

ဖာ့စ်ဟာ သူမဆံပင်ကို သပ်ပြီး ရယ်လိုက်ပါတယ်။

“ဒါက စိတ်ဝင်စားစရာကောင်းတဲ့ အတွေ့အကြုံလို့ နင် မထင်ဘူးလား... ဒီအတွေ့အကြုံကနေ ငါ့အလုပ်အတွက် အတွေးသစ် အမြင်သစ်တွေ အများကြီး ရစေတယ်... ငါ့ရဲ့ နောက်ထပ် စာအုပ်က ရက်ရက်စက်စက် သတ်ဖြတ်သွားတဲ့ လူသတ်သမားအကြောင်းပဲ”

ဇီယိုဟာ ပါးစပ်ပိတ်သွားပြီး ဘယ်လို ဆက်ပြောရမလဲ မသိတော့ပါဘူး။ သူမ လုပ်နိုင်တာဆိုလို မချိပြုံးနဲ့ ရှေ့ဆက်လျှောက်တာပါ။ အဲဒါကြောင့် လမ်းကွေ့ဖို့တောင် မေ့သွားပြီး ဖာ့စ်က သူမကို လှမ်းဆွဲမှာပဲ သတိပြန်ဝင်လာပါတယ်။

အဲဒီအချိန်မှာပဲ သူတို့ဟာ သတင်းစာရောင်းတဲ့ ကောင်လေးရဲ့ အော်သံကို ကြားလိုက်ရပါတယ်။

“အချပ်ပို... အချပ်ပို... နောက်တန်း ဗိုလ်ချုပ်ကြီး ဟာရီကိန်း ခီးလုံဂို့စ် ဘက်ကလင်မှာ အသတ်ခံလိုက်ရပြီ”

...

‘ဟင်.. ဘာ...’

ဇီယိုနဲ့ ဖာ့စ်ဟာ ဝေခွဲမရတဲ့ မျက်လုံးတွေနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပါတယ်။ သတင်းစာရောင်းတဲ့ ကောင်လေးက လေးငါးခါ ထပ်အော်မှပဲ သူတို့နှစ်ယောက်ဟာ သတိပြန်ဝင်လာပါတယ်။

“ဘာ... ခီးလုံဂို့စ် သေသွားပြီလား”

ဖာ့စ်ဟာ သူမနားကိုတောင် မယုံနိုင် ဖြစ်သွားပါတယ်။

“သူ သေသွားပြီး... ရုတ်တရက်ကြီး ဘယ်လို သေသွားတာတုန်း”

ဒီကရုဏာတရား ကင်းမဲ့တဲ့ ပင်လယ်ဓားပြဆီကနေ ပုန်းအောင်းနေတဲ့ ဇီယိုဟာ အံ့အားသင့်ပြီး တွေဝေသွားပါတယ်။

‘ဒါ... ဒီကိစ္စက သာမန် ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဖြစ်ရမှာ မဟုတ်ဘူးလား... ပထမဆုံး သူတို့တွေ သဲလွန်စရှာပြီး ခီးလုံဂို့စ်ရဲ့ ရည်ရွယ်ချက်ကို အတည်ပြုမယ်... ပြီးရင် စွမ်းအားကြီး သာလွန်သူတွေ စုစည်းပြီး ချုံခိုတိုက်ခိုက်မယ်... ပင်လယ်ဓားပြကို သတ်တာက နောက်ဆုံးအဆင့်ပဲ... ဒါပေမဲ့ ခီးလုံဂို့စ်က ပထမအဆင့် မပြီးသေးခင်မှာဘဲ အသတ်ခံလိုက်ရတယ်... သူက ဒီလိုမျိုး သေသွားတယ်...’

ဖာ့စ်နဲ့ ဇီယိုဟာ စကျင်ကျောက်ရုပ်တွေလိုမျိုး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။

တစ်မိနစ်နီးပါး ကြာတဲ့အခါမှာတော့ ဇီယိုဟာ သတင်းစာရောင်းတဲ့ ကောင်လေးဆီ အပြေးသွားပြီး ထာ့ဆစ်တိုင်း သတင်းစာတစ်စောင် ဝယ်လိုက်ပါတယ်။

ဒီသတင်းစာက လိုအင်နိုင်ငံရဲ့ အဖြန့်ချိရဆုံး သတင်းစာသုံးစောင်ထဲက တစ်ခုပါ။

“ဟင်... ခီးလုံဂို့စ်က တကယ် သေသွားတာပဲ... နယ်စားကြီးနီဂန်ရဲ့ ကိုယ်ရံတော်က သတ်လိုက်တယ်ဆိုပဲ... အို အရှင်မ... နီဂန်ရဲ့ ကိုယ်ရံတော်က...”

ဇီယိုဟာ ပင့်သက်ရှိုက်ပြီးမှ သူမပြောချင်တာကို ဆက်ပြောပါတယ်။

“စွမ်းအားကြီး သာလွန်သူပဲ”

ဖာ့စ်ဟာ သူ့သူငယ်ချင်းကို သနားတဲ့မျက်လုံးနဲ့ ကြည့်လိုက်ပါတယ်။

“နင်က သတင်းစာ ပြောသမျှကို ယုံလိမ့်မယ်လို့ ထင်မထားဘူး”

“အင်း... တစ်ယောက်ယောက်က ခီးလုံဂို့စ်ရဲ့ ရည်ရွယ်ချက်ကို ကြိုသိသွားလို့ ဒဏ်ခတ်သမားတွေ၊ ညသိမ်းငှက်တွေ၊ မက္ကန်းနစ်ဟိုက်မိုင်းတွေနဲ့ စစ်တပ် ပူးပေါင်းပြီး အောင်အောင်မြင်မြင် သုတ်သင်နိုင်လိုက်တာ ဖြစ်ရမယ်”

ဖာ့စ်ဟာ ခဲသွားပြီး အသက်ရှူထုတ်လိုက်ပါတယ်။

“ငါတို့တွေ နောက်ထပ် စိုးရိမ်စရာ မလိုတော့ဘူး... သာမန်ဘဝကို ပြန်သွားလို့ရပြီ... ဒါပေမဲ့ ငါတို့တွေ အဲဒီရဲဌာနပိုင်နက်ကို ရှောင်ရမယ်”

သူမဟာ ဖာ့စ်ကို ကြည့်ပြီး စိုးရိမ်စိတ်နဲ့ မေးပါတယ်။

“မစ္စအော်ဒရီက ငါတို့ကို ဘယ်လောက်ပေးမယ်လို့ ထင်လဲ... ပေါင်သုံးလေးရာက သူမတွက် ဘာမှ မဟုတ်ဘူး... ဒါပေမဲ့ ငါတို့တွေက သူခိုင်းတာကို အောင်မြင်အောင်မှ မလုပ်နိုင်တာ...”

“မဟုတ်ဘူး... အနည်းဆုံးတော့ ငါတို့တွေ ခီးလုံဂို့စ် သူ့ဘာသာ ပေါ်လာအောင် လုပ်နိုင်ခဲ့တယ်... သူ အခုလိုမျိုး အလျင်စလို လုပ်ရှားပြီး ထောင်ချောက်ထဲ ကျသွားတာက ငါတို့ရဲ့ အကျိုးဆောင်မှု တစ်စိတ်တစ်ပိုင်းကြောင့်လို့ သေချာပေါက် ပြောလို့ရတယ်”

ဖာ့စ်ဟာ ဇီယိုကို နှစ်သိမ့်ပါတယ်။

“မစ္စအော်ဒရီက ဒီလောက် သဘောကောင်းတာ... အကုန်လုံး မပေးဘူးဆိုရင်တော့ တစ်ဝက်တော့ ပေးမှာပဲ”

“အဲဒီလိုဖြစ်ဖို့ မျှော်လင့်ရတာပဲ...”

ဇီယိုဟာ အသက်ပြင်းပြင်း ရှူပြီး မျှော်လင့်ချက် ပြန်ရှိသွားပါတယ်။

“ပေါင်တစ်သောင်း ဆုငွေကို ဘယ်သူလာယူမလဲ မသိဘူး”

“တခြားလူတွေ မနာလိုမှာတော့ သေချာတယ်... ငါ့မှာသာ အဲဒီလောက်ပိုက်ဆံရှိရင် ဆုံမှတ် ၇ ဆုံမှတ် ၈ ကို ရောက်တာ ကြာလှပြီ... ဒါပေမဲ့ ငါ အခွင့်အရေးတွေကို ထပ်ခါထပ်ခါ လက်လွှတ်ခဲ့ရတယ်”

ဖာ့စ်ဟာ သူမသူငယ်ချင်းကို ကရုဏာသက်သွားပေမဲ့ သတိပေးစရာရှိတာ ပေးပါတယ်။ “ဇီယို... လောလောဆယ် ငါတို့တွေ မစ္စအော်ဒရီကို မဆက်သွယ်တာ ကောင်းမယ်... သူမဘက်က ဆက်သွယ်လာတာကို စောင့်ကြမယ်... ခီးလုံဂို့စ် သေတာနဲ့ ပတ်သက်ပြီး ငါတို့ မသိသေးတာတွေ အများကြီးရှိတယ်... မစ္စအော်ဒရီကို ရုတ်တရက်ကြီး သွားရှာတာက ငါတို့ကို အန္တရာယ်တောထဲ ကျစေနိုင်တယ်”

ဇီယိုဟာ ခေါင်းညိတ်လိုက်ပြီး တအံ့တဩ မေးပါတယ်။

“ငါက ဧကရီမြို့နယ်ကို သွားမလို့ လုပ်နေတယ်ဆိုတာ နင် ဘယ်လိုလုပ် သိတာလဲ”

“ခန့်မှန်းကြည့်တာ” ဖာ့စ်ဟာ ရယ်ပြီး ဖြေပါတယ်။

...

အလုပ်ရှုပ်တဲ့ မနက်ခင်း အပြီးမှတော့ ကလိုင်းဟာ ဆူးနက်လုံခြုံရေး ကုမ္ပဏီဆီပြန်ပြီး ဒန်းစမစ်ဆီ အစီရင်ခံပါတယ်။

“ကပ္ပတိန်... ကျွန်တော် စုံစမ်းဖို့ တာဝန်ယူထားတဲ့ လာနယ်ဗို့စ်နဲ့ ဆက်စပ်နေတဲ့ လူတွေမှာ ပြဿနာမရှိဘူး... သူတို့တွေက သားကောင်အဆင့်ပဲ ရှိတယ်... ဘယ်သာလွန် အဖြစ်အပျက်နဲ့မှ ဆက်စပ်မှု မရှိဘူး”

ဒန်းစမစ်ဟာ စားပွဲပေါ် တံတောင် တင်လိုက်ပါတယ်။

“အဲဒါဆို လောလောဆယ် ရပ်လိုက်တော့... ကျန်တဲ့လူတွေ စုံစမ်းတာ ပြီးရင် သံသယဝင်စရာ အကောင်းဆုံးလူတွေကိုပဲ အာရုံစိုက်ကြတာပေါ့... ငါတို့ရဲ့ လူအင်အားကို ဒီကိစ္စမှာပဲ သုံးလို့မဖြစ်ဘူး... တခြားမတော်တဆမှုတွေကိုလည်း သတိထားရဦးမယ်”

“ဟုတ်ကဲ့ပါ”

ကလိုင်းဟာ မတ်တတ်ရပ်ပြီး နေ့လည်စာသွားစာဖို့ ပြင်နေတုန်းမှာ တံခါးခေါက်သံကို ရုတ်တရက် ကြားလိုက်ရပါတယ်။

“ဝင်ခဲ့” ဒန်းစမစ်က လေသံအေးနဲ့ ပြောလိုက်ပါတယ်။

တံခါးလက်ကိုင် ရွှေ့သွားပြီး ရိုဇန်းဟာ အခန်းထဲကို ချောင်းကြည့်ပါတယ်။

“ကပ္ပတိန်... လူတစ်ယောက်က မစ်ရှင်အပ်ချင်လို့တဲ့”

‘မစ်ရှင်... ဒါက ဆူးနက်လုံခြုံရေး ကုမ္ပဏီဆီ လာတာပဲ... ညသိမ်းငှက်အဖွဲ့ဆီလာတာ မဟုတ်ဘူး... ဒီတစ်ခါရော ငါတို့ဆီကို ဘယ်သူက မျက်စိလည် လမ်းမှားပြီး ရောက်လာတာလဲ’ ကလိုင်းဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။

ဒန်းစမစ်ဟာ တစ်ခဏတွေးပြီး ပြောပါတယ်။

“ဘာမစ်ရှင်လဲဆိုတာ သွားကြည့်ရအောင်... ကရိကထများလွန်းရင်တော့ ငြင်းမယ်”

သူဟာ ရှပ်အင်္ကျီနဲ့ စွပ်ကျယ်ကို သေချာဝတ်ပြီး ရုံးခန်းထဲက ထွက်ပါတယ်။ အဲဒီနောက် အခန်းခွဲထားတဲ့ အပိုင်းကို ကျော်ဖြတ်ပြီး ဧည့်ကြိုခန်းက ဆိုဖာဆီ လျှောက်သွားပါတယ်။ ကလိုင်းနဲ့ ရိုဇန်းလည်း နောက်ကနေ လိုက်ပါသွားပါတယ်။

ဆိုဖာပေါ်မှာ အမျိုးသမီးနှစ်ယောက် ထိုင်နေပြီး နှစ်ယောက်စလုံး အနက်ရောင်ဦးထုပ် ဆောင်ထားပါတယ်။

အမျိုးသမီးတစ်ယောက်ဟာ အသားအရေ စိုပြေပြီး ဝပါတယ်။ သူမရဲ့ မျက်နှာကိုတော့ ဦးထုပ်ရဲ့ ဇာပဝါက အပြည့်ကာထားပါတယ်။

ကလိုင်းဟာ သူမကို မြင်လိုက်ရတဲ့အခါ တစ်နေရာရာမှာ မြင်ဖူးသလိုမျိုး ရင်းနှီးတဲ့ ခံစားချက် ရလိုက်ပါတယ်။

သူ ပြန်တွေးနေတုန်းမှာပဲ အဲဒီအမျိုးသမီးရဲ့ ဘေးနားက ပိန်ပါးတဲ့ အမျိုးသမီးရဲ့ စကားသံကို ကြားလိုက်ရပါတယ်။

“ကျွန်မတို့ အပ်ချင်တဲ့ မစ်ရှင်က မဒမ်ရှယ်ရွှန်ကို စောင့်ကြည့်ပြီး သူမရဲ့ ပြစ်မှုအတွက် သက်သေရှာပေးဖို့ပဲ”

‘မဒမ်ရှယ်ရွန်...’ ကလိုင်းဟာ ရုတ်တရက် သဘောပေါက်သွားပြီး ရင်းနှီးတဲ့ ခံစားချက်က ဘယ်ကနေ လာတာလဲဆိုတာ သိလိုက်ပါတယ်။

တိတ်ဆိတ်နေတဲ့ အမျိုးသမီးက လွှတ်တော်အမတ် မေနာရဲ့ ဇနီးသည် ပါတီသစ်ခေါင်းဆောင်ရဲ့ သမီးပါ။

‘သူက သူ့ယောက်ျား သေသွားတာကို လက်ခံဖို့ခက်လို့... ရဲဌာနရဲ့ ကောက်ချက်ကို လက်မခံနိုင်လို့... လုံခြုံရေးကုမ္ပဏီဆီလာပြီး နောက်တစ်ခါ စုံစမ်းခိုင်းတာလား’

‘သူက ငါတို့ဆီကို တန်းတန်းမတ်မတ် ရောက်လာရတယ်လို့...’

ကလိုင်းဟာ ခေါင်းခါပြီး စိတ်ထဲမှာ ရယ်မိလိုက်ပါတယ်။

All Chapters