အခန်း (၁၃၃-၁၃၄)
Vol. 7 Ch. 133-134
အခန်း (၁၃၃)
နောက်တစ်နေ့တွင် သူတို့၏ နောက်ထပ် နှစ်တစ်ရာ စီမံကိန်းကို တရားဝင် စတင်လိုက်ကြသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် လစဉ် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင် သွားရောက် ရှာဖွေကြသည်။ တစ်ရက်လျှင် ရာဂဏန်းခန့်သာ ရှာဖွေပြီး လောဘမကြီးကြပေ။ ဝိညာဉ်ဆေးပင်နှင့် ဆေးများကို နေရာခွဲပြီး ရောင်းချကြသည်။ သက်တမ်းရှည်သော သူများအတွက် တစ်ရက်လျှင် ဝိညာဉ်ကျောက်တုံး တစ်တုံး ရလျှင်ပင် ကျင့်ကြံခြင်းလောက၏ သူဌေးကြီးများ ဖြစ်လာနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ရောင်းချသော ပစ္စည်းများသည် သာမန် ပစ္စည်းများသာ ဖြစ်သဖြင့် မည်သူမျှ သတိမထားမိကြပေ။ အကယ်၍ သတိထားမိလျှင်ပင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်လိမ့်မည်။ သူတို့သည် မြို့ပြင် လုံးဝ မထွက်ကြသလို အတင်းအဖျင်း ပြောခြင်း၊ လူစုလူဝေး သွားကြည့်ခြင်းများလည်း မပြုလုပ်ကြပေ။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် သာမန် ကျင့်ကြံသူများ အကြားတွင် ရောနှောနေထိုင်ကြပြီး ထင်ပေါ်ကျော်ကြားခြင်း မရှိပေ။ လူအုပ်ထဲ ပစ်ထည့်လိုက်လျှင် ပြန်ရှာမတွေ့နိုင်သော လူမျိုးများ ဖြစ်ကြသည်။ လစဉ် ဝိညာဉ်ကျောက်တုံး အလုံအလောက် ရရှိပြီးနောက် ရောင်းချခြင်းကိုရပ်လိုက်ကြ၏။ ထို့နောက် ချန်ရွှင်သည် နေ့စဉ် အင်္ကျီချွတ်ပြီး ပုဆိန်သိုင်းကွက်ကို လေ့ကျင့်သည်။ နွားနက်ကြီးက အစီအရင် လေ့ကျင့်သည်။ သူတို့၏ မူလလက်နက်များကိုလည်း စတင် ပျိုးထောင်ကြသည်။ ကျင့်ကြံသော နေ့ရက်များသည် လျှောက်သွားနေသော နေ့ရက်များထက် အချိန်ကုန် မြန်ဆန်လှသည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် အချိန်ကုန်ဆုံးသွားသည်ကို သတိမထားမိကြပေ။ သူတို့အတွက် အချိန်ဆိုသည်မှာ အဓိပ္ပာယ် မရှိတော့သကဲ့သို့ပင် ဖြစ်သည်။
ယွီရွှပ်မြို့တော်အတွင်း၌ ကျင့်ကြံသူများသည် တစ်သုတ်ပြီး တစ်သုတ် အစားထိုး ဝင်ရောက်လာခဲ့ကြလေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ရင်းနှီးကျွမ်းဝင်စွာ စကားပြောဆိုဖူးခဲ့သော ဈေးသည်များမှာမူ ကွယ်လွန်သွားကြပြီ ဖြစ်သည်။ ကျင့်ကြံခြင်းလောကတွင် မျိုးဆက်သစ်များမှာ အစဉ်အမြဲ ပေါ်ထွန်းနေသော်လည်း ကြွေလွင့်သွားကြသူများမှာလည်း သဲပွင့်များပမာ များပြားလှပေ၏။ နှစ်ပေါင်းရာချီကြာအောင် အားထုတ်ကျင့်ကြံခဲ့သော်လည်း အရာအားလုံးသည် သဲထဲရေသွန်သကဲ့သို့ အချည်းနှီး ဖြစ်သွားတတ်ချေသည်။ ၎င်းတို့သည် လောကီပျော်ရွှင်မှုများကိုပင် ပြည့်ဝစွာ မခံစားလိုက်ရရှာပေ။
မြစ်ရေသည် နောက်ပြန်မစီးသကဲ့သို့ပင် ကုန်ဆုံးသွားသော အချိန်များသည်လည်း ပြန်လည်ရရှိနိုင်မည် မဟုတ်ပေ။ အချိန်ကာလသည် ရက်စက်ကြမ်းကြုတ်သော ရထားကြီးတစ်စင်းလို ဖြတ်သန်းသွားတိုင်း အထီးကျန်သော ဝိညာဉ်များကို ခေါ်ဆောင်သွားလေ့ရှိသည်။
ဤသို့ဖြင့် နောက်ထပ် နှစ်တစ်ရာ ကုန်ဆုံးသွားပြန်သည်။ နောက်ထပ် ညီလာခံကြီး တစ်ခု ကျင်းပတော့မည် ဖြစ်ရာ ဂိုဏ်းအသီးသီးမှ ပါရမီရှင်များ ပေါ်ထွက်လာကြပြန်လေသည်။ အချိန်ကာလသည် ကျင့်ကြံခြင်းလောကကို အဆက်မပြတ် ပြောင်းလဲစေသော်လည်း ထာဝရအသက်ရှင်သူများမှာမူ တည်မြဲနေမြဲပင် ဖြစ်သည်။
ချင်ရှန်းတောင်၊ အမှတ်စဉ် ၃၅၈၇၊ အဝါရောင်အဆင့် ဂူ
ယနေ့တွင် လေပြင်းများ တိုက်ခတ်နေလေသည်။ လေတိုက်နှုန်းမှာ အလွန် ပြင်းထန်လှ၏။ သစ်ကိုင်းများသည် ယိမ်းထိုးလှုပ်ရှားနေကြပြီး 'ဝူးဝူး' ဟူသော လေတိုးသံများ ဆက်တိုက် ထွက်ပေါ်နေသည်။
ချန်ရွှင်သည် နှစ်တစ်ရာကို တစ်ရက်ကဲ့သို့ သဘောထားပြီး စမ်းချောင်းဘေးတွင် ပုဆိန်ကို တစ်ချက်ချင်း ခုတ်ပိုင်းနေလေသည်။ သူ၏ မျက်ဝန်းများသည် ရေကန်မှ ရေပြင်ကဲ့သို့ တည်ငြိမ်နေ၏။ လေတိုက်နှုန်း ပိုမို ပြင်းထန်လာသည်။ သို့သော် ထိုလေထဲတွင် ခန့်မှန်းရခက်သော ထက်ရှသည့် အငွေ့အသက်များ ပါဝင်နေသည်။
ဝှစ်….
တိုးညှင်းသော လေခွင်းသံ တစ်ခု ထွက်ပေါ်လာသည်။ ချန်ရွှင်သည် တောင်ဖြိုပုဆိန်ကို ဖြည်းညှင်းစွာ ဝှေ့ယမ်းလိုက်လေသည်။ လေတိုက်ရာ လမ်းကြောင်းအတိုင်း၊ သဘာဝတရား၏ စည်းချက်အတိုင်း လိုက်ပါ လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။
အဝေးမှ သစ်ရွက်တစ်ခု တိတ်ဆိတ်စွာ ကြွေကျလာသည်။ ပုဆိန်ကွက်များသည် ပုံသဏ္ဌာန်မဲ့ ပျောက်ကွယ်သွားသော်လည်း ပုဆိန်လမ်းကြောင်းမှာမူ ပြောင်းလဲခြင်း မရှိပေ။ ချန်ရွှင်၏ မျက်ဝန်းများသည် ငြိမ်သက်နေပြီး စိတ်သည် တည်ငြိမ်နေကာ အတွေးများ ကင်းစင်နေလေသည်။ အဝေးမှ တောင်တန်းများတွင် မြူခိုးများ ဖုံးလွှမ်းနေပြီး လေအေးများ တိုက်ခတ်နေ၏။
သူသည် နားစွင့်ကာ အာရုံစိုက် နားထောင်နေသကဲ့သို့ ရှိသည်။ အရာရာကို ဂရုမစိုက်ဘဲ ချန်ရွှင်၏ မျက်ဝန်းထဲတွင် အဆုံးမဲ့သော ငြိမ်းချမ်းမှုများသာ ရှိနေလေသည်။ ဘေးနားရှိ ကြိုးကြာဖြူသစ်ပင်သည်လည်း ထိခိုက်ခြင်း အလျဉ်းမရှိပေ။
နောက်ထပ် ပုဆိန်ရိပ် တစ်ခုသည် လေထဲတွင် ဝဲပျံသွားလေသည်။ စမ်းချောင်း ရေပြင်ထက်၌ လှိုင်းဂယက်များ ထသွား၏။ အရာအားလုံး၏ သဘာဝ အတိုင်း လိုက်ပါ စီးဆင်းခြင်း၊ သဘာဝတရားနှင့် တစ်သားတည်းကျသော ပုဆိန်သိုင်းကွက်ပင် ဖြစ်သည်။ ဤသည်မှာ ချန်ရွှင်သည် တောင်တန်းများ၊ မြစ်ချောင်းများကို ကြည့်ရှုလေ့လာပြီး ရရှိလာခဲ့သော အတွေ့အကြုံ အနှစ်သာရ ဖြစ်ပေသည်။ လောကအလယ်တွင် သွားလာလှုပ်ရှားခြင်းသည်လည်း ကျင့်ကြံခြင်း တစ်မျိုးပင် ဖြစ်၏။ ဝိညာဉ်စွမ်းအင်ကြောင့် အဆင့်တက်လာခြင်းသည် ကျင့်ကြံခြင်း၏ တစ်စိတ်တစ်ဒေသမျှသာ ဖြစ်သည်။
ချန်ရွှင်သည် ပုဆိန်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ သူ၏ ဆံနွယ်များ လေထဲတွင် လွင့်ပျံသွားပြီး နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။ သူသည် တောင်ဖြိုပုဆိန်ကို ခါးကြားတွင် ပြန်လည် ချိတ်ဆွဲလိုက်ပြီး အခြားတစ်ဖက်သို့ ထွက်ခွာသွားတော့သည်။ ပတ်ဝန်းကျင်တွင် မည်သည့်အရာမျှ ပြောင်းလဲခြင်း မရှိသလို၊ ပျက်စီးသွားခြင်းလည်း အလျဉ်းမရှိပေ။ နှစ်ပေါင်းတစ်ရာကြာအောင် ပုဆိန်သိုင်းကွက် လေ့ကျင့်ခဲ့သော်လည်း ဘာမှ အရာမထင်သကဲ့သို့ ရှိနေသည်။ သို့သော် မြေကြီးပေါ်တွင် ကျရောက်နေသော သစ်ရွက်ကြွေများတွင်မူ ရွက်ကြောတို့ ပျောက်ဆုံးနေကြလေသည်။ စမ်းချောင်းရေပြင်တွင် လှိုင်းဂယက်များ ထနေပြီး အတော်ကြာမှ ပြန်လည် ငြိမ်သက်သွားကာ ပုံမှန်အတိုင်း ပြန်လည် စီးဆင်းသွားလေ၏။
ထိုအချိန်၌ နွားနက်ကြီးသည် ဂူအတွင်း၌ တင်ပျဉ်ခွေ ထိုင်နေလေသည်။ သူ၏ ဘေးပတ်လည်တွင် အမှောင်အရှိန်အဝါများ လွှမ်းခြုံထားသည်။ အခေါင်းနက်ကြီး တစ်လုံးသည် သူ့မျက်စိရှေ့တွင် ဝဲပျံနေပြီး အတွင်းထဲတွင် နတ်အသိ ကို ကာကွယ်ပေးနိုင်သော ကြိုးတစ်ထောင်အမျှင်များ ရှိနေသည်။ အမှောင်အရှိန်အဝါများသည် အလွန် သိပ်သည်းလွန်းသဖြင့် အစိုင်အခဲ ဖြစ်လာတော့မည့်အလား ရှိနေပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကိုပင် ညစ်ညမ်းစေနိုင်၏။ သို့သော် ရေဝိညာဉ်ပညာ နှင့် ရွှေအမြူတေ တို့က အပြည့်အဝ ထိန်းချုပ်ထားသဖြင့် နွားနက်ကြီးကို ထိခိုက်စေခြင်း မရှိပေ။
မူလလက်နက် ဆိုသည်မှာ မိမိ၏ လက်ကဲ့သို့ပင် ဖြစ်ပြီး စိတ်ချင်း ဆက်နွှယ်နေသဖြင့် အလွန် ထူးခြားဆန်းကြယ်လှသည်။ သာမန် လက်နက်များနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ သို့သော် ထိခိုက်ပျက်စီးသွားပါက မိမိ၏ ရွှေအမြူတေကိုပါ ထိခိုက်စေနိုင်ပြီး စွမ်းအား ကျဆင်းသွားနိုင်သည်။ ဤနှစ်များအတွင်း အခေါင်းနက်ကြီးကို နှစ်ပေါင်း ၁၈၀၀၀၀ သက်တမ်းအထိ တိုးမြှင့်ထားပြီး ဖြစ်သည်။ ထို့ထက်ပိုလျှင် သူ ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။ အခြေတည်အဆင့် သို့ ရောက်ရှိမှသာ ဆက်လက် တိုးမြှင့်နိုင်မည် ဖြစ်သည်။
"မွန်း"
နွားနက်ကြီးသည် တိုးညှင်းစွာ အော်မြည်လိုက်လေသည်။ ခွာများသည် လူသားတစ်ဦး၏ လက်ဝါးသဏ္ဌာန်အဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်မှ အလင်းရောင်များ ထွက်ပေါ်လာသည်။ ရွှေအမြူတေ ငါးခု၏ အလင်းရောင်များသည် ခန္ဓာကိုယ်ကို ဖောက်ထွင်းမြင်ရသကဲ့သို့ တောက်ပနေပြီး နွားနက်ကြီး၏ ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေကြ၏။ ဓာတ်ကြီးငါးပါး အပြန်အလှန် အထောက်အကူပြုနေပြီး သက်ရှိများ ရှင်သန်ကြီးထွားနေသကဲ့သို့ပင်ထင်ရသည်။ နွားနက်ကြီး၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်စက်ဝန်းတစ်ခု ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ကျောက်စိမ်းဝိညာဉ်ကျင့်စဉ်သည် အထောက်အကူပြု ကျင့်စဉ် ဖြစ်သည့်အတိုင်း ၎င်းတို့၏ ခန္ဓာကိုယ်တွင်းရှိ ပြဿနာအများအပြားကို ဖြေရှင်းပေးခဲ့လေသည်။
သူ လက်ကို ဝှေ့ယမ်းလိုက်ရာ အခေါင်းနက်ကြီး၏ အမှောင်အရှိန်အဝါများ ငြိမ်သက်သွားပြီး ရွှေအမြူတေထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။ အဆင့်မြှင့်တင်ထားသဖြင့် အခေါင်းနက်ကြီးကို ခန္ဓာကိုယ်ထဲတွင် ဖြည်းညှင်းစွာ ပျိုးထောင်ရမည် ဖြစ်သည်။ အကျိုးသက်ရောက်မှုများမှာလည်း ပိုမို ကြောက်မက်ဖွယ် ကောင်းလာပြီး အမှောင်အရှိန်အဝါများက အရာအားလုံးကို ညစ်ညမ်းစေနိုင်သကဲ့သို့ ဖြစ်နေသည်။ မည်သူမျှ မွေးဖွားခြင်းနှင့် သေဆုံးခြင်းကို မလွန်ဆန်နိုင်ပေ။ ရှင်သန်ခြင်း၏ အဆုံးစွန်သည် သေဆုံးခြင်း ဖြစ်သည်ဟု ချန်ရွှင် ယူဆထားသည်။ သေဆုံးခြင်း၏ အဆုံးစွန်သည် ရှင်သန်ခြင်း ဖြစ်လာနိုင်မည်လော...။
သူတို့သည် ဤမေးခွန်းနှင့် ပတ်သက်၍ မကြာခဏ ဆွေးနွေးလေ့ ရှိကြသော်လည်း ဗဟုသုတ နည်းပါးပြီး အဆင့်အတန်း နိမ့်ကျသေးသဖြင့် အချိန်ကာလကိုသာ အဖြေပေးခိုင်းရတော့မည် ဖြစ်သည်။
"မွန်း..."
နွားနက်ကြီးသည် ကျယ်လောင်စွာ အော်မြည် လိုက်ပြီး အမြီးဖြင့် မြေကြီးကို ရိုက်ခတ်လိုက်လေသည်။ ၎င်း၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။ မူလလက်နက် တစ်ခု ဖြစ်သော အခေါင်းနက်ကြီးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီ ဖြစ်သည်။ သူသည် စာအုပ်ငယ်လေးကို အလျင်အမြန် ဖွင့်လှစ်လိုက်ပြီး ချန်ရွှင် ရေးသားထားသော နောက်တစ်ဆင့် စီမံကိန်းကို ကြည့်ရှုလိုက်လေသည်။ နောက်တစ်ဆင့်မှာ သူတို့၏ ဓားပြဝတ်စုံ ပင် ဖြစ်သည်။
"မွန်း"
နွားနက်ကြီးသည် ခေါင်းညိတ်လိုက်၏။ ခေါင်းစွပ်ကိုလည်း သူ နှစ်ပေါင်း ၁၈၀၀၀၀အထိ တိုးမြှင့်ထားပြီး ဖြစ်သော်လည်း အပြည့်အဝ မသန့်စင်ရသေးပေ။ သို့သော် ထူးခြားသော စွမ်းရည်များ ပါဝင်လာခဲ့သည်။ နတ်အသိ ကို ကာကွယ်ပေးနိုင်ခြင်းသည် တစ်ခုအပါအဝင် ဖြစ်သည်။ ကာကွယ်ရေး စွမ်းအားအချို့လည်း ပါဝင်လာပုံ ရသည်။ ချန်ရွှင် က ဝိညာဉ်၊ နတ်အသိ၊ မူလဝိညာဉ် စသည့် တိုက်ခိုက်မှုများကို ကာကွယ်ပေးနိုင်သည်ဟု ဆိုသည်။ သူလည်း သိပ်မသိပေ။ သူတို့က တိုက်ခိုက်ခြင်း၌ မကျွမ်းကျင်ကြပေ။ နည်းလမ်း နည်းပါးလှသည်။ နတ်အသိ တိုက်ခိုက်ခြင်းကို မမြင်ဖူးသော်လည်း ကျင့်ကြံခြင်းလောကတွင် ဧကန်မုချ ရှိလိမ့်မည်။
"နွားကြီး"
"မွန်း"
ဂူအပြင်ဘက်မှ ခေါ်သံ ကြားလိုက်ရသဖြင့် နွားနက်ကြီးသည် အမြန် ပြေးသွားလိုက်လေသည်။ ချန်ရွှင် ပုဆိန်သိုင်း လေ့ကျင့်ပြီးစီးပြီး ဖြစ်လောက်သည်။ ချန်ရွှင်သည် ဖြည်းညှင်းစွာ ဝင်ရောက်လာ၏။ သူ၏ မျက်နှာတွင် အပြုံးများ ပြည့်နှက်နေသည်။
"နွားကြီး... ဘယ်လိုလဲ"
"မွန်း"
နွားနက်ကြီးသည် ဂုဏ်ယူစွာဖြင့် ပြန်လည် အော်မြည်လိုက်သည်။ သေချာပေါက် အဆင်ပြေသည်ပေါ့။ ချန်ရွှင်သည် နွားနက်ကြီးကို တစ်ချက် ပုတ်လိုက်သည်။
"မဆိုးဘူးပဲ... ငါ့ရဲ့ စွမ်းရည် နှစ်ပုံတစ်ပုံလောက် ရှိတယ်"
"မွန်း"
နွားနက်ကြီးသည် သေချာ စဉ်းစားလိုက်သည်။ အစ်ကိုကြီးက သူ့ထက် ပိုတော်တာ သေချာသည်ဟု တွေးတောပြီး ပြန်ထူးလိုက်လေ၏။
ချန်ရွှင်သည် ကျောက်ခုံပေါ်တွင် ထိုင်လိုက်ပြီး သိုလှောင်အိတ်ထဲမှ ကျန်းမာရေး လက်ဖက်ရည် ကို ထုတ်ယူကာ ဟန်ပါပါနှင့် နှစ်ချက်ခန့် မှုတ်ပြီး ဖြည်းညှင်းစွာ သောက်လိုက်လေသည်။ နွားနက်ကြီးလည်း မြေကြီးပေါ်တွင် ထိုင်ချလိုက်ပြီး ကျန်းမာရေး လက်ဖက်ရည်နှင့် ဆေးတံကို ထုတ်ကာ ဖြည်းညှင်းစွာ သောက်သုံးနေသည်။
ကျင့်ကြံခြင်း လုပ်ငန်းစဉ်သည် အမှန်တကယ်တော့ ပင်ပန်းလှသည်။ စိတ်စွမ်းအားများကို အသုံးပြုရသည်။ လမ်းမှားသို့ ရောက်ရှိသွားခြင်း သည် ထိုအရာမှ စတင်လေ့ ရှိသည်။ စိတ်လောလျှင် အမှားများတတ်ပေသည်။
၎င်းတို့သည် အပြင်ဘက်ကို ငေးမော ကြည့်လိုက်ကြသည်။ စိတ်ကို လွတ်ထားလိုက်ကြ၏။ စိမ်းလန်းသော တောင်တန်းများ၊ တိမ်ဖြူဖြူများနှင့် သစ်ပင်ကြားတွင် ဆော့ကစားနေသော ငှက်ကလေးများသည် လှပသော ပန်းချီကားချပ် တစ်ခုအဖြစ် ပေါ်ထွက်နေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးသည် မည်သည့် စကားမျှ မပြောဆိုကြပေ။ ငြိမ်သက်စွာ ထိုင်နေပြီး အချိန်ကာလ၏ အေးချမ်းမှုကို ခံစားနေကြသည်။ သဘာဝတရား၏ လှပမှုကို ခံစားနေကြ၏။ ရံဖန်ရံခါ လေပြင်းများ တိုက်ခတ်လာပြီး သစ်ရွက်များ လှုပ်ရှားသံများ ထွက်ပေါ်လာရာ တစ်မျိုးတစ်ဖုံ ကြည်နူးစရာ ကောင်းလှပေသည်။
ယင်းနှစ်များအတွင်း ချန်ရွှင်၏ 'လေခွင်း' တောင်ဖြိုပုဆိန် သုံးလက်ကိုလည်း အဆင့်မြှင့်တင်ပြီးပြီ ဖြစ်သည်။ အမှောင်အရှိန်အဝါ နှစ် ၁၈၀၀၀၀ ပါဝင်သော ပစ္စည်းကို မည်သူ ခံနိုင်ပါမည်နည်း။ ကျင့်ကြံသူများ၏ ဘိုးဘေး (၁၈) ဆက် ပေါင်းလိုက်လျှင်ပင် ဤမျှလောက် အသက်ရှည်မည့်သူ မရှိပေ။ ဤနှစ်တစ်ရာ အတွင်း သူတို့သည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁.၂) သန်းခန့် ရှာဖွေနိုင်ခဲ့သော်လည်း သိပ်မသုံးစွဲခဲ့ကြပေ။ အားလုံးကို စုဆောင်းထားသည်။ ယခုနှစ် လေလံပွဲ သုံးခုလုံးကို သူတို့ သေချာပေါက် တက်ရောက်ပြီး ဈေးဝယ်ထွက်ကြမည် ဖြစ်သည်။ အဓိကကတော့ ထို ဝိညာဉ်ဆေးပင် နှစ်ပင်၏ သတင်းကို စုံစမ်းရန် ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျောက်စိမ်းဝိညာဉ်ကျင့်စဉ် ကိုလည်း ပြုပြင်ပြီးပြီ ဖြစ်သည်။ သို့သော် နှစ်အနည်းငယ် ကြာမြင့်ခဲ့လေသည်။ ဝိညာဉ်စွမ်းအားများသည် ပိုမို သိပ်သည်းလာပြီး အစစ်အမှန်ကဲ့သို့ ခံစားလာရသည်။ ချန်ရွှင် တစ်ခါတလေ စိတ်ပူမိသည်။ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားများသည် ပုံသဏ္ဌာန်မဲ့ သော်လည်း သူတို့၏ ဝိညာဉ်စွမ်းအားများသည် ပြောင်းလဲလာနေသည်။ ရွှေအမြူတေအဆင့် ကျင့်စဉ်ကို သန့်စင်ပြီးသောအခါ မည်သို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကို သူ မှန်းဆ၍ မရနိုင်ပေ။ သက်တမ်းအမှတ်များသည်လည်း (၅) မျိုးစလုံး ပြည့်သွားပြီ ဖြစ်သည်။ ယခုအခါ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိရန် စောင့်ဆိုင်းပြီး တစ်ခါတည်း အဆင့်မြှင့်တင်ရန်သာ ကျန်ရှိတော့သည်။
အခန်း (၁၃၄)
နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်ရှိသောအခါ နေရောင်ခြည်သည် တောက်ပစွာ ဖြာကျနေပြီး လင်းရောင်ခြည်များသည် ကမ္ဘာမြေကို လွှမ်းခြုံထားလေသည်။ ချင်ရှန်းတောင် ၏ တောင်ထွတ်များကြား၌ မြူခိုးတို့ ရစ်သိုင်းလျက် ထူးခြားဆန်းပြားသော တောင်ကမ်းပါးယံများသည် မတ်စောက်စွာ တည်ရှိနေကြသည်။ ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသော တောင်တန်းကြီးသည် ကောင်းကင်မှ ကျဆင်းလာသော ရောင်စုံဖဲကြိုးများကဲ့သို့ လှပနေပေသည်။
"နွားကြီး... သွားကြစို့"
"မွန်း"
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် လန်းဆန်းတက်ကြွစွာဖြင့် တောင်အောက်သို့ ဆင်းလာခဲ့ကြသည်။ နှစ်တစ်ရာပြည့် ပွဲတော်ကြီး ကျင်းပမည့်ရက် ဖြစ်သဖြင့် တောင်အောက်သို့ ဆင်းလာကြသော ကျင့်ကြံသူများသည် ယခင်ကထက် ပိုမို များပြားနေ၏။ လမ်းခရီးတွင် တွေ့ဆုံရသော မိတ်ဆွေအပေါင်းအသင်းများကိုလည်း လက်သီးဆုပ် နှုတ်ဆက်ကာ ခရီးဆက်ခဲ့ကြသည်။
ချင်ရှန်းတောင်၏ အပြင်ဘက်၌ လူများ သွားလာလှုပ်ရှားနေကြပြီး ဆိုင်ခန်းများ၊ ဈေးသည်များဖြင့် စည်ကားသိုက်မြိုက်နေလေသည်။ ချန်ရွှင်သည် တောင်ခြေသို့ ရောက်သည်နှင့် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ရာ ရင်းနှီးသော သူ တစ်ဦးတစ်ယောက်မျှ မရှိတော့သည်ကိုတွေ့ရ၏။ သူသည် ပြုံးလိုက်ပြီး နွားနက်ကြီးကို ခေါ်ဆောင်ကာ မြို့လယ်ခေါင်သို့ ဦးတည် လျှောက်လှမ်းသွားသည်။
လမ်းခရီးတွင်...
"နွားကြီး... မင်း ကြိုက်နှစ်သက်တဲ့ အစီအရင် ပစ္စည်းတွေ တွေ့ရင် ပြောနော်... ဝယ်လိုက်မယ်"
"မွန်း မွန်း"
နွားနက်ကြီးသည် ချန်ရွှင်ကို ခေါင်းဖြင့် တိုးဝှေ့လိုက်ပြီး မျက်လုံးများက ဟိုကြည့်သည်ကြည့်ဖြင့် အလုပ်ရှုပ်နေသည်။ ၎င်း ဘာကို ရှာဖွေနေမှန်း မသိပေ။ ချန်ရွှင်သည် နွားနက်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှ ဆက်မပြောဘဲ တိတ်ဆိတ်စွာ ဆက်လက် လျှောက်လှမ်းနေ၏။
စကားမပြောဘဲ လျှောက်လာကြရာ ထိုက်ကူခန်းမ ရှေ့သို့ ရောက်ရှိလာကြသည်။ ထိုခန်းမကြီးသည် ယခင်ကကဲ့သို့ပင် ခမ်းနားထည်ဝါနေဆဲ ဖြစ်ပြီး အနက်ရောင်နှင့် ရွှေရောင် ရောယှက်နေသော ဗိသုကာလက်ရာသည် ဝံ့ထည်နေဆဲဖြစ်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ခန်းမကြီးကို မော့ကြည့်လိုက်ကြ၏။
ထိုအချိန်တွင် အခြေခံတည်ဆောက်ခြင်းအဆင့် လူငယ်ကျင့်ကြံသူ တစ်ဦးသည် သူတို့ထံသို့ လျှောက်လှမ်းလာပြီး လေးစားစွာ နှုတ်ဆက်သည်။
"စီနီယာ... လေလံပွဲကို လာတာလားခင်ဗျာ"
"ဟုတ်တယ်"
ချန်ရွှင်သည် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ ဤလူငယ်သည် ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းမှ တပည့်တစ်ဦး ဖြစ်ကြောင်း သူ သိရှိထားသည်။ ချန်ရွှင်သည် လက်ကို ဝှေ့ယမ်းကာ လိုအပ်သော ဝိညာဉ်ကျောက်တုံးများကို ပေးချေလိုက်သည်။
"စီနီယာ... ကျေးဇူးပြုပြီး ဒါကို သိမ်းဆည်းထားပါ... အခန်းက မြေကမ္ဘာအဆင့် အမှတ် (၃၂၁) ပါ"
လူငယ်က ကျောက်စိမ်းပြား တစ်ခုကို ထုတ်ပေးလိုက်သည်။
"ကျေးဇူးပါပဲ"
ချန်ရွှင်သည် ကျောက်စိမ်းပြားကို လှမ်းယူလိုက်ပြီး အနည်းငယ် စစ်ဆေးကြည့်ရှုလိုက်သည်။ ယခင်နှစ်များနှင့် မတူတော့ဘဲ အစီအရင် နှင့် ကာကွယ်မှုများ ပြောင်းလဲထားကြောင်း တွေ့လိုက်ရ၏။ လူငယ်က လက်သီးဆုပ်ကာ ရိုသေစွာဖြင့်
"စီနီယာ... ကြွပါခင်ဗျာ"
"နွားကြီး... သွားမယ်"
"မွန်း"
သူတို့သည် ထိုက်ကူခန်းမ အတွင်းသို့ ဝင်ရောက်သွားကြသည်။ ဖြောင့်တန်းသော လမ်းမကြီး တစ်လျှောက်ကို နတ်အသိကို ကာကွယ်ထားနိုင်သော ပစ္စည်းများဖြင့် ပြုလုပ်ထားလေသည်။ ယခုအခါ ခန်းမအတွင်းပိုင်းသည်လည်း ပုံစံသစ် ပြောင်းလဲထားပြီး အခန်းဖွဲ့စည်းပုံများ ကွဲပြားသွားသော်လည်း အဓိက တည်ဆောက်ပုံမှာမူ ပြောင်းလဲခြင်း မရှိပေ။ ရွှေအမြူတေအဆင့် ကျင့်ကြံသူ အချို့သည် သူတို့ဘေးမှ ဖြတ်သန်းသွားကြပြီး ကိုယ်ရောင်ဖျောက်ကာ မိမိတို့ အခန်းထဲသို့ တန်းဝင်သွားကြသည်။
ထိုစဉ် သူတို့သည်အင်အားစု တစ်ခုမှ လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူသည် အလွန် လျင်မြန်စွာ လျှောက်လာပြီး ဦးခေါင်းတွင် ကျောက်စိမ်းသရဖူကို ဆောင်းထားသည်။ သူ၏ ဝတ်စားဆင်ယင်ပုံမှာ အလွန် တန်ဖိုးကြီးမားပြီး တစ်ကိုယ်လုံးတွင် ဝိညာဉ်လက်နက်များ တပ်ဆင်ထား၏။ သူ၏ နောက်တွင် ရွှေအမြူတေအဆင့် အစောပိုင်း အဆင့်ရှိသော သက်တော်စောင့် သုံးဦး ပါလာကြသည်။ ထိုသူသည် မီးခိုးရောင် အင်္ကျီကို ဝတ်ဆင်ထားပြီး ကျောပေါ်တွင် ကောက်ရိုးဦးထုပ် လွယ်ထားသော ရွှေအမြူတေအဆင့် အစောပိုင်း ကျင့်ကြံသူ ချန်ရွှင်ကို အထင်သေးစွာ တစ်ချက် ကြည့်လိုက်ပြီးနောက် မိမိအခန်းထဲသို့ ဝင်ရောက်သွားလေသည်။
"နွားကြီး"
"မွန်း"
"ငါ ပြောတာက စောစောက ဝင်သွားတဲ့ ကောင်ကို ပြောတာဟ"
"မွန်း"
နွားနက်ကြီး မျက်လုံးများ ကလယ်ကလယ် ဖြစ်သွားသည်။ သူက သူ့ကို ခေါ်သည်ဟု ထင်မှတ်နေခြင်း ဖြစ်၏။ ချန်ရွှင် တဟားဟား ရယ်မောလိုက်ပြီး ခန်းမထဲတွင် ဆက်လက် ရပ်မနေတော့ဘဲ သူတို့၏ အခန်းရှိရာသို့ ထွက်ခွာသွားသည်။
ခဏကြာသောအခါ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် သူတို့၏ သီးသန့်အခန်းသို့ ရောက်ရှိသွားကြပြီး လေလံပွဲ စတင်မည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ နှစ်နာရီခန့် ကြာမြင့်ပြီးနောက် သာယာနာပျော်ဖွယ် ခေါင်းလောင်းသံများ ထွက်ပေါ်လာပြီး လေလံ စင်မြင့် ပေါ်၌ အကြီးအကဲ တစ်ဦး ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။ ချန်ရွှင် လက်သီးကို တင်းတင်း ဆုပ်လိုက်မိသည်။
"ဒီလူပဲလား..."
အကြီးကဲ က လက်သီးဆုပ်ကာ အားလုံးကို နှုတ်ဆက်လိုက်သည်။
"လေလံပွဲကို ကြွရောက်လာကြတဲ့ မိတ်ဆွေများ၊ စီနီယာများ အားလုံးကို ကြိုဆိုပါတယ်... ဒီနှစ် လေလံပစ္စည်းတွေက မိတ်ဆွေတို့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်... လေလံပွဲ စတင်ပါတော့မယ်"
စကားဆုံးသည်နှင့် စင်မြင့်အောက်မှ လှပသော အမျိုးသမီးငယ် ဆယ်ဂဏန်းခန့် ရုတ်တရက် ထွက်ပေါ်လာကြပြီး စင်မြင့်ပေါ်ရှိ တိုင်လုံးကြီးများ၏ အနောက်တွင် နေရာယူလိုက်ကြသည်။ အခန်းထဲတွင် ချန်ရွှင် မျက်နှာ ရှုံ့မဲ့သွား၏။
"ဒီ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက တကယ်ပဲ တတ်လည်းတတ်နိုင်ကြပါပေတယ်... နှစ်တစ်ရာကို ပုံစံတစ်မျိုး ပြောင်းနေတာပဲ"
နွားနက်ကြီးမှာမူ အခန်းအပြင်ဘက်သို့ ရောက်လုနီးပါး ဖြစ်နေပြီး မျက်လုံးအဝိုင်းသားဖြင့် လေလံစင်မြင့်ကို စိုက်ကြည့်နေသည်။ သူတို့၌ ဝိညာဉ်ကျောက်တုံးများစွာ ရှိနေသည် မဟုတ်ပါလား။
"ပထမဆုံး ပစ္စည်းကတော့... အလယ်အလတ်အဆင့် မူလဆေး ငါးပုလင်း ဖြစ်ပါတယ်... ဆေးဂိုဏ်း က မိတ်ဆွေများ ကိုယ်တိုင် စစ်ဆေးထားပြီးဖြစ်လို့ ဆေးအာနိသင် ပြည့်ဝကြောင်း အာမခံပါတယ်"
အဘိုးအို ပြောပြီးသည်နှင့် လက်ကို ဝှေ့ယမ်းလိုက်ရာ ဆေးပုလင်းတစ်လုံး လက်ထဲသို့ ရောက်ရှိလာသည်။ ဖြူဖွေးတောက်ပသော ဆေးလုံးတစ်လုံးကို လက်ညှိုးနှင့် လက်မကြားတွင် ညှပ်ကာ ပြသလိုက်၏။
"ဒီဆေးရဲ့ တန်ဖိုးကို မိတ်ဆွေတို့ အားလုံး သိကြမှာပါ... ရွှေအမြူတေအဆင့်အတွက် ရတနာ ဆေးတစ်ပါး ဖြစ်ပါတယ်... အသေးစိတ်ကို မပြောတော့ပါဘူး"
အဘိုးအို၏ မျက်လုံးများတွင် လောဘအရိပ်အယောင်များ ဖြတ်သန်းသွားသည်။
"စဖွင့်ဈေးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သောင်း ဖြစ်ပါတယ်... ဈေးတိုးရင် တစ်ထောင်အောက် လျော့လို့ မရပါဘူး"
"သုံးသောင်း"
"သုံးသောင်းခွဲ"
"လေးသောင်း"
"ငါးသောင်း"
လေလံစင်မြင့်ပေါ်ရှိ အလင်းတိုင်များသည် တဖျပ်ဖျပ် လင်းလက်နေကြသည်။ ကျင့်ကြံခြင်းအဆင့် တိုးတက်စေသော ဆေးဝါးများသည် အလွန် ရေပန်းစားလှပြီး ကျင့်ကြံသူတိုင်း လိုအပ်သော ပစ္စည်း များ ဖြစ်၏။ ပထမဆုံး ပစ္စည်းနှင့်ပင် လေလံပွဲသည် အရှိန်အဟုန် ပြင်းထန်လာပြီး အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ အခန်းထဲတွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဆေးများကို စိတ်ဝင်စားခြင်း မရှိကြပေ။ သူတို့သည် အလွန် တည်ငြိမ်နေကြပြီး ဈေးပေးခြင်းလည်း မရှိကြချေ။ ကျန်းမာရေး လက်ဖက်ရည်ကို သောက်ရင်း အခြားသူများ ဈေးပြိုင်ပေးနေသည်ကို ထိုင်ကြည့်နေကြလေသည်။
ထို့နောက်တွင် ကျင့်စဉ်များ၊ ရှားပါး ကုန်ကြမ်းပစ္စည်းများ၊ ဝိညာဉ်ဆေးပင်များနှင့် ဝိညာဉ်သားရဲများ ထွက်ပေါ်လာသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ မှတ်တမ်းတင်နေကြသော်လည်း စိတ်ဝင်စားမှု သိပ်မရှိလှပေ။ သူတို့အတွက် အသုံးဝင်သည့်ပစ္စည်းများမဟုတ်။ နောက်ဆုံးတွင် လေလံနောက်ဆုံး ပစ္စည်းအဖြစ် အခြေတည် အဆင့်နိမ့်ဆေး တစ်လုံး ထွက်ပေါ်လာသည်။ ချန်ရွှင် စိတ်ပျက်သွားပြီး မျက်နှာ တင်းမာသွား၏။
"နွားကြီး... ပြန်မယ်"
"မွန်း"
နွားနက်ကြီးလည်း ခေါင်းငိုက်စိုက်ကျသွားသည်။ ဤလေလံပွဲသည် ပစ္စည်းစာရင်းကို ကြိုတင်မထုတ်ပြန်သဖြင့် သူတို့၏ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင် အလကား ရှုံးသွားခဲ့ရသည်။ သူတို့သည် လေလံပွဲ မပြီးခင် ကြိုတင် ထွက်ခွာလာခဲ့ကြပြီး အိမ်ပြန်လာခဲ့ကြသည်။ ရက်အနည်းငယ်ကြာသောအခါ ပါရမီရှင်များ၏ တိုက်ပွဲများကို လာရောက် ကြည့်ရှုရင်း နောက်တစ်ကြိမ် လေလံပွဲ စတင်မည့် အချိန်ကို စောင့်ဆိုင်းကြသည်။
ရက်အနည်းငယ် ကြာသောအခါ...
ချန်ရွှင်နှင့် နွားနက်ကြီးတို့ ရောက်ရှိလာကြပြန်သည်။ လူရှင်းသော နေရာတွင် ထိုင်ကာ နေကြာစေ့စားရင်း ရွှေအမြူတေအဆင့် ပါရမီရှင်များ၏ တိုက်ပွဲများကို ပြုံးရွှင်စွာ ကြည့်ရှုကြ၏။ လွန်ခဲ့သော ရက်အနည်းငယ်က စိတ်ညစ်စရာများကို မေ့ပစ်လိုက်ကြ၏။ ယွီရွှပ်မြို့ သည် ပိုမို စည်ကားလာသည်။ ဂိုဏ်းပေါင်းစုံမှ လူများ ဆက်တိုက် ရောက်ရှိလာကြ၏။
မြို့ထဲတွင် တိုက်ခိုက်မှု အချို့ ဖြစ်ပွားခဲ့သည်။ ချင်နိုင်ငံ ပြင်ပမှ လာသော ကျင့်ကြံသူ အချို့သည် စည်းကမ်းကို နားမလည်ကြသဖြင့် ပြဿနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းမှ လူများ ဒေါသထွက်သွားကြသည်။ ကျင့်ကြံသူ ထောင်ပေါင်းများစွာ စုဝေးရောက်ရှိလာကြပြီး ကောင်းကင်တွင် လက်နက်များ စီးနင်းကာ ပျံသန်းနေကြသည်။
ပြဿနာရှာသော သူများသည် ကွက်မျက်ခြင်းခံကြရသည်။ ထို့နောက် ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းမှ ကြေညာချက် ထုတ်ပြန်လိုက်သည်။
"ကလဲ့စားချေချင်ရင် ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းကို တိုက်ရိုက် လာခဲ့ကြ... မင်းတို့ နောက်ကွယ်က အင်အားစုတွေကို ငါတို့ စောင့်နေမယ်... ဒါပေမဲ့ ယွီရွှပ်မြို့မှာ ထပ်ပြီး သောင်းကျန်းရဲရင် ချင်နိုင်ငံ ပြင်ပက ဖြစ်ပါစေ... မင်းတို့ရဲ့ ဂိုဏ်းကိုပါ ဖျက်ပစ်မယ်"
မြို့ထဲရှိ ကျင့်ကြံသူ အများအပြား ကြောက်လန့်တုန်လှုပ်သွားကြပြီး အားလုံး ငြိမ်ကုပ်သွားကြသည်။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းကို သူတော်ကောင်းများဟု ထင်မှတ်နေလျှင် ယွီရွှပ်မြို့သည် ကျဆုံးသွားသည်မှာ ကြာပြီ ဖြစ်လိမ့်မည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ဖြစ်ပွားခဲ့သော ကျင့်ကြံခြင်းလောက စစ်ပွဲကြီးတွင် ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်း၏ ရက်စက်မှုကို ကြုံတွေ့ခဲ့ရဖူးသူများ အနေဖြင့် ကောင်းစွာ မှတ်မိနေကြသည်။ ဝူနိုင်ငံ ကျင့်ကြံခြင်းလောက တစ်ခုလုံး သွေးချောင်းစီးခဲ့ရပြီး ဂိုဏ်းများ မြောက်ဘက်သို့ ထွက်ပြေးခဲ့ရသည် မဟုတ်ပါလား။ မည်သူက ၎င်းတို့၏ အာဏာစက်ကို စမ်းသပ်ရဲမည်နည်း။
မျက်စိတစ်မှိတ်အတွင်း လေးလ ကုန်ဆုံးသွားပြန်သည်။ နှစ်တစ်ရာ ပြည့် ပွဲတော်ကြီး၏ ဒုတိယအကြိမ် လေလံပွဲ စတင်လေပြီ။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ရောက်ရှိလာကြပြန်သည်။ သူတို့ ဝင်ကြေးပေးပြီး အခန်းထဲသို့ ဝင်ရောက်သွားကြသည်။
"နွားကြီး... ပူဇော်မှုစမယ်"
ချန်ရွှင်သည် ဝတ်ရုံကို ပြင်ဆင်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် ထိုင်ကာ ဂါထာမန္တန်များ ရွတ်ဆိုလိုက်သည်။
"မွန်း"
နွားနက်ကြီးသည် ကြည်ညိုလေးစားမှု အပြည့်ဖြင့် ချင်ရှန်းတောင်မှ ခူးယူလာသော ပန်းပွင့်များကို ဖြန့်ခင်းလိုက်၏။ အခန်းတစ်ခုလုံး မီးခိုးငွေ့များ၊ ပန်းပွင့်များဖြင့် ပြည့်နှက်သွားသည်။ ချန်ရွှင်သည် စွမ်းအားများကို ထုတ်လွှတ်လိုက်ရာ ရောင်စုံ ဝိညာဉ်စွမ်းအားများ ခန္ဓာကိုယ်ပတ်လည်တွင် ဝန်းရံသွားလေသည်။ သူသည် မျက်လုံးကို အနည်းငယ် မှိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"အကျွုန်ုပ် တို့ ညီအစ်ကို နှစ်ယောက် ရည်မှန်းချက် ကြီးမားစွာနဲ့ ကျင့်ကြံခြင်းလောကကို ဝင်ရောက်လာခဲ့ကြတယ်... အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်… နတ်မင်းများက အကျွုန်ုပ်တို့ကို စောင့်ရှောက်တော်မူကြပါ"
"မွန်း မွန်း မွန်း"
လူတစ်ယောက်နှင့် နွားတစ်ကောင်သည် မျက်လုံးများ အရောင်တောက်လာပြီး အရှိန်အဝါများ ပြင်းထန်လာသည်။ သူတို့ လက်အုပ်ချီလိုက်ကြရာ အခန်းထဲတွင် မီးခိုးငွေ့များနှင့် ပန်းပွင့်များ လွင့်ပျံသွား၏။ ယခုတစ်ကြိမ်တွင် "မြေကမ္ဘာမြက်" နှင့် "စိမ်းလန်းညဖြူမှို" ကို မရရအောင် ယူပေမည်။
"နွားကြီး... အရက်အစား လက်ဖက်ရည်နဲ့... ကောင်းကင်ကို ပူဇော်မယ်... နတ်ကောင်းနတ်မြတ်တွေကို ပူဇော်မယ်"
"မွန်း မွန်း"
ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ ဝတ်ရုံများသည် လေမတိုက်ဘဲ လွင့်ပျံနေသည်။ လက်ထဲတွင် ကျန်းမာရေး လက်ဖက်ရည်ခွက်များကို ကိုင်ဆောင်ထားပြီး မြေကြီးပေါ်သို့ တပြိုင်နက် သွန်ချလိုက်ရာ အခိုးအငွေ့များ ထွက်ပေါ်လာသည်။ သူတို့ အကြည့်ချင်း ဆုံလိုက်ကြပြီး ပြုံးလိုက်ကြ၏။ ထို့နောက် နေရာတွင် ပြန်ထိုင်လိုက်ကြသည်။ မျက်ဝန်းများထဲတွင် တည်ငြိမ်မှုများ ပြည့်နှက်နေပြီး ဆရာကြီးများ စတိုင်ဖမ်းထားလိုက်ကြလေသည်။