အခန်း (၁၃၅-၁၃၆)
Vol. 7 Ch. 135-136
အခန်း (၁၃၅)
ရုတ်တရက်ဆိုသလိုပင် သူတို့နှစ်ဦးသည် တစ်စုံတစ်ခုကို သတိထားမိလိုက်ကြလေသည်။ ဤအခန်း၏ အစီအရင်သည် အသံနှင့် နတ်အသိ စူးစမ်းမှုကို ကာကွယ်ပေးနိုင်သော်လည်း မီးခိုးငွေ့များကို ကာကွယ်ပေးနိုင်သည်ဟု ဖော်ပြထားခြင်း အလျဉ်းမရှိပေ။ အခန်းသည် တံခါးမရှိဘဲ အပေါ်၌ ကျင့်ကြံသူ၏ ဝိညာဉ်စွမ်းအားကို စစ်ဆေးသော အတားအဆီး တစ်ခုသာ ရှိကာ ကျောက်စိမ်းပြားဖြင့် ဖွင့်လှစ်ရခြင်း ဖြစ်သည်။
ထိုစဉ် အခန်းအပြင်ဘက်မှ အလောတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"စီနီယာ... စီနီယာ"
"စီနီယာ... ဘာဖြစ်လို့လဲခင်ဗျာ"
"စီနီယာ... ဘာလို့ အခန်းထဲက မီးခိုးတွေ ထွက်နေတာလဲခင်ဗျာ…..မီးများလောင်နေလား"
"ဟေ..."
"မွန်း..."
ချန်ရွှင်နှင့် နွားနက်ကြီးတို့ ထိတ်လန့်သွားကြလေသည်။ နတ်မင်းများပူဇော်ရာ မီးခိုးငွေ့များကို မထွက်စေရန် မေ့လျော့နေခဲ့ကြခြင်း ဖြစ်သည်။ သို့ဆိုလျှင် နတ်မင်များအားပူဇော်ခြင်းသည် မည်သို့ အဓိပ္ပာယ် ရှိတော့မည်နည်း။ ကြိုးပမ်းမှုများ အချည်းနှီး ဖြစ်ကုန်ချေပြီ။ ချန်ရွှင်သည် ဝိညာဉ်စွမ်းအား ကို ပစ်လွှတ်လိုက်ရာ အတားအဆီး ပွင့်သွားပြီး ကျင့်ကြံသူ သုံးဦး ဝုန်းခနဲ ဝင်ရောက်လာကြသည်။ ၎င်းတို့သည် အတော်လေးအံ့ဩကုန်ကြသည်။ အခန်းထဲတွင် အမွှေးတိုင်အိုးများ၊ ပန်းပွင့်များဖြင့် ဘာလုပ်နေကြပါသနည်း။
"ကိစ္စမရှိပါဘူး... မင်းတို့ သွားကြပါ... ပြီးရင် ငါတို့ဘာသာ ပြန်ရှင်းလိုက်ပါ့မယ်"
"ဪ...ဟုတ်ကဲ့ပါ... ဒါဆိုရင် ကျွန်တော်တို့ မနှောင့်ယှက်တော့ပါဘူး"
ထိုသုံးဦးသည် သက်ပြင်းချလိုက်ကြပြီး လက်သီးဆုပ်ကာ ပြန်လည် ထွက်ခွာသွားကြလေသည်။ သူတို့သည် အခန်းထဲတွင် တစ်စုံတစ်ခု ဖြစ်ပျက်နေသည်ဟု ထင်မှတ်ပြီး လာရောက်ကြည့်ရှုခြင်း ဖြစ်၏။ ဤသည်မှာ သူတို့၏ တာဝန်လည်း ဖြစ်သည် မဟုတ်ပါလား။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် မျက်နှာမကောင်း ဖြစ်သွားကြပြီး မီးခိုးငွေ့များနှင့် ပန်းပွင့်များကို ဖျောက်ဖျက်လိုက်ကြသည်။ စိတ်ထဲတွင် မသိုးမသန့် ဖြစ်သွားကြလေသည်။
"နွားကြီး... ကိစ္စမရှိပါဘူး...ဒီတစ်ခါ မရရင် နောက်တစ်ခါ လေလံပွဲ ရှိသေးတာပဲ... အဲဒီကျရင် ငါတို့ ကြိုပြီး ပူဇော်ကြတာပေါ့"
ချန်ရွှင်က နွားနက်ကြီးကို ပုတ်လိုက်ပြီး...
"ဝိညာဉ်ကျောက်တုံး တစ်ထောင်... နှမြောစရာကြီးကွာ...ရှုံးနိုင်ပါသေးတယ်"
"မွန်း"
နွားနက်ကြီးကလည်း ချန်ရွှင်ကို ပြန်လည်ပုတ်ကာ နှစ်သိမ့်လိုက်လေသည်။
လေလံပွဲ တင်ဆက်သူသည် ထို ရွှေအမြူတေအဆင့် အဘိုးအိုပင် ဖြစ်သည်။ သူသည် လက်နောက်ပစ်လျက် ထွက်ပေါ်လာပြီး လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။ လေလံပွဲ တရားဝင် စတင်လေပြီ။ ရတနာ ပစ္စည်းများကို တစ်ခုပြီး တစ်ခု စင်မြင့်ပေါ် တင်ဆက်လာသည်။ လေလံဆွဲမှုများ ပြင်းထန်နေသော်လည်း သူတို့ လိုချင်သော ဝိညာဉ်ဆေးပင် နှစ်ပင်ကိုမူ မတွေ့ရှိရသေးပေ။
သို့သော်...
ပစ္စည်းတစ်ခုက သူတို့၏ စိတ်ဝင်စားမှုကို ရုတ်တရက် ဆွဲဆောင်လိုက်သည်။ နွားနက်ကြီးသည် ခေါင်းကို ရှည်ထွက်လာသည်အထိ ဆန့်ထုတ်ကြည့်ရှုလေ၏။ အဘိုးအိုက မြေပုံနှင့် တူသော ပစ္စည်းတစ်ခုကို ကိုင်ဆောင်ထားပြီး လျှို့ဝှက်စွာ ပြုံးလိုက်သည်။
"ဒီပစ္စည်းကတော့ ပဉ္စမံအစီအရင် ဖြစ်ပါတယ်"
သူ စကားဆုံးသည်နှင့် အခန်းအတော်များများမှ ကျင့်ကြံသူများ၏ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ ပဉ္စမံအစီအရင် ဆိုသည်မှာ တိုက်ခိုက်ခြင်း၊ ကာကွယ်ခြင်းနှင့် လှည့်စားခြင်းတို့ ပေါင်းစပ်ထားသော အစီအရင် ဖြစ်သည်။ ဤအစီအရင်သည် အလွန် ကျော်ကြားလှ၏။ ဂိုဏ်းများ၏ ကာကွယ်ရေး အစီအရင်ကြီးများနှင့် မတူဘဲ ဤအစီအရင်သည် ဂူများအတွက် သီးသန့် ပြုလုပ်ထားခြင်း ဖြစ်ပြီး ရွှေ့ပြောင်းနိုင်သော အစီအရင်ကြီး တစ်ခု ဖြစ်သည်။ အကယ်၍ ဝိညာဉ်စွမ်းအား ပံ့ပိုးမှု ရှိပါက ဂိုဏ်းငယ်လေးများ၏ ကာကွယ်ရေး အစီအရင် အဖြစ်ပင် အသုံးပြုနိုင်ပေသည်။
ထိုက်ကူခန်းမ အတွင်းရှိ ရွှေအမြူတေအဆင့် ကျင့်ကြံသူများ စိတ်လှုပ်ရှားသွားကြသည်။ သိုလှောင်လက်စွပ်များကို စားပွဲပေါ် ရိုက်ချလိုက်ကြလေ၏။ အပေါ်ဆုံး အခန်းများရှိ အခြေတည်အဆင့် ဘိုးဘေးများကမူ စိတ်ဝင်စားမှု မရှိကြပေ။ သူတို့အတွက်မူကား စားရမည်မှာလည်း သဲတရှပ်ရှပ် ပစ်လိုက်ရမည်မှာလည်း အဆီတဝင်းဝင်း ဖြစ်နေချေသည်။
လေလံစင်မြင့်ထက်တွင်မူ အဘိုးအိုသည် တမင်တကာ အချိန်ဆွဲလိုက်ပြီးမှ ဆက်လက် ပြောဆိုလေသည်။
"ဒါက အစီအရင် ပုံကြမ်း ဖြစ်ပေမယ့် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေက ရှာရလွယ်ကူပါတယ်... အဆင့်ဆင့် တပ်ဆင်သွားရင် မခက်ခဲပါဘူး... ပြီးတော့ ဒီအစီအရင်က ကာကွယ်ရေး အစီအရင်ကြီးတွေလိုပဲ ဝိညာဉ်စွမ်းအင်ကို အလိုအလျောက် စုပ်ယူနိုင်ရုံသာမက ကောင်းကင်နဲ့ မြေကြီးရဲ့ ဓာတ်ငါးပါး စွမ်းအင်ကိုပါ စုပ်ယူပြီး လည်ပတ်နိုင်ပါတယ်"
"တကယ့်ကို ရှားပါးတဲ့ ပစ္စည်းပါ... ထူးခြားတဲ့ အစီအရင်လို့ ပြောလို့ ရပါတယ်... အဖွင့်ဈေးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသောင်း ပါ"
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ခြောက်သောင်း ပေးတဲ့ မိတ်ဆွေ ရှိနေပါပြီ"
"ခုနစ်သောင်း"
လေလံဈေးနှုန်းသည် ဆက်လက် မြင့်တက်နေလေသည်။ လူတိုင်းသည် အရူးမဟုတ်ကြပေ။ သက်သာသော ဈေးနှုန်းဖြင့် ရနိုင်မည့် အခွင့်အရေးကို လက်လွတ်ခံကြမည် မဟုတ်ပေ။ အစီအရင် ပုံကြမ်း ဆိုသည်မှာ တစ်ခု ဝယ်ယူထားလျှင် မျိုးဆက်ပေါင်းများစွာ သုံးစွဲနိုင်သည့် ပစ္စည်းမျိုး ဖြစ်သည်။ ပဉ္စမံအစီအရင် လည်း ဖြစ်နေသေးရာ ကျင့်ကြံခြင်း မိသားစုလေး တစ်ခုလောက်ကို ကာကွယ်ရန်အတွက်မူ ပိုလျှံနေသေးသည်။
အခန်းထဲတွင်မူ...
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် စိတ်ဓာတ်များတက်ကြွလာကြလေ၏။ ကောင်းကင်နှင့် နတ်ဘုရားများ စောင့်ရှောက်လေပြီ။ နောက်ဆုံးတွင်မူ ပစ္စည်းကောင်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
"မွန်း... မွန်း မွန်း"
"နွားကြီး... ငလူးမ... ဝယ်မယ် အိမ်ပါ ပေါင်ရ ပေါင်ရ"
ချန်ရွှင်သည် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ဘုန်းခနဲ မြည်အောင် ရိုက်ချလိုက်လေသည်။
"ငါ ဒီမှာ ပြောလိုက်မယ်... ဝိညာဉ်ကျောက်တုံး ၁.၂ သန်း ကျော်သွားရင်တော့ မင်းတို့ ယူသွားကြပေတော့"
"မွန်း..."
နွားနက်ကြီးသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ချန်ရွှင်ကို အဆက်မပြတ် ပွတ်သီးပွတ်သပ် ပြုလုပ်နေလေသည်။
"နွားကြီး... ဈေးခေါ်လိုက်... ငါတို့ဆီမှာ ဝိညာဉ်ကျောက်တုံး မရှားဘူး"
"မွန်း"
နွားနက်ကြီးထံမှ 'တဖူးဖူး' အော်မြည်သံများ ထွက်ပေါ်လာပြီး တိုင်လုံးဘေးတွင် ဝင်ရောက်ထိုင်လိုက်လေသည်။ ၎င်း၏ နှလုံးခုန်သံများမှာလည်း မြန်ဆန်လာ၏။
လေလံစင်မြင့်ထက်တွင်မူ ဈေးနှုန်းသည် အဆက်မပြတ် မြင့်တက်နေပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၅၀၀၀ အထိ ရောက်ရှိနေပြီ ဖြစ်သည်။
"၁၇၀၀၀ ပေးတဲ့ မိတ်ဆွေ ရှိနေပါပြီ"
အဘိုးအိုသည် ပြုံးလိုက်ပြီး စင်မြင့်ပေါ်တွင် လမ်းလျှောက်နေလေသည်။
"ဒီ အစီအရင် မူကြမ်း ရှိရင် အစီအရင် ပညာ ကျွမ်းကျင်စရာ မလိုပါဘူး... တကယ်ကို အဆင်ပြေပါတယ်"
"အိုး...အခု အမြင့်ဆုံးဈေးက ၁၉၀၀၀ အထိ ရောက်သွားပါပြီ"
"နှစ်သိန်း... မိတ်ဆွေတို့က တကယ့်ကို ရက်ရောကြပါပေတယ်... ကျုပ်တောင် ရှက်မိပါတယ်"
"နှစ်သိန်းခွဲ... ဟုတ်နေပြီ"
လေလံစင်မြင့်ပေါ်ရှိ တိုင်လုံးများ၏ မီးရောင်များသည် သိသိသာသာ လျော့နည်းသွားလေသည်။ ကျင့်ကြံသူ အများအပြား လက်လျှော့လိုက်ကြပုံ ရသည်။ ဈေးနှုန်း ကြီးမြင့်လွန်းနေသောကြောင့်ပင် ဖြစ်သည်။
အခန်းထဲတွင်...
"ဈေးတိုး... နွားကြီး... တိုးပစ်လိုက်"
ချန်ရွှင်၏ လက်တစ်ဖက်က လက်ဖက်ရည်ခွက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး နွားနက်ကြီး၏ အနောက်မှနေ၍ အော်ဟစ်လိုက်လေသည်။
"ပိုက်ဆံ ရှိတယ်"
"မွန်း"
နွားနက်ကြီးသည် ဒေါသတကြီး အော်ဟစ်လိုက်လေ၏။ ၎င်း၏ နဖူးပေါ်တွင် ချွေးစေးများ ပြန်လာသည်။ ဤဝိညာဉ်ကျောက်တုံးများသည် နှစ်ပေါင်းတစ်ရာခန့် ပင်ပန်းဆင်းရဲကြီးစွာ ရှာဖွေစုဆောင်းထားရသော အရာများ ဖြစ်ပေသည်။ တစ်ကြိမ်တည်းနှင့် ကုန်ဆုံးသွားတော့မည် ဖြစ်၏။ လူ့ပြည်လောက၌ နေထိုင်စဉ်က ငွေကြေးကို အမှိုက်သဖွယ် သဘောထားခဲ့ကြသော်လည်း ယင်းမှာ စားဝတ်နေရေး ပြည့်စုံနေသောကြောင့် ဖြစ်၏။ မည်သည့်အရာမျှ ဝယ်ယူရန် မလိုအပ်သောကြောင့် ဖြစ်သည်။ ကျင့်ကြံခြင်းလောကတွင်မူ လုံးဝ မတူညီပေ။ ဤဝိညာဉ်ကျောက်တုံးများသည် မိမိတို့၏ စွမ်းအားနှင့် အနာဂတ်နှင့် ဆက်နွှယ်နေသောကြောင့် မည်သူမျှ ပေါ့ပေါ့တန်တန် သဘောမထားနိုင်ကြပေ။
လေလံစင်မြင့်ထက်တွင် အဘိုးအိုသည် အသက်ပြင်းပြင်း ရှူလိုက်လေသည်။
"ဝိညာဉ်ကျောက်တုံး သုံးသိန်း... နောက်ထပ် ဈေးပေးမယ့် မိတ်ဆွေ ရှိပါသေးလား"
"သုံးသိန်း နဲ့ တစ်ထောင်..."
"သုံးသိန်း တစ်သောင်း"
"သုံးသိန်း ငါးသောင်း နဲ့ တစ်ထောင်"
လေလံစင်မြင့်ပေါ်မှ အဘိုးအို၏ မျက်နှာသည် နီရဲလာလေ၏။ ဤအစီအရင် မူကြမ်းသည် ဤမျှလောက် ဈေးကောင်းရလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။ အခန်းတစ်ခန်းထဲတွင်မူ သန့်ပြန့်သော လူငယ်တစ်ဦးသည် ဒေါသတကြီး ဆဲဆိုကြိမ်းမောင်းနေလေသည်။
"ဘယ်ကောင် လာလုနေတာလဲဆိုတာ စုံစမ်းစမ်း... ယုတ်မာလိုက်တာ...တစ်ခါတိုးရင် တစ်ထောင်ပဲ တိုးနေတယ်... ငါ့ကို လာစော်ကားနေတာလား"
လူလတ်ပိုင်း အမျိုးသား တစ်ဦးက လေသံနှိမ့်ပြီး ပြောဆိုလိုက်၏။
"သခင်လေး... စိတ်လျှော့ပါ... ဒါက ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်း ပိုင်နက်ပါ... နောက်ထပ် လေလံပစ္စည်းတွေ ကျန်ပါသေးတယ်"
ထို့နောက် သူက ဆက်ပြောလေသည်။
"တကယ်လို့ အခု အများကြီး သုံးလိုက်ရင် နောက်ပိုင်း ယှဉ်ပြိုင်တဲ့အခါ အခက်အခဲ ဖြစ်နိုင်ပါတယ်"
"ဟမ့်"
ထိုလူငယ်၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။
"ဒီလို လေလံပွဲမျိုးက တကယ် စိတ်ပျက်စရာ ကောင်းတယ်... ဘယ်သူ ယူသွားလဲ ဆိုတာတောင် မသိရဘူး"
"ထားလိုက်တော့... ဈေးထပ်မတိုးနဲ့တော့... ငါ နည်းနည်း ဒေါသထွက်သွားလို့ပါ"
"ဟုတ်ကဲ့"
ပြောဆိုပြီးသည်နှင့် ၎င်းတို့နှစ်ဦးစလုံး လေလံစင်မြင့်ကို ကြည့်လိုက်ကြလေ၏။
ဒေါင်...
တူထုသံ ထွက်ပေါ်လာပြီး ထိုပစ္စည်းကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၅၀၀၀၀ တစ်ထောင်တိတိဖြင့် ကျင့်ကြံသူ တစ်ဦးက ရယူသွားခဲ့လေသည်။
အခန်းထဲတွင်မူ...
"နွားကြီး... နိုင်ပြီဟေ့... ဘယ်သူ ငါတို့ကို လာယှဉ်ရဲမလဲ... ယှဉ်နိုင်မလား...ဒီလောက်ပဲလား... သုံးသိန်းခွဲနဲ့တင် မလိုက်နိုင်တော့ဘူးလား"
"မွန်းမွန်း မွန်း"
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြလေသည်။ တစ်ဦးကို တစ်ဦးဖက်ထားလိုက်ကြ၏။ ဤအစီအရင် မူကြမ်းကို ၎င်းတို့ ရယူပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့နောက် စည်းမျဉ်းစည်းကမ်းအတိုင်း ဝိညာဉ်ကျောက်တုံးများ ပေးချေလိုက်ရာ အစီအရင် မူကြမ်း ရောက်ရှိလာခဲ့လေသည်။
"မွန်း"
နွားနက်ကြီးသည် တန်ဖိုးထားစွာဖြင့် သိုလှောင်အိတ် အသစ်တစ်လုံး ထုတ်ယူကာ ထည့်သွင်းလိုက်ပြီး ပါးစပ်ထဲသို့ မျိုချလိုက်လေ၏။
"ဘာဖြစ်လို့လဲ နွားကြီး"
ချန်ရွှင်သည် ပျော်ရွှင်နေလေသည်။ နွားနက်ကြီးသည် ပြေးလွှားလာပြီး ချန်ရွှင်ကို ပွတ်သီးပွတ်သပ် ပြုလုပ်နေ၏။ ဈေးကြီးလွန်းသည်ဟု သူ ထင်မြင်နေခြင်း ဖြစ်သည်။ ချန်ရွှင်၏ ဆေးဖော်စပ်ရာ မီးဖိုတောင်မှ ဝိညာဉ်ကျောက်တုံး တစ်သိန်းသာ ပေးရသည် မဟုတ်ပါလား။
"ဘာလို့ ဒီလောက် ကပ်စေးနည်းနေရတာလဲ... မင်း ကြိုက်တဲ့ ပစ္စည်း တွေ့ခဲတာကို"
ချန်ရွှင်သည် ရယ်မောလိုက်ပြီး နွားနက်ကြီးကို ခပ်ပြင်းပြင်း ရိုက်ပုတ်လိုက်လေသည်။ သူ၏ စိတ်ထဲတွင် လုံးဝ နှမြောတွန့်တိုခြင်း မရှိပေ။ ဝိညာဉ်ကျောက်တုံး တစ်သန်းခန့် ပေးရလျှင်ပင် မျက်တောင် သုံးခါလောက်သာ ခတ်မည် ဖြစ်သည်။ နွားနက်ကြီးသည် အော်မြည်လိုက်ပြီး ချန်ရွှင်ကို လေးနက်စွာကြည့်ရှုလိုက်လေသည်။
အခန်း (၁၃၆)
"နွားကြီး... အချိန်မဆွဲနဲ့တော့...ငါတို့ လိုချင်တဲ့ ဝိညာဉ်ဆေးပင် မပါသေးဘူး... မြန်မြန်ကြည့်"
"မွန်း"
နွားနက်ကြီးသည် ထိတ်လန့်သွားလေ၏။ ၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ ဝိညာဉ်ဆေးပင် ဝယ်ယူရန် ဖြစ်သည် မဟုတ်ပါလား။ မေ့လုနီးပါး ဖြစ်သွားခဲ့လေသည်။ အစီအရင် ကိစ္စကို ဦးနှောက်ထဲမှ ထုတ်လိုက်ပြီး စာအုပ်ငယ်လေးကို ကိုင်ဆောင်ကာ ပြန်လည် စောင့်ဆိုင်းနေကြသည်။ ရလဒ်မှာမူ စိတ်ပျက်စရာပင် ဖြစ်သည်။ အခြား ဝိညာဉ်ဆေးပင်များ ပါရှိသော်လည်း သူတို့ လိုချင်သော ပစ္စည်း မပါရှိပေ။ လေလံနောက်ဆုံးပစ္စည်း ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ၎င်းတို့သည် တိတ်တဆိတ် ထွက်ခွာလာခဲ့ကြသည်။ ဤသို့သော ပစ္စည်းမျိုးမှာ သူတို့ ထိတွေ့နိုင်သည့် အရာ မဟုတ်ပေ။ ပဉ္စမံအစီအရင် မူကြမ်းကို ရရှိလိုက်ရုံဖြင့် သူတို့ ကျေနပ်နေပြီ ဖြစ်သည်။
နေအိမ်သို့ ပြန်ရာလမ်းတွင် လူအသွားအလာ ရှုပ်ထွေးနေလေ၏။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် အဝေးမှ ရှောင်ကွင်းပြီး လူသူကင်းမဲ့သော လမ်းကြားမှတဆင့် ပြန်လာခဲ့ကြသည်။
"နွားကြီး... ငါ နောက်ထပ် နှစ်တစ်ရာ စီမံကိန်း စဉ်းစားနေပြီ"
"မွန်း"
"ဒီ ကျင့်ကြံခြင်းက တကယ် အချိန်ကုန်တာပဲ... တစ်ခါတလေ ကျင့်ကြံရင်း ဈာန်ဝင်သွားရင် အချိန်ကုန်သွားတာကိုတောင် မသိလိုက်ဘူး"
ချန်ရွှင်သည် သက်ပြင်းချလိုက်လေ၏။ ပုံပြင်စာအုပ် ဖတ်သကဲ့သို့ပင် ဖြစ်သည်။ စတင်ဖတ်ရှုစဉ်က တိမ်ဖြူဖြူများ ရှိနေသော်လည်း စာအုပ်ပိတ်လိုက်သည့် အချိန်၌ ကြယ်ရောင်စုံများ ထွက်ပေါ်နေပြီ ဖြစ်သည်။
"မွန်း"
နွားနက်ကြီးသည်လည်း ခေါင်းညိတ်လိုက်လေ၏။ သူ စဉ်းစား၍ မရသည်မှာ ထိုအဆင့်မြင့် ကျင့်ကြံသူများသည် မည်သို့များ ဤမျှလောက် လျင်မြန်စွာ ကျင့်ကြံနိုင်ကြသနည်း ဟူ၍ပင်။ အခြေခံတည်ဆောက်ခြင်း ၊ ရွှေအမြူတေအဆင့် ကျင့်ကြံသူများ၏ သက်တမ်းမှာ လုံလောက်သည် မဟုတ်ပါလား။ သူ စဉ်းစားဖူးသည်။ အကယ်၍များ ထာဝရအသက်ရှင်ခြင်း မရရှိခဲ့ပါက သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်လောက်ထိသာ ကျင့်ကြံပြီး ချန်ရွှင်နှင့်အတူ လယ်ထွန်ခြင်း လုပ်ငန်းကိုသာ ပြန်လည် လုပ်ကိုင်တော့မည်။ နောက်ထပ် ဆက်လက် မကျင့်ကြံတော့ပေ။ နှစ်ပေါင်း သုံးရာကျော် ဆိုသည်မှာလည်း အတော်အတန် ကောင်းမွန်သော ဘဝတစ်ခု ဖြစ်သည်။ သို့သော် ကျင့်ကြံခြင်းလောကတွင် ရှိနေလျှင်မူကား ခွေးပြေးဝက်ပြေး ပြေးလွှားနေရပြီး ဘဝ၏ အဓိပ္ပာယ်ကို နားမလည်ဘဲ အချိန်ကုန်ဆုံးသွားမည်သာ ဖြစ်သည်။ နွားနက်ကြီး၏ မျက်ဝန်းများထဲတွင် စဉ်းစားဆင်ချင်မှုများဖြစ်ပေါ်လာသည်။ စဉ်းစားလေလေ ဟုတ်မှန်လေလေ ဖြစ်လာသည်။ ရွှေအမြူတေအဆင့် ရောက်ရှိသောအခါ သူ အသိဉာဏ် ပွင့်လင်းလာခဲ့ပြီ ဖြစ်သည်။
"နွားကြီး... ဘာတွေ တွေးနေတာလဲ"
ချန်ရွှင်၏ နှုတ်ခမ်းထောင့်စွန်းတွင် ကြောက်မက်ဖွယ် အပြုံးတစ်ခု ပေါ်လာသည်။
"စိတ်ချ... ငါ မှတ်မိပါတယ်"
"မွန်း"
"အဲဒါလေကွာ..."
"မွန်း"
"ဟေး"
ချန်ရွှင်သည် လေးလေးနက်နက်ဖြင့် နွားနားရွက်ကို မ လိုက်လေ၏။
"ကျေးဇူးတင်ပါတယ်လို့ ကျနော် ပြောချင်ပါတယ်..."
"မွန်း..."
ားနက်ကြီးသည် ခေါင်းကိုက်သွား၏။ ၎င်းသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေသည်။ ထောင်ချောက်အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ချန်ရွှင်သည် သီချင်းဆိုချင်နေသည် မဟုတ်ပါလား။ ၎င်းသည် နောက်ခြေထောက်ဖြင့် ပစ်ကန်လိုက်ရာ ချန်ရွှင်၏ ဝမ်းဗိုက်ကို တည့်တည့်မတ်မတ် ထိမှန်သွားလေသည်။
ချန်ရွှင်၏ မျက်နှာသည် ချက်ချင်းပင် ပျက်ယွင်းသွားလေ၏။ သူသည် ဝမ်းဗိုက်ကို လက်တစ်ဖက်ဖြင့် ဖိနှိပ်ကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။ သူ၏ မျက်နှာထက်တွင် နာကျင်မှု ဝေဒနာများ ပိုမို များပြားလာပြီး သေလုမတတ် ခံစားနေရသည့်ဟန် ပေါ်လွင်နေသည်။ နွားနက်ကြီးသည် စိတ်ပူသွားလေ၏။ ချန်ရွှင်၏ ဘေးနား၌ ပတ်ကာ ပြေးလွှားနေသည်။ ချန်ရွှင်ကို ဒဏ်ရာအပြင်းအထန် ရရှိအောင် ထပ်မံ ပြုလုပ်မိပြန်ပြီလား။
လမ်းသွားလမ်းလာ ကျင့်ကြံသူများသည် လက်ညှိုးထိုးကာ ဝေဖန်ပြောဆိုနေကြလေ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ပါဝင်နေကြသည်။
"ဒီမိတ်ဆွေက ကိုယ့်ဝိညာဉ်သားရဲရဲ့ ရန်ပြုခြင်းကို ခံလိုက်ရတာလား"
"ငါ ကြည့်ရတာတော့ မဟုတ်ဘူး... ဒီလူက ဗိုက်ကို ကိုင်ထားပြီး မျက်နှာမှာ ဝမ်းနည်းပူဆွေးမှုတွေ ရှိနေတယ်...တစ်မျိုးပဲ"
"အိုး...မိတ်ဆွေက ဒီလောက်တောင် အမြင်စူးရှတာလား... တစ်ချက်ကြည့်ရုံနဲ့ သိတယ်ပေါ့"
"ကျွန်တော်က ချန်းအာ မြို့က လာတာပါ... မိတ်ဆွေတွေက မြှောက်ပင့်ပြီး 'ကံကြမ္မာဆရာ' လို့ ခေါ်ကြပါတယ်... အနာဂတ်ကို ဟောနိုင်တယ်... ကံကြမ္မာ အဆိုးအကောင်းကို သိနိုင်ပါတယ်"
"ဘာ...ကံကြမ္မာဆရာ ဟုတ်လား"
"ဟဲဟဲ...ဟုတ်ပါတယ်ခင်ဗျာ... ဆုံတွေ့ရတာက ရေစက်ပါပဲ... ကျွန်တော် ဒီနေ့ မေးခွန်းသုံးခု ဟောပေးပါမယ်... ငွေကြေးကတော့ သဒ္ဒါသလောက်ပါပဲ"
"ဒီမိတ်ဆွေက ကိုယ့်ဝိညာဉ်သားရဲရဲ့ ရန်ပြုခြင်းကို ခံလိုက်ရတာလား"
"ငါ ကြည့်ရတာတော့ မဟုတ်ဘူး... ဒီလူက ဗိုက်ကို ဖက်ထားပြီး မျက်နှာမှာ ဝမ်းနည်းပူဆွေးမှုတွေ ရှိနေတယ်... အချစ်ဒဏ်ရာ ရထားတဲ့ပုံပဲ"
"အိုး...မိတ်ဆွေက ဒီလောက်တောင် အမြင်စူးရှတာလား... တစ်ချက်ကြည့်ရုံနဲ့ သိတယ်ပေါ့"
"ကျွန်တော်က ချန်းအာ မြို့က လာတာပါ... မိတ်ဆွေတွေက မြှောက်ပင့်ပြီး ကံကြမ္မာဆရာ လို့ ခေါ်ကြပါတယ်... အနာဂတ်ကို ဟောနိုင်တယ်... ကံကြမ္မာ အဆိုးအကောင်းကို သိနိုင်ပါတယ်"
"ဘာ...ကံကြမ္မာဆရာ ဟုတ်လား"
"ဟဲဟဲ...ဟုတ်ပါတယ်ခင်ဗျာ... ဆုံတွေ့တာက ရေစက်ပါပဲ... ဆင်းရဲသား ကျွန်တော် ဒီနေ့ သုံးကြိမ် ဟောပေးပါမယ်... ဝိညာဉ်ကျောက်တုံးကတော့ စေတနာပါပဲ"
ရုတ်တရက်ဆိုသလိုပင် ချန်ရွှင်၏ ဘေးနားရှိ ဗေဒင်ဆရာက ဆိုင်ခင်းလိုက်လေသည်။ ကျင့်ကြံသူ အများအပြား ဝိုင်းအုံလာကြသဖြင့် အလွန် စည်ကားနေ၏။
သောက်ကျိုးနည်း...
ချန်ရွှင် ဗိုက်မနာတော့ပေ။ ဝုန်းခနဲ မတ်တပ်ရပ်လိုက်သည်။ မျက်လုံးအဝိုင်းသားဖြင့် ထိုဗေဒင်ဆရာကို ကြည့်ရှုလိုက်လေ၏။ ဤသို့ ပြုလုပ်၍ ရနိုင်သေးသည်လော။
"မွန်း"
"မင်းအဘ... ဒဏ်ရာရတာက ငါလေ"
"မွန်း"
"သွားမယ် နွားကြီး... အိမ်ပြန်မယ်"
"မွန်း"
"ဟန်ဆောင်တာ"
ချန်ရွှင်သည် တဟားဟား ရယ်မောလိုက်ပြီး နွားခေါင်းကို လက်တစ်ဖက်ဖြင့် ဖက်ကာ လျှောက်သွားလိုက်လေသည်။ နွားနက်ကြီးမှာမူ ကြောင်တောင်တောင် ဖြစ်နေဆဲပင်။ ဟန်ဆောင်သည်နှင့် မတူပေ။ သူတို့၏ အနောက်မှ ဗေဒင်ဆရာမှာမူ စီးပွားဖြစ်နေဆဲ ဖြစ်သည်။ မေးခွန်းသုံးခုမက ဟောပြောနေပြီဟု ထင်မှတ်ရ၏။
ချင်ရှန်းတောင်၊ အဝါရောင်အဆင့် ဂူ
နွားနက်ကြီးသည် ဝိညာဉ်ဆေးပင်များကို သွားရောက်ကြည့်ရှု စစ်ဆေးနေသည်။ ချန်ရွှင်သည် စမ်းချောင်းဘေး၌ ထိုင်ကာ အစီအစဉ် ရေးဆွဲနေလေ၏။
"ဝိညာဉ်ဆေးပင်တွေက ငါတို့ကို သီးသန့် စောင့်နေမှာ မဟုတ်ဘူး... တကယ်လို့ ဒီတစ်ခါ မရရင် နောက်ထပ် နှစ်တစ်ရာ စောင့်ရတော့မယ်"
ချန်ရွှင်သည် စဉ်းစားခန်း ဝင်နေပြီး အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်လိုက်လေသည်။
"နောက်ထပ် နှစ် (၆၀၀) အကြာဆိုရင် ဒီဂူမှာ နေလို့ မရတော့ဘူး"
သူသည် အောက်ဘက်သို့ ငုံ့ကြည့်ပြီး အလျင်အမြန် ရေးမှတ်လိုက်လေ၏။ အချိန်ကာလများစွာ ရှိနေသေးသည်။ အဓိပ္ပာယ်ရှိသော ကိစ္စရပ်များစွာ ပြုလုပ်၍ ရနိုင်သေး၏။ အကယ်၍ နှစ်ပေါင်း (၆၀၀) ကြာမြင့်သည်အထိ ဝိညာဉ်ဆေးပင် သတင်း မရရှိခဲ့ပါက ကောင်းကင်လွင်ပြင် သို့ သွားရောက် နေထိုင်မည်။ နှစ်တစ်ရာကြာမှ ယွီရွှပ်မြို့သို့ တစ်ခေါက် လာရောက်မည်။ ချန်ရွှင်သည် နှစ်ပေါင်း (၆၀၀) အလွန် အစီအစဉ်များကိုပါ ကြိုတင်ရေးဆွဲနေပြီ ဖြစ်သည်။ ဤဘဝကြီးကို အကောင်းဆုံး ဖြတ်သန်းရပေမည်။
သို့သော် နောက်ပိုင်း နှစ်တစ်ရာတွင်မူ သူသည် နေ့စဉ် ဝိညာဉ်ဆေးပင်နှင့် ဝိညာဉ်ဆေးလုံးများ သွားရောက်ရောင်းချတော့မည် မဟုတ်ပေ။ ကြာလာလျှင် အများ၏ မျက်စိကျခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ ထို့ပြင် ယခုအချိန်၌ ဝိညာဉ်ကျောက်တုံးများလည်း လုံလောက်နေပြီ ဖြစ်သည်။ အဓိက အစီအစဉ်မှာ ဝိညာဉ်စွမ်းအားကို စုစည်း၍ မိမိ၏ မူလလက်နက် အဆင့်မြှင့်တင်ရန်သာ ဖြစ်သည်။ အင်အားမရှိလျှင် ထာဝရအသက်ရှင်ခြင်း လမ်းစဉ်ကို မည်သို့ ကာကွယ်နိုင်ပါမည်နည်း။
နေ့ရက်များ ကုန်ဆုံးသွားသည်။ လေးလ ကြာမြင့်သွားပြန်ပြီ။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ အမြဲတမ်း အလုပ်ရှုပ်နေကြသည်။ ဘဝကို ပြည့်စုံစွာ ဖြတ်သန်းနေကြသည်။ သူတို့သည် နောက်ဆုံးအကြိမ် လေလံပွဲ တက်ရောက်ရန် တောင်အောက်သို့ အားကြိုးမာန်တက် ဆင်းသွားကြလေ၏။
"နွားကြီး... ချကွာ... ဒီတစ်ခါတော့ ပစ္စည်းကောင်း သေချာပေါက် ပါလာမှာ"
"မွန်းမွန်း"
"ဟားဟားဟား"
ချန်ရွှင်နှင့် နွားနက်ကြီးသည် တောင်ပေါ်လမ်းလေး၌ အသားကုန် ပြေးလွှားနေကြသည်။ ကျောပေါ်ရှိ ကောက်ရိုးဦးထုပ်များပင် လွင့်ပျံနေသည်။ ၎င်းတို့သည် အလွန် ပျော်ရွှင်နေကြ၏။ ရံဖန်ရံခါ လမ်းသွားလမ်းလာ ကျင့်ကြံသူများ တွေ့ရှိလျှင် သူတို့ပုံစံကို ကြည့်ရှုပြီး စဉ်းစား သွားကြသည်။
ထိုက်ကူခန်းမ
၎င်းတို့သည် ထုံးစံအတိုင်း စိတ်ဓာတ်များ တက်ကြွစွာဖြင့် နောက်တစ်ကြိမ် ထပ်မံရောက်ရှိလာကြပြီး ခြေလှမ်းကျဲကျဲဖြင့် ဝင်ရောက်သွားကြသည်။
တစ်ရက်နှင့် တစ်ည ကြာမြင့်ပြီးနောက်တွင်မူ လူအရိပ်နှစ်ခုသည် ဒုန်းစိုင်း ပြေးထွက်လာကြသည်။ ဝိညာဉ်ကျောက်တုံး တစ်ထောင် သဲထဲရေသွန်ဖြစ်သွာခဲ့ပြီဖြစ်သည်။ ထိုသို့ဖြင့် လေးလကြာမြင့်ပြီးနောက် လူအရိပ်နှစ်ခုသည် စိတ်အားထက်သန်စွာဖြင့် ထိုက်ကူခန်းမထဲသို့ ဝင်ရောက်သွားကြပြန်သည်။ သို့သော် တစ်ရက်နှင့် တစ်ည ကြာမြင့်ပြီးနောက် ၎င်းလူအရိပ်နှစ်ခုသည် ဒုန်းစိုင်း ထွက်ပြေးလာကြကာ ထိုက်ကူခန်းမ အပြင်ဘက်သို့ရောက်လာကြ၏။ နောက်တစ်ခါ ထပ် ပလုံပြန်ပြီဖြစ်သည်။
ပုံရိပ်နှစ်ခုသည် ဒေါသအိုးပေါက်ကွဲကာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာကြ၏။ သူတို့မှာ လက်လွတ်ခွက်ကျွတ်ဖြစ်လာသည့်အပြင် = ဝိညာဉ်ကျောက်တုံး တစ်ထောင်တိတိကိုလည်း အလကားသက်သက် ဆုံးရှုံးလိုက်ရပြန်ပြီ ဖြစ်သည်။
သို့သော် ဖယ်သာစံအိမ်(ပစ္စည်းအရောင်းခန်းမ ၊ showroom သဘောမျိုး) ရှေ့သို့ ဖြတ်သန်းမိချိန်တွင်မူ ချန်ရွှင်၏ ခြေလှမ်းများ ရပ်တန့်သွားလေသည်။ ဤဆိုင်သည် မိုင်ဝက်ခန့် ကြီးမားပြီး အလွန်တရာ ကျယ်ဝန်းခမ်းနားလှပေသည်။ ခုနစ်ထပ်မြင့်သော တိုက်ကြီးသည် မိုးထိမတတ် တည်ရှိနေပြီး အတွင်း၌ ဧည့်ခေါ်သံများဖြင့် ဆူညံပွက်လောရိုက်နေကာ ဝင်ထွက်သွားလာနေကြသည့် ကျင့်ကြံသူများမှာလည်း မပြတ်ပေ။ အထူးသဖြင့် ပထမထပ်တွင် လူစည်ကားမှု အများဆုံး ဖြစ်သည်။
နွားနက်ကြီးသည် ချန်ရွှင်ကို မော့ကြည့်လိုက်၏။
"နွားကြီး... ဈေးဝယ်မယ်၊ အစီအရင် ပစ္စည်းတွေ မှတ်မိတယ်မလား"
"မွန်း"
နွားနက်ကြီးမှာ အမြီးကို ယမ်းရင်း စိတ်လှုပ်ရှားသွားသည်။ ထိုအစီအရင် မြေပုံကို သူသည် နေ့စဉ်ရက်ဆက် ကြည့်ရှုလေ့လာခဲ့ပြီး ကိုယ်ပိုင် ဉာဏ်ကွန့်မြူးကာ ပြုပြင်မွမ်းမံချင်စိတ်များပင် ပေါက်ဖွားနေခဲ့ပြီ ဖြစ်သည်။ သို့သော် သူများပစ္စည်းမှာ သူများပစ္စည်းသာ ဖြစ်ရာ ကိုယ်ပိုင်ဖြစ်လာစေရန် ဝယ်ယူမှသာ ရပေမည်။
"ဝယ်မယ်"
ချန်ရွှင်သည် လက်နှစ်ဖက်ကို နောက်ပစ်လိုက်ကာ မျက်ဝန်းအစုံမှာ စူးရှတောက်ပသွား၏။
"မွန်း"
နွားနက်ကြီးသည်လည်း ချန်ရွှင်၏ နောက်မှနေ၍ တန်းတန်းမတ်မတ် ဝင်ရောက်သွားလေသည်။ သူတို့သည် ပထမထပ်၌ 'တန်' သည့် ပစ္စည်းကောင်းများ ရနိုင်မလားဟု ဦးစွာ စစ်ဆေးကြည့်ရှုလိုက်ကြသည်။
ထို့နောက်တွင်မူ ချန်ရွှင်သည် ရွှေအမြူတေအဆင့် ၏ အရှိန်အဝါကို ထုတ်ဖော်ပြသလိုက်ကာ ဒုတိယထပ်သို့ တက်သွားတော့သည်။ ချက်ချင်းဆိုသလိုပင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနှစ်ဦး ရောက်ရှိလာပြီး ခရီးဦးကြိုပြုကာ ဧည့်ခံလေသည်။
သူတို့၏ ဖော်ရွေပျူငှာမှုမှာ အံ့မခန်းပင် ဖြစ်ရာ ချန်ရွှင်မှာ ပြောစရာစကားပင် မရှိဖြစ်သွား၏။ အဖွဲ့ဝင်ကတ် ပြုလုပ်မည်လားဟု မေးမြန်းရန်သာ လိုတော့ပြီး အခြားသော အထူးဝန်ဆောင်မှုများ ရှိနေသေးကြောင်းကိုလည်း အရိပ်အမြွက် ပြောကြားနေကြသေးသည်။ ဤ ဖယ်သာစံအိမ်ဆိုင်မှာ စီးပွားရေးလုပ်ကွက်ကို ကောင်းစွာ နားလည်သဘောပေါက်ထားရာ ဝိညာဉ်ကျောက်တုံးများစွာ ရရှိနေသည်မှာ ဆန်းကျယ်လှသည် မဟုတ်ပေ။
"ဟဲဟဲဟဲ..."
ချန်ရွှင်သည်လည်း မြှောက်ပင့်ခံရမှုတွင် သာယာမိသွား၏။ သို့သော် သူ၏အိတ်ကပ်ထဲမှ ဝိညာဉ်ကျောက်တုံးများ ထွက်ရှိရန်မှာမူ လွယ်ကူလှသည် မဟုတ်ချေ။ ဝယ်ယူတော့မည်ဟု ဆိုလိုက်သည်နှင့် ချက်ချင်းပင် မျက်နှာထား ပြောင်းလဲသွားပြီး ပစ္စည်းများကို သေချာစွာ ရွေးချယ်စစ်ဆေးလျက် ဈေးစစ်လေတော့သည်။
နောက်ဆုံး၌ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးမှာ လက်မှိုင်ချသွားရပြီး ဆိုင်အတွင်းမှ ရွှေအမြူတေအဆင့် ကျင့်ကြံသူတစ်ဦး ကိုယ်တိုင် ထွက်လာရလေသည်။ အဘယ်ကြောင့်ဆိုသော် ချန်ရွှင်က တစ်ယောက်တည်းဖြင့် လူအများကြားတွင် စကားစစ်ထိုးကာ အနိုင်ယူနေသောကြောင့် ဖြစ်၏။
"တာအိုမိတ်ဆွေ... ဒီ 'လခရစ်စတယ်' က သဘာဝပတ်ဝန်းကျင် အခြေအနေ အရမ်းခက်ခဲမှ ဖြစ်ပေါ်လာတာပါ၊ အာနိသင်ကလည်း အများကြီး ရှိတယ်၊ တစ်ခုကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းပါ၊ လုံးဝ စျေးမများပါဘူး”
"ကျွန်တော် လေလံပွဲ သွားတုန်းကတော့ ဒီပစ္စည်းက သိပ်ပြီး ဈေးမကောင်းလှပါဘူး”
ချန်ရွှင်က ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် ဝယ်ယူလိုစိတ် လုံးဝ မရှိသကဲ့သို့ ဟန်ဆောင်ကာ ဆက်ပြောလိုက်၏။
"ဒီပစ္စည်းအကြောင်း ကျွန်တော် နာမည်ကြီးအရောင်းဆိုင်ကြီးသုံးခုမှာ စုံးစမ်းပြီးပါပြီ”
"တာအိုမိတ်ဆွေ... နေပါဦး”
ရွှေအမြူတေအဆင့် ကျင့်ကြံသူမှာ မျက်လုံးများ ပြူးကျယ်သွားလေသည်။ ဤလူမှာ ဗဟုသုတ မနည်းလှချေ၊ အခြားဆိုင်များနှင့်ပါ နှိုင်းယှဉ်လေ့လာထားသည် မဟုတ်ပါလား။
"ဒါပေမဲ့ ဈေးနှုန်းက ဆိုင်က သတ်မှတ်ထားတာမို့လို့ပါ”