အခန်း (၁၃၇-၁၃၈)
Vol. 7 Ch. 137-138
အခန်း (၁၃၇)
ချန်ရွှင်သည် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ရင်း တဟဲဟဲ ရယ်မောလိုက်လေသည်။
"ဒါဆို မိတ်ဆွေ... ဈေးဖွင့်လိုက်ပါတော့”
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းခွဲပါ”
ချန်ရွှင်သည် မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်ရင်း အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
"ကျွန်တော်တို့က ရိုးရိုးသားသား ဝယ်ချင်တာပါ... မိတ်ဆွေဘက်ကလည်း ရိုးရိုးသားသားပဲ ဈေးပေးစေချင်ပါတယ်”
ရွှေအမြူတေအဆင့် ကျင့်ကြံသူသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ အသက်ကို ပြင်းပြင်းရှူလိုက်ရသည်။ ဤလူသည် ကိုင်တွယ်ရ အနည်းငယ် ခက်ခဲမည့်ပုံ ပေါက်နေသော်လည်း ဤမျှ ကြီးမားသော အရောင်းအဝယ်ကို သူ လက်မလွှတ်ချင်ပေ။
"တစ်သောင်းကိုးထောင်... ဒါက ဆိုင်က ပေးနိုင်တဲ့ အနိမ့်ဆုံးဈေးပါပဲ”
"များလွန်းတယ်... ကျွန်တော်က ဖယ်သာစံအိမ်ရဲ့ အရည်အသွေးကို ယုံကြည်လို့ပါ... မဟုတ်ရင် ဒီလို ပစ္စည်းမျိုး ဘယ်နေရာမှာ ဝယ်ဝယ် ဝယ်လို့ ရတာပဲ”
"တစ်သောင်းရှစ်ထောင်... မိတ်ဆွေ... တကယ်လို့ မကြိုက်ရင် တခြားဆိုင်ကို ရွေးချယ်နိုင်ပါတယ်”
"ကျွန်တော်တို့က တခြား ပစ္စည်းတွေလည်း ဝယ်ဦးမှာပါ... မိတ်ဆွေကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး... အနည်းဆုံးတော့ ဝိညာဉ်ကျောက်တုံး တစ်သိန်းဖိုးလောက် အရောင်းအဝယ် ဖြစ်မှာပါ”
"တစ်သောင်းခုနစ်ထောင်... မိတ်ဆွေ... တစ်သောင်းခုနစ်ထောင်ပါ”
ရွှေအမြူတေအဆင့် ကျင့်ကြံသူသည် မျက်နှာတစ်ချက်ပင် မပျက်သော ထိုသူကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ သူ ဘာတွေးနေလဲ ဆိုသည်ကို လုံးဝ မခန့်မှန်းနိုင်ပေ။ ချန်ရွှင် တဟဲဟဲ ရယ်မောလိုက်ရာ ထိုရွှေအမြူတေအဆင့် ကျင့်ကြံသူ၏ ရင်ထဲတွင် မျှော်လင့်ချက် မီးတောက်များ တောက်လောင်လာသည်။ သို့သော် သူ၏ နောက်ဆက်တွဲ စကားလုံးကမူ ထိုမီးတောက်ကို ရေနှင့်ပက်လိုက်သကဲ့သို့ ရှိလေသည်။
"မဖြစ်နိုင်ဘူး... မိတ်ဆွေ... ခင်ဗျား ကျွန်တော့်ကို လိမ်နေတာပဲ”
ရွှေအမြူတေအဆင့် ကျင့်ကြံသူသည် ချန်ရွှင်ကြောင့် စိတ်ဓာတ်အနည်းငယ် ကျသွားပုံ ရသည်။ နှစ်ဦးသား စကားနိုင်လုပွဲ စတင်ကြတော့သည်။ တံတွေးများ တဖီဖီစင်ကာ စကားလုံးများဖြင့် စစ်ခင်းကြရင်း သီးသန့်အခန်းထဲမှ အခန်းအပြင်ဘက်ထိ ရောက်အောင် ငြင်းခုံနေကြသည်။ လုံးဝ အလျှော့မပေးကြပေ။ ဘေးနားမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပြီး ဘေးအန္တရာယ်ကင်းရာ အဝေးသို့ အမြန် ရှောင်ပြေးကြရသည်။ ဤရွှေအမြူတေအဆင့် ကျင့်ကြံသူက စကားအရာ၌ အတော်ပင် ကြောက်စရာ ကောင်းလှပေသည်။
ငြင်းခုံရင်း ငြင်းခုံရင်း နှစ်ဦးသား လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး မျက်လုံးထဲတွင် ကျေနပ်အားရမှုများ ကိုယ်စီ ရှိနေကြသည်။ နောက်ဆုံး ဈေးနှုန်းကို တစ်သောင်းခွဲ အထိ လျှော့ချလိုက်နိုင်ခဲ့သည်။ ချန်ရွှင်ကလည်း ကတိတည်သည့်အနေဖြင့် အခြား ကုန်ကြမ်းပစ္စည်း အများအပြားကိုပါ တစ်ပါတည်း ဝယ်ယူလိုက်လေသည်။ ထိုရွှေအမြူတေအဆင့် ကျင့်ကြံသူအတွက် အမှန်တကယ်ပင် ကြီးမားသော အရောင်းအဝယ် ဖြစ်သော်လည်း အားလုံးနီးပါး အနိမ့်ဆုံးဈေးနှင့် ရောင်းလိုက်ရခြင်း ဖြစ်သည်။
ထို့နောက် ချန်ရွှင်ကို ဆိုင်အပြင်ဘက်ထိ ကိုယ်တိုင် လိုက်ပို့ပေးလိုက်သည်။ သူသည် ထွက်ခွာသွားသော ပုံရိပ်နှစ်ခုကို အဝေးမှ လှမ်းကြည့်ရင်း
"ညာဏ်များတဲ့ကောင်" ဟု တီးတိုး ရေရွတ်ကာ ခေါင်းခါလျက် ဆိုင်ထဲသို့ ပြန်ဝင်သွားလေသည်။
လမ်းခရီးတွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ကိုယ်ဖော့ပညာကို အဆက်မပြတ် အသုံးပြုကာ ခရီးနှင်ကြသည်။ အလျှင်က မြန်လွန်းလှသဖြင့် လေတိုးသံများပင် ဝီခေါ်နေသည်။ လမ်းအကွေ့အကောက်များတွင် နေရာအနှံ့ လျှောက်သွားကြပြီး မြို့ထဲ လမ်းကြောင်းများကို အတော်ပင် ကျွမ်းကျင်နေပုံရသည်။ လမ်းကြားလေးများ တစ်ခုပြီး တစ်ခု ဖြတ်ကျော်ပြီးနောက် လူအုပ်ထဲ ရောနှောသွားကာ ဘာမှ မဖြစ်ခဲ့သလိုပင် အိမ်ပြန်ရောက်လာကြသည်။
ချင်ရှန်းတောင်၊ အဝါရောင်အဆင့် ဂူအတွင်း၌...
ချန်ရွှင်၏ မျက်လုံးများမှာ အလန် တည်ငြိမ်နေပြီး လက်ကို နောက်ပစ်လျက် ရပ်နေသည်။ နွားနက်ကြီးက ရှေ့တွင် ဝပ်နေကာ လက်ကို ခေါင်းပေါ် မြှောက်ထား၏။ မျက်လုံးထဲတွင် ကြည်ညိုလေးစားမှုများ ပြည့်နှက်နေသည်။
"နွားကြီး... ဒီပစ္စည်းကို လက်ခံရယူလိုက်တာနဲ့ မင်းဟာ သာမန်နွားတစ်ကောင် မဟုတ်တော့ဘူး”
ချန်ရွှင်က သိုလှောင်အိတ်ကို ကိုင်ထားပြီး နွားနက်ကြီး လက်ပေါ် တင်ပေးလိုက်သည်။ သူ၏ အသံမှာ လေးနက်တည်ကြည်နေသည်။
"မင်း နောင်ကျရင်... အစီအရင်နွားသခင် ဖြစ်သွားပြီ”
အတော်ပင် ဖြစ်ကတတ်ဆန်း နိုင်လှသော ဘွဲ့ထူးဖြစ်ရာ နွားနက်ကြီး မျက်လုံး ပြူးကျယ်သွားပြီး မယုံကြည်နိုင် ဖြစ်သွားသည်။
"မွန်း"
"အင်း... လောလောဆယ်တော့ ဒီလိုပဲ မှတ်ထားလိုက်”
ချန်ရွှင် ချောင်းတစ်ချက် ဟန့်လိုက်သည်။ စာပေအဆန်ဆုံး စာကြောင်းတွေ စဉ်းစားလို့ မရတော့ပေ။
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသိန်းတန် အစီအရင် ကုန်ကြမ်းပစ္စည်းတွေနော်... သေချာ တန်ဖိုးထားပါ... ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့”
စကားဆုံးသည်နှင့် ချန်ရွှင်သည် လက်ကို ဝှေ့ယမ်းကာ ကျောခိုင်းလှည့်ထွက်သွားလိုက်သည်။ သူသည် ခေါင်းကိုမော့၍ ကောင်းကင်သို့ မျှော်ကြည့်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအား အရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်များပင် လေထဲသို့ ဝဲပျံတက်သွားကြ၏။
"မွန်း"
ထိုအခိုက် နွားနက်ကြီးသည် စိတ်လှုပ်ရှားမှုကြောင့် ဦးခေါင်းဖြင့် ကြမ်းပြင်ကို ‘ဒုန်း’ ခနဲမြည်အောင် ဆောင့်ချလိုက်လေသည်။ ၎င်း၏ မျက်လုံးများမှ မျက်ရည်များ၊ နှာခေါင်းမှ နှပ်ချေးများ တရဟော စီးကျလာပြီး ဤကမ္ဘာပေါ်တွင် အစ်ကိုကြီးလောက် သူ့အပေါ် ကောင်းမွန်သူ မရှိတော့ကြောင်း တွေးတောရင်း ကြေကွဲဝမ်းနည်းနေသည်။
"နွားကြီး... သွားတော့”
ချန်ရွှင်သည် သက်ပြင်းတစ်ချက်ချကာ ဆိုလိုက်သည်။ ထို့နောက် နောက်သို့ပြန်လှည့်မကြည့်ဘဲ ထွက်ခွာသွားရာ ထိုကျောပြင်သည် အလွန်တရာ ခန့်ညားထည်ဝါပြီး ကြီးကျယ်ခမ်းနားလျှက်ရှိပေသည်။
"မွန်း မွန်း"
နွားနက်ကြီးသည် ကြီးမားသော ရည်မှန်းချက်များကို ရင်ဝယ်ပိုက်လျက် ဝုန်းခနဲ မတ်တပ်ထရပ်လိုက်ကာ ဝိညာဉ်သားရဲများ ထားရှိရာအခန်းဆီသို့ ဒုန်းစိုင်းပြေးထွက်သွားလေတော့သည်။
နွားနက်ကြီး ထွက်ခွာသွားသည်ကို မြင်တွေ့ပြီးမှသာ ချန်ရွှင်၏ ခြေလှမ်းများက ဂူနံရံဘေးသို့ ရောက်ရှိသွားသည်။ သူသည် ဂူနံရံကို ကျောမှီလျက် ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ လျှောချလိုက်ပြီး ဖင်ထိုင်ချလိုက်မိသည်။ ယခုအချိန်တွင် သူသည် ငိုချင်ရက် လက်တို့ ဖြစ်နေပြီး ဘဝကိုပင် စိတ်ကုန်လာမိ၏။ ဝိညာဉ်ကျောက်တုံး သုံးသိန်းတိတိ သုံးစွဲလိုက်ရသည့်ဒဏ်ရာက ယခုမှ အစွမ်းပြလာခြင်း ဖြစ်ချေသည်။
"အား….ဒီနားက နည်းနည်းအောင့်နေသလိုပဲ ငါ နှလုံးရောဂါများဖြစ်နေတာလား..."
ချန်ရွှင်သည် လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို ဖိနှိပ်ထားရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ မျက်ဝန်းထောင့်မှ စီးကျလာတော့မည့် မျက်ရည်စက်များကို အတင်းအဓမ္မ ထိန်းချုပ်ထားရသည်။ ထို့နောက် သူသည် နှစ်ရက်ခန့် အနားယူကာ စိတ်ရှုပ်ထွေးစရာများကို အကုန် ရှင်းလင်းပစ်လိုက်ပြီး ကျင့်ကြံရေး စီမံကိန်းကို စတင်လိုက်လေတော့သည်။
နွားနက်ကြီးကလည်း ကျင့်ကြံခြင်းကို စတင်လိုက်ပြီ ဖြစ်သည်။ ဝိညာဉ်သားရဲ အခန်းအတွင်း၌ အလင်းရောင်များမှာ တဖျတ်ဖျတ် လက်နေပြီး စွမ်းအင်လှိုင်းများမှာမူ နိမ့်ချည်မြင့်ချည်ဖြင့် လှုပ်ရှားနေ၏။ ရံဖန်ရံခါတွင် နွားနက်ကြီး၏ 'မွန်း' ခနဲ အော်ဟစ်သံများကိုလည်း ကြားလိုက်ရတတ်သည်။
ချန်ရွှင်သည်လည်း ကျင့်ကြံရေးအခန်းအတွင်းသို့ ဝင်ရောက်သွားပြီးနောက် နောက်ဆုံးအဆင့်သို့ တက်ရန်အတွက် ဝိညာဉ်စွမ်းအားများကို စတင် စုစည်းလိုက်လေသည်။
ကျင့်ကြံရေး အခန်းအတွင်း၌ ဝိညာဉ်စွမ်းအားများ တိုးဝှေ့ရွေ့လျားနေသည့် အသံမှာ လေပြင်းတိုက်ခတ်သံကဲ့သို့ အဆက်မပြတ် မြည်ဟည်းနေသည်။ ချန်ရွှင်သည် တင်ပျဉ်ခွေ ထိုင်လျက် မျက်လုံးများကို မှိတ်ထားလိုက်ရာ ရောင်စုံ ချီစွမ်းအင်စီးကြောင်း (၅) ခု စတင် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို ရုတ်တရက် ငြိမ်သက်သွားစေသည်။ ၎င်းသည် အလွန် ပြင်းထန်သော ဖိအားတစ်ခုက လွှမ်းမိုးသွားသကဲ့သို့ပင် ရှိသည်။
ချန်ရွှင်၏ ခန္ဓာကိုယ်အတွင်းရှိ ရွှေအမြူတေ (၅) ခုသည် ခြားရဟတ်လည်သကဲ့သို့ အရှိန်အဟုန်ဖြင့် လည်ပတ်နေပြီး ထူးခြားဆန်းကြယ်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ ဝိညာဉ်စွမ်းအားများသည် ခန့်မှန်း၍ မရနိုင်သော လမ်းကြောင်းများဆီသို့ ဦးတည် ပြောင်းလဲစီးဆင်းနေပြီး ပတ်ဝန်းကျင်မှ စွမ်းအင်များပင်လျှင် ထိုပြင်းထန်သော ဖိအားဒဏ်ကို ခံစားနေရသည်။
ဂူအတွင်းမှ မြေပြင်သည် ရံဖန်ရံခါ တုန်ခါသွားတတ်သည်။ နွားနက်ကြီးသည် ထိတ်လန့်သွားကာ ဝိညာဉ်သားရဲ အခန်းအတွင်း၌ ကာကွယ်ရေး အစီအရင်များကို အလျင်အမြန် ခင်းကျင်းလိုက်ရ၏။ သို့မှသာ ဖိအားဒဏ်မှာ အနည်းငယ် သက်သာသွားလေသည်။ ဤအထောက်အကူပြု ကျင့်စဉ်ကို သူတို့နှစ်ဦး အတူတူ မကျင့်ကြံရဲကြပေ။ အကြောင်းမှာ ပြင်ပလောက၏ အပြောင်းအလဲကို မခံစားမိမည် စိုးရိမ်သောကြောင့် ဖြစ်သည်။ အရေးပေါ် အခြေအနေ ကြုံလာလျှင် ဖြေရှင်းနိုင်ရန်အတွက် တစ်ယောက်က အမြဲတစေ စောင့်ကြပ်နေမှ ဖြစ်ပေမည်။
လူတစ်ယောက်က အထောက်အကူပြု ကျင့်စဉ်ကို အားထုတ် ကျင့်ကြံနေပြီး၊ နွားတစ်ကောင်က အစီအရင် မူကြမ်းကို လေ့လာနေသည်။ နေ့ရက်များသည် ဤကဲ့သို့ပင် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့၏။ အချိန်ဟူသည် ထာဝရအသက်ရှင်သူများအတွက် တစ်ခုတည်းသော အရင်းအနှီး ဖြစ်ပေရာ နွေ မိုး ဆောင်း ရာသီဥတုများ တစ်လှည့်စီ ပြောင်းလဲသွားရင်း အနှစ်(၂၀) ဟူသော ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေသည်။
ထိုအချိန်တွင် နွားနက်ကြီးသည် ဂူအပြင်ဘက် အဝေးတစ်နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် မူလ ခန္ဓာကိုယ် ပုံစံအတိုင်း ပြောင်းလဲထားပြီး ဂူအတွင်းသို့ လေးလေးနက်နက် လှမ်းမျှော်ကြည့်နေမိသည်။
လေထုထဲမှ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ တစ်စုံတစ်ခုက ချုပ်ထိန်းထားသကဲ့သို့၊ အတင်း ဖိနှိပ်ထားသကဲ့သို့ ခံစားရပြီး ဂူပတ်ဝန်းကျင်ရှိ မိုးနှင့်မြေ၏ ဝိညာဉ်စွမ်းအင်များမှာ ရုတ်တရက် ပါးလွှာပျောက်ကွယ်သွားသည်။
ကြောက်မက်ဖွယ် ကောင်းလှသော ခံစားချက်ပင်။ နွားနက်ကြီးသည် တိုးတိုးလေး အော်မြည်လိုက်မိသည်။ ထိုအရာသည် အလွန် ပြင်းထန်သော ဖိအားတစ်ခု ဖြစ်ပြီး မိမိခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအား စီးဆင်းမှုနှုန်းကိုပင် နှေးကွေးတုံ့ဆိုင်းသွားစေသည်အထိ လွှမ်းမိုးနိုင်စွမ်း ရှိလေသည်။
"မွန်း"
အစ်ကိုကြီး ဘယ်အဆင့်ထိ ရောက်သွားပြီလဲ...။
နွားနက်ကြီး၏ ရင်ထဲတွင် တစ်မျိုးတစ်မည် ဖြစ်သွားရသည်။ ဤကဲ့သို့ ခံစားချက်မျိုး မရရှိခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ သူ ကောင်းစွာ မှတ်မိနေသေးသည်။ ဤကဲ့သို့သော ဖိအားမျိုးသည် ဝူယွင်ဂိုဏ်း ၌ ရှိစဉ်၊ သူတို့ ချီသန့်စင်ခြင်းအဆင့် ဘဝ၌ ရွှေအမြူတေအဆင့် အဆင့်မြင့် ကျင့်ကြံသူကို တွေ့ရှိခဲ့စဉ်က ခံစားခဲ့ရဖူးသည့် ခံစားချက်မျိုးပင် ဖြစ်သည်။ ယှဉ်ပြိုင်၍ မရနိုင်သော၊ အလွန် ဖိအားကြီးမားလှသော ခံစားချက်မျိုးကို ယခုအချိန်ထိ မမေ့နိုင်သေးပေ။
ရွှေအမြူတေအဆင့် ဝိညာဉ်စွမ်းအား အဆင့်ကို စုစည်းခြင်းမှာ... နှစ် (၂၀) တိတိ ကြာမြင့်သွားခဲ့သည်လား။
ရှပ်….ရှပ်….
ထိုစဉ် ဂူအတွင်းမှ ခြေသံများ ထွက်ပေါ်လာ၏။ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များမှာ ဖယ်ရှားရှင်းလင်း ခံလိုက်ရသကဲ့သို့ ဂူအပြင်ဘက်သို့ အလုံးအရင်းနှင့်ထွက်ပေါ်လာသည်။ ဂူအတွင်း၌ ရောင်စုံအလင်းတန်း (၅) ခု တောက်ပနေပြီး လူရိပ်တစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာသည်။
သူ၏ အနက်ရောင်ဆံနွယ်များသည် လေမတိုက်ဘဲ အလိုအလျောက် လွင့်ပျံနေပြီး မျက်နှာမှာ အလွန် တည်ငြိမ်နေသည်။ သို့သော် သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါကမူကား အလွန် နက်ရှိုင်းလှပေသည်။ ဒြပ်ထုအသွင်ပြောင်းလုလု စွမ်းအင်စီးကြောင်းငါးခုက ကိုယ်ပတ်လည်တွင် ဝန်းရံနေပြီး ထိုစွမ်းအင်စီးကြောင်းများသည် အလွန်သိပ်သည်းနေ၏။ ထိုအရာသည် ဝိညာဉ်စွမ်းအား၏ သိပ်သည်းမှုနှင့် အတိုင်းအတာပင် ဖြစ်၏။
သူ့ထံမှ အလွန် ကြီးမားပြင်းထန်သော ဝိညာဉ်စွမ်းအား လှိုင်းများ ထွက်ပေါ်နေသည်။ ပတ်ဝန်းကျင်တွင် ထူးခြားသော အရှိန်အဝါများ ပြည့်နှက်နေပြီး စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေနိုင်လောက်သည့် ရင်ခုန်စရာ ခံစားမှုမျိုးကို ပေးစွမ်းနေသည်။ ဝိညာဉ်စွမ်းအားများက အစိုင်အခဲ အဖြစ် ပြောင်းလဲပြီး ကိုယ်ပတ်လည်တွင် ထင်ဟပ်၍နေလေ၏။
အခန်း (၁၃၈)
ထိုပုံရိပ်သည် နောက်ဆုံးတွင် ဂူအတွင်းမှ ထွက်ခွာလာခဲ့သည်။ သူသည် သက်ပြင်းတစ်ချက်ကို ဖွဖွလေး ချလိုက်လေသည်။
"နွားကြီး"
"မွန်း"
နွားနက်ကြီးသည်ကား အဝေးတစ်နေရာ၌ ရှိနေဆဲဖြစ်ပြီး အနီးသို့ ချဉ်းကပ်ဝံ့ခြင်း မရှိချေ။ နှစ်ပေါင်း (၂၀) ဟူသော အချိန်ကာလတိုလေး အတွင်း၌ ချန်ရွှင်သည် အခြားသူတစ်ယောက်အဖြစ် ကူးပြောင်းသွားသကဲ့သို့ ခံစားလိုက်ရ၏။ ရှည်လျားလှစွာသော ကာလတစ်ခုတိုင်အောင် ကျင့်ကြံ ခဲ့ရသကဲ့သို့ပင် မှတ်ထင်ရပေသည်။
သူသည် ဦးခေါင်းကို မော့၍ စူးရှတောက်ပသော နေရောင်ခြည်ကို မော်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းအစုံသည် အနည်းငယ် မှုန်ဝါးနေဆဲ ဖြစ်လေသည်။ ခေတ္တမျှ ကြာသောအခါ သူသည် ခန္ဓာကိုယ် ပတ်လည်ရှိ ဝိညာဉ်စွမ်းအား အားလုံးကို ပြန်လည် ရုပ်သိမ်းလိုက်လေသည်။ ထိုအခါ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည်လည်း တဖြည်းဖြည်းချင်း ပြန်လည် စုစည်းလာကြကုန်၏။
အရာခပ်သိမ်းသည်ကား မူလအခြေအနေအတိုင်း ပြန်လည် တည်ငြိမ်သွားခဲ့လေပြီ။ ယခုတွင် ချန်ရွှင်၏ ခန္ဓာကိုယ်ထက်မှ မည်သည့် အရှိန်အဝါမျှ အပြင်သို့ ယိုစိမ့်ထွက်ပေါ်လာခြင်း မရှိတော့ချေ။ သို့သော် ထိုသို့ တည်ငြိမ်နေသော မျက်နှာသည်ကား တဖြည်းဖြည်းချင်း ဒေါသအမျက် ခြောင်းခြောင်းထွက်သော အသွင်သို့ ပြောင်းလဲသွားလေတော့သည်။
"... နွားကြီး... ငါ့ဆီ လာခဲ့စမ်း"
"မွန်း"
နွားနက်ကြီးသည် ရယ်မောလိုက်လေသည်။ ဤသည်မှာ သူသိသော ချန်ရွှင် အစစ်ပင် ဖြစ်သည်။ သူသည် ပြေးလွှားလာပြီး ချန်ရွှင်ကို အဆက်မပြတ် ပွတ်သီးပွတ်သပ် လုပ်နေလေသည်။
"နွားကြီး... ငါ တံခါးပိတ် ကျင့်ကြံတာ ဘယ်နှနှစ် ရှိသွားပြီလဲ"
ချန်ရွှင်၏ ဦးနှောက်သည် အနည်းငယ် ရှုပ်ထွေးနေဆဲ ဖြစ်သည်။ အတော်ပင် နေရခက်လှ၏။
"မွန်း"
နွားနက်ကြီးသည် မြေကြီးပေါ်တွင် စာရေးပြလိုက်သည်။ '၂၀ နှစ်' ဟူ၍ ဖြစ်သည်။
"ဒီလောက် ကြာသွားပြီလား"
ချန်ရွှင် အံ့သြသွားသည်။
"နွားကြီး... ဒီနှစ်တွေထဲ မင်း ဘယ်လို နေခဲ့လဲ"
ချန်ရွှင်သည် နှစ်ကာလ မည်မျှ ကြာမြင့်ခဲ့သည်ကို များစွာ စိုးရိမ်ပူပန်ခြင်း မရှိလှပေ။ သူအဓိက စိတ်မကောင်း ဖြစ်ရသည်မှာ ဤနွားနက်ကြီး တစ်ကောင်တည်း မည်သို့မည်ပုံ ဖြတ်သန်းကျော်ဖြတ်ခဲ့ရသနည်း ဟူသော အချက်ပင် ဖြစ်ချေသည်။ ထို့နောက် သူတို့သည် စမ်းချောင်းဘေးသို့ လျှောက်လှမ်းသွားကြရာ နွားနက်ကြီးသည် ခြေလက် များကို လှုပ်ရှားလျက် ကခုန်မြူးထူးနေလေ၏။
၎င်းသည် 'တမွန်းမွန်း' ဟု အော်မြည်ရင်း စာလုံးများကို ဆက်တိုက် ရေးပြနေလေသည်။ အစီအရင် ပုံသဏ္ဌာန်များကို လေ့လာခဲ့ရကြောင်း၊ ကုန်ကြမ်းပစ္စည်းများ အသုံးပြု၍ အစီအရင် ခင်းကျင်းခဲ့ကြောင်းနှင့် အခြားသော ပြုပြင်မွမ်းမံမှု စိတ်ကူးများကို ချန်ရွှင်အား အသေးစိတ် ရှင်းလင်းပြသနေပေသည်။
"ပဉ္စမံအစီအရင် အောင်မြင်သွားပြီလား"
"မွန်း"
နွားနက်ကြီးသည် ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်သည်။ ချန်ရွှင်က ဤမျှ ဈေးကြီးသော ပစ္စည်းများကို ဝယ်ယူပေးထားသည် မဟုတ်ပါလား။ သူသည် အဆင့်ဆင့် လုပ်ဆောင်ရုံသာ ရှိသည်။
"မွန်း မွန်း"
နွားနက်ကြီးက ချန်ရွှင်ထံမှ သွေး တစ်စက် တောင်းခံလိုက်သည်။ ချန်ရွှင်သည် သွေးတစ်စက်ကို ချက်ချင်းဖောက်ပေးလိုက်၏။
"မွန်း"
ထိုစဉ် နွားနက်ကြီးသည် ရုတ်တရက် မတ်တပ်ရပ်လိုက်လေသည်။ သူ၏ ခွာသည် လက်သဏ္ဌာန် အဖြစ်သို့ ပြောင်းလဲသွား၏။ မြေပြင်ထက်မှ မြေမှုန့်များ လွင့်စင်သွားပြီး အစီအရင် အလင်းတန်းတစ်ခုသည် ကောင်းကင်သို့ ထိုးတက်သွားလေတော့သည်။ လေပြင်းများ တိုက်ခတ်လာပြီး အစီအရင် အလင်းတန်းသည် လှိုင်းတစ်ခုကဲ့သို့ ပြန့်နှံ့သွားရာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်းမှာပင် ဂူပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
သတ်ဖြတ်ခြင်း အရှိန်အဝါတစ်ခုသည် 'လက်' ခနဲ ဖြတ်သန်းသွားပြီး ပတ်ဝန်းကျင် မြင်ကွင်းများ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်။ နတ်အသိ စူးစမ်းမှုကို တားဆီးကာကွယ်နိုင်သော စွမ်းအားများ ရှိနေသော်ငြားလည်း အပြင်ဘက် အခြေအနေကိုမူ ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရပေသည်။
အလွှာပါး တစ်ခုသဖွယ်ဖြစ်သော အကာအကွယ်သည် အထက်ကောင်းကင်ကို လွှမ်းခြုံထားလေ၏။ ရံဖန်ရံခါတွင် မှိန်ဖျော့ဖျော့ အလင်းရောင်လေးများ ဖြတ်သန်းသွားတတ်ရာ အတော်ပင် ဆန်းကြယ်လှပနေပေသည်။ ထို့နောက် နွားနက်ကြီးသည် ချန်ရွှင်၏ သွေးကို အစီအရင်၏ ဗဟို အတွင်းသို့ ထည့်သွင်းပေါင်းစပ်လိုက်လေသည်။ သို့မှသာလျှင် အချိန်မရွေး ဝင်ထွက်သွားလာနိုင်မည် ဖြစ်ပြီး အစီအရင်၏ တိုက်ခိုက်မှု မှလည်း ကင်းလွတ်စွာ နေထိုင်နိုင်မည် ဖြစ်သည်။
"ဟ တယ်ဟုတ်ပါလား"
ချန်ရွှင် အံ့သြဝမ်းသာစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။ ကမ္ဘာသစ် တစ်ခုသဖွယ် ဖြစ်သွားခဲ့ပြီ။
"မွန်း မွန်း"
နွားနက်ကြီးက ချန်ရွှင်၏ ပုံစံကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ အော်မြည်လိုက်သည်။ သို့သော် ဤသည်မှာ တစ်စိတ်တစ်ဒေသသာ ရှိသေးသည်။ သူ အော်မြည်သံ ပြင်းပြင်းထန်ထန် ပြုလိုက်ရာ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများ လွင့်ပျံထွက်လာသည်။ အစီအရင် အလင်းတန်း၏ နေရာ (၃၂) ခု၌ အစိမ်းရောင် အစီအရင်အလံများ ရုတ်တရက် ပေါ်ထွက်လာသည်။
အုန်း……...
နွားနက်ကြီးသည် လက်ကို အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။ အစီအရင် အလင်းတန်း၏ အရောင်အဝါများသည် ပိုမို တောက်ပလာပုံ ရပြီး မြေကြီး တစ်ခုလုံး နစ်ဝင်သွားသကဲ့သို့ ဖြစ်ပေါ်လာသည်။
သောက်ကျိုးနည်း...
ချန်ရွှင် မျက်လုံးများ ပြူးကျယ်သွားသည်။ ဤကာကွယ်ရေး စွမ်းအားဖြင့် ဆိုလျှင် ရွှေအမြူတေ အလယ်အလတ်အဆင့် ကျင့်ကြံသူများပင် ဖောက်ထွင်း၍ ရနိုင်မည် မဟုတ်ပေ။ ထို့ပြင် မြေလျှိုးပြီး ခိုးဝင်၍လည်း မရနိုင်ချေ။ မြေအောက် သုံးပေအထိ အစီအရင်က ဖောက်ထွင်းကာကွယ်ထားသည်။
"နွား... ကြီး"
ချန်ရွှင် ရုတ်တရက် အော်ဟစ်လိုက်သည်။ နွားနက်ကြီးကို အဆက်မပြတ် ရိုက်ပုတ်လိုက်၏။
"နွားကြီး... မင်းက တကယ့် ပါရမီရှင်ပဲကွ"
"မွန်း မွန်း မွန်း"
နွားနက်ကြီးသည် စိတ်လှုပ်ရှားလွန်းသဖြင့် မိုးပေါ်ပျံတက်တော့မည့်အလား ဖြစ်နေသည်။ အစ်ကိုကြီး သူ့ကို ချီးကျူးနေသည်။ နွားမြီးသည် ပတ်ကာလို ခြာလပတ်လည်နေပြီး ကောင်းကင်ပေါ် ပျံတက်တော့မည့်ဟန် လှုပ်ရှားနေသည်။
"နွားကြီး... တောင်အောက်ဆင်းမယ်... လျှပ်စီးနီ ဝံပုလွေ သုံးကောင်"
ချန်ရွှင်သည် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာများ နီရဲနေသည်။ သူ ကိုယ်တိုင် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာစဉ်ကပင် ဤမျှလောက် စိတ်မလှုပ်ရှားခဲ့ပေ။
"ဒီနေ့ ပွဲကြီးပွဲကောင်း ကျင်းပမယ်"
"မွန်း"
နွားနက်ကြီးသည် ပျော်ရွှင်လွန်းသဖြင့် ချန်ရွှင်ကို ကျောပေါ် တင်လိုက်ပြီး ဂူအပြင်ဘက်သို့ ပြေးထွက်သွား၏။
"ဟားဟားဟား..."
ချန်ရွှင်သည် ပြုံးရယ်လိုက်လေသည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ ပုံရိပ်ယောင် အစီအရင်က သူတို့အတွက် လမ်းဖွင့်ပေးနေသည်ကို ကြည့်ရှုလိုက်၏။ အပြင်ဘက်သို့ ရောက်ရှိသွားသောအခါ အစီအရင်သည် အားလုံးကို ပြန်လည် ဖုံးကွယ်လိုက်လေသည်။ ယခုအခါတွင် ဂူ၏ အခြေအနေ တစ်စွန်းတစ်စကိုမျှ မမြင်တွေ့ရတော့ဘဲ မတ်စောက်သော ကျောက်ကမ်းပါးယံများသာ ရှိနေသကဲ့သို့ ထင်မှတ်ရပေသည်။ သို့သော် ဤနေရာသည် ချင်ရှန်းတောင် ဖြစ်နေသဖြင့် ဂူရှေ့တွင် နွားနက်ကြီးက ထင်ရှားသော အတားအဆီး တစ်ခုကို ချန်ရစ်ထားခဲ့လေသည်။ ဤဂူတွင် နေထိုင်သူ ရှိကြောင်းကို ပြသရန် ရည်ရွယ်ခြင်း ဖြစ်ပေ၏။
ထို့နောက် သူတို့သည် တောင်အောက်သို့ ဆင်းသက်ကာ လျှပ်စီးနီ ဝံပုလွေကို ဝယ်ယူခဲ့ကြ၏။ ချန်ရွှင်သည် အလွန်တရာ စုံလင်လှသော စားသောက်ပွဲကြီး တစ်အခုကို ပြင်ဆင်ကျင်းပလိုက်ပြီး အသားခြောက်များကိုလည်း အမြောက်အမြား ပြုလုပ်စီမံထားလေသည်။ စားသောက်နေစဉ် အတွင်း၌ ချန်ရွှင်သည် နွားနက်ကြီးအား မိမိ၏ အတွေ့အကြုံများကို အဆက်မပြတ် ရှင်းလင်းပြောကြားနေလေသည်။ နေ့အလင်းရောင် လာချိန်မှ နေဝင်ချိန်အထိ တစ်နေ့လုံး ပြောပြနေခြင်း ဖြစ်၏။ နွားနက်ကြီးကလည်း စာအုပ်ငယ်လေးဖြင့် အဆက်မပြတ် လိုက်လံမှတ်သားနေရာ အတော်ပင် အလေးအနက် ထားပုံရပေသည်။
နောက်တစ်နေ့သို့ ရောက်သောအခါ နွားနက်ကြီးသည် တရားဝင် တံခါးပိတ် ကျင့်ကြံခြင်းကို စတင်လေတော့သည်။ ချန်ရွှင်လည်း ပုဆိန်သိုင်းကို ပြန်လည် လေ့ကျင့်သကဲ့သို့ မူလလက်နက် ကိုလည်း ပျိုးထောင်လေ၏။ တစ်ခါတစ်ရံတွင်မူ ဝိညာဉ်ဆေးပင်များကို ဂရုစိုက် ပြုစုလေ့ရှိသည်။
ရံဖန်ရံခါ၌မူ ချန်ရွှင်သည် တစ်ကိုယ်တည်း တောင်အောက်သို့ ဆင်းသက်လေ့ ရှိလေသည်။ ဝိညာဉ်ဆေးပင်များနှင့် ဆေးဝါးများကို အနည်းအကျဉ်း ရောင်းချပြီး နေထိုင်စရိတ် ကာမိအောင် ပြုလုပ်၏။ သို့သော် ဆိုင်ကြီးများ ရှေ့မှ ဖြတ်သန်းသွားလျှင်မူ ဝင်ရောက်ကြည့်ရှုလိုစိတ် မရှိတော့ချေ။ ရုတ်တရက် ငြီးငွေ့ဖွယ် ကောင်းသည်ဟု ခံစားရပြီး ကြည့်ရှုစရာလည်း မရှိတော့သကဲ့သို့ ဖြစ်နေပေသည်။ ဈေးသည်များ ရှေ့မှ ဖြတ်သန်းသွားလျှင် လျှပ်စီးနီ ဝံပုလွေ စသည်တို့ကို တွေ့မြင်ရသော်လည်း စားသောက်လိုစိတ် အလျဉ်းမရှိတော့ပေ။ ရွှေအမြူတေအဆင့် ကျင့်ကြံသူ တစ်ဦးအနေဖြင့် အစာဖြတ်၍ ရနေပြီ ဖြစ်ရာ မည်သည့် အစားအစာကို လိုအပ်တော့မည်နည်း။
ကျင့်ကြံသူ အချို့က သူ့ကို လက်သီးဆုပ်၍ ဂါရဝပြု နှုတ်ဆက်လျှင် သူသည် ဦးခေါင်းကို အနည်းငယ်သာ ညိတ်ပြလိုက်၏။ မျက်လုံးအစုံထဲတွင်ကား အေးစက်မှုများ ပြည့်နှက်နေပေသည်။ ပစ္စည်းရောင်းချပြီးသည်နှင့် ချက်ချင်း ပြန်လာလေ့ ရှိပြီး မြို့ထဲတွင် မည်သည့်အခါမျှ ကြာရှည်စွာ နေထိုင်ခြင်း မရှိချေ။
မျက်စိတစ်မှိတ်အတွင်း နောက်ထပ် နှစ်ပေါင်း (၂၀) ကုန်ဆုံးသွားပြန်လေသည်။ ချန်ရွှင်သည် သူ၏ အချိန်များကို ပြည့်စုံစွာ စီစဉ်ထား၏။ မည်သည့်အခါမျှ အချိန်ဖြုန်းတီးခြင်း မရှိချေ။ ယနေ့တွင်မူ နွားနက်ကြီးသည်လည်း ဝုန်းခနဲ ထွက်ပေါ်လာလေတော့သည်။
"နွားကြီး"
"မွန်း"
ချန်ရွှင်နှင့် နွားနက်ကြီးတို့ အော်ဟစ်လိုက်ကြသည်။ လူတစ်ယောက်နှင့် နွားတစ်ကောင် သည် ပြေးလွှားလာပြီး အားရပါးရ ဖက်လိုက်ကြသည်။
"ဘယ်လိုလဲ နွားကြီး"
"မွန်း"
နွားနက်ကြီး သေသေချာချာ အာရုံခံ ကြည့်ရှုလိုက်သည်။ ချန်ရွှင်၏ ခန္ဓာကိုယ် ပြောင်းလဲမှုနှင့် မည်သို့မျှ မကွာခြားပေ။
"မင်း အရင်ဆုံး အခြေခံအုတ်မြစ်ကို ကျစ်လစ်အောင် လုပ်လိုက်ဦး... ငါ ဒီနှစ်တွေထဲ တောင်အောက်ဆင်းတုန်းက ဆိုင်သစ် တော်တော်များများ ဖွင့်တာ တွေ့ခဲ့တယ်... အကုန်လုံး ပစ္စည်းကောင်းတွေရောင်းတဲ့ဆိုင်တွေချည်းပဲ"
ချန်ရွှင် ရယ်မောလိုက်ကာ တောင်ဖြိုပုဆိန်ကို ခါးကြား ထိုးလိုက်သည်။
"ငါတို့ ဒီည စျေးဝယ်ထွက်ကြမယ်..."
"မွန်း မွန်း"
နွားနက်ကြီး ပျော်ရွှင်လွန်းသဖြင့် ခုန်ပေါက်နေသည်။
"ငါ မိစ္ဆာကောင် တစ်ကောင်ကိုလည်း တွေ့ထားတယ်... လျှပ်စီးနီ ဝံပုလွေ အသားထက် ပိုကောင်းမယ် ထင်တယ်"
ချန်ရွှင် သေချာ စဉ်းစားလိုက်သည်။
"အိမ်ပြန်တဲ့ အချိန်ကျရင် တစ်ကောင်လောက် သွားဝယ်ပြီး စမ်းကြည့်ရအောင်... ရွှေအမြူတေအဆင့် အဆင့်မြင့် ကျင့်ကြံသူ ဖြစ်နေပြီပဲ... ထမင်းတော့ စားရမှာပေါ့"
"မွန်း"
နွားနက်ကြီး ချန်ရွှင်ကို အဆက်မပြတ် ပတ်ပြေးနေသည်။ တစ်ခါတစ်ရံ ဝင်ဝှေ့လိုက်သေး၏။ ချန်ရွှင်၏ အကြံကို သူ လုံး၀သဘောတူပါသည်။ ဤရွှေအမြူတေအဆင့် အစာရှောင်သည် ဆိုသော ကိစ္စမှာ ဘာမှ အသုံးမဝင်ပေ။ ဗိုက်မဆာရုံသာ ရှိသည်။
"နွားကြီး... မြန်မြန် ပြင်ဆင်... ဈေးဝယ်ထွက်မယ်"
"မွန်း မွန်း"
သူတို့သည် မိမိတို့၏ ပစ္စည်းပစ္စယများကို အသီးသီး သိမ်းဆည်းပြင်ဆင်ကြလေသည်။ ဂူအတွင်းအပြင် နေရာအနှံ့အပြား၌ 'ဒုန်းဒုန်းဒိုင်းဒိုင်း' ဆူညံသံများ ထွက်ပေါ်လျက် ရှိ၏။ ဝိညာဉ်ဆေးပင်များကိုမူ နွားနက်ကြီး ကိုယ်တိုင် ဦးစီး၍ ပြန်လည် စီမံခန့်ခွဲရပေဦးမည် ဖြစ်သည်။
ထိုအချိန်၌ နေမင်းကြီးသည် တောင်ထွတ်ထက်မှ ထွက်ပြုူလာကာ လှပတင့်တယ်သော မိုးသောက်အလင်းရောင်များဖြင့် လွှမ်းခြုံထားလေသည်။ နေရောင်ခြည်သည် တိမ်တိုက်များကြားမှ ထိုးဆင်းလာပြီး ရွှေရောင် ရေတံခွန်ကြီးများသဖွယ် ဖန်တီးပုံဖော်လျက် ရှိချေသည်။ ချန်ရွှင်သည် ကောက်ရိုးဦးထုပ်ကို ဆောင်းထားလျက် ရံဖန်ရံခါတွင် တောင်ထွတ်များကို လှမ်းမျှော်ကြည့်ရှုကာ စိတ်တွင်း၌ သက်ပြင်းချလိုက်မိလေသည်။ ဤနှစ်ပေါင်း (၂၀) အတွင်း ကြုံတောင့်ကြုံခဲ ကောင်းမွန်လှသော ရာသီဥတုပါတကား။
သို့သော် သူသည် စိတ်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်ချက် ချမှတ်လိုက်လေသည်။ နောင်အနာဂတ်ကာလ၌ တံခါးပိတ် ကျင့်ကြံမည် ဆိုပါက ဧကန်မုချ အတူတကွ ကျင့်ကြံရပေမည် ဟူ၍ ဖြစ်သည်။
နေ့ဝက်ခန့် ကြာမြင့်သောအခါ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် တောင်ခြေသို့ အပြေးအလွှား ဆင်းသွားကြလေသည်။ ထို့နောက် မြို့တွင်း၌ သုံးရက်ခန့် ပျော်ပါးခဲ့ကြရာ ဝိညာဉ်ကျောက်တုံး တစ်တုံးတစ်လေမျှ ကုန်ကျခြင်း မရှိခဲ့ချေ။ ဤ ယွီရွှပ်မြို့၏ အခြေအနေကိုလည်း သူတို့ ကောင်းစွာ နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။
အဓိက အချက်မှာကား သူတို့သည် ခြေတိုအောင် မြို့ထဲပတ်ကာ လမ်းလျှောက်နေခြင်း ဖြစ်ပေသည်။ နေရာတိုင်းသို့ လိုက်လံကြည့်ရှုပြီး လက်ညှိုးထိုးကာ ဝေဖန်သုံးသပ်ကြလေသည်။ နေအိမ်သို့ ပြန်လည် ရောက်ရှိသောအခါ သူတို့၏ နှစ်တစ်ရာ စီမံကိန်းကြီး၏ နောက်ဆုံး နှစ်ပေါင်း (၆၀) စီမံကိန်းကို စတင် အကောင်အထည် ဖော်လိုက်ကြလေတော့သည်။