← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 7 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 7 Ch. 139-140

အခန်း (၁၃၉)

ချန်ရွှင်သည် နေ့စဉ်ရက်ဆက် ပုဆိန်သိုင်းများကို မမောနိုင်မပန်းနိုင် လေ့ကျင့်လျက် ရှိနေ၏။ နွားနက်ကြီးသည်လည်း အစီအရင် ပညာရပ်၌ ဈာန်ဝင်စားသကဲ့သို့ စူးစိုက်နှစ်မြှုပ်ထားလေသည်။ ၎င်းတို့၏ မူလလက်နက်များသည်လည်း နေ့ရက်များ ကုန်ဆုံးသည်နှင့်အမျှ စွမ်းအားတို့ တိုးတက်မြင့်မားလာပြီး အကန့်အသတ်၏ အထွတ်အထိပ်သို့ ဦးတည်နေကြပေသည်။

အချိန်ကာလသည် တိတ်ဆိတ်ငြိမ်သက်စွာ ကုန်လွန်သွားလေ၏။ ချင်နိုင်ငံ၏ ကျင့်ကြံခြင်းလောက စက်ဝန်းကြီးသည်ကား ရှေ့သို့ အရှိန်အဟုန်မပျက် ဆက်လက်လည်ပတ်နေလျက် ရှိချေသည်။

ဝူနိုင်ငံ၏ မြောက်ဘက်အရပ်တွင်မူ မြင့်မားမတ်စောက်သော ကုန်းမြင့်ကြီးများနှင့် တောင်တန်းကြီးများ တည်ရှိနေပြီး ဘေးအန္တရာယ်များ ပြည့်နှက်နေပေသည်။ ထိုအရပ်ဒေသ၌ တိုင်းပြည်ဟူ၍ မရှိ၊ ဂိုဏ်းအဖွဲ့အစည်းဟူ၍ မရှိဘဲ အရိုင်းအစိုင်း လူမျိုးစုများသာ နေထိုင်ကျက်စားကြလေ၏။ ဝူနိုင်ငံနှင့် မြောက်ဘက်ဒေသအကြားတွင် ကျယ်ပြောလှသော သဲကန္တာရကြီးတစ်ခုက သဘာဝအတားအဆီးသဖွယ် စည်းခြားထားပေသည်။ ယခင်ကာလက ဝူနိုင်ငံမှ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးသည် ထိုကုန်းမြင့်ဒေသကို ဖြတ်ကျော်ရန် ကြိုးပမ်းခဲ့သော်လည်း သေဆုံးသွားခဲ့သည်။

သို့ငြားလည်း ယင်းအချက်ကပင် ထိုဒေသသည် ကျင့်ကြံသူတို့ ခြေမချရသေးသည့် ရတနာမြေတစ်ခု ဖြစ်ကြောင်း သက်သေပြနေပေသည်။ ချင်နိုင်ငံ၏ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းသည် နှစ်ပေါင်းများစွာ စီမံကိန်းချလျက် ဝူနိုင်ငံ ကျင့်ကြံခြင်းလောကကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီးဖြစ်ရာ ယခုကဲ့သို့သော အခြေအနေတွင် ရပ်တန့်နေမည် မဟုတ်ချေ။

အရှေ့ဘက် နိုင်ငံငယ်လေးများ၏ အရင်းအမြစ်များကို ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းအနေဖြင့် မျက်စိထဲ ထည့်ခြင်း မရှိပေ။ ၎င်းတို့ အလိုရှိသည်မှာ အခြေတည်အဆင့် မျှသာမက ထိုအဆင့်ထက် ကျော်လွန်သော ဒဏ္ဍာရီလာ အထက်တန်းကျသည့် အဆင့်အတန်းများပင် ဖြစ်ချေသည်။

တောင်ဘက်အရပ်ကိုမူ မည်သူတစ်ဦးတစ်ယောက်မျှ ခြေဦးမလှည့်ရဲကြပေ။ ထိုအရပ်ရှိ တောင်တန်းကြီးများကို မိစ္ဆာကြီးများက စိုးမိုးသိမ်းပိုက်ထားပြီး လူသားများနှင့် ရန်မပြုဘဲ သီးခြားနေထိုင်ကြရာ မည်သည့်အဖွဲ့အစည်းကမျှ စစ်မီးမမွှေးလိုကြချေ။ သို့ဖြစ်၍ မြောက်ဘက်ဒေသတစ်ခုသာ ရွေးချယ်စရာ ကျန်ရှိတော့သည်။ ထိုနေရာရှိ အရိုင်းအစိုင်း ကျင့်ကြံသူများကို မောင်းထုတ်နိုင်ပါက ချင်နိုင်ငံ ကျင့်ကြံခြင်းလောက၏ ပိုင်နက်နယ်မြေ ဖြစ်လာပေလိမ့်မည်။ အရေးကြီးဆုံးအချက်မှာ ထိုနေရာကို ခြေကုပ်ယူလျက် ပိုမို ဝေးကွာသော အရပ်ဒေသများကို စူးစမ်းရှာဖွေကာ အရင်းအမြစ်များ ရယူနိုင်ရန်ပင် ဖြစ်သည်။

ယခုအခါ ချင်နိုင်ငံ၏ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းသည် စတင်လှုပ်ရှားလာပြီ ဖြစ်သည်။ ဤမျှ ဝေးကွာသော ခရီးလမ်းအတွက် ပြည်တွင်းရှိ ဂိုဏ်းများကို ဦးစွာ စုစည်းရပေမည်။ သို့သော် ၎င်းတို့၏ လှုပ်ရှားမှုများမှာ လူသိရှင်ကြား မဟုတ်လှပေ။ အခြားသော ဂိုဏ်းကြီးများကို အကျပ်အတည်း မဖြစ်စေဘဲ ဖြည်းညှင်းစွာ သိမ်းသွင်းနေခြင်း ဖြစ်သည်။ ယွီရွှပ်မြို့ ပြင်ပ ကောင်းကင်ယံထက်တွင် လှေပျံကြီးများ ပိုမို များပြားလာပြီး ဆင်းသက်လာသော ကျင့်ကြံသူများသည် မြို့အနောက်ဘက်သို့ အလျင်အမြန် သွားရောက်ကြလေသည်။ ကျင့်ကြံခြင်းလောက စစ်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာတော့မည့် အငွေ့အသက်များ ယှက်သမ်းနေ၏။

သို့သော် ပြင်ပလောကတွင်မူ ငြိမ်သက်အေးချမ်းနေဆဲပင် ဖြစ်၏။ ကျင့်ကြံသူ အများစုသည် လက်ရှိ အခြေအနေကို နှစ်သက်ကျေနပ်နေကြသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည်လည်း ထိုကဲ့သို့ ရောင့်ရဲတင်းတိမ်တတ်သူများ ဖြစ်ကြပေ၏။

အချိန်ကာလများ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့လေပြီ။ နွားနက်ကြီး တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသည်မှာ နှစ်ပေါင်း (၆၀) တိုင်ခဲ့ပြီ ဖြစ်သည်။

ချင်ရှန်းတောင်၊ အဝါရောင်အဆင့် လိုဏ်ဂူ...

ချန်ရွှင်သည် ဂူအပြင်ဘက်တွင် ပုဆိန်သိုင်းကို လေ့ကျင့်နေဆဲ ဖြစ်သည်။ နွေ၊ မိုး၊ ဆောင်း ဥတုရာသီအလီလီ ပြောင်းလဲသွားသော်လည်း သူ၏ ပုဆိန်ချက်များသည်ကား ယိမ်းယိုင်ပြောင်းလဲခြင်း အလျဉ်းမရှိဘဲ တည်ငြိမ်နေဆဲ ဖြစ်၏။ နွားနက်ကြီး ဘေးနားတွင် ရှိနေသဖြင့် စိတ်နှလုံး အေးချမ်းကာ တည်ငြိမ်နေပေသည်။

ချန်ရွှင် မမောနိုင်မပန်းနိုင် ပုဆိန်ကို ဝှေ့ယမ်းလိုက်တိုင်း သဘာဝတရားနှင့် တစ်သားတည်းကျကာ ထူးခြားသော အသံများ ထွက်ပေါ်နေလေသည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များကို အနည်းငယ်မျှ ထိခိုက်စေခြင်း မရှိဘဲ ပုဆိန်ချက်များသည် တိတ်ဆိတ်ငြိမ်သက်နေသည်။

ချန်ရွှင်သည် ပုဆိန်ကို ဖြည်းညှင်းစွာ ပြန်လည်သိမ်းဆည်းလိုက်လေ၏။ လေကို တစ်ဝကြီး ရှူရှိုက်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ ထူးခြားသော အရှိန်အဝါများ ပျောက်ကွယ်သွားပြီး သာမန်လူတစ်ယောက်ကဲ့သို့ မူလအတိုင်း ပြန်ဖြစ်သွားလေတော့သည်။

"နွားကြီး"

"မွန်း"

နွားနက်ကြီးသည် ဂူပေါက်ဝတွင် ထိုင်လျက် အစီအရင်အလံများကို ပြုပြင်နေသည်။ သူသည် ချန်ရွှင် ပုဆိန်ကစားသည်ကို ကြည့်ရတာ နှစ်သက်သည်။ သီချင်းဆိုတာ၊ ပန်းချီဆွဲတာတွေထက် ပိုကြည့်ကောင်းသည်ဟု ထင်သည်။

"ရှိတာအကုန်ပေါင်ပြီး လေလံပွဲ သွားဖို့ ပြင်ဆင်ရအောင်"

ချန်ရွှင် ဓားပြခေါင်းစွပ်ကို ဖြည်းညှင်းစွာ ထုတ်ယူကာ ခေါင်းတွင် စွပ်လိုက်သည်။

"ဒီတစ်ခါ မရရင် ငါတို့ ဓားပြသွားတိုက်မယ်... အပင်စိုက်ပြီးမှ သူတို့ကို ပြန်ပေးလိုက်မယ်"

"ဖူး..."

နွားနက်ကြီးသည် အော်မြည်လိုက်လေသည်။ ၎င်းသည် ဝမ်းဗိုက်ကို ဖိနှိပ်လျက် ကျောက်ဂူနံရံကို မှီကာ မော့ကြည့်၍ ဟားတိုက်ရယ်မောနေ၏။ ထိုသို့ ရယ်မောနေစဉ် ဦးချိုနှင့် ကျောက်နံရံတို့ ပွတ်တိုက်မိရာမှ ထွက်ပေါ်လာသော အသံများသည် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

"နွားကောင်... မင်း ဘာရယ်တာလဲ"

ချန်ရွှင် အနည်းငယ် ဒေါသထွက်သွားသည်။

"ငါက ငှားတာပါကွ... အများဆုံးတော့ နှစ်ပင်လောက် ပြန်ပေးလိုက်မှာပေါ့" "မွန်း မွန်း"

နွားနက်ကြီး၏ ရယ်မောသံများကား ပိုမို၍ ကျယ်လောင်လာလေသည်။ ၎င်းသည် ချန်ရွှင် စွပ်ထားသော ခေါင်းစွပ်ကို လက်ညှိုးညွှန်ပြလိုက်လေသည်။ ချန်ရွှင်၏ မျက်ဝန်းများသည် ခေါင်းစွပ်ကြောင့် ဖုံးကွယ်နေပြီး ပဲစေ့ပမာဏမျှသာ မြင်တွေ့ရတော့မည့် အခြေအနေ ဖြစ်နေပေသည်

"သောက်ကျိုးနည်း..."

ချန်ရွှင် လန့်သွားသည်။ ဝိညာဉ်စွမ်းအားဖြင့် ကြည့်မှန်တစ်ချပ် ဖန်တီးပြီး ကြည့်လိုက်သည်။

"ဟာ..."

ချန်ရွှင်သည် အလျင်အမြန်ပင် ကိုယ်ကို လှည့်လိုက်လေသည်။ ဤခေါင်းစွပ်ကို ဝတ်ဆင်ခြင်းမပြုသည်မှာ ကြာမြင့်ပြီ ဖြစ်၍ အနည်းငယ် ကျုံ့ဝင်သွားခြင်း ဖြစ်တန်ရာသည်။ ထို့ကြောင့် သူသည် ရွှေအမြူတေ စွမ်းအင်ကို အသုံးပြု၍ ပုံသဏ္ဌာန်ကို ချက်ချင်း ပြုပြင်ပြောင်းလဲလိုက်ပြီးနောက် ချောင်းတစ်ချက် ဟန့်လိုက်သည်။

"နွားကြီး... ငါတို့ အင်အားကြီးလားရင် ဂိုဏ်းကြီးတွေကို သွားလည်ကြမယ်"

ချန်ရွှင် လက်နောက်ပစ်လျက် လှည့်ကြည့်လိုက်သည်။ မျက်လုံးထဲတွင် နူးညံ့မှုများဖြစ်ပေါ်လာ၏။

"ဥပမာ သူတို့ရဲ့ ဝိညာဉ်ဆေးပင်တွေကို ကူညီ စိုက်ပျိုးပေးမယ်... ငါတို့ ချင်နိုင်ငံ ကျင့်ကြံခြင်းလောက ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးမယ်"

"မွန်း"

"ဒါပေါ့... ငါတို့ အင်အား ရှိလာရင် အားလုံးက ရိုရိုသေသေဆက်ဆံကြမှာပဲ... ငါတို့က ဒီမှာ မွေးဖွားလာတာလေ... ကောင်းတာလုပ်ပေးတာ ဘယ်သူက တားရဲမှာလဲ"

ချန်ရွှင် နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားပြီး ကိုယ်ပေါ်မှ ဖုန်များကို ခါလိုက်သည်။

"မဟုတ်ရင် ငါတို့ ကျင့်ကြံနေတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ... ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး လွတ်လွတ်လပ်လပ် နေရုံပဲပေါ့"

"မွန်း"

နွားနက်ကြီး မျက်လုံးများ ပြူးကျယ်သွားသည်။

"အဲဒီကျရင် ကျင့်ကြံသူ သောင်းချီက ဒူးထောက်ပြီး နွားဘိုးဘေးကြီး ကို ကြိုဆိုကြမှာ မဟုတ်လား"

"မွန်း"

"ဂိုဏ်းကြီးတွေရဲ့ ဆေးဥယျာဉ်တိုင်းမှာ မင်း စိတ်ကြိုက် သွားလာပြီး... ဂိုဏ်းတိုင်းရဲ့ ဆေးဥယျာဉ်မှာ မင်းရဲ့ ဒဏ္ဍာရီတွေ ကျန်ရစ်စေရမယ်လေ"

"မွန်း"

နွားနက်ကြီး ချန်ရွှင်၏ ကြွားလုံးများကိုသည်းမခံနိုင်တော့။ ဖုန်းခနဲလဲကျကာ တစ်ကိုယ်လုံးပျော့ခွေသွားသည်။ ဤသည်မှာ အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းလှသည်။ ဤတစ်သက်တာ ကာလပတ်လုံး ဤမျှ စိတ်လှုပ်ရှားဖွယ် ကောင်းသော အမှုကိစ္စမျိုးကို ၎င်းတို့တစ်တွေ တစ်ကြိမ်တစ်ခါမျှ မပြုလုပ်ခဲ့ဖူးချေ။ ချန်ရွှင်သည် နှာခေါင်းကို တစ်ချက် ရှုံ့လိုက်လေသည်။ သူ၏ မျက်နှာသည် အပြင်ပန်းအားဖြင့် တည်ငြိမ်အေးဆေး နေသော်ငြားလည်း ရင်တွင်းမှ နှလုံးခုန်သံများကား ဗုံသံပမာ တဒိန်းဒိန်း ဆူညံလျက် မြန်ဆန်နေပေသည်။

"သွားမယ်... ထွက်ခွာမယ်... လေလံပွဲ သွားတက်မယ်”

“... မွန်း... မွန်း..."

သူတို့နှစ်ဦးသည် တောင်ခြေသို့ ဆင်းလာပြီးနောက် မြို့လယ်ရှိ စည်ကားရာအရပ်သို့ ဦးတည်ချီတက်လိုက်ကြ၏။ ၎င်းတို့၏ မျက်ဝန်းအစုံတွင်ကား စိတ်ကူးယဉ် အိပ်မက်များဖြင့် ပြည့်နှက်နေပြီး ခြေလှမ်းများသည်လည်း လေပေါ်ဝဲပျံနေသကဲ့သို့ ပေါ့ပါးသွက်လက်နေကြပေသည်။

ထိုက်ကူခန်းမဆောင်သို့ ရောက်ရှိသောအခါ ခေါင်းလောင်းသံကြီးများ မြည်ဟည်းလာသည်။ ပထမအကြိမ် လေလံပွဲကြီး စတင်ကျင်းပလေပြီ။

တစ်ရက်နှင့် တစ်ည ကုန်လွန်ပြီးနောက်...

အရိပ်နှစ်ခုသည် ကြောက်လန့်တကြားဖြင့် ဖနောင့်နှင့် တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးလာကြလေသည်။ ဝိညာဉ်ကျောက်တုံး တစ်ထောင် မှာမူ ရေစုန်မျှောလိုက်သကဲ့သို့ အဖတ်ဆယ်မရ ဆုံးရှုံးသွားခဲ့ရချေပြီ။

ထို့နောက် လေးလတာကာလ ကြာမြင့်သောအခါ….

အရိပ်နှစ်ခုသည် စိတ်အားထက်သန် စွာဖြင့် ထိုက်ကူခန်းမကြီး အတွင်းသို့ ဝင်ရောက်သွားကြပြန်လေသည်။ သို့ရာတွင် တစ်ရက်နှင့် တစ်ည ကုန်ဆုံးသွားပြန်ရာ ထိုအရိပ်နှစ်ခုသည်ပင် ဖရိုဖရဲ အခြေအနေဖြင့် ထွက်ပြေးလာကြရပြန်၏။ ဝိညာဉ်ကျောက်တုံး တစ်ထောင်တိတိ ထပ်မံ ဆုံးရှုံးလိုက်ရပြန်ချေပြီ။

ထပ်မံ၍ လေးလတာ အချိန်ကာလ ကြာမြင့်သွားပြန်လေသည်။ ယခုတစ်ကြိမ်တွင်မူ ထိုအရိပ်နှစ်ခုသည် အလွန်တရာ တက်ကြွလှုပ်ရှားသော အသွင်ဖြင့် ထိုက်ကူခန်းမဆောင် အတွင်းသို့ ဝင်ရောက်သွားကြပြန်သည်။ လေလံပွဲ အလယ်ပိုင်းသို့ ရောက်ရှိသောအခါ စင်မြင့်ထက်ရှိ အဘိုးအိုသည် ဝိညာဉ်ဆေးပင် တစ်ပင်ကို ရုတ်ခြည်း ထုတ်ဖော်ပြသလိုက်ပြီး ပြောသည်။

"ဒါက ညဖြူမှို ပါ... နှစ် ၇၀၀ သက်တမ်း ရှိပါတယ်... ရွှေအမြူတေအဆင့် မိတ်ဆွေတွေအတွက် တကယ့် ရတနာဆေးပင် ပါပဲ"

ထိုမှို၏ ပုံသဏ္ဌာန်မှာ ရှေးဆန်ပြီး ထူးခြားလှပနေ၏။ မြင်ရသည်မှာလည်း ကျက်သရေ ရှိလှပေသည်။ အလင်းရောင်များ ထွက်ပေါ်နေပြီး ဆေးအာနိသင်မှာလည်း ပြည့်ဝနေလေသည်။

"ဒီ ဝိညာဉ်ဆေးပင်ကို မိတ်ဆွေတို့ အားလုံး ရင်းနှီးပြီးသား ဖြစ်မှာပါ... အသေးစိတ် မပြောတော့ပါဘူး"

အဘိုးအိုသည် တဟဲဟဲ ရယ်မောလိုက်ပြီး အခန်းအသီးသီးသို့ ဝေ့ဝဲကြည့်ရှုလိုက်၏။

"သက်တမ်း မမြင့်ပေမယ့် ဆေးအာနိသင်က ပြည့်ဝပါတယ်... ပြီးတော့ ရှားပါးမှု အနေနဲ့ ပြောရရင် ရွှေအမြူတေအဆင့်မှာ သုံးတဲ့ နှစ်တစ်ထောင် ဝိညာဉ်ဆေးပင်တွေထက်တောင် ပိုပြီး တန်ဖိုးကြီးပါသေးတယ်... အဖွင့်ဈေးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသောင်းပါ"

စကားဆုံးသည်နှင့် စင်မြင့်ပေါ်မှ မီးရောင်များသည် တရစပ် လင်းလက်လာကြသည်။ အကယ်၍ ဤပစ္စည်းကို ဂိုဏ်းသို့ ယူဆောင်သွားပြီး ပျိုးထောင်လိုက်ပါက နှစ်တစ်ထောင် သက်တမ်းသို့ သေချာပေါက် ကျော်လွန်သွားနိုင်မည် ဖြစ်သည်။

အခန်း (၁၄၀)

လေလံပွဲကျင်းပရာ သီးသန့်အခန်းအတွင်း၌ ဖြစ်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် စိတ်လှုပ်ရှားလွန်းလှသဖြင့် နှလုံးရပ်မတတ် ဖြစ်နေကြ၏။ သို့ရာတွင် သူတို့သည် အလောတကြီး မပြုမူကြပေ။ ယခုအချိန်သည် ဈေးနှုန်း အမြင့်ဆုံးသို့ ရောက်ရှိချိန် မဟုတ်သေးချေ။

"နွားကြီး... ငါတို့ဆီမှာ ဝိညာဉ်ကျောက်တုံး ဆယ်သိန်းကျော် ရှိတယ်... မလောနဲ့"

ချန်ရွှင်၏ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်နေသော်လည်း ညဖြူမှိုကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလေသည်။ ဤနှစ်များအတွင်း ဝိညာဉ်ကျောက်တုံး ရှာဖွေရရှိမှု နည်းပါးသော်လည်း ခြောက်သိန်းကျော်ခန့်တော့ ရရှိထားခဲ့သည်။ ယခင် စုဆောင်းထားသည်များနှင့် ပေါင်းစပ်လိုက်ပါက ၁၀သိန်းကျော် ပိုင်ဆိုင်ထားပြီး ဖြစ်သည်။

"မွန်း"

နွားနက်ကြီးထံမှ နှာမှုတ်သံ ပြင်းပြင်းတစ်ချက် ထွက်ပေါ်လာ၏။ အရေးကိစ္စ ကြုံလာလျှင် မလောရဟူသော အသိဖြင့် သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားကြသည်။

"ဟဲဟဲ... အချိန်သာ လုံလောက်ရင် သေချာပေါက် တွေ့ရမှာပဲ"

ချန်ရွှင်သည် ကျန်းမာရေးလက်ဖက်ရည်ကို ဖြည်းညှင်းစွာ မော့သောက်လိုက်လေသည်။

"ဆယ်သိန်းနဲ့မှ မရရင် ဒီ ယွီရွှပ်မြို့မှာ ဆက်နေစရာ အကြောင်း မရှိတော့ဘူး"

"မွန်း"

"ဓားပြသွားတိုက်မယ်"

"မွန်း"

နွားနက်ကြီးသည် လေးလေးနက်နက် ခေါင်းညိတ်ထောက်ခံလိုက်၏။ အစ်ကိုကြီး ပြောသည့်စကားသည် အမြဲတမ်း မှန်ကန်စမြဲ ဖြစ်သည်။

လေလံစင်မြင့်ထက်တွင် လေလံပွဲကျင်းပသူ အဘိုးအိုသည် တည်ငြိမ်အေးဆေးစွာ ရှိနေလေသည်။ သူသည် လုံးဝ လောခြင်း မရှိပေ။

"မိတ်ဆွေ တစ်ယောက်က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်း ပေးထားပါပြီ"

"တစ်သိန်း တစ်သောင်း"

"တစ်သိန်း နှစ်သောင်း"

ဤနေရာရှိ ကျင့်ကြံသူအားလုံးသည် အခြေအနေကို နားလည်သဘောပေါက်ကြ၏။ ဤကဲ့သို့သော ရှားပါးပစ္စည်းများသည် ဈေးနှုန်းသာရှိပြီး ပစ္စည်းမရှိတတ်သော အရာမျိုး ဖြစ်သည်။ ဝိညာဉ်ကျောက်တုံးသည် ရှာဖွေရ လွယ်ကူသော်လည်း ဝိညာဉ်ဆေးပင်ကား ရှာဖွေရ ခက်ခဲလှသည်။ ယခုအချိန်၌ ဈေးနှုန်းသည် မိုးထိအောင် မြင့်နေပြီ ဖြစ်ရာ အပြင်လောကမှ သာမန်ကျင့်ကြံသူများ အနေဖြင့် စိတ်ကူးပင် မယဉ်ရဲကြချေ။

"တစ်သိန်း သုံးသောင်း ငါးထောင်"

ဈေးနှုန်းပြသသည့် တိုင်လုံးမှ မီးရောင်များသည် သိသိသာသာ နှေးကွေးသွားခဲ့ပြီ ဖြစ်သည်။ ကျင့်ကြံသူ အများအပြား မျှော်မှန်းထားသည့် ဈေးနှုန်းထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။ ဤကဲ့သို့သော ရှားပါး ဝိညာဉ်ဆေးပင်မျိုးကို ထိပ်သီးဂိုဏ်းကြီး (၁၀) ဂိုဏ်းမှ မလိုချင်ကြသကဲ့သို့ နောက်ခံအင်အားတောင့်တင်းသော ရွှေအမြူတေအဆင့် ကျင့်ကြံသူများကလည်း မလိုချင်ကြပေ။ အများစုမှာ သာမန်ဂိုဏ်းမှ ကျင့်ကြံသူများကသာ စျေးပြိုင်ပေးနေကြခြင်း ဖြစ်သည်။

"တစ်သိန်း လေးသောင်း"

ဈေးနှုန်းမှာ ဆက်လက် မြင့်တက်နေဆဲပင်။ လူအတော်များများမှာ မျက်မှောင်ကုတ်နေကြပြီ ဖြစ်သည်။ နှစ် ၇၀၀ သက်တမ်းရှိ ဆေးပင်တစ်ပင်အတွက် အိမ်ပေါင်ကာ စျေးပြိုင်ပေးစရာ မလိုဟု တွေးမိကြသည်။ သို့သော် ချန်ရွှင်နှင့် နွားနက်ကြီးတို့အတွက်မူ အခြေအနေက မတူညီပေ။

"တစ်သိန်း လေးသောင်း ခုနစ်ထောင်"

"တစ်သိန်း ငါးသောင်း... ဈေးထပ်ပေးမယ့် မိတ်ဆွေ ရှိသေးလား"

အဘိုးအို၏ မျက်လုံးထဲတွင် အံ့သြရိပ်များ ဖြတ်သန်းသွားလေသည်။ နှစ်တစ်ထောင် မပြည့်သေးသော ဆေးပင်တစ်ပင်က ဤမျှ ဈေးကောင်းရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ နှစ်ပေါင်းများစွာအတွင်း ဤကဲ့သို့ မကြုံဖူးခဲ့ချေ။

"ဒုန်း..."

သစ်သားတူထုသံ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ ညဖြူမှိုကို လူတစ်ယောက်က အနိုင်ယူ ရရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုခဏ၌ အခန်းထဲတွင် အလွန်ကျယ်လောင်သည့် အော်ဟစ်သံကြီး နှစ်သံ ထွက်ပေါ်လာလေသည်။

"ရပြီဟေ့"

ချန်ရွှင်သည် လက်ထဲမှ ရေခွက်ကို စားပွဲပေါ်သို့ ဘုန်းခနဲ မြည်အောင် ရိုက်ချလိုက်သည်။ နှစ်ပေါင်း မည်မျှကြာခဲ့ပြီနည်း။ သူ မမှတ်မိတော့ပေ။

"မွန်း"

နွားနက်ကြီး၏ မျက်လုံးများသည်လည်း တောက်ပနေ၏။ နောက်ဆုံးတွင်မူ သူတို့ စောင့်ဆိုင်းခဲ့ရကျိုး နပ်သွားခဲ့ပြီ ဖြစ်သည်။ သူတော်ကောင်းကိုနတ်ကောင်းမခြင်းဖြစ်သည်။

ထို့နောက်တွင် ဝိညာဉ်ကျောက်တုံးများကို ပေးချေပြီးသည်နှင့် တစ်ပြိုင်နက် ညဖြူမှိုကို လာရောက်ပို့ဆောင်ပေးကြလေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ထိုဆေးပင်ကို အချိန်ကြာမြင့်စွာ ကိုင်တွယ်ကြည့်ရှုနေမိကြ၏။ လက်မှ ပြန်မချချင်လောက်အောင်ပင် နှစ်သက်မြတ်နိုးနေကြသည်။ နောက်ဆုံးမှသာ ဆေးသေတ္တာထဲသို့ ဂရုတစိုက် ထည့်သွင်းလိုက်ပြီး နွားနက်ကြီးသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သိုလှောင်ခန်းထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်လေသည်။

"နွားကြီး... မလောနဲ့... မြေကမ္ဘာမြက် ပဲ ကျန်တော့တာ... နောက်ပိုင်း ပါလာလောက်တယ်"

ချန်ရွှင်သည် ရယ်မောနေလေသည်။ ဤနေရာတွင် နတ်မင်းများကို ပူဇော်၍မရခြင်းကြောင့်သာ၊ မဟုတ်ပါက သူ ကောင်းကောင်းကြီး ကျေးဇူးတင်စကား ပြောမိမည်မှာ အမှန်ပင်။

"အေးဆေးနေ... ငါတို့ စောင့်နိုင်တယ်"

နွားနက်ကြီးသည် ဦးခေါင်းကို ဖြည်းညှင်းစွာ လှည့်၍ ကြည့်လိုက်လေသည်။ သူတို့နှစ်ဦးသည် မျက်ဝန်းချင်း ဆုံမိကြပြီး လေးနက်စွာ ဦးခေါင်းညိတ်လိုက်ကြ၏။ ၎င်းတို့အကြားရှိ နက်ရှိုင်းလှသော နားလည်မှုများသည် နှုတ်မှ ဖွင့်ဟ၍ စကားဆိုရန်ပင် မလိုအပ်တော့ချေ။

နေ့ဝက်ခန့် ကုန်လွန်ပြီးနောက်...

အရိပ်နှစ်ခုသည် ဒုန်းစိုင်း ထွက်ပြေးလာကြပြီး ထိုက်ကူခန်းမဆောင် အပြင်ဘက်၌ ရပ်တန့်လိုက်ကြလေသည်။ မည်သို့ပင်ဆိုစေကာမူ ညဖြူမှို ကို ရရှိလိုက်ပြီဖြစ်ရာ ကျန်ကိစ္စများမှာ အရေးမကြီးတော့ချေ။ သို့သော် မြေကမ္ဘာမြက် မှာမူ ပါရှိလာခြင်း မရှိချေ။ သို့ဖြစ်၍ ၎င်းတို့အနေဖြင့် နေအိမ်သို့ ပြန်ကာ နောက်ထပ်ကျင်းပမည့် နှစ်တစ်ရာ ပွဲတော်ကြီးကိုသာ ဆက်လက် စောင့်ဆိုင်းရန် တတ်နိုင်တော့သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် 'ရှုရှင်းမျှော်စင်' သို့ သွားရောက်၍ နောက်ထပ် နှစ်ပေါင်း (၂၀၀) စာ နေထိုင်ခွင့် သက်တမ်းကို တိုးမြှင့်လိုက်ကြလေသည်။

ဧည့်ခံသော ကျင့်ကြံသူသည် အံ့အားသင့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ရွှေအမြူတေအဆင့် ကျင့်ကြံသူတစ်ဦးသည် နိမ့်ကျသော အဝါရောင်အဆင့် ဂူတွင် နေထိုင်ရသနည်းဟု တွေးတောမိသောကြောင့် ဖြစ်ပေသည်။ သို့သော် သူသည် အတင်းအကြပ် မေးမြန်းစူးစမ်းခြင်း မပြုဝံ့ချေ။ ချန်ရွှင်အတွက် စာရွက်စာတမ်း ကိစ္စရပ်များကို ရိုသေလေးစားစွာဖြင့် ဆောင်ရွက်ပေးလိုက်လေသည်။ ထို့နောက် စကားတစ်ခွန်းကို ပြောလိုက်သည်။

"စီနီယာ... မြေကမ္ဘာအဆင့် ဂူမှာ နေလို့ ရပါတယ်ခင်ဗျာ"

သို့သော် ချန်ရွှင်က ငြင်းပယ်လိုက်သည်။ နေသားကျနေပြီ ဖြစ်ကြောင်း၊ ချင်ရှန်းတောင်မှာ တော်တော် ကောင်းမွန်ကြောင်းနှင့် နောင်တွင် သူငယ်ချင်းများကိုပါ ခေါ်လာဦးမည် ဖြစ်ကြောင်း ပြောဆိုခဲ့လေသည်။

ချင်ရှန်းတောင်၊ အဝါရောင်အဆင့် ဂူ၊ စမ်းချောင်းဘေးတွင် ဖြစ်သည်။ သူတို့ ပြန်ရောက်ရောက်ချင်း ပထမဆုံး လုပ်ဆောင်သည့် အလုပ်မှာ နတ်မင်းများကိုပူဇော်ပသခြင်းပင် ဖြစ်သည်။ ကြိုးကြာဖြူသစ်ပင်နှင့် ပူဇော်ပစ္စည်းများကို နေရာအနှံ့ ချထားလိုက်ရာ အတော်ပင် ကြည်ညိုဖွယ် ကောင်းလှ၏။ နာရီဝက်ခန့် ကြာမှသာ ပြီးဆုံးသွားခဲ့သည်။ ကောင်းကင်နှင့် နတ်ဘုရားများကို တစ်ပါးချင်းစီ လိုက်လံ၍ ကျေးဇူးတင်နေကြခြင်း ဖြစ်သည်။

"နွားကြီး... နောက်ဆိုရင် ငါတို့ရဲ့ မူလလက်နက် ကလည်း အမြင့်ဆုံး ရောက်တော့မယ်"

ချန်ရွှင်က ပြုံးလိုက်သည်။

"အဲဒီကျရင် ငါတို့ တောင်အောက်ဆင်းပြီး အစီအရင် ဆိုင် တစ်ဆိုင် ဖွင့်ကြမယ်..."

"မွန်း"

နွားနက်ကြီး မျက်လုံးများ ပြူးကျယ်သွား၏။ ချန်ရွှင်က နောက်ဆုံးတော့ အစီအရင်ပညာကို စတင် လေ့လာတော့မည်လား။

"စွမ်းရည်တွေ အကုန်လုံး အမြင့်ဆုံး ရောက်သွားရင် အိမ်မှာပဲ ထိုင်စောင့်နေရမှာလား... အနားယူတဲ့ အချိန်ကျမှ ပြန်လာမှာပေါ့"

ချန်ရွှင်က ရယ်မောလိုက်လေသည်။

"ငါ စုံစမ်းထားတယ်... ဆိုင်ဖွင့်ရင် ပစ္စည်းတွေ ဝယ်ရတာ ပိုသက်သာတယ်တဲ့... သိလား"

"မွန်း"

နွားနက်ကြီး၏ မျက်လုံးများ ပိုမို ပြူးကျယ်သွားလေသည်။ သူတို့ ဆိုင်မဖွင့်ရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

"ပျော်ပျော်ပါးပါး နေသင့်ပြီ... ပြီးရင် မြေကမ္ဘာမြက်ကို စောင့်ရုံပဲ"

"မွန်း မွန်း"

နွားနက်ကြီးတွင် မည်သည့် ကန့်ကွက်မှုမျှ မရှိပေ။ ချန်ရွှင် ဘာလုပ်လုပ် သူ လုပ်မည်သာ။ သူက ချန်ရွှင်၏နောက်မှ အမြဲတမ်း လိုက်ပါနေရလျှင် ပြီးပြည့်စုံပြီ ဖြစ်သည်။

"နွားကြီး... မင်း ညဖြူမှိုကို သွားစိုက်လိုက်... ငါ အစီအစဉ် ထပ်စဉ်းစားလိုက်ဦးမယ်"

"မွန်း"

နွားနက်ကြီးသည် ဦးခေါင်းကို ညိတ်လိုက်ပြီး ဂူအတွင်းရှိ ဝိညာဉ်သားရဲ ခန်းမဆောင်သို့ လျင်မြန်စွာ ပြေးဝင်သွားလေသည်။ ထိုနေရာသည်ကား မြေအောက်၌ တည်ရှိသော လျှို့ဝှက်စခန်း တစ်ခုပင် ဖြစ်ချေသည်။ ချန်ရွှင်သည် ကြမ်းပြင်ထက်သို့ တန်းခနဲ လှဲချလိုက်ပြီး မျက်လွှာကို မှေးမှိတ်လိုက်လေ၏။ အချိန်ကာလ၏ တိုက်စားခြင်းဒဏ်ကို မခံစားရသော နေ့ရက်များသည်ကား အမှန်စင်စစ် ကောင်းမွန်လှပပေစွတကား။

ရက်အနည်းငယ်မျှ အနားယူပြီးနောက် ၎င်းတို့သည် အလုပ်ကိစ္စများကို ပြန်လည် စတင်ကြလေသည်။ 'စိမ်းလန်းညဖြူမှို' ကိုလည်း မျိုးဆက်မပြတ် ပြန့်ပွားစေရန်အလို့ငှာ ကြိုးပမ်းပျိုးထောင်နေကြကုန်၏။ ဓားပြဝတ်စုံသည်လည်း ကန့်သတ်ချက် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ချန်ရွှင်၏ ပုဆိန်သိုင်းကွက် လေ့ကျင့်မှုသည်လည်း လျော့နည်းသွားခြင်း အလျဉ်းမရှိဘဲ နေ့စဉ်ရက်ဆက် လေ့ကျင့်လျက် ရှိပေသည်။ မည်သည့်အခါမျှ ပင်ပန်းနွမ်းနယ်သည်ဟု ညည်းညူမြည်တမ်းခြင်း မရှိခဲ့ချေ။

ဂူအပြင်ဘက်ရှိ ပန်းမန်တို့သည်ကား ရှင်သန်လိုက်၊ ညှိုးနွမ်းလိုက်၊ ဖူးပွင့်လိုက်၊ ကြွေလွင့်လိုက်ဖြင့် နှစ်စဉ်နှစ်တိုင်း ဖြစ်ပျက်ပြောင်းလဲနေကြကုန်၏။ ကြိုးကြာဖြူသစ်ပင်နှင့် ထာဝရအသက်ရှင်သူ နှစ်ဦးတို့သာလျှင် မပြောင်းမလဲ ထာဝရ တည်တံ့နေကြလေသည်။ ဤသို့ဖြင့် အချိန်ကာလများစွာ ကုန်ဆုံးသွားခဲ့လေပြီ။

နောက်ထပ် နှစ်ပေါင်း (၅၀) သည် လျင်မြန်စွာ ကုန်ဆုံးသွားပြန်၏။

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် တောင်ခြေသို့ ဆင်းသက်လာကြပြီး ချင်ရှန်းတောင်အောက်ရှိ လူသူအရောက်အပေါက် နည်းပါးသော နေရာတစ်ခုတွင် ဆိုင်ခန်းတစ်ခန်းကို ဝယ်ယူလိုက်ကြလေသည်။ အခြားသော နေရာကောင်းများကိုမူ မည်သူမျှ ရောင်းချလိုခြင်း မရှိကြပေ။ ဤနေရာသည်ကား လူသူကင်းမဲ့သော လမ်းကြားလေးဖြစ်ပြီး အလွန်တရာ တိတ်ဆိတ်ခြောက်သွေ့လှ၏။ သို့သော် ပတ်ဝန်းကျင် ရှုခင်းမှာမူ ရှင်းလင်းလှပနေပေသည်။ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ အနည်းငယ်မျှသာ ဝင်ထွက်သွားလာလေ့ ရှိကြ၏။

ချန်ရွှင်သည် ဆိုင်အပြင်ဘက်၌ ကြိုးကြာဖြူသစ်ပင် နှစ်ပင်ကို စိုက်ပျိုးလိုက်လေသည်။ နွားနက်ကြီးမူကား နောက်ဖေးခြံဝင်းအတွင်း၌ ဝယ်ယူထားသော အစီအရင်ကျမ်းစာများကို လေ့လာလိုက်စားနေတတ်သည်။ ချန်ရွှင်လည်း လှုပ်ကုလားထိုင်တစ်ခုကို ပြုလုပ်ကာ တံခါးစောင့်အဖြစ် နေထိုင်လေသည်။ သူသည် နေပူစာလှုံရင်း အဆောင်စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ဖတ်ရှုနေလေ့ ရှိပေသည်။

၎င်းတို့သည် ကုန်ပစ္စည်းအမြောက်အမြားကိုလည်း ဖြည့်ဆည်းထားကြရာ ယင်းတို့အထဲတွင် ဝိညာဉ်သားရဲအသားများ၊ စက္ကူဝါများနှင့် စုတ်တံများ ပါဝင်ကြလေသည်။ သူသည် ဆိုင်ဖွင့်ထားခြင်းဖြစ်ရာ အခြားသူများ ရောင်းချသော ဈေးနှုန်းထက် များစွာသက်သာလျော့နည်းလေ၏။ သို့သော် ဆိုင်အတွင်းရှိ ပစ္စည်းများသည်ကား လက်ရာကြမ်းတမ်းလှပြီး လက်ရာမြောက်သော ပစ္စည်းဟူ၍ မရှိသလောက်ပင် ရှားပါးလှပေသည်။

ထို့ကြောင့် လာရောက်ဝယ်ယူကြသော ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများပင်လျှင် ခေါင်းခါ၍ ထွက်ခွာသွားတတ်ကြလေသည်။ ချန်ရွှင်သည် အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းခန့်သာ စွမ်းအားကို ထုတ်ဖော်ပြသထားရာ မည်သူတစ်ဦးတစ်ယောက်မျှ သတိထားမိခြင်း မရှိကြပေ။ ဆိုင်ဖွင့်လှစ်သည်မှာ နေ့ဝက်မျှသာ ရှိသေးသော်လည်း ချန်ရွှင်သည် စိတ်ပျက်အားလျော့နေပြီ ဖြစ်သည်။ သူ၏ လက်ရာမကောင်းမွန်သောကြောင့် ပစ္စည်းရောင်းချရခြင်း မရှိပေ။ သူသည် ထပ်မံ ကြိုးစားလေ့ကျင့်ရဦးမည် ဖြစ်ပေသည်။

နောက်ထပ် နှစ်ပေါင်း (၅၀) ခန့် ကြာမြင့်သွားခဲ့ပြန်လေသည်။ ရာသီစက်ဝန်း လည်ပတ်ကာ နောက်ထပ် နွေဦးကာလတစ်ခုသို့ ရောက်ရှိလာပြန်ချေပြီ။

ယွီရွှပ်မြို့သည်လည်း စည်ကားသိုက်မြိုက်လာကာ နေရာအနှံ့၌ ကျင့်ကြံသူများ သွားလာလှုပ်ရှားနေကြသည်။ ကျဉ်းမြောင်းသော လမ်းကြားထဲ၌ပင် လူသွားလူလာ စည်ကားများပြားနေ၏။ ချန်ရွှင်သည် ထိုလူအများကို ကြည့်ရှုရင်း ပြုံးရွှင်နေလေသည်။ သူသည် လှုပ်ကုလားထိုင်ပေါ်၌သာ သက်တောင့်သက်သာ လှဲလျောင်းနေဆဲပင် ဖြစ်ပေသည်။

သို့သော် ဤနေရာရှိ အရောင်းအဝယ်မှာမူ ပါးလျနေဆဲ ဖြစ်သည်။ ရောင်းကုန်ပစ္စည်းများမှာ အဆင့်နိမ့်လွန်းလှသကဲ့သို့ တည်နေရာသည်လည်း လူသူအရောက်အပေါက် နည်းပါးလှပေသည်။ ချန်ရွှင်သည် ကောင်းကင်ကို မော့ကြည့်ရင်း သက်ပြင်းဖွဖွ ချလိုက်မိသည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာဆီက ဖန်နင်းမြို့တွင် သံထည်လုပ်ငန်း လုပ်ကိုင်ခဲ့စဉ်က အချိန်ကာလများကို သတိရတမ်းတမိလေသည်။ ယခင်က သူသည် သံထည်ဆိုင် ပိုင်ရှင်တစ်ဦး ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။

"ဘာလိုလိုနဲ့... နှစ်တွေ ဒီလောက်တောင် ကြာသွားပြီပဲ"

ချန်ရွှင်သည် ပြုံးလိုက်၏။

"ဘကြီးစွန်း... ကျွန်တော်နဲ့ နွားကြီး ကျင့်ကြံခြင်းလောကမှာ ဆိုင်ဖွင့်နေပြီ..."

လေပြေလေညှင်းများ တိုက်ခတ်လာမှုကြောင့် သူ၏ စိတ်နှလုံးသည် ကြည်လင်လန်းဆန်း သွားသည်။ အနီးအပါးရှိ ကြိုးကြာဖြူသစ်ပင် နှစ်ပင်ဆီမှ သာယာနာပျော်ဖွယ်ကောင်းသော သစ်ရွက်လှုပ်ခတ်သံများ ထွက်ပေါ်လာလေ၏။ နေရာအနှံ့အပြား၌ သက်ရှိသတ္တဝါများ ရှင်သန်လှုပ်ရှားနေကြသော ပုံရိပ်များ ထင်ဟပ်နေကြ၏။ ရှုခင်းများသည် ဖြစ်စေ၊ ကျင့်ကြံသူများသည် ဖြစ်စေ အားလုံးသည် သက်ဝင်လှုပ်ရှား နေကြပေသည်။

သဘာဝတရား ပြန်လည်နိုးထလာခြင်းသည် သဘာဝ၏ အံ့ဖွယ်ရာတစ်ခုဟု လူအများက တင်စားခေါ်ဝေါ်ကြသော်ငြားလည်း ချန်ရွှင်နှင့် နွားနက်ကြီးတို့မှာမူ ထိုအံ့ဖွယ်ရာဟူသည်ကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသကဲ့သို့ ရှိနေကြသည်။ အကြောင်းရင်းကား ထိုသို့ ပေါ်ပေါက်ခဲ့ဖူးသော အံ့ဖွယ်ရာများသည် ထာဝရအသက်ရှည်သူများ၏ ရှေ့မှောက်တွင် ပြောပလောက်ဖွယ်ရာ မဟုတ်တော့သောကြောင့် ဖြစ်တန်ရာသည်။

သစ်ရွက်စိမ်း တစ်ရွက်သည် ချန်ရွှင်၏ မျက်နှာထက်သို့ တိုးတိတ်စွာ ကြွေကျလာ၏။ သူသည် ပြုံးရွှင်နေဆဲပင် ဖြစ်သည်။ လက်ထဲမှ စာအုပ်ကို ရင်ဘတ်ပေါ် တင်ထားလျက် မျက်ဝန်းအစုံကို ဖြည်းညှင်းစွာ မှိတ်လိုက်လေသည်။ ပြာလဲ့သော ကောင်းကင်၊ ဖြူလွသော တိမ်များ၊ နေဝင်ဆည်းဆာနှင့် နေရောင်ခြည်တို့သည်လည်း သာယာလှပနေကြ၏။ အရာခပ်သိမ်းသည် ဤအတိုင်းပင် တည်ရှိနေကြပေသည်။

ချန်ရွှင်သည် အတိတ်ကာလကို ပြန်လည် တွေးတောဆင်ခြင်နေသကဲ့သို့ ရှိနေသည်။ ဤမျှ ရှည်လျားသော နှစ်ပေါင်းများစွာကို ဖြတ်သန်းလာခဲ့ရာ၌ ဆိုးရွားသော အဖြစ်အပျက်များစွာကို ကြုံတွေ့ခဲ့ရသော်ငြား အားလုံးသည် ကောင်းမွန်ခဲ့သည်ဟု ဆိုရပေမည်။ ထိုပုဂ္ဂိုလ်များ၊ ထိုအကြောင်းအရာများသည် သူ၏ မှတ်ဉာဏ်ထဲ၌ ရှင်းလင်းပြတ်သားစွာ ကိန်းအောင်းနေဆဲပင် ဖြစ်သည်။ မည်သည့်အခါမျှ မေ့ပျောက်သွားလိမ့်မည် မဟုတ်ချေ။

သူ၏ နှုတ်ခမ်းထောင့်စွန်းများသည် မသိမသာ ကွေးညွတ်တက်သွားကာ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

ထိုအချိန်တွင် ချန်ရွှင်သည် ရုတ်တရက် သဘောပေါက် နားလည်လိုက်လေသည်။ သက်ရှိများ၏ လှပမှုဟူသည်မှာ လူတစ်ဦး၏ စိတ်နှလုံးကို လက်ရှိအချိန်၌ လန်းဆန်းကြည်လင်လာစေရန် စွမ်းဆောင်ပေးနိုင်သောကြောင့်ပင် ဖြစ်တန်ရာ၏။ လေပြေညှင်းများ တိုက်ခတ်နေသည်။ ချန်ရွှင်၏ ရင်ဘတ်ပေါ်ရှိ စာအုပ်စာမျက်နှာများသည် လေတိုက်ရာသို့ တဖျပ်ဖျပ် လန်လျှက် ရှိနေ၏။

ထိုစဉ် အလွန်ကျက်သရေရှိကာ လွန်စွာမှ လှပချောမောသော အမျိုးသမီးတစ်ဦးသည် လမ်းဆုံထောင့်၌ ရုတ်တရက် ပေါ်ပေါက်လာလေသည်။ သူမ၏ မျက်နှာသည် အေးစက်တည်ငြိမ်နေပြီး ထိုနေရာ၌ ရပ်တန့်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်ပုံရ၏။ နောက်ဆုံးတွင်မူ ရှည်လျားသော ကာလများကတည်းက တစ်ကြိမ်တစ်ခါမျှ မပြုံးခဲ့ဖူးသကဲ့သို့ ဖြစ်နေသော မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်ပေါက်လာကာ ချန်ရွှင်၏ ဆိုင်ခန်းဆီသို့ တစ်လှမ်းချင်းစီ လျှောက်လှမ်းလာခဲ့လေတော့သည်။

All Chapters