စုံစမ်းမေးမြန်းခြင်း
Vol. 21 Ch. 201
ကလိုင်း က နံရံကို ကျောနဲ့ ကပ်ပြီး မလှုပ်မရှားဘဲ ရပ်နေခဲ့တယ်။ သူ့အရှေ့မှာတော့ အလင်းရောင်မရှိတဲ့ လျှောက်လမ်းကြီး နဲ့ အမှောင်ထုကြီးပဲ ရှိနေတယ်။ သူ က အသက်ရှုသံကို ထိန်းထားပြီး အခန်းထဲက အသံကို နားထောင်နေရင်း သူ့စိတ်ထဲမှာ စိုးရိမ်မှုတွေ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာတယ်။
*"ကပ္ပတိန် က ဘာလုပ်နေတာလဲ…သူဘာဖြစ်နေတာလဲ…သူ လူသွေး တွေသောက်နေတာလား…
ဒါက စိတ်လွတ်နိုင်တဲ့ လက္ခဏာအစလား…"*
သူ့အတွေးတွေဟာ အစီအစဉ်တကျမရှိဘဲ ပေါက်ကွဲ ပြန့်ကျဲနေပြီး ကလိုင်း ရဲ့ ဦးနှောက်က သေချာစဉ်းစားနိုင်တဲ့ အခြေအနေမှာ မရှိတော့ပေ။
စက္ကန့် ၂၀ နီးပါးလောက် ကြာပြီးတဲ့ နောက် ကလိုင်း က သွားကို ခပ်တင်းတင်းစိလိုက်တယ်။ လူရွှင်တော် တစ်ယောက်ရဲ့ ခန္ဓာကိုယ် ကို ထိန်းချုပ် စေစားနိုင်စွမ်းကို အသုံးချပြီး အသံမထွက်ဘဲ လှေကား အောက်ကို တိတ်တိတ်လေး ဆင်းသွားလိုက်တယ်။
အဲ့ဒီနောက် သူက တမင်တကာ ခြေသံကို ပိုကျယ်ပြီးအသံမြည်အောင် နင်းကာ လှေကားကနေ တက်လာခဲ့ပြီး မဒမ် ရှယ်ရွန် ရဲ့ အိပ်ခန်းတံခါးဘက်ကို လမ်းလျှောက်လာခဲ့တယ်။ သူ အိပ်ခန်းထဲကို ကြည့်လိုက်တော့ ဒန်းစမစ် က ချိတ်ပိတ်လက်နက် 3-0271 ကို အနက်ရောင်အဝတ်နဲ့ ဖုံးနေတာကို တွေ့လိုက်ရတယ်။ သူ့မျက်နှာအမူအရာက လေးနက် ပေမယ့် ကြည်လင် နေတယ်။ သူ့မျက်နှာပေါ်မှာ သွေးစက် တစ်စက်မှ တောင် မရှိတော့ဘူး။ ကလိုင်း ခုနလေးတင် မြင်ခဲ့လိုက်ရတာ တွေက အမှန်တကယ် မဟုတ်ဘဲ အမြင်မှားသလို ထင်ရစေတယ်။ကလိုင်းက ဘေးကို ကြည့်လိုက်တော့ ကန်လေ ရဲ့ ခန္ဓာကိုယ်မှာလည်း ထူးခြားတာ ဘာမှ ရှိမနေပေ။ ခုနတုန်းကလိုပဲ ဘာပြောင်းလဲမှုမှ မရှိပေ။ ကလိုင်း က အသက်တစ်ချက် ရှူသွင်းလိုက်ပြီး ကပ္ပတိန် ကို မေးလိုက်တယ်—
“ကပ္ပတိန်… အောက်ထပ်က အစေခံတွေ နှစ်နှစ် ခြိုက်ခြိုက် တကယ် အိပ်နေသေးလားဆိုတာကို ကျွန်တော် ဘယ်လို စမ်းရမလဲ။ စိတ်ဝိညာဉ် အမြင် တစ်ခုတည်းနဲ့တော့ တိတိကျကျ ဆုံးဖြတ်လို့ မရ လောက်ဘူး။ သူတို့ မက်နေတဲ့ အိမ်မက်တွေက သူတို့ရဲ့ ကိုယ်ရောင်ကိုယ်ဝါမှာ ထင်ဟပ်နေမှာမလို့ သူတို့မှာ စိတ်ခံစားချက် တုံ့ပြန်မှု ပေါင်းစုံ ရှိနေနိုင်တယ်။"
ဒန်း စမစ် က နတ်ကတော် ကြေးမုံ ကို လက်ထဲမှာ ကိုင်ထားပြီး စက္ကန့်ပိုင်းလောက် အသံတိတ်သွားတယ်။ ပြီးတော့မှ သူက ခြောက်ကပ်ကပ် အသံနဲ့ ပြောလိုက်တယ်—
“တောင်းပန်ပါတယ်…ငါ ဒီအချက်ကို မေ့သွားတယ်။ ဒီညမှာ ငါ အမှားတွေ အများကြီး လုပ်ခဲ့မိတယ်။
မင်း သွား စစ်စရာ မလိုတော့ဘူး။ ငါ ကိုယ်တိုင် အတည်ပြုလိုက်မယ်။”
သူက လက်ကို မြှောက်ပြီး မျက်ခုံး နှစ်ခုကြားကို ဖိလိုက်တယ်။ သူ မျက်လုံးမှိတ်လိုက်ချိန်မှာ ပုံ ဖော်လို့မရတဲ့ လှိုင်းလေးတွေက ပထမထပ်အောက်ကို ဖြန့်ကျက်သွားတယ်။အိမ်မက်ဆိုး တစ်ယောက် အတွက်ဆိုရင် ဘယ်သူက အိပ်နေသလဲ၊ ဘယ်သူက နိုးနေသလဲ ဆိုတာကို ချက်ချင်း သိနိုင်တယ်။ အဲဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အချိန် ကလိုင်း ရဲ့ ခန္ဓာကိုယ်က ရပ်တန့်သွားတယ်။ ကလိုင်းက မျက်လွှာချပြီး နှုတ်ခမ်းအတွင်းသား တွေကို တင်းတင်း စေ့ကာကိုက်ထားလိုက်တယ်။*" ကပ္ပတိန်… အခုနကကျွန်တော့်ကို တမင် ပ ထုတ်ခဲ့တာလား…ခင်ဗျား ဘာလုပ်နေတာလဲ…ကိုယ်လုပ်နေတာကို ကိုယ်တိုင်သိရဲ့လား…"*
သူက ရုတ်တရက် ပြတင်းပေါက်ဘက်ကို လှည့်ကြည့်လိုက်တယ်။ အပြင်မှာတော့ သွေးရောင်လ က ကောင်းကင်ပေါ်မှာ ချိတ်ဆွဲထားသလို တည်ငြိမ်စွာ ထွန်းလင်း နေတယ်။ နှစ်ပေါင်းထောင်ချီကနေ အခုအချိန်အထိ လမင်းကြီးက ပြောင်းလဲမှု မရှိသလို ထွန်းလင်းနေတယ်။ ကလိုင်းက သူ့စိတ်ကို ပြန်လည် ထိန်း လိုက်ပြီး တားရော့ကတ် တွေ၊ ခြောက်လုံးပြူး သေနတ် ၊ ဦးထုပ် နဲ့ အခြားပစ္စည်းတွေကို လိုက်သိမ်း သလိုလိုလုပ်ကာ ကန်လေ နဲ့ မဒမ် ရှယ်ရွန် ရဲ့ အလောင်းတွေ နားကိုကပ်ပြီး သေချာ စစ်ဆေးကြည့်လိုက်တယ်။
သူတို့ရဲ့ အခြေအနေက ခုနကလိုပဲ ဘာမပြောင်းလဲပေ။ ဒါပေမဲ့ အလောင်းတွေရဲ့ အရေပြားက အလွန်မြန်မြန်ဆန်ဆန် ဖြူဖျော့လာပြီး ခန္ဓာကိုယ်ပေါ်မှာ အပြာရောင်၊ အနက်ရောင် အမှတ်အသားတွေ ပေါ်လာကြတယ်။
*"တစ်ခုခုက နည်းနည်း ထူးဆန်း နေတယ်…အလောင်းတွေဆီကနေ တစ်ခုခု ပျောက်သွားတယ်လို့ ငါ ခံစားနေရတယ်…တိတိကျကျ မဟုတ်ပေမဲ့သူတို့အထဲက တစ်စုံတစ်ရာက ပျောက်သွားသလို…ခံစားချက်မျိုးရနေတယ် "*
ကလိုင်း က တစ်ယောက်တည်းခပ်တိုးတိုး ရေရွတ်ရင်း ပြောလိုက်တယ်။ ကွဲသွားတဲ့ ပြတင်းပေါက်ကနေ ဝင်လာတဲ့ အေးစက်စက် ညလေကြောင့် သူ့ဆံပင်တွေ ထောင်သွားတယ်။အဲဒီအချိန်မှာ ဒန်း က မျက်လုံးဖွင့်လာပြီး အသံသြသြနဲ့ ပြောလိုက်တယ်—
“အစေခံတွေ အားလုံး အိပ်နေသေးတယ်။ ဒါပေမဲ့ တချို့ကတော့ နိုးလာတော့မယ့်”
“အင်း… ကောင်းပါတယ်… ကောင်းပါတယ်…”
ကလိုင်း က ကပ္ပတိန် ဘာပြောလိုက်မှန်း မသိပဲ ကောင်းပါတယ်လို့သာ သံယောင် လိုက် လိုက်တယ်။ဒန်း က ပတ်ဝန်းကျင်ကို ကြည့်ပြီး ဆက်ပြောလိုက်တယ်—
“အခန်းကို သန့်ရှင်းရေးလုပ်လိုက်၊ ပြီးရင် အနီးဆုံး ရဲစခန်းက လူတွေကို သွားခေါ်။ နောက်ပြီး ဇိုးတလန်း လမ်း ကို ပြန်သွားပြီး ဖရိုင်း ကို ခေါ်လာခဲ့။”
ကလိုင်း က ကပ္ပတိန် ကို အဓိပ္ပါယ်ပါပါကြည့် လိုက်ပြီး သွားကို တင်းတင်း စေ့ကာ ခေါင်းညိတ်လိုက်တယ်—
“ကောင်းပါပြီ…”
ဒန်း ရဲ့ အကူအညီနဲ့ ကလိုင်း က အခန်းကို မြန်မြန် သန့်ရှင်းရေးလုပ်ပြီး မဒမ် ရှယ်ရွန် ရဲ့ အိမ်ရှေ့တံခါးကနေ ထွက်လာခဲ့လိုက်တယ်။ဥယျာဉ်ကို ဖြတ်ပြီး အပြင်ကို ထွက်လာတဲ့အခါ ကလိုင်း က မရည်ရွယ်ဘဲ နောက်ကို ပြန်လှည့်ကြည့်လိုက်တယ်။ သူမြင်ရတာကတော့ မီးအလင်းရောင် တစ်စက်မှ မရှိတဲ့ အမှောင်ထဲမှာ တိတ်ဆိတ်နေတဲ့ အိမ်ကြီးပဲ ဖြစ်တယ်။ ။
သူ နောက်ပြန်လှည့်ပြီး စိတ်လေးလံစွာနဲ့ လမ်းဆက်လျှောက်သွားလိုက်တယ်။ ညသိမ်းဌက် တစ်ယောက် အနေနဲ့ သိထားရမယ့် အချက်အလက် တွေထဲက တစ်ခုကတော့ ထင်းဂန်မြို့က ရဲစခန်းတွေရဲ့ တည်နေရာဖြစ်ပါတယ်။ ကလိုင်းဟာ လွယ်လွယ်ကူကူပဲ အနီးဆုံး ရဲစခန်းကို ရှာတွေ့သွားပါတယ်။
ခေါက်… ခေါက်… ခေါက်…
ကလိုင်း က ရဲစခန်းသံတံခါးကို ခေါက်လိုက်တယ်။ခဏကြာတော့ မီးအိမ် တစ်ခုကို ကိုင်ထားတဲ့ တာဝန်ကျ ရဲအရာရှိ တစ်ယောက်က စခန်း ခြံဝင်းကို ဖြတ်ပြီး တံခါး လာဖွင့်ပေးတယ်။ သူက ကလိုင်း ကို သံသယရှိစွာ အကဲခတ်လိုက်တယ်။
“ဘာကိစ္စလဲ?”
ကလိုင်း က မျက်နှာအမူအရာ တောင် ဟန်မလုပ်နိုင် တော့ ဘဲ စာရွက်စာတမ်းတွေကို ထုတ်ပြပြီး ပြောလိုက်တယ်—
"အော့စနာ လမ်း အမှတ် ၁၅ မှာ အရေးကြီး လူသတ်မှုတစ်ခု ဖြစ်သွားတယ်။ အရာရှိတွေကို ချက်ချင်း ခေါ်ပြီး အခင်းဖြစ်တဲ့နေရာကို ကူညီဖို့ သွားပါ!”
ရဲအရာရှိက မီးအိမ် ကို မြှောက်ပြီး စာရွက်စာတမ်းတွေကို သေချာစစ်ကြည့်လိုက်တယ်။စစ်ပြီးတာနဲ့ သူက ခြေထောက်ကို ပူးကပ်ပြီး အလေးပြုလိုက်တယ်—
“ဟုတ်ကဲ့ပါ ဆရာ!”
စခန်းကို အကြောင်းကြားပြီတာနဲ့ ကလိုင်း က မြင်းလှည်းဌားပြီး ဇိုးတလန်း လမ်း ကို ပြန်လာခဲ့လိုက်တယ်။လမ်းမှာ မှောင်မဲနေတဲ့လှည်းထဲ ထိုင်နေချိန် ကလိုင်း ရဲ့ စိတ်တွေက အလွန်ရှုပ်ထွေးနေပြီး အာရုံတွေ မစုနိုင်တော့ပေ။
*"ကန်လေက သေသွားပြီ…မကြာသေးခင်ကပဲ သူက လက်ထပ်ဖို့ စေ့စပ်ထားတာ…မိဘတွေကလည်း သက်ရှိထင်ရှားရှိနေသေးတယ်…ကပ္ပတိန် က ခုနက ဘာလုပ်နေတာလဲ…သူက လတ်လတ်ဆတ်ဆတ် သွေးကို သောက်ချင်နေတာလား ဒါမှမဟုတ် တခြား ရည်ရွယ်ချက် တစ်ခုခု ရှိနေတာလား…သူက ခါတိုင်းလို မေ့တတ်နေတုန်းပဲ။ သူ့မှာ ထင်ရှားတဲ့ တိုးတက်မှု မရှိ သေးဘူး။ဒါဆို ရင် သူက စိတ်လွတ်မယ့် လက္ခဏာတွေ မပြ သေးဘူးဆိုတဲ့ အဓိပ္ပါယ်လား…?ဒါပေမဲ့ သူက ဆုံမှတ် အဆင့် တက်ဖို့ သုံးရတဲ့ “သရုပ် ဆောင်ခြင်းနည်းလမ်း” ကို သိထားတာ တော်တော်ကြာ နေပြီ။သူ့ မှတ်ဉာဏ် တွေ ပြန်ကောင်းမလာသေးတာက ပြဿနာ တစ်ခုခုရှိနေတာကြောင့်လား…မဟုတ်ဘူး!ကပ္ပတိန် က အိမ်မက်ဆိုး တစ်ခု အဖြစ် သရုပ်ဆောင်ဖို့ နည်းလမ်းကို သေချာ မတွေ့သေးတာပဲ ဖြစ်ရမယ်!"*
…
*"ကန်လေ သေသွားရတဲ့ အဓိက အချက်က ချိတ်ပိတ် လက်နက် 3-0271 ကြောင့် ပဲ…အဲဒီလက်နက်ကို ပေးခဲ့တာ ကပ္ပတိန် ကိုယ်တိုင် ပဲ…ငါ ဘာတွေ စဉ်းစားမိနေတာလဲ!အဲဒီအချိန်တုန်းက ချိတ်ပိတ်လက်နက်ကို သုံးဖို့ ဆုံးဖြတ်ချက် ချခဲ့တာက လုံးဝ ယုတ္တိတန်တယ်"*
…
"*ချိတ်ပိတ် လက်နက် 3-0271 ကို သုံးဖို့ အကြံပေးခဲ့တာကလည်း ကပ္ပတိန် ပဲလေ…စိတ်အေးအေးထားရမယ်....စိတ်အေးအေးထားရမယ် ငါက အခြေအမြစ် မရှိတဲ့ ခန့်မှန်းချက်တွေ မထုတ်သင့်ဘူး "*
*"ဒါပေမဲ့ ဒီအတိုင်း လျစ်လျူရှုထားလို့လည်း မရပြန်ဘူး။မဟုတ်ရင် အခြေအနေက ပိုဆိုးလာနိုင်တယ်!"*
နောက်မှ မဒမ် ဒေလီ ကို စာတစ်စောင်လှမ်း ပို့မယ်။ ကပ္ပတိန်ရဲ့ အခြေအနေက ဘယ်လိုဖြစ် နေတာလဲဆိုတာ သူမ သိနိုင်မလား မေးကြည့်ရမယ်။
သူမက တိတိကျကျ မသိရင်တောင် အန္တရာယ် ရှိနေနိုင်တယ်ဆိုရင် မြင့်မြတ်သော ဘုရားကျောင်းတော် ကို သတင်းပို့နိုင်မှာ သေချာတယ်…
ဒီလိုနည်းနဲ့ ပြဿနာကို အစပိုင်းအဆင့်မှာပဲ ဖြေရှင်းပြီး ကပ္ပတိန် ကို ပုံမှန် အခြေအနေ ပြန်ရောက် အောင်လုပ်ရမယ်! "*
…
*"မဟုတ်သေးဘူး…ကပ္ပတိန်က ဘာမှဖြစ်မနေတာလည်း ဖြစ်နိုင်တယ်။ငါ နားလည်မှုလွဲတာလည်း ဖြစ် နေနိုင်တယ်။မဒမ် ဒေလီ ဘာပြန်ပြောမလဲဆိုတာ စောင့်ကြည့်ရမယ်…"*
ကလိုင်းစီးလာတဲ့ လှည်းက ဇိုးတလန်း လမ်း နံပါတ် ၃၆ ကို ရောက်လာအချိန်မှာ သူက ဆုံးဖြတ်ချက်တစ်ခုကို အပြီးသတ် ဆုံးဖြတ် ပြီးသားဖြစ်နေပါပြီ။ သူ့အခြေအနေက အစတုန်းကလို စိတ်လှုပ်ရှားကာ နာကျင် နေပြီး ဘာလုပ်ရမှန်း မသိတဲ့အခြေအနေ မဟုတ်တော့ပါဘူး။ ကလိုင်းဟာ ခြေလှမ်းတွေကို လေးလံစွာ လှမ်းရင်း ဆူးနက် လုံခြုံရေး ကုမ္ပဏီ ရဲ့ ဝင်ပေါက်ကို လှေကား ကနေ တက်သွားခဲ့ပါတယ်။ သူ့အိတ်ကပ်ထဲကနေ သော့ကို ထုတ်ယူပြီး တံခါးကို ဖွင့်လိုက်ပါတယ်။ ကုမ္ပဏီအတွင်းက သူအကျွမ်းတဝင် ရှိနေတဲ့ ပတ်ဝန်းကျင်ကို မြင်လိုက်ရ တော့ သူ့စိတ်ဟာ အရင်ကထက် တော်တော်လေး တည်ငြိမ်လာခဲ့ပါတယ်။ ဒီနေရာက အရင်တုန်းကဆိုရင် အခက်အခဲ တစ်ခုခု ဖြစ်တိုင်း ကပ္ပတိန် ဆီကို သွားပြီး အကူအညီ တောင်းခဲ့တဲ့ အချိန်တွေကို ပြန်လည်အမှတ်ရစေပါတယ်။ သူက အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ကုမ္ပဏီထဲက အနားယူခန်းဘက်ကို လျှောက်သွားလိုက်ပါတယ်။ အဲဒီမှာ ဖရိုင်း က ဂတ်စ်မီး ရောင်အောက်မှာ တစ်ယောက်တည်း စာထိုင်ဖတ်နေတာကို မြင်လိုက်ရပါတယ်။
ဖရိုင်းက ကလိုင်းဘက်ကို လှည့်ကြည့်လိုက်ပြီး သူ့ရဲ့ အေးစက်စက် မျက်နှာပေါ်မှာ စိုးရိမ်မှုနဲ့ ပူပန်မှုတွေ ပေါ်လာခဲ့ပါတယ်။
“ဘာလို ဖြစ်ခဲ့တာလဲ။ ကပ္ပတိန်နဲ့ ကန်လေ ဘယ်မှာလဲ”
လို့ ဖရိုင်းက မေးလိုက်ပါတယ်။ကလိုင်းက အသံခြောက်အက်အက်နဲ့
“ကန်လေ သေသွားပြီ။ သူက မဒမ် ရှယ်ရွန်ရဲ့ လက်ချက်နဲ့ သေသွားတာ။ ငါတို့က မစ်ရှင်မှာ ဆုံးဖြတ်ချက်အမှားတွေ လုပ်ခဲ့မိတယ်… ကပ္ပတိန်က အခု အခင်းဖြစ်တဲ့နေရာမှာ စောင့်နေတယ်။ သူ့ကို ကူညီဖို့ မင်းကိုလာ ခေါ်တာ ”လို့ ပြန်ဖြေလိုက်တယ်။
မစ်ရှင်မထွက်ခင်က ကပ္ပတိန်ဟာ အခြေအနေရပ်ရပ်ကို ဖရိုင်းကို ပြောပြထားပြီးသား ဖြစ်ပါတယ်။ နှစ်နာရီအတွင်းသူတို့ ပြန်မလာနိုင်ခဲ့ရင် မြင့်မြတ်သော ဘုရားကျောင်းတော် ကိုကြေးနန်း ပို့ဖို့ ညွှန်ကြားထားခဲ့တာ ဖြစ်ပါတယ်။ အဲ့တာအပြင် ညတုန်းက ချိတ်ပိတ် လက်နက် 3-0271 ကို အသုံးပြုခွင့် တောင်းခံရပြီး ချန်နစ်စ် တံခါး ထဲ ဝင်လိုက်ရတဲ့အတွက် အဲဒီတံခါးကို စောင့်ဖို့ အလှည့်ကျ ရွိုင်ယယ် ကိုလည်း မစ်ရှင်အကြောင်း အသိပေးထားခဲ့ပါတယ်။
ညသိမ်းငှက်များ ရဲ့ အတွင်း စည်းမျဉ်းအရ ကပ္ပတိန်တစ်ဦးဟာ ညအချိန်မှာဆိုရင် သူမရှိတုန်း တခြားလူ တွေကို ချန်နစ်စ် တံခါးကို ဖွင့်ခွင့် ပေးလို့ရပါတယ်။ ဒါပေမယ့် ကပ္ပတိန် ကိုယ်တိုင် ရှိနေရင်တော့ အဲဒီတံခါးထဲကို ဝင်နိုင်တဲ့သူဟာ ကပ္ပတိန်တစ်ယောက်တည်းသာ ဖြစ်ပါတယ်။ "*
ဖရိုင်းဟာ ခဏတာ တိတ်ဆိတ်သွားပြီး သက်ပြင်းချလိုက်တယ်။ သူက သူ့ရင်ဘတ်ပေါ်မှာ သွေးရောင် လ ကို ရေးဆွဲလိုက်ပါတယ်။
ထို့နောက် အင်္ကျီနဲ့ ဦးထုပ်ကို ဆောင်းပြီး တံခါးဘက်ကို ထွက်သွားလိုက်တယ်။ သူက ကလိုင်းဘေးက နေလမ်းလျှောက်ဖြတ်သွားချိန်မှာ ဖရိုင်းက အသံတိုးတိုးနဲ့ ရုတ်တရက် ပြောလိုက်တယ်။
“ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ အမှားလုပ်မိတယ်ဆိုတာက ငါတို့ မလွဲမသွေ ကြုံရနိုင်တဲ့ အရာမျိုးပါ။ အရေးကြီးတာက ကိုယ့် လုပ်ဖော်ကိုင်ဖက်တွေကို အမြဲ တမ်း ယုံကြည်ထားဖို့ပါပဲ”
“ဟုတ်ပါတယ်…”
လို့ ကလိုင်းက ပြန်ဖြေပြီး မျက်လုံးကို မှိတ်လိုက်တယ်။ သူ့မြင်ကွင်းက မရှင်းမလင်းဖြစ်ကာ ဝေဝါးသွားပါတယ်။
ကလိုင်းနဲ့ ဖရိုင်းဟာ ပထမဆုံး အောက်ထပ်ကို ဆင်းပြီး ရွိုင်ယယ် ကို အကြောင်းကြားခဲ့ပါတယ်။ ထို့နောက် ဆူးနက် လုံခြုံရေး ကုမ္ပဏီ ရဲ့ တံခါးကို သော့ခတ်လိုက်ပြီး မဒမ် ရှယ်ရွန်ရဲ့ အိမ်ဘက်ကို အလျင်အမြန် သွားခဲ့ကြတယ်။
ဆူးနက် လုံခြုံရေး ကုမ္ပဏီ ကို ကန်လေရဲ့ အလောင်းနဲ့ မဒမ် ရှယ်ရွန်ရဲ့ ခေါင်းတခြမ်းပွင့်နေတဲ့ ခန္ဓာကိုယ် တွေကို ပြန်ပို့လာချိန်မှာ မိုး တောင် လင်းခါနီးနေပါပြီ။
ဒန်း စမစ် က အလောင်းထားတဲ့ အခန်းအရှေ့မှာ တိတ်ဆိတ်စွာနဲ့ အခန်းအတွင်းကို ကြည့်လိုက်ပါတယ်။ ခဏကြာပြီးမှ သူက ကလိုင်းဘက်ကို လှည့်ကြည့်ပြီး
“မင်း အရင်ဆုံး အိမ်ပြန်နားလိုက်။ အခုလေးတင်ပဲ ပြင်းထန်တဲ့ တိုက်ပွဲကို ကြုံထားတာမလို့ မင်းလည်း ပင်ပန်းနေမှာပဲ”
လို့ ပြောလိုက်ပါတယ်။
“ကောင်းပါပြီ”လို့ ကလိုင်းက ငြင်းဆန်ခြင်းမရှိဘဲ ဖြေလိုက်ပါတယ်။
သူက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ကပ္ပတိန် ကို တချက် အကဲခတ်ကြည့်လိုက်ကာ စကားမပြောဘဲ ဆူးနက် လုံခြုံရေး ကုမ္ပဏီ ထဲကနေ ထွက်သွားလိုက်ပါတယ်။ ထို့နောက် ဒက်ဖိုဒီး လမ်း ကို လှည်းဌားပြီး ပြန်သွားလိုက်ပါတယ်။ခါတိုင်းလိုပဲ သူဟာ ကိုယ့်အခန်းထဲကို ဝင်ပြီး တံခါးကို သော့ခတ်လိုက်ပါတယ်။
အခမ်းအနား စီရင်တဲ့ ငွေရောင် ဓား ကို ဆွဲ ထုတ်လိုက်ပြီး စိတ်ဝိညာဉ် ဖြင့် အခန်းကို ချိတ်ပိတ်ထားလိုက်ကာ စားပွဲရှေ့မှာ ထိုင်ပြီး အရေးတကြီး စာ တစ်စောင်ကို ချရေးလိုက်တယ်။
“ချစ်လှစွာသော မဒမ် ဒေလီ၊
မကြာသေးခင်က ကပ္ပတိန်က ထူးဆန်း နေတယ် လို့ကျွန် တော် ထင်နေတယ်။ မစ်ရှင်တစ်ခုမှာ သူဟာ ခိုးပြီး…”
ဒီနေရာမှာ ကလိုင်းရဲ့ စိတ်က ရုတ်တရက် ဗလာဖြစ်သွားပါတယ်။ ဆက်ပြီး ဘာရေးရမလဲ၊ ကပ္ပတိန်ရဲ့ ကိစ္စကို ဘယ်လို ရေးပြရမလဲ ဆိုတာကို မသိတော့ပါဘူး။
ပါ!
သူက ဘောပင်ကို ပစ်ချလိုက်ပြီး စာရွက်ကို လက်နဲ့ ဖြဲကာ လုံး ချေလိုက်ပါတယ်။ လုံးချေလိုက်တဲ့ စာရွက်ကို ကြည့်ပြီး ကလိုင်းက စားပွဲကို ပြင်းပြင်းထန်ထန် ထုလိုက်တယ်။ အသံက အခန်းတစ်ခန်းလုံးကို ပြန့်သွားတယ်။ ကလိုင်းက မျက်လုံး တွေမှိတ်လိုက်ပြီး လက်နှစ်ဖက်နဲ့ မျက်နှာကို အုပ်ကာ ကျောက်ရုပ်လို မလှုပ်မယက် ထိုင်နေ လိုက်တယ်။
ငါးမိနစ်လောက် ကြာတဲ့အခါ သူက သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။ သူက ညာလက်ကို ချလိုက်ပြီး လုံးထားတဲ့ စာရွက်ကို စိတ်ဝိညာဉ် စွမ်းအားနဲ့ မီးရှို့လိုက်တယ်။ စာရွက်ကနေ မီးခိုးပြာတွေ ပြောင်းဖြစ်သွားပြီး အမှိုက်ပုံးထဲ ကျသွားတာကို သူက တိတ်ဆိတ်စွာ ကြည့်နေ လိုက်တယ်။
သူက သူ့အတွေးတွေကို ပြန်လည် စုစည်းပြီးတဲ့နောက် စာရွက်အသစ်တစ်ရွက်ကို ယူလိုက်ကာ အသစ်ပြန်ရေးလိုက်တယ်။
“ချစ်လှစွာသော မဒမ် ဒေလီ၊
ကျွန်တော်တို့ မစ်ရှင်တစ်ခုကို အောင်မြင်ခဲ့ပြီး ကံမကောင်းစွာနဲ့ ရဲဘော်ရဲဖက်တစ်ဦးကို ဆုံးရှုံးခဲ့ရပါတယ်။ အခြေအနေအသေးစိတ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်…
အဲဒီအချိန်မှာ ကျွန်တော့်ရဲ့ လက်ရှိအဆင့်နဲ့ စိတ်ဝိညာဉ် အမြင် ကိုသာ အားကိုးပြီး အစေခံတွေ အိပ်နေသလား မအိပ် နေသလား ဆိုတာ ကို တိတိကျကျ ဆုံးဖြတ်လို့လည်း မရနိုင်ဘူး။ လူတစ်ယောက်ချင်းစီကို နိမိတ်ဖတ်ဖို့ဆိုတာကလည်း အရမ်းခက်ခဲ နေပါသေးတယ်။ ဒါကြောင့် ကပ္ပတိန့်ဆီကို ပြန်သွားပြီး အကြံဉာဏ် တောင်းဖို့ စဉ်းစားလိုက်ပါတယ်။
အဲဒီအချိန်မှာပဲ မှန်ထဲက နေတဆင့် ကပ္ပတိန်က ကန်လေရဲ့ အလောင်းဘေးမှာ ဒူးထောက်ထားပြီး သူ့ပါးစပ်မှာလည်း သွေးတွေပေကျံ နေတာကို လှမ်း မြင်လိုက်ရပါတယ်"
"ဘာဖြစ်သွားတာလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ကပ္ပတိန်ရဲ့ အခြေအနေက ဘယ်လိုဖြစ်နေလဲ ဆိုတာလည်း မသိပါဘူး။ ဒါကြောင့် မဒမ်ကတော့ အဖြေတစ်ခု ပေးနိုင်ဖို့ ကို မျှော်လင့်ပါတယ်။”
စာကို ပြီးဆုံး အောင်ရေးပြီး ကလိုင်းက စိတ်လေးလံစွာနဲ့ တစ်ခါထပ်ဖတ်ကြည့်ပြီး စာရွက်ကို နှစ်ချက် ခေါက်လိုက်ပါတယ်။
ထို့နောက် ဆင့်ခေါ်ခြင်း အစီအရင်ကိုလုပ်လိုက်ပြီး စိတ်ဝိညာဉ် အမြင် ကို ဖွင့်ကာ မဒမ် ဒေလီရဲ့ စာပို့သမား ကို ခေါ်လိုက်ပါတယ်။
မျက်လုံးလည်း မရှိ၊ နှာခေါင်းလည်း မရှိဘဲ ပါးစပ်တစ်ခုတည်းသာ ပါတဲ့ ထူးဆန်းတဲ့ မျက်နှာနဲ့ စာပို့သမားကို သူက ဆင့် ခေါ်လိုက်ပါတယ်။
အနီရောင် လျှာပေါ်မှာ မညီညာ ဖြစ်နေတဲ့ ချွန်ထက်ထက် သွားတွေ ရှိပြီး လျှာထိပ်မှာ တော့ ဖြူဖျော့နေတဲ့ လက်ချောင်း တွေပေါ်လာတာကို မြင်လိုက်ရပါတယ်။
ကလိုင်းကဘာ စကားမပြောဘဲ စာကိုပေးလိုက်ပါတယ်။
အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားတဲ့အခါ သူက ထိုင်ချလိုက်ပြီး နောက်ထပ် စာတစ်စောင်ကို ဆက်ရေးခဲ့လိုက်တယ်။ ဒီတစ်ခါတော့ မစ္စတာ အက်ဇစ် ကို မေးဖို့ ဖြစ်ပါတယ်။
“… မကြာသေးခင်က မစ်ရှင်တစ်ခုအတွင်းမှာ ကျွန်တော့်အထက်အရာရှိကို ထူးဆန်းတဲ့ အဖြစ်အပျက် တစ်ခု ဖြစ်ခဲ့တယ်။ သူက ကျွန်တော့်ကို တစ်နေရာကို ပ ထုတ် လိုက်ပြီး တခြား သေသွားတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ အလောင်းဘေးမှာ ဒူးထောက် နေခဲ့ပါတယ်။ သူ့ပါးစပ်မှာလည်း အနီ ရောင် သွေးတွေ ပေနေခဲ့တယ်။
မစ္စတာရဲ့ မှတ်ဉာဏ်တွေထဲမှာ ဒီလိုအဖြစ်အပျက်မျိုးကို ကြုံဖူးပါသလား။ ကျွန်တော့်အထက်အရာရှိကို ကူညီနိုင်ဖို့ ကျွန်တော်ဘာလုပ်သင့်လဲ…”