အမြန် စီစဉ်ခြင်း
Vol. 21 Ch. 205
ကလိုင်း က အလိုအလျောက်ပဲ သူ့အိတ်ကပ်ထဲကို လက်လှမ်းလိုက်မိတယ်။ လက်တစ်ဖက်မှာ တောက်လောင်နေသော နေမင်းအဆောင် ကိုကိုင်ထားပြီး၊ နောက်လက်တစ်ဖက်မှာတော့ အေဇစ်ရဲ့ ကြေးဝါ ဝီစီ ကိုကိုင်ထားတယ်။
သူ ချက်ချင်း သတိထားမိသွားတဲ့ နောက်တစ်ခုကနေ ခုနက ခံစားလိုက်ရတဲ့ အေးစက်ပြီး နူးညံ့တဲ့ သာလွန်သူ တုံ့ပြန်မှု ခံစားချက်က အခု မရှိတော့ဘဲ မမြင်နိုင်တဲ့ အင်အားတစ်ခုက အဲ့ဒီ တုံ့ပြန်မှုကို ဖိနှိပ်ထားလိုက်သလို ပျောက်ကွယ်သွားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မီဂူ့စ် ဝင်မလာခင်တုန်းကလိုပဲ ကုမ္ပဏီရဲ့ ဧည့်ခန်းက နွေးနွေး ထွေးထွေး နဲ့ စိတ်အေးချမ်းစေတဲ့ ခံစားချက်ကို ဆက်လက်ပေးနေဆဲ ဖြစ်ပါတယ်။
ဒီလိုအေးချမ်းစေတဲ့ ခံစားချက်ကို အသုံးချပြီး ကလိုင်း က တဝက်တပျက် ဈာန်ဝင်စားခြင်း ကို သူ့ကိုယ်သူ သုံးလိုက်ပြီး စိုးရိမ်မှု ၊ကြောက်ရွံမှုတွေကို ဖြေဖျောက်လိုက်တယ်။ သူက စိတ်ထဲမှာ ရှိနေတဲ့ စိုးရိမ်မှုတွေကို တားဆီးလိုက်ပြီး ဘယ်လိုမျိုး ခံစားချက်တစ်ခုမှ ပေါ်မလာဖို့ ကိုယ့်ကိုယ်ကို ထိန်းချုပ်လိုက်တယ်။
သူက လန်နာ့ဒ်မစ်ချယ်ကို တစ်ချက်ကြည့်လိုက်ပြီး မီဂူ့စ် ဘက်ကို မေးငေါ့ပြလိုက်တယ်။
ပြီးတော့ လူရွှင်တော် (အမြင်ဆရာ လမ်းစဉ် ဆုံမှတ် ၈) ရဲ့ စွမ်းရည် ကို အသုံးပြုပြီး မျက်နှာအမူအရာကို ထိန်းချုပ်လိုက်ကာ မီဂူ့စ်ကို အပြုံးနဲ့ ပြောလိုက်တယ်။
“ကော်ဖီသောက်မလား၊ ဘလက်တီး သောက်မလား၊ ဒါမှမဟုတ် ဘာမှ မသောက်ဘဲ နေချင်လား?”
မီဂူ့စ်က သူမရဲ့ ဗိုက်ကို နူးညံ့စွာ ပွတ်သပ်နေပြီး တစ်စုံတစ်ရာကို နားထောင်နေသလို ဖြစ်နေပါတယ်။
“ ရေနွေးနွေးလေး တစ်ခွက်ပဲ ပေးပါ။ လန်နီးဗက်စ်အကြောင်း ရှင်တို့နဲ့ ဆွေးနွေးကြည့်ချင်တယ်လို့ ရုတ်တရက်ကြီး ကျွန်မ စဉ်းစားမိသွားတယ်။ ရှင်တို့က သူနဲ့ပတ်သတ်တာတွေ အများကြီး သိနေတယ်လို့ ကျွန်မ ခံစားရတယ်”
“ မင်းကို ဘယ်သူက လန်နီးဗက်စ် အကြောင်း ငါတို့ သိပါတယ် လို့ ပြောတာလဲ?”
လန်နာ့ဒ်က ပုံမှန်လို ပေါ့ပေါ့ပါးပါး မဖြစ်တော့ဘဲ သူ့အပြုံးက တင်းမာနေပါတယ်။
မီဂူ့စ်က ရုတ်တရက် ရယ်လိုက်တယ်။
“ကျွန်မ ဗိုက်ထဲက ကလေးက ပြောတာပေါ့ ။ ကလေးက အများကြီး သိတယ်။ ကလေးက အရမ်းလည်းတော်တယ်!”
ကလိုင်း က အားရပါးရ ကျိန်ဆဲလိုက်ချင်တဲ့စိတ်ကို အတင်း အောင့်ထားလိုက်ရတယ်။ သူက အခန်းဖွဲ့ထားတဲ့ ဘက်ကို လှည့်ကြည့်ပြီး မီဂူ့စ်ကို အေးအေးဆေးဆေး ထိန်းထားဖို့ လန်နာ့ဒ်ကို လက်နဲ့ အချက်ပြလိုက်တယ်။
လန်နာ့ဒ်က ဟန်ဆောင် ပြုံးပြကာ ဆိုဖာဘက်ကို လက်ညှိုးထိုးပြလိုက်တယ်။
“ငါပြောချင်တာကလည်း အဲ့ဒီအကြောင်းပဲလေ လန်နီးဗက်စ်အကြောင်း မင်းနဲ့ ဆွေးနွေးချင်တာ” ဧည့်ကြိုခုံ နောက်က ရိုဇန်နီက နားမလည်သလိုနဲ့ ကြည့်နေခဲ့တယ်။ ခဏအကြာမှာတော့ သူမ ကိုယ်တိုင် ဘာမှ ဧည့်ခံစရာ မလိုတော့ဘူးဆိုတာ သဘောပေါက်လိုက်တယ်။
ကလိုင်း က လျှောက်လမ်းကနေ အမြန်သွားလိုက်ပြီး ဒန်း စမစ် ရဲ့ ရုံးခန်း တံခါးကို တန်းဖွင့်လိုက်ကာ “ဘန်း” ဆိုတဲ့ အသံမြည်တဲ့အထိ ပြန်ပိတ်ချလိုက်တယ်။
ဒန်း က အံ့အားသင့်သွားတဲ့ မျက်နှာနဲ့ ကြည့်နေတာကိုတွေ့လိုက်ရပြီး ခဏအကြာမှာတော့ ကလိုင်းရဲ့ မျက်နှာအမူအရာက တင်းမာသွားကာ လေးနက်စွာ ပြောလိုက်တယ်။
“ကပ္ပတိန်၊ အရေးကြီးတဲ့ အခြေအနေ အခု ဖြစ်နေပါတယ်။ လန်နီးဗက်စ်ပြောခဲ့တဲ့ ဗုံး ဆိုတာ ဘာကိုဆိုလိုလဲဆိုတာ ကျွန်တော် သိသွားပြီ!”
ဒန်း က မတ်တပ်ရပ်ပြီး အပြင်ဘက်ကို လက်ညှိုးထိုးကာ မေးလိုက်တယ်။
“မီဂူ့စ်က ဟိုကောင်ပြောတဲ့ ဗုံး လား”
လန်နာ့ဒ်ရဲ့ အပြင်က အံ့အားသင့်နေတဲ့ အသံကို သူ ကြားထားပေမယ့် သူ့အဖွဲ့သားတွေရဲ့ မျက်နှာပေါ်မှာ ရှိတဲ့ ကြောက်ရွံ့မှုနဲ့ ချွေးစေးတွေကိုတော့ သူက မမြင်ခဲ့ပေ။
ကလိုင်း က ခေါင်းကိုညိတ်ပြီး အမြန်ရှင်းပြလိုက်တယ်။
“မီဂူ့စ်ရဲ့ စိတ်အခြေအနေကို စစ်ဆေးဖို့ ကျွန်တော်က စိတ်ဝိညာဉ် အမြင်ဖွင့်ပြီး ကြည့်ဖို့ လုပ်လိုက်တယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ဝိညာဥ်က က အဲ့ဒီလို မလုပ်ဖို့ တားနေတယ်။ မကြည့်နဲ့ ကြည့်လိုက်ရင် သေလိမ့်မယ်လို့ ဆက်တိုက် သတိပေး ပေးနေခဲ့တာ”
“အဲ့ဒါနဲ့ ‘’နတ်ဘုရားတွေကို တိုက်ရိုက် မကြည့်ရဘူး” ဆိုတဲ့ စကားကို ပြန်စဉ်းစားမိလိုက်တယ်။ မီဂူ့စ်ဗိုက်ထဲက သန္ဓေသားက ဒီကမ္ဘာကို ဆင်းသက်လာဖို့ ကြိုးစားနေတဲ့ မကောင်းတဲ့နတ်ဘုရားတစ်ပါး ဒါမှမဟုတ် မကောင်းတဲ့ နတ်ဘုရားတစ်ပါး ရဲ့ သွေးသား မဟုတ်ဘူးဆိုရင်တောင်၊ အနည်းဆုံးတော့ ဒဏ္ဍာရီလာ သတ္တဝါ တစ်ကောင်ဖြစ်နိုင်တာတော့ သေချာတယ်”
“ကပ္ပတိန်၊ ဒါကို ဟုဒ် အဲဂန် ရဲ့ မှတ်ဉာဏ် ထဲက အနက်ရောင် ယဇ်ပုလ္လင် ၊ သူ့ရဲ့ စိတ်ပညာရှင် ( ပွဲကြည့်သမား လမ်းစဉ် ဆုံမှတ် ၇ ) စွမ်းရည် ၊ လန်နီးဗက်စ်ရဲ့ စာထဲမှာ ပြောထားတဲ့ ကမ္ဘာကြီးရဲ့ နေ့စဉ် ကြုံနေရတဲ့ ဒုက္ခဆင်းရဲတွေကို ဆက်စပ်စဉ်းစားလိုက်ရင် ကျွန်တော် ခန့်မှန်းထားတာက အမှန်နဲ့နီးစပ်နေပြီလို့ ထင်တယ်။ လန်နီးဗက်စ်က အော်ရိုရာ အမိန့်တော် အဖွဲ့ဝင်တစ်ယောက်ဆီကနေ ဖန်ဆင်းရှင်အစစ်နဲ့ ဆက်စပ်နေတဲ့ အစီအရင်ဖန်တီးတဲ့ မှော်ပညာ ကို ရမယ်။ ဟုဒ် အဲဂန်ရဲ့ အကူအညီနဲ့ မီဂူ့စ် ကို ဗိုက်ထဲက သန္ဓေသား အတိုင်းအတာ တစ်ခုအထိ ဖွံ့ဖြိုးစေဖို့ အခွံ အဖြစ် သုံးလိုက်မယ်။ ပြီးတော့ အဲ့ဒီ သန္ဓေသား က စက်ရုံ တွေကနေ ထွက်လာတဲ့ အမုန်းတရားတွေ၊ ဖိနှိပ်ခံရမှုတွေ ၊ မကျေမချမ်းမှု တွေကို အသုံးချပြီး အမြန်ကြီးထွားလာမယ်၊ တနည်း ပြောရရင် ဒီအစီအရင် အောင်မြင်ဖို့အမုန်းတရားတွေ၊ ဖိနှိပ်ခံရမှုတွေ ၊ မကျေမချမ်းမှု တွေကို အဲ့ဒီ သန္ဓေသား ကိုယ်တိုင်က လိုအပ်နေတာ!”
ဒန်း က ကလိုင်း ရဲ့ စကားတွေကို လေးနက်စွာ စဉ်းစားပြီး စက္ကန့် နှစ်ဆယ်နီးပါး ကြာတဲ့အထိ တိတ်ဆိတ်နေကာ နောက်ဆုံးမှာတော့ မျက်နှာတင်းမာစွာနဲ့ ခေါင်းညိတ်လိုက်တယ်။
“မြင့်မြတ်သော ဘုရားကျောင်းတော်ဆီကို ချက်ချင်း အကူအညီ လှမ်းတောင်းမယ်။ ဘုရားကျောင်းက တပ်ကူတွေ မရောက်ခင်အထိ မီဂူ့စ် မမွေးသေးပါစေနဲ့လို့ ဆုတောင်းရမှာပဲ”
“ဒါပေမယ့် ငါတို့ ဒီအတိုင်း လက်ပိုက်ပြီး ထိုင်မနေနိုင်ဘူး။ မီဂူ့စ်ကို အေးအေးဆေးဆေး ဖြစ်အောင်ထိန်းထားဖို့၊ သူမကို ဧည့်ခံဖို့ လန်နာ့ဒ်ကိုပြောလိုက်။ မစ္စ အိုရီယာနာ၊ ရိုဇန်နီနဲ့ ကျန်တဲ့သူတွေ အားလုံးကို အသိပေးပါ။ မတိုက်ခိုက်နိုင်တဲ့ သာမာန် ဝန်ထမ်းတွေ အားလုံးကို ရွေ့ပြောင်းခိုင်းလိုက်။
“ကြေးနန်း ပို့ပြီးတာနဲ့ ချန်နစ်စ် တံခါး ထဲကို ငါဝင်သွားလိုက်မယ်။ အဆိုးဆုံး အခြေအနေအဖြစ် မြင့်မြတ်သော ဘုရားကျောင်းတော်ရဲ့ တပ်ကူ တွေ ရောက်မလာခင် မီဂူ့စ်ရဲ့ ကလေး မွေးလာနိုင်တယ်။—အဲ့ဒါအတွက် ငါတို့ ပြင်ဆင်ထားရမယ်။
“ထင်းဂန် ညသိမ်းဌက်များရဲ့ ကပ္ပတိန် တစ်ယောက်အနေနဲ့ ငါ့မှာ အရေးပေါ် အခြေအနေဆိုရင် ဆယ်လီနာ သူတော်စင် ၏ အရိုးပြာ ကို သုံးနိုင်တဲ့ အခွင့် အာဏာရှိတယ်!”
*”ဆယ်လီနာ သူတော်စင်၏ အရိုးပြာ ဆိုတာ ဆုံမှတ်မြင့် သာလွန်သူ တစ်ယောက်ရဲ့ အရိုးပြာတွေပဲ… ချန်နစ်စ် တံခါး ကို အဓိက ချိတ်ပိတ်ထားတဲ့ စည်း…”* ကလိုင်း ရဲ့ စိုးရိမ်မှုတွေက နည်းနည်း သက်သာသွားခဲ့တယ်။ ဒါပေမယ့် သူ ချက်ချင်း အခြားအချက်တွေကို စဉ်းစားမိလိုက်တယ်။
“ကပ္ပတိန်၊ အာဏာပါးကွက်သားများနဲ့ ယန္တယားဟိုက်ဗ်မိုင်းဆီကလည်း တပ်ကူ တောင်းလို့ရတယ်။ သူတို့မှာလည်း ကျွန်တော်တို့ ဘုရားကျောင်း လိုပဲ ချိတ်ပိတ်လက်နက်တွေ တွေ ရှိမှာ!”
ကလိုင်း က ရုတ်တရက် အတွေးတစ်ခု ရလာသလို အသံတိုးတိုးနဲ့ ပြောလိုက်တယ်။
“လန်နီးဗက်စ်အမှုက အစတုန်းက အာဏာပါးကွက်သားများ လိုက်နေတဲ့ အမှုထဲမှာ ပါတယ်။ သူတို့ရဲ့ အကြီးတန်း အရာရှိ သာလွန်သူ တစ်ယောက် စိတ်လွတ်သွားတုန်းက လူအိုကြီးနေးလ် နဲ့ ကျွန်တော်က ကူညီခဲ့တာ…”
ပြောနေရင်း သူ့အသံက တဖြည်းဖြည်း စိတ်လှုပ်ရှားသလို ဖြစ်လာတယ်။
“ကပ္ပတိန်၊ အဲ့ဒီ စိတ်လွတ်သွားတဲ့ အဖွဲ့ဝင် က မီဂူ့စ်ကို စိတ်ဝိညာဉ် အမြင်နဲ့ ကြည့်လိုက်မိတာများလား ဒါမှမဟုတ် အဲ့ဒီ ရူးသွားတဲ့လူက သူမကို စောင့်ကြည့်ဖို့တာဝန် ယူခဲ့တဲ့ အဖွဲ့ဝင်လားဆိုတာ အာဏာပါးကွက်သားများကို မေးပေးလို့ရမလား?”
“အဲ့ဒီအဖွဲ့ဝင်က မီဂူ့စ်ဗိုက်ထဲက ကလေးကြောင့် စိတ်လွတ်သလို ဖြစ်ပြီး ရူးသွားတာလို့ မင်းက ထင်တာလား? လန်နီးဗက်စ်အမှုကို စုံစမ်းစစ်ဆေးနေတဲ့ အချိန်တုန်းက မီဂူ့စ်ကို သူတို့က တာဝန်ယူထားခဲ့တာပဲ…” ဒန်း က လေးနက်စွာ ပြန်ဖြေလိုက်တယ်။
“ငါတို့ နောက်ထပ် နှောင့်နှေးနေလို့ မရတော့ဘူး။ မစ္စ အိုရီယာနာနဲ့ ကျန်တဲ့သူတွေ ဆီကို သွားလိုက် ။ ဒီအချိန်ကို အသုံးချပြီး ငါက မြင့်မြတ်သော ဘုရားကျောင်းတော်ဆီကို အရင်ဆုံး အကူအညီ တောင်းတဲ့ ကြေးနန်းပို့လိုက်မယ်။ ပြီးရင် အာဏာပါးကွက်သားများနဲ့ ယန္တယားဟိုက်ဗ်မိုင်းကိုလည်း အကြောင်းကြားလိုက်မယ်။ ဟုတ်တယ်… ရဲဌာန ဆီကိုပါ ကြေးနန်းပို့ပြီး အနီးအနားက ပြည်သူတွေကို ရွေ့ပြောင်းကြဖို့ အကြောင်းပြချက်တစ်ခုခု ထုတ်ပြန်ပေးနိုင်မလား ဆိုတာကို မေးရမယ်”
“ ကောင်းပြီ.” ကလိုင်း က အခန်းထဲကနေ ခြေလှမ်း အနည်းငယ် လှမ်းထွက်လာပြီးမှ ရုတ်တရက် တစ်ခုခုကို ပြန်စဉ်းစားမိသွားတယ်။ မီဂူ့စ် ရုတ်တရက် ရောက်တာက တိုက်ဆိုင်မှု ဖြစ်နေတာကို သူ စဉ်းစားမိတယ်။
အနီရောင် မီးခိုးခေါင်းတိုင် ပါတဲ့ အဆောက်အဦးရဲ့ ပုံရိပ်က သူ့စိတ်ထဲမှာ ပေါ်လာတယ်။ သူ ချက်ချင်း ပြန်လှည့်ပြီး ဒန်း ကို ပြောလိုက်တယ်။
“ကပ္ပတိန်၊ နောက်ထပ် တစ်ချက်ရှိသေးတယ်။ ကျွန်တော် ပြောခဲ့တဲ့ ထူးဆန်းတဲ့တိုက်ဆိုင်မှု တွေကို မှတ်မိသေးလား? ကလေး ပြန်ပေးဆွဲတာကို သွားကယ်တဲ့ အခန်းရဲ့ မျက်ချင်းဆိုင် အခန်းထဲမှာ အန်တီဂိုနပ်စ် မိသားစု မှတ်စုစာအုပ် ရဲ့ သဲလွန်စ ကို ရှာတွေ့ခဲ့တာ၊ ထင်းဂန် ကနေ အချိန်မီ မထွက်သွားနိုင်ခဲ့တဲ့ ရေး ဘီဘာ၊ တိုက်ဆိုင်မှုတစ်ခု ကြောင့် ကိုယ်ကိုယ်တိုင် ဖော်လိုက်ရသလို ဖြစ်သွားတဲ့ ဟန်နက်စ် ဗင်းဆင့်၊ နောက်ပြီး အော်ရိုရာ အမိန့်တော် အဖွဲ့ဝင်တစ်ယောက်က ကျွန်တော်နဲ့ မတော်တဆ တွေ့ရင်း အသက်သေသွားတာ စတဲ့ တိုက်ဆိုင်မှုတွေကို မှတ်မိသေးလား”
“ဒီ တိုက်ဆိုင်မှု တွေ အားလုံးက အရမ်း သေးငယ်ပြီး သတိမထားမိရင် မတွေးမိနိုင်လောက်အောင် သိမ့်မွေ့ တယ်။ ဒါပေမယ့် လန်နီးဗက်စ်ရဲ့ စာ ကို ကျွန်တော်တို့ ရှာတွေ့ပြီး ချက်ချင်းဆိုသလို မီဂူ့စ် ရောက်လာတာကတော့ အရမ်း တိုက်ရိုက်ဆန်ပြီး ကြိုတင်စီစဉ်ထားတဲ့ ဇာတ်လမ်းဆန်လွန်းတယ်။ ဒီ တိုက်ဆိုင်မှု က အခုတော့ လုံးဝ ဖုံးကွယ်ထားလို့ မရတော့ဘူး။ နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့ လူက မကြာခင် စင်ပေါ်ကို ထွက်လာတော့မယ်လို့ ကျွန်တော် ထင်တယ်”
“နောက်ပြီး မဒမ် ရှယ်ရွန်က ပါလီမန် အဖွဲ့ဝင် မေနာ့ဒ် ကို သတ်ဖို့ ဘာဖြစ်လို့ အဲ့ဒီလောက် အန္တရာယ်များမှန်းသိသိရက်နဲ့ စွန့်စားခဲ့တာလဲ? ဒါလည်း တိုက်ဆိုင်မှု တစ်ခုပဲလား?”
ဒန်း က စဉ်းစားပြီး လေးနက်စွာ ပြန်ဖြေလိုက်တယ်။
“ဒီအချက်ကိုလည်း ကြေးနန်းထဲ ထည့်ရေးမယ်”
ကလိုင်း က နောက်ထပ် အချိန် မဖြုန်းတော့ဘဲ ဒန်းရဲ့ ရုံးခန်းထဲကနေ ထွက်လာပြီး အခန်းတစ်ဖက်ဘက်မှာ ရှိတဲ့ စာရင်းကိုင်အခန်းထဲ ကို တန်းသွားလိုက်တယ်။
မစ္စ အိုရီယာနာက နှစ်ကုန် နောက်ဆုံး သုံးလအတွက် ဘတ်ဂျက် ကို ပြင်ဆင်နေခဲ့တယ်။ ကပ္ပတိန် က ထပ်မေ့သွားမှာ စိုးလို့ သူမက ကြိုပြီး ပြီးအောင် လုပ်ထားချင်တာပါ။ ကလိုင်း ဝင်လာတာကို မြင်တော့ သူမက ပြုံးပြီး နှုတ်ဆက်လိုက်တယ်။
“ကောင်လေး၊ ဒီနေ့ ဘာ လျှောက်လွှာ တင်ချင်တာလဲ?”
ကလိုင်း က အသက်ရှူထုတ်လိုက်တယ်။
“မစ္စ အိုရီယာနာ၊ ဒီနေ့ ကျွန်တော်တို့ အားလုံး အားလပ်ရက် ယူရမယ်။ ချက်ချင်း အိမ်ပြန်ပါ”
အိုရီယာနာက အနည်းငယ် ရပ်တန့်သွားပြီး သူမရှေ့က အတည်ပြောနေတဲ့ ကလိုင်းရဲ့ မျက်နှာကို အူကြောင်ကြောင်နဲ့ ကြည့်လိုက်တယ်။
စက္ကန့် အနည်းငယ်ကြာပြီးမှ သူမက လှုပ်လှုပ် ရှားရှား နဲ့ မတ်တပ်ရပ်လိုက်တယ်။
“ ကောင်းပါပြီ.”
ကလိုင်း က အမြန် ထပ်ပြောလိုက်တယ်။
“ရုံးခန်း ထဲက စာရေး တွေ၊ လက်နက်တိုက် ထဲကသူတွေကို အကြောင်းကြားပေးပါ။ ရိုဇန်နီကိုတော့ ကျွန်တော် ပြောလိုက်မယ်”
“ဟုတ်ပြီ !” အိုရီယာနာက ဘာမှ ထုပ်ပိုး မနေတော့ဘဲ လက်ဆွဲအိတ် ကို ဆွဲယူလိုက်ပြီး စာရင်းကိုင်ရုံးခန်း ထဲ ကနေ အမြန်ထွက်သွားတယ်။
စင်္ကြံ ထဲကို ဝင်ပြီးမှ သူမက ပြန်လှည့်ပြီး ကလိုင်း ကို ကြည့်လိုက်တယ်။ သူမရဲ့ ရင်ဘတ်နားမှာ သွေးရောင် လ ပုံ ကို ဆွဲပြီး ပြောလိုက်တယ်။
“မင်းတို့ အားလုံးကို နတ်ဘုရားမ ကောင်းချီးပေးပါစေ!”
ကျေးဇူးတင်ပါတယ်… ကလိုင်း က စိတ်ထဲကနေပြန်ဖြေလိုက်တယ်။ သူ အခန်းတွေ ကို ဖြတ်ပြီး ဧည့်ကြို အခန်း ထဲ ဝင်သွားတော့ လန်နာ့ဒ်က မီဂူ့စ်နဲ့ လန်နီးဗက်စ်အကြောင်း ပြောနေပြီး သူ့ မျက်နှာက တင်းမာနေတယ်။
ကလိုင်း က ရေနွေး တစ်ခွက်ကို ဖြည့်ရင်း ရိုဇန်နီဘက်ကို ခါးကိုင်းပြီး တိုးတိုးလေး ပြောလိုက်တယ်။
“အိမ်ပြန်ပါ။ ဒီနေရာက အန္တရာယ်ရှိ
နေတယ်။ မနက်ဖြန်မှ ပြန်လာခဲ့”
ရိုဇန်နီက အံ့အားသင့်သလို ပါးစပ်ဟလိုက်ပေမယ့် ကလိုင်း ရဲ့ အလေးအနက် ဖြစ်နေတဲ့ မျက်နှာကို မြင်လိုက်တော့ ပါးစပ် ပြန်ပိတ်သွားတယ်။
သူမ ခေါင်းကို ငုံ့ပြီး ဆယ်စက္ကန့်လောက် ထုပ်ပိုးပြီးမှ လက်ဆွဲအိတ်ကို ယူပြီး ဧည့်ကြိုအခန်း ကနေ ထွက်သွားတယ်။
ကလိုင်း ကို ဖြတ်သွားတဲ့အချိန်မှာ သူမက နှုတ်ခမ်းကို ကိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်။
“အမှန်အတိုင်း ပြောရရင်… သာလွန်သူ ဖြစ်သွားတဲ့ လူတွေထဲက တချို့ကို မုန်းမိ သလောက်၊ ညသိမ်းဌက်များ ကိုတော့ လေးစားပါတယ်…”
စာရေးတွေ၊ ဆူးနက် လုံခြုံရေး ကုမ္ပဏီကနေ ထွက်သွားတာကို ကြည့်နေခဲ့ပြီးနောက် ကလိုင်း က ရေနွေးတစ်ခွက် ကို မီဂူ့စ်ဆီ ယူလာပြီး ခါးကို ကိုင်းကာ သူမရှေ့က စားပွဲပေါ် တင်ပေးလိုက်တယ်။
“ကျွန်တော် လုပ်စရာ ကိစ္စတစ်ခု ရှိလို့ ခဏနေရင် ပြန်လာခဲ့မယ်”
သူ မတ်တပ်ရပ်လိုက်တဲ့အချိန် လန်နာ့ဒ်ရဲ့ ဘေးကို ကိုင်းပြီး တိုးတိုးလေး ပြောလိုက်တယ်။
“သူမကို ဒီမှာ ထိန်းထား”
လန်နာ့ဒ်က သွားကို ကြိတ်ပြီး ပါးစပ်ကို အကျယ်ကြီး ပြုံးပြလိုက်တယ်။ သူ မီဂူ့စ်နဲ့ ဆက်ပြီး စကားပြောနေတုန်း မီဂူ့စ်က နည်းနည်း စိတ်မတည်မငြိမ် ဖြစ်လာတာကို သတိထားမိသွားတယ်၊ အာရုံစိုက်မှု မရှိတော့သလို ဖြစ်နေတယ်။
ကလိုင်း က ကပ္ပတိန်ရဲ့ ရုံးခန်း ကို ပြန်သွားလိုက်ပေမယ့် ဒန်း က မြေအောက်ခန်းကို ဆင်းသွားပြီ ဆိုတာကို သိလိုက်ရတယ်။ စားပွဲပေါ်မှာ ကြေးနန်းတစ်စောင် ရှိနေပြီး အာဏာပါးကွက်သားများဆီက ပြန်စာ ဖြစ်တယ်။
“ငါတို့ အဲ့ဒီကို အမြန်ဆုံး လာခဲ့မယ်.”
*”ဟုတ်တယ် ငါထင်တဲ့အတိုင်းပဲ… အဲ့ဒီ အာဏာပါးကွက်သား အဖွဲ့ဝင်က မီဂူ့စ်ကြောင့် ရူးသွားခဲ့တာပဲ…”* ကလိုင်း က စင်္ကြံကနေ လမ်း လျှောက်သွားရင်း သူ့စိတ်လှုပ်ရှား နေတယ်။ သူက ကပ္ပတိန်ဟာ သူတော်စင်မရဲ့ မြင့်မြတ်သော အရိုးပြာ ယူလာတာကို စောင့်နေတာလား၊ တပ်ကူ တွေ ရောက်လာမှာကို စောင့်နေတာလား ဆိုတာ သူကိုယ်တိုင်တောင် မသိတော့ဘူးဖြစ်နေပါတယ်။
*”ဆုံမှတ်မြင့် သာလွန်သူသာလွန်သူ တွေက နေရာခုန်ကူး နိုင်ကြလား မသိဘူး… အဲ့ဒီလို ခုန်ကူးနိုင်တာ တော့မဖြစ်နိုင်ဘူး ထင်တယ်”*… သူ စင်္ကြံ ထဲမှာ အကြိမ်အနည်းငယ်လောက် လမ်းလျှောက်နေရင်း ရုတ်တရက် သူစိတ်ဟာ ငြိမ်သက်သွားသလို ခံစားလိုက်ရတယ်။ စင်္ကြံ နှစ်ဖက်လုံးရဲ့ မီးတိုင် အလင်း တွေက အပြာရောင် ဖျော့ဖျော့လေး လင်းလာတယ်။
အမှောင်ထဲမှာ ဒန်း က လှေကားကနေ စင်္ကြံဆီကိုလျှောက်လာတယ်။ သူ့လက်ထဲမှာ လက်ဖဝါးအရွယ် လောက်ရှိတဲ့ အရိုးပြာ ထည့်ထားတဲ့ လေးထောင့်သေတ္တာတစ်ခုကို ကိုင်ထားတယ်။
ဒီ သေတ္တာ က သန့်စင်တဲ့ ငွေ နဲ့ လုပ်ထားသလို ထင်ရပေမယ့် လူ့အရိုးနဲ့ လုပ်ထားတာလည်း ဖြစ်နိုင်တယ်လို့ ခံစားရတယ်။ အမျိုးမျိုးသော ဆန်းကြယ်သော ဂမ္ဘီရ သင်္ကေတ ပုံစံ တွေ ကို ထုဆစ်ပုံဖော်ထားတယ်။ ကလိုင်းဟာ သေတ္တာက အနားကို ပိုနီးလာလေလေ ကိုယ်အပူချိန် ကျလာပြီး အေးလာတယ်လို့ ခံစားရတယ်။ အေးစက်မှုက သူ့ သွေးကြောထဲကို တိုက်ရိုက် စိမ့်ဝင်လာသလို ဖြစ်နေတယ်။
ဒန်း ရဲ့ မျက်နှာမှာ အေးစက်တဲ့ အပြာရောင် အလင်းက ရောင်ပြန်နေတယ်။ သူက ကလိုင်း ကို ပြောလိုက်တယ်။
“ချန်နစ်စ် တံခါး ထဲကို ဝင်သွားပြီး ကာကွယ်နိုင်တဲ့ စွမ်းရည် အမြင့်ဆုံးရှိတဲ့ ချိတ်ပိတ်လက်နက် တစ်ခုကို ရွေးခဲ့။ ဘယ်ဟာကို ရွေးမလဲဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်။ ဆီကာ (Seeka) နဲ့ ထိန်းသိမ်းစောင့်ရှောက်သူတွေ ကို အထဲမှာကတည်းက ငါပြောခဲ့ပြီးသား။ မမြင်နိုင်တဲ့ အန္တရာယ် တွေကို သတိထား။ အဲ့ဒီထဲမှာ အဆင့် ၂ ချိတ်ပိတ် လက်နက်သုံးခု ရှိတယ်၊ အဲ့ဒါတွေက…”
“ အို:…..ငါက အခု သူတော်စင် ဆယ်လီနာရဲ့ အရိုးပြာ ကို ယူလာခဲ့ပြီဆိုတော့ ဆီကာ နဲ့ ထိန်းသိမ်းစောင့်ရှောက်သူ တွေက သူတို့ နေရာကနေ ထွက်လာလို့မရတော့ဘူး”
ဒီအချိန်မှာ ဖရိုင်း နဲ့ ရွိင်ရယ်တို့က ကန်လေ ရဲ့ အိမ်မှာ နာရေး လုပ်နေကြပြီး သူတော်စင် ဆယ်လီနာဘုရားကျောင်းတော်ရဲ့ ဂိုဏ်းချုပ် ဘုန်းတော်ကြီးကလည်း နယ်ဘက် ကို တရားဟော သွားနေတာ”
“ ကောင်းပြီ .” ကလိုင်း က မတွန့်ဆုတ်ဘဲ ချက်ချင်း မြေအောင်ခန်း ဘက်ကို လှည့်သွားလိုက်တယ်။
လှေကားနားကို ရောက်တော့ ကလိုင်း က ရုတ်တရက် ရပ်လိုက်တယ်။ ထင်းဂန် မြို့ ရဲ့ ချန်နစ်စ် တံခါး နောက်မှာ ရှိတဲ့ ချိတ်ပိတ် လက်နက်အများစုက အဆင့် ၃ ဖြစ်ပြီး မီဂူ့စ်ရဲ့ ဗိုက်ထဲက သန္ဓေသား ကို သက်ရောက်မှု ကြီးကြီးမားမား မဖြစ်စေနိုင်ဘူးဆိုတာကို သူ သိထားတယ်။ ဗိုက်ထဲက ကလေးက အနည်းဆုံးတော့ ဒဏ္ဍာရီလာ သတ္တဝါ လောက်တော့ စွမ်းအားကြီးနိုင်တယ်။
*”မြင့်မြတ်သော သန္ဓေပြောင်း နေမင်း တံဆပ်တော် က အလုပ်ဖြစ်နိုင်ပေမယ့် ထိရောက်ဖို့ အချိန်ကြာလွန်းတယ်… ဒီလိုအခြေအနေအတွက် မသင့်တော်ဘူး… ထင်းဂန် မြို့ မှာ အဆင့် 2 ချိတ်ပိတ် လက်နက်သုံးခုပဲ ရှိပြီး အားလုံးက အရမ်း အန္တရာယ်များတယ်၊ သုံးမိရင် အသက်ဆုံးရှုံး စေနိုင်တယ်… သူတို့ရဲ့အစွမ်း က တောက်လောင်နေသော နေမင်းအဆောင် နဲ့ အတူတူလောက်ပဲ ဖြစ်နိုင်တယ်၊ ဒါကြောင့် နောက်ပိုင်းကျရင် ငါ့မှာ ရွေးချယ်စရာ သိပ်မရှိနိုင်ဘူး ။ တောက်လောင်နေသော နေမင်းအဆောင် ကို တုံ့ဆိုင်း မနေဘဲ သုံးလိုက်မယ်! အဲဒါက အဆင့် 2 ချိတ်ပိတ်လက်နက် တစ်ခုလိုစွမ်းအားရှိမှာတော့ သေချာတယ်—ဘယ်လိုပဲ ဖြစ်ဖြစ် အဲ့ဒီ အဆောင်ထဲမှာ နေနတ်မင်း သွေး ရဲ့ တန်ခိုးတွေ ပါဝင်နေတာပဲ”*
ကလိုင်း ရဲ့ စိတ်ထဲမှာ အတွေးတွေ လှည့်ပြောင်း လှုပ်ရှားနေပြီး သူက ထူးမခြားနား ခေါင်းညိတ်လိုက်တယ်။
သူက အိတ်ထဲက တောက်လောင်နေသော နေမင်းအဆောင် နဲ့ အေဇစ်၏ ကြေးဝါ ဝီစီ ကို စမ်းကြည့်လိုက်တော့ ဖိနှိပ်ခံလိုက်ရတဲ့ အစွမ်းတွေကို ပြန်ရလာသလို
ခံစားလိုက်ရတယ်။ သူလည်း အဲ့ဒီခံစားချက်ကြောင့် အံ့သြသွားတယ်။
အသုံးဝင်လား မဝင်လား မသိပေမယ့် ကလိုင်း က နိမိတ်ကောက်ဖို့အတွက် သုံးတဲ့ ဘောပင် နဲ့ စာရွက် ကို ထုတ်ပြီး စာတစ်စောင်ချရေးလိုက်တယ်။
““ကျွန်တော်ရဲ့ ကံကြမ္မာကို နှောက်ယှက်နေပြီး မစ္စတာ အေဇစ် သား ရဲ့ ဦးခေါင်းခွံကို ခိုးယူသွားတဲ့ လူက အခု ပေါ်လာပြီ။ သူက မီဂူ့စ်ကို 36 ဇိုးတလန် လမ်း မှာရှိတဲ့ ဆူးနက် လုံခြုံရေး ကုမ္ပဏီထဲကို ဝင်လာအောင် စီစဉ်လိုက်တယ်။ မီဂူ့စ်ရဲ့ ဗိုက်ထဲမှာ မကောင်းတဲ့ နတ်တစ်ပါးရဲ့ သွေးသားကို ကိုယ်ဝန်ဆောင်ထားနေရတာ ဖြစ်နိုင်တယ်။
အခြေအနေက အရေးပေါ် ဖြစ်နေပြီ။”.”
သူ ဘောပင် ကို သိမ်းပြီး စာရွက်ကို ခေါက်လိုက်တယ်။ ကလိုင်း က လှေကားထိပ် မှာ အေဇစ်ရဲ့ ကြေးဝါ ဝီစီ
ကို ထုတ်ပြီး မှုတ်လိုက်တယ်၊ ဧရာမ အရိုးစု စာပို့သမားကြီး ကသူ့ရှေ့မှာ ပေါ်လာတာကို တွေ့လိုက်ရတယ်။