စောင့်ရှောက်သူ
Vol. 21 Ch. 207
ဒန်း က သက်ပြင်းတစ်ချက် ချလိုက်တယ်။
"အဲ့ဒီတုန်းက ငါက ဘုရားကျောင်းနဲ့ ညသိမ်းငှက် အဖွဲ့ရဲ့ လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်တာတစ်ခုခု လုပ်တော့မှာမို့ မင်းကို အဝေးကို ပ ထုတ်ချင်ခဲ့တာ။ ဒါပေမဲ့ ကန်လေ ရဲ့ သေဆုံးမှုက ငါ့စိတ်ကို ရှုပ်ထွေးသွားစေတယ်။ အဲ့ဒီအချိန်မှာ ငါစဉ်းစားမိတာက ပေါက်ကရ ဆင်ခြေတစ်ခုပဲ ဖြစ်နေခဲ့တယ်။ ငါဘာလုပ်နေလဲဆိုတာ မင်းကို တမင် ပြလိုက်သလို ဖြစ်သွားတယ်"
" ဘာလျှို့ဝှက်ချက်လဲ" လို့ ကလိုင်း က စိတ်သက်သာရာရသွားတာကြောင့် မေးလိုက်တယ်။
ကလိုင်းက အပြင်မှာ ရှိနေတဲ့ မကောင်းတဲ့ နတ်ဘုရားတစ်ပါးရဲ့ မွေးလာတော့မယ့် သား ရဲ့ အန္တရာယ် ဒါမှမဟုတ် ဒဏ္ဍာရီလာ သတ္တဝါ တစ်ကောင် ရှိနေတာကိုတောင် ခဏမေ့သွားသလို ဖြစ်သွားတယ်။
ဒန်း က စကားလုံးတွေကို သေချာစဉ်းစားပြီး ပြောလိုက်တယ်— "ဂမ္ဘီရပညာရပ်မှာ နိယာမတစ်ခု ရှိတယ်။ ငါက စာအုပ်အများကြီး မဖတ်ဖူးပေမဲ့ နိယာမဆိုတဲ့ အဓိပ္ပာယ်ကိုတော့ သိတယ်။ အဲ့ဒီနိယာမကို 'သာလွန်သူ ဝိသေသလက္ခဏာများ၏ ဖျက်ဆီး၍မရနိုင်ခြင်း နိယာမ' လို့ ခေါ်တယ်။ သာလွန်သူ တစ်ယောက်ရဲ့ ဝိသေသလက္ခဏာ လို့ခေါ်တဲ့ အကြွင်းအကျန် ပစ္စည်းက ဘယ်တော့မှ ပျက်စီးသွားတာ ဒါမှမဟုတ် လျော့နည်းသွားတာမျိုး မရှိဘူး။ အဲ့ဒါက တစ်ယောက်ကနေ နောက်တစ်ယောက်ဆီကိုပဲ ရောက်သွားတာပဲ ရှိတယ်"
ကလိုင်း ရဲ့ မျက်လုံးတွေ ပြူးသွားတယ်။ သူက ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားပြီး စဉ်းစားစရာကောင်းတဲ့ မေးခွန်းတစ်ခု ကို မေးလိုက်တယ်။ "ဥပမာအနေနဲ့ စိတ်လွတ်ပြီး ရူးသွားတဲ့သာလွန်သူတွေသေဆုံးသွားလို့ ကျန်နေခဲ့တဲ့ သူတို့ရဲ့ သက်ဆိုင်ရာ ဆုံမှတ် ဆေးရည်တွေရဲ့ အဓိက ပါဝင်ပစ္စည်းတွေ၊ ချိတ်ပိတ် လက်နက်တွေ၊သာလွန်သူတွေနဲ့ သက်ဆိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်ပစ္စည်းတွေ ကိုဆိုလိုတာလား?”
"ဟုတ်တယ်" လို့ ဒန်း က လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်တယ်။
" ဝိသေသလက္ခဏာလို့ခေါ်တဲ့ အကြွင်းအကျန်တွေဟာ ခန္ဓာကိုယ်ကနေ ထွက်လာတာက ထိန်းချုပ်မှု လွတ်သွားတဲ့ သာလွန်သူတွေတင် မကဘူး၊ ပုံမှန် သာလွန်သူ တွေ သေဆုံးသွားတဲ့အခါမှာလည်း ဖြစ်တတ်တယ်"
"အတူတူပဲလား..." ကလိုင်း က ဒန်း ရဲ့ ရှင်းပြချက်ကို ပြန်တွေးကြည့်ရင်း ကပ္ပတိန် ဘာလုပ်နေခဲ့တာလဲဆိုတာကို စတင်ရိပ်မိလာတယ်။ သူက ဝတ်စုံအပြည့် ဝတ်ထားတဲ့ လူရွှင်တော် (အမြင်ဆရာ လမ်းစဉ် ဆုံမှတ် ၈) သေဆုံးသွားတုန်းက အလောင်းဘေးမှာ လွင့်မျောနေတဲ့ လက်မအရွယ် အပြာရောင် သွေးလုံးလေးကို ရုတ်တရက် သတိရလိုက်တယ်။ အဲ့ဒီတုန်းက အလောင်းကောက်သမား (သေခြင်း လမ်းစဉ် ဆုံမှတ် ၉) ဖြစ်တဲ့ ဖရိုင်း
က သာလွန်သူ တစ်ယောက် သေဆုံးပြီးနောက်မှာ ထူးဆန်းတဲ့ အသွင်ပြောင်းလဲမှုတွေ အမြဲရှိတတ်တယ်ဆိုပြီး ရှင်းပြခဲ့တယ်။
ဒန်း က သူ့ရဲ့ နက်ရှိုင်းတဲ့ မီးခိုးရောင် မျက်လုံးတွေနဲ့ ဆက်ပြောလိုက်တယ်။ "ဒါပေမဲ့ စိတ်လွတ်ပြီး သေသွားတဲ့သူတွေနဲ့ ပုံမှန်သေသွားတဲ့ လူတွေရဲ့ ကွာခြားချက်ကတော့ ပုံမှန် သာလွန်သူတွေ သေဆုံးသွားရင်တော့ သူတို့လမ်းစဉ်နဲ့ ပတ်သတ်တဲ့ ဆေးရည်ရဲ့ ပါဝင်ပစ္စည်းတွေ မကျန်ခဲ့ဘူး။ သူတို့ကိုယ်တိုင်ကိုက သူတို့ရဲ့ ဆုံမှတ် အဆင့်နဲ့ ကိုက်ညီတဲ့ ဆေးရည်တစ်ခွက် ဖြစ်သွားတယ်။ဖြည့်စွက်ပါဝင်ပစ္စည်း နည်းနည်းပဲ လိုတော့တဲ့ ဆေးရည်မျိုးပေါ့"
*”ဆေးရည်နဲ့ အတူတူပဲပေါ့... ဆေးရည်နဲ့ အတူတူပဲ! “*
ကလိုင်း ဉာဏ်ပွင့်သွားတယ်။ သူ့စိတ်ထဲက အဆုံးမရှိတဲ့ အမှောင်ထုကြီးက အဲ့ဒီအချိန်မှာ လင်းထိန်သွားပါတော့တယ်။
သာလွန်သူ ဆေးရည် တွေမှာ အဓိက ပါဝင်ပစ္စည်းအဖြစ် သုံးရတဲ့ သတ္တဝါတွေ မျိုးတုံးသွားရင်တောင် သာလွန်သူ လမ်းစဉ် တွေ ဘာလို့ ပျောက်ကွယ် မသွားတာလဲဆိုတာကို သူ အခုမှ နားလည်သွားပါတော့တယ်။ အစားထိုး ပစ္စည်းတွေကို သုံးလို့ရတဲ့အပြင် သေဆုံးသွားတဲ့ သာလွန်သူတွေရဲ့ ဝိသေသလက္ခဏာ အကြွင်းအကျန်တွေကိုလည်း ဆေးရည်ဖျော်တဲ့ နေရာမှာ သုံးလို့ရတာ ဖြစ်တယ်။
*"ဒါကြောင့်လည်း အဆင့်မြင့် ဆုံမှတ် တွေမှာ ဆေးရည် ဖော်မြူလာ အပြည့်အစုံကိုပဲ ပေးတာ ဖြစ်မှာ။ နောက်ထပ် ဖြစ်နိုင်တဲ့ အကြောင်းပြကတော့ နိမိတ်ဖတ်တာ ဒါမှမဟုတ် ဝိညာဉ်ဆင့်ခေါ်တာ ကျွမ်းကျင်တဲ့သူတွေ ဆေးရည် ဖော်မြူလာတွေ ရသွားမှာကို ကာကွယ်ချင်လို့ ဖြစ်လောက်တယ်" *လို့ ကလိုင်း က စိတ်ထဲကနေ ခန့်မှန်းနေမိတယ်။
ဒန်း က နားနေဆောင်ဘက်ကို ကြည့်ပြီး လေးနက်တဲ့ အသံနဲ့ ဆက်ရှင်းပြတယ်။ "လွန်ခဲ့တဲ့ နှစ်အနည်းငယ်…. ဘယ်နှနှစ်ရှိခဲ့ပြီလဲတော့ ငါအတိအကျ မမှတ်မိဘူး။ အဲ့ဒီအချိန်တုန်းက ငါက ညသိမ်းငှက် အဖွဲ့ရဲ့ ကပ္ပတိန် မဖြစ်သေးခင်ပေါ့။မမျှော်လင့်ပဲ ဒီပြဿနာကိုစပြီး သတိထားမိခဲ့တယ်။ အဲ့ဒီတုန်းက သာလွန်သူ ဖြစ်ခါစ ဒေလီ နဲ့ ဆွေးနွေးပြီးတော့ ဘုရားကျောင်းတော် ဆီကို ချက်ချင်း အစီရင်ခံစာ တင်လိုက်တယ်။ သူတို့က ငါ့ကို လျှို့ဝှက်ထားဖို့ ပြောပြီး ရွေးချယ်စရာ နှစ်ခု ပေးခဲ့တယ်။ အဲ့ဒါကြောင့်လည်း ဒေလီ မဟုတ်ဘဲ ငါက မင်းကို ရှင်းပြနေရတာ။ ဒီကိစ္စကို ဖွင့်ပြောတဲ့သူကပဲ တာဝန်ယူရမှာ "
"ပထမ ရွေးချယ်စရာကတော့ တခြား ညသိမ်းငှက် ကပ္ပတိန်တွေနဲ့ ဂိုဏ်းအုပ်တွေအတိုင်း ဘာမှမသိသလို ဟန်ဆောင်ပြီးနေဖို့။ အဲ့ဒီလိုဆိုရင်တော့ ပုံမှန်အတိုင်း သေဆုံးသွားတဲ့ သာလွန်သူ တွေရဲ့ အကြွင်းအကျန်တွေကို ဘုရားကျောင်းတော် ကပဲ ဆက်ပြီး ကိုင်တွယ်ဖြေရှင်းသွားမှာ”
“ဒုတိယ တစ်ခုကတော့ သူတို့က ငါ့ကို ထူးခြားပြီး ရိုးရှင်းတဲ့ အစီအရင်တစ်ခုကို ပေးခဲ့တယ်။ အဲ့ဒီ အစီအရင်က အချိန်အကန့်အသတ် တစ်ခုတွင်းမှာ သေဆုံးသွားတဲ့ သာလွန်သူတွေရဲ့ အကြွင်းအကျန်တွေကို စားသုံးလို့ရအောင်လုပ်ပေးတယ်။အကြွင်းအကျန်တွေကို စားသုံးဖို့ဆိုရင် ငါနဲ့ လမ်းစဉ်တူပြီး ငါ့ထက် ဆုံမှတ် နိမ့် ဒါမှမဟုတ် ငါနဲ့ ဆုံမှတ်တူမှပဲ စားလို့ရမှာ"
"ဒီလို စားခြင်းက ငါ့ရဲ့ အစွမ်းတွေကို တိုးမြှင့်ပေးတယ်။ အိမ်မက်နဲ့ ပတ်သက်တဲ့ အစွမ်းဆိုရင် ငါ့ရဲ့ အစွမ်းက အခုဆို ဝိညာဉ် အာမခံအရာရှိ (အမှောင်ထု လမ်းစဉ် ဆုံမှတ် ၆) တစ်ယောက်နီးနီး အစွမ်းထက်နေပြီ။ အဲ့ဒါကြောင့်လည်း ငါက စုန်းမ (မိစ္ဆာမ လမ်းစဉ် ဆုံမှတ် ၇) ဖြစ်တဲ့ မဒမ်ရှာရွန် ကို ရင်ဆိုင်ရဲတာ"
"ဒါကြောင့်ကိုး... ဒီလိုမျိုး ရှိလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ" လို့ ကလိုင်း က သက်ပြင်းချလိုက်တယ်။
ကလိုင်းဟာ ဘယ်လောက်ပဲ ကြိုးစားပြီး စဉ်းစားစဉ်းစား ယုတ္တိရှိတဲ့ အဖြေတစ်ခု မထွက်ခဲ့တာ ဘာကြောင့်လဲဆိုတာ အခုမှ သဘောပေါက်သွားတယ်။ လိုအပ်တဲ့ သတင်းအချက်အလက်တွေ သူ့မှာ မရှိခဲ့လို့ ဖြစ်ပါတယ်။
*"ဟုတ်တယ်. .. ဒါက 'သာလွန်သူ ဝိသေသလက္ခဏာများ၏ ဖျက်ဆီး၍မရနိုင်ခြင်း နိယာမ ‘’ နဲ့ ကိုက်ညီနေတယ်။ ဒီဝိသေသလက္ခဏာ တွေကို စားသုံးတာက ကပ္ပတိန် ရဲ့ အစွမ်းတွေကို တဖြည်းဖြည်းချင်း စုပုံသွားသလို ဖြစ်စေပြီး ကပ္ပတိန်က ပြောင်းလဲသွားမှာလား" *လို့ ကလိုင်း က တယောက်တည်း တွေးမိလိုက်တယ်။
ဒန်း က သူ့ကို တစ်ချက်ကြည့်ပြီး ခါးသီးတဲ့ အပြုံးတစ်ခု ပြုံးလိုက်တယ်။
"ငါ ဒုတိယ ရွေးချယ်စရာကို ရွေးခဲ့တာက ပိုပြီး အစွမ်းထက်ချင်လို့ မဟုတ်ဘူး။ တကယ်လို့ ပိုပြီး အစွမ်းထက်ချင်တယ်ဆိုရင် ဆေးရည်ကို အမြန်ဆုံး ပျယ်သွားအောင်လုပ်ပြီး နောက်တစ်ဆင့် တက်လိုက်တာက အကောင်းဆုံးနဲ့ အချိန်ကုန် အသက်သာဆုံး နည်းလမ်းပဲလေ။"
"ဟုတ်ပါတယ်" လို့ ကလိုင်း က စိတ်ရင်းနဲ့ သဘောတူရင်း ထပ်မေးလိုက်တယ်။ "လမ်းစဉ်တူတဲ့ ဆေးရည်တွေရဲ့ ဝိသေသ အကြွင်းအကျန် တွေကို စုစည်းတာက အစွမ်းတွေ တိုးလာစေသလို တစ်ဖက်မှာလည်း စိတ်လွတ်သွားမယ့် အန္တရာယ်ပိုများလာမှာ မဟုတ်ဘူးလား"
ဒန်း က လေးလေးနက်နက် ခေါင်းခါပြတယ်။ "မဟုတ်ဘူး... အဲ့ဒါတွေက ပုံမှန် သာလွန်သူ တွေရဲ့ အကြွင်းအကျန်တွေပဲ၊ ထိန်းချုပ်မှု လွတ်သွားတဲ့သူတွေ မဟုတ်ဘူး။ ဒါပေမဲ့ 'သရုပ်ဆောင်ခြင်း နည်းလမ်း' ကို ငါသိပြီးတဲ့နောက်မှာတော့ ဒီလို အကြွင်းအကျန်တွေကို စားသုံးတာက ဆေးရည်ကို ချေဖျက်ဖို့ ပိုပြီး ခက်ခဲစေတယ်ဆိုတာ ငါသတိထားမိလာတယ်။"
"ဒါဆို ကပ္ပတိန်က ဘာလို့ ဆက်လုပ်နေတာလဲ" လို့ ကလိုင်း က အံ့သြတကြီး မေးလိုက်တယ်။
ဒန်း က သူ့အိတ်ထဲကို လက်နှိုက်ပြီး သူ့ရဲ့ ဆေးတံကို ထုတ်ဖို့ လုပ်လိုက်ပေမဲ့ ရုံးခန်းထဲမှာ ကျန်ခဲ့မှန်း သတိရသွားတယ်။ သူက ခေါင်းခါရင်း ကိုယ့်ကိုယ်ကိုယ် လှောင်ပြုံး ပြုံးလိုက်တယ်။
"ပိုပြီး အစွမ်းထက်ချင်လို့ သူတို့ရဲ့ အကြွင်းအကျန်တွေကို စားသုံးတာ မဟုတ်ဘူးလို့ ငါ ခုနတုန်းကတည်းက ပြောခဲ့သားပဲ။"
အဲ့ဒီလို ပြောပြီး သူ ခဏလောက် တိတ်ဆိတ်သွားတယ်။ သူ့မျက်လုံးတွေက သူရပ်နေတဲ့ နေရာရဲ့ တစ်ဖက်က ဂတ်စ်မီးအိမ်ရဲ့ အပြာရောင် မီးတောက်ကို ကြည့်နေတယ်။
"သူတို့အားလုံးက ငါ့ရဲ့ ရဲဘော်ရဲဘက်တွေ... ငါတို့တွေ အတူတူ အခက်အခဲတွေ အများကြီးကို ဖြတ်သန်းခဲ့ကြတယ်။ အမှောင်ထဲက သတ္တဝါတွေ၊ ရူးသွပ်နေတဲ့ မိစ္ဆာတွေကို အတူတူ ရင်ဆိုင်ခဲ့ကြတယ်။ တချို့က ငါ့အသက်ကို ကယ်ခဲ့ဖူးသလို ငါကိုယ်တိုင်လည်း သူတို့အများကြီးကို ကယ်ခဲ့ဖူးတယ်။ ငါတို့ တိတ်ဆိတ်တဲ့ ညတွေကို အတူတူ လျှောက်လှမ်းခဲ့ကြတယ်။ လူတွေမမြင်နိုင်တဲ့ တိုက်ပွဲတွေကို အတူတူ တိုက်ခိုက်ခဲ့ကြတယ်။ အန္တရာယ်တွေကို အတူတူ ရင်ဆိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ကျောချင်းကပ် စောင့်ရှောက်ခဲ့ကြတယ်။"
"ငါ သူတို့ကို လမ်းခွဲမသွားနိုင်ဘူး။ ဟစ်တေး ဆိုတဲ့ ကောင်လေးကို ငါ မှတ်မိသေးတယ်။ ပထမဆုံး အန္တရာယ်ရှိတဲ့ မစ်ရှင် သွားတုန်းက သူက ငိုတောင်ငိုခဲ့တာ။ အက်ဒီလိတ် ကိုလည်း မှတ်မိတယ်... ဟမ့်.. သူက ရိုဇန်နီရဲ့ အဖေလေ။ သူက တစ်ခါတုန်းက ငါ့ကိုကယ်ဖို့ မိစ္ဆာကျိန်စာတစ်ခုကို သူ့လက်မောင်းနဲ့ ကာကွယ်ပေးခဲ့ဖူးတယ်။ ဒွိန်း ဆိုတဲ့ အမျိုးသမီးကိုလည်း မှတ်မိတယ်၊ သူမရဲ့ စိတ်ထားက အာရုဏ်ဦးလို နွေးထွေးတယ်။ ငါတို့ ကြုံတွေ့ရတာတွေကို သူက အမြဲတမ်း တိတ်တိတ်လေး မှတ်တမ်းတင်ထားတတ်တယ်။ ကန်လေ ကတော့ အရပ်မရှည်ပေမဲ့ ခုနစ်ကြိုးဂစ်တာတီးတာ၊ သီချင်းဆိုတာ၊ ပုံပြင်ပြောတာတွေ အကုန်လုပ်တတ်တဲ့သူ။ သူက လန်နာ့ဒ် ထက်တောင် ပိုပြီး ကဗျာဆရာနဲ့ တူသေးတယ်။ ငါ သူတို့ကို အရမ်းလွမ်းတယ်"
"ငါ သူတို့နဲ့အတူ ဆက်ပြီး တိုက်ပွဲဝင်ချင်တယ်၊ အမှောင်ထဲက သတ္တဝါတွေနဲ့ မိစ္ဆာတွေကို ဆက်ပြီး ရင်ဆိုင်ချင်တယ်၊ သူတို့နဲ့အတူ ထင်းဂန်မြို့ကို ဆက်ပြီး စောင့်ရှောက်ချင်တယ်။ ဒါကြောင့်ပဲ သူတို့ရဲ့ အကြွင်းအကျန်တွေကို စားသုံးဖို့ ငါ ရွေးချယ်ခဲ့တာ။"
ဒန်း ရဲ့ မီးခိုးရောင် မျက်လုံးတွေက တုန်ခါနေသလိုပဲ။ အမြဲတမ်း အားကိုးရတဲ့ သူ့ရဲ့ ပုံစံက အဲ့ဒီအချိန်မှာ သိသိသာသာ ပြိုလဲသွားတော့တယ်။
သူ့ရဲ့ နှုတ်ခမ်းတွေက အနည်းငယ် ကွေးညွှတ်သွားပြီး သူ ဆက်ပြောတယ်— "သူတို့က ငါ့ရဲ့ အိမ်မက်တွေထဲမှာ ငါနဲ့အတူ ရှိနေတုန်းပဲ။ အက်ဒီလိတ် က စာဖတ်ရတာ ဝါသနာပါတယ်၊ သူက နားနေဆောင်မှာ အမြဲ စာဖတ်နေတတ်တယ်။ သူက ငါ့ကို ရိုဇန်နီ ကို ဆူဖို့၊ သူမကို မြန်မြန် ရင့်ကျက်လာအောင် သင်ပေးဖို့ အမြဲပြောတယ်လေ။ အဲ့ဒါကြောင့်ပဲ ရိုဇန်နီ ဆိုရင် ငါက သူမအဖေနဲ့ ပိုပိုပြီးတူလာတယ်ဆိုပြီး ငါ့ကို ကြောက်တာပေါ့။ ဟစ်တေး ကတော့ ငြိမ်ငြိမ်မနေတတ်တဲ့သူ၊ နေ့တိုင်း တောထဲမှာ အမဲလိုက်နေရမှ ကျေနပ်တာ။ ဒွိန်း ကတော့ သူမရဲ့ အိပ်ခန်းပြတင်းပေါက်နားမှာ အမြဲရပ်ပြီး ငါတို့ စကားပြောနေတာကို ကြည့်နေတတ်တယ်။ အခုလေးတင် ရောက်လာတဲ့ ကန်လေ ကတော့ သူ့ဘာသာသူ ခုနစ်ကြိုးဂစ်တာ လုပ်ပြီး သီချင်းတွေ ဆိုနေတယ်လေ... ငါ သူတို့ကို တကယ့်ကို လွမ်းတယ်”
"ကပ္ပတိန်..." ကလိုင်း က မသိစိတ်ကနေ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။ သူ့ရဲ့ မျက်လုံးတွေက ဝေဝါးလာပြီး မျက်ရည်တွေ ဝဲလာတာကြောင့် မျက်လုံးကို ပွတ်လိုက်ရင်း စိတ်ထဲကနေ ကျိန်ဆဲမိတယ်။
*”တောက်စ်... ကပ္ပတိန်ရာ၊ ကျွန်တော့်ကို ငိုအောင် လုပ်နေတာပဲ…”*
*”ဒါပေမဲ့ 'သရုပ်ဆောင်ခြင်း နည်းလမ်း' ကို သိထားပါလျက်နဲ့ ကပ္ပတိန် ရဲ့ တိုးတက်မှုက ဘာလို့ ဒီလောက် နှေးကွေးနေရတာလဲဆိုတဲ့ အကြောင်းရင်းကို နောက်ဆုံးမှာ နားလည်သွားပြီ “* ကလိုင်း က တိတ်တိတ်လေး သက်ပြင်းချလိုက်တယ်။
"ကံမကောင်းတာက လူအိုကြီး နေးလ် ကတော့ ထိန်းချုပ်မှု လွတ်သွားပြီး သေဆုံးသွားခဲ့တာ။ မဟုတ်ရင် သူက ငါတို့အတွက် ပျော်ရွှင်မှုတွေ အများကြီး ယူဆောင်လာပေးဦးမှာ" လို့ ဒန်း က ပြောရင်း အကြည့်ကို လွှဲလိုက်တယ်။ သူက ခေါင်းငုံ့ပြီး သူ့ရဲ့ နှာတံကို နှိပ်နေလိုက်တယ်။
စက္ကန့်အနည်းငယ် ကြာတော့မှ သူက ခေါင်းပြန်မော့လာပြီး ခါးသီးတဲ့ အပြုံးတစ်ခု ပြုံးလိုက်တယ်။
"ဒါက တကိုယ်ကောင်းဆန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်နေနိုင်တယ်။ အက်ဒီလိတ်၊ ကန်လေ နဲ့ ကျန်တဲ့သူတွေရဲ့ တကယ့် ဆန္ဒက ဘာလဲဆိုတာ ငါမသိဘဲ သူတို့အတွက် ငါက တစ်ကိုယ်ကောင်းဆန်စွာ ဆုံးဖြတ်ပေးခဲ့တာ။ ငါက တကယ့်ကို တစ်ကိုယ်ကောင်းဆန်တဲ့သူ။"
"မဟုတ်ပါဘူး..." ကလိုင်း က ခေါင်းခါလိုက်တယ်။
...
ဧည့်ကြိုခန်းက ဆိုဖာခုံပေါ်မှာတော့ လန်နာ့ဒ် က မီဂူ့စ် တစ်ယောက် သူမရဲ့ ဆံပင်တွေကို အထွေးလိုက် ဆွဲနှုတ်နေတာကို ကြည့်ရင်း သူ့ရဲ့ မျက်နှာအမူအရာက ပိုပြီး တင်းမာလာတယ်။
မီဂူ့စ် ဟာ ပိုပိုပြီး ဂဏာမငြိမ် ဖြစ်လာကာ ရေခွက်ကို ခဏခဏ မော့သောက်နေတယ်။ သူမက ရှုံ့တွနေတဲ့ မျက်နှာထားနဲ့ လန်နာ့ဒ် ကို ကြည့်လိုက်တယ်။
"ဘာလို့လဲတော့ မသိဘူး၊ ကျွန်မ ရုတ်တရက် နည်းနည်း နေလို့မကောင်းသလို ခံစားနေရတယ်"
လန်နာ့ဒ် က ပြန်ပြောမလို့ လုပ်နေတုန်းမှာပဲ မီဂူ့စ် က သူမရဲ့ မျက်နှာကို လက်နဲ့ လှမ်းကုတ်လိုက်တာကို တွေ့လိုက်ရတယ်။ သူမက မျက်နှာကနေ အသားစ တစ်ခုကို ဆွဲခွာလိုက်တယ်— ရှည်လျားပြီး သွေးတွေ ပေကျံနေတဲ့ အသားစကြီးတစ်ခု ထွက်လာတယ်။
"ကျွန်မ မျက်နှာက နည်းနည်း ယားနေလို့" လို့ မီဂူ့စ် က ရှက်သလိုလိုနဲ့ ပြုံးပြီး ပြောလိုက်တယ်။ သူမရဲ့ နှုတ်ခမ်းအစုံက ပါးရိုးတွေရှိတဲ့အထိ ဖြဲကားသွားပြီး ဖြူဖွေးတဲ့ သွားတွေနဲ့ နီရဲနေတဲ့ သွားဖုံးတွေကိုပါ မြင်နေရပြီ။
“တောက်စ်! “လန်နာ့ဒ် က စိတ်ထဲကနေ ကျိန်ဆဲလိုက်တယ်။ အခြေအနေတွေက အရမ်းကို မြန်မြန်ဆန်ဆန် ဆိုးဝါးလာနေပြီလို့ သူ ခံစားလိုက်ရတယ်။
လန်နာ့ဒ် ရဲ့ နှုတ်ခမ်းအစုံက တုန်ရင်နေပြီး တစ်စုံတစ်ယောက်ပြောကို နားစွင့်သလိုလုပ်လိုက်တဲ့အခါ သူ့ရဲ့ မျက်နှာက ချက်ချင်းဆိုသလို စိမ်းဖန့်ဖန့် အရောင် နဲ့ ကြောက်လန့်တဲ့ပုံ ပေါက်သွားတယ်။
သူက အသားစတွေကို ဆွဲခွာနေတဲ့ မီဂူ့စ် ကို ဟန်ဆောင် ပြုံးပြရင်း တောင်းပန်လိုက်တယ်။
"ကျွန်တော် ခဏလောက် အိမ်သာ သွားလိုက်ဦးမယ်"
"ကောင်း... ပြီ..." မီဂူ့စ် ရဲ့ အသံက လွင့်မျောနေသလို ဖြစ်နေတယ်။
သူမက သူမရဲ့ ဗိုက်ကို ပွတ်သပ်ရင်း ပြောတယ် "ကျွန်မ... ကလေးက... နည်းနည်း ဂဏာမငြိမ် ဖြစ်နေတယ်..."
လန်နာ့ဒ် က ပြန်မပြောတော့ဘဲ ခပ်သုတ်သုတ်နဲ့ ကန့်ထားတဲ့အခန်းတွေဆီကို သွားလိုက်တယ်။
စင်္ကြံလမ်းထဲ ရောက်သွားတဲ့အခါ လန်နာ့ဒ် က ဒန်း စမစ် ရဲ့ လက်ထဲက အရိုးပြာအိုးကို စိုက်ကြည့်ပြီး အသက်ကို ခပ်ပြင်းပြင်းရှူထုတ်လိုက်တယ်။
အဲ့ဒီနောက်မှာတော့ သူ့ရဲ့ မျက်နှာထားက ဆုံးဖြတ်ချက်ချထားတဲ့ပုံစံ ပေါက်နေတယ်။
"ကပ္ပတိန်... နောက်ကျသွားပြီ ထင်တယ်။ ကျွန်တော်တို့ မီဂူ့စ် နဲ့ သူမရဲ့ ကလေးကို အခုချက်ချင်း ကိုင်တွယ်ဖြေရှင်းရမယ်။ မဟုတ်ရင် ထင်းဂန် မြို့တစ်ခုလုံး အကြီးအကျယ် ပျက်စီးဆုံးရှုံးရလိမ့်မယ်။ ဒါက မြို့သူမြို့သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းရုံနဲ့တင် ရှောင်လွှဲလို့ရတဲ့ ကိစ္စမဟုတ်တော့ဘူး။ ကပ္ပတိန် ကြေးနန်း ပို့ထားတာကိုလည်း ကျွန်တော် သိပါတယ်"
ဒန်း က မျက်ခုံးတွေကို တွန့်လိုက်ပြီး ထူးထူးခြားခြား တင်းမာနေတဲ့ လေသံနဲ့ မေးလိုက်တယ်။ "အခြေအနေက အဲ့ဒီလောက်အထိ ဆိုးရွားသွားပြီဆိုတာ မင်း သေချာလား"
"ဟုတ်တယ်။ နောက်ထပ် သုံးမိနစ်ထက် မပိုတဲ့ အချိန်အတွင်းမှာ မီဂူ့စ် က အသွင်ပြောင်းတော့မယ်၊ ပြီးရင် သူမရဲ့ သွေးသားက လက်တွေ့ ကမ္ဘာထဲကို ဆင်းသက်လာတော့မှာ " လို့ လန်နာ့ဒ် က အသေအချာ ပြောလိုက်တယ်။
တစ်ချိန်တည်းမှာပဲ သူက ကလိုင်း ရဲ့ လက်မှာ ပတ်ထားတဲ့ ထူထဲကြီးမားတဲ့ သွေးကြောကြီးကို ကြည့်ပြီး ပြောလိုက်တယ် "ဒါ ချိတ်ပိတ် လက်နက် 2-105 (သွေးကြောသူခိုး) လား? ငါ့ကို ပေးလိုက်။ ငါက ဒါကို ပိုပြီး ကောင်းကောင်း အသုံးချနိုင်လိမ့်မယ်"
"ရော့" ကလိုင်း က ချက်ချင်းပဲ အဲ့ဒီ သွေးကြောသူခိုးကို လန်နာ့ဒ် ဆီ ကမ်းပေးလိုက်တယ်။ ဒါက သူ အစကတည်းက လုပ်ဖို့ စဉ်းစားထားတဲ့ အရာ ဖြစ်ပါတယ်။
အဲ့ဒီအချိန်မှာ ဒန်း က သူ့ရဲ့ ကော်လာကို ပြင်လိုက်ပြီး သူ့ရဲ့ လေကာဂျက်ကတ်ကို လက်နဲ့ခါလိုက်တယ်။ သူက ပြတ်သားတဲ့ လေသံနဲ့ ပြောလိုက်တယ် "ငါကဆယ်လီနာ သူတော်စင်မ ရဲ့ အရိုးပြာတွေကို ယူပြီး အရင်ထွက်မယ်။ မင်းတို့ကတော့ ဆယ်စက္ကန့် ပြည့်အောင် စောင့်ပြီးမှ ထွက်လာခဲ့ကြ။ မှတ်ထားပါ ဆယ်စက္ကန့် ပြည့်အောင် စောင့်ပြီးမှ ထွက်လာကြ။ ပြီးရင်တော့ ငါ့ရဲ့ အခြေအနေက ဘယ်လိုပဲ ဖြစ်နေဖြစ်နေ၊ အချိန်မဖြုန်းဘဲ မီဂူ့စ် နဲ့ သူမရဲ့ ကလေးကို မင်းတို့ရဲ့ အပြင်းထန်ဆုံး တိုက်ကွက်တွေနဲ့ တိုက်ခိုက်ကြ"
အဲ့ဒီလို ပြောလိုက်ပြီး သူက အရိုးပြာအိုးကို ကိုင်ကာ အခန်းကန့်ထားတဲ့ဘက်ကို လှည့်ထွက်သွားလိုက်တယ်။
"ကပ္ပတိန်..." ကလိုင်း က နှုတ်ခမ်းတွေ ခြောက်ကပ်စွာ အော်ခေါ်လိုက်မိတယ်။
"ကပ္ပတိန်!" လန်နာ့ဒ် ကလည်း အော်ခေါ်လိုက်တယ်။
ဒန်း က ရပ်လိုက်ပြီး အနောက်ကို လှည့်ကြည့်လိုက်တယ်။ သူ့ရဲ့ မျက်နှာထားက နူးညံ့နေပြီး သြဇာရှိတဲ့ အသံနဲ့ ပြောလိုက်တယ် "ငါ့အတွက် စိတ်မပူပါနဲ့။ ငါက တစ်ယောက်တည်း မဟုတ်ဘူး။ ငါ ဘယ်လို အန္တရာယ်မျိုးနဲ့ပဲ ရင်ဆိုင်ရပါစေ အက်ဒီလိတ်၊ ဒွိန်း၊ ဟစ်တေး နဲ့ ကန်လေ တို့က ငါ့ဘေးမှာ အတူတူ တိုက်ပွဲဝင်နေကြတာ"
သူ ခဏလောက် တိတ်ဆိတ်သွားပြီးမှ သူ့ရဲ့ နူးညံ့တဲ့ မီးခိုးရောင် မျက်လုံးတွေနဲ့ ဆက်ပြောလိုက်တယ် " ကြောက်စရာလဲ မလိုပါဘူး။ ငါတို့က ထင်းဂန် မြို့ကို စောင့်ရှောက်နေကြတာပဲ “
သူ့ရဲ့ နှုတ်ခမ်းတွေက အပေါ်ကို ကွေးညွှတ်သွားပြီး ထုံးစံအတိုင်း အပြုံးတစ်ခု ဖြစ်ပေါ်တယ်။
အဲ့ဒီစကားတွေကို ပြောပြီးနောက်မှာတော့ သူက ထပ်မနေတော့ဘူး။ သူ့ရဲ့ အနက်ရောင် လေကာဂျက်ကတ်ကြီးက လွင့်ခါသွားရင်း အခန်းကန့်ထားတဲ့ နေရာကနေ ထွက်ခွာသွားပါတော့တယ်။
"ကပ္ပတိန်!" ကလိုင်း နဲ့ လန်နာ့ဒ် တို့ နှစ်ယောက်လုံး တစ်ပြိုင်နက် အော်ခေါ်လိုက်ကြပေမဲ့ မျက်ရည်တွေကတော့ ထိန်းမရအောင် ကျလာပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒန်းရဲ့ ခြေလှမ်းတွေက နှေးမသွားခဲ့ပါဘူး။
“ငါတို့ဟာ ကာကွယ်စောင့်ရှောက်သူတွေ ဖြစ်ကြတယ်၊ ဒါပေမဲ့ တစ်ဖက်မှာလည်း ငါတို့ ခန္ဓာကိုယ်ထဲက အန္တရာယ်တွေနဲ့ ရူးသွပ်မှုတွေကို အမြဲတမ်း တိုက်ထုတ်နေရတဲ့ သနားစရာကောင်းတဲ့ လူတစ်စုလည်း ဖြစ်နေတယ်”