ငိုကြွေးခြင်း
Vol. 21 Ch. 208
.. ဘီပ်... ဘီပ်…ဘီပ်
ကပ္ပတိန်ရဲ့ ရုံးခန်းထဲက ကြေးနန်းစက်က ရုတ်တရက် အသံထွက်ကာ သက်ဝင်လှုပ်ရှားလာပြီး ကြေးနန်းစာအသစ်တစ်ခု ရောက်ရှိလာပါတယ်။
ဒါပေမဲ့ ကလိုင်း နဲ့ လန်နာ့ဒ် တို့ကတော့ ကြေးနန်းစက်ဆီကို အာရုံမရောက်နိုင်ကြပါဘူး။ သူတို့ဟာ နီရဲနေတဲ့ မျက်ဝန်းတွေမှာ မျက်ရည်တွေ ဝိုင်းနေရင်း နာရီလက်တံရဲ့ ရွေ့လျားမှုကိုပဲ စောင့်ကြည့်ပြီး ရေတွက်နေကြတာ ဖြစ်ပါတယ်။
"၁၀"
"၉"
"၈"
...
အဲ့ဒီအချိန်မှာပဲ ဒန်း စမစ် ဟာ ငွေရောင် အရိုးစုပုံစံ သေတ္တာလေးကို ကိုင်ပြီး တည်ငြိမ်လေးနက်တဲ့ မျက်နှာထားနဲ့ ဧည့်ခန်းထဲကို လျှောက်လှမ်းသွားပါတယ်။
ရွှေရောင်ဆံပင်တွေကို အထွေးလိုက် ဆွဲနှုတ်နေတဲ့ မီဂူ့စ် ဟာ အရိုးတွေ မြင်ရတဲ့အထိ နက်ရှိုင်းတဲ့ ဒဏ်ရာတစ်ခုကို ဆွဲဖြဲလိုက်တယ်။ သူမဟာ တစ်စုံတစ်ခုကြောင့် လှုံ့ဆော်ခံလိုက်ရသလို ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး အနက်ရောင် လေကာ ဂျက်ကတ်အရှည်နဲ့ ဒန်း စမစ် ကို လက်ညှိုးထိုးကာ စူးစူးဝါးဝါး အော်ဟစ်လိုက်တယ်—
"နင် ငါ့ကလေးကို သတ်ချင်နေတာလား!"
"နင် ငါ့ကလေးကို သတ်ချင်နေတာလား!"
ဝုန်း! စူးရှပြီး ထိတ်လန့်စရာကောင်းတဲ့ အသံကြီးက ဟိန်းထွက်သွားတယ်။ ကလိုင်း ဟာ သူ့ခေါင်းကို တူကြီးနဲ့ အထုခံလိုက်ရသလို ခံစားလိုက်ရတယ်။ သူဟာ ခေါင်းကိုက်ပြီး မူးဝေသွားတာကြောင့် ၁၀ စက္ကန့် ပြည့်အောင် ရေတွက်ဖို့ကိုတောင် ခဏမေ့သွားပါတယ်။
သူ့ရဲ့ အမြင်အာရုံတွေဟာ နီရဲလာပြီး နှာခေါင်းထိပ်ကနေ အရည်တစ်ခုခု စီးကျလာသလို ခံစားလိုက်ရတယ်။
သူက အမှတ်တမဲ့ ဘေးကို လှည့်ကြည့်လိုက်တော့ လန်နာ့ဒ် ရဲ့ မျက်လုံးထောင့်တွေ၊ နှာခေါင်းထိပ်နဲ့ နှုတ်ခမ်းထောင့်တွေမှာ သွေးတွေ ထွက်နေတာကို တွေ့လိုက်ရတယ်။ လန်နာ့ဒ် ရဲ့ မျက်နှာက အစွမ်းကုန် ဖြူဖျော့နေပြီး ခန္ဓာကိုယ်ကလည်း လဲကျတော့မလို ယိမ်းထိုးနေပါတယ်။
*”ငါလည်း ဒီလိုအခြေအနေမျိုး ဖြစ်နေမှာပဲ”*... ကလိုင်း က စိတ်ကို ထိန်းပြီး နံပါတ်နှစ်ခုကို ကျော်ကာ စိတ်ထဲကနေ ဆက်ပြီး ရေတွက်လိုက်တယ်။
"၅"
"၄"
...
ထိတ်လန့်စရာကောင်းလောက်အောင် စူးရှတဲ့ မီဂူ့စ်ရဲ့ အသံကြောင့် ဒန်း စမစ် ရဲ့ မီးခိုးရောင် မျက်လုံးတွေထဲမှာ သွေးကြောတွေ နီရဲ နေတဲ့အထိ ထွက်လာတယ်။ သူ့မျက်လုံးထဲက သွေးကြောမျှင်လေးတိုင်းကို အထင်အသား မြင်နေရတယ်။
သူ့မျက်နှာက သွေးကြောတွေကလည်း မြွေတွေလို ရုန်းကြွလာကြတယ်။ သူ့ရဲ့ နားထဲကနေလည်း သွေးတွေ စီးကျလာပါတယ်။
အဲ့ဒီလို မူးဝေနေတဲ့ ကြားကပဲ သူဟာ ပြင်းပြတဲ့ စိတ်ဓာတ်ခွန်အားနဲ့ ဆယ်လီနာ သူတော်စင်မ ရဲ့ အရိုးပြာအိုးရဲ့ အဖုံးကို ဖွင့်လိုက်တယ်။
သေတ္တာထဲမှာတော့ နက်ရှိုင်းတဲ့ အမှောင်ထုကြီး ရှိနေတယ်။ အဲ့ဒီ အမှောင်ထုထဲမှာတော့ တောက်ပနေတဲ့ သဲမှုန်လေးတွေ ရှိနေပါတယ်။ အဲ့ဒီ မြင်ကွင်းက သေတ္တာထဲမှာ ကြယ်တွေစုံတဲ့ ညကောင်းကင်ယံကို ထည့်ထားသလိုမျိုး မှော်ဆန်စွာ လှပနေပါတယ်။
ပတ်ဝန်းကျင်က ရုတ်တရက် အမှောင်အတိကျသွားပြီး ထိုအမှောင်ထုက ဧည့်ခန်းတစ်ခုလုံးကို ဝါးမြိုသွားပါတယ်။ လေထဲမှာတော့ ရေတွက်လို့မရနိုင်အောင်များပြားတဲ့ အနက်ရောင်ရှိပြီး အေးစက် ချောမွတ်သော အမျှင်တန်းတွေက လွင့်မျောနေတယ်။
အဲ့ဒီ အမျှင်တန်းတွေက မီဂူ့စ် ဆီကို အရှိန်နဲ့ ပြေးဝင်သွားပြီး သူမကို ချက်ချင်းပဲ ရစ်ပတ်လိုက်တယ်။
အဲ့ဒါက ပင့်ကူအိမ်နဲ့ မတူဘဲ အမည်မသိ သတ္တဝါတစ်ကောင်ရဲ့ လက်တံတွေနဲ့ ပိုတူနေပါတယ်။
မီဂူ့စ် ဟာ သူမရဲ့ ညာဘက်မျက်လုံးကို ဆွဲထုတ်လိုက်ပါတယ်။ အဲ့ဒီ မျက်လုံးက မျက်တွင်းအောက်မှာ အသားမျှင်လေး တစ်ခုနဲ့တွဲ လောင်းလေးဖြစ်နေတယ်။ သူမက ဒန်း စမစ် ကို နာကျည်းမှုတွေနဲ့ စိုက်ကြည့်ရင်း ဟိန်းဟောက်လိုက်တယ်—
"နင် သေရမယ်!"
ဒိုင်း! ဒန်း ဟာ မမြင်ရတဲ့ အားတစ်ခုကြောင့် လွင့်စင်သွားပြီး တစ်ဖက်က နံရံကို ပြင်းပြင်းထန်ထန် ရိုက်မိသွားပါတယ်။ နံရံက အက်ကွဲသွားပြီး အုတ်ခဲတွေ လွင့်ထွက်ကုန်တယ်။ သူက ပါးစပ်ထဲက ထွက်လာတဲ့ သွေးတွေကို မြေပြင်ပေါ် အန်ထုတ်လိုက်ပေမဲ့ လက်နှစ်ဖက်ကတော့ ဆယ်လီနာ သူတော်စင်မ ရဲ့ အရိုးပြာအိုးကို မြေပြင်ပေါ် မကျအောင် အသက်နဲ့လဲပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲ ဖြစ်တယ်။
အဲ့ဒီ အနက်ရောင် အမျှင်တန်းတွေက မီဂူ့စ် ကို လှုပ်မရအောင် တင်းတင်းကြပ်ကြပ် ချည်နှောင်ထားလိုက်တယ်။ ရုတ်တရက်ကြီး သူမရဲ့ကိုယ်ပေါ်ကနေ နားကျဉ်းမှုများ စွန်းထင်းနေတဲ့မီးတောက်တွေ ဘယ်လောက်ပဲ ထွက်လာလာ၊ ကန့် အနံ့ ထွက်နေတဲ့ အရည်တွေ သူမကိုယ်ထဲကနေဘယ်လောက်ပဲထွက်လာလာ သူမကို ရစ်နှောင်ထားတဲ့ အဲ့ဒီ အမျှင်တန်းတွေကိုတော့ ပြေလျော့သွားအောင် ဘယ်လိုမှ မလုပ်နိုင်ပါဘူး။
"၃!"
"၂!"
"၁!"
ကလိုင်း နဲ့ လန်နာ့ဒ် တို့ဟာ အခန်းကန့်ထားတဲ့ နေရာကနေ တစ်ပြိုင်နက်တည်း ပြေးထွက်လာကြတယ်။ တစ်ယောက်က နွေးထွေးတဲ့အငွေ့အသက်ရှိသော ရွှေရောင်အပြားလေးကို ကိုင်ထားပြီး နောက်တစ်ယောက်ကတော့ သွေးကြောသူခိုးပတ်ထားတဲ့ သူ့ရဲ့ ဘယ်ဘက်လက်က လက်ချောင်း ၅ ချောင်းနဲ့ မီဂူ့စ် ကို ချိန်လိုက်ပါတယ်။
လူနဲ့ မတူတော့တဲ့ မီဂူ့စ် ဟာ ရုန်းကန်နေရင်း သူမရဲ့ ပုခုံးနှစ်ဖက်ကနေ အသားတွေ ဖောင်းကြွထွက်လာတယ်။ အဲ့ဒါတွေက သွေးကြောတွေနဲ့ အစိမ်းရောင် အကြောတွေ ရောယှက်နေပြီး ကလေးခေါင်းတစ်ခု အရွယ်အစား ရှိပါတယ်။
ပခုံး ၂ ဖက်အပေါ်က ကလေး ခေါင်းနှစ်လုံးရဲ့ အပေါ်မှာ အက်ကွဲကြောင်းတွေက မြန်မြန်ဆန်ဆန် ပျံ့နှံ့လာပြီး မျက်လုံးတစ်စုံအဖြစ် ပြောင်းလဲသွားပါတယ်။
မီဂူ့စ် ဟာ သူ့မဆီကို အသက်အန္တရာယ် တစ်ခု နီးကပ်လာတာကို သတိပြုမိသွားပြီး ပါးစပ်ကို ဖြဲလိုက်တယ်။ သူမရဲ့ နှုတ်ခမ်းထောင့်တွေက နားရွက်အထိ အက်ကွဲသွားပါတယ်။
သူမဟာ ကလေးကို ရန်ပြုမယ့် ရန်သူတိုင်းကို ‘ဒေဝဒတ် ကျိန်စာ' နဲ့ တုံ့ပြန်ဖို့ ပြင်လိုက်ပါတယ်။
အဲ့ဒီအချိန်မှာပဲ လန်နာ့ဒ် က သူ့ရဲ့ ဘယ်ဘက်လက်ကနေ လက်သီးဆုပ်ပြီး လက်ကောက်ဝတ်ကို နည်းနည်း လှည့်လိုက်တယ်။
သူ့ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာက ညိုမည်းသွားပြီး သွေးကြောတွေက ပိုးကောင်လေးတွေလို ဖောင်းကြွလာတယ်။
"..." မီဂူ့စ် ရဲ့ ‘ဒေဝဒတ် ကျိန်စာ' ဟာ သူမရဲ့ လည်ချောင်းထဲမှာတင် ရုတ်တရက် ရပ်တန့်သွားတယ်။ သူမဟာ စကားပြောနိုင်တဲ့ အစွမ်းနဲ့ ကျိန်စာတိုက်နိုင်တဲ့ အစွမ်းတွေ ဆုံးရှုံးသွားပုံ ရပါတယ်။
ကလိုင်း က အခွင့်အရေးကို အမိအရယူပြီး ရှေးဟောင်း ဟားမီးစ် ဘာသာစကားနဲ့ နက်ရှိုင်းတဲ့ အသံဖြင့် ရွတ်ဆိုလိုက်တယ်။
"အလင်း!"
“ငါသည် အလင်းကို အလိုရှိတယ်၊ အလင်း ဖြစ်ပေါ်လာပါစေ!”
လျှို့ဝှက်ဆန်းကြယ်တဲ့ သင်္ကေတတွေ ပါတဲ့ ရွှေရောင်အ ပြားလေးက ပူပြင်းလာတာကို သူ ခံစားလိုက်ရပြီး အဲ့ဒီ အပြားက နေမင်းအသေးစားလေး တစ်ခုလိုမျိုး စူးရှတဲ့ အလင်းတွေ ထုတ်လွှတ်လိုက်တာကို တွေ့လိုက်ရတယ်။
အဲ့ဒီနောက်မှာတော့ ကလိုင်း က သူ့ရဲ့ ဝိညာဉ်စွမ်းအား တစ်ဝက်ကျော်ကို ရွေရောင်အပြားလေးထဲကို ထည့်လိုက်ပြီး တောက်လောင်နေသော နေမင်းအဆောင် နဲ့ ချည်နှောင်ခံထားရတဲ့ မီဂူ့စ် ကို ပစ်ပေါက်လိုက်တယ်။
ဧည့်ခန်းတစ်ခုလုံးဟာ ချက်ချင်းဆိုသလို လင်းထိန်ကာ ကြည်လင်တောက်ပသွားပြီး အမှောင်ထုနဲ့ မည်းမှောင်မှုတွေဟာ တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားတယ်။ မီဂူ့စ် ကို ရစ်ပတ်ထားတဲ့ အနက်ရောင် အမျှင်တန်းတွေကလည်း တစ်စုံတစ်ခုကို ကြောက်လန့်တကြား ရှောင်ရှားကြသလိုမျိုး ကျုံ့ဝင်သွားပါတယ်။
ဒါပေမဲ့ မီဂူ့စ် က အမည်းရောင် အမျှင်တန်းတွေရဲ့ ချည်နှောင်မှုကနေ လွတ်မြောက်ခွင့် မရခင်မှာပဲ သူမဟာ နေရောင်ခြည်ကို မြင်တွေ့လိုက်ရပြီ ဖြစ်တယ်။
တိုက်ပွဲအတွင်းမှာ ဆူးနက် လုံခြုံရေးကုမ္ပဏီ ရဲ့ မျက်နှာကျက်က ပေါက်ထွက်သွားပြီး အဲ့ဒီအပေါက်က တတိယထပ် ခေါင်မိုးအထိ ပွင့်ထွက်သွားပါတယ်။ ကြည်လင်တဲ့ မိုးကောင်းကင်နဲ့ စူးရှတဲ့ နေရောင်ခြည်တွေက တစ်ပြိုင်နက်တည်း ကုမ္ပဏီရဲ့ အပေါက်ကနေ ထိုးဖောက်ဝင်ရောက်လာပါတယ်။
အဆောင်ရွှေပြားလေးက မီဂူ့စ် ရဲ့ အပေါ်က ထိုးဖောက်လာတဲ့ နေရောင်ခြည်နဲ့ ပေါင်းစပ်သွားပြီး ချက်ချင်းဆိုသလို အရွယ်အစားပိုပြီး ကြီးမားလာတယ်။ အဲ့ဒါက အလင်းလုံးလေး တစ်ခုကနေ မီးတောက်တွေ ရစ်ပတ်နေတဲ့ အလင်းလုံးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပါတော့တယ်။
ဝုန်း!
အဆောက်အဦး တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး အနီးနားက လမ်းမတွေပေါ်က ပြတင်းပေါက် မှန်တွေအားလုံး ကွဲအက်ကုန်ပါတယ်။
ဒါပေမဲ့ အဲ့ဒီ နေမင်းသဏ္ဍာန် အလင်းလုံးရဲ့ စွမ်းအားကတော့ အပြင်ကို လွင့်စင်မသွားဘဲ ဗဟိုချက်ဆီမှာပဲ စုစည်းနေပါတယ်။
နေမင်းပုံစံအလုံးထဲကနေ ထွက်လာတဲ့အလင်းတန်းတွေက မီဂူ့စ် ကို လွှမ်းခြုံသွားပြီး အဲ့ဒီအလင်းက စူးရှလွန်းတာကြောင့် ကလိုင်း၊ ဒန်း နဲ့ လန်နာ့ဒ် တို့ဟာ မျက်လုံးတွေကိုတောင် မဖွင့်နိုင်ကြပါဘူး။
ကလိုင်း ဟာ အလင်းစူးလွန်းလို့ ကျလာတဲ့ မျက်ရည်တွေကို ထိန်းထားရင်း မျက်လုံးကို မှေးပြီး ကြည့်လိုက်ပါတယ်။ အလင်းတန်းတွေ ပျောက်ကွယ်သွားတဲ့အခါ မီးတောက်တွေကတော့ ဟုန်းဟုန်းထ တောက်လောင်နေဆဲ ဖြစ်တာကို သူ တွေ့လိုက်ရတယ်။ အဲ့ဒီမီးတောက်တွေကြားမှာတော့ အနက်ရောင် ပြာမှု့န်တွေက လေထဲမှာ ဝဲလွင့်နေပါတယ်။
မီဂူ့စ် နဲ့ သူမရဲ့ ဗိုက်ထဲက ကလေးကိုတော့ ဘယ်မှာမှ မတွေ့ရတော့ပါဘူး။မီဂူ့စ် ထိုင်ခဲ့တဲ့ နားက လက်ဖက်ရည်ဝိုင်း၊ ရေခွက်၊ သတင်းစာနဲ့ ဆိုဖာတွေဟာ အကုန်လုံး ပျောက်ကွယ်သွားပါတယ်။
*”. ပြီးသွားပြီလား။ ဆိုးယုတ်တဲ့ နတ်ဘုရားတစ်ပါးရဲ့ သားတော်က ဒီကမ္ဘာပေါ် ကို ဆင်းသက်မလာနိုင်သေးခင်မှာပဲ ငါတို့ အပြတ်ရှင်းလိုက်တာကို ခံလိုက်ရတာလား။ အဲ့ဒီ သားတော်က "သူ့" မိခင်နဲ့ အတူ တစ်ပါတည်း သေသွားပြီလား”*
ကလိုင်း က ခုထိ ယုံတောင် မယုံနိုင်သေးပါဘူး။
ဗီဒီယိုဂိမ်း ကစားခဲ့တဲ့ သူ့ရဲ့ အတွေ့အကြုံအရတော့ နောက်ဆုံး ဗိုလ်ချုပ်ကြီး ဆိုတာ ဒီလောက် လွယ်လွယ်ကူကူနဲ့ ဇာတ်သိမ်းသွားမှာ မဟုတ်နိုင်ပါဘူး။
ရုတ်တရက် သူ တစ်ကိုယ်လုံး ကြက်သီးတွေ ထသွားတယ်။ သူ့ရဲ့ လူရွှင်တော် (အမြင်ဆရာ လမ်းစဉ် ဆုံမှတ် ၈) အာရုံက အလွန်အမင်း အန္တရာယ်ကြီးတဲ့ အရာတစ်ခု နီးကပ်လာနေပြီလို့ သူ့ကို သတိပေးလိုက်ပါတယ်။
ဘာမှ စဉ်းစားမနေတော့ဘဲ ကလိုင်း ဟာ ဘယ်ဘက်ကို အမြန်ဆုံး လိမ့်ကာရှောင်လိုက်ပါတယ်။
အဲ့ဒီအချိန်မှာပဲ ဘယ်ကနေ ရောက်လာမှန်းမသိတဲ့ အလွန်ထက်ရှသော အဖြူရောင် အရိုးကို ဓားသွားအဖြစ် သုံးထားတဲ့ လက်မောင်းအရှည်ကြီးတစ်ခုက သူရှိနေတဲ့ နေရာကို ခုတ်ပိုင်းချလိုက်တယ်။ အဲ့ဒီ မိစ္ဆာမဟာ ထူးဆန်းစွာ လှပနေပြီး လေထဲမှာ မျောလွင့်နေပါတယ်။ အဲ့ဒီအရာကြီးဟာ မယုံနိုင်လောက်အောင် မြန်ဆန်လွန်းတာကြောင့် သူမရဲ့ တိုက်ကွက်တွေကို ရှောင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ ဖြစ်ပါတယ်။
ရှူး!
ကလိုင်း ရဲ့ ညာဘက်ရင်ဘတ်က အင်္ကျီဟာ စုတ်ပြဲသွားပြီး အရေပြားတွေ ပေါက်ပြဲကာ အသားစတွေနဲ့ အရိုးတွေကပါ ခုတ်ပိုင်းလိုက်တဲ့ ဓားချက်ကြောင့် နှစ်ခြမ်းကွဲသွားပါတယ်။ဒဏ်ရာက နက်လွန်းတာကြောင့် သူ့ရဲ့ အဆုတ်တစ်ဖက်ကိုတောင် မြင်နေရပါတယ်။
အန္တရာယ်ကို ကြိုတင်အာရုံခံနိုင်ပြီး အချိန်မီ ရှောင်လိုက်နိုင်လို့သာ ကလိုင်းက အသက်ရှင်တာ ဖြစ်ပါတယ်၊ မဟုတ်ရင် အဲ့ဒီဓားချက်က သူ့ကို နှစ်ပိုင်းပိုင်းသွားမှာ အသေအချာပါပဲ။
အဲ့ဒီလို ရှောင်လိုက်နိုင်ပေမဲ့လည်း ကလိုင်း ရဲ့ လှုပ်ရှားမှုတွေဟာ နှေးကွေးသွားပါတယ်။ အလွန်အမင်း နာကျင်မှုက သူ့ဦးနှောက်ထဲ အထိစိမ့်ဝင်သွားပြီး သူရဲ့ အသိစိတ်ဟာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပါတယ်။
အဖြူရောင် အရိုးဓားသွားရဲ့ အဆုံးမှာတော့ ပုံရိပ်တစ်ခုက အရှိန်နဲ့ ပျံထွက်လာပါတယ်။ အဲ့ဒီ လူပုံစံအရာကြီးရဲ့ ဗိုက်မှာ ဖောင်းကြွနေတဲ့ အဖုကြီးသာ မရှိရင် အဲ့ဒီ လူပုံစံကြီးဟာ မီဂူ့စ် ဖြစ်တယ်ဆိုတာ ဘယ်သူမှ ခွဲခြားနိုင်မှာ မဟုတ်ပါဘူး။
သူမရဲ့ ဆံပင်တွေနဲ့ ဝတ်စုံတွေကတော့ လုံးဝ လောင်ကျွမ်းသွားပြီ ဖြစ်ပါတယ်။ သူမရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်က အရေပြားတွေက မည်းတူးနေပြီး အဖတ်လိုက် ကွာကျနေပါတယ်။ နှာခေါင်းကလည်း အရည်ပျော်သွားတာကြောင့် အနက်ရောင် အပေါက်ငယ်လေး နှစ်ခုသာ ကျန်ပါတော့တယ်။ မျက်လုံးတွေလည်း မရှိတော့ဘဲ ဟောင်းလောင်းပေါက် ဖြစ်နေပြီး မျက်တွင်းတွေထဲမှာတော့ အဖြူရောင် မီးလျှံလေးတွေက ကခုန်နေကြသလို ဖြစ်နေပါတယ်။
မီဂူ့စ် ရဲ့ ပုခုံးနှစ်ဖက်ကနေ ထွက်နေတဲ့ 'ခေါင်း' နှစ်လုံးကတော့ လောင်ကျွမ်းသွားပြီ ဖြစ်ပါတယ်။ သူမရဲ့ ဘယ်ဘက်လက်မောင်းဟာ သူမ ကိုင်ဆောင်ထားတဲ့ အဖြူရောင် အရိုးဓားသွားကြီး ဖြစ်သွားခဲ့ပါပြီ။ အဲ့ဒီဓားက မိစ္ဆာဆန်သလို မြင့်မြတ်သလိုမျိုး ထူးခြား နေပါတယ်။
ဂျိမ်း!
မြေပြင်က တုန်ခါသွားပြီး မီဂူ့စ် ဟာ ဒန်း နဲ့ လန်နာ့ဒ် ကိုရော၊ သူမဆီကို နောက်ထပ် ဦးတည်လာတဲ့ အနက်ရောင် အမျှင်တန်းတွေကိုပါ ဂရုမစိုက်တော့ပါဘူး။ တပတ်လိမ့်ကာရှောင်လိုက်ပြီး ရပ်သွားတဲ့ ကလိုင်း ရဲ့ ရှေ့ကို သူမက ချက်ချင်း ရောက်လာပါတယ်။ သူမက အဖြူရောင် အရိုးဓားကို ကလိုင်း ရဲ့ လည်ပင်းဆီ ချိန်ရွယ်ပြီး ပိုင်းချဖို့ ဟန်ပြင်လိုက်ပါတယ်။
အဲ့ဒီအချိန်မှာပဲ နက်ရှိုင်းပြီး ဘုရားသခင်ကို ပစ်မှားစော်ကားလိုတဲ့ အသံတွေ ပါဝင်နေသော အသံကြီးတစ်သံကို သူမ ကြားလိုက်ရပါတယ်။
"အညံခံစမ်း!"
လန်နာ့ဒ် က သူ့ရဲ့ ဘယ်ဘက်လက်ဖဝါးကို မီဂူ့စ် ဆီ ချိန်ရွယ်လိုက်တယ်။ သူ့လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ အဆင့် ၂ ချိတ်ပိတ် လက်နက် ၂-၁၀၅ ဟာ ဖြူဖျော့ပြီး သွေးစွန်းနေတဲ့ သွေးကြောကြီးအဖြစ်ကနေ ပေါက်ကွဲထွက်တော့မတတ် ဖောင်းကြွနေတဲ့ နီနီရဲရဲ 'အူမကြီး’ အဖြစ် ပြောင်းလဲသွားပါတယ်။
သွေးကြောသူခိုး ရဲ့ အကူအညီနဲ့ လန်နာ့ဒ် ဟာ မီဂူ့စ် ရဲ့ ဒေဝဒတ် ကျိန်စာ ကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့ပြီး သူမရဲ့ စွမ်းအားကို သုံးကာ သူမကို ပြန်ပြီး ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
သူမနဲ့ အဆင့်တူတဲ့ အစွမ်းမျိုးကသာ သူမကို ထိရောက်စေနိုင်မှာ ဖြစ်ပါတယ်။
ဒေဝဒတ် ကျိန်စာ ရဲ့ လွှမ်းမိုးမှုအောက်မှာ မီဂူ့စ် ရဲ့ ခါးက ကိုင်းသွားပြီး သူမရဲ့ ဒူးတွေကလည်း တုန်နေပါတယ်။ သူမရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်သွားတဲ့အချိန်မှာပဲ ပတ်ဝန်းကျင်က အနက်ရောင် အမျှင်တန်းတွေက အရသာရှိတဲ့ သားကောင်ကို တွေ့လိုက်ရသလိုမျိုး သူမကို ဝိုင်းလိုက်ကြပါတယ်။ ကလိုင်း ကလည်း ရလာတဲ့ အခွင့်အရေးကို အသုံးချပြီး ဆန့်ကျင်ဘက်အရပ်ကို လိမ့်ရှောင်လိုက်တာကြောင့် ကြမ်းပြင်ပေါ်မှာ သူ့ဆီကထွက်တဲ့သွေးတွေနဲ့ နီရဲနေတဲ့ သွေးလမ်းကြောင်းကြီးသာ ကျန်ခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ အလွန်အမင်း နာကျင်နေတဲ့ ဒဏ်ရာတွေရနေပေမယ့် အိတ်ထဲကို လက်နှိုက်လိုက်ပါတယ်။ သူက နောက်ဆုံး ကျန်နေတဲ့ တောက်လောင်နေသော နေမင်းအဆောင် ကို ထုတ်ယူလိုက်တယ်။
မီဂူ့စ် ငြိမ်ကျသွားတဲ့ အခွင့်အရေးကို သုံးပြီး သူမကို အပြီးတိုင် ဇာတ်သိမ်းပစ်တော့မှာ ဖြစ်ပါတယ်။
တကယ်လို့ အဲ့ဒီ ဆိုးယုတ်တဲ့ နတ်ဘုရားရဲ့ 'ကလေး' မွေးလာတဲ့အထိ သူမက ခံနိုင်ရည် ရှိနေဦးမယ်ဆိုရင် ဖြစ်လာမယ့်ရလဒ်က သူတို့ စိတ်ကူးထားတာထက်တောင် ပိုပြီး ဆိုးဝါးသွားမှာ ဖြစ်ပါတယ်။
ဝုန်း!
မီဂူ့စ် ရဲ့ ခေါင်းက အလိုအလျောက် ပေါက်ကွဲသွားတယ်။ သူမရဲ့ မည်းတူးနေတဲ့ အရေပြားတွေနဲ့ အသားစတွေက ဘေးပတ်ပတ်လည်ကို လွင့်စင်သွားပါတယ်။
ဒါပေမဲ့ သူမရဲ့ ခေါင်းမပါတဲ့ ခန္ဓာကိုယ်ဟာ ဒေဝဒတ် ကျိန်စာ ရဲ့ သက်ရောက်မှုကနေ ရုန်းထွက်ဖို့ အခွင့်အရေး ရသွားခဲ့ပါပြီ။
ဝုန်း!
မီဂူ့စ် ရဲ့ မည်းတူးနေတဲ့ ခန္ဓာကိုယ်က ကျည်ဆန်တစ်တောင့်လိုမျိုး လန်နာ့ဒ် ဆီကို တည့်တိုးကြီး ပြေးဝင်သွားပါတယ်။ လန်နာ့ဒ် သုံးထားတဲ့ ဒေဝဒတ် ကျိန်စာဟာ နေမင်းအဆောင်ကြောင့် နှောင့်ယှက် ခံလိုက်ရသလို ဖြစ်သွားတဲ့အတွက် သူ့ခန္ဓာကိုယ်ဟာ ခေတ္တခဏ တောင့်တင်းသွားပါတယ်။
အဲ့ဒီအချိန်မှာ ဒန်း စမစ် ကတော့ ဆယ်လီနာ သူတော်စင်မ ရဲ့ အရိုးပြာအိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။ သူ့မျက်နှာက ပုံမှန်မဟုတ်လောက်အောင် ဖြူဖျော့နေပြီး သူ ဖန်တီးထားတဲ့ အနက်ရောင်ရှိပြီး အေးစက်သော အမျှင်တန်းတွေကလည်း မီဂူ့စ် ကို ချုပ်နှောင်မိဖို့ အချိန် နည်းနည်းပဲ လိုပါတော့တယ်။
ဂျိမ်း!
မီဂူ့စ် ဟာ လန်နာ့ဒ် ကို ဝင်တိုက်လိုက်ပြီး သူ့ကို နံရံဆီ လွင့်စင်သွားစေလိုက်ပါတယ်။ အရှိန်ကြောင့် နံရံပါ ပြိုကျသွားပါတယ်။
လန်နာ့ဒ် ရဲ့ အရိုးတွေ ကျိုးပဲ့ကုန်ပြီး သူ့ပါးစပ်ကနေလည်း သွေးတွေ အဆက်မပြတ် ထွက်လာပါတယ်။ ရုန်းကန်ဖို့တောင် ခွန်အားမရှိတော့ဘဲ သူက ချက်ချင်း သတိမေ့သွားပါတော့တယ်။
မီဂူ့စ် က သူမရဲ့ အဖြူရောင် အရိုးဓားကို မြှောက်လိုက်ပေမဲ့ ဆယ်လီနာ သူတော်စင်မ ရဲ့ အရိုးပြာအိုးကနေ ထွက်လာတဲ့ မရေတွက်နိုင်တဲ့ အနက်ရောင် အမျှင်တန်းတွေက သူမခန္ဓာကိုယ်ကို ထပ်ပြီး လွှမ်းခြုံကာ ကြမ်းပြင်ပေါ်မှာပဲ ချည်နှောင်လိုက်ပြန်ပါတယ်။
ဒဏ်ရာကို ဂရုစိုက်ဖို့ အချိန်မရှိတာကြောင့် ကလိုင်း က ပါးလွှာတဲ့ အဆောင်တစ်ခုကို အမြန်ထုတ်လိုက်တယ်။
သူက ရှေးဟောင်း ဟားမီးစ် မန္တန်ကို ရွတ်ဆိုတော့မယ့် အချိန်မှာပဲ... မှောင်မည်းကာ တိတ်ဆိတ်နေသော အခန်းထဲမှာ တစ်စုံတစ်ခုသော အသံက ရုတ်တရက် ထွက်ပေါ်လာပါတယ်။
"ဝါး... ဝါး..."
အဲ့ဒါက ကလေးတစ်ယောက်ရဲ့ ငိုသံပဲ ဖြစ်ပါတယ်။