အလင်း
Vol. 21 Ch. 209
"ဝါး... ဝါး..."
မီဂူ့စ် ရဲ့ ဗိုက်ထဲက ကလေးဟာ ငိုကြွေးလိုက်ပါတယ်။ အဲ့ဒီကလေးဟာ သူ့ရဲ့ မိခင်ကို အကျပ်အတည်းကနေ ကယ်တင်ဖို့ ကြိုးစားသလိုမျိုး အပြင်လောကထဲကို ထွက်လာဖို့ ဗိုက်ထဲကနေ လှုပ်နေတာ ဖြစ်ပါတယ်။
အနက်ရောင်ရှိကာ အေးစက်ပြီး ချောမွတ်တဲ့ အမျှင်တန်းတွေဟာ တုန်လှုပ်သွားပုံရပြီး မမြင်ရတဲ့ စွမ်းအားတစ်ခုရဲ့ ဖိနှိပ်မှုကို ခံလိုက်ရသလိုမျိုး နောက်ကို ဆုတ်ခွာသွားကြပါတယ်။
"ဝါး... ဝါး..."
ဒန်း နဲ့ ကလိုင်း တို့ဟာလည်း တစ်ပြိုင်နက်တည်း မူးဝေသွားကြပါတယ်။ သူတို့ရဲ့ လည်ချောင်းတွေဟာ အလိုအလျောက် ကျုံ့ဝင်သွားသလို ခံစားလိုက်ရပြီး လေပြွန်တွေ ပိတ်ဆို့သွားတာကြောင့် ချက်ချင်းပဲ အသက်ရှူကျပ်လာပါတယ်။
သူတို့ရဲ့ နှာခေါင်း၊ မျက်လုံးနဲ့ နားတွေကနေ သွေးတွေစီးကျလာပါတယ်။ သူတို့ရဲ့ သွေးကြောမျှင်လေးတွေအားလုံးကလည်း ပေါက်ထွက်ကုန်ပြီလို့တောင် ထင်ရပါတယ်။
ကလိုင်း ဟာ မီးခိုးရောင် မြူခိုးတွေပေါ်က ကမ္ဘာထဲကို ဝင်သွားတိုင်း ထူးဆန်းတဲ့ တီးတိုးသံတွေနဲ့ ရူးသွပ်စရာကောင်းတဲ့အသံတွေကို နားထောင်ရတဲ့ နှိပ်စက်မှုဒဏ်မျိုးကို ခံခဲ့ဖူးတဲ့အတွက် သူက လဲမကျသွားပေ။အဲ့ဒီအချိန်မှာ ဒန်း ကလည်း ဆယ်လီနာ သူတော်စင်မ ရဲ့ အရိုးပြာအိုးကို ကိုင်ထားပါတယ်။ ဒီလို မဟုတ်ရင်တော့ သူတို့နှစ်ယောက်လုံးဟာ လန်နာ့ဒ် လိုပဲ အဲ့ဒီနေရာမှာတင် သတိမေ့လဲကျသွားမှာ အသေအချာပါပဲ။
ခေါင်းမပါတော့တဲ့ မီဂူ့စ် ရဲ့ ခန္ဓာကိုယ်က လှည့်လာပြီး ကလိုင်း ကို ကြည့်လိုက်တယ်။ ကလိုင်း ဟာ သူမရဲ့ မည်းတူးနေတဲ့ အရေပြားနဲ့ အသားစတွေ မြေပြင်ပေါ်ကို ကွာကျနေတာရော၊ မြင့်မြတ်တဲ့ အရှိန်အဝါရှိသလိုလိုနဲ့ ယုတ်မာညစ်ညမ်းတဲ့ အဖြူရောင် အရိုးဓားသွားကိုရော မြင်တွေ့နေရပါတယ်။
ကလိုင်းဟာ အတွေ့အကြုံရှိတာကြောင့် ဆိုးယုတ်သော နတ်ဘုရားရဲ့ သားတော်၏ အော်သံလွှမ်းမိုးမှုကို ရုန်းထွက်နိုင်ခဲ့ပေမယ့် သူ့ဦးရေပြားတွေဟာ တုန်သွားသလို ခံစားလိုက်ရပြီး ညာဘက်ရင်ဘတ်က ဓားဒဏ်ရာရဲ့ နာကျင်မှုကိုတောင် သူက ခေတ္တခဏမေ့သွားသလို ဖြစ်သွားပါတယ်။ ရန်သူက သူ့ဆီကို အရူးအမူး ပြေးဝင်လာတာကို သူ မြင်တွေ့လိုက်ရပါတယ်။ သူမဟာ ကလိုင်း ကို ဂါထာရွတ်ဆိုဖို့၊ ဝိညာဉ်စွမ်းအားတွေ အဆောင်ထဲ ထည့်သွင်းဖို့နဲ့ တောက်လောင်နေသော နေမင်းအဆောင် ကို ပစ်ပေါက်ဖို့ အချိန်စက္ကန့်ပိုင်းလေးတောင် ပေးမယ့်ပုံမပေါ်ပါဘူး။
သူက တိုက်ကွက်ကို ရှောင်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ မီဂူ့စ် ဟာ ရုတ်တရက် ရပ်တန့်သွားတာကို တွေ့လိုက်ရတယ်။သူ့ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ကပ္ပတိန် ဒန်း စမစ် ရဲ့ အနက်ရောင် လေကာဂျက်ကတ်ကြီးက လွင့်နေပြီး ဒန်းက ခေါင်းငုံ့ထားတာကို သူ တွေ့လိုက်ရပါတယ်။ ဒန်း ရဲ့ ကျောပေါ်မှာတော့ အဆိပ်ရှိတဲ့မြွေတွေလိုမျိုး လက်တံတွေ ဒါမှမဟုတ် မိစ္ဆာကောင်တွေလိုမျိုး တုန်ခါပြီး ထူထူထဲထဲ ဖြစ်နေတဲ့ အရာတွေ အများကြီး ထွက်နေပါတယ်။
ဒန်း ဟာ အိပ်မက်ဆိုး (အမှောင်ထု လမ်းစဉ် ဆုံမှတ် ၇) အစွမ်းကို အသုံးပြုပြီး မီဂူ့စ် ရဲ့ လှုပ်ရှားမှုတွေကို အတင်းအကျပ် တားဆီးထားလိုက်ပါတယ်။
ဗုန်း! ဗုန်း! ဗုန်း!
မီဂူ့စ် ရဲ့ အနည်းငယ် ရုန်းကန်လိုက်မှုကြောင့် ဒန်း ရဲ့ ကျောပေါ်က လက်တံလိုမျိုး ထွက်နေတဲ့ အရာတွေဟာ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားပါတယ်။
သွေးတွေ အများကြီး ထွက်လာပြီး အခန်းရဲ့ နေရာအနှံ့ကို မိုးရေစက်တွေလိုမျိုး ပြန့်ကြဲ သွားပါတယ်။
ဒန်း ဟာ ဖြစ်လာတဲ့ အဖြစ်အပျက်ကြောင့် စိတ်ပျက်သွားတာမျိုးမရှိပါဘူး၊ ဘာလို့လဲဆိုတော့ ထွက်သွားတဲ့ သွေးတွေကို ရဲ့ ဆယ်လီနာ သူတော်စင်မရဲ့ အရိုးပြာအိုးကနေ ထွက်လာတဲ့ အနက်ရောင် အမျှင်တန်းတွေက စုပ်ယူလိုက်လို့ပဲ ဖြစ်ပါတယ်။
သွေးတွေကို အမျှင်တန်းလေးတွေက စုပ်ယူလိုက်ပါတယ်!
ရေတွက်လို့မရနိုင်အောင်များပြားပြီး အေးစက်ချောမွတ်တဲ့ အမျှင်တန်းတွေဟာ သွေးတွေကို စုပ်ယူလိုက်တဲ့အတွက် အရူးအမူး အားကောင်းလာ ကြပါတယ်။ သူတို့က ရှေ့ကို တိုးဝင်သွားပြီး မီဂူ့စ် ကို တင်းတင်းကြပ်ကြပ် ချည်နှောင်လိုက်ကာ သူမရဲ့ ဖောင်းကြွပြီး လှုပ်ရှားနေတဲ့ ဗိုက်ကိုလည်း ရစ်ပတ်လိုက်ကြပါတယ်။
*”ဒါဟာ အခွင့်အရေးပဲ!”*
ကလိုင်း ဟာ စိတ်လှုပ်ရှားသလို ရင်လည်း တုန်နေပါတယ်။ သူက ရှေးဟောင်း ဟားမီးစ် ဘာသာစကားနဲ့ "အလင်း" လို့ အော်ဖို့ ပြင်လိုက်တယ်။
"ဝါး! ဝါး! ဝါး!"
ကလေးရဲ့ ငိုသံက ထပ်ပြီး ထွက်ပေါ်လာပြန်ပါတယ်။ ဒီတစ်ခါမှာတော့ ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းသလို ပိုပြီးတော့လည်း ဆိုးကာ အဆက်မပြတ် ငိုနေပါတယ်။
အနက်ရောင် အမျှင်တန်းတွေဟာ ရုတ်တရက် ရပ်တန့်သွားပြီး မိုးကြိုးပစ်ခံလိုက်ရသလိုမျိုး တုန့်ဆိုင်းသွားကြကာ နောက်ကို ပြန်ဆုတ်သွားကြပါတယ်။
မီဂူ့စ် လွတ်မြောက်တော့မယ်ဆိုတာကို သိလိုက်တဲ့အခါ ဒန်း ရဲ့ မျက်နှာက ပြောင်းလဲသွားပါတယ်။ သူက ဘာမှ တွေဝေမနေတော့ဘဲ သူ့ရဲ့ ညာဘက်လက်ဖဝါးကို လက်သည်းပုံစံ လုပ်ပြီး သူ့ရဲ့ဘယ်ဘက်ရင်ဘတ်ထဲကို ထိုးသွင်းလိုက်ပါတယ်။
သူက သူ့ရဲ့ ညာဘက်လက်ကို အမြန်ပြန်ဆွဲထုတ်လိုက်တဲ့အခါ သူ့ရဲ့ လက်ချောင်းတွေကြားမှာ သွေးတွေ ပေကျံနေတဲ့ နှလုံးသားတစ်ခုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပါတယ်။ အဲ့ဒီနှလုံးသားဟာ ညဉ့်ဦးယံရဲ့ ငြိမ်းချမ်းမှုမျိုးနဲ့ အိမ်မက်တစ်ခုကို သယ်ဆောင်လာသလိုမျိုး ရင်ဘတ်ထဲကနေ ထုတ်လိုက်တဲ့အချိန်အထိ တုန်ခါနေဆဲဖြစ်ပါတယ်။
“*ကပ္ပတိန်…”* ကလိုင်း ဟာ ဒန်း စမစ် က သူ့နှလုံးသားကို ဆယ်လီနာ သူတော်စင်မ ရဲ့ အရိုးပြာအိုးထဲကို ထည့်လိုက်တာကို ဘာမှမတတ်နိုင်စွာ ကြည့်နေလိုက်ရပါတယ်။ သူ့ရဲ့ အမြင်အာရုံတွေဟာ ချက်ချင်းဆိုသလို ဝေဝါးသွားပါတယ်။
ရှူး! ရှူး! ရှူး!
ညလယ်ခေါင်က အိပ်မက်ဆိုးတစ်ခုလို ငိုသံတွေက ဟိန်းထွက်လာတယ်။ ရေတွက်လို့မရတဲ့ အေးစက်ပြီးငြိမ်းချမ်းသော အမျှင်တန်းတွေက သူတို့ရဲ့ အစွမ်းတွေကို ပြန်လည် စုစည်းလိုက်ပြီး မီဂူ့စ် ကို နောက်ထပ် တစ်ကြိမ် တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်ကြပြန်ပါတယ်။
ဒီတစ်ခါမှာတော့ မီဂူ့စ် ရဲ့ ဗိုက်ထဲက ကလေးက ဘယ်လောက်ပဲ ငိုငို ချည်နှောင်ထားတဲ့ အမျှင်တန်းတွေက လုံးဝ လျှော့မသွားကြပါဘူး။ တကယ်တော့ အနက်ရောင်အမျှင်တန်းတွေက အဲ့ဒီ ထိတ်လန့်စရာ ငိုသံတွေကို မီဂူ့စ်ရဲ့ ခန္ဓာကိုယ်ထဲမှာတင် ပိတ်လှောင်ထားလိုက်တာ ဖြစ်ပါတယ်။
ကလိုင်း ရဲ့ မျက်ရည်တွေဟာ သွေးတွေနဲ့အတူ ကျဆင်းလာပါတယ်။ သူက ရှေးဟောင်း ဟားမီးစ် ဘာသာစကားကို နက်ရှိုင်းသော အသံ ဖြင့် ရွတ်ဆိုလိုက်တယ်—
"အလင်း!"
အမှောင်ထုကို ထွန်းလင်းစေမယ့် အလင်း! နွေးထွေးမှုကို ယူဆောင်လာမယ့် အလင်း!
လျှို့ဝှက်အမှတ်သင်္ကေတတွေပါတဲ့ ပါးလွှာသော ရွှေရောင်အဆောင်ပြားလေးထဲကို သူ့မှာ ကျန်ရှိသမျှ ဝိညာဉ်စွမ်းအားတွေ အကုန်လုံး ထည့်လိုက်တာကြောင့် သူ့ရဲ့ စိတ်ဟာ ချက်ချင်းဆိုသလို ဗလာဖြစ်သွားပြီး မူးဝေသွားပါတယ်။
ကလိုင်း ဟာ သူ့မှာ ကျန်တဲ့ နောက်ဆုံး ခွန်အားကို စုစည်းပြီး အနက်ရောင် အမျှင်တန်းတွေနဲ့ ချည်နှောင်ခံထားရတဲ့ မီဂူ့စ် ဆီကို တောက်လောင်နေသော နေမင်းအဆောင် ကို ပစ်ပေါက်လိုက်တာဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ အနက်ရောင် အမျှင်တန်းတွေဟာ သူတို့ရဲ့ အလိုအလျောက် တုံ့ပြန်မှုကို ဆန့်ကျင်ကာ တစ်စုံတစ်ယောက်ရဲ့ စေခိုင်းမှုကို ခံနေရသလိုမျိုး မီဂူ့စ်ဆီကနေ နောက်ပြန်လှည့်မလာကြတော့ပါဘူး။
ဒုတ်! ဒုတ်!
ဆယ်လီနာ သူတော်စင်မ ရဲ့ အရိုးပြာအိုးထဲမှာ ဒန်း ရဲ့ လတ်ဆတ်တဲ့ နှလုံးသားဟာ အခုထိ ခုန်နေဆဲ ဖြစ်ပါတယ်။
မျက်နှာကျက်ပေါ်က အပေါက်ကနေ နေရောင်ခြည်က ထပ်ပြီး ထိုးဖောက်ဝင်ရောက်လာပါတယ်။ အဲ့ဒီ နေရောင်ခြည်က အထပ်သုံးထပ်လုံးကို ဖြတ်သန်းပြီး ဆူးနက်လုံခြုံရေးကုမ္ပဏီ ထဲကို အလင်းတိုင်ကြီးတစ်လုံးလို တိုက်ရိုက်ကျဆင်းလာပါတော့တယ်။
အလင်းတိုင်ကြီးဟာ တောက်လောင်နေသော နေမင်းအဆောင်က လမ်းညွှန်လိုက်သလိုမျိုး မီဂူ့စ် အပေါ်ကို တည့်တည့်ကြီးကျရောက်သွားပါတယ်။
နေရောင်ခြည်ဟာ ခေါင်းမပါတဲ့ မိစ္ဆာမ မီဂူ့စ်ရဲ့ အပေါ်ပိုင်းနဲ့ ပေါင်းစပ်သွားပြီး နေလုံးကြီး ပေါက်ကွဲထွက်သွားသလိုမျိုး ဖြစ်သွားပါတယ်။
ဝုန်း!
တောက်လောင်နေသော အဖြူရောင်မီးတောက်တွေရဲ့ အလှတရားကြားမှာ ကလိုင်း က မျက်လုံးကို မှိတ်လိုက်ပါတယ်။ ဒီနောက်ဆုံး မြင်ကွင်းက သူ့ရဲ့ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်သွားပါတော့တယ်။
မီဂူ့စ် ရဲ့ ခန္ဓာကိုယ်ဟာ ဘယ်ဘက်လက်မောင်း၊ ခေါင်းနဲ့ အသားစတွေ အများကြီး ပျက်စီးသွားခဲ့ပါပြီ။ သူမရဲ့ မည်းတူးနေတဲ့ ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ပြိုကွဲသွားပါတယ်။ သူမရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ တစ်ပိုင်းတစ်စဝိညာဉ်ပုံစံ ထိတ်လန့်စရာ သတ္တဝါဟာလည်း မိခင် ခန္ဓာကိုယ်ရဲ့ အထောက်အပံ့ မရှိတော့တာကြောင့် နောက်ဆုံး အသွင်ပြောင်းလဲခြင်းကို မရောက်နိုင်တော့ပါဘူး။ အဲ့ဒီအရာက ဒေါသတကြီး ဖြစ်နေတဲ့ အနက်ရောင် ဓာတ်ငွေ့လုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အလင်းနဲ့ မီးတောက်တွေကြားမှာ ပျောက်ကွယ်သွားပါတော့တယ်။
ဝုန်း!
အဆောက်အဦး တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားတာက တောက်လောင်နေသော နေမင်းအဆောင် ကနေ ထွက်လာတဲ့ စွမ်းအားတွေကြောင့် ဖြစ်ပါတယ်။
ဒီအဆောင်က သာမန် ဗုံးတစ်လုံးနဲ့ မတူပါဘူး။ သူ့ရဲ့ စွမ်းအားတွေက ဗဟိုချက်မှာပဲ စုစည်းနေပြီး ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ကလိုင်း ဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် အတင်းကြိုးစားလိုက်ရပါတယ်။ စက္ကန့်အနည်းငယ် ကြာတဲ့အခါ သူက မျက်လုံးဖွင့်ပြီး ရှေ့ကို ကြည့်လိုက်တယ်။
နံရံတွေ ပြိုကျနေတာကို သူ တွေ့လိုက်ရတယ်။ မီဂူ့စ် ရပ်ခဲ့တဲ့ နေရာမှာတော့ မည်းတူးနေတဲ့ စက်ဝိုင်းကြီးတစ်ခုသာ ရှိနေပါတယ်။ ထူးဆန်းတာက ကြမ်းပြင်က နေလုံးရဲ့ အပူကြောင့် အနည်းငယ်ပဲ အရည်ပျော်သွားပါတယ်။
ကြမ်းပြင်ပေါ်မှာ မီးတွေလောင်ကျွမ်းနေပြီး သွေးတွေ ပေနေတဲ့ အချင်းတိုင်တစ်ခုကို သူ တွေ့လိုက်ရတယ်။ ဒန်း စမစ် ကတော့ အနက်ရောင် လောကာဂျက်ကတ်ကို ဝတ်ထားဆဲဖြစ်ပြီး အဲ့ဒီနေရာမှာပဲ မတ်တတ်ရပ်နေတာကို သူ တွေ့လိုက်ရတယ်။ ဆယ်လီနာ သူတော်စင်မ ရဲ့ အရိုးပြာအိုးထဲက ဒန်းရဲ့ နှလုံးသားကလည်း နှေးကွေးစွာ ခုန်နေပါတယ်။ တစ်ဖက်မှာတော့ လန်နာ့ဒ် မစ်ချယ်က ကြမ်းပြင်ပေါ်မှာ လဲနေတာကို တွေ့ရပြီး သူ ဘယ်လိုဖြစ်သွားလဲဆိုတာကိုတော့ မသိရသေးပါဘူး။
ပင်ပန်းနွမ်းနယ်နေတဲ့ ကလိုင်း ဟာ ဝမ်းသာအားရ ဖြစ်သွားမိတယ်။ သူကအစီအရင် တစ်ခုခုကို သုံးပြီး ကပ္ပတိန် ကို ကယ်လို့ရနိုင်သေးတယ်လို့ ခံစားလိုက်ရတယ်။ မီဂူ့စ် နဲ့ သူမရဲ့ ကလေးကတော့ တကယ့်ကို ဇာတ်သိမ်းသွားပြီလို့ သူ ခံစားလိုက်ရပါတယ်။
မဟုတ်ဘူး— မီဂူ့စ် ဗိုက်ထဲက နတ်ဆ်ိုးရဲ့ သားတော်ကတော့ အပနှင်သလို အပြီးတိုင် သန့်စင်ခံလိုက်ရပြီလို့ ပြောရင် ပိုပြီး တိကျပါလိမ့်မယ်။
အဲ့ဒီအချိန်မှာ ဒန်း စမစ် ဟာ ကလိုင်း ဘက်ကို လှည့်ကြည့်လိုက်ပါတယ်။ သူ့ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာမှာ နွေးထွေးပြီး စိတ်သက်သာရာ ရသွားတဲ့ အမူအရာတစ်ခု ပေါ်နေသလို သူ့ရဲ့ အသံကလည်း ထုံးစံအတိုင်း သြဇာရှိပြီး ငြိမ့်ညောင်းနေဆဲ ဖြစ်ပါတယ်။
"ငါတို့ ထင်းဂန်မြို့ကို ကယ်တင်နိုင်ခဲ့ပြီ"
အဲ့ဒီစကားကို ပြောပြီးတဲ့နောက်မှာတော့ သူဟာ အသက်နှစ်ဆယ်အရွယ်ကို ပြန်ရောက်သွားသလိုပါပဲ။ သူဟာ ခါတိုင်းလို တည်ကြည်လေးနက်တဲ့ ပုံစံမျိုး မဟုတ်တော့ဘဲ ကလိုင်း ကို ဘယ်ဘက်မျက်လုံးနဲ့ မျက်စိတစ်ချက် မှိတ်ပြလိုက်ပါတယ်။
ကလိုင်း ရဲ့ မျက်နှာအမူအရာဟာ တောင့်တင်းသွားပါတယ်။ ဆယ်လီနာ သူတော်စင်မ ရဲ့ အရိုးပြာအိုးထဲက ဒန်းရဲ့ နှလုံးသားဟာ နှလုံးခုန်ရပ်သွားတာကို သူ မြင်လိုက်ရပါတယ်။ အဲ့ဒီနှလုံးသားဟာ တောက်ပတဲ့ အလင်းလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်အနှံ့လွင့်ပျံ့ သွားပါတယ်။
ကပ္ပတိန်ဟာ နောက်ပြန်လဲကျသွားပြီး သူ့ရဲ့ လက်မောင်းတွေကလည်း ခွန်အား မရှိတော့တာကို ကလိုင်း တွေ့လိုက်ရပါတယ်။
အဲ့ဒီမြင်ကွင်းက ပန်းချီကားချပ်တွေ တစ်ချပ်ပြီးတစ်ချပ် ပြနေသလို ဖြစ်နေပေမဲ့ ကလိုင်း အနေနဲ့ မတားဆီးနိုင်ခဲ့ပါဘူး။
ဒုတ်!
ဆယ်လီနာ သူတော်စင်မ ရဲ့ အရိုးပြာအိုးဟာ ဒန်း လက်ထဲကနေ ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားပါတယ်။ ကလိုင်း ရဲ့ နှလုံးသားလည်း အရိုးပြာအိုးနဲ့အတူ ပြုတ်ကျသလိုဖြစ်သွားပါတယ်။
ဂျိမ်း! ဂျိမ်း!
အရိုးပြာအိုးက အဖုံးပိတ်မထားပေမဲ့ အိုးထဲက အမှောင်ထုက အိုးအဝကို ပိတ်ဆို့ထားတာကြောင့် တောက်ပတဲ့ သဲမှုန်တွေလို သူတော်စင်မ အရိုးပြာတွေက အပြင်ကို ထွက်မလာပါဘူး။ အဲ့ဒီအိုးဟာ ကလိုင်း ရဲ့ ခြေထောက်နားအထိ လိမ့်လာပါတယ်။
ဒန်း စမစ် ဟာ ပျက်စီးနေတဲ့ ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေပြီး သူ့ရဲ့ မီးခိုးရောင် မျက်လုံးတွေဟာ အသက်ဓာတ် ကင်းမဲ့သွားပါပြီ။ သူဟာ မျက်နှာကျက်က အပေါက်ကြီးကို စိုက်ကြည့်နေပြီး နေရောင်ခြည်က သူ့မျက်နှာပေါ်ကို ဖြာကျနေပါတယ်။
*”ကပ္ပတိန်! “*
ကလိုင်း ရဲ့ အမြင်အာရုံတွေ ထပ်ပြီး ဝေဝါးလာပြန်ပါတယ်။ သူ အော်ဟစ်ချင်ပေမဲ့ ကားလုံးတွေနဲ့ နောက်ဆက်တွဲ စကားလုံးတွေက သူ့လည်ချောင်းထဲမှာပဲ တစ်ဆို့နေပါတယ်။
*”ကျွန်တော်တို့လည်း ခင်ဗျားကို သတိရနေမှာပါ.”*..
အဲ့ဒီအချိန်မှာ ဆယ်လီနာ သူတော်စင် ရဲ့ အရိုးပြာအိုးက သူ့ခြေထောက်နားအထိ လိမ့်ရောက်လာပါတယ်။
ရုတ်တရက် ကလိုင်း ဟာ သူ့ရင်ဘတ်ထဲမှာ နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ့ရဲ့ မျက်ဆံတွေဟာ ပြင်းပြင်းထန်ထန် ကျုံ့ဝင်သွားကာ မတ်တတ်ရပ်နေတဲ့ နေရာမှာတင် တောင့်တင်းသွားပါတယ်။ သူ အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ သူ့ရဲ့ ဘယ်ဘက်ရင်ဘတ်ကို ဖောက်ထွက်နေပြီး သွေးတွေပေကျံနေတဲ့ ဖြူဖျော့ဖျော့ လက်ဖဝါးတစ်ခုကို တွေ့လိုက်ရပါတယ်။
*”မီဂူ့စ် မသေသေးဘူးလား... မဟုတ်ဘူး၊”* “*ရန်သူနောက်တစ်ယောက်ပဲ... နောက်ကွယ်ကနေကြိုးကိုင်သူပဲ... ငါ သေတော့မှာလား…”*
ကလိုင်း ဟာ မြန်မြန်ဆန်ဆန်ပဲ သတိလွတ်သွားပြီး မျက်လုံးတွေကလည်း အသက်မရှိတော့ပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်က ဘေးကို ပြိုလဲကျသွားပါတယ်။
သူ့ရဲ့ အသက်ရှူသံတွေက တဖြည်းဖြည်း နှေးကွေးသွားပြီး အဲ့ဒီလက်ဖဝါးကို သူ့ရင်ဘတ်ထဲကနေ အမြန်ပြန်နုတ်သွားတာကို သူ နောက်ဆုံး ခံစားလိုက်ရပါတယ်။ သူဟာ အသစ်စက်စက် သားရေ ရှူးဖိနပ် တစ်စုံကို မြင်လိုက်ရပြီး လက်တစ်ဖက်က အောက်မှာကျနေတဲ့အရိုးပြာအိုးကို လှမ်းယူလိုက်တာကိုလည်း မြင်လိုက်ရပါတယ်။ အဲ့ဒီလက်က ဖြူဖျော့ဖျော့ လက်တစ်ဖက် ဖြစ်ပါတယ်။
အဲ့ဒီလက်က ဆယ်လီနာ သူတော်စင်မ ရဲ့ အရိုးပြာအိုးကို ကောက်ယူလိုက်ပါတယ်။
ကလိုင်း ရဲ့ အမြင်အာရုံတွေဟာ အတိအမှောင်ကျသွားပြီး သတိမေ့သွားပါတော့တယ်။
...
ပျက်စီးသွားတဲ့ ဆူးနက် လုံခြုံရေးကုမ္ပဏီ ထဲမှာတော့ လောင်ကျွမ်းကာ ပျက်စီးနေတဲ့ အရာဝတ္ထုတွေက ဟိုတစ်စ ဒီတစ်စ ပျံ့ကျဲနေပါတယ်။ ဒါပေမဲ့ ဘာအသံမှ ထွက်မလာဘဲ သုဿန်တစ်ခုလို တိတ်ဆိတ်နေပါတယ်။
မိနစ်အနည်းငယ် ကြာတဲ့အခါမှာတော့ လန်နာ့ဒ် မစ်ချယ် ရဲ့ ခန္ဓာကိုယ်က လှုပ်ရှားလာပြီး သူ့မျက်လုံးတွေက ဖြည်းဖြည်းချင်း ပွင့်လာပါတယ်။
သူဟာ ခက်ခဲစွာနဲ့ မတ်တတ်ထလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တယ်။ မြေပြင်ပေါ်မှာ လဲနေတဲ့ ဒန်း စမစ် ကို သူ တွေ့လိုက်ရပါတယ်။ ပြီးတော့ ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်နှာနဲ့ မျက်လုံးတွေ ပြူးနေတဲ့ ကလိုင်း ကိုလည်း တွေ့လိုက်ရပါတယ်။
ဒန်း နဲ့ ကလိုင်း နှစ်ယောက်လုံးရဲ့ ဘယ်ဘက်ရင်ဘတ်မှာတော့ ထင်ထင်ရှားရှား မြင်နေရတဲ့ ဒဏ်ရာအပေါက်ကြီးတွေ ရှိနေပါတယ်။
"မဖြစ်နိုင်ဘူး..."
လန်နာ့ဒ် က သူ့လည်ချောင်းထဲကနေ အသံကို အတင်းညှစ်ထုတ်ရင်း ဒန်း ရဲ့ အလောင်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ကလိုင်း ရဲ့ အလောင်းဆီကို ယိုင်တိယိုင်တိုင် လျှောက်သွားပါတယ်။
သူဟာ ကလိုင်း တို့နှစ်ယောက်လုံးကို တစ်လှည့်စီ အကြိမ်ကြိမ် စစ်ဆေးကြည့်ပေမဲ့ သူ လက်ခံလိုက်ရတဲ့ အမှန်တရားတစ်ခုကတော့ သူ့မိတ်ဆွေ နှစ်ယောက်ရဲ့ ပြောင်းလဲလို့မရတဲ့ သေဆုံးခြင်းပဲ ဖြစ်ပါတယ်။
လန်နာ့ဒ် ရဲ့ ဒူးတွေက ပျော့ခွေသွားပြီး မြေပြင်ပေါ်ကို ဒိုင်းခနဲ လဲကျသွားပါတယ်။ သူ့ရဲ့ စိမ်းဖန့်ဖန့် မျက်လုံးတွေထဲမှာ နာကျင်မှုတွေ ပြည့်နှက်နေပြီး ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျလာကာ သွေးတွေ၊ ဖုန်မှုန့်တွေကို မျက်ရည်တွေနဲ့ဆေးကြောပစ်လိုက်သလို ဖြစ်သွားပါတယ်။ သူက ခေါင်းကို လှည့်ပြီး စက္ကန့်အနည်းငယ်လောက် နားစွင့်သလိုလုပ်လိုက်ပြီးနောက်မှာတော့ ရုတ်တရက် ရှေ့ကို မှောက်ကာ ငိုချလိုက်ပါတော့တယ်။ သူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်ဖဝါးတွေကို လက်သီးဆုပ်ကာ ကြမ်းပြင်ကို ပြင်းပြင်းထန်ထန် ထုရိုက်လိုက်ပါတယ်။
ဒုန်း! ဒုန်း! ဒုန်း!
လန်နာ့ဒ် ဟာ မျက်ရည်တွေ ကျနေရင်း ကြမ်းပြင်ကို ဆက်တိုက် ထုရိုက်နေပါတယ်။ သူ့ရဲ့ ဝမ်းနည်းမှုတကြီး ငိုသံတွေကြားမှာ ပြတ်သားတဲ့ နာကျည်းမှုနဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးနေတဲ့ ခံစားချက်တွေ ရှိနေပါတယ်။
ဒုတ်! ဒုတ်! ဒုတ်!
ကမူးရှူးထိုး ပြေးလာတဲ့ ခြေသံတွေကို ကြားလိုက်ရတဲ့အခါ လန်နာ့ဒ် က မော့ကြည့်လိုက်ပါတယ်။ ဝေဝါးနေတဲ့ အမြင်အာရုံကြားကနေ အခင်းဖြစ်ပွားရာနေရာကို အခုမှ ရောက်လာကြတဲ့ အာဏာပါးကွက်သား အဖွဲ့ နဲ့ ယန္တယားဟိုက်ဗ်မိုင်း အဖွဲ့ဝင်တွေကို သူ တွေ့လိုက်ရပါတယ်။