အခန်း (၂၅၁)
Vol. 26 Ch. 251
ဝုန်း... ဝုန်း...
စိုက်ခင်းအတွင်းရှိ နှစ်ဖက်တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲပင်။
ဆင့်ကဲပြောင်းလဲသူများနှင့် ဆင့်ကဲပြောင်းလဲပြီးသား ဇွန်ဘီများအကြား တိုက်ခိုက်မှုမှာ ပြင်းထန်သော လှိုင်းလုံးကြီးများအလား ရိုက်ခတ်နေပြီး နားကွဲမတတ် မြည်ဟည်းသံများမှာလည်း မပြတ်တမ်း ပဲ့တင်ထပ်နေတော့သည်။
အချိန်တရွေ့ရွေ့ ကုန်လွန်လာသည်နှင့်အမျှ ဧရာမဇွန်ဘီ ၁ သည် လင်းယုန်နက်အဖြစ် အသွင်ပြောင်းထားသည့် လူငယ်ကို အောင်မြင်စွာ နှိမ်နင်းပြီးနောက် အဆင့် ၃ ဇွန်ဘီအချို့နှင့် ပူးပေါင်းကာ မြေပြင်ပေါ်ရှိ ဆင့်ကဲပြောင်းလဲသူများကို ဝိုင်းရံတိုက်ခိုက်တော့သည်။
အဆင့် ၃ ဇွန်ဘီရုပ်သေးများ၏ တိုက်ခိုက်မှုကြားမှ ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်နေသည့် ဆင့်ကဲပြောင်းလဲသူများမှာ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းနှင့် ရှင်သန်နိုင်စွမ်း အလွန်မြင့်မားသူများ ဖြစ်ကြသည်။ သူတို့သည် အဆင့် ၃ ဇွန်ဘီရုပ်သေးများကို ရင်ဆိုင်ရရာတွင် ကြောက်ရွံ့ခြင်းမရှိဘဲ တိုက်ရိုက်ပင် တုံ့ပြန်ကာ တိုက်ခိုက်လာကြသည်။
"သတ်ကြစမ်း"
မြေပြင်ပေါ်တွင် ဆင့်ကဲပြောင်းလဲသူတစ်ဦးသည် အဆင့် ၃ ဇွန်ဘီရုပ်သေး နှစ်ကောင်၏ လက်ချက်မှ လျင်မြန်စွာ ရှောင်တိမ်းနေသည်။ သူသည် ဒဏ်ရာအနာတရ မရှိရုံတင်မကဘဲ သူ၏လက်ထဲရှိ စစ်သုံးဓားရှည်ကို အဆက်မပြတ် ဝှေ့ယမ်းကာ ဇွန်ဘီရုပ်သေး နှစ်ကောင်ပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာများကိုပါ ပေးစွမ်းနေသည်။
ထိုဇွန်ဘီရုပ်သေး နှစ်ကောင်က မည်သို့ပင် တိုက်ခိုက်စေကာမူ သူ့ကို အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်နိုင်ကြပေ။ ထိုဆင့်ကဲပြောင်းလဲသူမှာ ထိပ်ပြောင်ပြောင်နှင့် လူလတ်ပိုင်းအရွယ်ဖြစ်ပြီး သူ၏စွမ်းအင်မှာ တိုက်ခိုက်ခံရသည့် အခိုက်အတန့်တိုင်း၌ ခန္ဓာကိုယ်ကို အပြာရောင် အရည်များအဖြစ် ပြောင်းလဲလိုက်ခြင်းပင်။ ထိုသို့ဖြင့် ဇွန်ဘီရုပ်သေးများ၏ ဒဏ်ခတ်မှုကို ခံနိုင်ရည်ရှိအောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။
လျှပ်စီး ၃ ၏ လက်ထဲမှ သံမဏိဓားချပ်ကြီးသည် ပြိုင်ဘက်၏ အပြာရောင်အရည်ခန္ဓာကိုယ်ကို ဖြတ်တောက်လိုက်သည့်အခါ တစ်ခဏချင်းမှာပင် ပြတ်တောက်သွားသော်လည်း ချက်ချင်းဆိုသလိုပင် မူလအတိုင်း ပြန်လည်စေ့စပ်သွားသည်။
ဆန်းဖန့်၏ အားပါသော လက်သီးချက်များမှာလည်း ထိုနည်းအတိုင်းပင်။ ကြီးမားလှသော အားအင်များက အပြာရောင်အရည်များကို ခဏတာ ပြားချပ်သွားအောင် လုပ်နိုင်သော်လည်း လွင့်စင်သွားပြီးနောက်တွင် ချက်ချင်းပင် နဂိုအတိုင်း ပြန်ဖြစ်သွားပြန်သည်။ ၎င်းမှာ အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပြီး ကိုင်တွယ်ရခက်လှသည့် ကိစ္စပင်။
ထို့ကြောင့်ပင် ဆန်းဖန့် နှင့် လျှပ်စီး ၃ တို့ ပူးပေါင်းဝိုင်းရံထားသော်လည်း အချိန်အတော်ကြာသည့်တိုင်အောင် ထိုသူကို အလဲထိုးနိုင်ခြင်း မရှိသေးပေ။
ထိုစဉ်မှာပင် အဆင့် ၃ ပြားချပ်ချပ်ခေါင်းနှင့် လူငယ်ကို နင်းခြေသတ်ဖြတ်ခဲ့သည့် ဧရာမဇွန်ဘီ ၁ သည် လုချွမ်း၏ ထိန်းချုပ်မှုအောက်တွင် တဟုန်ထိုး ပြေးဝင်လာတော့သည်။
ဤကဲ့သို့ ကိုင်တွယ်ရခက်ခဲလှသော သတ္တဝါများကို အချိန်တိုအတွင်း အပြတ်ရှင်းပစ်နိုင်ရန်မှာ အဆင့် ၄ ၏ အစွမ်းထက်လှသော အင်အားမျိုးဖြင့်သာ ဖြစ်နိုင်ပေလိမ့်မည်။
ဝုန်း... ဝုန်း... ဝုန်း...
မြေပြင်မှာလည်း တုန်ဟည်းနေသော မြည်ဟည်းသံများနှင့်အတူ အဆက်မပြတ် တုန်ခါနေတော့သည်။ ဧရာမဇွန်ဘီ ၁ ၏ ဧရာမခန္ဓာကိုယ်ကြီးမှာ တင့်ကားတစ်စီးအလား ထိပ်ပြောင်ပြောင်နှင့် လူလတ်ပိုင်းအမျိုးသားရှိရာသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပြေးဝင်သွားသည်။
ဒုန်း...
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဧရာမဇွန်ဘီ ၁ က အနီးသို့ ရောက်ရှိလာပြီး အားပါလှသော လက်သီးချက်ကို လွှဲယမ်းလိုက်သည်။ လေထုကို ဖြတ်သန်းသွားသည့် ထိုလက်သီးချက်ကြောင့် နားကွဲမတတ် လေတိုးသံထွက်ပေါ်လာပြီး ပြင်းထန်လှသော စွမ်းအင်လှိုင်းများမှာ အဆင့် ၃ ဇွန်ဘီနှစ်ကောင်နှင့် လုံးထွေးနေသည့် ထိပ်ပြောင်အမျိုးသားဆီသို့ ဦးတည်သွားတော့သည်။
"မကောင်းတော့ဘူး"
လက်သီးက မထိသေးမီမှာပင် ပြင်းထန်သော လေတိုးအားနှင့် နားကွဲမတတ် မြည်ဟည်းသံတို့က အရင်ဦးစွာ ရောက်ရှိလာသည်။ ထိပ်ပြောင်အမျိုးသားက ခေါင်းလှည့်ကြည့်လိုက်စဉ်မှာပင် ကြီးမားလှသော လက်သီးကြီးတစ်လုံးက သူ၏မျက်စိရှေ့၌ တဖြည်းဖြည်း ကြီးမားလာသည်ကို ထိတ်လန့်ဖွယ်ရာ တွေ့လိုက်ရသည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များအားလုံးမှာလည်း အန္တရာယ်ရှိကြောင်း အပြင်းထန်ဆုံး သတိပေးချက်များ ထုတ်ပြန်ရင်း တုန်လှုပ်နေကြသည်။
သူ၏မျက်သူငယ်အိမ်များ ကျုံ့သွားကာ ဘေးဒုက္ခနှင့် ရင်ဆိုင်ရတော့မည့် နောက်ဆုံးအချိန်၌ သူ၏စွမ်းရည်ကို အလိုအလျောက် အသက်သွင်းလိုက်ပြီး ခန္ဓာကိုယ်ကို အပြာရောင်အရည်များအဖြစ် ပြောင်းလဲလိုက်သည်။
ဘုန်း...
ဧရာမဇွန်ဘီ ၁ ၏ လက်သီးမှာ သူ၏ကျောပြင်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး ပေါက်ကွဲထွက်မတတ် စွမ်းအင်များ ချက်ချင်း ထွက်ပေါ်လာတော့သည်။
အတားအဆီးမဲ့သော ထိုဧရာမခွန်အားကြောင့် ဆင့်ကဲပြောင်းလဲသူ၏ ကျောပြင်မှာ ချိုင့်ဝင်သွားပြီး ရင်ဘတ်ဘက်သို့ ဖောင်းထွက်လာသည်။ ပီကေတစ်ခုအလား သူ၏ရင်ဘတ်မှာ အပြာရောင် ပူဖောင်းကြီးတစ်ခုသဖွယ် ဖောင်းကားလာပြီး စက္ကူပါးလွှာသကဲ့သို့ ပေါက်
ထွက်လုနီးပါး ဖြစ်သွားရသည်။
ထို့နောက်တွင် ထိုဆင့်ကဲပြောင်းလဲသူမှာ အပြာရောင်အရည်ခဲကြီးအဖြစ် ပြောင်းလဲသွားပြီး အမြောက်ဆန်တစ်ခုကဲ့သို့ လွင့်စင်ကာ ကျင်းများ၊ ချိုင့်များ ပြည့်နေသည့် ဟင်းသီးဟင်းရွက်စိုက်ခင်းထဲသို့ ပြင်းထန်စွာ ကျဆင်းသွားတော့သည်။
ခဏချင်းမှာပင် မြေပြင်မှာ အပြင်းအထန် တုန်ခါသွားပြီး မြေကြီးများလည်း အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားသည်။
ဖူးး
ကျင်းထဲတွင် လဲလျောင်းနေသော ထိပ်ပြောင် ဆင့်ကဲပြောင်းလဲသူသည် လူသားပုံသဏ္ဌာန်သို့ ပြန်လည်ပြောင်းလဲသွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ သူ၏မျက်နှာမှာ ကြောက်စိတ်ကြောင့် ဖြူဖျော့နေပြီး ကျင်းထဲမှ အလျင်အမြန် ခုန်ထွက်ကာ စိုက်ခင်းအတွင်းမှ ထွက်ပြေးရန် ကြိုးစားတော့သည်။
အလွန်ကြောက်စရာကောင်းလှသည်။ အဆင့် ၄ ဆင့်ကဲပြောင်းလဲပြီးသား ဇွန်ဘီ၏ စွမ်းအားမှာ သူမျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေသည်။ သူ၏ခန္ဓာကိုယ်ကို အရည်အသွင် ပြောင်းထားနိုင်သော်လည်း ထိုပြင်းထန်လှသော အားဒဏ်ကို အပြည့်အဝ ခုခံနိုင်စွမ်းမရှိပေ။
ဝုန်း... ဝုန်း...
ထိုစဉ်မှာပင် မြေပြင်၏တုန်ခါမှုနှင့်အတူ ဧရာမဇွန်ဘီ ၁ သည် နောက်မှ အရှိန်အဟုန်နှင့် လိုက်ပါလာသည်။ ထိပ်ပြောင်လူလတ်ပိုင်းအမျိုးသားမှာလည်း အသက်လုကာ အစွမ်းကုန် ထွက်ပြေးတော့သည်။
သို့သော် အဆင့်အတန်းချင်း ကွာဟချက်ကြောင့် ဧရာမဇွန်ဘီ ၁ က ပိုမိုမြန်ဆန်နေပြီး ခဏချင်းမှာပင် အမှီလိုက်နိုင်ခဲ့သည်။
ဒုန်း...
သတ်ဖြတ်ရာတွင် ပြတ်သားလှသော ဧရာမဇွန်ဘီ ၁ သည် လက်သီးတစ်ချက်ကို ချက်ချင်းပင် လွှဲယမ်းလိုက်သည်။
နောက်ဘက်မှ လေတိုးသံကို ကြားလိုက်ရသည်နှင့် ထိပ်ပြောင်အမျိုးသားမှာ အသည်းတုန်မတတ် ထိတ်လန့်သွားပြီး ထိုတိုက်ခိုက်မှုကို ရှောင်ရှားရန် သူ၏စွမ်းရည်ကို ထပ်မံအသုံးပြုရန် ကြိုးစားလိုက်သည်။
သို့သော် မထင်မှတ်ဘဲ ကောင်းကင်ယံမှ မမြင်နိုင်သော စွမ်းအားတစ်ခု သက်ရောက်လာပြီး နောက်တစ်စက္ကန့်တွင် သူ့ကို နေရာမှာတင် လှုပ်ရှားမရအောင် ချုပ်နှောင်လိုက်တော့သည်။
ဘုန်း...
ထိုအချိန်မှာပင် ဧရာမဇွန်ဘီ ၁ ၏ တိုက်ခိုက်မှုက ရောက်ရှိလာပြီး ဆင့်ကဲပြောင်းလဲသူ၏ ကျောပြင်ကို တိကျစွာ ထိမှန်သွားတော့သည်။
ခဏချင်းမှာပင် အကောင်းပကတိရှိနေသော ထိုဆင့်ကဲပြောင်းလဲသူမှာ သွေးမြူတိမ်တိုက်တစ်ခုအဖြစ် ပေါက်ကွဲထွက်သွားပြီး ခြေလက်များနှင့် အသားစများမှာ လွင့်စင်သွားကာ ကိုယ်တွင်းအင်္ဂါများနှင့် သွေးစက်များမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။
အိမ်ထဲတွင်မူ ကျိရုရွှယ်သည် ဤမြင်ကွင်းကို စောင့်ကြည့်နေသည်။ ထိုဆင့်ကဲပြောင်းလဲသူ သေဆုံးသွားပြီးနောက် သူမသည် အဆင့် ၃ ဇွန်ဘီရုပ်သေးနှင့် လုံးထွေးနေသော အခြား ဆင့်ကဲပြောင်းလဲသူတစ်ဦးထံသို့ အကြည့်ကို ရွှေ့လိုက်သည်။
ထိုပြိုင်ဘက်မှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ စွမ်းရည်ရှိသည့် ဆင့်ကဲပြောင်းလဲသူဖြစ်ပုံရပြီး ခံစစ်နှင့် ကိုယ်တိုင်ပြန်လည်ကုသနိုင်စွမ်း အလွန်ကောင်းမွန်သော်လည်း တိုက်စစ်ပိုင်းတွင်မူ အားနည်းသည်။
စောစောက ထိပ်ပြောင်လူလတ်ပိုင်းအမျိုးသားနှင့် နှိုင်းယှဉ်လျှင် ဤဆင့်ကဲပြောင်းလဲသူမှာ အဆင့် ၃ ဇွန်ဘီရုပ်သေးကို အရှုံးမပေးဘဲ တစ်ပြန်စီ တိုက်ခိုက်နေသည်။ သူ၏ဦးခေါင်းမှာ သွေးများဖြင့် ရွှဲနစ်နေပြီး သွေးများ အန်ထုတ်နေရသော်လည်း တိုက်ခိုက်လိုစိတ်မှာ လျော့ပါးမသွားဘဲ ဒဏ်ရာများမှာလည်း လျင်မြန်စွာ ပြန်လည်ကျန်းမာလာနေသည်။
ဝုန်း...
ထိုစဉ်မှာပင် လုချွမ်း၏ ထိန်းချုပ်မှုအောက်၌ မီးလျှံ ၁ ၏ မီးတောက်နဂါးမှာ ကောင်းကင်ယံမှ ပျံဆင်းလာပြီး ပြိုင်ဘက်ထံသို့ တိုးဝင်တိုက်ခိုက်လိုက်သည်။
ထိုဆင့်ကဲပြောင်းလဲသူမှာ မျက်နှာပျက်သွားပြီး ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း...
ရှပ်...
မျက်တောင်တစ်ခတ်အတွင်းမှာပင် ပန်းထိုးအပ်တစ်ချောင်းသည် ထိုသူ၏ မျက်ခုံးနှစ်ခုကြားသို့ တိကျစွာ ထိုးဖောက်သွားပြီး အသက်ကို နှုတ်ယူသွားတော့သည်။
အခြေအနေမှာ အလွန်ဆိုးရွားလာပြီး မြေပြင်ပေါ်ရှိ ဆင့်ကဲပြောင်းလဲသူများမှာ အကုန်အစင်နီးပါး ဖြစ်သွားပြီဖြစ်ရာ ကောင်းကင်ယံရှိ ကပ္ပတိန်လင်းနှင့် ကျန်အဖွဲ့ဝင်များမှာ စိုးရိမ်ထိတ်လန့်လာကြသည်။
"ကပ္ပတိန်... အခြေအနေက တော်တော်ဆိုးနေပြီ။ ဒီအတိုင်းသာ ဆက်သွားရင် ကျွန်တော်တို့အားလုံး ဒီမှာတင် အသက်ပျောက်ကုန်လိမ့်မယ်"
ချင်းဖုန်းကို ထိန်းချုပ်မောင်းနှင်နေသည့် ကောင်းကင်ယံအထူးတပ်ဖွဲ့ ဝင်တစ်ဦးမှာ မီးတောက်နဂါးကို ခုခံရင်း ကပ္ပတိန်လင်းကို အော်ဟစ်ပြောဆိုလိုက်သည်။
ကပ္ပတိန်လင်း၏ မျက်နှာမှာ အလွန်အမင်း တင်းမာခက်ထန်နေသည်။ ပြိုင်ဘက်၏ ဇွန်ဘီများကို ထိန်းချုပ်ကာ တိုက်စစ်နှင့် ခံစစ်အပေးအယူလုပ်ပုံမှာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းလှသဖြင့် ကိုင်တွယ်ရ အလွန်ခက်ခဲနေခြင်းပင်။
အဆိုးဆုံးမှာ အမှောင်ထဲတွင် ပုန်းကွယ်ကာ ကူညီပေးနေသူများပင်။ သူ၏အဖွဲ့ဝင်များမှာ သတိမထားမိလိုက်ဘဲ တစ်ယောက်ပြီးတစ်ယောက် ထူးထူးဆန်းဆန်း သေဆုံးကုန်ကြသည်။
ကပ္ပတိန်လင်း၏ ရင်ထဲ၌ လေးလံသွားတော့သည်။ ဤစစ်ဆင်ရေးမှာ ကျရှုံးမှုနှင့် အဆုံးသတ်
ရန် သေချာသလောက် ရှိနေသည်။ အစောပိုင်းက ပြိုင်ဘက်ကို အရှင်ဖမ်းဆီးမည်ဟု ကြုံးဝါးခဲ့သည့် သူ၏ရည်မှန်းချက်များကို ပြန်တွေးကြည့်လျှင် ရယ်စရာပင် ကောင်းနေတော့သည်။
ခဏတာ ဝေခွဲမရဖြစ်နေပြီးနောက် ကပ္ပတိန်လင်းသည် ကျန်ရှိနေသူများကို အောင့်ထားရန် အမိန့်ပေးလိုက်သည်။
"အားလုံး... ခံထားကြ"
"အတွင်းက သူငယ်ချင်းတို့... ကျွန်တော်တို့က မြို့တော်ရဲ့ တရားဝင် ဆင့်ကဲပြောင်းလဲသူအဖွဲ့ပါ။ စော်ကားမိတာရှိရင် တောင်းပန်ပါတယ် စိတ်မရှိပါနဲ့။ ဒီကိုလာတာက ဒီမှာ ဇွန်ဘီဘုရင်ရှိနေတယ်လို့ ထင်လို့ပါ။ အခုကြည့်ရတာတော့ ဇွန်ဘီတွေကို ထိန်းချုပ်နိုင်တဲ့ ဆင့်ကဲပြောင်းလဲသူ ဖြစ်နေတာပဲ။ ဒါက နားလည်မှုလွဲတာပါပဲ။ ကျွန်တော်တို့တွေက လူသားအချင်းချင်းတွေပဲလေ။ အသေအလဲ တိုက်နေဖို့ မလိုပါဘူး။ ခင်ဗျားရဲ့ စွမ်းရည်တွေကို ကျွန်တော် တကယ်ပဲ အထင်ကြီးမိပါတယ်။ ကျွန်တော်တို့ရဲ့ တရားဝင်အဖွဲ့ထဲကို ဝင်ရောက်ဖို့ စိတ်ဝင်စားမှုများ ရှိမလား"
"မနိုင်တော့ဘူးဆိုမှ အကြောင်းပြချက်တွေ လာပေးနေတာလား"
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျိရုရွှယ်က အေးစက်စွာ လှောင်ရယ်လိုက်သည်။ စောစောက သူတို့ ဘာတွေလုပ်နေကြတာလဲ။