အခန်း (၂၅၄)
Vol. 26 Ch. 254
"ငါ... ငါ့ရဲ့ ခွန်အားတွေက..."
ထရပ်လိုက်ပြီးနောက် ကျောက်လင်းသည် သူမ၏အစွမ်းမှာ အဆပေါင်းများစွာ တိုးတက်လာပြီး တစ်ကိုယ်လုံးတွင် အားအင်များ ပြည့်လျှံနေသည်ကို သတိထားမိသွားသည်။
ဝမ်းသာအားရဖြစ်နေစဉ်မှာပင် သူမသည် အနောက်သို့ အမြန်လှည့်ကြည့်လိုက်ရာ ပြတင်းပေါက်နားတွင် အေးအေးဆေးဆေး ရပ်နေသော ချီချီလေးကို တွေ့လိုက်ရသဖြင့်မှ စိတ်အေးသွားတော့သည်။
"ဘာမှမဖြစ်လို့ တော်သေးတာပေါ့"
ကျောက်လင်းသည် ပြတင်းပေါက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး စစ်တလင်းပြင်ကို အကဲခတ်လိုက်သည်။
"ဒီမိန်းမက ပြန်ရှင်လာပြန်ပြီလား"
ဇွန်ဘီရုပ်သေး၏ အမြင်အာရုံကို အသုံးပြု၍ လုချွမ်းသည် ကျောက်လင်းကို မြင်လိုက်ရကာ အတော်ပင် အံ့အားသင့်သွားမိသည်။
သူမက တကယ်ပဲ မသေနိုင်သော ခန္ဓာကိုယ်ပိုင်ရှင်လား... သေလိုက် ပြန်ရှင်လာလိုက်နဲ့။
အနောက်ဘက်မှ လှုပ်ရှားမှုမှာ ကျိရုရွှယ်၏ အာရုံကို မလွတ်သွားပေ။ ကျောက်လင်း၏ အကြိမ်ကြိမ် ပြန်လည်ရှင်သန်နိုင်သော စွမ်းရည်ကို သူမ ကောင်းကောင်းသိသော်လည်း ယခုတစ်ကြိမ်တွင်မူ ပြန်လည်ရှင်သန်သည့်အရှိန်မှာ အလွန်ပင် မြန်ဆန်နေသဖြင့် သူမ အံ့ဩသွားရခြင်းပင်။
"အန်တီကျောက်လင်းး... သတိထားဦး သူတို့တွေ တိုးဝင်လာတော့မယ်"
ကျိရုရွှယ်သည် ကောင်းကင်ယံထက်သို့ ချက်ချင်းပင် အာရုံပြန်စိုက်လိုက်သည်။ ကျန်ရှိနေသော ကောင်းကင်ယံအထူးတပ်ဖွဲ့ ဝင်အနည်းငယ်ကို ကြည့်ရင်း သူမ၏မျက်နှာမှာ တဖြည်းဖြည်း တင်းမာလာပြီး အနောက်ရှိ ကျောက်လင်းကို သတိပေးလိုက်သည်။
ထိုလူအချို့၏ စွမ်းအင်လှိုင်းများ ပြောင်းလဲသွားသည်ကို ကျိရုရွှယ် သိသိသာသာ အာရုံခံမိလိုက်သည်။ သူတို့သည် သိသိသာသာ ပိုမိုအစွမ်းထက်လာသော်လည်း တစ်ချိန်တည်းမှာပင် ပိုမိုရူးသွပ်ပြီး ဖရိုဖရဲဖြစ်လာပုံပင်။
နောက်တစ်စက္ကန့်တွင် ကျိရုရွှယ်က တစ်ခုခုကို ခန့်မှန်းမိလိုက်သည်။ ဤလူများသည် တားမြစ်ဆေးများကို သောက်သုံးလိုက်ကြသည်မှာ သေချာသလောက်ရှိသည်။
ထိုအချိန်မှာပင် ကျောက်လင်းသည်လည်း ကောင်းကင်ယံရှိ လူသုံးဦး၏ ပြောင်းလဲမှုများကို သတိပြုမိသွားသည်။ သူမ၏မျက်ဝန်းများတွင် တိုက်ခိုက်လိုစိတ်များ ချက်ချင်းပေါ်ပေါက်လာပြီး အလေးအနက်ထားကာ ပြောလိုက်သည်။
"ချီချီလေး... မစိုးရိမ်နဲ့နော် အန်တီရှိနေသရွေ့ ဘယ်သူမှ သမီးကို ထိခိုက်အောင် မလုပ်စေရဘူး"
ကျိရုရွှယ်ကတော့ စိတ်ထဲမှ "ကျေးဇူးပြုပြီး နောက်တစ်ခါ အလကားသက်သက် သွားအသေမခံပါနဲ့တော့" ဟုသာ ဆုတောင်းနေမိသည်။
ထိုစကားကို ကြားသောအခါ ကျောက်လင်းက ရှက်ကိုးရှက်ကန်း ပြုံးလိုက်မိသည်။ သူမကိုယ်တိုင်လည်း အစောပိုင်းက လုပ်ရပ်မှာ အလွန်အမင်း စိတ်လိုက်မာန်ပါ ဖြစ်သွားခဲ့သည်ကို သိသော်လည်း ထိုစဉ်က အခြေအနေမှာ အလွန်အရေးကြီးနေပြီး ချီချီလေး၏ ဘေးကင်းမှုကိုသာ အဓိကထား စဉ်းစားခဲ့မိခြင်းပင်။
ဘာပဲဖြစ်ဖြစ်... သူမက ပြန်ရှင်လာနိုင်တာပဲလေ။
"ဒီကောင်တွေ တကယ်ပဲ မဆင်မခြင် လုပ်ကြတာပဲ။ တားမြစ်ဆေးကိုတောင် သောက်ရဲတယ်ပေါ့"
ကျိရုရွှယ်သည် ကောင်းကင်ယံရှိ လူသုံးဦးထံမှ တရိပ်ရိပ် တိုးတက်လာသော ပြင်းထန်လှသည့် စွမ်းအင်လှိုင်းများကို အာရုံခံမိပြီး ခေါင်းခါကာ သက်ပြင်းချလိုက်သည်။
ဤဆေးမျိုးမှာ လွယ်လွယ်မှတ်၍ မရပေ။ အချိန်တိုအတွင်း ခွန်အားကို အဆမတန် မြှင့်တင်ပေးနိုင်သော်လည်း နောက်ဆက်တွဲ ဆိုးကျိုးများမှာ အလွန်ပြင်းထန်လှသည်။ ခန္ဓာကိုယ်၏ အောင်းခံစွမ်းအင်များကို ကုန်ခမ်းစေသဖြင့် နောင်တစ်ချိန်တွင် ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်း၌ အခက်အခဲများစွာ ဖြစ်ပေါ်စေနိုင်သည်။
ဤလူများ ဘာတွေးနေသည်ကို ကျိရုရွှယ် နားမလည်နိုင်တော့ပေ။
သူတို့အနေနဲ့ တားမြစ်ဆေးရဲ့ အန္တရာယ်ကို မသိကြတာများလား။
ကောင်းကင်ယံတွင်မူ ကပ္ပတိန်လင်းသည် သူ၏ရင်ထဲရှိ ရူးသွပ်မှုများကို ထုတ်ဖော်သည့်
အနေဖြင့် အားပါးတရ အော်ဟစ်လိုက်သည်။
"ညီအစ်ကိုတို့... ငါတို့အတွက် အချိန်သိပ်မရှိဘူး"
"ဖရန်ဇီဆေးရည်ရဲ့ အာနိသင်က နာရီဝက်ပဲ ခံတယ်"
ဤဆေးရည်မှာ မြို့တော်အခြေစိုက် စခန်းကနေပြီး မျိုးရိုးဗီဇပြောင်းလဲထားသော သားရဲရိုင်းများ၏ အသားနှင့် ထူးခြားသော ဗီဇပြောင်းအပင်များကို အသုံးပြုကာ ဖော်စပ်ထားသည့် တားမြစ်ဆေးတစ်မျိုး ဖြစ်သည်။
ဆေးကို သောက်သုံးပြီးနောက် အသုံးပြုသူ၏ ခွန်အားကို အဆမတန် မြင့်တက်စေပြီး အာနိသင်မှာ နာရီဝက်ခန့် ကြာမြင့်သည်။
တစ်ချိန်တည်းမှာပင် အသုံးပြုသူ၏ စိတ်နေစိတ်ထားမှာလည်း ရူးသွပ်ပြီး သွေးဆာလာတတ်ကာ ခန္ဓာကိုယ်တွင်လည်း နာကျင်မှုကို မခံစားရတော့ပေ။
ပြောဆိုပြီးသည်နှင့် ကပ္ပတိန်လင်းသည် ကြမ်းတမ်းခက်ထန်သော စွမ်းအင်များဖြင့် အောက်
ဘက်သို့ ငုံ့၍ အော်ဟစ်လိုက်ရာ ပြင်းထန်လှသော အသံလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွားပြီး လေပြင်းများကိုပါ ဖြစ်ပေါ်စေတော့သည်။
ထို့နောက် သူ၏ ကောင်းကင်ဖုံးအတောင်ပံများအား ရုတ်တရက် ခတ်လိုက်ပြီး ပတ်ဝန်းကျင်၌ ပြင်းထန်သော လေပြင်းများ ဝန်းရံသွားကာ သူ၏ သန်မာလှသော ခန္ဓာကိုယ်ကြီးကို အောက်ဘက်ရှိ လူနေအိမ်ရာဝင်းဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ထိုးဆင်းသွားသည်။
ဝုန်း...
ကပ္ပတိန်လင်း၏ အရှိန်မှာ အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်လှပြီး ထိုးဆင်းလာစဉ်
တစ်လျှောက် လေထုကို ဆုတ်ဖြဲသည့် အသံများတသီတတန်းကြီး ထွက်ပေါ်လာရာ မိုးကြိုးပစ်သံများအလား နားကွဲမတတ် မြည်ဟည်းနေတော့သည်။
တစ်ချိန်တည်းမှာပင် သူ၏ အသင်းဖော်နှစ်ဦးမှာလည်း ကျိရုရွှယ်ကို တိုက်ရိုက်ပစ်မှတ်ထားကာ အိမ်ရာဝင်းဆီသို့ စတင်ထိုးစစ်ဆင်လာကြသည်။
စိမ်းလန်းသော လေစွမ်းအားကို ထိန်းချုပ်ထားသည့် ဆင့်ကဲပြောင်းလဲသူသည် ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများအကြား၌ ဧရာမ လေဆင်နှာမောင်းကြီးတစ်ခုအသွင် ပြောင်းလဲကာ အောက်ဘက်သို့ လျင်မြန်စွာ ဆင်းသက်လာသည်။
အခြားတစ်ဖက်တွင်လည်း ခန္ဓာကိုယ်တစ်ခုလုံး ရေခဲဝတ်စုံ ဖုံးလွှမ်းထားသည့် ဆင့်ကဲပြောင်းလဲသူသည် သူ၏ ရေခဲအတောင်ပံတစ်စုံကို ခတ်ခတ်လိုက်ရာ နှင်းမုန်တိုင်းတစ်ခုအလား ရေခဲမှုန်များနှင့် လေပြင်းများကို တိုက်ခတ်စေပြီး အောက်သို့ ပျံသန်းလာတော့သည်။
ထိုသုံးဦး၏ ရည်ရွယ်ချက်ကို ရိပ်မိလိုက်သော လုချွမ်းသည်လည်း သူတို့ကို လွယ်လွယ်နှင့် အောင်မြင်ခွင့်ပေးမည် မဟုတ်ပေ။ မီးလျှံ ၁ နှင့် မီးလျှံ ၂ တို့သည် ကောင်းကင်ဖုံး မီးကွန်ရက်ကို တစ်ဖန်ပြန်လည် ဖြန့်ကြက်လိုက်ပြီး ထိုသုံးဦးရှိရာသို့ ဖိနှိပ်ပစ်လိုက်သည်။
ပြင်းထန်လှသော မီးလျှံများမှာ ဟုန်းဟုန်းတောက် လောင်ကျွမ်းနေပြီး မီးကွန်ရက်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာလည်း အပူရှိန်ကြောင့် တွန့်လိမ်နေသကဲ့သို့ ထင်မှတ်ရသည်။ မီးလျှံများမှာ ကောင်းကင်အထိ မြင့်တက်သွားပြီး ကောင်းကင်တစ်ခုလုံးကို နီရဲသွားစေကာ ကောင်းကင်ယံရှိ တိမ်တိုက်များမှာလည်း လှပသော မီးတိမ်တိုက်များအဖြစ် ပြောင်းလဲသွားတော့သည်။
မီးကွန်ရက်နှင့် ကပ္ပတိန်လင်းတို့အကြား အကွာအဝေးမှာ တဖြည်းဖြည်း နီးကပ်လာပြီး အပူလှိုင်းများမှာလည်း အထပ်ထပ် အခါခါ ရိုက်ခတ်နေသည်။
"ထိုးဖောက်ကြစမ်း"
ရှေ့မှ တိုးလာသော အပူရှိန်နှင့် မီးကွန်ရက်ကို ခံစားမိလိုက်သောအခါ ကပ္ပတိန်လင်းသည် ပြတ်သားသော မျက်နှာထားဖြင့် အနောက်ရှိ နှစ်ဦးကို လှမ်းအော်ပြောလိုက်သည်။
အဆင့် ၄ မီးမှုတ်ဇွန်ဘီမှ ထွက်ပေါ်လာသော မီးလျှံများမှာ မီးခံဝတ်စုံများ တောင့်ခံနိုင်သည့် အဆင့်ထက် ကျော်လွန်နေပြီ ဖြစ်သည်။ ယခုအချိန်တွင် သူတို့သုံးဦးစလုံး၏ မီးခံဝတ်စုံများမှာ စုတ်ပြတ်သတ်ကာ မီးလောင်ကျွမ်းထားသည့် အဝတ်စုတ်များအဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။
ယခုတစ်ကြိမ်တွင် မီးကွန်ရက်ကို ထိုးဖောက်ရန်အတွက် သူတို့၏ ကိုယ်ပိုင်စွမ်းရည်နှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုအပေါ်တွင်သာ အားကိုးပြီး တောင့်ခံရပေတော့မည်။
ကပ္ပတိန်လင်း၏ ကြမ်းတမ်းသော မျက်ဝန်းများမှာ ရှေ့မှ မီးကွန်ရက်ကို စိုက်ကြည့်နေပြီး သူ၏ သန်မာလှသော လက်မောင်းနှစ်ဖက်တွင် အားအင်များကို စုစည်းလိုက်သည်။ လက်ထိပ်ရှိ ချွန်ထက်လှသော လက်သည်းနက်ကြီးများမှာ ဓားရှည်များအလား သံမဏိရောင်များ တောက်ပနေတော့သည်။
ဝုန်း...
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကပ္ပတိန်လင်းသည် မီးကွန်ရက်နှင့် အပြင်းအထန် တိုက်မိကာ မီးလျှံများ ဟုန်းဟုန်းတောက်သွားတော့သည်။ မီးကွန်ရက်မှ မီးလျှံများစွာသည် သူ၏ ဧရာမခန္ဓာကိုယ်ကြီးပေါ်သို့ ကူးစက်လောင်ကျွမ်းသွားသော်လည်း သူ၏အကြေးခွံများမှာ အပူရှိန်ကြောင့် ပေါက်ကွဲထွက်ကာ အတွင်းသားများ ပွင့်ထွက်သွားသည့်တိုင် ကပ္ပတိန်လင်းသည် မည်သည့်နာကျင်မှုကိုမျှ မခံစားရပေ။ သူသည် သူ၏လက်သည်းများကို ရူးသွပ်စွာ ဝှေ့ယမ်းရင်း မီးကွန်ရက်ကို ဆွဲဖြဲနေတော့သည်။
ခဏအကြာတွင် မီးကွန်ရက်၏အလယ်ဗဟိုမှာ ပွင့်ထွက်သွားပြီး တစ်ကိုယ်လုံး မီးကျွမ်းနေသော ကပ္ပတိန်လင်းသည် အပြင်သို့ ပြေးထွက်လာသည်။ သူ၏ကျောကုန်းမှ မီးတောက်နေသော အတောင်ပံနက်များကို အပြင်းအထန် ခတ်ခတ်ရင်း အိမ်များရှိရာသို့ တဟုန်ထိုး ပြေးဝင်သွားသည်။
ထိုအခိုက်အတန့်၌ မီးလျှံ ၁ က လက်ကို ဝှေ့ယမ်းလိုက်ရာ မီးတောက်နဂါးရှည် တစ်ဒါဇင်
ခန့်သည် တစီစီမြည်ဟည်းကာ ကပ္ပတိန်လင်းထံသို့ ဝိုင်းအုံ၍ တိုက်ခိုက်ကြတော့သည်။
"ဖယ်စမ်း"
ကပ္ပတိန်လင်း၏ လက်သည်းဓားသွားများသည် ရူးသွပ်စွာ ကခုန်နေပြီး ဓားအလင်းတန်းများ ယှက်နွယ်ကာ တိုးဝင်လာသော မီးတောက်နဂါးနှစ်ကောင်ကို ပိုင်းဖြတ်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် ဘေးဘက်မှ ပြေးဝင်လာသော မီးတောက်နဂါးတစ်ကောင်မှာ ကပ္ပတိန်လင်း၏ လက်မောင်းကို တင်းကြပ်စွာ ရစ်ပတ်လိုက်ပြီး မီးလျှံများဖြင့် တရစပ် လောင်မြိုက်တော့သည်။
"တောက်... ဒီယင်ကောင်တွေက တကယ့်ကို စိတ်အနှောင့်အယှက် ပေးလွန်းတယ်"
သူသည် သူ၏လက်မောင်းကို သူကိုယ်တိုင် အားဖြင့် ကုတ်ခြစ်ကာ မီးတောက်နဂါးကို ဖယ်ရှားလိုက်သဖြင့် ကပ္ပတိန်လင်းမှာ အလွန်အမင်း ဒေါသထွက်နေတော့သည်။ သို့သော် သူ သက်ပြင်းချရန်ပင် အချိန်မရလိုက်မီ နောက်ထပ် မီးတောက်နဂါးအချို့က သူ့ကို ထပ်မံရစ်ပတ်နှောင်ဖွဲ့လိုက်ပြန်သည်။ ဤစိတ်ပျက်ဖွယ်ကောင်းသော မီးတောက်နဂါးများကြောင့် ကပ္ပတိန်လင်းမှာ နေရာမှာတင် တန့်သွားပြီး ရှေ့သို့ ဆက်မတိုးနိုင် ဖြစ်နေတော့သည်။
တစ်ချိန်တည်းမှာပင် ကျောကုန်း၌ အတောင်ပံများပါပြီး ရေခဲဝတ်စုံဝတ်ထားသည့် ဆင့်ကဲပြောင်းလဲသူသည် သူ၏ ရေခဲစွမ်းအင်ကို အသုံးပြုကာ မီးကွန်ရက်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့သည်။
သို့သော် သူ၏ခန္ဓာကိုယ်မှာလည်း မီးလောင်ဒဏ်ရာများမှ မလွတ်ကင်းခဲ့ပေ။ သူ၏မျက်နှာမှာ လုံးဝလောင်ကျွမ်းသွားပြီး ပုပ်ပွနေသော အသားစများကြားမှ စူးရှသော မျက်စိသူငယ်အိမ် ဖြူဖြူများမှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းနေတော့သည်။ ဆံပင်များမှာလည်း မီးကျွမ်းကာ ကျွတ်ထွက်ကုန်ပြီး အချို့နေရာများတွင် မည်းနက်နေသော ဦးခေါင်းခွံများပင် ပေါ်နေကာ ခြေလက်များမှာလည်း မီးလျှံများကြောင့် ဒဏ်ရာအလိမ်းလိမ်း ဖြစ်နေသည်။
ရှေ့တွင် ကပ္ပတိန်လင်းက ပိတ်ဆို့ထားပေးသဖြင့် အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသည့် ရေခဲဓားကို ကိုင်ဆောင်ထားသော ထိုသူသည် မီးတောက်နဂါးအချို့၏ ရစ်ပတ်မှုကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည်။ သူ၏ အရည်ပျော်လုနီးပါးဖြစ်နေသော ရေခဲအတောင်ပံများမှာလည်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။
ထို့နောက် ရေခဲအတောင်ပံများကို ရုတ်တရက် ခတ်ခတ်လိုက်ပြီး ချီချီလေးရှိရာသို့ တဟုန်ထိုး ဦးတည်သွားတော့သည်။
"ချီချီလေး... အနောက်ကို ဆုတ်လိုက်"
ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ထိုဆင့်ကဲပြောင်းလဲသူမှာ မဆင်မခြင် ပြေးဝင်လာသည်ကို မြင်သောအခါ ကျောက်လင်း၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး သူမ၏မျက်ဝန်းများတွင် ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်သွားသည်။ ချက်ချင်းပင် သူမသည် လက်ထဲရှိ သံမဏိဓားကို မြှောက်ကာ အပေါ်သို့ ပြေးဝင်သွားတော့သည်။
"ဒါက အသေအလဲ တိုက်ရမယ့် တိုက်ပွဲပဲ မဟုတ်လား။ ငါ ဘယ်သူ့ကိုမှ မကြောက်ဘူး"