အခန်း (၂၅၅)
Vol. 26 Ch. 255
"အန်တီကျောက်လင်းး... သတိထားဦး"
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျောက်လင်းသည် အပြင်သို့ တဟုန်ထိုး ပြေးထွက်သွားလေပြီ။ ကျိရုရွှယ်မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ နောက်ဆုံးမိနစ် သတိပေးစကားကိုသာ လှမ်းအော်ပြောလိုက်နိုင်သည်။
ဝုန်း...
ကျောက်လင်းမှာမူ ကျိရုရွှယ်ကို ပြန်လည်ဖြေကြားရန် အချိန်မရှိတော့ပေ။
ဤအခိုက်အတန့်တွင် သူမသည် ရန်သူနှင့် အနီးကပ် လုံးထွေးတိုက်ခိုက်နေပြီ ဖြစ်သည်။ လက်ထဲရှိ သံမဏိဓားကို ရှိသမျှအားဖြင့် လွှဲယမ်းလိုက်ရာ ထက်မြက်လှသော ဓားသွားသည် လေထုကို ဆုတ်ဖြဲကာ စူးရှသော အသံကို ဖြစ်ပေါ်စေပြီး အေးစက်သော အလင်းတန်းများနှင့်အတူ ရန်သူကို အဆက်မပြတ် ခုတ်ပိုင်းနေတော့သည်။
ဖရန်ဇီဆေးရည်၏ အာနိသင်ကြောင့် ကောင်းကင်ယံအထူးတပ်ဖွဲ့ ဝင်သည် နာကျင်မှုကို အာရုံမခံနိုင်တော့ဘဲ တစ်ကိုယ်လုံး မီးလောင်ကျွမ်းထားသည့်တိုင်အောင် တိုက်ပွဲဝင်ရာတွင် အနည်းငယ်မျှ နှောင့်နှေးခြင်း မရှိပေ။
သူ၏လက်ထဲရှိ ရေခဲဓားမှာလည်း အေးစက်သော အငွေ့အသက်များ တရိပ်ရိပ် ထွက်ပေါ်နေကာ ကျောက်လင်းနှင့် အပြင်းအထန် ရင်ဆိုင်နေသည်။
ကျောက်လင်း၏ သံမဏိဓားသည် အရှိန်အဟုန်ဖြင့် မရပ်မနား ဝှေ့ယမ်းနေပြီး ပြိုင်ဘက်၏ ရေခဲဓားနှင့် အဆက်မပြတ် ထိတွေ့နေသည်။ တစ်ဖက်တွင်မူ ရန်သူသည် သူ၏ ရေခဲအတောင်ပံများကို ခတ်ခတ်လျက် ကျောက်လင်း၏ ပိတ်ဆို့မှုကို ဖောက်ထွက်ကာ အရပ်မျက်နှာအနှံ့မှတစ်ဆင့် ချီချီလေးရှိရာသို့ ချဉ်းကပ်ရန် ကြိုးစားနေသည်။
သို့သော် သူတို့ တကယ်ပင် အတွက်မှားသွားခဲ့သည်။ ကျောက်လင်းက ထိုကဲ့သို့သော အခွင့်အရေးမျိုးကို လုံးဝပေးမည်မဟုတ်ပေ။
ဤအသက်လုတိုက်ပွဲအတွင်း သူမသည် ခံစစ်ကို လုံးဝလျစ်လျူရှုကာ ရူးသွပ်စွာ တိုက်စစ်ဆင်နေပြီး ရန်သူကို ချီချီလေးအနီးသို့ တစ်လှမ်းချင်းမျှပင် တိုးမလာစေရန် အစွမ်းကုန် တားဆီးထားသည်။
ဒဏ်ရာချင်းလဲ အသက်ချင်းလဲမည့် ဤဗျူဟာကြောင့် ရန်သူမှာ သိသိသာသာ အကျပ်ရိုက်သွားရသည်။
ပြင်းထန်သော ဒဏ်ရာတစ်ခုခု ရတော့မည့် အခိုက်အတန့်တိုင်း၌ ရန်သူ၏ ခန္ဓာကိုယ်ဗီဇက ထိုတိုက်ခိုက်မှုကို ကာကွယ်ရန် သူတို့ကို တွန်းအားပေးနေသောကြောင့်ပင်။
ဝုန်း... ဝုန်း...
သူတို့နှစ်ဦးသည် ပြတင်းပေါက်နှင့် မလှမ်းမကမ်းတွင် လုံးထွေးနေကြပြီး ထိတွေ့မိသမျှ အကြိမ်တိုင်း၌ နားကွဲမတတ် သတ္တုချင်းထိသံများ ထွက်ပေါ်လာတော့သည်။ ပြင်းထန်လှသော စွမ်းအင်လှိုင်းများမှာလည်း အခန်းတစ်ခုလုံးကို ရိုက်ခတ်သွားပြီး အိမ်ကြီးကို တုန်ခါသွားစေတော့သည်။
သူတို့၏ တိုက်ပွဲကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ပျက်စီးယိုယွင်းကုန်သည်။
မြေပြင်ပေါ်တွင်လည်း အနည်းဆုံး တစ်မီတာခန့် ရှည်လျားသော ဓားအလင်းတန်းရာများမှာ ဟိုတစ်ကွက် သည်တစ်ကွက်နှင့် ဖရိုဖရဲ ဖြစ်နေတော့သည်။ အိမ်အနားရှိ ကွန်ကရစ်မျက်နှာပြင်များပေါ်တွင်ပင် ထင်ရှားလှသော ဓားရာများကို တွေ့နိုင်သည်။
ကံဆိုးစွာပင် ကျောက်လင်းသည် တစ်ကြိမ်သေဆုံးပြီးနောက် ပိုမိုအစွမ်းထက်လာခဲ့သော်လည်း ပြိုင်ဘက်နှင့် ယှဉ်လျှင်မူ အနည်းငယ် အားနည်းနေဆဲပင်။
အကြောင်းမှာ ဖရန်ဇီဆေးရည်ကို သောက်သုံးပြီးနောက် သူမ၏ပြိုင်ဘက်မှာ ခွန်အားများ အဆမတန် မြင့်တက်နေပြီး လက်ရှိကျောက်လင်းထက် အနည်းငယ်မျှ လျော့နည်းခြင်းမရှိပေ။
ထို့အပြင် ရန်သူ၏ ခန္ဓာကိုယ်ကို ရေခဲဝတ်စုံဖြင့် ကာကွယ်ထားသဖြင့် ဓားမတိုး၊ ကျည်မဖောက်နိုင်ဘဲ အက်ကြောင်းထင်သွားလျှင်ပင် ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်သွားတတ်သည်။ ကျောက်လင်းသည် ရန်သူ၏ ခန္ဓာကိုယ်ကို အကြိမ်ပေါင်းများစွာ ထိအောင် ခုတ်နိုင်ခဲ့သော်လည်း သိသာသော ထိခိုက်မှု မပေးနိုင်ခဲ့ပေ။
အချိန်ကြာလာသည်နှင့်အမျှ ကျောက်လင်းမှာ နောက်သို့ ဆုတ်လာရပြီး အခြေအနေမှာ သူမက ရူးသွပ်စွာ တိုက်စစ်ဆင်နေသော်လည်း တစ်ဖက်လူက အေးအေးဆေးဆေး ခုခံရင်း တဖြည်းဖြည်း ချဉ်းကပ်လာသည့် ပုံစံမျိုး ဖြစ်လာသည်။
ဖူးး
နောက်ဆုံးတွင် ထိုဆင့်ကဲပြောင်းလဲသူသည် အခွင့်အရေးကို အရယူကာ ဆက်လက်မတောင့်ခံနိုင်တော့သည့် ကျောက်လင်းကို ပြင်းထန်စွာ ကန်လိုက်သည်။ သူမသည် သွေးတစ်လုပ်ကို ဝေါခနဲ အန်ထုတ်လိုက်ရပြီး လေထဲသို့ လွင့်စင်သွားတော့သည်။
ထိုဆင့်ကဲပြောင်းလဲသူ၏ မျက်ဝန်းများတွင် သွေးဆာနေသည့် ရူးသွပ်မှုများ ပြည့်နှက်နေပြီး ကျောက်လင်းကို အပြီးသတ်ရန်အတွက် အရှိန်မြှင့် တိုက်ခိုက်လာတော့သည်။
"သေစမ်း"
ကျောက်လင်းသည် ရင်ဘတ်မှ ပြင်းထန်သော နာကျင်မှုကို အောင့်ကာ မနည်းရုန်းထ၍ မတ်တပ်ရပ်လိုက်သည်။ သူမသည် သံမဏိဓားကို တင်းတင်းကြုတ်ကြုတ် ဆုပ်ကိုင်ရင်း ဒေါသတကြီး အော်ဟစ်ကာ ရှေ့သို့ တိုးဝင်သွားပြန်သည်။
သူတို့နှစ်ဦးအကြား အကွာအဝေးမှာ လျင်မြန်စွာ နီးကပ်လာပြီး ကျောက်လင်းသည် သူမ၏ သံမဏိဓားကို ရန်သူ၏ ဦးခေါင်းဆီသို့ အားကုန်လွှဲယမ်းလိုက်သည်။
ရန်သူသည် ရက်စက်သော အပြုံးတစ်ခုနှင့်အတူ သူ၏ ရေခဲဓားကို မျက်တောင်တစ်ခတ်အတွင်း လှံတစ်စင်းအဖြစ် ပြောင်းလဲလိုက်ပြီး ကျောက်လင်း၏ ဝမ်းဗိုက်ဆီသို့ အရှိန်ဖြင့် ထိုးစိုက်လိုက်တော့သည်။
ထိုအရေးကြီးသော အခိုက်အတန့်တွင် ပြတင်းပေါက်မှ အသေအချာ စောင့်ကြည့်နေသော ကျိရုရွှယ်သည် အခွင့်အရေးကို အရယူကာ သူမ၏ အချိန်ထိန်းချုပ်မှုစွမ်းရည်ကို ထုတ်ဖော်လိုက်သည်။ မမြင်နိုင်သော စွမ်းအားတစ်ခုသည် ရန်သူ့အပေါ်သို့ သက်ရောက်သွားတော့သည်။
တစ်ခဏချင်းမှာပင် ကောင်းကင်ယံအထူးတပ်ဖွဲ့ ဝင်၏ လှုပ်ရှားမှုများမှာ ရပ်တန့်သွားပြီး နေရာမှာတင် တောင့်ခဲသွားတော့သည်။
ဖြန်း...
ကျောက်လင်း၏ သံမဏိဓားသည် အားပါးတရ အောက်သို့ စိုက်ကျသွားပြီး ရန်သူ၏ဦးခေါင်းကို ချက်ချင်းပင် နှစ်ခြမ်းခွဲပစ်လိုက်သည်။ ဦးနှောက်အသားစများနှင့် သွေးစက်များမှာ လွင့်စင်ထွက်လာပြီး ကျောက်လင်း၏ မျက်နှာတစ်ခုလုံးကို စိုရွှဲသွားစေတော့သည်။
"ဖူးးး..."
ကျောက်လင်းသည် မြေပြင်ပေါ်သို့ လဲကျသွားသော ခေါင်းပြတ်အလောင်းကို ကြည့်ရင်း သွေးတစ်လုပ် ထပ်မံအန်ထုတ်လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံ၌ လုချွမ်းသည် ဇွန်ဘီရုပ်သေးကို ထိန်းချုပ်ကာ ကျန်ရှိနေသော ရန်သူနှစ်ဦးနှင့် အပြင်းအထန် တိုက်ခိုက်နေသည်။ မီးကွန်ရက်နှင့် မြောက်မြားလှစွာသော မီးတောက်နဂါးများ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ကပ္ပတိန်လင်းနှင့် ချင်းဖုန်းစီးနင်းထားသော ဆင့်ကဲပြောင်းလဲသူတို့မှာ တင်းကြပ်စွာ ရစ်ပတ်ပိတ်ဆို့ခြင်း ခံထားရသည်။
ဖရန်ဇီဆေးရည်ကို သောက်သုံးထားသော်လည်း သူတို့သည် အဆင့် ၄ ဇွန်ဘီများ၏ စစ်မှန်သော စွမ်းအားကိုမူ ယှဉ်နိုင်စွမ်းမရှိကြပေ။
ဝုန်း...
ကောင်းကင်ယံတွင် လေပြင်းများမှာ ရူးသွပ်စွာ ဝဲလည်နေပြီး ညာဘက်ခြေထောက်မှာ မီးကျွမ်းလုနီးပါး ဖြစ်နေသော လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူသည် လေဆင်နှာမောင်း၏ ဗဟိုချက်တွင် တွဲလောင်းခိုလျက် လက်နှစ်ဖက်ကို ရူးသွပ်စွာ ဝှေ့ယမ်းနေသည်။ လေပြင်းများအတွင်း၌ လည်ပတ်နေသော လေဓားစက်ဝန်းများမှာ အဆက်မပြတ် ဖြစ်ပေါ်လာပြီး မီးကွန်ရက်နှင့် မီးတောက်နဂါးများကို အတင်းအဓမ္မ တိုးဝင်တိုက်ခိုက်နေတော့သည်။
လေဓားစက်ဝန်းများနှင့် မီးတောက်နဂါးများမှာ တစ်ခုနှင့်တစ်ခု ရိုက်ခတ်မိကာ လေထုထဲတွင် အဆက်မပြတ် ပေါက်ကွဲနေကြသည်။
ကောင်းကင်ဖုံး မီးကွန်ရက်သည် တိုးဝင်လာသော လေဓားစက်ဝန်းကို တိုက်ရိုက်ချေမှုန်းပစ်လိုက်ပြီး ၎င်း၏မီးလျှံများမှာ လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူ၏ ခန္ဓာကိုယ်သို့ ရိုက်ခတ်သွားတော့သည်။
လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူမှာ လွင့်စင်သွားရပြီး ပြင်းထန်လှသော အပူရှိန်ကြောင့် သူ၏အရေပြားများမှာ ခြောက်ကပ်နေသော သစ်ခေါက်များအလားပင်။
ကပ္ပတိန်လင်းမှာမူ ရူးသွပ်မှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် သူ၏လက်ထဲရှိ ဓားသွားများကို အဆက်မပြတ် ဝှေ့ယမ်းကာ တိုးဝင်လာသော မီးတောက်နဂါးများကို ခုတ်ပိုင်းနေသည်။
သူ၏ပတ်ဝန်းကျင်ရှိ အသားစများမှ ကင်ထားသော အသားနံ့သင်းသင်း ထွက်ပေါ်လာခြင်းမှာ သူ၏ခန္ဓာကိုယ် မျက်နှာပြင်မှာ မီးလျှံများကြောင့် ကျက်သွားပြီဖြစ်ကြောင်း သိသာထင်ရှားလှသည်။
"သတ်ကြစမ်း အောက်ကို အတင်းထိုးဆင်းကြ"
ကောင်းကင်ယံတွင် ပြင်းထန်စွာ ဒဏ်ရာရထားသော အမျိုးသားနှစ်ဦးမှာ ပြန်လည်ဆုံတွေ့မိကြသည်။ ကပ္ပတိန်လင်းသည် အော်ဟစါလိုက်ပြီး အောက်ဘက်သို့ တဟုန်ထိုး ဆင်းသက်လိုက်ရာ သူ၏ခန္ဓာကိုယ်ဖြင့်ပင် မီးကွန်ရက်ကို အတင်းအဓမ္မ တိုးဝှေ့ဆွဲဖြဲကာ အောက်ဘက်သို့ တစ်ကျော့ပြန် ထိုးစစ်ဆင်တော့သည်။
လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူသည်လည်း ကပ္ပတိန်လင်း၏နောက်မှ ကပ်လျက်လိုက်ပါကာ ပွင့်ထွက်သွားသော အပေါက်မှတစ်ဆင့် ကျိရုရွှယ်ရှိရာသို့ ပြေးဝင်သွားသည်။
"သေဖို့ အဆင်သင့်ဖြစ်နေပြီပေါ့လေ... ကောင်းပြီ မင်းတို့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"
ပြင်းထန်စွာ ဒဏ်ရာရထားသည့်တိုင် မဆင်မခြင် ထိုးဆင်းလာသည့် ထိုနှစ်ဦးကို မြင်လိုက်ရသောအခါ လုချွမ်းသည်လည်း ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်သည်။
ဤနှစ်ဦးသည် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သဖြင့် သူတို့ကို ချီချီလေးအနီးသို့ အရောက်ခံ၍ မဖြစ်ပေ။
လုချွမ်း၏ စိတ်အမိန့်တစ်ခုဖြင့် မြေပြင်ပေါ်ရှိ ဇွန်ဘီရုပ်သေးများအားလုံး လှုပ်ရှားလာကြသည်။ ဧရာမဇွန်ဘီ ၁ သည် ပြတင်းပေါက်နားသို့ အမြန်ဆုံး သွားရောက်ကာ ချီချီလေးကို ကာကွယ်လိုက်ပြီး မြေလျှိုး ၁ မှာမူ လျှပ်စီး ၁ ကို သယ်ဆောင်၍ မြေအောက်၌ ပုန်းကွယ်လျက် အခွင့်အရေးကို စောင့်ဆိုင်းနေတော့သည်။
မီးလျှံ ၁ နှင့် မီးလျှံ ၂ တို့၏ ထိန်းချုပ်မှုအောက်တွင် အပေါ်သို့ ဖြန့်ကျက်ထားသော မီးကွန်ရက်မှာ ရုတ်တရက် ပုံစံပြောင်းလဲသွားပြီး ဧရာမ မီးတောက်မြွေဟောက်ကြီးတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းကာ ရှေ့ဆုံးမှ ကပ္ပတိန်လင်းကို ဝါးမြိုရန် နားကွဲမတတ် မြည်ဟည်းလျက် တိုးဝင်သွားသည်။
မီးလျှံများ တောက်လောင်နေသော ဧရာမ ပါးစပ်ကြီးမှာ ကပ္ပတိန်လင်းကို ဝါးမြိုတော့မည့်ဆဲဆဲ...
"ဖယ်စမ်း"
ကပ္ပတိန်လင်းက အော်ဟစ်လိုက်ပြီး ရေလှောင်ကန်လောက်ရှိသော မြွေဟောက်ခေါင်းကြီးကို အားကုန်လွှဲ၍ ခုတ်ချလိုက်သည်။
ဘုန်း...
မီးတောက်မြွေဟောက်ကြီး၏ ခေါင်းမှာ ထိုဒဏ်ချက်ကြောင့် တစ်ဝက်ခန့် ပြတ်တောက်သွားပြီး မီးစများအဖြစ် လွင့်စင်သွားသည်။ သို့သော် ကပ္ပတိန်လင်းသည်လည်း ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် မြေပြင်ပေါ်သို့ ဒလိမ့်ခေါက်ကွေး လဲကျသွားရသည်။
ကပ္ပတိန်လင်းသည် မြေပြင်မှ အလျင်အမြန် ပြန်လည်ရုန်းထလိုက်သည်။
သို့သော် ထိုအချိန်တွင် မီးတောက်မြွေဟောက်ကြီးနှင့်အတူ မီးတောက်နဂါး အစင်းပေါင်းများစွာမှာ ကပ္ပတိန်လင်းထံသို့ တဟုန်ထိုး ပြေးဝင်လာကြပြန်သည်။
ကပ္ပတိန်လင်းသည် မျက်လုံးများ နီရဲလျက် သူ၏လက်ထဲရှိ ဓားသွားများကို ဝှေ့ယမ်းကာ ပြေးဝင်လာသော မီးတောက်နဂါးများကို အဆက်မပြတ် ရင်ဆိုင်နေပြီး ရံဖန်ရံခါတွင် တစ်ကောင်ချင်းစီကို ပိုင်းဖြတ်ပစ်လိုက်သည်။
တိုက်ပွဲကို အာရုံစိုက်နေသော ကျိရုရွှယ်သည် ကပ္ပတိန်လင်းမှာ မီးတောက်နဂါးများနှင့် လုံးထွေးနေသည့် အခိုက်အတန့်ကို အမိအရ ဆုပ်ကိုင်ကာ သူမ၏လက်ထဲမှ ပန်းထိုးအပ်အချို့ကို ပစ်လွှတ်လိုက်သည်။
ရှပ်...
ကပ္ပတိန်လင်း၏ မျက်လုံးနှစ်လုံးမှာ ချက်ချင်းပင် ပေါက်ထွက်သွားတော့သည်။
"အား..."
ရုတ်တရက် အမှောင်ကျသွားသဖြင့် ကပ္ပတိန်လင်းသည် ထိတ်လန့်တကြား အော်ဟစ်ရင်း လမ်းကြောင်းမသိဘဲ ယိုင်တိယိုင်တိုင် ဖြစ်သွားသည်။
ထိုအခိုက်အတန့်မှာပင် မြေလျှိုး ၁ သည် လျှပ်စီး ၁ ကို သယ်ဆောင်လျက် မြေအောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ လျှပ်စီး ၁ ၏ ထက်မြက်လှသော လက်သည်းဓားသွားများသည် ကပ္ပတိန်လင်း၏ နှလုံးသားကို မျက်တောင်တစ်ခတ်အတွင်း ထိုးဖောက်သွားတော့သည်။