အခန်း (၂၅၆)
Vol. 26 Ch. 256
ကပ္ပတိန်လင်း၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် တောင့်တင်းသွားတော့သည်။ သူသည် မည်သည့်နာကျင်မှုကိုမျှ မခံစားရသော်လည်း နှလုံးသားမှာ အေးစက်သွားပြီး သူ၏ခွန်အားများအားလုံးမှာလည်း အရှိန်အဟုန်ဖြင့် ယုတ်လျော့လာခဲ့ပြီဖြစ်သည်။
ဝုန်း...
လျှပ်စီး ၁ သည် အားအင်ကုန်ခမ်းနေသော ကပ္ပတိန်လင်း၏ ခန္ဓာကိုယ်ကို အရှိန်ဖြင့် တွန်းထုတ်လိုက်ရာ သူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး အကြိမ်အနည်းငယ် လိမ့်သွားပြီးမှ ငြိမ်ကျသွားတော့သည်။
"ညီအစ်ကိုတို့... ပြေးကြတော့"
ပါးစပ်အတွင်းမှ သွေးများ အဆက်မပြတ် စီးကျလာပြီး ကန်းသွားသော မျက်လုံးများဖြင့် ကပ္ပတိန်လင်းသည် သူ၏နောက်ဆုံး လက်ကျန်အားအင်ကို အသုံးပြုကာ ကောင်းကင်ယံရှိ လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူကို အားကုန်အော်ဟစ်ကာ သတိပေးလိုက်သည်။
ဟင်း... ဟင်း...
သွေးများမှာ ပါးစပ်အတွင်းမှ ပန်းထွက်လာပြီးနောက် ကပ္ပတိန်လင်းသည် စကားမပြောနိုင်တော့ဘဲ ပူနွေးလှသော သွေးအရည်များမှာ သူ၏လည်ချောင်းအတွင်း၌ ပွက်လောရိုက်နေတော့သည်။
သေခါနီးအချိန်မှာပင် ကပ္ပတိန်လင်းသည် အသိစိတ် ပြန်လည်ကြည်လင်လာပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရသော သူ၏ရဲဘော်ရဲဘက်များကို တွေးမိကာ နက်နက်ရှိုင်းရှိုင်း နောင်တရမိသွားသည်။
ငါသာ ကြိုသိခဲ့ရင်...
ဒီမစ်ရှင်ကို ငါ...
ငါ လုံးဝ...
နောက်တစ်စက္ကန့်တွင် ကပ္ပတိန်လင်း၏ အသိစိတ်များ လွင့်ပြယ်သွားပြီး မြေပြင်ပေါ်၌ အသက်မဲ့စွာ ငြိမ်သက်သွားတော့သည်။
"ကပ္ပတိန်"
ကောင်းကင်ယံ၌ မီးတောက်နဂါးနှင့် လုံးထွေးနေသော လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူမှာ သူ၏မျက်လုံးကိုပင် သူ မယုံကြည်နိုင်ဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ်မှာ ယိုင်တိယိုင်တိုင်ဖြစ်သွားပြီး မျက်နှာတစ်ခုလုံးတွင် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်သွားတော့သည်။
ကပ္ပတိန်ပါ စတေးခံလိုက်ရလိမ့်မည်ဟု ဘယ်သူက ထင်ထားမှာလဲ...
မကြာမီ လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူ၏ အကြည့်မှာ အောက်ဘက်ရှိ ကျိရုရွှယ်ထံသို့ ကျရောက်သွားသည်။ သူ၏မျက်ဝန်းများမှာ သွေးကဲ့သို့ နီရဲနေပြီး အမုန်းတရားများဖြင့် ပြည့်နှက်နေတော့သည်။
ယခုအခါ အဖွဲ့ထဲတွင် သူတစ်ဦးတည်းသာ ကျန်တော့ပြီး အခြားသူများအားလုံး တိုက်ပွဲတွင် ကျဆုံးကုန်ကြပြီဖြစ်သည်။
"ကပ္ပတိန် ကျွန်တော် ခင်ဗျားအတွက် ကလဲ့စားချေပေးမယ်"
ရူးသွပ်နေသော မျက်နှာထားဖြင့် လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူသည် သူ၏လေပြင်းများကို စီးနင်းကာ ပတ်ဝန်းကျင်ရှိ မီးတောက်နဂါးများကို လျစ်လျူရှုလျက် ကျိရုရွှယ်ရှိရာသို့ အသည်းအသန် ပြေးဝင်လာတော့သည်။
ယနေ့တွင် သူသည် ရန်သူကို အနည်းဆုံး တစ်ပါးသွားအောင် ဆွဲခေါ်သွားနိုင်မည်ဆိုလျှင် သေရကျိုးနပ်သည်ဟု ဆုံးဖြတ်ထားပုံပင်။
ဝုန်း...
မီးတောက်နဂါးတစ်ကောင်သည် လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူ၏ အပြာရောင် လေဝဲအကာအကွယ်ကို ထိမှန်သွားပြီး ပေါက်ကွဲသွားတော့သည်။
အပြာရောင်လေဝဲမှာ အပေါက်ကြီးတစ်ခု ပွင့်ထွက်သွားပြီး ၎င်းကို ပြန်လည်မပြင်ဆင်နိုင်မီမှာပင် ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော မီးပွားများသည် လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူ၏ ခန္ဓာကိုယ်ပေါ်သို့ လွင့်စင်ကျရောက်ကာ မီးတောက်များ ဟုန်းဟုန်းတောက်သွားတော့သည်။
မီးမငြိမ်းခင်မှာပင် ထိုမီးလျှံသည် လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူ၏ ခန္ဓာကိုယ်မှ အသားစများကို လောင်ကျွမ်းပစ်လိုက်သဖြင့် အတွင်းမှ အရိုးဖြူဖြူများပင် ပေါ်လာတော့သည်။
သို့သော် သူသည် ထိုဒဏ်ရာကို ဂရုမစိုက်ဘဲ သတ်ဖြတ်လိုစိတ် အပြည့်နှင့် မျက်နှာထားဖြင့် ကျိရုရွှယ်ရှိရာသို့သာ တည့်တည့်မတ်မတ် ဦးတည်နေသည်။
ဂျိမ်း...
နောက်တစ်စက္ကန့်တွင် မီးတောက်နဂါး အများအပြားမှာ လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူထံသို့ အမီလိုက်လာပြီး ထိတွေ့မိသည်နှင့် ပေါက်ကွဲသွားကြပြန်သည်။
လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူမှာ မီတာ ရာနှင့်ချီ၍ လွင့်စင်သွားရပြီး သူ့ပတ်ဝန်းကျင်ရှိ အပြာရောင်လေဝဲမှာလည်း အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ် တစ်ဝက်ခန့်မှာလည်း ပြင်းထန်သော မီးလျှံများ စွဲလောင်နေတော့သည်။
သို့သော် ဖရန်ဇီဆေးရည်၏ အာနိသင်အောက်တွင် သူသည် နာကျင်မှုကို မခံစားရပေ။
သူ၏ မယိုင်လဲသော ဆုံးဖြတ်ချက်ကြောင့် မီးကျွမ်းခံရမည့် အန္တရာယ်ရှိနေသည့်တိုင် သူသည် အနည်းငယ်မျှ ဂရုမစိုက်တော့ပေ။
သူသည် လမ်းကြောင်းကို ပြန်လည်တည့်မတ်လိုက်ပြီးနောက် ပြတင်းပေါက်နားရှိ ကျိရုရွှယ်ရှိရာသို့ ဇွဲနပဲကြီးစွာဖြင့် ထပ်မံတိုးဝင်လာပြန်သည်။
"သေချင်နေတာပဲ"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လုချွမ်း၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်သွားပြီး သူ၏မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ ဝင်းလက်သွားသည်။
ဒီကောင်က တော်တော်လေး ခံနိုင်ရည်ရှိတာပဲ။ ချီချီလေးကို သတ်ဖို့အတွက် သူ့အသက်ကိုတောင် စတေးဖို့ အသင့်ဖြစ်နေတယ်ပေါ့။
ကံမကောင်းစွာပဲ ငါက အဲဒါမျိုးကို လုံးဝ ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး။
မင်းတို့တွေ ငါ့စိုက်ခင်းကို ကျူးကျော်ရဲတယ်ဆိုရင် အကုန်လုံး အမြစ်ပြတ် သုတ်သင်ခံရဖို့ အဆင်သင့်ပြင်ထားရမယ်။
ပြတင်းပေါက်နားတွင် ရပ်နေသော ကျောက်လင်းသည် မလှမ်းမကမ်းရှိ ဇွဲကြီးပြီး ရူးသွပ်နေသော ပုံရိပ်ကို ကြည့်ကာ မျက်ဝန်းများတွင် တွန့်ဆုတ်သွားသည့် အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။
နှမြောစရာပဲ သူသာ စောစောစီးစီး သဘောပေါက်ခဲ့ရင် ကောင်းမှာ။
သူ့ရဲ့ ရဲဘော်တွေအတွက် အသက်စွန့်ပြီး ကလဲ့စားချေဖို့ ကြိုးစားနေတာကတော့ တကယ့်ကို ချီးကျူးထိုက်တဲ့ စိတ်ဓာတ်ပါပဲ။
သို့သော် သူ သတ်ချင်နေသူမှာ ချီချီလေး ဖြစ်နေသည်။
ချီချီလေး၏ ဘေးကင်းလုံခြုံရေးအတွက် ကျောက်လင်းသည် ဓားကို တင်းတင်းဆုပ်ကိုင်ကာ အနက်ရောင် အရိပ်တစ်ခုအသွင် ပြောင်းလဲလျက် သတ်ဖြတ်ရန် ရှေ့သို့ တိုးဝင်သွားတော့သည်။
ပြတင်းပေါက်နောက်ကွယ်ရှိ ကျိရုရွှယ်မှာမူ လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူကို အေးစက်စွာသာ ကြည့်နေပြီး သနားညှာတာသည့် အရိပ်အယောင် အနည်းငယ်မျှ မပြပေ။
သူတို့သည် အစကတည်းက အသေအလဲ တိုက်ခိုက်နေကြသည့် ရန်သူတော်များသာ။
ဘာကြောင့်များ ဟန်ဆောင်နေရမှာလဲ
ထို့ပြင် အကယ်၍ ယနေ့ သူတို့၏ စိုက်ခင်းသာ ရှုံးနိမ့်သွားခဲ့ပါက သူမနှင့် သူမဖခင်၏ ကံကြမ္မာမှာ သေခြင်းတရားထက်ပင် ပို၍ ဆိုးရွားပေလိမ့်မည်။
ထို့ကြောင့် ဤလူများက သေကိုသေရမည်။
ကမ္ဘာပျက်ကပ်ကာလတွင် မလိုအပ်သော သနားကြင်နာမှုတိုင်းမှာ မိမိကိုယ်ကိုယ် သေတွင်းတူးခြင်းသာ ဖြစ်သည်။
ထိုအချိန်တွင် ကျောက်လင်းမှာ လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူနှင့် ရင်ဆိုင်တွေ့နေပြီ ဖြစ်သည်။
လမ်းပိတ်ထားသော ကျောက်လင်းကို ကြည့်ရင်း လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူ၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်များ လျှံထွက်နေသည်။
ယခုအချိန်တွင် သူ အလိုချင်ဆုံးမှာ ကျိရုရွှယ်ကို သတ်ပြီး သူ၏ ညီအစ်ကိုများအတွက် ကလဲ့စားချေရန်သာ ဖြစ်သည်။ သူ့ကို လာရောက်ပိတ်ဆို့သူ မှန်သမျှမှာ ရန်သူတော်များသာ ဖြစ်သည်။
ရှုး... ရှုး... ရှုး...
လက်ဖဝါးခန့်ရှိသော ထက်မြက်လှသည့် လေဓား အမြောက်အမြားမှာ ကျောက်လင်းထံသို့ တဟုန်ထိုး ပြေးဝင်လာပြီး တစ်ချိန်တည်းမှာပင် လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူ၏ တိုက်ခိုက်ရေးဓားမှာလည်း ကပ်လျက် ပါလာသည်။
ချလွင်...
ကျောက်လင်း၏ မျက်နှာမှာ တင်းမာသွားပြီး သူ၏ သံမဏိဓားကို အဆက်မပြတ် လွှဲယမ်းကာ တိုးဝင်လာသော လေဓားများကို တစ်ခုပြီးတစ်ခု ခုခံလိုက်သည်။ သတ္တုချင်း ထိမှန်သံများ ထွက်ပေါ်လာပြီး ဓားသွားမှာလည်း အဆက်မပြတ် တုန်ခါလျက် ဝီဝီမြည်သံများ ထွက်ပေါ်နေတော့သည်။
နောက်တစ်စက္ကန့်တွင် လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူ၏ ဓားချက် ကျရောက်လာသည်။ တောက်ပလှသော ဓားအလင်းတန်းမှာ မကြည့်ရဲစရာပင် ကောင်းလှပြီး မည်သူမျှ တားဆီး၍မရသော အရှိန်အဟုန် ပါဝင်နေသည်။
ဓား၏ စူးရှသော အလင်းတန်းမှာ အရေပြားကိုပင် စပ်ဖျဉ်းဖျဉ်း ဖြစ်စေသဖြင့် ကျောက်လင်းသည် မျက်မှောင်ကို ပို၍ ကြုတ်လိုက်ကာ ညာဘက်လက်ကို လှုပ်ရှားလျက် တုန်ခါနေသော သံမဏိဓားကို ပြန်လည် တည်ငြိမ်သွားအောင် ထိန်းလိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် ကြောက်မက်ဖွယ်ကောင်းသော လေတိုးသံနှင့်အတူ အားကုန် လွှဲယမ်းပစ်လိုက်သည်။
ချလွင်…
ကျောက်လင်းနှင့် လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူတို့၏ နားစည်များအနီးတွင် ကျယ်လောင်လှသော သတ္တုချင်းရိုက်ခတ်သံကြီး ထွက်ပေါ်လာသည်။ ကျောက်လင်းမှာ တစ်ခဏမျှ ခေါင်းနားပန်းကြီးသွားကာ ဝေဝေဝါးဝါး ဖြစ်သွားရပြီး ပြင်းထန်လှသော စွမ်းအင်လှိုင်းများမှာ အပြင်ဘက်သို့ ရိုက်ခတ်သွားတော့သည်။ ထိုတုန်ခါမှုကြောင့် သူတို့နှစ်ဦးစလုံးမှာ မထိန်းနိုင်ဘဲ နောက်သို့ အသီးသီး လွင့်စင်သွားကြသည်။
"သေစမ်း"
သူ၏ခြေလှမ်းကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး လည်ပတ်နေသော လေဓားစက်ဝန်းအချို့ကို ချက်ချင်းပင် ထုတ်လွှတ်လိုက်သည်။ ထိုလေဓားစက်ဝန်းများမှာ လေနဂါးများအသွင်ဖြင့် ကျောက်လင်းထံသို့ တဟုန်ထိုး ပြေးဝင်လာတော့သည်။
အကယ်၍ အသားစတစ်ခုခုသာ ထိုလေဓားစက်ဝန်းထဲသို့ ရောက်သွားပါက အတွင်း၌ ရူးသွပ်စွာ လည်ပတ်နေသော လေဓားများ၏ ဒဏ်ကြောင့် အပိုင်းပိုင်းအပြတ်ပြတ် စုတ်ဖြဲခံရပေလိမ့်မည်။
ဤလေဓားစက်ဝန်းများကို ရင်ဆိုင်ရချိန်တွင် ကျောက်လင်း၏ မျက်နှာမှာ အလွန်တည်ကြည်လေးနက်နေပြီး သူ၏ ဆံနွယ်များမှာလည်း လေနှင့်အတူ ဝဲလွင့်နေတော့သည်။
ယင်းတို့ကို ထိပ်တိုက်ရင်ဆိုင်၍ မဖြစ်နိုင်ကြောင်း သိရှိသဖြင့် ကျောက်လင်းသည် သံမဏိဓားကို ကိုင်ဆောင်ကာ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။ လေဓားစက်ဝန်း နှစ်ခုကို အောင်မြင်စွာ ရှောင်တိမ်းပြီးနောက် သူ၏ သံမဏိဓားကို အားကုန်လွှဲယမ်းလိုက်သည်။
လေတိုးသံများနှင့်အတူ ပြင်းထန်လှသော စွမ်းအင်များမှာ သံမဏိဓားကို ဝန်းရံသွားပြီး နောက်ဆုံးကျန်ရှိနေသော လေဓားစက်ဝန်းကို အတင်းအဓမ္မ ပိုင်းဖြတ်ပစ်လိုက်တော့သည်။
ဝုန်း...
လေဓားစက်ဝန်းကို ဖြတ်ကျော်ပြီးနောက် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မှာ အရှိန်မသေသေးဘဲ မြေပြင်ပေါ်တွင် တစ်ကိုက်ကျော် ရှည်လျားသော ဓားရာကြီးတစ်ခုကို ထင်ကျန်ရစ်စေခဲ့သည်။
သတိလက်လွတ်ဖြစ်နေသော လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူမှာ ထိုစွမ်းအင်လှိုင်း၏ ရိုက်ခတ်မှုကြောင့် နောက်သို့ လွင့်စင်သွားရပြန်သည်။
"သတ်ပစ်မယ်"
ပါးစပ်ထောင့်မှ သွေးများ စီးကျနေသော်လည်း လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူ မှာ ရူးသွပ်စွာပင် ပြန်လည်ထရပ်လိုက်သည်။ သူသည် ဧရာမ လေဓားစက်ဝန်းကြီးတစ်ခုအတွင်း သူ့ကိုယ်သူဝန်းရံလိုက်ရာ ဧရာမ လေနဂါးကြီးတစ်ကောင်အလား ဖြစ်သွားပြီး ကျောက်လင်းကို တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော် ထိုအခိုက်အတန့်၌ လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူ၏ ခြေဖဝါးအောက်တွင် အညိုရောင် ဝိညာဉ်အလင်းတန်း ဟတစ်ခု ဝင်းလက်သွားပြီး မြေလျှိုး ၁ က ရုတ်တရက် ထွက်ပေါ်လာကာ လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူ၏ ခြေထောက်များကို မြေကြီးထဲသို့ ဆွဲချလိုက်တော့သည်။
"တောက်... ဒီဖာသည်မ"
မထင်မှတ်ထားသော အပြောင်းအလဲကြောင့် လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူမှာ ဒေါသတကြီး ဆဲဆိုလိုက်ပြီး သူ့ပတ်ဝန်းကျင်ရှိ လေပြင်းများကို ထိန်းချုပ်ကာ မြေကြီးထဲမှ ရုန်းထွက်ရန် အသည်းအသန် ကြိုးစားတော့သည်။
သို့သော် သူ၏ စိတ်ပျက်အားငယ်မှုမှာ ပို၍သာ တိုးလာခဲ့သည်။ အဆင့် ၄ ရှိသော မြေလျှိုး ၁ ကို လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူ၏ ခွန်အားဖြင့် ဘယ်လိုလုပ်မျှ မယှဉ်နိုင်ဘဲ အောက်သို့သာ တဖြည်းဖြည်း ဆွဲချခြင်း ခံနေရသည်။
သူသည် သူ၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်း မြုပ်ဝင်သွားသည်ကို ဘာမျှမတတ်နိုင်ဘဲ ကြည့်နေရကာ အလဟဿသာ ဒေါသတကြီး အော်ဟစ်နေမိတော့သည်။
သူ မည်မျှပင် ရုန်းကန်နေပါစေ မြေထဲသို့ နစ်ဝင်သွားသည့် အရှိန်မှာမူ ရပ်တန့်မသွားပေ။
ထိုအချိန်တွင် ကောင်းကင်၌ ဝဲပျံနေသော မီးတောက်မြွေဟောက်ကြီးမှာ ဟိန်းဟောက်လိုက်ပြီး အကူအညီမဲ့ကာ ရူးသွပ်နေသော လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
"အား... မင်းတို့တွေလည်း အသေဆိုးနဲ့ သေကြပါစေ"
သူ၏ မျက်စိရှေ့မှောက်သို့ မီးတောက်မြွေဟောက်ကြီး တိုးဝင်လာချိန်တွင် လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူသည် မကျေမနပ်နှင့် အားကုန် အော်ဟစ်လိုက်သည်။
ဝုန်း...
မျက်တောင်တစ်ခတ်အတွင်းမှာပင် မီးတောက်မြွေဟောက်ကြီးမှာ လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူ ကို ကိုက်ခဲလိုက်ပြီး ပေါက်ကွဲသွားရာ ကောင်းကင်သို့ မြင့်တက်သွားသော မီးလျှံကြီးတစ်ခုကို ဖြစ်ပေါ်စေတော့သည်။
ထိုပေါက်ကွဲမှုအတွင်း၌ လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူမှာ လုံးဝဥဿုံ ချေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရသည်။
စိုက်ခင်းတစ်ခုလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ မီးကျွမ်းနေသော ခြောက်ကပ်သည့် မြေပြင်ပေါ်တွင် အေးစက်နေသော အလောင်းများစွာမှာ ဟိုတစ်စ သည်တစ်စ လွင့်စင်နေကြသည်။
ဤသို့ဖြင့် စိုက်ခင်းကို ကျူးကျော်လာသော ဆင့်ကဲပြောင်းလဲသူများအားလုံး သေဆုံးသွားကြတော့သည်။