← Chapters

အခန်း (၂၅၇)

Vol. 26 Ch. 257

အခန်း (၂၅၇)

Vol. 26 Ch. 257

"ဟူး... နောက်ဆုံးတော့... နိုင်သွားပြီ"

လေစွမ်းအင်ဆင့်ကဲပြောင်းလဲသူကျဆုံးသွားသည်ကို ကိုယ်တိုင်မြင်လိုက်ရပြီးနောက် ကျောက်လင်းမှာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။

သူမသည် လက်ထဲရှိ သံမဏိဓားကို ဘေးသို့ ပစ်ချလိုက်ပြီး မြေပြင်ပေါ်သို့ ပုံရက်သား ထိုင်ချလိုက်ကာ အမောတကော အသက်ရှူနေတော့သည်။

ဤတိုက်ပွဲမှာ သူမအတွက် အလွန်အမင်း ခက်ခဲပင်ပန်းလှသည်။

ပထမဆုံး တစ်ကြိမ် သေဆုံးခဲ့ရပြီးနောက် အဆင့် ၃ ဆင့်ကဲပြောင်းလဲသူ နှစ်ဦးနှင့် အသေအလဲ တိုက်ခိုက်ခဲ့ရသည်။ အမှားအယွင်း အနည်းငယ်လေး ရှိရုံဖြင့်ပင် သူမ၏ အသက်ကို ဆုံးရှုံးသွားနိုင်သည့် အနေအထားမျိုး ဖြစ်ခဲ့သည်။

ပြင်းထန်လှသော တိုက်ပွဲကြောင့် သူမ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အားအင်များမှာ အတော်ပင် ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။

ယခုအချိန်တွင် သူမ အလိုချင်ဆုံးမှာ ကောင်းမွန်စွာ အိပ်စက်အနားယူရန်သာ ဖြစ်တော့သည်။

ခဏအကြာတွင် ကျောက်လင်း၏ အသက်ရှူသံမှာ တဖြည်းဖြည်း မှန်လာသည်။ သူမသည် ရှေ့တွင် ပြန့်ကျဲနေသော အလောင်းများကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေမိသော်လည်း မကြာမီမှာပင် ထိုအကြည့်များမှာ ပြတ်သားမှုအဖြစ်သို့ ပြောင်းလဲသွားသည်။

လူသားချင်း ဖြစ်ပါလျက်နှင့် အချင်းချင်း ပြန်လည်တိုက်ခိုက်နေကြရသည်။

သို့သော် သူမက သူတို့ကို သတ်ချင်၍ မဟုတ်ဘဲ သူတို့က အရင်စတင် တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူမကို အပြစ်ဆို၍ မရပေ။

ဒီလောက် ကောင်းတဲ့ စိုက်ခင်းကြီးကို ဘာလို့များ ဒီလိုမျိုး ဖျက်ဆီးပစ်ချင်ရတာလဲ။ နတ်ပြည်လို အေးအေးချမ်းချမ်း ရှိလှတဲ့ နေရာလေးကတော့ ဒီဆင့်ကဲပြောင်းလဲသူတွေကြောင့် ပျက်စီးကုန်ပြီ။ ပြီးတော့... ချစ်စရာကောင်းပြီး စိတ်ထားလည်း သိပ်ကောင်းတဲ့ ချီချီလေးကိုမှ ဘာလို့ ထိခိုက်အောင် လုပ်ချင်ကြရတာလဲ။ ဒါကြောင့်... ဒီလူတွေက သေဖို့ပဲ ထိုက်တန်တယ်။

ဤသို့ နားလည်သဘောပေါက်သွားချိန်တွင် ကျောက်လင်း၏ မျက်ဝန်းများမှာ အေးစက်သော အလင်းတန်းများ ပေါ်ထွက်လာသည်။

ထို့နောက် ကျောက်လင်းသည် စိုက်ခင်းပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ ချီချီလေးနှင့် ဇွန်ဘီဘုရင်တို့ ဘယ်နေရာမှာ ရှိနေသလဲဆိုသည်ကို စတင်ရှာဖွေတော့သည်။

ဒီနားလေးမှာတင် ရှိနေခဲ့တဲ့ သူနှစ်ယောက်က မျက်တောင်တစ်ခတ်အတွင်းမှာတင် ပျောက်ကွယ်သွားခဲ့ပြီး ဘယ်ကိုရောက်သွားတယ်ဆိုတာ သူမ လုံးဝမသိတော့ပေ။

ပတ်ဝန်းကျင်ကို ရှာဖွေကြည့်သော်လည်း မတွေ့ရှိသဖြင့် ကျောက်လင်းမှာ ဆက်လက်မရှာဖွေတော့ရန် ဆုံးဖြတ်လိုက်ပြီး ရှိသည့်နေရာမှာတင် လှဲချလိုက်ကာ သက်တောင့်သက်သာနှင့် ညည်းညူလိုက်တော့သည်။

ကျောက်လင်း အနားယူနေစဉ်အတွင်း လုချွမ်းနှင့် ကျိရုရွှယ်တို့မှာမူ ချက်ချင်း စိတ်မချနိုင်ကြသေးပေ။ သူတို့သည် စိုက်ခင်းပတ်ဝန်းကျင်တစ်ခုလုံးကို မကျန်ရအောင် ထပ်ခါတလဲလဲ ကင်းလှည့်စစ်ဆေးခဲ့ကြသည်။

မည်သည့်ရန်သူမှ ပုန်းကွယ်နေခြင်းမရှိကြောင်း အတည်ပြုနိုင်ပြီးမှသာ သူတို့နှစ်ဦးမှာ အနည်းငယ် စိတ်အေးသွားကြတော့သည်။

ရန်သူများ မရှိတော့ကြောင်း သေချာသွားသည့်အခါမှသာ လုချွမ်းသည် ယခုဖြစ်ရပ်ဆိုးကြောင့် ဆုံးရှုံးသွားမှုများကို စတင်တွက်ချက်ရန် အခွင့်အရေး ရတော့သည်။

ရိက္ခာနှင့် ပစ္စည်းများ သိုလှောင်ထားသည့် ဂိုဒေါင်မှာ မီးလောင်ကျွမ်းသွားခဲ့ပြီ ဖြစ်သည်။ ဆိုလိုသည်မှာ လုချွမ်းအနေဖြင့် ကျန်းနန်မြို့ပြဧရိယာမှ ပင်ပင်ပန်းပန်း စုဆောင်းခဲ့သည့် ရိက္ခာများမှာ အိမ်ထဲရှိ လက်ကျန်အနည်းငယ်မှလွဲ၍ အားလုံးနီးပါး ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

"ဟူး... ပစ္စည်းတွေ အများကြီး ပျက်စီးသွားတာပဲ။ တကယ့်ကို နှမြောစရာကောင်းလိုက်တာ"

သူ့ရှေ့မှ ပျက်စီးယိုယွင်းနေသော ကွင်းပြင်ဖြူကြီးကို ကြည့်ရင်း လုချွမ်းမှာ မတတ်သာဘဲ ခေါင်းခါလိုက်မိသည်။ ပေါက်တူးနှင့် ဝါးခြင်းတောင်းများကဲ့သို့သော ကိရိယာတန်ဆာပလာများမှာ ဂိုဒေါင်ထဲ၌သာ ရှိခဲ့ခြင်းကြောင့် ထိုအရာများမရှိဘဲ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ဆောင်ရန် မဖြစ်နိုင်တော့ပေ။

အကယ်၍ ထိုကိရိယာများ ရှိနေခဲ့လျှင်ပင် ယခုအချိန်၌ အသုံးချ၍ရမည် မဟုတ်တော့ပေ။

ဤသည်ကို တွေးမိရင်း လုချွမ်းမှာ စိတ်ထဲမှ ခါးသီးစွာ ပြုံးလိုက်မိသည်။

အကြောင်းမှာ စုဆောင်းထားသော ရိက္ခာများအပြင် တစ်ချိန်က စိမ်းလန်းစိုပြည်ခဲ့သော ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် သစ်သီးခြံများမှာလည်း လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ယင်းတို့ကို အချိန်တိုအတွင်း ပြန်လည်ထူထောင်ရန်မှာ မဖြစ်နိုင်ပေ။

ဟင်းသီးဟင်းရွက်ခင်းများကို အပြည့်အဝပြန်လည်ကောင်းမွန်စေရန် လအနည်းငယ် ကြာနိုင်ပြီး သစ်သီးခြံအတွက်မူ ထိုထက်မက ပိုကြာပေလိမ့်မည်။ သစ်သီးပင်များ၏ ကြီးထွားမှုသံသရာမှာ အလွန်ရှည်လျားလှသဖြင့် ၂ နှစ်၊ ၃ နှစ်ခန့် အချိန်ယူရပေမည်။

နေ့စဉ်လိုအပ်သော ရိက္ခာများအပြင် စိုက်ခင်းအတွင်းပိုင်းရှိ ကျောက်တံတိုင်းမှာလည်း အခြေခံအားဖြင့် ပျက်စီးသွားခဲ့ပြီး အချို့နေရာများမှာ ပြိုကျကာ အုတ်ပုံများအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် လုချွမ်း၏ ထိန်းချုပ်မှုအောက်ရှိ ဇွန်ဘီရုပ်သေးများမှာလည်း ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေရသည်။

အဆင့် ၁ နှင့် ၂ ရှိသော ဆင့်ကဲပြောင်းလဲထားသည့် ဇွန်ဘီရုပ်သေးများမှာ ရော့ကတ်များနှင့် လက်ပစ်ဗုံးများ၏ စုပြုံတိုက်ခိုက်မှုအောက်တွင် အကုန်နီးပါး သုတ်သင်ခံလိုက်ရသည်။

အဆင့် ၃ ဇွန်ဘီအများအပြားမှာလည်း တိုက်ပွဲအတွင်း အသတ်ခံရခြင်း သို့မဟုတ် ဒဏ်ရာရခြင်းများ ဖြစ်ခဲ့ရပြီး အဆင့် ၄ ဇွန်ဘီများသာ ထိခိုက်မှုမရှိဘဲ ကျန်ရစ်တော့သည်။

ယခုတစ်ကြိမ်တွင် စိုက်ခင်းသည် ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။

စိုက်ခင်း၏ ဆုံးရှုံးမှုများကို အသေအချာ သိရှိနားလည်သွားပြီးနောက် လုချွမ်းသည် သက်ပြင်းရှည်ကြီးတစ်ခုကို မချဘဲ မနေနိုင်တော့ပေ။

ဒါက တကယ့်ကို ကြီးမားလွန်းတဲ့ ဆုံးရှုံးမှုပဲ။

ဘယ်လို အကျိုးအမြတ်မှ မရရှိခဲ့ဘဲ ဒီလောက်အထိ ဆုံးရှုံးသွားရတာ တကယ့်ကို နှမြောစရာပဲ။

ကျူးကျော်လာတဲ့ ဆင့်ကဲပြောင်းလဲသူတွေကို အမြစ်ပြတ် သုတ်သင်နိုင်ခဲ့တယ်ဆိုပေမဲ့လည်း ဒါက အနှစ်သာရအားဖြင့်တော့ နှစ်ဖက်စလုံး အရှုံးနဲ့ ရင်ဆိုင်ရတဲ့ အခြေအနေမျိုးပဲ။

ကွာခြားချက်မှာ တစ်ဖက်လူများက ပိုမိုကြီးမားသော တန်ဖိုးကို ပေးဆပ်လိုက်ရခြင်းပင်။

သူတို့၏ အသက်များကို စတေးခဲ့ရသည်။

လုချွမ်း၏ ဖက်တွင်မူ အသက်ဆုံးရှုံးမှု မရှိခဲ့သော်လည်း ရှင်သန်နေထိုင်ရေး ရိက္ခာများ ပျက်စီးသွားသဖြင့် ရှေ့လျှောက် နေထိုင်မှုဘဝမှာ ပြဿနာရှိလာပေလိမ့်မည်။ ယခင်ကဲ့သို့ နေထိုင်မှုအဆင့်အတန်းမျိုးကို ဆက်လက် ထိန်းသိမ်းရန်မှာ မဖြစ်နိုင်သလောက်ပင်။

တစ်ချိန်တည်းမှာပင် ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီရုပ်သေးများ ဆုံးရှုံးမှုမှာလည်း များပြားလှသည်။ အင်အားအကောင်းဆုံးဖြစ်သည့် အဆင့် ၄ ဇွန်ဘီရုပ်သေးများ ထိခိုက်မှုမရှိဘဲ ကျန်ရစ်ခြင်းကသာ ဘေးကင်းလုံခြုံရေးအတွက် အာမခံချက် အနည်းငယ် ပေးနိုင်တော့သည်။

သို့သော် လုချွမ်း၏ စစ်အင်အားမှာ သိသိသာသာ လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။ အဆင့် ၃ ရုပ်သေးအရေအတွက်မှာ သိသိသာသာ နည်းပါးသွားပြီး အဆင့် ၁ နှင့် ၂ မှာမူ လုံးဝမရှိတော့သလောက်ပင်။

သူ့လက်အောက်ရှိ ဇွန်ဘီရုပ်သေးများ၏ ဖွဲ့စည်းပုံမှာ အလယ်ပိုင်းနှင့် အောက်ခြေမရှိဘဲ ထိပ်ပိုင်းသာ ရှိနေသည့်အတွက် လေထဲတွင် ဆောက်ထားသော အဆောက်အအုံတစ်ခုကဲ့သို့ အလွန်ပင် ပုံသဏ္ဌာန်မမှန်သော အဆင့်ဆင့်ဖွဲ့စည်းမှုဖြစ်သွားခဲ့ရသည်။

ဆက်စပ်ဆုံးရှုံးမှုအားလုံးကို စာရင်းပြုစုပြီးနောက် လုချွမ်းသည် စိုက်ခင်းကို စတင်ရှင်းလင်းရန် ပြင်ဆင်လိုက်သည်။

အခြားတစ်ဖက်တွင်မူ ကျိရုရွှယ်သည် လိပ်အိုကြီးကို သတိရသွားသဖြင့် ငါးကန်အတွင်း၌ ၎င်း၏ အခြေအနေကို သွားရောက်စစ်ဆေးခဲ့သည်။

ယခင်က ရဟတ်ယာဉ်တပ်ဖွဲ့၏ ရော့ကတ်များဖြင့် ပစ်ခတ်စဉ်အတွင်း ရော့ကတ်အတော်များများမှာ ငါးကန်၏ ရေမျက်နှာပြင်ပေါ်၌ ပေါက်ကွဲခဲ့သဖြင့် လိပ်အိုကြီး ဒဏ်ရာရသွားမလားဆိုသည်ကို သူမ စိုးရိမ်နေခဲ့ခြင်းပင်။

ကန်ပေါင်သို့ အမြန်ပြေးသွားလိုက်စဉ် ကျိရုရွှယ်က နောက်ကျိနေသော ရေမျက်နှာပြင်ကို ကြည့်လိုက်သည်နှင့် ရေအောက်မှ ပုံရိပ်တစ်ခု ပေါ်လာသည်။

၎င်းမှာ လိပ်အိုကြီးပင်။ သူ၏ သခင်မကို မြင်လိုက်ရသည့်အခါ ဖြည်းညှင်းစွာ ကူးခတ်လာတော့သည်။

အသေအချာ ကြည့်ရှုစစ်ဆေးပြီးနောက် ဒဏ်ရာအနာတရ လုံးဝမရှိသည်ကို တွေ့ရသဖြင့် ကျိရုရွှယ်မှာ အစပိုင်းတွင် အံ့ဩသွားသော်လည်း နောက်ပိုင်းတွင်မှ စိတ်အေးသွားကာ မျက်နှာတွင် အပြုံးများ ပြည့်နှက်သွားတော့သည်။

လိပ်အိုကြီး၏ ၅ မီတာနီးပါး ရှည်လျားသော ခန္ဓာကိုယ်နှင့် မည်းနက်နေသော လိပ်ခွံကြီးကို ကြည့်ရုံဖြင့် ၎င်းမှာ ဘာကြောင့် ဒဏ်ရာမရခဲ့သည်ကို ကျိရုရွှယ် ခန့်မှန်းနိုင်သည်။

ဤမျှလောက် မာကျောလှသော လိပ်ခွံကြီးသည် အကောင်းဆုံး ခိုလှုံရာနေရာ ဖြစ်နေခဲ့သည်မှာ သေချာသည်။

ကျိရုရွှယ် သင်ကြားပေးထားသော ကျင့်စဉ်ကြောင့် လိပ်အိုကြီးသည် နတ်ဆိုးအမြုတေများကို မစားသုံးရလျှင်ပင် အလွန်လျင်မြန်စွာ ကြီးထွားလာခဲ့ပြီး အဆင့် ၃ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

ကမ်းခြေသို့ ကူးခတ်လာပြီးနောက် လိပ်အိုကြီးသည် ကျိရုရွှယ်ကို ကြည့်ကာ ပါးစပ်ကြီး ဟပေးလိုက်သည်။

သူ့ပုံစံမှာ "သခင်မလေး... ကျွန်တော် ဗိုက်ဆာနေပြီ" ဟု ပြောနေသကဲ့သို့ပင်။

ချက်ချင်းဆိုသလိုပင် ကျိရုရွှယ်၏ ပြုံးရွှင်နေသော မျက်နှာမှာ တောင့်ခဲသွားပြီး အကျပ်ရိုက်သွားရတော့သည်။

အရင်ကဆိုလျှင် သူမသည် နေ့စဉ် အချိန်မှန်မှန် ဗီဇပြောင်းသားရဲအသားအမျိုးမျိုးကို ယူဆောင်လာပြီး လိပ်အိုကြီးကို ကျွေးမွေးလေ့ရှိသည်။

သို့သော် ယနေ့မှာတော့ မတူတော့ပေ။ ပြင်းထန်သော တိုက်ပွဲကြီးအပြီးတွင် သားရဲအသားများ သိုလှောင်ထားသည့် ဂိုဒေါင်မှာ ပြာဖြစ်သွားခဲ့ပြီဖြစ်ရာ သူမတွင် ကျွေးစရာ ဘာမှမရှိတော့ပေ။

လိပ်အိုကြီးမှာ ပါးစပ်ကြီး ဟထားသည်မှာ တော်တော်ကြာနေသော်လည်း ဘာမှဝင်မလာသဖြင့် သူ၏သခင်မကို နားမလည်နိုင်သော မျက်လုံးလေးများဖြင့် ကြည့်နေတော့သည်။

"ဘာဖြစ်တာလဲ ဒီနေ့ အလိုအလျောက် အစာကျွေးစက်ကြီး ချို့ယွင်းနေတာလား"

လိပ်အိုကြီးသည် ကမ်းပေါ်ရှိ ကျိရုရွှယ်ကို သတိပေးသည့်အနေဖြင့် အသံခပ်တိုးတိုး ဟိန်းဟောက်လိုက်သည်။

"လောလောဆယ်တော့ အောင့်အည်းထားလိုက်ပါဦး။ ငါးလေးတွေ ဘာတွေပဲ ရှာစားထားဦးနော်။ အခြေအနေတွေ ငြိမ်သက်သွားရင် ဖေဖေက ဗီဇပြောင်းသားရဲတွေကို သွားရှာပြီး အသားတွေ အများကြီး ရအောင်လုပ်ပေးလိမ့်မယ်"

ကျိရုရွှယ်က လိပ်အိုကြီး၏ ခေါင်းကို စိတ်မကောင်းစွာဖြင့် ပွတ်သပ်ပေးရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။

လိပ်အိုကြီးကို နှစ်သိမ့်ပေးပြီးနောက် ကျိရုရွှယ်သည် လူနေအိမ်ရာဘက်သို့ ပြန်လာရာ မြေပြင်ပေါ်၌ အိပ်ပျော်လုနီးပါး ဖြစ်နေသော ကျောက်လင်းကို တွေ့လိုက်ရသည်။

"အန်တီကျောက်လင်းး... အဆင်ပြေရဲ့လားဟင်"

စောစောက သူမကို ကာကွယ်ပေးရင်း ကျောက်လင်းမှာ သွေးအန်သည်အထိ ပြင်းထန်စွာ ကန်ခံခဲ့ရသည်။ ကျိရုရွှယ်မှာ သူမ၏ ဒဏ်ရာများအတွက် စိုးရိမ်နေမိခြင်း ဖြစ်သည်။

"ချီချီလေး... စိုးရိမ်စရာမလိုပါဘူး။ အန်တီ အဆင်ပြေပါတယ်။ ရက်နည်းနည်းလောက် အနားယူလိုက်ရင် ရပါပြီ"

ကျောက်လင်းသည် မျက်လုံးများကို ဖွင့်လိုက်ပြီး အမြန်ထထိုင်ကာ ချီချီလေးကို ပြုံး၍ ကြည့်လိုက်သည်။

"တော်သေးတာပေါ့။ ဒါဆိုရင် ဖေဖေ့ကို ကူပြီး စိုက်ခင်းကို အတူတူ ရှင်းကြရအောင်လေ"

ကျိရုရွှယ်က ပြုံးရွှင်စွာ အကြံပြုလိုက်သည်။

"ကောင်းပြီလေ ချီချီလေး သမီးဖေဖေဆီ သွားကြစို့"

ချီချီလေး၏ ချစ်စရာကောင်းသော မျက်နှာလေးကို ကြည့်ရင်း ကျောက်လင်းမှာ သူမ၏ ပင်ပန်းနွမ်းနယ်မှုများ အနည်းငယ် သက်သာသွားသလို ခံစားလိုက်ရသည်။

ထို့ကြောင့် ကျောက်လင်းသည် ချီချီလေး၏ လက်ကို ကိုင်ကာ လုချွမ်းရှိရာသို့ လျှောက်လှမ်းသွားတော့သည်။

All Chapters