အခန်း (၂၅၉)
Vol. 26 Ch. 259
နာရီအနည်းငယ် ကြာပြီးနောက်တွင်တော့ စိုက်ခင်း၏ ရှင်းလင်းရေး အလုပ်များမှာ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ လူနေအိမ်မှ ရှေ့ဘက်ရှိ ကျောက်တံတိုင်းအထိ နေရာလွတ်ကြီးမှာ ဘာအတားအဆီးမှ မရှိတော့ဘဲ လုံးဝ ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။
ဟင်းသီးဟင်းရွက်စိုက်ခင်းအတွင်းရှိ ပေါက်ကွဲမှုများကြောင့် ဖြစ်ပေါ်ခဲ့သော ကျင်းကြီးများနှင့် တိုက်ပွဲများကြောင့် ဖြစ်ပေါ်ခဲ့သော မြေကျင်း၊ မြောင်းများအားလုံးမှာလည်း ပြန်လည်ဖို့ပိတ်ပြီးဖြစ်ရာ ယခင်က ဘယ်လိုလုပ်ရှိခဲ့သည်ဆိုသည့် အထောက်အထားပင် ရှာမတွေ့နိုင်တော့ပေ။
သွေးစွန်းနေသဖြင့် မည်းနက်နေသော မြေကွက်အချို့ကသာလျှင် တစ်ချိန်က ဤမြေပေါ်၌ ပြင်းထန်လှသော တိုက်ပွဲကြီး ဖြစ်ပွားခဲ့သည်ကို သက်သေခံနေကြသည်။
တစ်ချိန်က ကစားကွင်းရှိခဲ့သော နေရာမှာလည်း ယခုအခါ လုံးဝ ကန္တာရဆန်ဆန် တိတ်ဆိတ်ခြောက်သွေ့နေပြီ ဖြစ်သည်။ ပျက်စီးသွားသော ကစားကွင်း ပစ္စည်းကိရိယာများအားလုံးကို ကျောက်လင်းက စိုက်ခင်းအပြင်ဘက်သို့ ရှင်းထုတ်ပစ်ခဲ့ပြီး မီးလောင်ရာမှ ကျန်ရစ်သော ပြာများကိုလည်း သန့်စင်လိုက်သဖြင့် မီးကျွမ်းထားသည့် မြေနက်ကြီးသာ ကျန်ရစ်တော့သည်။
အနောက်ဘက်ရှိ သစ်သီးခြံတွင်လည်း မီးလောင်ကျွမ်းထားသော သစ်ပင်ငုတ်တိုများကို တာဖန်းနှင့် အားဖန်တို့က ဆွဲနှုတ်လိုက်ကြပြီး ကျန်ရစ်ခဲ့သော ကျင်းများကိုလည်း တစ်ခုချင်းစီ ပြန်လည်ဖို့လိုက်ကြသည်။
ရလဒ်အနေဖြင့် တစ်ချိန်က စိမ်းလန်းစိုပြည်ပြီး အသီးအနှံများ ဝေဆာခဲ့သော သစ်သီးခြံလေးမှာ မြေလွတ်မြေရိုင်းဘဝသို့ ရောက်ရှိသွားခဲ့ရသည်။
အပြင်ဘက် ကျောက်တံတိုင်းအောက်ရှိ ကျောက်ကျိုးကျောက်ပဲ့ပုံများကိုလည်း ရှင်းလင်းပြီးဖြစ်သည်။
သို့သော် ကျောက်တံတိုင်းပေါ်တွင်မူ ပုံမှန်အကွာအဝေးတစ်ခုစီ၌ ဟောင်းလောင်းပေါက်ကြီးများ ဖြစ်ပေါ်နေသည်။ ၎င်းအပေါက်များမှာ ကုန်တင်ကားတစ်စီးပင် ဖြတ်မောင်းနိုင်လောက်အောင် ကျယ်ဝန်းလှသဖြင့် အပြင်ဘက်မှကြည့်လျှင် အတွင်းပိုင်းကို အတိုင်းသား မြင်နေရပြီ ဖြစ်သည်။ ထို့ကြောင့် တံတိုင်းတစ်ခု၏ ကာကွယ်ရေး လုပ်ဆောင်ချက်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ အပြင်ဘက်တွင် သွေးဆာနွယ်ပင်တံတိုင်းသာ နောက်ထပ် အလွှာတစ်ခုအနေဖြင့် ရှိမနေပါက စိုက်ခင်း၏ လုံခြုံရေးမှာ အလွန်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်ပြီး နေထိုင်ရန်ပင် မသင့်တော်တော့ပေ။
ယခုအခါ ရှင်းလင်းပြီးစ စိုက်ခင်းကြီးမှာ အလယ်က လူနေအိမ်မှလွဲ၍ ဘာမှမရှိတော့ဘဲ လုံးဝ ဆင်းရဲမွဲတေသွားသည့် ပုံစံမျိုး ဖြစ်နေတော့သည်။
အိမ်အပြင်ဘက်တွင် သူတို့သုံးဦး အတူတူရပ်နေကြပြီး ခြောက်ကပ်နေသော စိုက်ခင်းကြီးကို ကြည့်ကာ သူတို့၏ မျက်နှာများမှာ တည်ကြည်လေးနက်နေကြသည်။
လုချွမ်းနှင့် ကျိရုရွှယ်တို့၏ မျက်နှာများမှာ အေးစက်နေပြီး ကျောက်လင်း၏ မျက်နှာတွင်မူ စိုးရိမ်ပူပန်မှု အရိပ်အယောင်အချို့ကို တွေ့နေရသည်။
သူမရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ကျောက်လင်း၏ စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ဝေစီလာတော့သည်။
မနေ့ကတင် ဤနေရာလေးမှာ အလွန်ပင် စိုပြည်လှပခဲ့သည်။ စိမ်းလန်းစိုပြည်သော ဟင်းသီးဟင်းရွက်စိုက်ခင်းထဲတွင် ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီအချို့က ပေါင်းသင် ရေလောင်းရင်း အလုပ်ရှုပ်နေခဲ့ကြသည်။ အသီးအနှံဝေဆာသော သစ်သီးခြံထဲတွင်လည်း ဇွန်ဘီအချို့က ကိုင်းဖြတ်ကာ ပေါင်းရှင်းပေးနေခဲ့ကြပြီး ခိုင်ခံ့လှသော ကျောက်တံတိုင်းကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင်လည်း ဇွန်ဘီစောင့်ကြပ်ရေးအဖွဲ့များက ကင်းလှည့်နေခဲ့ကြသည်။
သို့သော် တစ်ညတာအတွင်းမှာပင် သူမအတွက် မြေပြင်ပေါ်က နတ်ဘုံနတ်နန်းလို့ တင်စားခဲ့ရသော ဧရာမစိုက်ခင်းကြီးမှာ ယခုကဲ့သို့ ဘာမှမရှိတော့သောအခြေအနေသို့ ရုတ်တရက် ပြောင်းလဲသွားခဲ့ရသည်။ ဤသည်မှာ တကယ့်ကို စိတ်နှလုံးထိခိုက်စရာပင်။ ထိုဆင့်ကဲပြောင်းလဲသူများမှာ တကယ့်ကို လူမဆန်ကြပေ။
လုချွမ်း၏ ရှုထောင့်ကကြည့်လျှင်လည်း သူ၏စိတ်ထဲတွင် လူသားမျိုးနွယ်အပေါ် အလွန်အမင်း ဒေါသထွက်နေမည်မှာ သေချာသည်။ သူ ပင်ပင်ပန်းပန်း တည်ဆောက်ခဲ့သမျှ အရာအားလုံးကို ထိုအောက်တန်းကျသော လူသားများက ဖျက်ဆီးပစ်ခဲ့ကြသည်။
ဤနေရာတွင် အချိန်အတော်ကြာ နေထိုင်ခဲ့သူဖြစ်သည့်အတိုင်း ဇွန်ဘီဘုရင်သည် ဤစိုက်ခင်းအတွက် မည်မျှအထိ အားစိုက်ထုတ်ခဲ့ရသည်ကို သူမ ကောင်းကောင်းသိသည်။
ဒီဆင့်ကဲပြောင်းလဲသူတွေကတော့... ဟူး... သူက ဇွန်ဘီဘုရင်ဖြစ်နေရင်တောင် မင်းတို့ကို ဘာမှလည်း လာမနှောင့်ယှက်ဘဲ သူ့စိုက်ခင်းထဲမှာ သူ အေးအေးဆေးဆေး နေနေတာကို။ ဘာဖြစ်လို့ မင်းတို့လူတွေက သူ့နောက်ကို တကောက်ကောက် လိုက်နေကြတာလဲ။
ယခုမူ စိုက်ခင်းကိုသာ ဖျက်ဆီးနိုင်ခဲ့ကြသော်လည်း ဇွန်ဘီဘုရင်ကို မသတ်နိုင်ခဲ့သည့်အပြင် သူတို့ကိုယ်တိုင်ပါ အသက်ပေးသွားခဲ့ကြရသည်။
တကယ့်ကို မတန်တဆ ပေးဆပ်လိုက်ရခြင်းပင်။
"ဖေဖေ... ဝမ်းမနည်းပါနဲ့တော့နော်။ ဟင်းသီးဟင်းရွက်စိုက်ခင်းနဲ့ သစ်သီးခြံတွေ... ဒါတွေ မရှိတော့ဘူးဆိုပေမဲ့ နောက်ကျရင် သမီးတို့ ဒါတွေကို ပြန်ရှာပြီး ပြန်ဆောက်လို့ရတာပဲ"
"စိုက်ခင်းကိုလည်း အရင်အတိုင်း ပြန်ဖြစ်အောင် လုပ်လို့ရမှာပါ ဖေဖေ"
ဘေးတွင်ရပ်နေသော ကျိရုရွှယ်က သူမဖခင်ကို နှစ်သိမ့်လိုက်သည်။
ဖြစ်ပြီးသမျှကိစ္စတွေအတွက် ဖေဖေ့ကို ဆက်ပြီး ဝမ်းနည်းမနေစေချင်တော့ပေ။ အရာအားလုံးက ဖြစ်ပျက်ခဲ့ပြီးပြီမို့ ရှေ့ဆက်မည့်အနာဂတ်ကိုသာ မျှော်လင့်ရမည်ဖြစ်သည်။
စောစောက ကျောက်လင်းပြောခဲ့သလိုပင် ဖေဖေ့လက်အောက်က ဆင့်ကဲပြောင်းလဲထားတဲ့ ဇွန်ဘီတွေရှိရင် ဟင်းသီးဟင်းရွက်ခင်း၊ သစ်သီးခြံနဲ့ စိုက်ခင်းတစ်ခုလုံးကိုတောင် အချိန်တိုအတွင်း ပြန်လည်ထူထောင်နိုင်မည်ဖြစ်သည်။
ဤစကားကို ကြားသောအခါ လုချွမ်းသည် ခေါင်းငုံ့လိုက်ပြီး ချီချီလေး၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးရင်း ပြုံးလိုက်သည်။
"ဒီကလေးလေးကတော့ တကယ်ပဲ လူကိုချော့တတ်တာပဲ။ အသည်းယားစရာလေး..."
ချီချီလေး၏ စကားများကြောင့် လုချွမ်း၏ စိတ်ထဲတွင် အနည်းငယ် ပေါ့ပါးသွားပြီး သူ၏ တင်းမာနေသော မျက်နှာထားမှာလည်း သိသိသာသာ ပြေလျော့သွားတော့သည်။
"လုချွမ်း... ရှေ့လျှောက် ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ တကယ်လို့ စိုက်ခင်းကို ပြန်လည်တည်ဆောက်ချင်တယ်ဆိုရင် ကျွန်မ ကူညီပေးနိုင်ပါတယ်"
ဘေးနားမှ ကျောက်လင်းက လုချွမ်းကို ကြည့်ကာ မနေနိုင်ဘဲ မေးမြန်းလိုက်ခြင်း ဖြစ်သည်။
မနေ့ညက ဖြစ်ပျက်ခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ သူမ၏ စိတ်ထဲတွင် အမှန်တကယ်ပင် အပြစ်မကင်းသလို ခံစားနေရသည်။
စိုက်ခင်း ပျက်စီးသွားရခြင်းမှာ လူသားတို့ ကျူးလွန်ခဲ့သည့် အပြစ်တစ်ခု ဖြစ်နေပြီး သူမကိုယ်တိုင်မှာလည်း လူသားတစ်ဦး ဖြစ်နေသည့်အတွက် တစ်ဖက်လူအပေါ် အနည်းငယ် အားနာမိနေခြင်းပင်။
ထို့ကြောင့် စိုက်ခင်း ပြန်လည်တည်ဆောက်ရေးတွင် သူမအနေဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီပေးနိုင်မည်ဆိုလျှင် သူမ၏ စိတ်ထဲက အပြစ်ရှိသလို ခံစားချက်မှာလည်း အတိုင်းအတာတစ်ခုအထိ လျော့ပါးသွားမည် ဖြစ်သည်။
ထို့ပြင် သူမသည် ယခင်က လူသားများနှင့် ဇွန်ဘီများ အနာဂတ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအကြောင်းကို အကြံပြုခဲ့ဖူးသည်။ ထိုစဉ်က ဇွန်ဘီဘုရင်က သဘောမတူခဲ့သော်လည်း ငြင်းပယ်ခြင်းလည်း မရှိခဲ့ပေ။ ဆိုလိုသည်မှာ ညှိနှိုင်းရန် အခွင့်အရေး ရှိနေသေးခြင်းပင်။
အကယ်၍ သူမသာ လူသားမျိုးနွယ်၏ အမြင့်ဆုံး ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်မည်ဆိုပါက ဤအိပ်မက်ကို အကောင်အထည်ဖော်နိုင်ရန် အခွင့်အလမ်းကောင်းများ ရှိနေသည်။
သို့သော် သူမ လုံးဝ မျှော်လင့်မထားခဲ့သည်မှာ သူမ ဘာမှ များများစားစား မပြောရသေးမီမှာပင် လူသားဆင့်ကဲပြောင်းလဲသူများက စိုက်ခင်းကို ရူးသွပ်စွာ လာရောက်တိုက်ခိုက်ခဲ့ကြပြီး လုံးဝဥဿုံ ပျက်စီးသွားသည်အထိ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ဤအချက်ကြောင့် သူမအနေဖြင့် ဇွန်ဘီဘုရင်ကို လူသားနှင့် ဇွန်ဘီ အတူယှဉ်တွဲ နေထိုင်ရေးအကြောင်း ထပ်မံပြောဆိုရန် အလွန်တုံ့ဆိုင်းနေမိတော့သည်။
ပြန်လည်တည်ဆောက်မယ် ဟုတ်လား။
ဤစကားကို ကြားသောအခါ လုချွမ်းက ခေါင်းခါလိုက်သည်။
စိုက်ခင်းကို ပြန်လည်တည်ဆောက်လိုက်ရင်ကော ဘာထူးမှာလဲ။
လူသားတွေက နောက်ထပ်တစ်ကြိမ် ထပ်ပြီး လာဖျက်ဆီးကြဦးမှာ။
ဤစိုက်ခင်းသည် လူသားတို့၏ မျက်စိကျရာ နေရာတစ်ခု ဖြစ်သွားခဲ့ပြီဖြစ်ရာ ယခုအကြိမ်တွင် ကြီးမားသော အထိနာမှုနှင့် ရင်ဆိုင်ခဲ့ရသည့် လူသားတို့သည် ရူးသွပ်သော ကလဲ့စားချေမှု တုံ့ပြန်မှုများဖြင့် ဧကန်မုချ ပြန်လည်ရောက်ရှိလာကြပေဦးမည်။
သို့ဖြစ်ရာ စိုက်ခင်းအား ပြန်လည်ထူထောင်ရန်ဟူသော အချက်သည် လုချွမ်း၏ စဉ်းစားတွေးခေါ်မှု၌ အလျဉ်းမရှိတော့ပေ။ သူသည် ရှေ့ဆက်ရမည့် ဘဝခရီးစဉ်အတွက် ခိုင်မာသော ဆုံးဖြတ်ချက်ကို ချမှတ်ပြီးဖြစ်သည်။
ယခင်က ဤဝေးလံသီခေါင်သော အရပ်၌ အခြေချနေထိုင်ခဲ့ခြင်းမှာ ချီချီလေး ငယ်ရွယ်သေးသဖြင့် ကမ္ဘာပျက်ကပ်ဘေးကာလအတွင်း၌ပင် သမီးငယ်လေးအား အတည်တကျရှိပြီး ဘေးကင်းအေးချမ်းသော ဘဝတစ်ခု ဖန်တီးပေးလိုသောကြောင့်ပင်။
သမီးငယ်ကို အတည်တကျမရှိဘဲ လှည့်လည်သွားလာရသည့် ဆင်းရဲဒုက္ခများမှ ကင်းဝေးစေလိုသော စေတနာကြောင့်ပင်။
သို့ရာတွင် ယခုအခါ၌မူ သူ၏ အယူအဆများမှာ အကောင်းမြင်လွန်းခဲ့ကြောင်း သူ သဘောပေါက်လိုက်ပြီဖြစ်သည်။ သူက ပြဿနာကို မရှာသော်ငြား ပြဿနာက သူထံသို့ အရောက်လှမ်းလာတတ်သည်။ ဤသို့သော အခြေအနေမျိုးသည် ပုန်းအောင်းနေရုံမျှဖြင့် ရှောင်လွှဲ၍ရနိုင်သော အရာမျိုး မဟုတ်သည်မှာ ထင်ရှားလှသည်။
ဤစိုက်ခင်းသည် မြို့ပြနှင့် အလွန်ဝေးကွာလှသည်။ သို့ပါသော်လည်း လူသားဆင့်ကဲပြောင်းလဲသူတို့သည် နည်းလမ်းမျိုးစုံဖြင့် ရှာဖွေရောက်ရှိလာကာ ရောက်လာသည့် အကြိမ်တိုင်းတွင်လည်း ရန်လိုမုန်းတီးမှုများကိုသာ ယူဆောင်လာခဲ့ကြသည်။
"ကျားက လူကို အန္တရာယ်မပြုလိုသော်လည်း လူကမူ ကျားကို သတ်ရန်သာ အမြဲကြံစည်
နေသည်" ဟူသော စကားကဲ့သို့ပင် အမြဲတစေ ထွက်ပြေးတိမ်းရှောင်နေခြင်းက ပြဿနာ၏ အဖြေမဟုတ်ကြောင်း လုချွမ်း ကောင်းစွာ နားလည်သွားခဲ့ပြီဖြစ်သည်။
ဇွန်ဘီဘုရင်သည် စိုက်ခင်းကို ပြန်လည်ထူထောင်ရန် ဆန္ဒမရှိကြောင်း သိရှိလိုက်ရသောအခါ ကျောက်လင်း၏ မျက်နှာက သိသိသာသာ ပျက်ယွင်းသွားတော့သည်။ ပြီးခဲ့သည့်ညက တိုက်ခိုက်မှုသည် တစ်ဖက်လူ၏ စိတ်ဓာတ်ကို လုံးဝပြောင်းလဲစေခဲ့ကြောင်း သူမ ရိပ်မိလိုက်ပြီဖြစ်သည်။
ထိုသို့သော အပြောင်းအလဲသည် လူသားမျိုးနွယ်အပေါ် မည်မျှအထိ သက်ရောက်မှုရှိမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။ လုချွမ်းသည် လူသားတို့ကဲ့သို့ပင် မြင့်မားသော ဉာဏ်ရည်ရှိသည့် ဇွန်ဘီဘုရင်တစ်ပါး ဖြစ်နေခြင်းကြောင့် သူ၏ စိတ်အတွင်း၌ လူသားတို့အပေါ် ရန်လိုမုန်းတီးမှုများ အမြစ်တွယ်သွားပါက လူသားမျိုးနွယ်အတွက် ကပ်ဘေးဆိုးကြီး ကျရောက်လာတော့မည်ဟု ဆိုရပေမည်။
လူသားတို့သည် သူတို့အား ပြန်လည်အန္တရာယ်ပြုမည့် ရက်စက်သော ကျားကြီးတစ်ကောင်ကို လှောင်အိမ်အတွင်းမှ လွှတ်ပေးလိုက်သကဲ့သို့ပင်။
ကျောက်လင်းသည် အဆိုးဆုံးသော အခြေအနေများကို မတွေးတောမိစေရန် ကြိုးစားသော်လည်း အေးစက်သော အရှိန်အဝါများ ထွက်ပေါ်နေသည့် လုချွမ်း၏ ပုံစံကြောင့် သူမ၏ စိုးရိမ်စိတ်ကို အလိုလို မတားဆီးနိုင်ခဲ့ပေ။
ဘေးနားရှိ ကျိရုရွှယ်သည်လည်း သူမဖခင်၏ ဆုံးဖြတ်ချက်ကို ခံစားသိရှိလိုက်ရသဖြင့် "ဖေဖေ... ကျွန်မတို့ ဒီနေရာကနေ ထွက်သွားကြတော့မှာလား" ဟု ညင်သာစွာ မေးမြန်းလိုက်သည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လုချွမ်းသည် သူ့အား စောင့်ကြည့်နေသော ကျောက်လင်းနှင့် ချီချီလေးတို့ကို ကြည့်ကာ စက္ကူတစ်ရွက်ပေါ်တွင် အောက်ပါအတိုင်း ရေးသားလိုက်သည်။
ချီချီလေး... အခုကစပြီး ဖေဖေတို့ ရောက်တဲ့ အရပ်မျက်နှာတိုင်းက ဖေဖေတို့ရဲ့ အိမ်ပဲ။