အခန်း (၂၅၂)
Vol. 26 Ch. 252
စိုက်ခင်းအတွင်းရှိ ဆင့်ကဲပြောင်းလဲပြီးသား ဇွန်ဘီများအားလုံး ရပ်တန့်သွားသည်ကို မြင်လိုက်ရသောအခါ ကပ္ပတိန်လင်းသည် သူ၏စကားများက ထိရောက်သွားပြီဟု ထင်မှတ်ကာ ဝမ်းသာအားရ ဖြစ်သွားသည်။
သူက ချက်ချင်းပင် အခွင့်အရေးကို အရယူပြီး ဆက်လက်ဖျောင်းဖျတော့သည်။
"ညီမလေး... ငါတို့ဘက်က မင်းကို မနိုင်ဘူးဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ မမေ့ပါနဲ့ဦး ငါတို့နောက်ကွယ်မှာ အစိုးရအာဏာပိုင်တွေနဲ့ တစ်လောကလုံးက လူသားထုကြီးရှိနေတာပါ။
မင်းရဲ့စွမ်းရည်က တကယ်ကို အစွမ်းထက်ပါတယ်။ ဒီလောက်များတဲ့ ဇွန်ဘီတွေကို ထိန်းချုပ်နိုင်တာ တကယ်ကို အံ့ဩဖို့ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုစွမ်းရည်မျိုးကို လိုအပ်တဲ့နေရာမှာ အသုံးချသင့်တာပေါ့။ ဒီစိုက်ခင်းလေးထဲမှာပဲ အောင်းနေရင် မင်းရဲ့စွမ်းဆောင်ရည်တွေက အလဟဿ ဖြစ်ကုန်လိမ့်မယ်။ အစိုးရနဲ့ ဘာလို့မပူးပေါင်းတာလဲ ဒီလိုကမ္ဘာပျက်ကပ်ကြီးထဲမှာ လူသားတွေရဲ့ အနာဂတ်အတွက် မင်းရဲ့အကူအညီက တကယ်ကို လိုအပ်နေတာပါ"
ကပ္ပတိန်လင်းသည် သူ၏ရဲဘော်ရဲဘက်များစွာကို သတ်ဖြတ်ခဲ့သည့် ဤဆင့်ကဲပြောင်းလဲသူကို အမှန်တကယ်တော့ အလျှော့မပေးလိုပေ။ သို့သော် ကံဆိုးစွာဖြင့် လက်ရှိတွင် သူတို့ကို ယှဉ်ပြိုင်နိုင်စွမ်းမရှိသဖြင့် နည်းဗျူဟာကို ပြောင်းလဲလိုက်ရခြင်းသာ။
တစ်ဖက်လူသည်လည်း လူသားဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်ပြီး နှစ်ဖက်လုံးက လူသားချင်းဖြစ်နေသဖြင့် ဆက်သွယ်ပြောဆိုခြင်းဖြင့် ငြိမ်းချမ်းသော အဖြေတစ်ခု ထွက်လာမည်ဟု သူယုံကြည်နေသည်။
အင်အားသုံးပြီး ဖမ်းခေါ်သွားရန် မဖြစ်နိုင်တော့သဖြင့် စိတ်ခံစားမှုနှင့် အကျိုးသင့်အကြောင်းသင့်ပြကာ လူသားထု၏ အနာဂတ်ဆိုသည့် စကားလုံးဖြင့် တစ်ဖက်လူကို ချည်နှောင်ရန် ကြိုးစားနေခြင်းပင်။
သူ့အမြင်တွင်တော့ မိန်းကလေးငယ်တစ်ဦးသာဖြစ်၍ လှည့်စားရန် လွယ်ကူလိမ့်မည်ဟု ထင်နေခြင်းဖြစ်၏။
အကယ်၍ သူမကို အစိုးရနှင့်ပူးပေါင်းရန် သဘောတူအောင် လုပ်နိုင်ခဲ့လျှင် သူမကို စိုက်ခင်းမှသာ ခေါ်ထုတ်သွားနိုင်ပါက ဆင့်ကဲပြောင်းလဲပြီးသား ဇွန်ဘီများ၏ အကူအညီမရှိဘဲ သူမ၏ ခြိမ်းခြောက်မှုကို အနည်းဆုံးအဆင့်သို့ လျှော့ချနိုင်မည်ဟု သူတွေးနေသည်။
အိမ်ထဲတွင်မူ ကျိရုရွှယ်သည် ကပ္ပတိန်လင်း၏စကားများကို နားထောင်ရင်း မထီမဲ့မြင်ပြုနေမိသည်။
သူတို့က တကယ်ပဲ ငါ့ကို အူကြောင်ကြောင်နဲ့ လှည့်စားရလွယ်တဲ့ မိန်းကလေးတစ်ဦးလို့ ထင်နေကြတာလား။
တစ်ဖက်လူက သူမကို ဇွန်ဘီများကို ထိန်းချုပ်နိုင်စွမ်းရှိသည့် ဆင့်ကဲပြောင်းလဲသူတစ်ဦးဟု ထင်ယောင်ထင်မှား ဖြစ်နေသည်မှာ သိသာလှသည်။
သူမက ထိုသို့သောသူမဟုတ်ပေ။ ဖြစ်ခဲ့လျှင်ပင် သူတို့၏ လှည့်ကွက်ထဲသို့ ဆင်းသက်ပြီး အစိုးရနှင့် ပူးပေါင်းမည်မဟုတ်ပေ။
ဤဆင့်ကဲပြောင်းလဲသူ အထူးတပ်ဖွဲ့များသည် ရောက်ရောက်ချင်းမှာပင် အလွန်မောက်မာခဲ့ကြပြီး စိုက်ခင်းကိုလည်း ချက်ချင်းဖျက်ဆီးကာ ရန်လိုမုန်းတီးမှုများဖြင့် ပြည့်နှက်နေခဲ့သူများပင်။
ယခုမှ ရုတ်တရက်ကြီး သူမကို စည်းရုံးရန် ကြိုးစားနေခြင်းမှာ သူတို့ မနိုင်တော့သည့်အတွက် လှည့်ကွက်သုံးကာ ကြံဖန်ကြိုးစားနေသည့် အကြံအဖန် သက်သက်သာ ဖြစ်သည်။
ထို့ပြင် ကျိရုရွှယ်၏ လွန်ခဲ့သောဘဝက လူသားတို့အပေါ် နားလည်ထားမှုအရ ဆိုလျှင်လည်း သူမသာ သူတို့၏ မုသားစကားများကို ယုံကြည်ပြီး လူသားအစိုးရနှင့် ပူးပေါင်းလိုက်ပါက
သူမကို စောင့်ကြိုနေမည်မှာ ကောင်းမွန်သော ဆက်ဆံမှုနှင့် မြင့်မားသော အဆင့်အတန်းမျိုး မဟုတ်ဘဲ ဇွန်ဘီများကို ထိန်းချုပ်နိုင်သည့် လျှို့ဝှက်ချက်ကို သူတို့ ရှာမတွေ့မချင်း မိမိသဘောဆန္ဒအလျောက်ဆိုသော ခေါင်းစဉ်အောက်တွင် သိပ္ပံနည်းကျ သုတေသနပြု စမ်းသပ်ခံရခြင်းမျိုးသာ ဖြစ်ပေလိမ့်မည်။
"ဟမ့်... ငါ့စိုက်ခင်းကိုလည်း ဖျက်ဆီးထားသေးတယ်။ အခုမှပဲ ငြိမ်းချမ်းစွာ ဖြေရှင်းချင်တယ် ဟုတ်လား"
အိမ်အတွင်း၌ ကပ္ပတိန်လင်း၏ စကားကို ကြားလိုက်ရပြီးနောက် လုချွမ်းမှာ ဒေါသတကြီး ရယ်မောလိုက်မိသည်။
ဘယ်လောက်တောင် မိုက်ရိုင်းတာလဲ။
သို့သော် နောက်တစ်စက္ကန့်မှာပင် လုချွမ်းသည် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး ရုတ်တရက် တန့်သွားသည်။
"နှစ်ဖက်လုံးက လူသားချင်း ဒီကောင်တွေ တစ်ခုခု နားလည်မှုလွဲနေတာလား"
လုချွမ်းက မျက်မှောင်အနည်းငယ်ကြုတ်ကာ ဝေခွဲမရဖြစ်သွားသည်။
သူနှင့် လူသားများအကြားတွင် ဘာပတ်သက်မှု မရှိပေ။ သူက စစ်မှန်သော ဇွန်ဘီတစ်ကောင်သာ ဖြစ်သည်။
နေဦး..
ညီမလေးတဲ့လား။
ရုတ်တရက် လုချွမ်း၏ မျက်ဝန်းများ ဝင်းလက်သွားပြီး အမှန်တရားကို သဘောပေါက်သွားတော့သည်။
"ဒါဆို ဒီလူသားတွေ ပြောနေတာက ချီချီလေးကိုလား"
မထူးဆန်းတော့ပေ။ ထိုဆင့်ကဲပြောင်းလဲသူများမှာ ချီချီလေးဆီသို့ ဘာကြောင့် အရူးအမူး တိုးဝင်နေကြသည်ကို သူနားလည်သွား၏။
သူတို့က ချီချီလေးကို သူဟု ထင်မှတ်မှားကာ ဇွန်ဘီများကို ထိန်းချုပ်နိုင်သည့် စွမ်းအားရှိသော ဆင့်ကဲပြောင်းလဲသူတစ်ဦးဟု သတ်မှတ်လိုက်ကြခြင်းပင်။
စိတ်ဝင်စားစရာပဲ...
လုချွမ်း၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် ကွေးညွှတ်သွားကာ မထင်မှတ်ဘဲ ဤကဲ့သို့သော အလွဲအချော်မျိုးနှင့် ကြုံရသည်ကို သဘောကျနေမိသည်။
သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် လုချွမ်း၏ အပြုံးများ လုံးဝ ပျောက်ကွယ်သွားတော့သည်။
သူ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခြင်း ဖြစ်သည်။
ယနေ့တွင် ချီချီလေး၏ စိတ်စွမ်းအင်သုံး အရာဝတ္ထုထိန်းချုပ်မှုက လူသိရှင်ကြား ဖြစ်သွားခဲ့ခြင်းပင်။ ဤဆင့်ကဲပြောင်းလဲသူများမှာ လက်ရှိတွင် ဝေခွဲမရဖြစ်နေနိုင်သော်လည်း ၎င်းတို့သာ လွတ်မြောက်သွားပြီး လူသားအာဏာပိုင်များထံ သတင်းပို့လိုက်လျှင် နောက်ကွယ်က အမှန်တရားမှာ လူသားအထူးချွန်ဆုံးပညာရှင်များ၏ ဆန်းစစ်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ဤသည်ကို တွေးမိသည်နှင့် လုချွမ်း၏ မျက်ဝန်းများမှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားတော့သည်။ ဤလူအားလုံးကို ဤနေရာမှာတင် အပြီးတိုင် ချုပ်ငြိမ်းစေမှသာ စိုက်ခင်း၏ လျှို့ဝှက်ချက် မပေါက်ကြားအောင် အာမခံနိုင်မည်ဖြစ်သည်။
အခြေအနေက ကောင်းနေသည်ဟုပင် ပြောရမည်။ လူသားများက အမှားအယွင်း ဆုံးဖြတ်မိကာ ချီချီလေးကို ဇွန်ဘီထိန်းချုပ်နိုင်သည့် ဆင့်ကဲပြောင်းလဲသူဟု ထင်မှတ်နေကြသည်။ နောက်တစ်ကြိမ်တွင် သူသည် ဤအချက်ကို အသုံးချကာ လူသားများကို ပြန်လည်လှည့်စားနိုင်ပေလိမ့်မည်။
သို့သော် ဤအစီအစဉ်အားလုံးမှာ ဤလူများကို အလွတ်မပေးဘဲ အကုန်ရှင်းပစ်နိုင်မှသာ အောင်မြင်မည်ဖြစ်သည်။
"ညီမလေး... ငါတို့ကပ္ပတိန် ပြောတာ အမှန်တွေပါ။ ဒီလိုစွမ်းရည်မျိုးနဲ့ စိုက်ခင်းထဲမှာ ပုန်းနေတာက တကယ့်ကို နှမြောဖို့ကောင်းပါတယ်။ အခုအချိန်မှာ လူသားထုက ဇွန်ဘီတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတာ။ မင်းရဲ့ ဇွန်ဘီတွေကို ထိန်းချုပ်နိုင်စွမ်းက အာဏာပိုင်တွေနဲ့ လူသားထုအတွက် တကယ့်ကို လိုအပ်နေတာပါ"
ချင်းဖုန်းကို စီးနင်းထားသည့် ဆင့်ကဲပြောင်းလဲသူကလည်း ကပ္ပတိန်၏ စကားကို ထောက်ခံပြီး မြေပြင်သို့ လှမ်းအော်ပြောလိုက်သည်။
ပြောဆိုပြီးနောက် ကောင်းကင်ယံရှိ လူအနည်းငယ်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စကားစဖြတ်ကာ တစ်ဖက်လူ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြသည်။
အကယ်၍ တိုက်ပွဲသာ ဆက်ဖြစ်ပါက သူတို့အားလုံး အသတ်ခံရဖို့ သေချာသလောက် ရှိနေသည်။ ယခုအချိန်တွင်မူ တစ်ဖက်လူက အကျိုးသင့်အကြောင်းသင့် လက်ခံလာဖို့သာ မျှော်လင့်နိုင်တော့သည်။
ခဏအကြာတွင် ကပ္ပတိန်လင်းသည် အိမ်အတွင်းမှ မည်သည့်လှုပ်ရှားမှုမျှ မရှိသည်ကို မြင်သောအခါ တစ်ဖက်လူက စဉ်းစားနေသည်ဟု ယူဆလိုက်သည်။ ထို့နောက် နာကျင်မှုကို အောင့်ကာ မီးလောင်ကျွမ်းထားသဖြင့် အရေပြားများ စုတ်ပြတ်နေသည့် သူ၏ပြင်းထန်စွာ ဒဏ်ရာရထားသော ညာဘက်လက်မောင်းကို မြှောက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
စိတ်ထဲတွင်လည်း ဤအဆင့် ၄ ဇွန်ဘီ၏ စွမ်းအားမှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှသည်ဟု တိတ်တဆိတ် ရေရွတ်နေမိတော့သည်။
သူ၏ အကြေးခွံဝတ်စုံသည် အဆင့် ၃ စွမ်းရည်အမျိုးမျိုးကို တောင့်ခံနိုင်စွမ်းရှိသော်လည်း ယခုအခါ အဆင့် ၄ မီးမှုတ်ဇွန်ဘီ၏ မီးလျှံများနှင့် ရင်ဆိုင်ရချိန်တွင်မူ ထိုအကြေးခွံနက်ဝတ်စုံမှာ စက္ကူအလား အားနည်းသွားပြီး ခဏချင်းမှာပင် မီးဟုန်းဟုန်းတောက်ကာ ပေါက်ပြဲ၍ ပျက်စီးသွားခဲ့ရသည်။
ကပ္ပတိန်လင်းသည် အံကိုတင်းတင်းကြိတ်ကာ ဒဏ်ရာတစ်ဝိုက်ရှိ လိပ်တက်ပြီး ခြောက်ကပ်နေသော အရေပြားများကို အတင်းအဓမ္မ ဆွဲခွာရန် ပြင်လိုက်စဉ်မှာပင် သူ့ဘေးနားရှိ အသင်းဖော်ထံမှ အလန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာသည်။
"မကောင်းတော့ဘူး ကပ္ပတိန်... သတိထား"
အမြဲတစေ သတိနှင့်ယှဉ်ပြီး နေလေ့ရှိသော ကပ္ပတိန်လင်းသည် လျင်မြန်စွာပင် တုံ့ပြန်လိုက်ပြီး အသံကြားသည်နှင့် အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။
ကြီးမားလှသော မီးလုံးကြီးများမှာ သူနှင့် သူ၏အဖွဲ့ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာနေပြီး မီးလျှံများမှာ ဟုန်းဟုန်းတောက်ကာ အပူလှိုင်းများမှာလည်း ဟိန်းဟောက်နေသည်ကို တွေ့လိုက်ရသည်။
နောက်တစ်စက္ကန့်တွင် ကပ္ပတိန်လင်း၏ ကျောကုန်းပေါ်ရှိ အကြေးခွံနက် အတောင်ပံများမှာ အပြင်းအထန် ခတ်လိုက်ပြီး ဘေးသို့ လျင်မြန်စွာ ရှောင်တိမ်းကာ ရောက်ရှိလာသော မီးလုံးကြီးကို အောင်မြင်စွာ ရှောင်လိုက်နိုင်သည်။
"ညီမလေး... သေသေချာချာ စဉ်းစားစမ်းပါ။ နောက်ထပ် ထပ်ပြီး တိုက်ခိုက်မယ်ဆိုရင် မင်းက လူသားထုတစ်ရပ်လုံးကို ဆန့်ကျင်တဲ့သူ ဖြစ်သွားလိမ့်မယ် နားလည်ရဲ့လား"
ကပ္ပတိန်လင်းသည် မျက်မှောင်ကြုတ်ကာ အောက်ဘက်သို့ ဒေါသတကြီး လှမ်းအော်ပြောလိုက်သည်။
ဤမိန်းကလေးမှာ ကိုင်တွယ်ရ တကယ့်ကို ခက်ခဲလှသည်... ကပ္ပတိန်လင်းမှာ အကျပ်ရိုက်နေတော့သည်။
မထင်မှတ်ဘဲ သူစကားပြောပြီးသည်နှင့် မြေပြင်ပေါ်ရှိ မီးတောက်ဇွန်ဘီသည် ဧရာမမီးလုံးကြီး တစ်ဒါဇင်ခန့်ကို ထပ်မံစုစည်းကာ သူတို့ထံသို့ ပစ်လွှတ်လိုက်ပြန်သည်။
"တောက်... လွန်လွန်းနေပြီ"
ကပ္ပတိန်လင်းမှာ အမြန်ပင် ရှောင်တိမ်းလိုက်ရပြီး ရင်ထဲတွင် ဒေါသများ တောက်လောင်လာသော်လည်း စိတ်ကိုပြန်ထိန်းကာ ပုံမှန်လေသံဖြင့်ပင် ပြန်အော်လိုက်သည်။
"ငါတို့နဲ့ ပူးပေါင်းဖို့သာ သဘောတူမယ်ဆိုရင် ဘယ်လိုအခြေအနေမျိုးကိုမဆို ဖြည့်ဆည်းပေးမယ် မင်းမှာ အသက်ရှင်ကျန်ရစ်တဲ့ ဆွေမျိုးတွေ ရှိသေးလား။ အဓိက အခြေစိုက်မြို့ကြီးတွေမှာ ငါတို့ လိုက်ရှာပေးလို့ရတယ်"
ဤမိန်းကလေးမှာ တကယ်ကို ခေါင်းမာလွန်းလှသည်ဟု ကပ္ပတိန်လင်းက တွေးနေမိသည်။ သူမသည် အလွန်အမင်း အထီးကျန်နေပုံရသဖြင့် ဆွေမျိုးသားချင်းများဘက်မှ ချဉ်းကပ်လျှင် အလုပ်ဖြစ်နိုင်မည်လားဟု သူစဉ်းစားနေခြင်းဖြစ်၏။ ဆွေမျိုးတွေသာ ရှိခဲ့ရင် သူမ သေချာပေါက် လွမ်းဆွတ်နေမှာပဲဟု သူယူဆလိုက်သည်။
သို့သော် ကံဆိုးစွာပင် ကပ္ပတိန်လင်း၏ စကားကို ပြန်လည်တုံ့ပြန်လိုက်သည်မှာ ပြင်းထန်လှသော မီးလျှံများ တောက်လောင်နေသည့် နောက်ထပ် မီးလုံးကြီးများသာ။
"သောက်လခွမ်း…."
တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း ကပ္ပတိန်လင်း၏ မျက်နှာမှာ ရေလိုအေးစက် တည်ငြိမ်သွားတော့သည်။
တစ်ဖက်လူမှာ မည်သို့မျှ ဖျောင်းဖျ၍မရလောက်အောင် ခေါင်းမာနေသဖြင့် စည်းရုံးနိုင်မည့် အခွင့်အလမ်းမှာ လုံးဝမရှိတော့ကြောင်း သူသဘောပေါက်သွားပြီး ယခုအချိန်တွင်မူ သူသည် ဆုတ်ခွာရန်သာ စိတ်ကူးလိုက်တော့သည်။
ကောင်းကင်ယံအထူးတပ်ဖွဲ့ တောင်မှ မကိုင်တွယ်နိုင်တော့မှတော့ ဤအကြောင်းကို အထက်သို့ သတင်းပို့ရုံသာ ရှိတော့သည်။
နောက်တစ်ကြိမ် အာဏာပိုင်တွေဘက်က အလုံးအရင်းနဲ့ အင်အားသုံးပြီး လာတိုက်တဲ့အခါမှာတော့ ဒီမိန်းကလေး ဘယ်လိုမှ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူးဟု သူတွေးတောနေတော့သည်။