အခန်း (၂၅၃)
Vol. 26 Ch. 253
ဝုန်း... ဝုန်း...
ချင်းဖုန်းကို ထိန်းချုပ်ထားသော ဆင့်ကဲပြောင်းလဲသူ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။ သူ၏ပတ်ဝန်းကျင်တွင် လည်ပတ်နေသော ချင်းဖုန်း လေစွမ်းအားကို အသုံးပြု၍ လေဓားစက်ဝန်း အချို့ကို ထုတ်လွှတ်လိုက်ပြီး တိုးဝင်လာသော ဧရာမမီးလုံးကြီး သုံးလုံးကို အပြင်းအထန် ရိုက်ခွဲပစ်လိုက်သည်။ ပေါက်ကွဲသံများမှာ နားကွဲမတတ် မြည်ဟည်းသွားပြီး မီးလျှံများမှာလည်း ကောင်းကင်ယံထက်သို့ ဟုန်းဟုန်းတောက်ကာ လွင့်စင်သွားတော့သည်။
ထိုဆင့်ကဲပြောင်းလဲသူသည် ပြင်းထန်လှသော ရိုက်ခတ်မှုလှိုင်းကြောင့် မီတာအနည်းငယ်မျှ နောက်သို့ လွင့်စင်သွားပြီးမှသာ ခန္ဓာကိုယ်ကို မနည်းထိန်းကာ ပြန်လည်ရပ်တည်နိုင်ခဲ့သည်။
ခန္ဓာကိုယ်တစ်ခုလုံးမှ နာကျင်မှုဒဏ်ကြောင့် ထိုသူ၏မျက်နှာမှာ အလွန်အမင်း တင်းမာကာ ခက်ထန်နေတော့သည်။
အောက်ဘက်မှ အဆက်မပြတ် တက်လာနေသော မီးလုံးကြီးများကို ကြည့်ရင်း ချင်းဖုန်းကို ထိန်းချုပ်ထားသည့် ဆင့်ကဲပြောင်းလဲသူမှာ ဆက်လက်တောင့်ခံရန် ခဲယဉ်းလာသဖြင့် အကြံပြုလိုက်သည်။
"ကပ္ပတိန်... အခုလောလောဆယ် ဆုတ်ခွာကြရင် မကောင်းဘူးလား အခွင့်အရေးဆိုတာ နောက်တစ်ခါ ရှိပါသေးတယ်။ နောက်ကျမှ သူ့ကို ပြန်ပြီး ပညာပေးလို့ ရတာပဲ"
စောစောက မီးမှုတ်ဇွန်ဘီနှင့် တိုက်ခိုက်ခဲ့စဉ်ကတည်းက သူတို့မှာ ဒဏ်ရာကိုယ်စီ ရထားကြပြီးဖြစ်ကာ ခန္ဓာကိုယ်အနှံ့မှာလည်း မီးကွန်ရက်ကြောင့် လောင်ကျွမ်းထားသည့် ဒဏ်ရာများ ပြည့်နှက်နေသည်။ ယခုကဲ့သို့ တိုက်ခိုက်မှုများကို အဆက်မပြတ် ရှောင်တိမ်းနေရခြင်းမှာ ဒဏ်ရာများကို ပိုမိုဆိုးရွားစေပြီး သူတို့၏ အခြေအနေကို ပိုမိုနိမ့်ပါးလာစေသည်။
အကယ်၍ ဤအတိုင်းသာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဆက်ဖြစ်နေမည်ဆိုလျှင် သူတို့အားလုံး အသတ်ခံရဖို့ သေချာသလောက် ရှိနေသည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ကပ္ပတိန်လင်းသည်လည်း ဆုတ်ခွာလိုသည့် စိတ်ဆန္ဒ ရှိနေသော်လည်း အခြေအနေများ ဤအဆင့်အထိ ရောက်ရှိလာခဲ့ပြီးမှ လက်လျှော့လိုက်ရမည်ကို မကျေမနပ် ဖြစ်နေမိသည်။
စစ်ဆင်ရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်ပါသည်ဟု အထက်လူကြီးများကို ယုံကြည်မှုအပြည့်နှင့် ထပ်တလဲလဲ အာမခံခဲ့သည်ကို ပြန်တွေးမိသောအခါ...
ယခုကဲ့သို့ စုတ်ပြတ်သတ်နေသော အခြေအနေနှင့် ပြန်သွားရမည်မှာ သူတို့၏ ထိပ်တန်းအထူးတပ်ဖွဲ့အတွက် အရှက်ရစရာပင်။
ထို့ပြင် ယခုတစ်ကြိမ်တွင် သူ၏ ကောင်းကင်ယံအထူးတပ်ဖွဲ့ မှာ အကျအဆုံး များပြားခဲ့ပြီး ရဲဘော်ရဲဘက်များစွာ ကျဆုံးခဲ့ရုံသာမက အိမ်ရာဝင်းအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ရန် သူကိုယ်တိုင် အမိန့်ပေးခဲ့မှုကြောင့် အထက်မှ ကူညီရန် စေလွှတ်လိုက်သည့် အထူးအဖွဲ့သုံးဖွဲ့မှာလည်း အပြင်းအထန် ထိခိုက်ကာ ကျဆုံးခဲ့ရသည်။
ဟူး... ငါသာ ဒီလိုအခြေအနေကြီးနဲ့ ပြန်သွားရင် အထက်လူကြီးတွေကို ဘယ်လိုမျက်နှာနဲ့ ရှင်းပြရမလဲ။ ကျန်းဟိုင် မြို့တော်ကလူတွေရော ငါ့ကိုရော ကောင်းကင်ယံ အထူးတပ်ဖွဲ့ကိုပါ ဘယ်လိုအမြင်မျိုးနဲ့ ကြည့်ကြမလဲ။ တွေးကြည့်ရုံနဲ့တင် ရင်လေးစရာပဲ...
မြို့တော်သို့ ပြန်ရောက်သည့်အခါ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အစစ်ဆေးခံရလျှင် သူတို့၏ ထိပ်တန်းအထူးတပ်ဖွဲ့ ဆိုသည့် ဂုဏ်ပုဒ်ကိုပင် ဆုံးရှုံးရပေလိမ့်မည်။
ဤကဲ့သို့သော ရလဒ်မျိုးကို သူ ဘယ်လိုမှ လက်မခံနိုင်ပေ။
အကယ်၍ ထိုမိန်းကလေးသာ အသည်းအသန် ခုခံခြင်းမရှိခဲ့ပါက ကောင်းကင်ယံအထူးတပ်ဖွဲ့ မှာ ဤမျှလောက်ထိ စုတ်ပြတ်သတ်သွားစရာ အကြောင်းမရှိပေ။
ကပ္ပတိန်လင်းသည် အောက်ဘက်ရှိ အိမ်များကို အမုန်းတရားများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် အေးစက်စွာ စိုက်ကြည့်လိုက်သည်။
အမှားကို ပြန်လည်ပြင်ဆင်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ထိုမိန်းကလေးကို အမိအရ ဖမ်းဆီးခြင်းသာ။
သူမကိုသာ ခေါ်ဆောင်သွားနိုင်လျှင် အခြေအနေအားလုံးကို ပြန်လည်ကုစားနိုင်လိမ့်မည်...
"ညီအစ်ကိုတို့... နောက်ဆုံးတစ်ခါ ထပ်တိုက်ကြစို့"
"မင်းတို့က ဒီအတိုင်းကြီး ပြန်သွားရတာကို ကျေနပ်နေကြတာလား။ ငါတို့ ကောင်းကင်ယံအထူးတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ဒီမှာတင် အပျက်စီးမခံနိုင်ဘူး။ မဟုတ်ရင် ကျဆုံးသွားတဲ့ ငါတို့ ရဲဘော်တွေကို ဘယ်မျက်နှာနဲ့ သွားတွေ့မလဲ"
ကပ္ပတိန်လင်း၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပျက်ယွင်းသွားပြီး သူ၏မျက်ဝန်းများမှာလည်း ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေသည်။ ထို့နောက်
သူသည် မလှမ်းမကမ်းရှိ အသင်းဖော်နှစ်ဦးကို ကြည့်ကာ အံကိုတင်းတင်းကြိတ်ရင်း ပြောလိုက်သည်။
ဤမိန်းကလေးမှာ ဇွန်ဘီများကို ထိန်းချုပ်နိုင်စွမ်းရှိသည့် ဆင့်ကဲပြောင်းလဲသူတစ်ဦး ဖြစ်သဖြင့် လူသားထုအတွက် အလွန်အဖိုးတန်သည့် ရတနာတစ်ပါးပင်။ သူမ၏စွမ်းရည်ကို လေ့လာသည်ဖြစ်စေ သို့မဟုတ် ဇွန်ဘီများကို တိုက်ခိုက်ရာတွင် သူမကို အသုံးချသည်ဖြစ်စေ... သူမကို မြို့တော်သို့ ခေါ်ဆောင်သွားနိုင်ခြင်းမှာ ကြီးမားလှသော အောင်မြင်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။
ကျန်းဟိုင် အခြေစိုက်မြို့တော်အတွက် ကြီးမားလှသော ခြိမ်းခြောက်မှုကို ဖယ်ရှားပေးနိုင်ခဲ့မည်ဆိုလျှင် ဆင့်ကဲပြောင်းလဲသူ အထူးအဖွဲ့ သုံးဖွဲ့လုံးကို ရင်းလိုက်ရလျှင်ပင် သူတို့သည် သူရဲကောင်းများအဖြစ် ကြိုဆိုခြင်း ခံရမည်မှာ သေချာလှသည်။
မြို့တော်သို့ ပြန်လည်ရောက်ရှိချိန်တွင် ကောင်းကင်ယံအထူးတပ်ဖွဲ့ ၏ ကျရှုံးမှုအားလုံးကို ဖျောက်ဖျက်နိုင်မည်ဖြစ်ပြီး ရရှိမည့် အကျိုးကျေးဇူးများမှာလည်း ရေတွက်၍ပင် မရနိုင်တော့ပေ။ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းများကို အင်ပါယာမှ ရက်ရက်ရောရော ချီးမြှင့်မည်မှာ သေချာသည်။
ထိုအခါ ကောင်းကင်ယံအထူးတပ်ဖွဲ့ ၏ ထိပ်တန်းဂုဏ်ပုဒ်မှာလည်း ယခင်ကထက်ပင် ပိုမိုကျော်ကြားလာပေလိမ့်မည်။
ဤစကားကို ကြားလိုက်ရသည့်အခါ ကျန်ရှိနေသော အဖွဲ့ဝင်နှစ်ဦးမှာ အစပိုင်းတွင် မှင်တက်သွားကြသည်။ ယခုကဲ့သို့ အကျပ်အတည်းဆိုက်နေချိန်တွင် ကပ္ပတိန်က ဇွဲမလျှော့ဘဲ ဆက်လက်တိုက်ခိုက်ရန် ဆုံးဖြတ်လိမ့်မည်ဟု လုံးဝမထင်မှတ်ထားကြပေ။ သို့သော် ကပ္ပတိန်၏ စကားများကို ပြန်လည်စဉ်းစားမိသည့်အခါ သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်ဝန်းများမှာ လှုပ်ခတ်သွားကြသည်။
"ကပ္ပတိန်... ခင်ဗျား ဆိုလိုတာက"
ချင်းဖုန်းကို ထိန်းချုပ်ထားသည့် ဆင့်ကဲပြောင်းလဲသူမှာ ခဏတာ ဝေခွဲမရဖြစ်သွားပြီးမှ မေးမြန်းလိုက်သည်။
ဤအခြေအနေတွင် အရှုံးကို အနိုင်အဖြစ် ပြောင်းလဲနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ...
နောက်တစ်စက္ကန့်တွင် ကပ္ပတိန်လင်းသည် သူ၏ခါးကြားမှ ဖန်ပုလင်းငယ်တစ်ခုကို ဆွဲထုတ်ကာ အဖုံးကို ဖွင့်လိုက်သည်ကို သူတို့ တွေ့လိုက်ရသည်။ သူသည် ထိုသူနှစ်ဦးကို ကြည့်ကာ "ဒီမိန်းကလေးကိုသာ ဖမ်းမိရင် ဒါက ကြီးကျယ်တဲ့ အောင်မြင်မှုပဲ။ ငါတို့လည်း အပြစ်ပေးခံရမှာ မဟုတ်ဘူး။ အမှန်အတိုင်းပြောရရင် မင်းတို့ မျှော်မှန်းထားတဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေနဲ့ ရာထူးတွေ တစ်ခုမှ လွတ်သွားမှာ မဟုတ်ဘူး။ သေသေချာချာ စဉ်းစားကြပါ" ဟု ပြောလိုက်သည်။
ထို့နောက် ကပ္ပတိန်လင်းသည် တွန့်ဆုတ်နေခြင်းမရှိဘဲ ဆေးရည်ကို တစ်ကျိုက်တည်း မော့ချလိုက်တော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကျန်ရှိနေသော ကောင်းကင်ယံအထူးတပ်ဖွဲ့ ဝင်နှစ်ဦးမှာ ခဏတာတွေဝေသွားသော်လည်း နောက်တစ်စက္ကန့်တွင်မူ မျက်ဝန်းများ၌ ပြတ်သားသော အရိပ်အယောင်များဖြင့် ကပ္ပတိန်လင်း၏နောက်သို့ လိုက်ကာ ၎င်းတို့၏ခါးကြားရှိ ဆေးရည်များကို တစ်ကျိုက်တည်း မော့ချလိုက်ကြသည်။
ဆေးရည်ကို သောက်သုံးပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် အစွမ်းထက်လှသော အာနိသင်များမှာ ကပ္ပတိန်လင်း၏ ခန္ဓာကိုယ်အတွင်း၌ ရူးသွပ်စွာ စတင်စီးဆင်းလာတော့သည်။
အစပိုင်းတွင် ပုံမှန်အခြေအနေ၌ ရှိနေသေးသော ကပ္ပတိန်လင်းမှာ ရုတ်တရက် နာကျင်စွာ ညည်းညူလိုက်မိသည်။
နာကျင်မှုနှင့်အတူ သူ၏ အနည်းငယ်ကုန်းနေသော ခန္ဓာကိုယ်မှာလည်း ထိန်းမရအောင် တုန်ယင်လာပြီး ကြွက်သားများအားလုံးမှာလည်း ထိုအခိုက်အတန့်၌ ဆွဲငင်တုန်ခါလာတော့သည်။
ဒိုင်း...
ရုတ်တရက်ဆိုသလို ဆေးရည်၏အာနိသင်မှာ စတင်သက်ရောက်လာပြီး ကပ္ပတိန်လင်း၏ တုန်ယင်နေသော ခန္ဓာကိုယ်မှာ လျင်မြန်စွာ ဖောင်းကားလာကာ ပေ ၂၀ ကျော် မြင့်မားသည့် ကြောက်မက်ဖွယ်ရာ ဧရာမဘီလူးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သူ၏ အဆစ်အမျက်များမှာ ထူထဲတောင့်တင်းလာပြီး ခြေလက်များမှာလည်း တိုင်လုံးကြီးများအလားပင်။ ကျစ်လျစ်သန်မာလှသော ကြွက်သားများ စုပြုံနေသည့် သူ၏ပုံစံမှာ တောင်ကြီးတစ်လုံးနှင့်ပင် တူတော့သည်။
တစ်ချိန်တည်းမှာပင် သူ၏ဒဏ်ရာဟောင်းများမှာလည်း လျင်မြန်စွာ သက်သာလာပြီး မီးလောင်ကျွမ်းထားသည့် အကြေးခွံနက်များမှာ အဆမတန် ပြန်လည်ပေါက်ဖွားလာကာ တစ်ကိုယ်လုံးကို ထူထဲသော သံမဏိဝတ်စုံကဲ့သို့ ဖုံးလွှမ်းသွားသည်။
သူ၏မျက်လုံးများကို အနည်းငယ် ပင့်ကြည့်လိုက်သောအခါ နီရဲနေသော မျက်ဝန်းအစုံ၌ ရူးသွပ်မှုနှင့် ဒေါသတရားများမှာ အထင်အသား ပေါ်လွင်နေတော့သည်။
နောက်တစ်စက္ကန့်တွင် သူ၏ပတ်ဝန်းကျင်၌ တရိပ်ရိပ် တက်လာနေသော စွမ်းအင်လှိုင်းမှာ အဆင့် ၃ မှ အဆင့် ၄ သို့ ကျော်လွန်သွားပြီး ကြောက်မက်ဖွယ် ကောင်းလှသော ဖိအားများမှာ အရပ်မျက်နှာအနှံ့ ရိုက်ခတ်သွားတော့သည်။ ဓားရှည်များသဖွယ် အနက်ရောင် လက်သည်းတစ်စုံမှာလည်း အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် လေထုကို ဆုတ်ဖြဲကာ ပေါက်ကွဲသံများကို ဖြစ်ပေါ်စေသည်။
ထိုအခိုက်အတန့်၌ ကပ္ပတိန်လင်း၏ လှုပ်ရှားမှုကြောင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ပင်လျှင် အနည်းငယ် တုန်ခါသွားသကဲ့သို့ ခံစားရပြီး အတိုင်းအဆမရှိသော သတ်ဖြတ်လိုစိတ်များမှာ ကောင်းကင်ယံထက်သို့ ထိုးတက်သွားတော့သည်။
ကျန်ရှိနေသော ကောင်းကင်ယံအထူးတပ်ဖွဲ့ ဝင်နှစ်ဦးမှာလည်း သိသာထင်ရှားသော စွမ်းအင်ပြောင်းလဲမှုများကို ခံစားလိုက်ရပြီး သူတို့၏ စွမ်းအားမှာ အဆင့် ၄ သို့ ထိုးတက်သွားကာ မထိန်းချုပ်နိုင်သော အစွမ်းအစများကြောင့် ကြမ်းတမ်းခက်ထန်သည့် အမူအရာများ ဖြစ်ပေါ်လာကြသည်။
ထိုစဉ်အတွင်း အိမ်ထဲ၌မူ ကျိရုရွှယ်၏ နောက်ဘက်ရှိ သွေးအိုင်ထဲတွင် ခန္ဓာကိုယ် အေးစက်တောင့်တင်းကာ လဲလျောင်းနေသော ကျောက်လင်း၏ ခန္ဓာကိုယ်၌ ထူးခြားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ ခါးတစ်ဝိုက်ရှိ ဒဏ်ရာများမှ အသားစသစ်များမှာ တိတ်တဆိတ် ထွက်ပေါ်လာပြီး ဒဏ်ရာကို ပြန်လည်ဆက်စပ်ကာ ဖြည်းညှင်းစွာ ကုသပေးနေတော့သည်။
နောက်တစ်စက္ကန့်တွင် ကျောက်လင်း၏ ခန္ဓာကိုယ်ထဲမှ ဆွဲငင်အားတစ်ခု ထွက်ပေါ်လာသကဲ့သို့ အရပ်မျက်နှာအနှံ့ရှိ စွမ်းအင်ဓာတ်များမှာ သူမထံသို့ တဟုန်ထိုး စီးဝင်လာကြသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျောက်လင်း၏ ခါးမှဒဏ်ရာမှာ မျက်မြင်ကိုယ်တွေ့ပင် လျင်မြန်စွာ ကျက်သွားပြီး မကြာမီမှာပင် အရေပြားမှာ မည်သည့်ဒဏ်ရာမှ မရှိခဲ့သကဲ့သို့ ပြန်လည်ချောမွေ့သွားတော့သည်။ ဒဏ်ရာများ ကျက်သွားသည်နှင့်အမျှ သူမ၏ ဖြူဖျော့နေသော မျက်နှာမှာလည်း တဖြည်းဖြည်း သွေးရောင်လွှမ်းလာသည်။
ရုတ်တရက် ကျောက်လင်း၏ လက်ချောင်းများ လှုပ်ရှားသွားပြီး သတိပြန်ဝင်လာကာ ဖြည်းဖြည်းချင်း နိုးထလာသည်။ သူမသည် သွေးများပေကျံနေသော မျက်နှာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ရင်းနှီးနေသော အိမ်ကို မြင်လိုက်ရသည့်အခါ ဝေဝါးနေသော သူမ၏ မျက်ဝန်းများမှာ တဖြည်းဖြည်း ကြည်လင်လာပြီး သေခါနီးအချိန်က မြင်ကွင်းများမှာ ဦးနှောက်ထဲသို့ ပြန်လည်ဝင်ရောက်လာတော့သည်။
ချီချီလေး…
နောက်တစ်စက္ကန့်၌ ကျောက်လင်း၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ချီချီလေး၏ ဘေးကင်းမှုကို စိုးရိမ်ပူပန်သွားမိသည်။ သူမသည် အားအင်ကုန်ခမ်းနေသော ခန္ဓာကိုယ်ကို လက်နှစ်ဖက်ဖြင့် မနည်းအားပြုကာ ယိုင်တိယိုင်တိုင်နှင့် ထရပ်လိုက်တော့သည်။