← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း ၁၇၃ - ဝိညာဉ်နက်

သိုင်းလောကတွင် ပထမအဆင့် သိုင်းပညာရှင်ကြီး သို့မဟုတ် ထိုထက်မြင့်သော ပညာရှင်တစ်ဦး အသတ်ခံရခြင်းမှာ အလွန်ရှားပါးလှသည်၊ သူတို့၏ သက်တမ်းကုန်ဆုံးခါနီးအချိန်မှလွဲ၍။

ပထမအချက်အနေဖြင့် ထိုအဆင့်သို့ တက်လှမ်းနိုင်သူများသည် ခွန်အားနှင့် ပါရမီတွင် ထိပ်တန်းအဆင့်များသာဖြစ်၍ ရင်ဆိုင်ရန် အလွန်ခက်ခဲသည်။

တိုက်ပွဲတွင် ပြိုင်ဘက်ကို မယှဉ်နိုင်လျှင်ပင် အစွမ်းကုန်ထွက်ပြေးပါက နောက်မှလိုက်လံဖမ်းဆီးရန်မှာ အလွန်ပင် ခက်ခဲလှသည်။

ဒုတိယအချက်မှာ သေလုမျောပါးဖြစ်နေသော ပထမအဆင့်တစ်ဦး၏ တုံ့ပြန်တိုက်ခိုက်မှုသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး၊ ထိုအကျိုးဆက်ကို ခံနိုင်ရည်ရှိသူ အနည်းငယ်သာရှိလေ​၏။

နတ်ဆိုးဂိုဏ်းနှင့် တိုက်ပွဲကြီးတစ်ခုဖြစ်ပွားပြီးနောက် ဒဏ်ရာရကာ အနားယူသွားခဲ့ရသော ယင်ဟွိုက်ယွီ ကဲ့သို့ပင်။

နှစ်ပေါင်းများစွာကြာပြီးနောက်မှသာ နတ်ဆိုးဂိုဏ်းသည် စစ်ပွဲနတ်ဆိုးကို စေလွှတ်ရဲခဲ့ပြီး ယင်ယွိုက်ယွီကို သူ၏သက်တမ်းကုန်ဆုံးသည်အထိ ဖိအားပေးခဲ့ခြင်းပင်။

အထွတ်အထိပ်အဆင့် ရှိသူများသည် ပထမအဆင့်များထက် များစွာသာလွန်ပြီး၊ သိုင်းဧကရာဇ် အဆင့်ရှိသူများသည်လည်း အထွတ်အထိပ်အဆင့်ထက် များစွာပိုမို အစွမ်းထက်ကြသည်။

ထိုကဲ့သို့သော ရန်သူမျိုးကို သတ်ရန်အတွက် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ရမည်။

လင်ချွမ်သည် ဤအချက်ကို ကောင်းစွာသိသောကြောင့် သူလှုပ်ရှားသည့်အခါ အလွန်သတိထားခဲ့သည်။

ဓားနတ်ဘုရား နှင့် သူ၏အပေါင်းအပါများ တိုက်ခိုက်ခံရချိန်တွင်ပင် သူတို့ကို အကျပ်အတည်းသို့ တွန်းမပို့မိစေရန် သူ၏ခွန်အားအပြည့်ကို အသုံးမပြုခဲ့ပေ။

ယခုအခါတွင်မူ လင်ယန်ရွှယ် နှင့် အခြားသူများ ဘေးကင်းစွာ ထွက်ခွာသွားကြပြီဖြစ်ပြီး ဓားနတ်ဘုရားတွင်လည်း ရွှေပုံဆောင်ခဲလက်စွပ် ရှိနေပြီဖြစ်ရာ၊ သူသည် ဘာကိုမျှ ငဲ့ကွက်နေစရာမလိုတော့ဘဲ ဤအရိုးစုနှင့် စာရင်းရှင်းရန် အချိန်တန်ပြီပင်။

ထိုအခိုက်အတန့်တွင် လင်ချွမ် သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး သူ၏နယ်ပယ်ကို ချက်ချင်းချဲ့ကားလိုက်​၏။

မကြာမီတွင် ထိုနယ်ပယ်သည် ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

ဝိညာဉ်ထံမှ ထွက်ပေါ်လာသော စွမ်းအားများသည် တဟုန်ထိုးတိုးထွက်လာပြီး နယ်ပယ်အတွင်း ဟိန်းဟောက်နေသော လှိုင်းလုံးကြီးများအသွင်ဖြင့် အရိုးစုဆီသို့ ပြေးဝင်သွားသည်။

"သမုဒ္ဒရာဝဲဂယက်"

လင်ချွမ်က အော်ဟစ်လိုက်ရင်း သူ၏ဝိညာဉ်ဗဟို

အတွင်းမှ ဆည်းပူးထားသော နည်းလမ်းအတိုင်း ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။

ဝိညာဉ်စွမ်းအားများ တိုးဝင်စုစည်းလာပြီး ဝဲဂယက်တစ်ခုအဖြစ် လည်ပတ်ကာ လိမ်ယှက်သွားသည်။

ရေလှိုင်းများ စီးဆင်းလည်ပတ်နေသကဲ့သို့ မမြင်ရသော စုပ်ယူမှုအားတစ်ခု ဖြစ်ပေါ်လာပြီး ထိုဝိညာဉ်ဝဲဂယက်သည် အစွမ်းထက်သော လက်နက်တစ်ခု ဖြစ်လာခဲ့​၏။

ဝိညာဉ်စွမ်းအားဆိုသည်မှာ ဒြပ်ရှိခြင်းနှင့် ဒြပ်မဲ့ခြင်း ကြားတွင် တည်ရှိသည်။

ပုံမှန်အားဖြင့် စိတ်ပိုင်းဆိုင်ရာအဆင့်ကိုသာ သက်ရောက်မှုရှိပြီး ရုပ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိတတ်သည်။

သို့သော် လင်ချွမ်၏ ဝိညာဉ်စွမ်းအားမှာ အရည်အသွေးပိုင်းအရ ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ ဝဲဂယက်ကြောင့် ဖြစ်ပေါ်လာသော စွမ်းအားသည် ဒြပ်ထည်တစ်ခုကဲ့သို့ အားကောင်းလာခဲ့​၏။

လည်ပတ်နေသော အရှိန်အဟုန်ကြောင့် ပါလာသော ကျောက်တုံးကြီးတစ်ခုမှာ အလွယ်တကူ ကြေမွသွားခဲ့ပြီး ၎င်းကိုမြင်သော အရိုးစုမှာ ကျောချမ်းသွားတော့သည်။

"တောက်"

အရိုးစုက တိုးတိုးလေး ကျိန်ဆဲလိုက်ရင်း နောက်ဆုံးတွင် ပြန်လည်တိုက်ခိုက်ရန် လက်လျှော့ကာ အမြန်ရှောင်တိမ်းလိုက်သည်။

သူ၏ ကျင့်စဉ်ကြောင့် အသားနှင့် သွေးမရှိသော်လည်း သူ၏ခန္ဓာကိုယ်မှာ အရိုးပေါ်တွင် အခြေခံကာ ရှင်သန်နိုင်ပြီး အလွန်မာကျောလှသည်။

လက်ရှိအခြေအနေအရ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို စိုးရိမ်စရာမလိုပေ။

တိုက်ခိုက်မှုများစွာကို ခံခဲ့ရသော်လည်း သူ့အတွက် ထိခိုက်မှုကြီးကြီးမားမား မရှိခဲ့ပေ။

သို့သော် တိုက်ခိုက်မှုက ဝိညာဉ်အဆင့်မှ လာပါက အခြေအနေမှာ ကွဲပြားသွားပြီ။

သိုင်းဧကရာဇ်တစ်ဦး၏ ဝိညာဉ်အဆင့်နှင့် သူ၏ဝိညာဉ်ပင်လယ်မှ ဆည်းပူးထားသော ဝဲဂယက်ပေါင်းစပ်လိုက်လျှင် ၎င်း၏စွမ်းအားမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

ထွက်ပြေးနေစဉ်အတွင်း အရိုးစုသည် ဝိညာဉ်ဝဲဂယက်ကို နှောင့်ယှက်ရန် သူ၏ဝိညာဉ်စွမ်းအား အပိုင်းအစအချို့ကို ခွဲထုတ်လိုက်သေးသည်။

သို့သော် ထိုစွမ်းအားသည် စက္ကန့်ပိုင်းမျှသာ ခံပြီး ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းများကြောင့် နှစ်ပိုင်းကွဲသွားကာ ဝဲဂယက်အတွင်းသို့ ပါသွားတော့သည်။

ထို့နောက် ခေါက်ဆွဲစက်ထဲသို့ မုန့်စိမ်းတုံးများ ထည့်လိုက်သကဲ့သို့ အပိုင်းပိုင်းအစစ ကြေမွသွားကာ သမုဒ္ဒရာဝဲဂယက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားတော့​၏။

ထိုအခါမှသာ အရိုးစုသည် ပြန်လည်တိုက်ခိုက်ရန် လုံးဝလက်လျှော့လိုက်တော့သည်။

သူ၏ဝိညာဉ်စွမ်းအားမှာ အကန့်အသတ်ရှိနေပြီဖြစ်ရာ ဤနေရာတွင် အလဟဿ အကုန်မခံလိုတော့ပေ။

ထို့ပြင် သူသည် နောက်ဆုံးတွင် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

လင်ချွမ်သည် ဤတစ်ကြိမ်တွင် သူ့ကို အမှန်တကယ် သတ်ရန် ရည်ရွယ်နေကြောင်း သူသိလိုက်​၏။

"မင်း ငါ့ကိုသတ်ရင်... နတ်ဘုရားတွေရဲ့ အမွေအနှစ်ကို မင်းရမှာမဟုတ်ဘူး"

"သိုင်းဧကရာဇ်အဆင့်ရဲ့ အထက်မှာရှိတဲ့ လောကကို မင်း မသိချင်ဘူးလား"

"......"

ထိုစကားကို ကြားသောအခါ လင်ချွမ်သည် သူလုပ်ဆောင်နေသည်များကို ရပ်တန့်လိုက်ပြီး အနည်းငယ် တွေဝေသွားဟန်ဖြင့် ခေါင်းစောင်းကာ မေးလိုက်သည်။

"ဒါက မင်းရဲ့ အသနားခံတဲ့ စကားလား"

အရိုးစု၏ မျက်နှာပျက်သွားသည်ကို မြင်သောအခါ လင်ချွမ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏စွမ်းအားကို နှစ်ဆမြှင့်တင်ကာ ထုတ်လွှတ်လိုက်​၏။

"အားးးး"

အရိုးစုသည် အော်ဟစ်လိုက်ရပြီး ထောင့်တစ်ခုသို့ အတင်းအကျပ် အဖိခံလိုက်ရသည်။

သူသည် လင်ချွမ်၏ မျက်နှာကို မှတ်မိနေစေရန် စူးစူးဝါးဝါး စိုက်ကြည့်ရင်း ဒေါသတကြီး ပြောလိုက်သည်မှာ...

"မင်းကို ငါမှတ်ထားမယ်"

"ဒီအရှက်ရမှုကို အနာဂတ်မှာ အဆတစ်ရာပြန်ပေးဆပ်စေရမယ်"

"ဟယ်ချင်း ဆိုတဲ့ နာမည်ကို မှတ်ထားလိုက်။ နောက်တစ်ကြိမ် ငါပေါ်လာတဲ့နေ့ဟာ မင်းရဲ့ သေနေ့ပဲ"

ထိုသို့ပြောပြီးနောက် ဟယ်ချင်းသည် နောက်ထပ်တစ်ကြိမ် စူးရှစွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ မရေမတွက်နိုင်သော အနက်ရောင်အရိပ်များ ရုတ်တရက် ပွင့်ထွက်လာကာ ခန်းမ၏ အမိုးဆီသို့ ပြေးဝင်သွားကြသည်။

"ဝူးးးး"

ချက်ချင်းဆိုသလိုပင် ခန်းမအမိုးပေါ်ရှိ မရေမတွက်နိုင်သော ပုံစံများသည် လင်းထိန်လာပြီး အနက်ရောင်အရိပ်များက ထိုနေရာတွင် ပြည့်သွားကာ အစီအမံတစ်ခုကို နှိုးဆော်လိုက်​၏။

သူခုနက အသုံးပြုခဲ့သော လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ အရိုးစုသည် ဝဲဂယက်၏ ကြိတ်ခြေမှုကို အံတုကာ နောက်ဆုံးတွင် လွတ်မြောက်သွားပြီး အတွင်းထဲသို့ ပျောက်ကွယ်သွားတော့သည်။

"ဖျတ်"

ထိုအစီအမံသည် ချက်ချင်းပင် ပျက်ပြယ်သွားသဖြင့် လင်ချွမ်နှင့် သူ၏အဖော်တို့ လိုက်ဖမ်းရန် အခွင့်အရေး မရလိုက်ပေ။

ဓားနတ်ဘုရားသည် ခန်းမအမိုးကို စိုးရိမ်တကြီး စိုက်ကြည့်နေမိသည်။

သိုင်းဧကရာဇ် တစ်ဦးက လက်စားချေရန် ဆုံးဖြတ်လိုက်ပါက မည်သည့်အင်အားစုကမျှ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

အရိုးစု၏ ပုံစံအရ သူသည် အလွယ်တကူ လက်လျှော့မည့်သူမျိုး မဟုတ်ပေ။

ဤသည်မှာ အမှန်တကယ်ပင် ဒုက္ခရောက်နိုင်သောအချက်ဖြစ်သည်။

ဓားနတ်ဘုရား၏ စိုးရိမ်မှုကို ရိပ်မိပုံရသော လင်ချွမ်က တည်ငြိမ်စွာ လက်ဝှေ့ယမ်းပြလိုက်သည်။

"မစိုးရိမ်ပါနဲ့၊ အရင်တိုက်ခိုက်တုန်းက ကျွန်တော် အရန်အစီအစဉ်တစ်ခု လုပ်ထားပြီးသားမို့လို့ သူပြေးသွားလည်း ဘာမှမထူးပါဘူး"

"ဒါ့အပြင် သူက အပြင်းအထန် ဒဏ်ရာရထားတာ၊ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကလည်း နှစ်ပေါင်းရာနဲ့ချီပြီး ပျက်စီးနေခဲ့တာဆိုတော့ ပြန်ကောင်းဖို့ဆိုတာ ဘယ်လောက်လွယ်မှာမို့လို့လဲ"

"ဒါပေမဲ့......"

လင်ချွမ်၏ စကားကြောင့်ပင် ဓားနတ်ဘုရားမှာ စိုးရိမ်နေဆဲ။

"ခင်ဗျားရဲ့ စိုးရိမ်မှုကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ ဒီလိုပညာရှင်မျိုးတွေက ရှားပါတယ်"

"အကုန်လုံးကို သတ်ပစ်လိုက်ရင် အရမ်းပျင်းစရာကောင်းမှာပေါ့"

ထိုစကားကို ကြားသောအခါ ဓားနတ်ဘုရားသည် ခေါင်းငြိမ့်ရုံသာ တတ်နိုင်တော့ပြီး ဘာမှထပ်မပြောတော့ပေ။

"ဝုန်း"

ကြီးမားသော ကျောက်တုံးကြီးများသည် အရှိန်အဟုန်ဖြင့် ပြုတ်ကျလာသော်လည်း မမြင်ရသော စွမ်းအားတစ်ခုကြောင့် လေထဲတွင် မြောက်တက်သွားသည်။

နယ်ပယ်၏ စွမ်းအားက ၎င်းတို့ကို ဖိသိပ်လိုက်ရာ ခဏချင်းအတွင်း ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားတော့သည်။

ဓားနတ်ဘုရားက ကောင်းကင်ကို မော့ကြည့်ပြီး လင်ချွမ်ဆီသို့ လှည့်ကာ ပြောလိုက်သည်။

"ငါတို့ ထွက်သွားသင့်ပြီ၊ ဒီနေရာ ပြိုကျတော့မယ်"

"အင်း"

လင်ချွမ် က ခေါင်းငြိမ့်လိုက်ပြီး ပြိုကျနေသော ခန်းမကြီးကို ကြည့်ကာ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားနေရ​၏။

အချိန်များကုန်လွန်ပြီး ခေတ်များပြောင်းလဲလာသည်နှင့်အမျှ နတ်ဘုရားများ၏ အမွေအနှစ် တည်ရှိရာနေရာပင်လျှင် နောက်ဆုံးတွင် ပြိုပျက်ခဲ့ရလေပြီ။

ခဏတာအတွင်း လင်ချွမ်၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

ကျောက်တုံးကြီးများ ဆက်တိုက်ပြုတ်ကျနေပြီး အက်ကြောင်းများ ထင်နေသော အမိုးသည်လည်း ဝန်ကိုမခံနိုင်တော့ဘဲ လုံးဝပြိုကျသွားတော့​၏။

အပျက်အစီးများ မြေပြင်ပေါ်သို့ ကျလာပြီး ခန်းမတစ်ခုလုံးသို့ အလျင်အမြန် ပျံ့နှံ့သွားသည်။

ဤနေရာ၏ နောက်ဆုံးအချိန်သည် ရောက်ရှိလာခဲ့ပြီ။

လင်ချွမ်သည် ခန်းမအလယ်ရှိ ပျက်စီးသွားသော အစီအရင်မြေပုံကို တိတ်တဆိတ် ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။

သူ၏နောက်ကွယ်တွင် ဖုန်မှုန့်များနှင့် မီးခိုးများ ဖုံးလွှမ်းသွားပြီး မြေအောက်ကျောက်တံခါးအောက်ရှိ ခန်းမဆောင်ကြီးမှာ ထာဝရ မြှုပ်နှံခြင်း ခံလိုက်ရလေတော့သည်။

အားလုံး အံ့အားသင့်သွားရသည်မှာ၊ အရိုးစုက 'နတ်မင်း၏ လှောင်အိမ်' ဟု ခေါ်ဆိုခဲ့သော ခန်းမကြီး ပြိုကျသွားသော်လည်း ရွှေကြောကို ထိခိုက်မှု မရှိခဲ့ခြင်းပင်။

ကျောက်တံခါးအနီးရှိ ကျောက်တုံးများ ဖုံးလွှမ်းသွားသော နေရာမှလွဲ၍ ကျန်ရှိသော နေရာများမှာ မူလအတိုင်းပင် ရှိနေဆဲ။

ကြီးမားသော တုန်ခါမှုမျိုးပင် မရှိခဲ့ပေ။

ရွှေကြောကို ဆက်လက်တူးဖော်နိုင်ဆဲ။

တစ်နည်းအားဖြင့် သံဓားဂိုဏ်းအနေဖြင့် ဤနေရာကို ဆက်လက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်သေးသည်။

အချို့သော ရှုထောင့်မှကြည့်လျှင် ဤသည်မှာ ဝမ်းသာစရာပင်။

အခန်း ၁၇၄ လှေဖြင့်ခရီးသွားခြင်း

"နောက်ထပ် ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ"

အပြန်လမ်းတွင် လင်ချွမ်က ရှန်ယွီ၏ အစီအစဉ်ကို မေးမြန်းလိုက်သောအခါ ယွဲ့ချင်းရို နှင့် လင်ယန်ရွှယ် တို့၏ မျက်နှာအမူအရာများ ချက်ချင်းပြောင်းလဲသွားသည်။

ခဏချင်းတွင်ပင် လင်ယန်ရွှယ်က အစီအစဉ်တစ်ခုထုတ်ကာ ဦးဆောင်ပြောဆိုလိုက်​၏။

"ဘာလဲ၊ ရှင်က သူ့ကို ဝူတန်ကိုပါ ခေါ်သွားချင်နေတာလား"

"သူက အခု သံဓားဂိုဏ်း ရဲ့ မျှော်လင့်ချက်၊ အနာဂတ်ဂိုဏ်းချုပ်ပဲလေ"

"အခု သူက တတိယအဆင့် နီးပါး ခွန်အားရှိနေပြီဆိုတော့ ဂိုဏ်းကို ပြန်လည်တည်ထောင်ဖို့ဆိုတာ ပြဿနာမဟုတ်တော့ဘူး"

"တကယ်လို့ သူသာ နင်နဲ့အတူ ဝူတန်ကို လိုက်သွားရင် သံဓားဂိုဏ်းက ဘာဖြစ်သွားမလဲ"

"ရှင်က သူ့အလှကို မက်မောနေရင်တောင် ဒီလောက်အထိတော့ အတ္တမကြီးသင့်ဘူး မဟုတ်လား"

"ဟေး... ဟေး... ဘာတွေပြောနေတာလဲ"

"အခြေအမြစ်မရှိဘဲ လူတစ်ယောက်ရဲ့ အပြစ်ကင်းစင်မှုကို လာပြီး မစွပ်စွဲပါနဲ့"

လင်ချွမ်​၏ နှုတ်ခမ်းများ တုန့်ခနဲဖြစ်သွားပြီး ပြန်လည်ချေပရန် ပြင်လိုက်သော်လည်း ယွဲ့ချင်းရို​၏ ထောက်ခံမှုကြောင့် သူ နှုတ်ဆိတ်သွားရသည်။

"ဟုတ်တယ်၊ မိန်းကလေးရှန်၊ ဒီတစ်ခါတော့ ငါ နင့်ဘက်က ထောက်ခံတယ်"

ရှန်ယွီသည် ထိုစကားကို ကြားပြီးနောက် ခဏမျှ မှင်တက်သွားပြီး လင်ယန်ရွှယ်ကို မယုံကြည်နိုင်သလို ကြည့်လိုက်သည်။ အရင်က တစ်ဖက်လူ၏ နားမလည်နိုင်သော ရန်လိုမှုများနှင့် ယခု သိသိသာသာ ပြောင်းလဲသွားသော အခြေအနေကို တွေးမိရင်း သူမ မရယ်ဘဲ မနေနိုင်တော့ပေ။

"ဟား ဟား၊ နင်တို့ကတော့..."

ရှန်ယွီက ပြုံးလျက် လက်ဝှေ့ယမ်းပြပြီးနောက် သူမ၏ မျက်နှာအမူအရာမှာ တည်ကြည်သွားသည်။

"ငါ ဒီမှာပဲနေပြီး ဂိုဏ်းကို ပြန်လည်တည်ထောင်ဖို့ ဆုံးဖြတ်လိုက်ပြီ"

"သံဓားဂိုဏ်းရဲ့ နောက်ဆုံးတပည့်တစ်ယောက်အနေနဲ့ ဂိုဏ်းရဲ့ ကံကြမ္မာနဲ့ အနာဂတ်ကို ငါ့ပခုံးပေါ်မှာ ထမ်းတင်ထားရတာ သဘာဝပဲ"

"ငါ့လက်ထက်မှာ ဂိုဏ်း ပျက်စီးသွားတာမျိုးကို ငါ အဖြစ်မခံနိုင်ဘူး"

"ဒါပေမဲ့ ဂိုဏ်းပြန်လည်တည်ထောင်ဖို့က သိပ်တော့ အချိန်မကြာလောက်ဘူးလို့ ထင်တယ်၊ အဲဒီကျရင် ငါ နင်တို့ဆီ လာပူးပေါင်းမှာပါ"

"ဟားဟား"

လင်ချွမ်က ပြုံးလိုက်ပြီး "ငါ အချိန်မရွေး အဆင်သင့်ရှိပါတယ်" ဟု ပြောရန်ပြင်စဉ်မှာပင် စနစ်၏ အသိပေးသံက နားထဲတွင် ရုတ်တရက် မြည်လာသည်။

"ဒေါင်....ကျပန်းမစ်ရှင် စတင်ပြီ - ပင်လယ်ဓားပြများကို နှိမ်နင်းပါ"

"မစ်ရှင်ဖော်ပြချက်: မင်မင်းဆက်နယ်မြေအတွင်းရှိ အရှေ့တရုတ်ပင်လယ်တွင် ဂျပန်ပင်လယ်ဓားပြများ သောင်းကျန်းနေပြီး ပြည်သူများ ဆင်းရဲဒုက္ခရောက်နေကြသည်။ ကျေးဇူးပြု၍ အရှေ့တရုတ်ပင်လယ် ဒေသသို့သွားရောက်ကာ ပင်လယ်ဓားပြများကို ရှင်းလင်းပါ"

"မစ်ရှင်ဆုလာဘ်: ရေခဲကျောက်ဓား"

"ဟမ်"

လင်းချွမ်း အနည်းငယ် အံ့အားသင့်သွားပြီး ရင်ထဲတွင် အံ့ဩမှုများ ပြည့်လျှံသွားသည်။

သို့သော်လည်း သူက အရေးမစိုက်သလို ခေါင်းခါလိုက်သည်။

ဘာပဲဖြစ်ဖြစ် အခြားလုပ်စရာ မရှိသေးသည်မို့ အရန်မစ်ရှင်လေးများ လုပ်လိုက်သည်က ပိုကောင်းပေမည်။

"ဘာဖြစ်လို့လဲ"

လင်ချွမ်​၏ ထူးခြားသော အမူအရာကို မြင်သဖြင့် လင်ယန်ရွှယ်က မမေးဘဲ မနေနိုင်တော့ပေ။

"ဘာမှမဟုတ်ပါဘူး၊ ငါ အရှေ့တရုတ်ပင်လယ်ကို သွားချင်လို့ပါ"

"ဟင်...အရှေ့တရုတ်ပင်လယ်လား"

ရှန်ယွီကို နှုတ်ဆက်ပြီးနောက် လင်ချွမ်း

နှင့် အဖွဲ့သည် ကျေးရွာမှ ထွက်ခွာကာ အရှေ့တရုတ်ပင်လယ်သို့ ဦးတည်ခဲ့ကြသည်။

သူတို့အားလုံးသည် အနည်းဆုံး ပထမအဆင့်များဖြစ်ပြီး ပျံသန်းနိုင်စွမ်းရှိကြသဖြင့် ဤခရီးအကွာအဝေးကို အလေးမထားကြပေ။

လမ်းခရီးတွင် လင်ချွမ်သည် ဤအရန်မစ်ရှင်၏ အဓိပ္ပာယ်ကို စဉ်းစားနေမိသည်။

ဤကဲ့သို့ အရာမျိုး ယခင်က တစ်ခါမှ မဖြစ်ဖူးခဲ့ပေ။

ဤနှစ်ကြိမ်လုံးတွင် ဆုလာဘ်များမှာ လက်နက်နှင့် အသုံးအဆောင်ပစ္စည်းများ ဖြစ်နေခြင်းမှာ အလွန်ရှားပါးသော အတွေ့အကြုံပင်။

လတ်တလော ကြုံတွေ့ခဲ့ရသော အစွမ်းထက်ပုဂ္ဂိုလ်များကို တွေးမိရင်း လင်ချွမ်​၏ စိတ်ကူးများ နယ်ကျွံနေမိသည်။

လင်ယန်ရွှယ်နှင့် အခြားသူများကမူ အခြေအနေကို မသိရှိဘဲ လင်ချွမ်သည် အရိုးစု၏စကားကို ကြားပြီးနောက် အရှေ့ပင်လယ်ရှိ 'ပုံရိပ်ယောင်ပင်လယ်ကျောက်သလင်း' ကို ရှာဖွေလိုသည်ဟုသာ ယူဆကြသည်။

၎င်းသည် အန္တရာယ်များသောအရာ ဖြစ်သော်လည်း အစွမ်းထက်သူများအတွက်မူ အလွန်ဆွဲဆောင်မှုရှိသည်။

ဓားနတ်ဘုရား ပင်လျှင် ထိုအရာကို အတော်လေး စိတ်ဝင်စားနေလျက်။

သူ၏ လက်ရှိကျင့်စဉ်အဆင့်မှာ အထွတ်အထိပ်အဆင့် ၌သာ ရှိသေးပြီး သိုင်းဧကရာဇ် နှင့် သိုင်းဘုရင် နယ်ပယ်များသို့ ရောက်ရန် အလှမ်းဝေးနေသေးသည်။

သို့သော် အိပ်မက်မရှိသော လူတစ်ယောက်နှင့် ဆားနယ်ငါးသည် ဘာကွာသနည်း။

ထိုသို့တွေးတောရင်း အန္တရာယ်ရှိနိုင်သည်ဟု ခံစားရသော်လည်း မည်သူကမျှ ကန့်ကွက်ခြင်းမပြုခဲ့ကြပေ။

သို့သော် လင်ချွမ်နှင့် အပေါင်းအပါများသည် သူတို့ အရှေ့တရုတ်ပင်လယ်သို့ ထွက်ခွာသွားချိန်မှာပင်...

မင်မင်းဆက် နယ်မြေ၏ မြောက်ဘက်ရှိ နှင်းဖုံးနေသော တောင်ကုန်းတစ်ခုပေါ်တွင် ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ခြေဗလာနှင့် ဘုန်းကြီးတစ်ပါးသည် တောင်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာနေသည်။

သူ၏ ခြေလှမ်းများမှာ နှေးကွေးသော်လည်း ခြေတစ်လှမ်း လှမ်းတိုင်း မီတာတစ်ရာခန့် အကွာအဝေးသို့ ရောက်ရှိသွားပြီး သူ၏ ဘယ်ဘက်လက်မှ ပုတီးစေ့များသည် ဖြည်းညှင်းစွာ လည်ပတ်နေသည်။

ပုတီးတစ်ပတ်ပြည့်သွားသောအခါ ဘုန်းကြီးသည် တစ်ကီလိုမီတာ အကွာအဝေးရှိ မြို့ငယ်လေးသို့ ရောက်ရှိသွားပြီ။

"ဒကာလေး၊ ရှောင်လင်ကျောင်းတော်ကို ဘယ်လိုသွားရမလဲဆိုတာ လမ်းညွှန်ပေးလို့ ရမလား"

………

သုံးရက်အကြာတွင် လင်ချွမ်နှင့် အဖွဲ့သည် အရှေ့တရုတ်ပင်လယ် ကမ်းစပ်ရှိ ဆိပ်ကမ်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

အဆုံးမဲ့နေသော ကမ်းခြေနှင့် ဗလာဖြစ်နေသော ဆိပ်ကမ်းကို ကြည့်ရင်း လင်ချွမ်​၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားလေ​၏။

"ဒါက ဆိပ်ကမ်း မဟုတ်ဘူးလား"

"ဘာလို့ သင်္ဘောတစ်စီးမှ မရှိတာလဲ? ငါတို့ တစ်လမ်းလုံး ပျံသွားရမှာလား"

ယွဲ့ချင်းရိုလည်း ဇဝေဇဝါ ဖြစ်နေ​၏။

"ငါ အရင်က ဆရာနဲ့အတူ ဒီကိုလာဖူးတယ်လို့ မှတ်မိတယ်"

"အဲဒီတုန်းက သင်္ဘောကြီးတွေ အများကြီးရှိပြီး အရမ်းစည်ကားတာ"

"ကုန်သည်တွေ အများကြီး အလုပ်လုပ်နေကြတာလေ၊ ဘယ်လိုဖြစ်လို့ ဒီလိုကြီး ဖြစ်သွားရတာလဲ"

ထိုစကားကို ကြားသောအခါ လင်ချွမ်က ဓားနတ်ဘုရားဘက်သို့ လှည့်ကြည့်လိုက်သည်။

ဓားနတ်ဘုရားက ခေါင်းညိတ်ပြသော်လည်း သူ၏မျက်လုံးထဲတွင်လည်း သံသယများ ရိပ်ယောင်နေသည်။

ဓားနတ်ဘုရားပင် အခြေအနေကို မသိကြောင်း မြင်သောအခါ လင်ချွမ် ခေါင်းခဲသွားသည်။

ယခုတစ်ခါ စနစ်၏ မစ်ရှင်မှာ ပင်လယ်ဓားပြများကို နှိမ်နင်းရန်ဖြစ်ပြီး ပင်လယ်ဓားပြဆိုသည်မှာ ပင်လယ်ထဲတွင်သာ ရှိပေမည်။

ယခု လှေတစ်စီးမှ မရှိဘဲနှင့် အားလုံး ပျံသွားကြမည်လော။

အမှန်စင်စစ် လင်ချွမ်သည် အခြေအနေအချို့ကို ခန့်မှန်းမိပြီးသားပင်။

ဤနေရာတွင် ဤကဲ့သို့ဖြစ်နေရခြင်းမှာ အရှေ့တရုတ်ပင်လယ်မှ ပင်လယ်ဓားပြများကြောင့် ဖြစ်နိုင်​၏။

ယခုအခါ ခရီးသည်တင်သင်္ဘောရော၊ ကုန်တင်သင်္ဘောပါ လွတ်လပ်စွာ မသွားလာရဲကြတော့ဘဲ အစိုးရဘက်မှလည်း သတိပေးချက်များ ထုတ်ပြန်ထားဟန်တူသည်။

ဒါက တကယ့်ကို ဒုက္ခပင်။

တတိယအဆင့်တွင် ဓားကိုစီး၍ ပျံသန်းနိုင်ပြီး ပထမအဆင့်တွင် လေထဲ၌ ပျံသန်းနိုင်သည်။

သို့သော် ပင်လယ်သည် ကုန်းမြေနှင့်မတူဘဲ နားခိုရန် နေရာမရှိပေ။

သူတို့သည် အစွမ်းထက်သော ကျင့်စဉ်များ ရှိသော်လည်း ထာဝရ ပျံသန်းမနေနိုင်ဘဲ အချိန်တန်လျှင် ခွန်အားများ ကုန်ခမ်းသွားမည် ဖြစ်သည်။

ထို့ကြောင့် ပင်လယ်ထဲတွင် ဓားပြကို ရှာဖွေရန်ဖြစ်စေ၊ ပင်လယ်နက်ထဲတွင် ကျောက်သလင်းကို ရှာဖွေရန်ဖြစ်စေ သင်္ဘောတစ်စီး လိုအပ်ပါသည်။

"ငါတို့ ငါးဖမ်းလှေတစ်စီးလောက် ရှာကြည့်ရင်ရော"

နောက်ဆုံးတွင် လင်ယန်ရွှယ်​၏ စကားက သူတို့ကို စိတ်ကူးရစေခဲ့သည်။

ခဏမျှ စဉ်းစားပြီးနောက် ဤနည်းလမ်းမှာ အမှန်တကယ် လုပ်ဆောင်နိုင်ကြောင်း အားလုံး သိသွားကြ​၏။

ကုန်တင်သင်္ဘောနှင့် ခရီးသည်တင်သင်္ဘောများ ရှာရခက်သော်လည်း ငါးဖမ်းလှေများကိုမူ ရှာဖွေရလွယ်ကူသည်။

အကြောင်းမှာ သူတို့သည် အသက်မွေးဝမ်းကျောင်းပြုရန် လိုအပ်ပြီး ပင်လယ်တွင် အန္တရာယ်ရှိမှန်း သိသော်လည်း ဝမ်းစာအတွက် မကြာခဏ သွားလာနေကြရသောကြောင့်။

တံငါသည်တစ်ဦးကို ရှာပြီး ငွေအချို့ပေးလျှင် ခရီးထွက်နိုင်မည်မှာ သေချာ​၏။

သူတို့နှင့်အတူ ခရီးသွားမည်ဆိုပါက တံငါသည်၏ လုံခြုံရေးအတွက်လည်း ပိုမိုစိတ်ချရပေမည်။

ထို့ကြောင့် လင်ချွမ်နှင့် အဖွဲ့သည် ကမ်းခြေတစ်လျှောက် စတင်ရှာဖွေကြသည်။

သူတို့ ကံကောင်းသည်ဟု ပြောရမည်၊ ကုန်သည်ငယ်တစ်ဦး၏ သင်္ဘောငယ်တစ်စီးနှင့် ဆုံမိသည်။

သင်္ဘောပိုင်ရှင်မှာ ဆိပ်ကမ်းအနီးရှိ ကုန်သည်အဖွဲ့ငယ်လေးတစ်ခု၏ သူဌေးဖြစ်သည်။

သူတို့သည် အာဏာပိုင်များထံမှ သတိပေးချက် ရထားသဖြင့် မကြာသေးမီက ခရီးမထွက်ရန် ဆုံးဖြတ်ထားသော်လည်း ကံမကောင်းစွာဖြင့် လက်ထဲတွင် ကုန်ပစ္စည်းများ ပိတ်မိနေပြီး ဝယ်သူက အတင်းအကျပ် တောင်းဆိုနေသောကြောင့် အန္တရာယ်ကြားမှ ခရီးထွက်ရန် ပြင်ဆင်နေခြင်းပင်။

မဟုတ်လျှင် သူတို့ အကြီးအကျယ် ဆုံးရှုံးရပေမည်။

"အရင်ဆုံး ရှင်းအောင် ပြောထားမယ်"

"ပိုက်ဆံအတွက်ကြောင့် မင်းတို့ကို သင်္ဘောပေါ် ပေးတက်မယ်၊ ဒါပေမဲ့ မင်းတို့က ဘယ်ကို သွားချင်တာလဲ"

"ငါတို့က ဟန်တုန်းမြို့ကို သွားမှာ၊ လမ်းမှာ ဘယ်ဆိပ်ကမ်းမှာမှ ရပ်မှာမဟုတ်ဘူးနော်"

လင်ချွမ်က ခေါင်းညိတ်ပြုံးပြရင်း ငွေအိတ်ကို ကမ်းပေးလိုက်သည်။

"ရပါတယ်၊ ငါတို့က အပျော်ခရီးထွက်တာပါ"

"ကုန်သည်အဖွဲ့ သွားတဲ့နောက် လိုက်ပြီး ပင်လယ်အလှ ကြည့်ရုံပါပဲ"

All Chapters