← Chapters

အခန်း (၁၉၃၅-၁၉၃၆)

Vol. 139 Ch. 1935-1936

အခန်း (၁၉၃၅-၁၉၃၆)

Vol. 139 Ch. 1935-1936

အပိုင်း(၁၉၃၅)

နောက်ဆုံးဇုန်ဖြစ်သော မဲနယ်ရောင်ဇုန်မှာမူ အလွန်ပင် ငြိမ်သက်အေးချမ်းလှသည်။ ထိုဇုန်အတွင်း၌ အဘိဿဲလ်နှင့် လူသားမျိုးနွယ်အပါအဝင် လူမျိုးပေါင်းစုံမှ ထောင်နှင့်ချီသော အလောင်းများ ပျံလွင့်နေကြသည်။ ဝေ့ဝူယင်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဤအကြောင်းကို မမေးကြရန်နှင့် မည်သည့်အလောင်းကိုမျှ မထိကြရန် လူတိုင်းကို မှာကြားလိုက်သည်။ လျှို့ဝှက်အရှင်များကလည်း ထိတ်လန့်ဖွယ် လျှို့ဝှက်ချက်တစ်ခုကို ရိပ်မိသွားကြပုံရပြီး ထိုစကားကို ထပ်ဆင့် မှာကြားကြသည်။

မီးခိုးရောင် နှင်းဆီ၏ မျက်နှာမှာ သရဲတစ်ကောင်လို ဖြူဖျော့နေပြီး ရင်တုန်တုန်ဖြင့် ဝေ့ဝူယင်၏ အနားသို့ ကပ်လာတော့သည်။

သူတို့ ဤနေရာတွင် ခဏတာ နားခိုခဲ့ကြသည်။ ဝေ့ဝူယင်က ခွင့်မပြုမချင်း မည်သူမျှ ဤဇုန်မှ ထွက်ခွာခွင့် မရှိပေ။

ထိုစဉ် တစ်စုံတစ်ယောက်က အလောင်းများ ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်သည်။ ထို့နောက် အခြားအလောင်းအသစ်များမှာလည်း သတိပေးချက်မရှိဘဲ ပေါ်လာတတ်သည်။

အဆန်းကြယ်ဆုံး အခြေအနေမှာ လောကရှန့်ထိုတစ်ဦးသည် အလောင်းတစ်လောင်းနှင့် ရင်းနှီးသော တုန်ခါမှုတစ်ခုကို ခံစားလိုက်ရခြင်းပင်။ သူ ပိုင်ဆိုင်ထားသော ဆွဲသီးလေးမှာ အဖြူရောင် အဘိဿဲလ်ထဲတွင် မဖြစ်နိုင်လောက်သော တုံ့ပြန်မှုမျိုးကို ထုတ်လွှတ်နေသဖြင့် သူ အလွန် သိလိုစိတ်ပြင်းပြသွားခဲ့သည်။ ထိုဆွဲသီးကို အခြားသော ဆွဲသီးဝတ်ဆင်ထားသူ သေဆုံးမှသာ တုံ့ပြန်မှုရှိစေရန် ပြုလုပ်ထားခြင်း ဖြစ်သည်။ သူသည် ဤဆွဲသီးမျိုးကို ပြုလုပ်ကာ သူ၏ သားစဉ်မြေးဆက်များအား သူတို့၏ မျိုးဆက်ကို ခွဲခြားနိုင်ရန်အတွက် အရောင်အမျိုးမျိုး ပေးထားခဲ့ခြင်း ဖြစ်သည်။ သူ၏ ဆွဲသီးမှာမူ အထူးသီးသန့်ဖြစ်ပြီး အခြားဆွဲသီးအားလုံးကို အဆင့်မြင့်မြင့် ဆက်သွယ်နိုင်သည့် ထူးခြားသော အရောင်ရှိသည်။

‘ဒီဆွဲသီးက ဘယ်သူ့ဆီကလဲ... တစ်စုံတစ်ယောက်က ငါ့မျိုးဆက်တွေကို သတ်ပြီး အဖြူရောင် အဘိဿဲလ်ထဲကို ထွက်ပြေးလာတာလား... ဘာအရောင်လဲ... ငါ့ဇနီးလား... ငါ့ရဲ့ မယားငယ်လား... ဒါမှမဟုတ် ငါ့ရဲ့ ချစ်လှစွာသော သားလေးလား...’

တောက်လောင်နေသော ဒေါသနှင့် သည်းမခံနိုင်သော သိလိုစိတ်များကြောင့် သူသည် သတိပေးချက်များကို လျစ်လျူရှုကာ အလောင်းများကို မထိမိစေရန် ဂရုစိုက်ရင်း ရင်းမြစ်ကို လိုက်ရှာတော့သည်။ မည်သူမျှ သူ့ကို မတားဆီးခဲ့ကြပေ။ မကြာမီမှာပင်... သူသည် ဆွဲသီးက တုံ့ပြန်နေသော နေရာကို ရှာတွေ့သွားခဲ့သည်။

သို့သော် သူ မြင်တွေ့လိုက်ရသော အရာမှာ... သူ့အား သရဲတစ်ကောင်ကဲ့သို့ ဖြူဖျော့သွားစေခဲ့သည်။ အဖွဲ့ရှိရာသို့ ပြန်ရောက်လာသောအခါ သူ၏ မျက်လုံးများတွင် အလင်းအမှောင် ကင်းမဲ့နေပြီး၊ မျက်နှာမှာလည်း မှိုင်ညို့မှု၊ ဇဝေဇဝါဖြစ်မှုနှင့် သူ မြင်ခဲ့ရသော အရာကို လုံးဝ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေတော့သည်။

စုမေ့သည် ဤအခြေအနေကို သတိပြုမိပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူမ ဝေ့ဝူယင်ကို ကြည့်လိုက်သောအခါ သူက ခေါင်းကိုသာ ခါပြလိုက်၏။

“ကျွန်မ ဒီနေရာကို မကြိုက်ဘူး”

ယွီစွန်းလီက မှတ်ချက်ပေးလိုက်၏။ သူမသည် ထိုလောကအင်ပါယာ မြင်ခဲ့ရသော အရာ သို့မဟုတ် သူ၏ မျက်နှာထားကို မမြင်ရသော်လည်း၊ ပင်ကိုယ်စိတ်အရ စိတ်မသက်မသာ ဖြစ်နေမိသည်။ ကုဗတုံးများ၊ အလောင်းများနှင့် ရတနာများ ရှိနေသည့် အခြားဇုန်များနှင့် မတူဘဲ၊ ဤနေရာမှာ ကံကောင်းမှု အစအနလေးပင် မရှိသော သုသာန်ကြီးတစ်ခုနှင့် တူလှသည်။

“ငါ သိပါတယ်”

ဝေ့ဝူယင်က သူမကို တင်းတင်းဖက်ထားလိုက်သည်။

“နောက်ထပ် ၄၆ မိနစ်လောက်ပဲ အောင့်အီးသည်းခံပေးပါ... မင်းကို ဒီနေရာကနေ ခေါ်ထုတ်သွားမယ်လို့ ကတိပေးတယ်”

ယွီစွန်းလီ၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ရင်သွားပြီးနောက် “ကောင်းပါပြီ” ဟုသာ တိုးတိုးလေး ဖြေလိုက်သည်။ ဝေ့ဝူယင်၏ ဝိညာဉ်အော်ရာနှင့် စိတ်စွမ်းအင် အော်ရာတို့မှာ အလွန်အမင်း တက်ကြွနေသည်ကို သူမ ခံစားနေရသည်။ ဥပဒေသများစွာ၏ စွမ်းအားများမှာ အစွမ်းကုန် လည်ပတ်နေပြီး၊ သူ၏ ‘ကြယ်တာရာ ဝိညာဉ်’ များမှာလည်း ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများဖြင့် တုန်ခါနေသည်။ ထိုအချက်က သူမကို စိတ်အေးစေသလို တစ်ဖက်တွင်လည်း စိုးရိမ်ပူပန်စေသည်။ သူ၏ ရင်ခွင်ထဲတွင် ရှိနေရသဖြင့် စိတ်အေးရသော်လည်း၊ သူမ၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒကြောင့် တစ်စုံတစ်ရာ ပြဿနာဖြစ်မည်ကို စိုးရိမ်နေမိခြင်း ဖြစ်သည်။

“ဒါကြောင့်ကိုး... ဒါကြောင့်ကိုး...”

ထိုလောကအင်ပါယာမှာ တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ တက်ကြွစွာဖြင့် ထပ်ခါတလဲလဲ ရေရွတ်နေတော့၏။ နောက်ဆုံးတွင် သူသည် ရူးသွပ်စွာဖြင့် အော်ဟစ်ရယ်မောတော့သည်။

“ဒါကြောင့်ကိုး... ဟား ဟား... တစ်ခုတည်း... ထောင်ပေါင်းများစွာ... ဟား ဟား ဟား... ဒါကြောင့်ကိုး...”

“...”

လူတိုင်း ငေးကြည့်နေကြစဉ် လျှို့ဝှက်အရှင်များ၏ မျက်နှာများမှာ တစ်ပြိုင်နက်တည်း မည်းမှောင် သွာစေတော့၏။ လောကကြီးအား တုန်လှုပ်စေနိုင်သော စွမ်းအားရှိသည့် သွေးရောင်ဓားပင်လျှင် သူ၏ ကြောက်ရွံ့မှုကို ဖုံးကွယ်မထားနိုင်ဘဲ သူ၏ ဓားလက်ကိုင်ကိုသာ တင်းတင်းဆုပ်ထားမိတော့သည်။

ထိုရယ်သံမှာ ဝိညာဉ်၏ နက်ရှိုင်းရာမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ ငြိမ်သက်နေသော လေထုအတွင်းသို့ အချိန်ကာလကို ကျော်လွန်သည့် ပြင်းထန်သော ရူးသွပ်မှုများကို ပျံ့နှံ့စေသည်။

၎င်းမှာ မဲနယ်ရောင်ဇုန် တစ်ခုလုံးတွင် ထွက်ပေါ်နေသော တစ်ခုတည်းသော အသံဖြစ်သည်... ငြိမ်သက်နေသော အလောင်းများကြားမှ ရူးသွပ်သော ရယ်မောသံ။ ထိုအလောင်းများထဲမှ တစ်လောင်းတွင်မူ... ထိုလောကအင်ပါယာ ဝတ်ဆင်ထားသော ဆွဲသီးနှင့် တူညီသော အရောင်၊ တူညီသော တောက်ပမှုရှိသည့် ဆွဲသီးလေးတစ်ခု ရှိနေလေတော့သည်။

ရူးသွပ်စွာ ရယ်မောသံတို့က နှလုံးသားကို တုန်လှုပ်စေပြီး စိတ်အာရုံကို ခြောက်ခြားစေသော်လည်း မည်သူမျှ ဝင်ရောက် တားဆီးခြင်း မပြုဝံ့ကြချေ။ အန္တရာယ်ရှိနိုင်သော အရာဟူသမျှကို ရှောင်လွှဲလိုကြသည်သာမက လောကရှန့်ထို အာရုဏ်ဦး ကိုလည်း အနီးကပ် စောင့်ရှောက် ကာကွယ်နေကြရသောကြောင့် ဖြစ်သည်။

နောက်ဆုံးတွင်မူ လောကရှန့်ထို သည် သွေးမျက်ရည်များ စီးကျလျက် အားအင်ကုန်ခမ်းစွာ ရှိုက်ကြီးတငင် ငိုကြွေးရင်း မိနစ်အနည်းငယ်အကြာတွင် အိပ်ပျော်သွားလေတော့သည်။ သူ၏ ခန္ဓာကိုယ်ကို အဆင့်တူ ကျင့်ကြံဖော်တစ်ဦးက ဖမ်းထိန်းကာ အဖွဲ့အတွင်းသို့ ပြန်လည် ခေါ်ဆောင်သွားပြီး ကျင့်ကြံခြင်း လမ်းလွဲကာ ဖောက်ပြန်ပျက်စီးခြင်း မရှိစေရန် သူ၏ အသိစိတ် ပင်လယ်နှင့် လျှို့ဝှက်အမြုတေတို့ကို ချိပ်ပိတ် တားဆီးလိုက်ရလေသည်။

လောကရှန့်ထိုသည် အလောင်းများကို ထပ်မံ ကြည့်ရှုရန်ပင် ငြင်းဆန်ခဲ့၏။ လူတိုင်း၏ ရင်ထဲတွင် မကောင်းသော အတိတ်နိမိတ် အရိပ်အယောင်တို့ လွှမ်းမိုးသွားပြီး "သူ ဘာကို မြင်ခဲ့သလဲ" ဟူသော မေးခွန်းက လူတိုင်း၏ ဝိညာဉ်ထဲတွင် ပဲ့တင်ထပ်နေတော့သည်။

"..."

သခင်လေးရှန့်က သူ၏ အရက်အိတ်ကို မော့ကာ တစ်ငုံ၊ နှစ်ငုံ သောက်လိုက်သည်။

"မှန်သားပြင်ထဲက သေခြင်းတရား၊ နွေဦးရဲ့ အနာဂတ် ရောင်ပြန်ဟပ်မှု၊ ရူးသွပ်မှုတွေက နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်သွားပြီပေါ့"

"သူ ဘာကို မြင်ခဲ့တာလဲ"

ချင်ချူးမူမှာ သူမ၏ စူးစမ်းလိုစိတ်ကို မထိန်းချုပ်နိုင်ဘဲ သခင်လေးရှန့်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။ ဝေ့ဝူယင် သည် ယွီစွန်းလီကို ထွေးပွေ့ထားဆဲဖြစ်ပြီး ဟင်းလင်းပြင် ပုံရိပ်ယောင်မှာလည်း တည်ငြိမ် လေးနက်လျက် ရှိသည်။ သူမက လောကရှန့်ထို တစ်ဦးကိုပင် ရူးသွပ်သွားစေသည့် အရာကို သိချင်နေမိသည်။

သခင်လေးရှန့်က သက်ပြင်း တစ်ချက် ချလိုက်၏။ ဖြူစင်မှုနှင့် စူးစမ်းလိုစိတ်သည် ကျင့်ကြံသူ တို့အတွက် ထူးခြားသော အရည်အသွေးများ ဖြစ်ကြပြီး ချင်ချူးမူတွင် ထိုအရာများ အပြည့်အဝ ရှိနေသည်။ သူမ၏ နှလုံးသားသည် စွန့်စားလိုစိတ်နှင့် လွတ်လပ်မှုတို့ဖြင့် ရစ်ပတ်နှောင်ဖွဲ့ထား၏။

"ငါသာ ပြောလိုက်ရင် ငါ့ယောက်ဖက ငါ့နှုတ်က စကားတစ်လုံး မထွက်ခင်မှာတင် ငါ့ကို ရိုက်သတ်လိမ့်မယ် ထင်တယ်... ဟား ဟား..."

သူက စိုးရိမ်ကြောင့်ကြမှု ကင်းမဲ့စွာ ရယ်မောလိုက်သော်လည်း လေသံထဲတွင်မူ လေးနက်မှု အရိပ်အယောင်တို့ ကိန်းအောင်းနေသည်။

"..."

စုမေ့ က သခင်လေးရှန့်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

"ဟားဟား... စိတ်မပူပါနဲ့၊ ငါ့နှုတ်ခမ်းတွေကို ချိပ်ပိတ်ထားပါ့မယ်"

သခင်လေးရှန့်က ရယ်မာရင်းပင် ပြောလိုက်၏။

"သူ သေသွားမှာလား"

ချောင်စွေ့ဖုန်းက မေးလိုက်သည်။

"မသေပါဘူး"

ဝေ့ဝူယင် က ပြတ်သားစွာ ဖြေလိုက်သည်။

"သူ ဘာကို မြင်ခဲ့တာလဲ"

ချင်ချူးမူက လက်မလျှော့ဘဲ ဝေ့ဝူယင် ၏ မူလခန္ဓာကိုယ်ကို တိုက်ရိုက် မေးမြန်းလိုက်ပြန်သည်။ ဤအဖြူရောင် အဘိဿဲလ် တစ်ခုလုံးသည် ထူးဆန်းပြီး မဖြစ်နိုင်ဟု ထင်ရသော အရာများဖြင့် ပြည့်နှက်နေသည်။ အဘိဿဲလ် လျှို့ဝှက်အရှင်များက ချင်ချူးမူကို တစ်ချက်ကြည့်ပြီးမှ ဝေ့ဝူယင် ဘက်သို့ လှည့်လိုက်ကြသည်။

ယွီစွန်းလီသည် ဝေ့ဝူယင် ၏ လက်မောင်းများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ့ ထံမှ ခွန်အားကို ရယူနေပုံရသည်။

"ကျွန်မလည်း... သိချင်တယ်"

ဤမဲနယ်ရောင်ဇုန်ဟု ခေါ်သော ကျောက်မက်ဖွယ် သုသာန်မြေပြင်မှ အမြန်ဆုံး ခေါ်ထုတ်သွားမည်ဟု ဝေ့ဝူယင် က ပြောထားသော်လည်း သူမ၏ စူးစမ်းလိုစိတ်ကို မတားဆီးနိုင်ခဲ့ချေ။ ဝိညာဉ်အာရုံ မရှိဘဲနှင့် ဤအလောင်းများအကြောင်း အချက်အလက် သိရှိနိုင်ရန်မှာ အလွန် ခဲယဉ်းလှသည်။

"..."

ယခုအခါ လူတိုင်း၏ အကြည့်တို့က ဝေ့ဝူယင် ဆီသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ အစကတည်းကပင် ဝေ့ဝူယင် သည် ယွီစွန်းလီ၏ ဆန္ဒမှန်သမျှကို မငြင်းဆန်ဘဲ ဖြည့်ဆည်းပေးခဲ့သူ ဖြစ်သည်။ ဤနေရာတွင်ကော သူ လိုက်လျောပါမည်လော။

အံ့ဩဖွယ်ကောင်းသည်က ဝေ့ဝူယင် သည် ယွီစွန်းလီ၏ တောင်းဆိုချက်ကို မကြားချင်ယောင်ဆောင်ကာ ချင်ချူးမူဘက်သို့ လှည့်၍ မေးလိုက်ခြင်းပင်။

"မင်း တကယ်ပဲ သိချင်တာ သေချာလား"

***

အပိုင်း(၁၉၃၆)

"မင်း တကယ်ပဲ သိချင်တာ သေချာလား"

ချင်ချူးမူသည် ဝေ့ဝူယင်၏ လေသံထဲမှ ဖိအားများကို ခံစားလိုက်ရ၏။ သူမ အလိုအလျောက် လက်သီးကို တင်းတင်းဆုပ်ကာ စိုးရိမ်စိတ်ကြောင့် ရင်ခုန်သံများ မြန်လာခဲ့သည်။ သို့သော် သူမ၏ မျက်ဝန်းထဲမှ အရောင်အဝါမှာမူ သံမဏိကဲ့သို့ ခိုင်မာနေဆဲ ဖြစ်သည်။ သူမက ပြတ်သားစွာ ခေါင်းညိတ်ပြလိုက်၏။

"သေချာပါတယ်... သိရတဲ့အတွက် နောင်တရမှာ မဟုတ်ဘူး"

ဝေ့ဝူယင် က ခေါင်းညိတ်လိုက်ပြီး ယွီစွန်းလီ၏ ဂုတ်သားလေးကို ခပ်ဖွဖွ နမ်းလိုက်ရာ မိန်းကလေးမှာ မျက်နှာလေး နီမြန်းသွားခဲ့၏။ ထိုအပြုအမူ တစ်ခုတည်းနှင့်ပင် လူငယ်သည် သူမ၏ စူးစမ်းလိုစိတ်ကို ဖြည့်ဆည်းပေးတော့မည် ဖြစ်ကြောင်း သူမ သိလိုက်၏။ ဝေ့ဝူယင်က ဟင်းလင်းပြင် သင်္ဘော ကုန်းပတ်ပေါ်ရှိ နေရာလွတ်တစ်ခုကို ညွှန်ပြလိုက်ရာ ငွေရောင်အလင်းတန်းတစ်ခု ဝင်းခနဲ လက်သွားလေ၏။

ထို့နောက်... မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အဘိဿဲလ် လျှို့ဝှက်အရှင်များအားလုံး မျက်နှာ ပျက်သွားကြတော့သည်။ ကျန်ရှိနေသော သူများမှာမူ အလွန်အမင်း တုန်လှုပ်ချောက်ချားသွားကြ၏။

၎င်းမှာ အလောင်းတစ်လောင်း ဖြစ်သည်။ ထိုလောကရှန့်ထို ၏ အလောင်းပင်။ သူ၏ လည်ပင်းတွင် ဆွဲသီးတစ်ခု ဆွဲထားဆဲ ဖြစ်သည်။ ခန္ဓာကိုယ်တွင် ဒဏ်ရာအနာတရ လက္ခဏာ မတွေ့ရသော်လည်း သူ၏ ဝိညာဉ်မှာမူ လုံးဝ ကင်းစင် ပျောက်ကွယ်နေပြီ ဖြစ်ရာ ၎င်းသည် သဘာဝအလျောက် ဝိညာဉ်သက်တမ်း ကုန်ဆုံးသွားခြင်းကို ပြသနေသည်။ သူတို့သည် အလောင်းပေါင်းများစွာကို မြင်ဖူးခဲ့ကြသော်လည်း...

ဤအလောင်းမှာ ယခုလေးတင် မြင်တွေ့ခဲ့ရသော အသက်ရှင်နေသူထက် ပို၍ အိုမင်းရင့်ရော်နေသည်။ ပို၍ အရေးကြီးသည်က ထိုအလောင်းတွင် ကျင့်ကြံခြင်း အရှိန်အဝါ အကြွင်းအကျန် အနည်းငယ် ရှိနေခြင်းပင်။

"သူတော်စင်အဆင့်လား... ပြီးတော့ သူ့မျက်နှာနဲ့ပဲလား... ဘာလို့လဲ... ဘယ်လိုဖြစ်လို့လဲ"

ချောင်စွေ့ဖုန်းက မယုံကြည်နိုင်စွာ မေးလိုက်၏။ ဝေ့ဝူယင်၊ သခင်လေးရှန့်၊ အဘိဿဲလ် လျှို့ဝှက်အရှင်များ၊ ယောင်ဟုန်ရီ နှင့် စုမေ့ တို့မှအပ ကျန်ရှိသူများအားလုံးမှာ မှင်သက်နေကြသည်။

ထိုလောကရှန့်ထိုမှာ ယခုလေးတင်မှ ချိပ်ပိတ်ခြင်း ခံထားရသူ မဟုတ်ပါလော။ သူက မည်ကဲ့သို့ ဤနေရာသို့ အလောင်းအဖြစ် ရောက်ရှိနေရသနည်း။

"ဒါက အစစ်လား၊ ဒါမှမဟုတ် ပုံရိပ်ယောင်လား... ဒါမှမဟုတ် အချိန်ကာလ ပုံရိပ်ယောင် တစ်ခုခုလား"

ချင်ချူးမူက အလောင်းကို စိုက်ကြည့်ရင်း မေးလိုက်သည်။ မိန်းကလေး၏ အမူအရာမှာ ပုံမှန် မဟုတ်သော်လည်း အလွန်အမင်း တုန်လှုပ်ခြင်း မရှိချေ။

"ပုံရိပ်ယောင် မဟုတ်ဘူး"

ယောင်ဟုန်ရီက ဖြေကြားလိုက်သည်။

"ပုံရိပ်ယောင် မဟုတ်ဘူး ဟုတ်လား"

ချောင်စွေ့ဖုန်းမှာ မယုံနိုင်သေးဘဲ အတည်ပြုရန် အတွက် လက်လှမ်း၍ ထိတွေ့ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း... စုမေ့က သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်၏။ မြေကြီးရှန့်ထို တစ်ယောက် ဖြစ်သည့်တိုင် သူမ စုမေ့၏ လက်ထဲမှ ရုန်းထွက်လို့ မရပါချေ။

"အနားမကပ်နဲ့... မထိနဲ့"

စုမေ့ က ပြတ်သားသော လေသံဖြင့် သတိပေးလိုက်ရာ ချောင်စွေ့ဖုန်း၏ ဆက်လက် စုံစမ်းလိုသော စိတ်ကူးများ ရပ်တန့်သွားခဲ့၏။ သူမသည် ဝေ့ဝူယင် ၏ အနားသို့သာ ပြန်လည် ကပ်လိုက်တော့သည်။ စုမေ့ ၏ သတိပေးချက်အပြီးတွင် သူမသည် အမည်မသိ မလုံခြုံမှုကို ပြင်းထန်စွာ ခံစားလိုက်ရသည်။ ခဏအကြာမှသာ ထိုခံစားချက်မှာ ပျောက်ကွယ်သွား၏။

"ငါ မင်းတို့ကို အချိန်ကာလ ဝိရောဓိ ကနေ ကာကွယ်ပေးထားပါတယ်..."

ဝေ့ဝူယင် က သူတို့၏ စိတ်ကို အေးချမ်းစေရန် ပြောလိုက်သည်။

"ဝိရောဓိ... ဘာဝိရောဓိလဲ"

ချောင်စွေ့ဖုန်းက မေးလိုက်၏။

"အနာဂတ်ကို ကြိုတင်သိရှိခြင်း ဆိုတဲ့ ဝိရောဓိပေါ့"

သခင်လေးရှန့်က ဝေ့ဝူယင် ကို ကြည့်ရင်း ဖြေလိုက်သည်။ ဝေ့ဝူယင်က သူတို့ကို အဘယ်ကြောင့် ဤကဲ့သို့သော ဝိရောဓိ ဖြစ်ရပ်မျိုးထဲသို့ ခေါ်ဆောင်လာသနည်းဆိုသည်ကိုမူ သူ ယခုထိ နားမလည်နိုင်သေးချေ။ ခန့်မှန်းချက်နှင့် အမှန်တရားကြားတွင် ကြီးမားသော ခြားနားချက် ရှိသည်။ အဘိဿဲလ် လျှို့ဝှက်အရှင်များနှင့် သူကိုယ်တိုင်၊ သို့မဟုတ် သင်္ဘောပေါ်ရှိ ဉာဏ်ပညာ မြင့်မားသူအချို့မှာ ထိုအချက်ကို ခန့်မှန်းမိနိုင်သော်လည်း၊ အမှန်တရားဟူသည်မှာ ငြင်းချက်ထုတ်၍ မရသော လက်တွေ့ဘဝပင် ဖြစ်သည်။

ယခုအခါ သူတို့အားလုံးသည် ဝိရောဓိတစ်ခုအတွင်းသို့ ကျရောက်သွားကြပြီ ဖြစ်သည်။ ထို့အပြင် ဤအချက်သည် လူတိုင်း၏ စိတ်ထဲတွင် မသိမသာ ရှောင်လွှဲနေခဲ့ကြသော မေးခွန်းများအတွက် အဖြေဖြစ်လာခဲ့သည်။

အဘယ်ကြောင့် ကောင်းကင် နိမိတ်ဖတ် ပညာရှင်များသည် ဤအမှန်တရားကို အတည်ပြုရန် မကြိုးစားခဲ့ကြသနည်း။ အဖြေက ရှင်းပေသည်။ ထိုကဲ့သို့သော ဝိရောဓိများကို သိရှိသွားခြင်း၏ အကျိုးဆက်မှာ အသက်အန္တရာယ်အထိ စိုးရိမ်ရသော ပြင်းထန်သည့် တန်ပြန်သက်ရောက်မှုများကို ခံစားရနိုင်သောကြောင့် ဖြစ်ပေသည်။

ထိုအချက်ကြောင့် စူးစမ်းလိုစိတ်ပြင်းပြသည့် ကောင်းကင် နိမိတ်ဖတ် ပညာရှင် မည်မျှလောက် အသက်ပေးခဲ့ရသည်ကို မည်သူသိနိုင်ပါအံ့နည်း။

မင်ရှုဖုန်း အသက်ရှင်ကျန်ရစ်ခဲ့သည့် အကြောင်းရင်းကား... သူမ၏ ကံကြမ္မာ အရှိန်အဝါနှင့် ကျင့်စဉ်တို့မှာ အချိန်ကာလ၏ နက်နဲမှုကို နားလည်သဘောပေါက်ထားခြင်းကြောင့် ဖြစ်သည်။ သူမ၏ စိတ်အာရုံထဲတွင် ထိုအခြေအနေ မသဲမကွဲ ဝေဝါးနေသရွေ့ သူမအတွက် အနှောင့်အယှက် မဖြစ်နိုင်ချေ။

"နေပါဦး... အဲဒါက...”

ချင်ချူးမူနှင့် ယွီစွန်းလီတို့ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း အာမေဍိတ်သံ ထွက်ပေါ်လာကြ၏။ သူတို့၏ အသံထဲတွင် အံ့ဩတုန်လှုပ်မှုများ အပြည့်ပါဝင်နေသည်။

ဝေ့ဝူယင်ကပင် ခေါင်းညိတ်လိုက်သည်။

"သူက သူ့ကိုယ်သူ မြင်ခဲ့တာ၊ သူ့ရဲ့ သေခြင်းတရားကို မြင်ခဲ့တာပဲ"

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒီအလောင်းက တကယ်ပဲ အစစ်လား... အစစ်ဆိုရင် သူက... သူက ဘယ်လောက်တောင် အိုမင်းနေတာလဲ... ဒါက ဘာလို့... ကျွန်မတော့... ကျွန်မတို့က အတိတ်မှာလား၊ အနာဂတ်မှာလား... ဒါက ပစ္စုပ္ပန်လား... ကျွန်မတို့ တကယ်ရော ဒီမှာ ရှိနေတာ ဟုတ်ရဲ့လား..."

အရာအားလုံး၏ မညီညွတ်မှုများကြားတွင် ချောင်စွေ့ဖုန်း၏ စိတ်အာရုံမှာ တဖြည်းဖြည်း ချောက်ချားလာပြီး လက်တွေ့ဘဝအပေါ် သံသယဝင်ကာ ရူးသွပ်လုနီးပါး ဖြစ်လာခဲ့သည်။ သို့သော်လည်း... အေးမြသော ခံစားချက်တစ်ခုက သူမ၏ ဝိညာဉ်ထဲသို့ စိမ့်ဝင်သွားပြီး ရူးသွပ်မှု ချောက်နက်ထဲ ကျဆင်း မသွားအောင် ဆွဲတင်ပေးလိုက်သည်။

"အခု သူခံစားနေရတာက အဲဒီ လောကရှန့်ထို ခံစားခဲ့ရတာထက် အဆပေါင်း ထောင်ချီပြီး လျော့နည်းနေပါသေးတယ်..."

သခင်လေးရှန့်က ချောင်စွေ့ဖုန်းကို ညွှန်ပြရင်း ပြောလိုက်၏။ သူမသည် အချိန်ကာလ ရူးသွပ်မှု အခြေအနေသို့ ရောက်လုနီးနီး ဖြစ်နေခြင်း ဖြစ်သည်။ ထိုရောဂါမျိုးသည် အာကာသ ဝေဒနာထက် များစွာ ပိုမို ဆိုးရွားလှသည်။

မကြာမီတွင်ပင် ချောင်စွေ့ဖုန်းမှာ စိတ်ငြိမ်သွားပြီး သူမကိုယ်သူမ ဝေ့ဝူယင် ၏ လက်မောင်းထဲတွင် ရောက်ရှိနေကြောင်း သတိပြုမိလိုက်သည်။ သူ၏ ဘယ်ဘက်လက်က သူမ၏ ခါးကို ဖက်ထားပြီး သူ၏ နှုတ်ခမ်းများက သူမ၏ နှုတ်ခမ်းထက်သို့ ဖိကပ်ထား၏။

ချက်ချင်းပင် မိန်းကလေး၏ မျက်ဝန်းထဲမှ အချိန်ကာလ ရူးသွပ်မှု အရိပ်အယောင်များ ပျောက်ကွယ်သွားပြီး စိတ်သက်သာရာ ရသွားခဲ့သည်။

ခဏအကြာတွင် ဝေ့ဝူယင် က ချောင်စွေ့ဖုန်း၏ နှုတ်ခမ်းများကို နမ်းရှိုက်ရာမှ ရပ်တန့်လိုက်ပြီး အလောင်းကို ညွှန်ပြလိုက်သည်။

"ဒါက ဖြစ်နိုင်ခြေရှိတဲ့ အနာဂတ် နဲ့ လက်တွေ့ဖြစ်လာတဲ့ အနာဂတ်တို့ အချင်းချင်း ထိပ်တိုက်တွေ့ရာက ဖြစ်ပေါ်လာတဲ့ အမြဲတမ်း ဝိရောဓိ တစ်ခုပဲ... ဒါကို မင်းတို့ သိရှိသွားပြီးတဲ့နောက်မှာ အဲဒီအချက်က မင်းတို့ရဲ့ အချိန်ကာလအတွက် လက်တွေ့ဖြစ်လာမယ့် အနာဂတ်အဖြစ် တဖြည်းဖြည်း ပြောင်းလဲလာလိမ့်မယ်... ဒါပေမဲ့ ကမ္ဘာလောကရဲ့ သဘာဝတရားအရ အဲဒါက မဖြစ်နိုင်ဘူး... မင်းတို့ရဲ့ လက်ရှိ အခြေအနေအရ အနာဂတ်ကို လက်တွေ့အကောင်အထည် မဖော်နိုင်သေးတဲ့အတွက်၊ မင်းတို့ကိုယ်တိုင် မဆုံးပါးသွားရင်တောင် အချိန်မြစ်က မင်းတို့ကို အဆုံးသတ်ပစ်လိမ့်မယ်...”

“သူ သေဆုံးသွားပြီ... သူက သူ့ကိုယ်သူ သေဆုံးနေတာကို မြင်ခဲ့ရပြီး ဒီလောကရဲ့ အမှန်တရားကို သိသွားခဲ့တယ်... အရောင်ပါတဲ့ ဇုန်တစ်ခုချင်းစီဟာ ငါတို့တည်ရှိနေတဲ့ အချိန်စီးဆင်းမှုနဲ့ တိုက်ရိုက် မသက်ဆိုင်ဘူး... အခု ငါတို့ရှိနေတာက သီးခြားအချိန်ဇုန် တစ်ခုထဲမှာပဲ... ရှင်းပြရခက်ပေမဲ့ ငါ အလွယ်ဆုံး ပြောပြမယ်...”

“ဇုန်တစ်ခုချင်းစီဟာ သူ့ရဲ့အစကနေ အဆုံးအထိ အချိန်စီးဆင်းမှုရဲ့ အမှတ်တိုင်းမှာ တည်ရှိနေတယ်... တကယ်တော့ တစ်ခုတည်းရှိတာ ဖြစ်ပေမဲ့ အဖြူရောင် အဘိဿဲလ် ရဲ့ အပျက်အစီး စွမ်းအင်တွေကြောင့် ဒီသီးခြားအချိန်ဇုန်တွေဟာ ပုံမှန် မရွေ့လျားနိုင်တော့ဘူး... ဒါကြောင့် ထူးခြားတဲ့ အာရုံခံနည်းလမ်းတွေ သုံးရင် ဒီဇုန်ပေါင်း ထောင်ချီကို တွေ့နိုင်လိမ့်မယ်... ဒါပေမဲ့ ဇုန်တစ်ခုချင်းစီဟာ အချိန်ကာလရဲ့ မတူညီတဲ့ အမှတ်တွေမှာ တည်ရှိနေကြတာ”

“ငါတို့ အခု ရောက်နေတဲ့ ဇုန်က အနာဂတ်ကာလ နှစ်ပေါင်း ခုနစ်ထောင်ခန့်လောက် ရောက်ရင် ငါတို့ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အနာဂတ် ပေါ့... ငါတို့ တွေ့ခဲ့တဲ့ အပြာရောင်ဇုန်ကတော့ ငါတို့ရဲ့ အတိတ်မှာ ရှိနေတာ... အတိအကျ ပြောရရင် နှစ်ပေါင်း သောင်းနဲ့ချီတဲ့ အတိတ်ကပေါ့... ဒါပေမဲ့ ဒီဇုန်တွေကနေ ထွက်ခွာလိုက်တာနဲ့ ငါတို့ရဲ့ ပစ္စုပ္ပန်ကို ပြန်ရောက်သွားလိမ့်မယ်... အတိတ် ဒါမှမဟုတ် အနာဂတ်က လာတဲ့သူတွေလည်း အတူတူပဲ..."

စုမေ့ ၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားသည်။

"ဒါဆို အပြာရောင်ဇုန်က ပစ္စည်းတွေ ကုန်နေတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းချီ အတိတ်က လူတွေ လာယူသွားလို့ပေါ့... အချိန်စီးဆင်းမှုအရ အဲဒီဇုန်က ပစ္စည်းတွေ ပြန်မပြည့်ခင်မှာတင် ကျွန်မတို့က ဝင်သွားမိတာလား..."

ဝေ့ဝူယင် က ခေါင်းညိတ်ပြလိုက်သည်။

"အမှန်ပဲ... ငါတို့ ဝင်သွားတဲ့အချိန်မှာ သူတို့က ထွက်ခွာသွားရုံ ရှိသေးတာ"

***

All Chapters