အခန်း (၁၈၇-၁၈၈)
Vol. 19 Ch. 187-188
အခန်း ၁၈၇ - သိုင်းပညာ၏ စိတ်ဝိညာဉ်
အခြားဂိုဏ်းများကဲ့သို့ စိုးရိမ်ပူပန်ခြင်းမရှိဘဲ ဝူတန်ဂိုဏ်းသည် လျှို့ဝှက်ဆန်းကြယ်သူ၏ လာရောက်မှုကို ရင်ဆိုင်ရာတွင် တည်ငြိမ်မှုအရှိဆုံးပင်။
ဤသည်မှာလည်း သဘာဝကျလှ၏။
အဘယ်ကြောင့်ဆိုသော် လင်ချွမ်ကဲ့သို့ အစွမ်းထက်သူတစ်ဦး ရှိနေသရွေ့ ထိုလျှို့ဝှက်ဆန်းကြယ်သူအားလုံးသည် အနိုင်ယူရန် လွယ်ကူသော ပစ်မှတ်များသာ ဖြစ်သောကြောင့်တည်း။
သို့သော် လက်တွေ့တွင်မူ ယင်ဟွိုက်ယွီသည် လူတိုင်းထင်ထားသလောက် စိတ်အေးလက်အေး မရှိလှပေ။
သူသည် လင်ချွမ် မဟုတ်သကဲ့သို့ ကမ္ဘာပေါ်တွင် အသာစီးရယူနိုင်သည့် ထိုမျှလောက်သော အစွမ်းမျိုးလည်း မပိုင်ဆိုင်ထားပေ။
ယခုအခါ လင်ချွမ်သည် တောင်ပေါ်တွင်မရှိဘဲ ခရီးထွက်သွားသဖြင့် ကျွမ်းကျင်သူအများအပြားထဲတွင် သူတစ်ဦးတည်းသာ အစွမ်းအနည်းငယ် ကျန်ရှိတော့သည်။
သို့သော် အော်မေ့ နှင့် ရှောင်လင် ကဲ့သို့သော ဂိုဏ်းကြီးများ၏ ရှုံးနိမ့်မှုကို ကြည့်ခြင်းအားဖြင့် တောင်ပေါ်သို့ လာရောက်စိန်ခေါ်သူသည် စစ်မှန်သော ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်ခြေများသည်။
တောင်တံခါးကို ကာကွယ်ရန်အတွက် အနည်းဆုံး နယ်ပယ် သုံးနိုင်သောသူ သို့မဟုတ် ထိုထက်မြင့်သော ကျွမ်းကျင်သူတစ်ဦး လိုအပ်သည်။
ဤအချက်နှင့် ပတ်သက်၍ သူကိုယ်တိုင် ယုံကြည်မှု ကင်းမဲ့နေကြောင်း ဝန်ခံရမည်။
ယင်ဟွိုက်ယွီသည် ခုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော်လည်း တရားမှတ်သည့် အခြေအနေသို့ မရောက်နိုင်ဘဲ ဤကိစ္စကြောင့် စိတ်မငြိမ်မသက် ဖြစ်နေရ၏။
"ဒေါက် ဒေါက် ဒေါက်"
ကျောင်းထိုင်ဆရာတော်သည် တံခါးကိုခေါက်၍ ဝင်လာပြီး ယင်ဟွိုက်ယွီကို ရိုသေစွာ နှုတ်ဆက်လိုက်သည်။
"အကြီးအကဲ၊ ကျွန်တော် လျှို့ဝှက်ဆန်းကြယ်သူရဲ့ ကိစ္စကို ဆွေးနွေးချင်လို့ပါ..."
"ငါသိတယ်"
ယင်ဟွိုက်ယွီက စိတ်ပျက်လက်ပျက် အသံဖြင့် ခေါင်းညိတ်ပြသည်။
"အကြီးအကဲလင်ကို ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ ဘာအကြောင်းမှ ပြန်မလာသေးဘူး"
"ငါလည်း ဒါကို တော်တော်စိတ်ပူနေတာ"
"မဟုတ်ပါဘူး၊ ကျွန်တော် ဆိုလိုတာက..."
ယင်ဟွိုက်ယွီက လက်ကာပြကာ ဆရာတော်ကို စိုက်ကြည့်လိုက်သည်။
"ငါ တကယ် ဆက်သွယ်လို့မရတာပါ၊ ဒီလောက်ကြီးတဲ့ ကိစ္စကို မင်းကို ဘာလို့ ဖုံးကွယ်ထားရမှာလဲ"
"မဟုတ်ပါဘူး"
ထူးခြားသည်မှာ ဆရာတော်သည် ပုံမှန်အတိုင်း မဟုတ်ဘဲ ယင်ဟွိုက်ယွီကို တည်ငြိမ်သော မျက်နှာထားဖြင့် ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။
"အကြီးအကဲ၊ အထင်လွဲနေပါပြီ"
"ကျွန်တော် အဲဒီအကြောင်းကို ပြောဖို့ လာတာ မဟုတ်ပါဘူး"
"တကယ်တော့ လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး ကျွန်တော် စဉ်းစားနေမိတာက..."
"ကျွန်တော်တို့ဟာ အကြီးအကဲလင်နဲ့ ချန်အာကောအပေါ်မှာပဲ အလွန်အကျွံ မှီခိုနေကြတာလား ဆိုတာပါပဲ"
"ဟမ်"
ယင်ဟွိုက်ယွီသည် တစ်စုံတစ်ခုကို သဘောပေါက်သွားသလိုမျိုး အံ့အားသင့်စွာဖြင့် ဆရာတော်ကို ကြည့်လိုက်၏။
သူ့မျက်စိထဲတွင် ဆရာတော်သည် မျိုးဆက်သစ်တစ်ဦး ဖြစ်သော်လည်း ဆွေးနွေးတိုင်ပင်သည့် အခါတိုင်း အမြဲတမ်း ရိုသေလေးစားမှု ရှိတတ်သည်။
သို့သော် ဆရာတော်သည် ကိုယ်ပိုင်အမြင်မရှိသော အရည်အချင်းမရှိသူ မဟုတ်ကြောင်း ယင်ဟွိုက်ယွီ ကောင်းကောင်းသိ၏။
ထိုသို့မဟုတ်ပါက ဆရာတော်အနေဖြင့် ဂိုဏ်းချုပ် ရာထူးကို ရရှိမည်မဟုတ်ပေ။
သူသည် ဆရာတပည့် ကျင့်ဝတ်ကို အလွန်တန်ဖိုးထားသူ ဖြစ်သောကြောင့်သာ ယဉ်ကျေးပျူငှာနေခြင်း ဖြစ်၏။
ထို့ကြောင့် ယင်ဟွိုက်ယွီသည်လည်း လူကြီးတစ်ဦးက လူငယ်တစ်ဦးကို ဆုံးမသကဲ့သို့ မပြုမူတော့ဘဲ တည်ငြိမ်စွာဖြင့် "ပြောပါဦး" ဟု ဆိုလိုက်သည်။
"အကြီးအကဲ၊ ကျွန်တော်တို့ ဝူတန်ဟာ သိုင်းလောကမှာ ရှေးအကျဆုံးနဲ့ တရားသောဘက်က ရပ်တည်တဲ့ အဓိက ဂိုဏ်းကြီးတစ်ခုပါ"
"ဟုတ်ပါတယ်၊ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာအများစုဟာ သမိုင်းတစ်လျှောက်က ထူးချွန်တဲ့ ပါရမီရှင်တွေကြောင့် ရရှိခဲ့တာပါ"
"ဒါပေမဲ့ ဝူတန်ဟာ အာဏာရှိသူတွေကို ဖားယားခြင်း မရှိတာ၊ မတရားတဲ့ လမ်းစဉ်တွေနဲ့ မပတ်သက်တာနဲ့ ဖြောင့်မတ်တဲ့ လမ်းစဉ်ကို လိုက်နာတာတွေကလည်း အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်"
ဤနေရာတွင် ဆရာတော်က ယင်ဟွိုက်ယွီကို ခိုးကြည့်လိုက်ရာ ယင်ဟွိုက်ယွီ၏ မျက်နှာမှာ တည်ငြိမ်နေသဖြင့် စိတ်သက်သာရာ ရသွားသည်။
ဝူတန်တွင် မည်မျှပင် ရာထူးကြီးပါစေ ယင်ဟွိုက်ယွီ၏ ရှေ့တွင် သူသည် တပည့်လေးတစ်ဦးသာ။
ခဏအကြာတွင် ဆရာတော်က ဆက်ပြောသည်။
"ယုတ္တိဗေဒအရဆိုရင်တော့ မကောင်းမှုကို နှိမ်နင်းဖို့နဲ့ အဆုံးရှုံးနည်းဖို့ ထိပ်တန်းကျွမ်းကျင်သူတွေကို စုစည်းတာက မှန်ပါတယ်"
"ဒါပေမဲ့ ကျွန်တော်တို့က အကြီးအကဲလင်နဲ့ ချန်အာကောတို့ရဲ့ အစွမ်းကိုပဲ အမြဲမှီခိုနေမယ်ဆိုရင် ဝူတန်ရဲ့ သိုင်းပညာစိတ်ဓာတ်ဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားပါလိမ့်မယ်"
"အစွမ်းကိုပဲ အလွန်အကျွံ လိုက်စားပြီး နောက်ဆုံးမှာ မိစ္ဆာဖြစ်သွားတဲ့ ဝမ်ချဲ လိုမျိုးပေါ့"
ဆရာတော်က သက်ပြင်းချလိုက်သည်။
ဝမ်ချဲသာ မိစ္ဆာလမ်းသို့ မလိုက်ခဲ့ပါက သူသည် ဝူတန်၏ အနာဂတ်မဏ္ဍိုင် ဖြစ်လာမည်မှာ အသေအချာပင်။
"သိုင်းပညာရဲ့ စိတ်ဝိညာဉ်ဆိုတာ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ရဲရင့်ပြီး ကြောက်ရွံ့မှု မရှိတာကို ဆိုလိုတာပါ"
"အကျပ်အတည်းနဲ့ ကြုံတဲ့အခါ ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရပါမယ်"
"ဒါဟာ ဒီအခြေအနေကို ရင်ဆိုင်ဖို့ အမှန်ကန်ဆုံးနည်းလမ်းလို့ ကျွန်တော်ထင်ပါတယ်"
ယင်ဟွိုက်ယွီ၏ မျက်လုံးများတွင် ကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာပြီး ပြုံးလိုက်သည်။
"မှန်တာပေါ့၊ ဒါဟာ သိုင်းပညာရဲ့ စိတ်ဝိညာဉ်အစစ်ပဲ။ မင်း ဒီလောက်အကြာကြီး ကွေ့ပတ်ပြောနေတာဆိုတော့ အစီအစဉ်တစ်ခုခု ရှိပြီးသားဖြစ်မှာပေါ့"
ဆရာတော်က ခေါင်းညိတ်၍ သူ၏ အစီအစဉ်ကို ရှင်းပြသည်။
"ဟုတ်ပါတယ်၊အဲဒီလျှို့ဝှက်ဆန်းကြယ်သူ ဂိုဏ်းတွေကို လိုက်စိန်ခေါ်နေတဲ့ သတင်းတွေကို ကျွန်တော် စုဆောင်းထားပြီးပါပြီ"
"သူဟာ ဂိုဏ်းအသီးသီးကို စိန်ခေါ်ပြီး နာမည်ကြီးနေပေမဲ့ တကယ်တမ်းမှာတော့ ဘယ်တပည့်ကိုမှ သတ်ဖြတ်ခြင်း မရှိပါဘူး"
"ဒါကြောင့် ဒါဟာ အတွေ့အကြုံယူဖို့ အခွင့်အရေးတစ်ခုလို့ ကျွန်တော် မြင်ပါတယ်"
ပြောရင်းနှင့် ဆရာတော်သည် သူ၏ဝတ်ရုံထဲမှ တိုက်ကွက်ဖော်ဆောင်မှု ပုံစံများနှင့် သိုင်းကျမ်းများကို ထုတ်ယူကာ စားပွဲပေါ်တွင် ဖြန့်လိုက်သည်။
"ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ တပည့်တွေကို လေ့ကျင့်ပေးပြီး သိုင်းပညာရဲ့ စိတ်ဝိညာဉ်ကို နားလည်စေရပါမယ်"
"စည်းလုံးမှုနဲ့ ခွန်အားကို ထိန်းသိမ်းပြီး ကိုယ့်ရဲ့ သိုင်းမူဝါဒကို စွဲကိုင်ထားရမယ်၊ အစွမ်းထက်သူတွေရဲ့ ကယ်တင်မှုကိုပဲ အမြဲ မျှော်လင့်နေလို့ မဖြစ်ဘူး"
"မဟုတ်ရင် နောက်နောင် တောင်ပေါ်က ဆင်းသွားတဲ့အခါ ဒီအကျင့်ကြောင့် သူတို့ ဒုက္ခရောက်နိုင်ပါတယ်"
“ဒါတွေက ဂိုဏ်းတွင်းက တိုက်ကွက်ပုံစံအချို့ပါ"
"ဒါတွေကို စနစ်တကျ သုံးနိုင်ရင် အကြီးအကဲ၊ အကြီးအကဲလင် ဒါမှမဟုတ် ချန်အာကောတို့ မရှိရင်တောင် ရင်ဆိုင်ကြည့်လို့ ရပါတယ်"
"တပည့်တွေဟာ ဒီစမ်းသပ်မှုကို ကိုယ်တိုင် ရင်ဆိုင်ရမှာဖြစ်ပြီး၊ ဒီအတွေ့အကြုံက သူတို့ရဲ့ စိတ်ဝိညာဉ်မှာ စွဲထင်ကျန်ရစ်ကာ အနာဂတ်အတွက် ရတနာ ဖြစ်လာပါလိမ့်မယ်"
"အခြားဂိုဏ်းတွေလို ပေါ့ပေါ့ဆဆ တုံ့ပြန်ပြီး ကျွမ်းကျင်သူတွေ တစ်ယောက်ပြီး တစ်ယောက် ရှုံးနိမ့်တာမျိုးထက်၊ စည်းလုံးတဲ့ ဝူတန်ဟာ အစွမ်းထက် ကျွမ်းကျင်သူမရှိလို့ ရှုံးနိမ့်သွားတယ်ဆိုရင်တောင် ဒါဟာ ရှက်စရာလို့ ထင်ပါသလား"
ယင်ဟွိုင်ယွီသည် ထိုစကားကို ကြားသောအခါ အားရပါးရ ရယ်မောလိုက်တော့၏။
လင်ချွမ်က အခြေအနေကို ပြောင်းပြန်လှန်ပေးခဲ့စဉ်ကထက်ပင် သူ ပို၍ စိတ်ပေါ့ပါးသွားသည်ဟု ခံစားရသည်။
"ကောင်းပြီ၊ ဒီကိစ္စကို မင်း အပြည့်အဝ တာဝန်ယူပါ"
"ဘယ်သူကပဲ ကန့်ကွက်ကန့်ကွက်၊ ပြဿနာရှာရှာ ငါကိုယ်တိုင် သင်ခန်းစာ ပေးမယ်"
ဆရာတော်က ပြုံးကာ သက်ပြင်းချလိုက်သည်။
"အကြီးအကဲ ရှိနေရင်တော့ ဒီကိစ္စ အောင်မြင်မှာ သေချာပါတယ်"
"လျှို့ဝှက်ဆန်းကြယ်သူ ရောက်လာတဲ့နေ့ဟာ ဝူတန်းရဲ့ သိုင်းစိတ်ဝိညာဉ် အစစ်အမှန် ပေါ်ထွက်လာမယ့်နေ့ ဖြစ်မှာပါ"
...
အခန်းတွင်း ဆွေးနွေးမှုအပြီး ထိုနေ့မှာပင် ဝူတန်ဂိုဏ်းသည် စတင်လှုပ်ရှားတော့သည်။
ယင်ယွိုက်ယွီ၏ ခေါ်ယူမှုကြောင့် အဖွဲ့အသီးသီးမှ ခေါင်းဆောင်များသည် အစီအစဉ်ကို သိရှိသွားပြီး အံ့အားသင့်သွားကြသော်လည်း မည်သူမျှ မကန့်ကွက်ခဲ့ကြပေ။
ရလဒ်အနေဖြင့် ဝူတန်ဂိုဏ်း တစ်ခုလုံးသည် ကွင်းပြင်တွင် စတင်လေ့ကျင့်ကြရာ သိုင်းပညာ လေ့ကျင့်မှုများဖြင့် အလွန်စည်ကား တက်ကြွနေတော့သည်။
လင်ချွမ်သည် ဤအခြေအနေကို မသိရှိသော်လည်း တစ်စုံတစ်ခုကို ခံစားမိနေကာ သူ၏ စိတ်ပူပန်မှုများမှာ ငြိမ်သက်သွားခဲ့၏။
တစ်ချိန်တည်းမှာပင် ဝူတန်နှင့် ဆယ်ရက်ခရီး ကွာဝေးသော တောင်တန်းတစ်ခုပေါ်တွင် ခြေဗလာနှင့် ဘုန်းကြီး ကူဟဲ သည် တောအုပ်အတွင်း လျှောက်လှမ်းနေသည်။
ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ ဝူတန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိ၏။
ထိုအချိန်တွင် သူသည် မကောင်းသော အတိတ်နိမိတ်တစ်ခုကို ခံစားလိုက်ရလေသည်။
အခန်း ၁၈၈ - တိုက်စစ်ဆင်တိုက်ပွဲ!
ကူဟဲ၏ ကြိုတင်နိမိတ် သိမြင်မှုများသည် အမြဲတမ်း အလွန်တိကျလေ့ရှိ၏။
နှစ်ပေါင်းများစွာ လေ့ကျင့်မှုနှင့် အတွေ့အကြုံများမှတစ်ဆင့် သူသည် ဤကဲ့သို့သော အလိုလိုသိစိတ်အပေါ် လုံးဝယုံကြည်မှု ရှိလာခဲ့သည်။
ဤပါရမီကြောင့်ပင် သူသည် အန္တရာယ်ရှိပြီး ခက်ခဲသော အခြေအနေများစွာမှ လွတ်မြောက်နိုင်ခဲ့ခြင်း။
ယခုအချိန်တွင် ဝူတန်သို့ ရောက်ရှိရန် ဆယ်ရက်တာ ခရီးစဉ် ကျန်ရှိနေသေးသော်လည်း သူ၏နှလုံးသားထဲတွင် ကြိုတင်နိမိတ်တစ်ခု ပေါ်ပေါက်လာပြီး ဤစိန်ခေါ်မှုသည် အလွန်ခက်ခဲလိမ့်မည်ဟု ခံစားနေရသည်။
"သိုင်းလောကထဲက ကောလာဟလတွေအတိုင်း ဝူတန်က ချန်အာကောက တကယ်ပဲ အနှိုင်းမဲ့အစွမ်းတွေ ပိုင်ဆိုင်ထားတာလား"
"စိတ်ဝင်စားဖို့ကောင်းလိုက်တာ၊ ဒါက ကောင်းတဲ့အချက်ပဲ"
"ငါ့အဆင့်အတူတူရှိတဲ့ သိုင်းပညာရှင်တစ်ယောက်နဲ့ မတွေ့ရတာ ကြာပြီ။
"သူက ငါ့အတွက် အကောင်းဆုံး ဓားသွေးကျောက်တစ်ခု ဖြစ်နိုင်မလားပဲ"
ကူဟဲသည် မိမိဘာသာ ရေရွတ်ပြီးနောက် စိတ်ကို တည်ငြိမ်အောင်ထားကာ ဆက်လက် လျှောက်လှမ်းခဲ့သည်။
ဆယ်ရက်ကြာပြီးနောက် ဝူတန်တောင်ခြေရှိ မြို့ငယ်လေးသို့ ခြေဗလာနှင့် ဘုန်းတော်ကြီးတစ်ပါး ရောက်ရှိလာ၏။
သူသည် ဆန်ပြုတ်ဆိုင်တစ်ဆိုင်ကို ရှာဖွေပြီး ကြေးပြားအချို့ပေးကာ ဆန်ပြုတ်တစ်ပန်းကန်မှာ၍ သစ်သားစားပွဲတွင် ထိုင်စားလေသည်။
သိုင်းပညာရှင်များသည် ၎င်းတို့၏ အစွမ်းထက်သော ခွန်အားများကြောင့် ရက်ပေါင်းများစွာ ရေနှင့် အစားအစာမပါဘဲ နေနိုင်ကြသော်လည်း သူတို့သည်လည်း လူသားများသာ ဖြစ်ကြ၏။
လင်ချွမ်ပင်လျှင် အချိန်အတိုင်းအတာတစ်ခုအထိသာ အစာမစားဘဲ နေနိုင်ပြီး ခန္ဓာကိုယ်စွမ်းအင်အတွက် အစားအစာ ပြန်လည်ဖြည့်တင်းရန် လိုအပ်သည်။
ခြိုးခြံချွေတာသော ကျင့်စဉ်များ ရှိသော်လည်း အစားအစာကို လုံးဝဖြတ်တောက်နိုင်ခြင်း မဟုတ်ဘဲ စွမ်းအင်ကုန်ဆုံးမှုကို လျှော့ချခြင်းသာ။
တကယ့် ကျင့်ကြံသူ တစ်ယောက် မဟုတ်ပါက မည်သူမျှ လောကီအစားအစာနှင့် မကင်းနိုင်ပေ။
သို့သော် ပညာရှင်များသည် သာမန်လူများနှင့် မတူဘဲ အချိန်တိုအတွင်း အစာမစားဘဲ တောင့်ခံနိုင်သည်။
သို့သော် ပြင်းထန်သော တိုက်ပွဲဝင်တော့မည်ဆိုပါက ကြိုတင်၍ အင်အားဖြည့်တင်းရန် လိုအပ်ပေ၏။
ကူဟဲသည် ဝူတန်ကို စိန်ခေါ်ရန် လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်နေစဉ် အချို့သောအရာများကို သတိမထားမိခဲ့ပေ။
ဆန်ပြုတ်ဆိုင်နှင့် မလှမ်းမကမ်းရှိ ဆိုင်ငယ်လေးတစ်ခုတွင် စားပွဲထိုးဝတ်စုံနှင့် လူတစ်ယောက်သည် သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
ထိုလူသည် ခဏတာ တွေဝေသွားပြီးနောက် ဆိုင်ထဲသို့ အမြန်ဝင်ကာ အဝတ်အစားများ လဲလှယ်လိုက်သည်။
ထို့နောက် အမှတ်အသားတံဆိပ်တစ်ခုကို ယူကာ မြို့နောက်ပေါက်မှတစ်ဆင့် ဝူတန်တောင်ဆီသို့ အမြန်ဆုံး အပြေးနှင်သွားတော့သည်။
ဆန်ပြုတ်သောက်ပြီးနောက် ကူဟဲသည် တည်းခိုခန်းတစ်ခုကို ရှာဖွေခဲ့သည်။
နေ့လယ်ခင်း နေရောင်ခြည် မြေပြင်ပေါ်သို့ ကျရောက်လာချိန်အထိ အနားယူပြီးမှ တည်းခိုခန်းမှ ထွက်ခွာကာ ဝူတန်တောင်သို့ ဦးတည်ခဲ့၏။
သူသည် တည်ငြိမ်အေးဆေးသော အမူအရာဖြင့် လျှောက်လှမ်းနေသော်လည်း သူ၏ သတင်းများမှာ ပေါက်ကြားသွားခဲ့ပြီး ဝူတန်မှ တန်ပြန်ပြင်ဆင်မှုများ ပြုလုပ်ထားသည်ကိုမူ သူ မသိရှိခဲ့ပေ။
တောင်တံခါးဝသို့ ရောက်သောအခါ တံခါးဝ၌ တင်ပျဉ်ခွေထိုင်နေသော သိုင်းပညာရှင်အုပ်စုကို မြင်လိုက်ရသဖြင့် ကူဟဲ အနည်းငယ် အံ့အားသင့်သွားသည်။
ဤသည်မှာ သူ လုံးဝမမျှော်လင့်ထားသော အခြေအနေပင်။
သူသည် လမ်းခရီးတစ်လျှောက်တွင် ဂိုဏ်းပေါင်းစုံကို စိန်ခေါ်ခဲ့ပြီး ပုံစံအမျိုးမျိုးကို တွေ့မြင်ခဲ့ရသည်။
အချို့ဂိုဏ်းများသည် ဂုဏ်သိက္ခာအတွက် ပညာရှင်များကို ကြိုတင်လွှတ်၍ တားဆီးကြသလို၊ အချို့ကမူ မာန်မာနကြီးစွာဖြင့် တောင်တံခါးကို အကျယ်ကြီးဖွင့်ထားတတ်ကြသည်။
အချို့ကမူ ဂိုဏ်းကြီးတစ်ခု၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်ဘဲ လူအုပ်နှင့် ဝိုင်းတိုက်ကြ၏။
သို့သော် ယခုကဲ့သို့ စနစ်တကျ ပြင်ဆင်ထားပြီး ယုံကြည်မှုရှိသော်လည်း သတိဝီရိယရှိသော အခြေအနေမျိုးကို ကူဟဲ တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။
ရှေ့တွင်ရှိနေသော ပညာရှင်များသည် သူ့ကို အကြာကြီး စောင့်ဆိုင်းနေပုံရရာ သူ လာမည့်အကြောင်းကို သူတို့ ကြိုတင်သိနေသည်ဟု ဆိုလိုခြင်း။
ဤသည်ကို တွေးမိသောအခါ ကူဟဲ၏ စိတ်ထဲတွင် တစ်မျိုးခံစားလိုက်ရသည်။
"ဝူတန်က ငါ့ကို တကယ်ပဲ အံ့အားသင့်စေပြီး ရှေ့ဆက်ရမယ့် လမ်းစဉ်ကို ပြသနိုင်မလားပဲ"
ကူဟဲ ရောက်ရှိလာသည်ကို မြင်သောအခါ ဝူတန်
တပည့်များ အားလုံး ထရပ်လိုက်ကြသည်။
ခေါင်းဆောင်ဖြစ်သူမှာ တည်ငြိမ်သော မျက်နှာထားနှင့် ကြံ့ခိုင်သော လူတစ်ယောက်ပင်။
သူသည် ရှေ့သို့ တိုးလာပြီး လက်အုပ်ချီ နှုတ်ဆက်ကာ ပြောလိုက်သည်။
"ဆရာတော် ကူဟဲ၊ စောင့်နေရတာ ကြာပါပြီ"
ကူဟဲက အနည်းငယ် ဦးညွှတ်ပြန်နှုတ်ဆက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။
"ဒီရဟန်းက ဝူတန်တပည့်တွေနဲ့ ပညာဖလှယ်ဖို့ လာတာပါ"
"ကျေးဇူးပြုပြီး အကြောင်းကြားပေးပါ ဒကာကြီး"
"ဝူတန်က ဆရာတော် လာမယ့်အကြောင်းကို ကြိုသိနေပါတယ်"
"ဒါကြောင့် ဆရာတော်ကို လေးစားတဲ့အနေနဲ့ ဒီမှာ အထူးစောင့်ဆိုင်းနေခိုင်းတာပါ"
"ကူဟဲက ဂိုဏ်းတွေကို စိန်ခေါ်ဖို့ လာတာဆိုတော့ သူများရဲ့ စိန်ခေါ်မှုကို ခံယူဖို့လည်း ပြင်ဆင်ထားပြီးသား ဖြစ်မှာပါ၊ ဒါကြောင့်..."
သူသည် စကားပြောရင်း လက်အုပ်ပြန်ချီကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ကျွန်တော်က ဝူတန်တပည့် ကျောက်ဟယ် ပါ"
"ဆရာတော့်ဆီကနေ လမ်းညွှန်မှုပေးဖို့ တောင်းဆိုပါတယ်"
ကူဟဲ ခဏမျှ အံ့သြသွားပြီးမှ ပြန်လည်တုံ့ပြန်လိုက်သည်။
"ကောင်းပါပြီ"
သူ့စကားမဆုံးခင်မှာပင် ကျောက်ဟယ်က တိုက်စစ်စတင်လိုက်သည်။
သူလေ့ကျင့်ထားသော ပညာမှာ ဝူတန်၏ စစ်မှန်သော အတွင်းအားကျင့်စဉ်ဖြစ်ပြီး သူအသုံးပြုသော သိုင်းပညာမှာ 'နဂါးပျံလက်ဝါး' သိုင်းဖြစ်သည်။
နန်ယန်နန်းတော် အကြီးအကဲ၏ တိုက်ရိုက်တပည့်ဖြစ်သည့်အတိုင်း ကျောက်ဟယ်၏ အစွမ်းမှာ အဆင့် (၃) သို့ ရောက်ရှိနေပြီ ဖြစ်၏။
သူသည် ပါရမီရှိသူဖြစ်ပြီး အချိန်အကြာကြီး လေ့ကျင့်ထားသဖြင့် သူ၏ လက်ဝါးသိုင်းမှာ အလွန်ပင် လက်ရာမြောက်လှသည်။
သူသည် နဂါးတစ်ကောင်ကဲ့သို့ ကျော့ရှင်းစွာ လှုပ်ရှားပြီး သူ၏ ခြေလှမ်းတိုင်းတွင် ထူးခြားသော စည်းချက်တစ်ခု ပါဝင်နေ၏။
သူ၏ လက်ဝါးရိုက်ချက်များတွင် ငြိမ်သက်ခြင်းထဲမှ လှုပ်ရှားခြင်းနှင့် လှုပ်ရှားခြင်းထဲမှ ငြိမ်သက်ခြင်းတို့ ပါဝင်နေသည်။
သို့သော် တိုက်စစ်များ ဆက်တိုက်ဆင်သော်လည်း ကျောက်ဟယ်သည် အသာစီးမရခဲ့ပေ။
သူ၏ တိုက်စစ်များကို ပြိုင်ဘက်က ကျွမ်းကျင်စွာ ရှောင်တိမ်းနိုင်ခဲ့ပြီး ထိမှန်သွားသော လက်သီးအနည်းငယ်မှာလည်း လွယ်လွယ်ကူကူ ပယ်ဖျက်ခြင်း ခံလိုက်ရသည်။
တိုက်ပွဲကြာလာသည်နှင့်အမျှ ကျောက်ဟယ်သည် ပို၍ စိတ်လှုပ်ရှားလာပြီး ထိုအချက်ကြောင့်ပင် ပြိုင်ဘက်က သူ၏ အားနည်းချက်ကို မြန်မြန်ဆန်ဆန် ရှာတွေ့သွားသည်။
ကူဟဲသည် ကိုယ်ကို အနည်းငယ်စောင်းကာ လက်ဝါးရိုက်ချက်ကို ရှောင်လိုက်ပြီး ကျောက်ဟယ်၏ လက်မောင်းပေါ်သို့ လက်ဝါးဖြင့် ခပ်ဖွဖွလေး တင်လိုက်သည်။
လက်ချောင်းဖြင့် တစ်ချက်တောက်လိုက်ရုံဖြင့် အတွင်းအားများ စီးဝင်သွားပြီး ကြွက်သားများကို တုန်ခါသွားစေကာ ခွန်အားသုံး၍မရအောင် ဖြစ်သွားစေ၏။
ပြိုင်ဘက်၏ ခန္ဓာကိုယ် တောင့်တင်းသွားသည့် ခဏတာအတွင်း ကူဟဲသည် လက်ဝါးဖြင့် ရှေ့သို့ တိုးဝင်ကာ ရင်ဘတ်ကို ရိုက်လိုက်ရာ ကျောက်ဟယ်မှာ ခြေလှမ်းနှစ်ဆယ်ခန့် နောက်သို့ လွင့်စဉ်သွားတော့သည်။
ကျောက်ဟယ်သည် ညည်းတွားသံနှင့်အတူ ပါးစပ်ထောင့်မှ သွေးစအချို့ ထွက်လာသည်။
ကျောက်ဟယ် ရှုံးနိမ့်သွားသည်ကို အားလုံး သိလိုက်ကြ၏။
သို့သော် ကူဟဲကို အံ့သြသွားစေသည်မှာ ထိုဝူတန်တပည့်များသည် ဒေါသထွက်ခြင်း သို့မဟုတ် စိုးရိမ်ခြင်း မရှိဘဲ ဤရလဒ်ကို ကြိုတင်သိထားသည့်အလား တည်ငြိမ်နေကြခြင်း။
ကျောက်ဟယ်သည် တပည့်နှစ်ဦး၏ တွဲကူမှုဖြင့် တိတ်တဆိတ် ဆုတ်ခွာသွားပြီးနောက် ကျန်ရှိသော တပည့်များက အစီအရီဖြင့် ရှေ့သို့ တက်လာကြသည်။
ဝတ်ရုံရှည်ဝတ်ဆင်ကာ ဓားရှည်ကို ကိုင်ဆောင်ထားသော ခေါင်းဆောင်ဖြစ်သူက ကူဟဲ ကို ဦးညွှတ်လိုက်သည်။
"ဝူတန် အလင်းနန်းတော်၊ ချင်းယွမ် ဓားကွက် ဆရာတော် ကူဟဲရဲ့ လမ်းညွှန်မှုကို တောင်းခံပါတယ်"
...
ဝူတန်တောင်ပေါ်သို့ တက်လာရင်း ကူဟဲ၏ မျက်ခုံးများ ပိုမိုတွန့်ချိုးလာပြီး သူ၏ အမူအရာမှာ ယခင်ကကဲ့သို့ မတည်ငြိမ်နိုင်တော့ပေ။
ယခင်က သိုင်းလောကရှိ ဂိုဏ်းများအကြောင်း သူ နားလည်ထားသမျှမှာ ယခုအခါ လုံးဝပြောင်းပြန် ဖြစ်သွားခဲ့၏။
လမ်းခရီးတစ်လျှောက်တွင် သူသည် တိုက်ကွက် (၁၇) ခုကို ရင်ဆိုင်ခဲ့ရပြီး တပည့်ပေါင်း (၃၀၀) ကျော်ကို အနိုင်ယူခဲ့ရသည်။
၎င်းတွင် အကြီးအကဲ နှစ်ဦး ဦးဆောင်သော တိုက်ကွက်များလည်း ပါဝင်သည်။
သူ အနိုင်ရခဲ့သော်လည်း သူ၏ အစွမ်းကုန် မသုံးခဲ့ရသော်လည်း ဖိအားမှာ တဖြည်းဖြည်း မြင့်တက်လာနေခဲ့၏။
တိုက်ပွဲတစ်ခုပြီးတိုင်း ရှုံးနိမ့်သွားသူများ၏ မျက်နှာတွင် စိတ်ပျက်မှုထက် တစ်စုံတစ်ခုကို သိမြင်သွားသည့် ပဟေဠိဆန်သော အမူအရာများကို မြင်တွေ့ရသည်။
သူတို့သည် ခုနက တိုက်ပွဲမှတစ်ဆင့် တစ်စုံတစ်ခု တိုးတက်လာပုံရသည်။
ဤအမူအရာများက သူ့ကို ရယ်လည်းရယ်ချင်စေသလို စိတ်လည်း အနှောင့်အယှက် ဖြစ်စေ၏။
ကူဟဲသည် ဤကဲ့သို့သော သိုင်းစိတ်ဓာတ်ကို လေးစားမိသော်လည်း ပိုမိုများပြားလာသော ဖိအားများကြောင့် စိုးရိမ်မိသည်။
သို့သော် မကြာမီမှာပင် စိန်ခေါ်သည့် တပည့်များ နည်းပါးသွားပြီး နောက်ဆုံးတွင် တောင်ထိပ်သို့ ရောက်သည့်တိုင် မည်သူမျှ စိန်ခေါ်ခြင်း မရှိတော့ပေ။
ဝူတန်တောင်၏ ပင်မခန်းမဆောင်ကြီးရှေ့သို့ သူတို့ ရောက်ရှိလာသည်အထိပင်။