အခန်း (၁၉၄၁-၁၉၄၂)
Vol. 139 Ch. 1941-1942
အပိုင်း(၁၉၄၁)
“ဂစ်...”
လေချဉ်တက်သံတစ်ချက်နှင့်အတူ ဝေ့ဝူယင်သည် ဗိုက်ကို ခပ်ဖွဖွပုတ်လိုက်၏။ ဗိုက်တင်းသည် ခံစားချက်ကို သူ ခံစားလိုက်ရသည်။ အာကာသနှင့် အချိန်စွမ်းအင်များ ရောယှက်နေသည့် ဤသို့သော အံ့ဖွယ်သွေးမျိုးဆက် စွမ်းအင်မျိုးမှာ ခရာတို အတွက်တော့ နတ်သုဒ္ဓါသဖွယ် အဟာရပင် ဖြစ်သည်။
ကျန်ရှိသော စွမ်းအင်များကိုမူ ဖီဆန်လေး ထိန်းချုပ်ထားသည့် စိတ်မျက်လုံး အတွင်း၌ သိမ်းဆည်းထားလိုက်သည်။ ပြိုကွဲပျက်စီးနေသော လာဗီယာသန် သင်္ချိုင်း၏ အစိတ်အပိုင်းတစ်ခုကို သူ တိုက်ရိုက်သိမ်းပိုက်ခဲ့ပြီး အတော်များများကိုလည်း ခရာတိုက ဝါးမျိုလိုက်ပြီဖြစ်သည်။
နှလုံးသား၌ စွဲထင်နေသည့် လျှို့ဝှက်ဒဏ္ဍာရီ အမှတ်အသား၏ အဆင့်အတန်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဝေ့ဝူယင် ခံစားနေမိသည်။ ၎င်းသည် အခြေခိုင်ရုံသာမက ကနဦးအဆင့်ကိုပင် ကျော်လွန်နေခဲ့ပြီဖြစ်သည်။ သူ့ တွက်ချက်မှုအရ အချိန်အတန်ငယ်ကြာအောင် ကောင်းစွာ အစာခြေဖျက်ပြီးပါက ခရာတို၏ လျှို့ဝှက် ဒဏ္ဍာရီ အမှတ်အသားမှာ ပထမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိပေလိမ့်မည်။
ထိုဟင်းလင်းပြင် နဂါး ကြယ်တာရာ ဝိညာဉ်မှာ စွမ်းအင်နှင့် အမတေများကို ပျင်းရိစွာ သန့်စင်ရင်း ငြိမ်သက်သွားခဲ့ချေပြီ ဖြစ်သည်။
ဝေ့ဝူယင် အပျင်းတစ်ချက် ဆန့်လိုက်ရင်း ယခင်ကထက် ပိုမိုသန်မာလာသည်ဟု ခံစားလိုက်ရသည်။ စက္ကန့်များ ကုန်ဆုံးသွားသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ သွေး၊ အရိုးနှင့် ဦးနှောက်ဆဲလ်များ၏ အရည်အသွေးမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ဆဲလ်အားလုံးမှာ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။
"အံ့ဩစရာပဲ..."
ဝေ့ဝူယင် လက်သီးကို တင်းတင်းဆုပ်လိုက်၏။ ရိုးရှင်းသော ထိုလှုပ်ရှားမှုလေးအတွင်း၌ပင် ပြင်းထန်သော ပေါက်ကွဲအားကို ခံစားလိုက်ရသည်။
ယခုအခါ ဝေ့ဝူယင်သည် သူ၏ ကြယ်တာရာ ဝိညာဉ်များအတွက် သင့်တော်သော လမ်းစများကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သည်။ ဧဒင်သည် လူတသ်ယောက်၏ စိတ်ခံစားမှု၊ အတွေးနှင့် မှတ်ဉာဏ်များကို နက်ရှိုင်းစွာ ထိုးဖောက်နိုင်သည်အထိ တိုးတက်လာခဲ့ပြီဖြစ်သည်။ စွမ်းအားကို ထိန်းချုပ် မထားပါက စိတ်ဝိညာဉ်စွမ်းအင်၏ လှိုင်းနှုန်းများမှာ သူတစ်ပါး၏ စိတ်ကို ဖတ်ရှုနေသည်နှင့် မခြားတော့ချေ။ ဝေ့စီ တစ်ဦးသာလျှင် ကင်းလွတ်ခွင့် ရခဲ့ဖူးပြီး ၎င်းမှာ သူ၏ စပါတန်အနွယ်ဝင် ခုခံစွမ်းအားကြောင့် ဖြစ်ဟန်တူသည်။
ဧဒင်သည် ဤစွမ်းရည်၏ အနက်ရှိုင်းဆုံးကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။ သို့သော်လည်း... ဤအခြေအနေမှာ ဥပဒေသတစ်ခု စတင် သန္ဓေတည်လာခြင်း သို့မဟုတ် မူလ သာမည အာဏာ တစ်ခု မွေးဖွားလာခြင်းနှင့် နှိုင်းယှဉ်နိုင်ကြောင်း ဧဒင်က ဆိုသည်။ ၎င်းမှာ လုံးဝဥဿုံ မသေချာသေးသော်လည်း ထိုကဲ့သို့သော အခြေအနေမျိုး ဖြစ်နိုင်ကြောင်း သိရှိထားသည်။
အမှန်စင်စစ် ကောင်းကင်ရှန့်ထိုအဆင့်သို့ တက်လှမ်းရန်အတွက် ကျင့်ကြံသူတစ်ဦးသည် ဥပဒေသမျိုးစေ့၏ ပျိုးထောင်မှုအဆင့် ၉ ရာခိုင်နှုန်းသို့ ရောက်ရှိရမည်ဖြစ်သည်။ အိုရီ၊ ခရာတိုနှင့် ဘုရင်တို့တွင် သူတို့၏ ကြယ်တာရာ ဝိညာဉ်များကို ဝန်းရံထားသည့် ကိုယ်ပိုင်ဥပဒေသများ ရှိကြသော်လည်း ဧဒင်တွင်မူ မရှိသေးချေ။ သို့သော်လည်း ဧဒင်၏ အဆိုအရ ဤသည်မှာ လမ်းစပင် ဖြစ်ပေသည်။
၎င်းမှာ စိတ်တာအိုမှ ဆင်းသက်လာသော ဥပဒေသတစ်ခု ဖြစ်ပေလိမ့်မည်။ စုမေ့နှင့်အတူ မျှဝေခဲ့သည့် နက်ရှိုင်းသည့် ခံစားချက်များနှင့် ဘဝတစ်လျှောက် ဖြစ်ပျက်ခဲ့သော မရေမတွက်နိုင်သည့် အဖြစ်အပျက်များက သူ့ကို ဤအခြေအနေသို့ ရောက်ရှိစေခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ သူ၏ ခုနစ်သွယ် ရင်းမြစ် ဝိညာဉ်အလင်းနှင့်လည်း လိုက်ဖက်ညီလှသည်။
ဘုရင်မှာမူ အာရုဏ်ဦး အင်ပါယာ၏ အင်ပါယာ ဥပဒေသကို အသုံးပြု၍ သူ၏ ဓားသွားကို သွေးနေသည်။ ၎င်းမှာ ဝေ့ဝူယင် ကိုယ်တိုင် ကြံဆခဲ့သော အလွန်ကြောက်မက်ဖွယ်ကောင်းသည့် နည်းလမ်းတစ်ခု ဖြစ်သည်။
ထို့အပြင် သူ၏ သာမည အာဏာတစ်ခုချင်းစီမှာ တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ အထူးခြားဆုံးက အင်ပါယာ သာမည ဥပဒေသမှာ အခြားသူများ၏ ယုံကြည်ကိုးစားမှုအပေါ် မှီခိုနေရခြင်းမှ ကင်းလွတ်လာခြင်းပင် ဖြစ်သည်။
ဝေ့ဝူယင်သည် ၎င်းကို အာရုဏ်ဦး ကြယ်တာရာ နယ်မြေမှာကဲ့သို့ အစွမ်းကုန် အသုံးမပြုနိုင်သေးသော်လည်း အပြောင်းအလဲမှာ စတင်နေပြီ ဖြစ်သည်။ မကြာမီတွင်... သူ၏ ရဲရင့်သော လုပ်ဆောင်ချက်များ အောင်မြင်သွားပါက သူ၏ ဓားသွားသည် အင်ပါယာ အခြေခံအုတ်မြစ်ကို ထိန်းချုပ်နိုင်တော့မည်ဖြစ်ပြီး ကိုယ်ပိုင် အင်ပါယာစနစ်သစ်ကို တည်ထောင်နိုင်တော့မည် ဖြစ်သည်။
ခရာတိုကတော့ ရှေ့နောက်မညီသည့် ဝိရောဓိဖြစ်ရပ်တစ်ခုကို မရည်ရွယ်ဘဲ ကြုံတွေ့ခဲ့ရပြီးနောက် အနှစ်သာရမရှိသော အနာဂတ်တစ်ခုကို ရိုက်ခွဲပစ်ခဲ့သည်။ ယင်းမှာ အနာဂတ်ကို မြင်နိုင်သော နယ်မြေတစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့ခြင်းကြောင့် အတင်းအကြပ် ဖြစ်ပေါ်လာသော အခြေအနေတစ်ခု ဖြစ်သည်။ ချင်ချူးမူ သို့မဟုတ် ယွီစွန်းလီတို့က မေးခွန်းများ မေးသည်ဖြစ်စေ၊ မမေးသည်ဖြစ်စေ အနာဂတ်တစ်ခုအတွင်းသို့ ဝင်ရောက်သွားခြင်းသည် ပစ္စုပ္ပန်သို့ ပြန်ရောက်လာသည့်အခါ ထိုအနာဂတ်ကို မလွဲမသွေ ဖြစ်ပျက်စေရမည်ဟု ဆိုလိုရာရောက်ပေသည်။
သတ်မှတ်ထားသော အနာဂတ်တစ်ခု ရှိနေခြင်း၏ ဆိုးကျိုးမှာ အလွန်ကြောက်စရာကောင်းလှသည်။ အချိန်မြစ်သည်လည်း သူ၏ စီးဆင်းမှုကို ထိုသို့သော မသဘာဝကျသည့် နည်းလမ်းဖြင့် ချုပ်ကိုင်ခြင်းကို ခွင့်ပြုမည် မဟုတ်ပေ။ ထိုဝိရောဓိကို ပြင်းထန်စွာပင် ဖယ်ရှားပစ်မည် ဖြစ်သည်။
သခင်လေးရှန့်သည် ဤအကျိုးဆက်များကို သိရှိသဖြင့် သေခြင်းတရားကို နားလည်ထားသည့်ဟန်ဖြင့် ထိုကဗျာကို ရွတ်ဆိုခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်၏ အချိန် ဥပဒေသအပေါ် သာမည အာဏာသည် ပဲ့တင်သံ ဝိညာဉ် အဆင့်ရှိ ပုဂ္ဂိုလ်ကြီးများပင် သေချာပေါက် သေလိမ့်မည်ဟု သတိပေးထားသော ဘေးဒုက္ခမှ လွတ်မြောက်နိုင်လောက်အောင် စွမ်းအားမရှိဟု သူက ထင်မြင်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ဝေ့ဝူယင်နှင့် အခြားသူများအတွက် ဖီဆန်လေး၏ စွမ်းအင်အရင်းအမြစ်မှာ မယုံနိုင်လောက်အောင် များပြားလှသည်။ ဝေ့ဝူယင်သည် ထိုအနာဂတ်ကို အတင်းအဓမ္မ ရိုက်ခွဲပစ်ခဲ့သည်။ ဤသည်မှာ သေမျိုးတစ်ဦး သို့မဟုတ် လျှို့ဝှက် အာဏာရှင်အဆင့် ပညာရှင်တစ်ဦးပင် ဘယ်သောအခါမှ မလုပ်ဆောင်နိုင်သည့် အရာဖြစ်သည်။ အမှန်စင်စစ် ဥပဒေသတစ်ခု၏ သာမည အာဏာသည် အစစ်အမှန် သူတော်စင်အဆင့်အောက်ရှိ သူများအတွက် မဟုတ်ပေ။
သို့သော်လည်း... ထိုစွမ်းအင်အားလုံးကို ကုန်ဆုံးစေပြီး ဝေ့ဝူယင်ကို အဖြူရောင် အဘိဿဲလ်အား ဝါးမျိုရာ၌ ကူညီပေးပြီးသည့်တိုင် ဖီဆန်ပေါက်စမှာ စွမ်းအင် အနည်းငယ်မျှပင် လျော့ပါးသွားခြင်း မရှိပေ။
အနည်းငယ်မျှပင် မလျော့ပါးသွားခဲ့ချေ။
ဝေ့ဝူယင်သည် ဖီဆန်ပေါက်စ၏ အရွယ်အစားကို ခန့်မှန်းနိုင်သော်လည်း အကန့်အသတ် ပမာဏကိုမူ အမှန်တကယ် မသိရှိသေးချေ။ ထိုလောကချည်နှောင် နေကြယ်သည် သေမျိုးတာအိုကို စိတ်ပျက်စေလျက် သန်းနှင့်ချီသော နှစ်များစွာတိုင်အောင် အကြွင်းမဲ့ နေမင်းကြီးများကို ဝါးမျိုခဲ့ပြီး သေမျိုးတာအိုကိုပင် အမျိုးအစားအသစ်တစ်ခု ထပ်မံသတ်မှတ်ရန် အတင်းအကြပ် ပြုလုပ်ခဲ့သည်။ ၎င်းက မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အောင်မြင်မှုမျိုးဖြစ်ကြောင်း ခန့်မှန်းရန် ခက်ခဲလှသည်။
ထို့ကြောင့်လည်း ကြယ်တာရာ ဆင်းတု တစ်ခုကို ဖန်တီးရန် ခက်ခဲနေခြင်းမှာ မဆန်းတော့ချေ။ သို့သော်လည်း... ဖီဆန်ပေါက်စ၏ ကျင့်ကြံခြင်းလမ်းစဉ်ကို နောက်ထပ် အဆင့်တစ်ခုသို့ မြှင့်တင်ရန် ကြံစည်နေသော ကြယ်တာရာ ဝိညာဉ်များ၏ ရဲရင့်လှသော အတွေးကို တွေးမိရင်း ဝေ့ဝူယင်၏ နှုတ်ခမ်းထောင့်တွင် ရူးသွပ်မှုနှင့် ရဲရင့်မှုတို့ ရောယှက်နေသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ဆရာ... တစ်ခါတလေကျရင် ဆရာက ကောင်းကင်ကို ဘယ်လောက်တောင် ဖီဆန်နိုင်လဲဆိုတာ ကျွန်မ မေ့မေ့သွားတယ်..."
ပိုင်ရှုမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေသည့်အသံဖြင့် မှတ်ချက်ပေးလိုက်၏။
ဝေ့ဝူယင် မည်သို့ တုံ့ပြန်ရမည်ကို မသိချေ။ သို့သော်လည်း သူမ၏ ချီးကျူးမှုကြောင့် သူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲခြင်း၊ ထောင်လွှားခြင်းမျိုး မဖြစ်ခဲ့ချေ။ အဖြူရောင် အဘိဿဲလ် ဂလက်ဆီ၏ အပြင်ဘက်ရှိ အပြောကျယ်လှသော ကြယ်တာရာများကို ကြည့်ရင်း သူ့ထက် ပိုမိုသာလွန်သော ပုဂ္ဂိုလ်များ ရှိနေနိုင်သေးကြောင်း သူ သိရှိထားသည်။
မွေးဖွားကတည်းက အဂ္ဂိရတ်တာအို၏ ကောင်းချီးကို ခံရပြီး လျှို့ဝှက် ဝိညာဉ်အဆင့် အဂ္ဂိရတ်အနွယ်ဝင်အဖြစ် သန္ဓေတည်လာသည့် ပါရမီရှင်တစ်ဦး ရှိနေနိုင်ပါသည်။ ယခုအချိန်အထိ ဝေ့ဝူယင်သည် သေမျိုးတာအိုနှင့် လျှို့ဝှက်တာအိုတို့မှ ကောင်းချီးများကို ရရှိထားသော်လည်း အဂ္ဂိရတ်တာအိုမှ ထူးခြားသော ကောင်းချီးမျိုး မရရှိသေးချေ။ အကယ်၍ ထိုတာအိုများက သူ့ကို ကောင်းချီးအနည်းငယ် ပေးနိုင်သည်ဆိုလျှင် အခြားသော ပုဂ္ဂိုလ်များမှာ မည်ကဲ့သို့သော အရာများကို ရရှိထားကြမည်နည်း။
အချို့မှာ ဥပဒေသများ၏ သဘာဝလွန် ကောင်းချီးပေးခြင်းကို ခံထားရသည်။ ရွှေဖုန်းပေါင်နှင့် ယောင်ဟုန်ရီတို့မှာ ကောင်းချီးပေးခြင်း၏ မတူညီသော တစ်ဖက်တစ်ချက်စီ ဖြစ်ကြသည်။ ပထမတစ်ဦးမှာ မည်သည့်အပြင်ပန်း အကူအညီမျှမပါဘဲ မီးဥပဒေသကို မွေးဖွားနိုင်ခဲ့သည်။ ထိုဥပဒေသ၏ ကောင်းချီးပေးမှုမှာ အလွန်မြင့်မားလှသဖြင့် အဆင့်မြင့်ဆုံး မီးဒြပ်စင်ဆိုင်ရာ ကျင့်စဉ်များကိုပင် ကလေးငယ်တစ်ဦး နို့စို့ရသကဲ့သို့ လွယ်ကူစွာ တတ်မြောက်ခဲ့သည်။ သူသည် အားထုတ်မှု အနည်းငယ်သာ ပြုလုပ်ခဲ့ရသည်။
ယောင်ဟုန်ရီမှာမူ လေးနှင့် မြှားဟူသော ပစ်ခတ်မှုပညာရပ်တွင် မွေးရာပါ ပတ်သက်မှု ရှိနေသည်။ ၎င်းမှာ ဥပဒေသများ၏ ကောင်းချီးပေးမှုမဟုတ်ဘဲ လောကကြီးက သူ၏ ဆန္ဒကို အလွန်နက်ရှိုင်းသော အဆင့်တွင် ပေါင်းစည်းပေးထားခြင်း ဖြစ်သည်။ သူ မသိလိုက်ခင်မှာပင် နှစ်ခုလုံး၏ လောကနှလုံးသား ရည်ရွယ်ချက်ကို ရရှိထားခဲ့ပြီဖြစ်သည်။
ဝေ့ဝူယင်တွင် ထိုကောင်းချီးနှစ်မျိုးလုံး မရှိချေ။ သူ၏ မက်ဂီ သွေးမျိုးဆက် အမွေအနှစ်က သူ့ကို အပြစ်သား တက်တူးမှ အချက်အလက်များကို ဖတ်ရှုနိုင်ခြင်းကဲ့သို့သော အားသာချက်အချို့ ပေးထားနိုင်သော်လည်း သူ၏ အဂ္ဂိရတ်ပါရမီမှာ မွေးဖွားစဉ်က သိရှိနိုင်သော ကန့်သတ်ချက်အတွင်း၌သာ ရှိနေခဲ့သည်။ သူ၏ အဂ္ဂိရတ်ကြယ်တာရာများမှာလည်း သင့်တော်သော အဆင့်ရှိ အဂ္ဂိရတ် ပညာရှင်များ ရရှိလေ့ရှိသော အရာများသာ ဖြစ်သည်။ ယခုအခါ ကြယ်တာရာ ပါရဂွန် ကိုယ်ခန္ဓာကို ရရှိပြီးနောက်မှသာ ပုံမှန်ထက် ဖြည်းဖြည်းချင်း ကျော်လွန်လာခြင်းဖြစ်သည်။
သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးသည် သူ၏ စိတ်၊ ရုပ်၊ အမတေ သို့မဟုတ် ဥပဒေသ အခြေခံများတွင် သူ့ထက် သာလွန်နေနိုင်သည် သို့မဟုတ် မမွေးဖွားသေးသော သန္ဓေသားလေးမှာပင် ကောင်းကင်တာအိုမှ ပေးသနားသော ရတနာများကြောင့် သူ့ထက် သာလွန်နေနိုင်သည်ဟူသော အချက်ကို ဝေ့ဝူယင် လျစ်လျူမရှုဝံ့ချေ။
လောကချည်နှောင် နေကြယ်များကို အလိုအလျောက် ရရှိထားသည့် ကလေးငယ်များလည်း ရှိနိုင်သည်။ ၎င်းမှာ ပဲ့တင်သံ ဝိညာဉ် အဆင့််မိဘများရှိခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်သည်။
ထို့အပြင် စုမေ့ကဲ့သို့သော သူများလည်း ရှိသေးသည်။ သူမ၏ မွေးရာပါ ပါရမီများမှာ နေ့စဉ်နှင့်အမျှ တိုးတက်နေသယောင် ရှိသည်။ ၎င်းမှာ အံ့ဩစရာ ကောင်းလှပြီး အဘယ်ကြောင့် ဆိုသည်ကို သူ မသိသေးချေ။
သို့သော်လည်း ထိုအရာများကြောင့် ဝေ့ဝူယင် စိတ်ဓာတ်မကျခဲ့ချေ။ သူသည် ပါရဂွန် တစ်ဦး၏ လမ်းစဉ်ကို လျှောက်လှမ်းရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် အခြားသူများက ကျင့်ကြံခြင်း ကဏ္ဍတစ်ခုတွင် သူ့ထက် သာလွန်နေလျှင်ပင် သူကမူ ကျန်ရှိသော အရာအားလုံးတွင် သူတို့ကို ကျော်လွန်ရန် ရည်ရွယ်ထားသည်။ သူ၏ ကျင့်ကြံခြင်း နှလုံးသားမှာ ခိုင်မာပြီး မလှုပ်မယှက် ရှိနေပေသည်။
"ငါတို့ ဒီမှာ သုံးရက် ထပ်နေမယ်၊ ပြီးရင် နောက်ဂလက်ဆီကို ဆက်သွားကြမယ်"
***
အပိုင်း(၁၉၄၂)
"ငါတို့ ဒီမှာ သုံးရက် ထပ်နေမယ်၊ ပြီးရင် နောက်ဂလက်ဆီကို ဆက်သွားကြမယ်"
ဝေ့ဝူယင်က အပျင်းဆန့်ခြင်းကို အဆုံးသတ်ရင်း ကြေညာလိုက်၏။ ထိုစဉ်မှာပင် သူသည် နတ်မိမယ် တိတ်ဆိတ်ခြင်းထံမှ ဝိညာဉ် သတင်းစကား တစ်ခုကို ရရှိခဲ့သည်။ ထိုသတင်းစကားထဲ၌ သူမ၏ အစစ်အမှန် ရုပ်သွင်နှင့် တိုက်ရိုက်ကမ်းလှမ်းချက်တစ်ခု ပါဝင်နေသည်။
‘ရဲရင့်ပြီး ရည်မှန်းချက်ကြီးတဲ့ အမျိုးသမီးပဲ...’
သူ အနည်းငယ် စဉ်းစားဦးမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သွေးရောင်ဓားနှင့် မီးခိုးရောင် နှင်းဆီတို့ထံမှလည်း ကမ်းလှမ်းချက်များ ရောက်ရှိလာသည်။
ဓားသမားက ဝေ့ဝူယင်အား အလုပ်အကျွေးပြုရန်အတွက် အဖြူရောင် အဘိဿဲလ် ဂလက်ဆီကို စွန့်လွှတ်ရန် အသင့်ရှိနေသည်။ ငြိမ်းချမ်းရေး အဘိဿဲလ် ဂလက်ဆီဇုန်၏ သူခိုးမလေးမှာမူ ဝေ့ဝူယင်ကို မဟုတ်ဘဲ ချောင်စွေ့ဖုန်းကို အစေခံရန် သစ္စာဆိုမှုကို ပြုလုပ်လိုနေသည်။ သူမသည် ချင်ချူးမူ၊ ယွီစွန်းလီ သို့မဟုတ် လျူစုယင်တို့၏ အမည်ကို မဖော်ပြဘဲ ချောင်စွေ့ဖုန်းကိုသာ တိတိကျကျ အမည်တပ်ခဲ့သည်။
‘သူက တော်တော်လေးကို ပါးနပ်တာပဲ...’
ပထမကမ်းလှမ်းချက်မှာ တိုက်ရိုက်ဆန်လှသည်။ ဝေ့ဝူယင်အနေဖြင့် အစေခံတစ်ဦး မလိုအပ်သလို သွေးရောင်ဓား အရိပ်အမြွက်ပြနေသည့် နောက်ထပ် အဂ္ဂိရတ်သူရဲကောင်း တစ်ဦး သို့မဟုတ် တာအိုစောင့်ရှောက်သူမျိုးလည်း မလိုအပ်ချေ။ ၎င်းမှာ သူ၏ တန်ဖိုးကို အလွန်အမင်း အထင်ကြီးနေခြင်းဖြစ်ပြီး ဝေ့ဝူယင်က တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။
ဒုတိယ ကမ်းလှမ်းချက်ကိုမူ ဝေ့ဝူယင် မရယ်ဘဲ မနေနိုင်ခဲ့ချေ။ မီးခိုးရောင် နှင်းဆီသည် ချောင်စွေ့ဖုန်းမှာ အဂ္ဂိရတ် ပညာရှင် တစ်ဦး အဖြစ်မှ အစစ်အမှန် ကျင့်ကြံသူတစ်ဦး ဖြစ်လာလိုသည့် အပြောင်းအလဲကို သတိပြုမိသွားခြင်း ဖြစ်သည်။
လျှို့ဝှက်အရှင် အဆင့်ရှိသော အမျိုးသမီး အစေခံတစ်ဦးကို ရရှိခြင်း...
မြင့်မားသော အဆင့်အတန်းသို့ တက်လှမ်းလိုသော မည်သည့် မိန်းကလေး မဆို သူမ၏ သာလွန်မှုနှင့် အပြင်ပန်း အင်အားအား ပြသနိုင်မည့် ထိုကဲ့သို့သော အခွင့်အရေးမျိုးကို မလိုချင်ဘဲ နေမည်နည်း။
၎င်းမှာ အပေါ်ယံဆန်သည်ဟု ထင်ရသော်လည်း ထိုယုတ္တိနောက်ကွယ်တွင် အမှန်တရားအချို့ ရှိနေသည်။ လျှို့ဝှက်အရှင် အဆင့် အစေခံတစ်ဦး ရှိနေခြင်းက ချောင်စွေ့ဖုန်း၏ အဆင့်အတန်း၊ ပါရမီ၊ အရေးပါမှု၊ ခွန်အားနှင့် အလှအပတို့ကိုပင် အခြားသူများ၏ မျက်စိထဲတွင် ပိုမိုထင်ပေါ်စေမည် ဖြစ်သည်။ ၎င်းမှာ အခြားသူများ၏ တည်ရှိမှုကို အသုံးချ၍ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ခြင်းပင် ဖြစ်သည်။
အကယ်၍ သူမတွင် မီးခိုးရောင် နှင်းဆီကဲ့သို့ အစေခံတစ်ဦးသာ ယခင်ကတည်းက ရှိနေခဲ့ပါက ခရမ်းရောင် ပင်လယ် အနေဖြင့် သူမအား ဝေ့ဝူယင် ငြီးငွေ့သွားသည့်အခါ စွန့်ပစ်ခံရမည့် မိန်းကလေးတစ်ဦးအဖြစ် ထိုမျှ လွယ်လွယ်ကူကူ အထင်သေးခဲ့မည် မဟုတ်ပေ။
ဝေ့ဝူယင်က ဤကိစ္စကို ချောင်စွေ့ဖုန်း ကိုယ်တိုင် ဆုံးဖြတ်ဖို့ မချန်ထားခဲ့ချေ။ မိန်းကလေးမှာ ဤ 'လက်ဆောင်' ကို သေချာပေါက် နှစ်သက်မည်ဖြစ်ပြီး သူ့ကိုလည်း အပြန်အလှန်အားဖြင့် အလွန် စိုစွတ်လှသော အနမ်းတစ်ခု ပေးလိမ့်မည်ကို သူ သိရှိထားသည်။
မကြာမီမှာပင် ခရမ်းရောင် ပင်လယ်ထံမှလည်း ဝိညာဉ် သတင်းစကားတစ်ခု ရောက်လာပြန်သည်။ အဖြူရောင် အဘိဿဲလ်၏ လျှို့ဝှက်အရှင်များသည် တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်နည်းလမ်းများဖြင့် စောင့်ကြည့်နေကြသည်မှာ သံသယဖြစ်ဖွယ် မရှိချေ။ ထိုသတင်းစကားတွင် အလွန် ချိုသာလှပြီး ဆွဲဆောင်မှုရှိသည့် အသံတစ်ခု ပါဝင်နေလေရာ ဝေ့ဝူယင် သက်ပြင်းတစ်ချက်သာ ချလိုက်မိသည်။
"လေးရက်နေမှပဲ ထွက်တော့မယ်..."
ဝေ့ဝူယင်က ဟင်းလင်းပြင် ပေါ်တယ် တစ်ခုကို ဖွင့်လိုက်ရင်း အထဲသို့ လှမ်းဝင်လိုက်လေတော့သည်။
...
အဖြူရောင် အဘိဿဲလ် ဂလက်ဆီသည် မမျှော်လင့်ဘဲ ရောက်ရှိလာသည့် ဧည့်သည်နှင့် သူ၏ အပေါင်းအပါများကို သုံးပတ်ကျော်မျှ လက်ခံခဲ့ရသော်လည်း ဤတိုတောင်းသော အချိန်ကာလလေးမှာပင် ဂလက်ဆီနှင့် မှီတင်းနေထိုင်ကြသော လူမျိုးစုများအပေါ် အတိုင်းအဆမရှိသော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ထိုအချိန်မှစ၍ အဖြူရောင် အဘိဿဲလ် ဂလက်ဆီ၏ နှလုံးသားမှာ အနည်းငယ် ပို၍ သေးငယ်သွားခဲ့သည်။ အဖြူရောင် အဘိဿဲလ်အတွင်း ဘေးအန္တရာယ်များမှာလည်း ကင်းဝေးသွားကာ ယခင်ကထက် လျှို့ဝှက်အရှင်သခင် တစ်ဦး လျော့နည်းသွားခဲ့လေပြီ။
မုန်တိုင်းတစ်ခုနှင့်အတူ ရောက်ရှိလာပြီး ဂလက်ဆီတစ်ခုလုံးကို တစ်ကိုယ်တော် သိမ်းပိုက်နိုင်ခဲ့သည့် လူသားမျိုးနွယ် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် အာရုဏ်ဦး၏ ဒဏ္ဍာရီမှာ တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။ အာရုဏ်ဦး အာဏာရှင် အင်ပါယာ၏ အလိုဆန္ဒနှင့် ဥပဒေသများကို သယ်ဆောင်ထားသည့် အာရုဏ်ဦး နန်းတော်များကို ဂလက်ဆီတစ်ခွင်လုံး၌ တည်ထောင်ခဲ့ကြသည်။
ကန့်ကွက်မှု အချို့ ရှိခဲ့သော်လည်း အတင်းအဓမ္မ စေခိုင်းခြင်းမျိုး မရှိသဖြင့် တော်လှန်ပုန်ကန်လိုသူများမှာ ပစ်မှတ်ပျောက်ဆုံးနေခဲ့သည်။ သူတို့သည် ကျွန်ပြုခံရခြင်း မဟုတ်သလို လူသားများမှာလည်း ရုတ်တရက် အထူးအခွင့်အရေးများ ရရှိသွားခြင်းမျိုး မရှိချေ။
ဂလက်ဆီဇုံများ၏ ခေါင်းဆောင်များဖြစ်သည့် သူတို့၏ လျှို့ဝှက်အရှင်များမှာလည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အဘိဿဲလ် မျိုးနွယ်စုများမှာလည်း အဆုံးအဖြတ်ပေးနိုင်သော အခွင့်အာဏာ အများစုကို ဆက်လက်ပိုင်ဆိုင်ထားကြသည်။ ဂလက်ဆီလက်အောက်ခံ အဖြစ် ကူးပြောင်းခြင်းမှာ အလွန်ပင် ချောမွေ့လွန်းလှသည်။
ထို့အပြင် အဖြူရောင် အဘိဿဲလ်အတွင်းသို့ သွားရောက်ခဲ့ကြသော လျှို့ဝှက် အာဏာရှင်အဆင့် အထူးချွန်ဆုံး ငါးထောင်မှာလည်း လူမျိုးနှင့် ကျား၊ မ မရွေး အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုနှင့် အာရုဏ်ဦး အာဏာရှင် အင်ပါယာကို ရိုသေကိုင်းရှိုင်းသော ယုံကြည်သူများ ဖြစ်လာခဲ့ကြသည်။
သူတို့သည် ဝေ့ဝူယင်၏ ထူးကဲသော စွမ်းအားကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ အချိန်နှင့် အာကာသကိုပင် ချုပ်ကိုင်ထားသော ထိုမတွန်းလှန်နိုင်သည့် စွမ်းအားကို ငြင်းပယ်ရန် ခက်ခဲလှပေသည်။
ဟင်းလင်းပြင် ယဇ်ပလ္လင်များမှာလည်း တည်ဆောက်ပြီးစီးနေပြီဖြစ်ပြီး အစစ်အမှန် ဟင်းလင်းပြင် စွမ်းအင်များ၏ တုန်ခါသံများမှာ မြည်ဟည်းနေသည်။ ဂလက်ဆီများအကြား ချိတ်ဆက်မှုတစ်ခုမှာ စတင်ဖြစ်ပေါ်နေပြီ ဖြစ်သည်။ အပြောင်းအလဲများမှာ စတင်ရုံသာ ရှိပါသေးသည်။
...
အဖြူရောင် အဘိဿဲလ်၏ အရွယ်အစား တစ်ရာပုံတစ်ပုံ ဆုံးရှုံးသွားပြီးနောက် လေးရက်အကြာတွင်...
ဟူး... ဟူး...
အီလီဆီယမ် အသေးစားသင်္ဘောသည် အဖြူရောင် အဘိဿဲလ် ဂလက်ဆီ၏ နယ်နိမိတ်မှ ထွက်ခွာကာ ဂလက်ဆီများအကြားရှိ အမှောင် ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံး နေရာထံ ရှေးရှုနေသည်။
အဖြူရောင် အဘိဿဲလ်အတွင်း ခရီးနှင်ခဲ့သော အတွေ့အကြုံများကြောင့် ယွီစွန်းလီနှင့် ချင်ချူးမူတို့သည် သီးသန့်အခန်းတစ်ခုကို တည်ဆောက်ကာ သူတို့ရရှိခဲ့သော စိတ်ကူးစိတ်သန်းများကို ပန်းချီကားများအဖြစ် ပုံဖော်နေကြသည်။ ယွီစွန်းလီသည် သူမကိုယ်တိုင် ကြယ်တာရာ ဟင်းလင်းပြင် ဆေးရောင် ဟု အမည်ပေးထားသော ကြယ်တာရာ ဟင်းလင်းပြင် အရည်၏ ရှေ့ပြေးနမူနာကို အသုံးပြုနေသည်။
ချင်ချူးမူမှာမူ စုတ်ချက် တစ်ချက်ချင်းစီ ဆွဲလိုက်တိုင်း သိသိသာသာ တိုးတက်လာခဲ့ပြီး သူမ၏ ဝိညာဉ်နှင့် စိတ်ကူးစိတ်သန်းများကို ပန်းချီကားပေါ်သို့ ပီပြင်စွာ တင်ပြနိုင်သော ပါရမီကို ထုတ်ဖော်ပြသနေသည်။
ယွီစွန်းလီသည် သူမအပေါ် မနာလိုစိတ် အနည်းငယ်မျှ မရှိဘဲ ပါရမီရှင်တစ်ဦးအဖြစ် ချီးကျူးခဲ့သည်။ အနုပညာကို ဝါသနာပါသော အဖော်တစ်ဦး ရရှိသဖြင့် စိတ်လှုပ်ရှားနေမိသည်။ သူမ၏ စိတ်ဝိညာဉ်ကို ထုတ်ဖော်ပြသရာ၌ တစ်ဦးတည်း မဟုတ်တော့ချေ။ ချင်ချူးမူ၏ နွေးထွေးနူးညံ့သော အရှိန်အဝါနှင့် ပင်ကိုယ်စရိုက်တို့က သူမကို ပိုမိုသက်သောင့်သက်သာ ဖြစ်စေခဲ့သည်။
လျူစုယင်မှာမူ သီးသန့်ကျင့်ကြံနေဆဲ ဖြစ်သည်။ အချိန်နှင့် အာကာသ လေပွေတစ်ခုကို သန့်စင်ပြီး လောကချည်နှောင် ကြယ်တာရာ နယ်မြေနှင့် ချိတ်ဆက်ရခြင်းမှာ ခက်ခဲလှသည့်အပြင် အာရုဏ်ဦး နေကြတ်ခြင်း လောက ဆေးလုံးကိုလည်း သန့်စင်နေရသည်။ ထိုဆေးလုံးသည် လျှို့ဝှက် အမြုတေများ၏ ခွန်အားနှင့် ချိတ်ဆက်မှုကို မြှင့်တင်ပေးရာတွင် အလွန်အသုံးဝင်သည်။ သူမ၏ လက်ရှိကြိုးပမ်းမှုအတွက် ထိုဆေးလုံးမှာ အဖိုးမဖြတ်နိုင်သော အကူအညီ ဖြစ်သည်။
ဤဆေးလုံးကို ယခု သန့်စင်နေပါက နောက်ထပ် ဂလက်ဆီသို့ ရောက်ရှိမည့် ခရီးစဉ်ကို လွဲချော်နိုင်ကြောင်း ဝေ့ဝူယင်က သတိပေးခဲ့သော်လည်း သူမက ဂရုမစိုက်ချေ။ ထိုအစား သူမ၏ ရည်မှန်းချက်ကို ခိုင်မာသော ခြေလှမ်းများဖြင့် ပြီးမြောက်အောင် ဆောင်ရွက်ရန်သာ ဆုံးဖြတ်ထားသည်။ မိန်းကလေး၏ စိတ်အားထက်သန်မှုနှင့် နားလည်မှုကို မြင်ရသောအခါ ဝေ့ဝူယင်လည်း ဘာမျှ ဆက်မပြောတော့ချေ။
ဝေ့ဝူယင်သည် ရည်မှန်းချက်ကြီးပြီး စိတ်ဓာတ်ခိုင်မာသော်လည်း ထောင်လွှားခြင်းမရှိသော အမျိုးသမီးများကို အမြဲနှစ်သက်ခဲ့သည်။ လျူစုယင်မှာလည်း ထိုအထဲမှ တစ်ဦးဖြစ်သည်။ သူတို့ မဆုံတွေ့ခင်ကပင် သူမသည် အာကာသ ဝေဟင်ဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးကို ရယူရန် အစွမ်းကုန် ကြိုးစားခဲ့ဖူးသည်။ မအောင်မြင်ခဲ့သော်လည်း သူမ၏ အစွမ်းကုန် ကြိုးစားအားထုတ်မှုမှာ ခိုင်မာသော စိတ်ဓာတ်နှင့် မြင့်မားသော ရည်မှန်းချက်၏ သက်သေပင် ဖြစ်သည်။
ဝေ့ဝူယင်သည် သင်္ဘောလက်ရန်းကို မှီရင်း၊ လက်တစ်ဖက်ဖြင့် မေးထောက်ကာ တဖြည်းဖြည်း သေးငယ်သွားသော အဖြူရောင် အဘိဿဲလ် ဂလက်ဆီကို အေးဆေးစွာ ကြည့်နေမိသည်။ ယခုအချိန်အထိ သူရရှိခဲ့သော အမြတ်များနှင့် အရှုံးများကို ပြန်လည်သုံးသပ်နေမိသည်။ အင်ပါယာ ဥပဒေသ၏ အားနည်းသော်လည်း ထင်ရှားသော အရှိန်အဝါမှာ ဂလက်ဆီတစ်ခုလုံးကို လွှမ်းခြုံရန် ဖြည်းဖြည်းချင်း ကြိုးစားနေသည်။
ဝေ့ဝူယင်၏ အသိစိတ်ပင်လယ်အတွင်း၌ ပိုင်ရှုက မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းလေး စူနေသည်။ သူမသည် အာရုဏ်ဦး ခြေချခြင်း မှော်သန့်စင် ဆေးအို၏ အနားသတ်ပေါ်တွင် ထိုင်နေသည်။ ထိုအိုးကြီးမှာ ဝေ့ဝူယင်၏ အသိစိတ်ပင်လယ်အတွင်း ရှိနေပြီး ဧဒင်၏ အမြစ်များမှ စီးဆင်းလာသော လှပသည့် ခုနစ်ရောင်ခြယ် အဂ္ဂိရတ် အလင်းတန်းများဖြင့် ပျိုးထောင်ပေးခြင်းကို ခံနေရလေသည်။
***