အခန်း (၁၉၄၅-၁၉၄၆)
Vol. 139 Ch. 1945-1946
အပိုင်း(၁၉၄၅)
“...”
ကြယ်တာရာ ဝိညာဉ် သုံးကောင်၏ ကြေညာမှုများကြောင့် ဝေ့ဝူယင် အံ့အားသင့်သွားခဲ့၏။ ပထမတုန်းက သူသည် အဖြူရောင် အဘိဿဲလ် ဂလက်ဆီမှ ထွက်ခွာပြီးနောက် အစီအစဉ်ကို စတင်ရန် ရည်ရွယ်ထားသော်လည်း ခရာတို၏ လက်ရှိအခြေအနေကြောင့် နှောင့်နှေးခဲ့ရသည်။
ခရာတို ကြိုးပမ်းနေသော ကြီးမားသည့် ခုန်ပျံကျော်လွှားမှုကို ထောက်ထား၍ သူလည်း မကန့်ကွက်လိုခဲ့ချေ။
"မဟုတ်ဘူး... မဟုတ်ဘူး... အရမ်းကြာတယ်..."
အိုရီက ရှင်းပြရန် ကြိုးစားသော်လည်း စိတ်လှုပ်ရှားမှုကြောင့် စကားလုံးများမှာ ဝါးတားတား ဖြစ်နေသည်။ ထို့ကြောင့်... ဧဒင်ကပင် ဝင်ရောက် ရှင်းပြလိုက်၏။
"ကျွန်တော်တို့ရဲ့ ကျင့်ကြံခြင်းက တိုးတက်လာတာနဲ့အမျှ လိုအပ်ချက်တွေကလည်း များလာတယ်... ကျွန်တော်တို့က စွမ်းအားတွေကို အဖေ့ဆီကတစ်ဆင့် မယူဘဲ တိုက်ရိုက် သန့်စင်တာ ဖြစ်လို့ မြန်ဆန်ပြီး လွယ်ကူတယ်ဆိုပေမဲ့ ခရာတို ဝါးမျိုထားတဲ့ ပမာဏက နည်းတာ မဟုတ်ဘူး၊ အရည်အသွေးကလည်း နိမ့်တာ မဟုတ်ဘူး... အလွယ်ပြောရရင် အဲဒီ အဖြူရောင် အဘိဿဲလ်ရဲ့ အစိတ်အပိုင်း တစ်ခုလုံးကို ကျင့်ကြံခြင်း စွမ်းအင်အဖြစ် ပြောင်းလဲဖို့ အချိန်ဘယ်လောက် ကြာမလဲလို့ ကျွန်တော်တို့ တွက်ချက်ကြည့်ခဲ့တယ်... သူ အခု သန့်စင်နေတဲ့ အစိတ်အပိုင်းလေး တင်ကိုပဲ နှစ်အတော်ကြာနိုင်တယ်... တစ်ခုလုံးကို သန့်စင်ဖို့ဆိုရင် ရာစုနှစ် တစ်ခု ဒါမှမဟုတ် နှစ်ခုလောက် ကြာသွားနိုင်တယ်"
"..."
ဝေ့ဝူယင် လုံးဝကို အံ့အားသင့်သွားခဲ့၏။ သူ၏ စိတ်ထဲတွင် မေးခွန်းများစွာ ပေါ်ထွက်လာသည်။
"ဟမ့်..."
ဘုရင်က ဧဒင်အား လိုရင်းတိုရှင်း ရှင်းပြရန် တိုက်တွန်းလိုက်သည်။
"အေးပါ... အေးပါ"
ဧဒင်မှာ အစွမ်းကုန် ကြိုးစားနေရသည်။ ဝေ့ဝူယင် ဤမျှ အံ့ဩသွားရခြင်းမှာ ခရာတိုက အရာရာကို ရှင်းပြရာတွင် အလွန် ညံ့ဖျင်းပြီး တစ်ခါတရံ အိုရီထက်ပင် ပို၍ အဓိပ္ပာယ်မရှိသော စကားများကို ပြောတတ်သောကြောင့် ဖြစ်သည်။ ၎င်းမှာ အချိန်မရွေး၊ နေရာမရွေး လွတ်မြောက်နိုင်၊ ဝင်ရောက်နိုင်သော သူ၏ စွမ်းအားကိုသာ သိရှိပြီး သူ၏ ကျန်ရှိသော စွမ်းအားများကိုမူ ဂရုမစိုက်သည့်ဟန် ရှိသည်။ ၎င်းမှာ အစစ်အမှန် ဟင်းလင်းပြင် နဂါး တစ်ကောင်၏ အစွန်းရောက် ထောင်လွှားမှုလည်း ဖြစ်သည်။
ဧဒင်က သူ၏ အတွေးများကို စုစည်းကာ အတတ်နိုင်ဆုံး ရိုးရှင်းအောင် ကြိုးစားလိုက်သည်။ သို့သော်လည်း... အဆုံးတွင်တော့ သူက စကားတစ်လုံးတည်းဖြင့်သာ နိဂုံးချုပ်လိုက်၏။
"ခရာတိုက အခု အရူးအမူး စွန့်စားနေတာ..."
ထိုစကားကို ကြားလိုက်ရသောအခါ ဝေ့ဝူယင်၏ စိတ်ထဲတွင် မိုးကြိုးပစ်လိုက်သည့်အလား အသိတစ်ခု ရလိုက်သည်။
အရူးအမူး စွန့်စားခြင်း ဆိုသည်က အဘယ်နည်း။ အခြားသူတွေအတွက်တော့ သေဘေးကို ရှာခြင်း၊ ပြဿနာရှာခြင်း သို့မဟုတ် မိုက်မဲခြင်း ဖြစ်နိုင်သော်လည်း... ကြယ်တာရာ ဝိညာဉ် လေးခု၊ ဖီဆန်လေး၊ အခြေတည် ဆေဘာ ဝိညာဉ်နှင့် အာရုဏ်ဦး အာဏာရှင် အင်ပါယာတို့အတွက်တော့ ဤစကားလုံးမှာ ကောင်းကင်ကို ဖီဆန်သော အရူးအမူး လုပ်ရပ်တစ်ခုကို လုပ်ဆောင်ရန် ကြိုးပမ်းခြင်းဟု အဓိပ္ပာယ်ရသည်။
"နားလည်ပြီ"
ဝေ့ဝူယင်က ခပ်တိုးတိုး ပြောလိုက်၏။
"သူ မရှိရင် အစီအစဉ်က ပျက်သွားနိုင်မလား..."
"မရှိတာလား... ခရာတိုက အဲဒီမှာ ရှိနေမှာ... ငါတို့ ဒါကို လုပ်ရမှာက ခရာတိုအတွက်ပဲ... သူရဲ့ အရူးအမူး စွန့်စားမှုအတွက်ပေါ့..."
အိုရီက ပို၍ ကျယ်လောင်စွာဖြင့် တဟီးဟီး ရယ်မောလိုက်သည်။ ထိုအခါမှသာ ဝေ့ဝူယင်သည် သူတို့ လုပ်ဆောင်လိုသည့် အရာကို အဆက်အစပ် မိသွားပြီး အသိဉာဏ် ပွင့်လင်းသွားတော့သည်။
တကယ့်ကို အရူးအမူး စွန့်စားမှုပင်။
ဝေ့ဝူယင် စိတ်ထဲမှ ခေါင်းညိတ်လိုက်ရင်း အာရုံကို စိတ်မျက်လုံး အတွင်း ပို့လိုက်ကာ ဖီဆန် နေကြယ် အရွယ်အစား ရှိသည့် ဖီဆန်လေးကို ကြည့်လိုက်သည်။
ဝေ့ဝူယင် စိတ်ကိုယ်ပွားကို အသုံးပြု၍ ဖီဆန်ပေါက်စဆီသို့ လက်လှမ်းလိုက်ရင်း ခပ်ညင်ညင်သာသာ မေးလိုက်၏။
"မင်း အဆင်သင့် ဖြစ်ပြီလား..."
"..."
ဖီဆန်လေးက ချက်ချင်းပင် ကြယ်ကွင်းပြင် အငယ်စားလေးများကိုပင် ဖျက်ဆီးပစ်နိုင်သော နေမီးတောက်များကို စတင် ထုတ်လွှတ်လိုက်သည်။ ၎င်း၌ စိုးရိမ်ပူပန်မှုအချို့ ရှိနေသည်မှာ ထင်ရှားသော်လည်း အနက်ရှိုင်းဆုံး တစ်နေရာတွင်မူ ဝေ့ဝူယင်နှင့် သူ၏ ကြယ်တာရာ ဝိညာဉ်များနည်းတူ ရူးသွပ်မှုများ ရှိနေသည်။
တစ်ချိန်တည်းတွင်ပင် ဝေ့ဝူယင်၏ မျက်ဝန်းများမှာလည်း အစွန်းရောက် ရူးသွပ်မှုအဆင့်သို့ ချဉ်းကပ်နေသော အရောင်အဝါများဖြင့် ဖုံးလွှမ်းသွားတော့၏။
ဝေ့ဝူယင် ထိုရူးသွပ်မှုများကို သူ၏ ဆင်ခြင်တုံတရား၊ ကျင့်ကြံခြင်း နှလုံးသားတို့ဖြင့် ထိန်းချုပ်လိုက်ပြီး စိတ်ဆန္ဒကို ခွန်အားအဖြစ် ပြောင်းလဲကာ ကိုယ့်ကိုယ်ကိုယ် အားဖြည့်လိုက်သည်။
"ဟီး ဟီး ဟီး... ဟား ဟား ဟား..."
အိုရီ၏ ရယ်သံမှာလည်း ရူးသွပ်မှုများနှင့် ပြည့်နှက် သွားခဲံ၏။
"ဟမ့်... အမြဲတမ်း ရှေ့ကိုပဲ ကြည့်..."
ဘုရင်က ကြေညာလိုက်၏။ မဟုတ်သေး... အမိန့်ပေးလိုက်ခြင်းပင်။
...
ဧဒင်မှာ ဘာစကားမျှ မပြောသော်လည်း အနည်းငယ် တုန်ခါနေခြင်းက ကျန်ရှိသော သူများနည်းတူ ပြင်းထန်သော ခံစားချက်များ ရှိနေကြောင်း သက်သေပြနေသည်။
ဝေ့ဝူယင် သင်္ဘောလက်ရန်းပေါ်သို့ ခုန်တက်လိုက်၏။ ခါးကို မတ်မတ် ဆန့်တန်းထားလျှက် လေမတိုက်ဘဲ လွင့်ပျံနေသည့် ဝတ်ရုံများနှင့်အတူ ငွေရောင်မျက်ဝန်းများက အပြောကျယ်လှသော စကြဝဠာကို ထိုးဖောက်ကြည့်ရှုနေသည်။ သူ၏ အမူအရာက အခြား ဒိုင်မန်းရှင်း အလွှာတစ်ခုတွင် တည်ရှိနေသော ကမ္ဘာတစ်ခုသို့ ဝင်ရောက်တော့မည့်အလားပင်။
ကြယ်တာရာ ဝိညာဉ်လေးခုမှာ ကြိုတင်ပြင်ဆင်မှုများစွာ လုပ်ဆောင်ထားပြီးဖြစ်သဖြင့် ခရာတို မလိုအပ်တော့ချေ။ အမှန်စင်စစ် သူတို့ လေးဦးလုံးသည် (သီးသန့် ကျင့်ကြံနေသည့်တိုင်) တစ်စုံတစ်ဦးက ရည်ရွယ်ချက်ကို လမ်းညွှန်ပေးရုံနှင့် လှုပ်ရှားနိုင်လောက်သော ခွန်အားများကို စုစည်းထားပြီးဖြစ်သည်။ ဝေ့ဝူယင်မှာ ဤစွန့်စားမှု၏ အဓိကဝင်ရိုးဖြစ်ပြီး သူတို့ကမူ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းထားရန်သာ လိုအပ်သည်။
ဝေ့ဝူယင် အသက်ကို ဖြည်းညင်းစွာ ရှူလိုက်ရင်း သူ၏ ကြယ်တာရာ ပါရဂွန်ကိုယ်ခန္ဓာအတွင်း၌ နက်ရှိုင်းစွာ အခြေချနေသည့် သေမျိုးတာအို၏ ကောင်းချီးကို ထုတ်ယူကာ အစွမ်းကုန် အသုံးချလိုက်လေသည်။
"ကြိုပြီး တောင်းပန်ပါတယ်"
ဝေ့ဝူယင်သည် ဟင်းလင်းပြင်ကို ဖောက်ထွက်ရန် သူတို့ သိုလှောင်ထားသော စွမ်းအားအားလုံးကို ထုတ်လွှတ်တော့မည် ဖြစ်သည်။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ နေရာတစ်ခုတည်းကိုသာ ပစ်မှတ်ထားထားသည်။
မည်သည့်နေရာကမှ သူ့ကို ချုပ်နှောင်မထားနိုင်သလို သူ မဝင်ရောက်နိုင်သော နေရာဟူ၍လည်း မရှိကြောင်း ခရာတိုက တစ်ခါက ပြောဖူးသည်။ ထိုကောင်လေးမှာ ငရဲကိုပင် ဦးအောင် တိုက်ခိုက်မည်ဟု ရဲရဲဝံ့ဝံ့ ကြေညာခဲ့ဖူးသလို အလွယ်တကူ ပြန်ထွက်လာမည်ဟုလည်း ဆိုခဲ့ဖူးသည်။ ထိုအရာမှာ အစစ်အမှန် ဟင်းလင်းပြင် နဂါး တစ်ကောင်၏ ထောင်လွှားမှုကြောင့် ပြောသော စကားများ ဖြစ်နိုင်သော်လည်း ခရာတိုတွင် ထိုသို့သော ဆန္ဒရှိနေခြင်းကပင် အနာဂတ် အမှန်တကယ် ပြုလုပ်လာနိုင်ရန် ဖြစ်နိုင်ခြေ ရှိပေသည်။
‘နေကြယ်တွေရဲ့ မွေးရပ်မြေ၊ ကြယ်တာရာ အမြုတေ ကပ်ဘေးအားလုံးရဲ့ တည်ရှိရာ နေရာ ဒါမှမဟုတ် ကြယ်တွေရဲ့ သံသရာ...’
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ မှန်ပေသည်။ သူသည် အိုမီဂါ ဆေဘာ စွမ်းအား၊ အယ်ဖာ မူလ စွမ်းအားနှင့် အဂ္ဂိရတ် ဧဒင် စွမ်းအားတို့၏ ပံ့ပိုးမှုနှင့် အတူ များပြားလှသော ဟင်းလင်းပြင် ကြယ်စွမ်းအားကို စုစည်းကာ ရှေ့သို့ ခုန်ပျံတော့မည် ဖြစ်သည်။ သူသည် ကြယ်တို့၏ သံသရာ အတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်တော့မည် ဖြစ်သည်။
ဝေ့ဝူယင် ဟင်းလင်းပြင် အတွင်းရှိ အပျက်အစီး မန်နာများကို ခြေနင်းကျောက်အဖြစ် အသုံးပြုကာ ရှေ့သို့ တစ်လှမ်း လှမ်းရန် ပြင်လိုက်၏။ ထိုစဉ်မှာပင် သူ့ ကိုယ်ခန္ဓာအတွင်းရှိ သေမျိုးတာအို ကောင်းချီးမှာ တုန်ခါသွားသည်။
“ဟမ်...”
ဝေ့ဝူယင်၏ ခြေလှမ်းများမှာ ရပ်တန့်သွား၏။ သူ့ ရှေ့ရှိ အာကာသအတွင်း၌ အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာသဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ထိုအခိုက်မှာပင် ခန္ဓာကိုယ် အတွင်းဘက်မှ ထွက်ပေါ်လာသော ထူးခြားသည့် အော်ရာကို ခံစားလိုက်ရသည်။ အက်ကွဲကြောင်းမှာ သူ့ ကိုယ်ခန္ဓာ ဝင်ဆံ့ရုံမျှအထိ ကျယ်ပြန့်လာသည်။
ရုတ်တရက် သူ အသံတစ်သံကို ကြားလိုက်ရသည်။ ထိုအသံမှာ ကျား၊ မ ခွဲခြားရန် ခက်ခဲသလို အသံအနေအထားမှာလည်း အရောင်အဆင်းမရှိသော မြူခိုးများကဲ့သို့ ဝေဝါးနေသည်။ သို့သော် ၎င်း၏ ရည်ရွယ်ချက်မှာမူ ဖီဆန်လေး၏ တောက်ပမှုကဲ့သို့ ရှင်းလင်းလှသည်။
"ကြယ်တာရာတို့ရဲ့ အရှင်သခင်..."
ထိုစကားလုံးများကြောင့် ဝေ့ဝူယင်၏ စိတ်မှာ ပြင်းထန်သော မုန်တိုင်းတစ်ခုအတွင်း ရောက်ရှိသွားသကဲ့သို့ လွင့်စဉ် သွားသည်။ သို့သော်... ၎င်းမှာ သူ့ကို ပြောနေခြင်း မဟုတ်ပေ။ ၎င်းမှာ သူ့အတွက် ရည်ရွယ်ခြင်း မဟုတ်ချေ။
ဖီဆန်လေး၏ ဆန္ဒမှာ သူ၏ ဆန္ဒနှင့် ပြီးပြည့်စုံစွာ ထပ်တူကျနေပြီး ကြယ်တို့၏ သံသရာအတွင်းသို့ ဝင်ရောက်ရန် ၎င်း၏ ရည်ရွယ်ချက်ကို သေမျိုးတာအိုက လက်ခံလိုက်ခြင်း ဖြစ်သည်။ ဟင်းလင်းပြင်အတွင်းရှိ အက်ကွဲကြောင်းမှာ ဝေ့ဝူယင်၏ ကိုယ်ခန္ဓာနှင့် အတိအကျ ကွက်တိဖြစ်အောင် ကျယ်ပြန့်လာသည်။ အမှန်စင်စစ် သေမျိုးတာအိုသည်... ဖီဆန်လေးကို စောင့်ကြိုနေခြင်း ဖြစ်ဟန်တူသည်။
ဝေ့ဝူယင်၊ ဘုရင်၊ ဧဒင်နှင့် အိုရီ... အားလုံး အံ့ဩသွားကြ၏။
“ကြယ်တာရာတို့၏ အရှင်သခင်...”
ဤသည်မှာ သူတို့ထဲမှ မည်သူမျှ ကြားရလိမ့်မည်ဟု မျှော်လင့် မထားသော ဘွဲ့အမည်တစ်ခုဖြစ်ပြီး သေမျိုးတာအိုထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဝေ့ဝူယင်သည် ဖီဆန်လေး၏ တိုက်တွန်းမှုကို ခံစားလိုက်ရ၏။ သူသည် စိတ်လှုပ်ရှားစွာ ပြုံးလိုက်ရင်း မတွန့်ဆုတ်တော့ဘဲ အက်ကွဲကြောင်း အတွင်းသို့ ခုန်ဝင်လိုက်တော့သည်။ သူ၏ ကိုယ်ခန္ဓာ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အက်ကွဲကြောင်းမှာလည်း ပိတ်သွားတော့၏။
***
အပိုင်း (၁၉၄၆)
ကြယ်တို့၏ သံသရာ...
ဝေ့ဝူယင် ဤထူးဆန်းသော ဟင်းလင်းပြင်အတွင်းသို့ နောက်တစ်ကြိမ် ရောက်ရှိသွားပြန်သည်။ ၎င်းသည် တည်ငြိမ် သို့မဟုတ် အပျက်အစီး အာကာသများနှင့် အခြေခံအားဖြင့် ကွဲပြားခြားနားပြီး ပိုမိုမြင့်မားသော ဖန်တီးမှုနှင့် ရည်ရွယ်ချက်များ ရှိနေသကဲ့သို့ ခံစားရသည်။
ဤနေရာသည် သေမျိုးတာအို၏ ကြယ်တာရာ ကပ်ဘေးမှ တစ်ဆင့် နေကြယ်အားလုံး သဘာဝအလျောက် မွေးဖွားရာနေရာ ဖြစ်သလို၊ ကြယ်တာရာ သခင်များ သေဆုံးချိန်တွင်လည်း သူတို့၏ ကြယ်တာရာ အမြုတေများကို ပြန်လည် သိမ်းဆည်းရာ နေရာလည်း ဖြစ်သည်။
ထိုဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံး တစ်နေရာ၌ လွင့်မျောနေစဉ် ဟာလာဟင်းလင်း ဖြစ်နေခြင်းမှလွဲ၍ ဘာမျှမရှိချေ။ ဤအာကာသ၏ အရွယ်အစားမှာ သေမျိုးတာအို၏ နယ်မြေတစ်ခုလုံးနှင့် ညီမျှနိုင်ပေသည်။ ၎င်းမှာ တစ်စကြဝဠာလုံး ဖြစ်နိုင်ပေသည်။
"စကြမယ်..."
ဝေ့ဝူယင်က ကြေညာလိုက်၏။ ဖီဆန်လေးမှာ စတင် လှုပ်ရှားလာသည်။ ၎င်းသည် မွေးဖွားလာကတည်းက ပထမဆုံးအကြိမ်အဖြစ် ဝေ့ဝူယင်၏ စိတ်မျက်လုံးအတွင်းမှ ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။
...
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က သေမျိုးတာအို၏ စီရင်ပိုင်ခွင့်အောက်ရှိ စကြဝဠာတစ်ခုလုံးတွင် ကြီးမားသော အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်။
နေကြယ်တို့၏ ကန့်သတ်ချက်များ ကျိုးပျက်သွားခြင်းပင်။ မရေမတွက်နိုင်သည့် ကောင်းကင် နိမိတ်ဖတ် ပညာရှင်များနှင့် အစွမ်းထက်ပုဂ္ဂိုလ်တို့သည် အသစ်သတ်မှတ်လိုက်သော 'ဖီဆန်ခြင်း' ဟူသည့် အဆင့်အတန်းနှင့် ပတ်သက်၍ အဖြေရှာရန် ကြိုးပမ်းခဲ့ကြသည်။
သူတို့သည် အတိတ်ကို ပြန်လည်ကြည့်ရှု၍ အကြောင်းရင်းကို ရှာဖွေခဲ့ကြသော်လည်း သေမျိုးတာအို ကိုယ်တိုင်က ကာကွယ်ထားသကဲ့သို့ ဖြစ်နေသောကြောင့် များစွာမှာ တန်ပြန်မှုဒဏ်ကို ခံစားခဲ့ရသည်။ အချို့မှာမူ မပြည့်စုံသော အချက်အလက်များကိုသာ ရရှိခဲ့ကြရာ အကြောင်းရင်းမှန်ကို အဖြေမထုတ်နိုင်ခဲ့ကြပေ။
သို့သော်လည်း ထိုဖြစ်ရပ်အတွက် သူတို့ အောင်ပွဲခံခဲ့ကြသည်။
စောစီးစွာ မွေးဖွားခဲ့ပြီး လျင်မြန်စွာ အဆင့်တက်လှမ်းခဲ့ကြသော ထိပ်သီးပါရမီရှင် အများအပြားမှာမူ နောင်တတရားဖြင့် အော်ဟစ်ငိုကြွေးခဲ့ကြသည်။ သေမျိုးအဆင့်တွင် အမြင့်ဆုံး ကျင့်ကြံခြင်း အထွတ်အထိပ်သစ်ကို မထူထောင်နိုင်ခဲ့သည့်အတွက် ကမ္ဘာလောကကြီးကို ကျိန်ဆဲရင်း အားမလိုအားမရ ဖြစ်နေကြရှာသည်။
ထို့ကြောင့်ပင် သူတို့အနေဖြင့် မိမိတို့၏ အရင်းအမြစ်များနှင့် နောက်ခံအင်အားများကို သုံး၍ ‘အကြွင်းမဲ့’ အရွယ်အစားရှိ 'လောကချည်နှောင် နေကြယ်’ များကို နောက်တစ်ဆင့်သို့ တွန်းပို့ရန်သာ တတ်နိုင်ကြတော့သည်။
အဆင့်တက်ရန် လက်တစ်ကမ်းအလို ရှိသူများနှင့် ကပ်ဘေးကို စိန်ခေါ်ဖို့ အဆင်သင့် ဖြစ်နေသူများမှာ အဆင့်တက်ရန် ပြင်ဆင်နေခြင်းကို ရပ်တန့်လိုက်ပြီး 'လောကချည်နှောင် နေကြယ်’ ကို မြှင့်တင်ရန်သာ အာရုံစိုက်လိုက်ကြတော့သည်။ စကြဝဠာအတွင်းရှိ ကြယ်တာရာစိုက်ခင်းများစွာ ရိတ်သိမ်းခြင်းခံရပြီး 'ကြယ်တာရာ သစ်ပင်' ကဲ့သို့သော ကောင်းကင်ရတနာများမှာလည်း သိသိသာသာ ရှားပါးသွားခဲ့သည်။ ပြိုင်ဆိုင်မှု တိုက်ပွဲကြီးက စတင်ခဲ့လေပြီ။
သို့သော်လည်း သူတို့၏ ‘အကြွင်းမဲ့’ အရွယ်အစားရှိ နေကြယ်တို့သည် ယခင်အမြင့်ဆုံး ကန့်သတ်ချက်ထက် ကျော်လွန်ကာ ကြီးထွားလာသော်လည်း အကန့်အသတ်ကို ဖောက်ထွက်နိုင်မည့် အရိပ်အယောင် မရှိသေးသဖြင့် အားလုံးမှာ အားမလိုအားမရ ဖြစ်နေခဲ့ကြလေသည်။
…
စန်းယွန်းလီသည် သူမ၏ ဆံနွယ်များကို အနီရောင် စည်းကြိုးလေးဖြင့် တင်းကျပ်စွာ စည်းနှောင်ထားသည်။ ထိုစည်းကြိုးလေးမှ လျှို့ဝှက် အော်ရာတစ်ခု မှိန်ပျပျ ထွက်ပေါ်နေ၏။ သူမ၏ မျက်နှာအမူအရာမှာ ရုတ်ခြည်း ပြောင်းလဲသွားသည်။
"နေကြယ်တွေအတွက် အရွယ်အစား သတ်မှတ်ချက်အသစ် ရှိလာတယ် ဟုတ်လား... အဲဒါက ဘယ်တုန်းကလဲ"
ဝမ်မင်ယာသည် ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် တိုက်တန်လူမျိုး ကျင့်ကြံသူတစ်ဦး၏ အလောင်းကြီးပေါ်တွင် ထိုင်နေသည်။ သူမ၏ ပုံပန်းသဏ္ဌာန်မှာ ကောင်းကင် နိမိတ်ဖတ် ပညာရှင် တစ်ဦးနှင့် မတူဘဲ ခန့်ညားထည်ဝါသည့် စစ်သည်တော် တစ်ဦး အလား ရဲရင့်ခြင်းနှင့် အလှတရားတို့ ပေါင်းစပ် ဖွဲ့စည်းထားသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားရာများနှင့် မြှားချက်များ ထိထားသည့် ဒဏ်ရာအချို့ ရှိနေပြီး ဖန်သားရေဘူးထဲမှ ရေကို မော့သောက်လိုက်သည်။
"အင်း… အဲဒါကို ဖီဆန်ခြင်း လို့ ခေါ်တယ်"
"ဖီဆန်ခြင်း ဟုတ်လား... တကယ့်ကို အာဏာစက် ပြင်းထန်တဲ့ နာမည်ပဲ၊ အနည်းဆုံး ရှိရမယ့် အရွယ်အစားကရော"
မာ့ဆုကျင်းက မေးလိုက်သည်။ ဘယ်ဘက်နှာခေါင်းမှ သွေးစအချို့ စီးကျနေသော်လည်း သူမသည် ဂရုမစိုက်ဘဲ လျှို့ဝှက်အာဏာရှင်များ၏ စစ်တလင်းဖြစ်သော ကောင်းကင်ယံကိုသာ ကြည့်နေမိသည်။
"အနည်းဆုံး အရွယ်အစားလား..."
ဝမ်မင်ယာက စဉ်းစားဟန်ဖြင့် နှုတ်ခမ်းကို စေ့လိုက်၏။
"ငါလည်း မသိဘူး"
စန်းယွန်းလီသည် သူမ၏ ဖရိုဖရဲဖြစ်နေသော ဆံပင်များကို ပြန်လည် ပြင်ဆင်ပြီးနောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူမ၏ ဆွဲဆောင်မှုရှိသော အလှတရားများမှာ ပြန်လည် ပေါ်လွင်လာ၏။ သူမသည် အထွတ်အထိပ်သို့ တက်လှမ်းရန် လမ်းကြောင်းတစ်ခုကို ချမှတ်ထားပြီးဖြစ်သော်လည်း ယခုအခါ အထွတ်အထိပ်သစ်တစ်ခု ထွက်ပေါ်လာပြန်ပြီ ဖြစ်သည်။ သူမ ပို၍ ကြိုးစားရပေဦးမည်။ သူမ၏ မျက်ခုံးနှစ်ခုကြား နေရာမှာ မှိန်ပျပျ လင်းလက်လာ၏။
ဝမ်မင်ယာက စန်းယွန်းလီကို မသိမသာ စောင်းကြည့်လိုက်သည်။ သူမ၏ လက်ချောင်းလေးများ အနည်းငယ် လှုပ်ရှားသွား၏။
စန်းယွန်းလီ၏ မျက်ခုံးကြားမှ အလွန် သေးငယ်သော ရွှေရောင်အလင်းတန်းလေး တစ်ခုက ဝမ်မင်ယာ၏ လက်ချောင်းများဆီသို့ တရွေ့ရွေ့ လာနေသည်ကို စန်းယွန်းလီကိုယ်တိုင်ပင် သတိမထားမိလိုက်ချေ။
"ထျန်းရီဝူလည်း ဒါကို သိချင်မှာ အသေအချာပဲ…"
ဝမ်မင်ယာက ပြောရင်း သူမ ထိုင်နေသော အလောင်းပေါ်မှ ထရပ်ကာ အကြောဆန့်လိုက်သည်။ ထို့နောက် မိန်းကလေးက ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ ငွေရောင်မျက်လုံးများရှိသော မျက်နှာတစ်ခုက သူမ၏ စိတ်အာရုံတွင် ဖျတ်ခနဲ ပေါ်လာ၏။ သူမသည် မသိစိတ်ဖြင့် နှုတ်ခမ်းကို ထိတွေ့ရင်း ပြုံးလိုက်မိသည်။
"ဟုတ်တယ်... သွားကြစို့"
စန်းယွန်းလီက ခေါင်းညိတ်လိုက်၏။
မာ့ဆုကျင်း၏ မျက်နှာပေါ်တွင် အားငယ်စိတ်အချို့ ဖျတ်ခနဲ ပေါ်လာသော်လည်း သူမ အံကို တင်းတင်းကြိတ်ကာ စိတ် ပိုင်းဖြတ်လိုက်သည်။
ဝှစ်…
သူမ အထက်ကောင်းကင်သို့ တစ်ဖန် ပြန်လည် ပျံသန်းသွားပြန်၏။
စစ်တလင်းဆိုသည်မှာ သူမ လိုမျိုး ကုန်သည်တစ်ဦးအတွက် အသင့်တော်ဆုံး နေရာတော့ မဟုတ်သည်မှာ အမှန်ပင်။
…
မသိရှိခြင်း…
ထိုစကားလုံးတစ်လုံးတည်းသည်ပင် ဖီဆန်လေး၏ အရွယ်အစားနှင့် ပတ်သက်၍ ဝေ့ဝူယင်၏ နားလည်မှုကို အပြည့်အဝ ဖော်ပြနေသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ဝေ့ဝူယင်သည် သူ၏ အကြယ်တာရာ အမြုတေ အဆင့်ကိုး စမ်းသပ်မှု ဖြစ်သော 'သေမျိုးကြယ်တာရာ ပျက်သုဉ်းခြင်း ကပ်ဘေး' ကို ရင်ဆိုင်ခဲ့သည်။ ထိုစမ်းသပ်မှုအတွင်းမှာပင် 'ဖီဆန်လေး' မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။
၎င်းသည် မွေးဖွားလာစဉ်ကပင် အယ်လ်ဖာနှင့် အိုမီဂါတို့၏ အကြွင်းမဲ့ အရွယ် နေကြယ်များကို အကြိမ်ကြိမ် ဝါးမြိုခဲ့ပြီး မည်သည့်အရာနှင့်မျှ မနှိုင်းယှဉ်နိုင်သော အရွယ်အစားသို့ ကြီးထွားလာခဲ့သည်။ ၎င်း၏ တည်ရှိမှုသည် သေမျိုးတာအို၏ ကန့်သတ်ချက်များကို ကျော်လွန်ကာ ကောင်းကင်၏ ဘောင်များကို အန်တုဖီဆန်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ထူးခြားစွာ ဖီဆန်လွန်းသောကြောင့် ၎င်းကို 'ဖီဆန်ခြင်း' ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း 'ဖီဆန်လေး' သည် သူ၏ စိတ်မျက်လုံးအတွင်းရှိ ထူးခြားသော ဟင်းလင်းပြင်ထဲတွင် 'လောကချည်နှောင် နေကြယ်’ အဖြစ် အရွယ်အစား လျှော့ချလျက်သာ ရှိနေခဲ့သည်။ ဝေ့ဝူယင် မည်မျှပင် ကြိုးစားသော်လည်း ၎င်း၏ အစစ်အမှန် အရွယ်အစားကို မခန့်မှန်းနိုင်ခဲ့ပေ။
ကောင်းကင်စစ်ဝိညာဉ်၊ ပိုင်ရှုနှင့် သူ၏ ကြယ်တာရာ ဝိညာဉ် လေးခုတို့သည် ဖီဆန်လေး၏ အရွယ်အစားကို သိမြင်နိုင်သော်လည်း ဝေ့ဝူယင်မှာမူ လုံးဝ မသိရှိနိုင်ခဲ့ချေ။
ဤသို့ မသိနားမလည်မှုကြောင့်ပင် ကောင်းကင်စစ်ဝိညာဉ်က ဖီဆန်လေး မည်သည့်အခါမျှ အပြင်သို့ မထုတ်ရန် ပြင်းထန်စွာ သတိပေးခဲ့ခြင်း ဖြစ်သည်။ သူမ၏ စကားအတိုင်းဆိုလျှင် "နင် ဒါကို ဘယ်တော့မှ အပြင်ထုတ်လို့ မဖြစ်ဘူးနော်.. ထုတ်လိုက်ရင် ဒီချိပ်ပိတ် နယ်မြေ တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်… အထဲမှာရှိတဲ့ လူတိုင်း... လူတိုင်း သေသွားလိမ့်မယ်" ဟူ၍ပင်။
ထိုစဉ်က ဝေ့ဝူယင်သည် ထိုစကား၏ ဆိုလိုရင်းကို သေချာကြီး နားမလည်ခဲ့သော်လည်း ဖီဆန်လေး၏ အစွမ်းနှင့် ၎င်း၏ အပူရှိန်၊ ရောင်ခြည်တို့ကို ထိန်းချုပ်နိုင်စွမ်းရှိလာသည့်အခါတွင်မူ စိတ်ကူးတစ်ခု ရလာခဲ့သည်။
အာရုဏ်ဦး ကြယ်ကွင်းပြင် အတွင်းရှိ ယခင် ကြယ်ကွင်းပြင် အဆင့် အရွယ်အစားရှိသော နယ်မြေ တစ်ခု သို့မဟုတ် နှစ်ခုကို ရှင်းလင်းပြီး ဖီဆန်လေးကို ထိုနေရာတွင် အခြေချ စောင့်ကြပ်စေရန် ဖြစ်သည်။ ၎င်းမှာ အာရုဏ်ဦး အင်ပါယာ အတွက် အစွမ်းထက် ပုဂ္ဂိုလ်များရန်မှ အကောင်းဆုံး အကာအကွယ် ဖြစ်လာနိုင်သလို သူတော်စင်များကို မွေးထုတ်ပေးနိုင်မည့် အရင်းအမြစ်တစ်ခုလည်း ဖြစ်လာပေလိမ့်မည်။
ဤစိတ်ကူးကို သူ အချိန်အတန်ကြာ စဉ်းစားခဲ့သော်လည်း အာရုဏ်ဦး အင်ပါယာ သည် ဖီဆန်ပေါက်စနှင့်အတူ နှစ်အနည်းငယ် သို့မဟုတ် ဆယ်စုနှစ်အနည်းငယ်ကြာအောင် တည်ငြိမ်သွားသည်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့စောင့်ဆိုင်းခြင်းက သင့်တော်သော နေရာတစ်ခုကို ရှာဖွေရန်အတွက်လည်း အချိန်ပိုရစေမည် ဖြစ်သည်။
အဇူရာ မူလ ဂလက်ဆီဇုံရှိ အရပ်မျက်နှာအနှံ့ မိုင်ပေါင်း ထရီလီယံနှင့်ချီ၍ ကျယ်ပြောလှသော ကောင်းကင်ကမ္ဘာများကို မြင်တွေ့ရပြီးနောက်တွင်တော့… ဝေ့ဝူယင်သည် ကြယ်ကွင်းပြင်ဖျက် ကပ်ဘေး နှင့် ပတ်သက်သော သူ၏ အစီအစဉ်များ ပြီးဆုံးမှသာ ဖီဆန်လေးကို အသုံးပြုရန် အကောင်းဆုံးဖြစ်မည်ဟု ခံစားလိုက်ရသည်။
ထိုနေရာတွင် နေရာလွတ်များစွာ ရှိနေပါသည်။
သူသည် ကြယ်တစ်လုံး ခေတ်ကာလကို ပြန်လည် အမှတ်ရမိသည်။ ထိုခေတ်က နေမင်းတစ်စင်းတည်းကပင် ဂလက်ဆီတစ်ခုလုံး၊ အထူးသဖြင့် 'ကြယ်တစ်လုံး ဂလက်ဆီ' ကို ကာလရှည်ကြာစွာ အလင်းပေးနိုင်ခဲ့သည်ဟု ဆိုကြသည်။
ထိုနေမင်းသည် အကြွင်းမဲ့ အရွယ်အစား အဆင့်၏ အထွတ်အထိပ် အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ ၎င်းသည် သတ်မှတ်ထားသော ကန့်သတ်ချက်ကို ကျော်လွန်သွားသည့် တစ်ခုတည်းသော အကန့်အသတ်ဟု ဆိုကြပြီး အဆင့်မတက်နိုင်ဘဲ ကျဆုံးသွားခဲ့သော ကျောက်လုံ၏ ခန္ဓာကိုယ်ကြီးပင် ဖြစ်သည်။
လျှို့ဝှက် အာဏာရှင်များ သို့မဟုတ် ထိုထက် မြင့်မားသောသူများ ဖန်တီးထားသည့် အခြားသော နေကြယ်များသည် အကြွင်းမဲ့ အရွယ်အစား၏ ကန့်သတ်ချက်ကို ကျော်လွန်သွားပါက 'သေမျိုးပျက်သုဉ်းခြင်း' ဒဏ်ကို ခံစားရမည် ဖြစ်သည်။ ၎င်းသည် ထိုကဲ့သို့သော တည်ရှိမှုကို ခွင့်မပြုလိုသော သေမျိုးတာအို၏ လုံးဝဥဿုံ ငြင်းပယ်မှုပင် ဖြစ်သည်။
ထို့ပြင် 'လျှို့ဝှက်တာအို'သည်လည်း မည်သည့်အခါမျှ ဝင်ရောက် စွက်ဖက်ခြင်း မရှိပေ။ သို့သော် အမြဲတမ်းလိုလို ထူးခြားသော ခြွင်းချက်များ ရှိတတ်စမြဲပင်။
***