← Chapters

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း ၂၁၃ - နယ်မြေကူးပြောင်း အစီအရင် တည်ဆောက်ပြီးစီးခြင်း

"ဟင်"

လင်ချွမ်က သူ၏ အဖိုးတန်တပည့်လေးအပေါ် ဂရုစိုက်မှုပြသနေသည်ကို မြင်သောအခါ ဓားနတ်ဘုရားအတော်ပင် အံ့အားသင့်သွား​၏။

ဤသည်မှာ အတော်လေး ရှားပါးသောအရာပင်။

လင်ချွမ်​၏ စိုးရိမ်ပူပန်စကားများထဲတွင် လင်ယန်ရွှယ် အကြောင်း ပါဝင်နေသော်လည်း သူတို့နှစ်ဦးကြား တိုးတက်မှုအချို့ ရှိနေပုံရသည်။

လင်ချွမ်သည် ခဏမျှ ကြောင်အသွားပြီးနောက် ဓားနတ်ဘုရား၏ အဓိပ္ပာယ်ပါသော အကြည့်ကို နားလည်သွားသည်။

သူက အနည်းငယ် ပြုံးလိုက်ပြီး မည်သည့်ရှင်းလင်းချက်မျှ မပေးခဲ့ပေ။

ဓားနတ်ဘုရားက လက်လျှော့သည့်သဘောဖြင့် ပုခုံးတွန့်ပြကာ ဆက်ပြောလာ​၏။

"ချင်းရို ကတော့ သူမရဲ့ဓားနဲ့အတူ အရှေ့ပင်လယ်ကို တိုက်ရိုက်သွားပြီ"

"လင်ယန်ရွှယ်ကတော့ ဂိုဏ်းကို တာဝန်ယူဖို့ ချွမ်ရွှယ်ဂိုဏ်းကို ပြန်သွားတယ်"

"မင်မင်းဆက်က အခု အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာ"

"သိုင်းလောကက လူဆိုးအချို့တောင် လက်ပိုက်ကြည့်မနေနိုင်ကြဘူး၊ မင်းရဲ့ လွှမ်းမိုးမှုရှိတဲ့သူတွေဆိုရင် ပိုတောင် ပြောနေစရာမလိုသေးဘူး"

"ဝူတန်ရဲ့ အကြီးအကဲတွေထဲမှာတော့ အီရှီဟာရ က အရှေ့ပင်လယ်ကို ရောက်နေပြီ"

"ကျန်တဲ့သူတွေကတော့ ထွက်သွားတာ မကြာသေးတော့ လမ်းမှာပဲ ရှိဦးမယ် ထင်တယ်"

"မင်းရဲ့ နောက်ထပ် အစီအစဉ်က ဘာလဲ"

လင်ချွမ်က မျက်မှောင်ကြုတ်လိုက်ရာ သူ၏မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ဖြတ်ပြေးသွား​၏။

"ဒါပေါ့... ဂျပန်ပင်လယ်ဓားပြတွေကို ရှင်းရမှာပေါ့"

"ဒါပေမဲ့ အဲဒီမတိုင်ခင် စမ်းသပ်မှုလေးတစ်ခုလုပ်ဖို့ နောက်ထပ် တစ်ရက်လောက် စောင့်ဖို့ လိုသေးတယ်"

...

လင်ချွမ်လုပ်ဆောင်မည့် စမ်းသပ်မှုမှာ နယ်မြေကူးပြောင်း၊ ရွှေ့ပြောင်းခြင်း အစီရင်အတွက်ဖြစ်သည်။

ဝူတန်တောင်အောက်ရှိ ဟင်းလင်းပြင်မှာ ပျက်စီးသွားပြီဖြစ်သလို အတားအဆီးကိုလည်း အာရုံခံ၍ မရတော့ပေ။

ကြယ်တာရာလက်မှုပညာရှင် နယ်မြေ အတွင်းရှိ နယ်မြေ ကူးပြောင်းအစီရင်သည်လည်း သဘာဝအတိုင်း မတည်ရှိတော့ပေ။

သို့သော် ထွက်ပေါက်သာ ပျောက်ကွယ်သွားခြင်းဖြစ်ပြီး အဝင်ပေါက်မှာ ကျန်ရှိနေသေးသည်။

လင်ချွမ်သည် ဂူအတွင်းသို့ ပြန်သွားပြီး မျက်နှာပြင်ပေါ်ရှိ မှေးမှိန်ခြောက်သွေ့နေသော ပုံစံကားချပ်များကို ကြည့်ကာ စိတ်ထဲတွင် ခံစားချက်အမျိုးမျိုး ဖြစ်ပေါ်နေသည်။

သူသည် အစီရင်ပြားအောက်ရှိ အပေါက်ကို စမ်းသပ်ကြည့်ရာ အသုံးပြုပြီးသား ပုံဆောင်ခဲကျောက်တုံးများကို တွေ့ရသည်။

၎င်းတို့ကို ဆွဲထုတ်လိုက်သောအခါ စွမ်းအင်အပြည့်ရှိသေးသည့် ကျောက်တုံးနှစ်တုံးကို အထဲတွင် တွေ့လိုက်ရသဖြင့် လင်ချွမ် အံ့အားသင့်ကာ ဝမ်းသာသွား​၏။

ဤသည်မှာ မမျှော်လင့်ဘဲရရှိသော လက်ဆောင်ပင်။

သူ ပထမဆုံးဝင်လာစဉ်က နောက်ဆက်တွဲ ပြဿနာများမဖြစ်စေရန် ၎င်းကို ဖြုတ်ယူဖို့ မကြိုးစားခဲ့ပေ။

ယခုမူ ၎င်းနှင့် ချိတ်ဆက်ထားသော အစီရင်မှာ ပျက်စီးသွားပြီဖြစ်သဖြင့် စိုးရိမ်နေစရာ အကြောင်းမရှိတော့ပေ။

လင်ချွမ်က ခဏမျှ စဉ်းစားပြီးနောက် စွမ်းအင်ပြည့် ပုံဆောင်ခဲကျောက်တုံးကို အသစ်တစ်ခုနှင့် လဲလှယ်လိုက်သည်။

ထို့နောက် ဘေးနားရှိ မြေကွက်လပ်သို့ လျှောက်သွားကာ သူယူဆောင်လာသော ကျောက်ပြားများကို အတွင်းအားအသုံးပြု၍ ပုံစံတူဖြတ်တောက်ပြီး မြေပြင်ပေါ်တွင် ချထားလိုက်​၏။

သူ၏ စိတ်ထဲတွင် အစီရင်ပုံရိပ်ကို ခဏမျှ ပြန်လည်အမှတ်ရအောင် လုပ်ပြီးနောက် လင်ချွမ်သည် သူ၏လက်ချောင်းကို ကျောက်ပြားပေါ်သို့ အသာအယာ တင်လိုက်သည်။

ထို့နောက် အတွင်းအားများကို စုစည်းကာ အောက်သို့ ဖိနှိပ်လိုက်ရာ လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာ​၏။

ဖုန်မှုန့်များမှာ လိုဏ်ခေါင်း၏ ဘေးတစ်ဖက်တစ်ချက်သို့ လွင့်စင်သွားပြီး ကျောက်ပြားမျက်နှာပြင်ပေါ်တွင် ပုံကျနေသည်။ ကျောက်ပြားမျက်နှာပြင်မှာ ချက်ချင်းပင် အက်ကြောင်းရာများ ထင်ကျန်ရစ်ကာ ချိုင့်ဝင်သွားသည်။

"အားစိုက်မှုက ကွက်တိပဲ"

လင်ချွမ်က သူ့ဘာသာရေရွတ်ရင်း အသက်ကို ပြင်းပြင်းရှူကာ လက်ချောင်းများဖြင့် ကျောက်ပြားပေါ်တွင် ပုံစံကားချပ်များကို လျင်မြန်စွာ စတင်ရေးဆွဲတော့သည်။

သူ ဆွဲလိုက်သော လိုင်းတိုင်းမှာ အလွန်ပင် သဘာဝကျပြီး အားစိုက်မှုမှာလည်း အံကိုက်ပင်။

လက်ချောင်းဖြင့် ဆွဲနေခြင်းဖြစ်သော်လည်း သူဖန်တီးလိုက်သော ပုံစံများမှာ ပျက်စီးသွားခဲ့သည့် နယ်မြေ ကူးပြောင်းအစီရင်အတိုင်း တစ်ထပ်တည်းကျနေသည်။

လိုင်းတစ်ခုချင်းစီ၊ စာလုံးတစ်ခုချင်းစီနှင့် အမှတ်အသားတိုင်းမှာ အတူတူပင်။

သူ၏ စိတ်စွမ်းအင် ထက်ဝက်ကို ပုံရိပ်ကို ထိန်းသိမ်းရန် အာရုံစိုက်ထားပြီး လင်ချွမ်သည် မျက်လုံးများကို မှိတ်ကာ သူ၏ လက်ချောင်းများကို လှုပ်ရှားနေသည်။

ထွင်းထုနေစဉ်အတွင်း သူ၏ အတွင်းအားများက တိုးတိတ်စွာ စီးဆင်းနေပြီး သူဆွဲလိုက်သော နေရာတိုင်းမှာ လင်းထိန်လာသည်။

၎င်းသည် ခြောက်သွေ့နေသော မြစ်ကြမ်းပြင်တွင် ရေပြန်လည် စီးဆင်းလာသကဲ့သို့ပင်။

အစီရင်သည် တဖြည်းဖြည်း လင်းထိန်လာသည်။

ဤဖြစ်စဉ်အတွင်း လင်ချွမ်​၏ အစီရင်များအပေါ် နားလည်မှုမှာ ပိုမိုနက်ရှိုင်းလာပြီး ရေးဆွဲရာတွင်လည်း ပို၍ ကျွမ်းကျင်လာသည်။

နောက်ပိုင်းတွင် သူသည် အသိစိတ်ဖြင့် အားစိုက်နေစရာ မလိုတော့ပေ။

လက်ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ပုံစံတူကို အပြည့်အဝ ဖန်တီးနိုင်လာသည်။

အတော်ကြာပြီးနောက် လင်ချွမ်သည် လက်ချောင်းကို ရပ်လိုက်ပြီး နာကျင်နေသော လက်ကောက်ဝတ်ကို လေထဲတွင် ခါယမ်းလိုက်သည်။

ထိုခဏ၌ပင် အားကောင်းသော လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ကျောက်ပြားပေါ်ရှိ ဖုန်မှုန့်များကို သန့်စင်ပေးလိုက်ရာ အလင်းရောင် အပြည့်ထွက်နေသော အစီရင်ကြီး ပေါ်ထွက်လာလေ​၏။

"နောက်တစ်ခုကတော့ စွမ်းအင်ပဲ"

လင်ချွမ်က ရေရွတ်ရင်း သူ၏လက်များကို ဆက်လက်လှုပ်ရှားနေသည်။

သူသည် ကျောက်ပြားကို ထွင်းထုစဉ်ကတည်းက အောက်ခြေရှိ ကျောက်တုံးထည့်ရမည့်နေရာနှင့် ၎င်း၏ ဖွဲ့စည်းပုံကို အပြည့်အဝ ပုံတူကူးထားပြီးသားဖြစ်သည်။

အခု သူလုပ်ရမှာက ပုံဆောင်ခဲကျောက်တုံးကို ထည့်သွင်းဖို့ပဲ ဖြစ်သည်။

ပုံဆောင်ခဲကျောက်တုံးကို မြှုပ်နှံလိုက်သည့် ခဏ၌ပင် အစီရင်ပြားပေါ်ရှိ အလင်းတန်းများမှာ ရုတ်တရက် လည်ပတ်လာ​၏။

အသက်ဝင်နေသော မြွေငယ်လေးများသကဲ့သို့ အလင်းတန်းများ စီးဆင်းသွားပြီးနောက် အစီရင်ပြားတစ်ခုလုံး အလွန်တောက်ပစွာ လင်းထိန်သွားသည်။

လင်ချွမ်က ၎င်းအပေါ်သို့ တက်လိုက်သောအခါ သူ၏ရှေ့မှ ဟင်းလင်းပြင်မှာ ပုံပျက်သွားပြီး အမြင်များ ဝေဝါးသွားသည်။

ကောင်းကင်နှင့် မြေကြီးမှာ လည်ပတ်နေသကဲ့သို့ဖြစ်ပြီး အချိန်နှင့် ဟင်းလင်းပြင်မှာလည်း ပြောင်းလဲသွားပုံရသည်။

အရာအားလုံး ပြန်လည် ကြည်လင်လာသောအခါ သူသည် အခြား အစီရင်ပြားတစ်ခုပေါ်တွင် ရောက်ရှိနေပြီ။

"အောင်မြင်သွားပြီ"

လင်ချွမ်သည် တိုးတိုးလေး ရယ်မောလိုက်ပြီး သူ၏အပြုံးမှာ ပို၍ နက်ရှိုင်းလာသည်။

...

အမည်မသိ ချိုင့်ဝှမ်းတစ်ခုတွင် ချန်အာကောသည် ၃၅ ဆင့်မြောက် လှေကားထစ်ပေါ်တွင်ရပ်နေပြီဖြစ်သည်။

ယခုအချိန်တွင် သူသည် တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေပြီး အဝတ်အစားများမှာလည်း စုတ်ပြတ်သတ်နေကာ ကျန်ရှိသော အဝတ်စအနည်းငယ်မှာ သူ၏အရှက်ကို ဖုံးကွယ်ရန်ပင် မလုံလောက်တော့ပေ။

သူ၏ ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ခြေလက်များတွင် သွေးများ စီးကျနေသော ဒဏ်ရာပေါင်း ရာနှင့်ချီ၍ ရှိနေသည်။

သို့သော် ချန်အာကောက ထိုအရာများကို ဂရုမစိုက်ပေ။

သူက သွားကို တင်းတင်းစေ့ကာ စိတ်ကို အစွမ်းကုန် စုစည်းထားသော်လည်း မနည်းပင် ဟန်ချက်ထိန်းနေရသည်။

နောက်ထပ် ခြေတစ်လှမ်း ထပ်တိုးချင်သော်လည်း သူ မတတ်နိုင်တော့ပေ။

"ဘုန်း"

၁၀ မိနစ်ကျော်ကြာ တောင့်ခံပြီးနောက် ထစ်ခနဲ အသံတစ်ခု ထွက်ပေါ်လာပြီး တင်းနေသော စပရင်တစ်ခု ပြုတ်ထွက်သွားသလို ခံစားလိုက်ရသည်။

ထို့နောက် သူသည် လှေကားထစ်ပေါ်မှ လွင့်စဉ်ကျသွားပြန်​၏။

ချန်အာကောသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး နာကျင်မှုကြောင့် အံကို တင်းတင်းကြိတ်ထားရသည်။

သူ၏ အဆစ်အမြစ်များမှာ သွေးများဖြင့် စိုရွှဲနေပြီး ပြန်ထရန် အလွန်ခက်ခဲနေသည်။

"ဟူး... ဟူး..."

သူသည် အသက်ကို ပြင်းပြင်းရှူနေရပြီး ခဏမျှ ထိုင်နေပြီးနောက် မျက်နှာအနည်းငယ် ပြန်ကောင်းလာသည်။

ထို့နောက် ဘေးနားရှိ တောရိုင်းတိရစ္ဆာန် အကောင်ပုပ်တစ်ခုကို လှမ်းယူကာ ဝါးမျိုစားသောက်တော့သည်။

အသားနှင့် သွေးများကို မျိုချလိုက်ရာ လတ်ဆတ်သော သွေးများသည် သူ၏ နှုတ်ခမ်းထောင့်နှင့် မေးစေ့တွင် ကပ်ငြိနေပြီး ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ပေါင်ပေါ်သို့ စီးကျနေ​၏။

အကယ်၍ အခြားသူများက ဤရိုင်းစိုင်းပြီး သွေးဆာနေသော ပုံစံကို မြင်လျှင် သူ့ကို လူရိုင်းတစ်ယောက်ဟု အထင်မှားကြပေလိမ့်မည်။

သို့သော် ချန်အာကောက ဂရုမစိုက်ပေ။

ဤဖြစ်စဉ်အတွင်း သူ၏ အတွင်းအားများ အနည်းငယ် ပြန်လည် ပြည့်ဝလာသည်ကို ခံစားရသလို သူ၏ အသားနှင့် သွေးများမှာလည်း အစဉ်မပြတ် ပြန်လည် ကောင်းမွန်လာသည်။

အတွင်းအား ကျင့်စဉ်မှာ သူ့ဘာသာသူ လည်ပတ်နေပြီး ဝူတန်ဂိုဏ်း၏ စစ်မှန်သော ကျင့်စဉ်အတိုင်း သူ၏ ခန္ဓာကိုယ်ပြင်ပနှင့် အတွင်းပိုင်းရှိ ဒဏ်ရာများကို လျင်မြန်စွာ ပြုပြင်ပေးနေသည်။

သူ၏ ခန္ဓာကိုယ်မှ အားကောင်းသော စွမ်းအင်များ ထွက်ပေါ်လာပြီး အတက်အကျ ဖြစ်နေကာ နောက်ဆုံးတွင် အတားအဆီးကို ချိုးဖျက်လိုက်သကဲ့သို့ အရပ်မျက်နှာ အနှံ့သို့ ပေါက်ကွဲထွက်သွား​၏။

မြေပြင်ပေါ်ရှိ မြက်ပင်နှင့် သစ်ပင်များမှာ ချက်ချင်းပင် ဖုန်မှုန့်အဖြစ် ကြေမွသွားပြီး လေထဲသို့ လွင့်ပျံ့သွားသည်။

၎င်းမှာ ကောင်းကင်နှင့် မြေကြီး၏ ဂုဏ်ပြုဆုတောင်းသံများကဲ့သို့ပင်။

ဤအခိုက်အတန့်တွင် ချန်အာကောသည် စတုတ္ထအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး စစ်မှန်သော ကျင့်ကြံသူများ အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ရှေ့တွင်ရှိသော သွေးစွန်းနေသည့် လှေကားထစ်များကို မော့ကြည့်ရင်း ချန်အာကောက ပြုံးလိုက်​၏။

သူ၏ နှုတ်ခမ်းတွင် သူကိုယ်တိုင်၏ သွေးများနှင့် တောရိုင်းတိရစ္ဆာန်၏ သွေးများဖြင့် ပြည့်နှက်နေသည်။

ထိုအပြုံးကို ကြည့်ကောင်းသည်ဟု မပြောနိုင်ပေ။

အမှန်စင်စစ် သွေးများကြားတွင် ထိုအပြုံးမှာ ကြောက်မက်ဖွယ် ကောင်းနေသည်။

သို့သော် မည်သို့ပင်ဖြစ်စေ... ယနေ့တွင် ချန်အာကောသည် သန်မာသောသူတစ်ယောက် ဖြစ်လာမည့် လမ်းကြောင်းပေါ်သို့ မှန်ကန်စွာ စတင် လျှောက်လှမ်းနေပြီပင်။

အခန်း ၂၁၄ - ရေကြောင်းတိုက်ပွဲ

အရှေ့တရုတ်ပင်လယ်၏ တစ်နေရာတွင် လူသူမနီးသော ကျွန်းငယ်လေးတစ်ကျွန်း ရှိလေသည်။

ထိုကျွန်းမှာ သက်ရှိသတ္တဝါနှင့် သတ္တုတွင်းထွက်များ လုံးဝမရှိသည့် ကျောက်ဆောင်ထူထပ်သော ကျွန်းဖြစ်သဖြင့် ပုံမှန်အားဖြင့် မည်သည့်နိုင်ငံကမျှ အလေးထားမည်မဟုတ်ပေ။

သို့သော် ယခုအခါ ဂျပန်ပင်လယ်ဓားပြများနှင့် မင်မင်းဆက်တို့ စစ်ဖြစ်ပွားနေချိန်ဖြစ်ရာ ဤနေရာသည် စစ်မီးတောက်ရာဇုန်အတွင်း ပါဝင်လာခဲ့​၏။

ထို့ကြောင့် လူသူကင်းမဲ့သော ဤကျွန်းသည် ရုတ်တရက် အလွန်အရေးပါသည့် နေရာတစ်ခု ဖြစ်လာတော့သည်။

အမှန်စင်စစ် ဤနေရာသည် အချက်အချာကျလွန်းသောကြောင့်ပင်။

နိုင်ငံနှစ်ခု ရေကြောင်းစစ်ပွဲ ဆင်နွှဲရာတွင် တိုက်ပွဲ၏သဘာဝမှာ ကုန်းကြောင်းနှင့် လုံးဝကွဲပြားသည်။

ကုန်းကြောင်းတွင် စစ်တပ်များသည် နည်းဗျူဟာမျိုးစုံသုံး၍ တပ်ဖြန့်ခြင်း၊ တိုက်ခိုက်ခြင်းများ ပြုလုပ်နိုင်သလို အင်အားတောင့်တင်းသော စစ်သည်များဖြင့် ရန်သူ့စခန်းကို အတင်းအဓမ္မ ထိုးဖောက်နိုင်သည်။

သို့သော် ပင်လယ်တွင်မူ အခြေအနေက တခြားစီပင်။

ပျံသန်းနိုင်သည့် အစွမ်းထက်ပုဂ္ဂိုလ် အနည်းငယ်မှလွဲ၍ ကျန်ရှိသော စစ်သည်များနှင့် သိုင်းပညာရှင်များသည် အခြေခံအားဖြင့် မပျံသန်းနိုင်ကြပေ။

၎င်းတို့ ပင်လယ်တွင် တိုက်ခိုက်လိုပါက သင်္ဘောများနှင့် ကျွန်းစုများကိုသာ အားကိုးရမည်။

မင်မင်းဆက်၏ စစ်သင်္ဘောများတွင် ရိက္ခာထောက်ပံ့ရေး သင်္ဘောများ သီးသန့်ပါရှိသော်လည်း ပင်လယ်ပြင် ရိက္ခာထောက်ပံ့မှုမှာ အကန့်အသတ်ရှိပြီး တိုက်ပွဲများမှာလည်း တစ်ညတည်းနှင့် အနိုင်ရနိုင်သောအရာ မဟုတ်ပေ။

ထို့ကြောင့် နားခိုရာစခန်းတစ်ခု လိုအပ်သည်။

ပထဝီဝင်အနေအထားအရ အားသာချက်ရှိသောကြောင့် 'လင်ထျန်း' ဟု အမည်ရသည့် ဤကျွန်းသည် နှစ်ဖက်တပ်များအကြား အဓိကလုယက်ရာနေရာ ဖြစ်လာခဲ့သည်။

မည်သည့်ဖက်ကမျှ အသာစီးရနိုင်သော နေရာကို ရန်သူ့လက်ထဲ မထည့်လိုကြသဖြင့် ကျွန်းအပြင်ဘက်မှနေ၍ အပြန်အလှန် ဟန့်တားဖြတ်တောက်မှုများ စတင်ပြုလုပ်ခဲ့ကြသည်။

ဤသို့ဖြင့် ရေကြောင်းတိုက်ပွဲ စတင်လေတော့သည်။

"ဝုန်း"

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးက ကောင်းကင်ယံ၌ ဟိန်းထွက်သွားပြီး ဘတ်စကက်ဘောအရွယ်အစားရှိ အမြောက်ကျည်ဆန်များသည် မီးတောက်များနှင့်အတူ ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ရန်သူ့သင်္ဘောအုပ်စုဆီသို့ တရစပ် ပစ်လွှတ်လိုက်သည်။

အမြောက်သံများ ဆက်တိုက်ပေါက်ကွဲနေစဉ်အတွင်း ဓားအလင်းတန်းအချို့ လက်ခနဲ ဖြစ်သွားပြီး ပြင်းထန်သော ဓားစွမ်းအင်များကို ထုတ်လွှတ်လိုက်​၏။

တစ်ခဏအတွင်းမှာပင် ထိုအမြောက်ကျည်ဆန်များမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့သည်။

ဓားစွမ်းအင် ထိမှန်သည့်အချိန်မှစ၍ ၎င်းတို့သည် အတွင်းဘက်သို့ ချိုင့်ဝင်သွားကာ ဖရဲသီးများကဲ့သို့ လေထဲတွင် ကွဲအက်ကုန်သည်။

လေးလံသော သံတုံးကြီးများသည် ပုံသဏ္ဌာန်မျိုးစုံ ပျက်ယွင်းကာ ပင်လယ်ထဲသို့ ကျဆင်းသွားကြသည်။

ဓားသိုင်းသမားများအပြင် ခန္ဓာကိုယ်အစွမ်း အလွန်ထက်မြက်သော ပညာရှင်အချို့သည်လည်း စစ်သင်္ဘောများပေါ်မှ ခုန်တက်ကာ လေထဲတွင် ၎င်းတို့၏ သိုင်းကွက်များကို အသုံးပြုပြီး အမြောက်ကျည်များကို ဖျက်ဆီးပစ်နေကြသည်။

တစ်ချိန်တည်းမှာပင် မင်တပ်ဖွဲ့ကလည်း ပြန်လည်တိုက်စစ်ဆင်သည်။

နားကွဲမတတ် အသံကြီးနှင့်အတူ စွမ်းအားပြင်းသော သေနတ်များ၊ လက်နက်များက ဂျပန်ပင်လယ်ဓားပြများထက် ပိုမိုပြင်းထန်သော တိုက်ကွက်ကို ဖော်ဆောင်လိုက်သည်။

သို့သော် ထိုတိုက်ခိုက်မှုများကိုလည်း ဂျပန်ဖက်မှ ကျွမ်းကျင်ပညာရှင်များက ပြန်လည်ခုခံကြ​၏။

အချိန်အတော်ကြာသည်အထိ တိုက်ပွဲမှာ အခြေအနေ တန့်နေခဲ့သည်။

"တောက်...ဒီဓားပြတွေနဲ့ အချိန်ဖြုန်းနေလို့ ဘာထူးမှာလဲ"

"သင်္ဘောပေါ်ကိုပဲ အတင်းဝင်တိုက်လိုက်တာ ပိုကောင်းမယ်"

တိုက်ပွဲ အခြေအနေ တန့်နေသည်မှာ ကြာလာသောအခါ သိုင်းပညာရှင်အများစုမှာ စိတ်မရှည်ဖြစ်လာကြသည်။

၎င်းတို့အတွက်မူ လက်ချင်းယှဉ်တိုက်ပွဲသာလျှင် အနိုင်ရမည့် နည်းလမ်းဖြစ်ပြီး အမြောက်ချင်း လှမ်းပစ်နေခြင်းမှာ အဓိပ္ပာယ်မရှိဟု ယူဆကြသောကြောင့်။

ထိုသူ၏ အပေါင်းအပါများကလည်း တစ်ပြိုင်နက် ဟစ်ကြွေးကာ နောက်ကွယ်ရှိ သင်္ဘောငယ်ဆီသို့ လိုက်ပါခုန်ဆင်းသွားကြသည်။

မင်စစ်သင်္ဘောကြီးများ၏ နောက်ကွယ်တွင် ရိက္ခာလှေငယ်များနှင့် ထောက်ပံ့ရေးပစ္စည်းများစွာ ရှိနေသည်။ ထိုပစ္စည်းများသည် ထောက်ပံ့ရေးအတွက်သာမက အရေးကြီးသောအချိန်တွင် အလစ်အငိုက်တိုက်ခိုက်ရန်အတွက်လည်း အသုံးပြုသည်။

"အချင်းချင်းတို့၊ စိတ်လိုက်မာန်ပါ မလုပ်ကြပါနဲ့! ငါတို့ စစ်မိန့်ကို နာခံပြီး စီမံကိန်းအတိုင်း လုပ်ဆောင်ရမယ်..."

၎င်းတို့၏ လုပ်ရပ်ကို မြင်သောအခါ ရှောင်လင်ဘုန်းကြီးတစ်ပါးမှာ ထိတ်လန့်သွားပြီး ချက်ချင်းပင် အော်ဟစ်တားမြစ်လိုက်သည်။

"ထွီး...ဘာစစ်မိန့်လဲ! ငါ ဒါမျိုး တစ်ခါမှ မကြားဖူးဘူး"

"မိန်းမတွေလို အချိန်ဆွဲနေရတာ ရှက်စရာကြီး"

"ဟေး ဘုန်းကြီး... သေချာကြည့်ထားလိုက်၊ ငါတို့ အဲဒီကို ရောက်သွားတာနဲ့ အဲဒီသင်္ဘောကို မှောက်လိုက်မယ်"

ထိုသူများက စကားနားမထောင်သည်ကို မြင်သောအခါ ဘုန်းကြီးမှာလည်း ဆက်သွယ်ပြောဆိုရန်မှတစ်ပါး အခြားမရှိတော့ပေ။

သို့သော် ရန်သူ့အမြောက်ကျည်များ၏ ပြင်းထန်မှုကြောင့် သူကိုယ်တိုင်လည်း မအားမလပ် ဖြစ်နေရသည်။

ထိုသို့ အချိန်အနည်းငယ် ကြန့်ကြာနေစဉ်အတွင်း ဓားသမားအချို့သည် သင်္ဘောအုပ်စု၏ အနောက်ဘက်သို့ ရောက်ရှိသွားပြီ။

၎င်းတို့သည် အတွင်းအားကို အသုံးပြု၍ လေဓားများဖန်တီးကာ ကြိုးများကို ဖြတ်တောက်ပြီး လှေငယ်တစ်စင်းပေါ်သို့ ခုန်တက်လိုက်ကြသည်။

ထို့နောက် အတွင်းအားကို ရေမျက်နှာပြင်သို့ ပို့လွှတ်လိုက်ရာ ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းကြောင့် လှေငယ်မှာ အရှိန်ပြင်းစွာ ရှေ့သို့ ပြေးထွက်သွားတော့​၏။

ဤသို့ဖြင့် အစွမ်းထက် သိုင်းသမားများ တင်ဆောင်လာသော လှေငယ်သည် သင်္ဘောအုပ်စု၏ ညာဘက်ခြမ်းမှနေ၍ ဂျပန်ပင်လယ်ဓားပြများဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားလေသည်။

စစ်သင်္ဘောအုပ်စု၏ အလယ်ဗဟိုရှိ စစ်သင်္ဘောတစ်စင်းပေါ်တွင် ဝေ့ဝမ် သည် တိုက်ပွဲကို ကြီးကြပ်နေသည်။

သူ၏ အကြည့်မှာ ရန်သူ့သင်္ဘောများကြားရှိ အစွမ်းထက်ပုဂ္ဂိုလ်များ၏ အငွေ့အသက်ကို အမြဲမပြတ် စောင့်ကြည့်ရှာဖွေနေသည်။

ထိပ်တန်းပညာရှင်များ ဖြစ်သည့်အတွက် ၎င်းတို့သည် အောက်ခြေစစ်သည်များကို တိုက်ခိုက်ရန် မလိုအပ်ပေ။

ပထမအဆင့် တစ်ဦးအနေဖြင့် သာမန်စစ်သည်များကို အလွယ်တကူ ချေမှုန်းနိုင်သော်လည်း ပထမအချက်မှာ သိက္ခာပိုင်းအရ ရှက်စရာဖြစ်ပြီး ဒုတိယအချက်မှာ တစ်ဖက်ကလည်း ထိုသို့ ပြန်လည်ပြုလုပ်လာနိုင်သောကြောင့်။

ထိုသို့ဖြစ်ပါက နှစ်ဖက်စလုံး စစ်သည်များသာ ဆုံးရှုံးမည်ဖြစ်ပြီး စစ်ပွဲက ပြီးဆုံးမည်မဟုတ်ပေ။

ထို့ကြောင့် စစ်မြေပြင်တွင် နှစ်ဖက်စလုံးမှ အဆင့်မြင့်တိုက်ခိုက်ရေးသမားများသည် တစ်ဦးနှင့်တစ်ဦး အကဲခတ်ရင်း ငြိမ်သက်နေကြခြင်း။

သို့သော် ဝေ့ဝမ်မှာမူ အခြားသူများနှင့်မတူဘဲ သူသည် ထိပ်တန်းပညာရှင်တစ်ဦးသာမက စစ်ပွဲတစ်ခုလုံး၏ စစ်သေနာပတိလည်း ဖြစ်သည်။

ထို့ကြောင့် အောက်ခြေတွင် လူအချို့ လှေဖြင့် ကိုယ်ထင်ရာကိုယ်စိုင်း တိုက်ခိုက်ရန် ထွက်သွားသည်ကို မြင်သောအခါ သူ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။

ဝေ့ဝမ်က တိုးတိုးလေး ဆဲရေးလိုက်ပြီး သူ၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေသည်။

သူ၏ဘေးတွင် ရပ်နေသော စွန်းပုဝေ ကလည်း အခြေအနေကို သတိပြုမိပြီး ဝေ့ဝမ်ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

သူသည် စစ်ဗျူဟာများကို နားမလည်သဖြင့် မေးမြန်းလိုက်​၏။

"ဗိုလ်ချုပ်ဝေ့... သိုင်းလောကသားတစ်ယောက်က ရဲရဲဝံ့ဝံ့နဲ့ ရန်သူ့စခန်းကို ထိုးဖောက်တိုက်ခိုက်တာဟာ ကောင်းတဲ့အချက် မဟုတ်ဘူးလား"

"ကျွန်တော့်အမြင်အရတော့ အခုလို အခြေအနေ တန့်နေတာက သတ္တိရှိတဲ့ လုပ်ရပ်မဟုတ်ဘူး"

ဝေ့ဝမ်က သက်ပြင်းချလိုက်ပြီး ရှင်းပြသည်။

"ဆရာစွန်း... စစ်မြေပြင်ဆိုတာ သိုင်းလေ့ကျင့်တဲ့ နေရာမဟုတ်ဘူး"

"ဒီနေရာမှာ လူတွေ သေကြမှာ၊ သိုင်းပညာရှင်တွေနဲ့ ဂိုဏ်းကြီးတွေက ဒီလို ဖြည်းဖြည်းချင်း တိုက်နေတာကို အထင်သေးကြတယ်ဆိုတာ ကျွန်တော်သိပါတယ်"

"ဒါပေမဲ့ တကယ့်တိုက်ပွဲကြီး ဖြစ်လာရင် ဘာဖြစ်မလဲဆိုတာ ခင်ဗျား စဉ်းစားဖူးသလား"

စွန်းပုဝေမှာ ဇဝေဇဝါ ဖြစ်နေဆဲဖြစ်သည်ကို မြင်သောအခါ ဝေ့ဝမ်က ထိုနေရာသို့ ပြေးထွက်သွားသော လူအုပ်စုကို လက်ညှိုးထိုးပြရင်း ထပ်မံသက်ပြင်းချကာ ပြောလိုက်သည်။

"အဲဒီလူတွေ အကုန် သေပြီ"

"ဘာကို ဆိုလိုတာလဲ"

ဝေ့ဝမ် စကားအဆုံးတွင် စွန်းပုဝေ၏ မျက်နှာမှာ တောင့်တင်းသွားပြီး အမူအရာမှာလည်း လေးနက်သွားတော့သည်။

ထိုခဏ၌ ဂျပန်ဖက်မှ အမြောက်အချို့သည် တစ်ပြိုင်နက် လှည့်လာပြီး အမြောက်ကျည်ဆန် ဒါဇင်ဝက်ခန့် ပေါက်ကွဲထွက်လာသည်။

ထိုကဲ့သို့ လှေငယ်လေးမှာ အမြောက်ကျည်၏ ရိုက်ခတ်မှုကို မည်သို့မျှ မခံနိုင်ပေ။

၎င်းတို့အဖွဲ့၏ အင်အားနှင့်ဆိုလျှင် ထိုတိုက်ခိုက်မှုအားလုံးကို ဖျက်ဆီးရန် မလုံလောက်ပေ။

ကံကောင်းသည်မှာ ၎င်းတို့၏ ပစ်မှတ်မှာ သေးငယ်သဖြင့် အမြောက်ကျည် အနည်းငယ်ကိုသာ ကာကွယ်ရန် လိုအပ်ခြင်း။

ချန်ယွမ်၊ ကျန်းဖန် နှင့် စွန်းနန်ချိုက် တို့ အုပ်စုက ထိုသို့ပင် ပြုလုပ်ခဲ့ကြသည်။

ပဉ္စမအဆင့်ခန့်ရှိသော စွမ်းအားဖြင့် အမြောက်ကျည်ကို တိုက်ရိုက်မဖျက်ဆီးနိုင်သော်လည်း လမ်းကြောင်းလွဲအောင် လုပ်နိုင်ကြသည်။

အမြောက်ကျည်အချို့ကို တားဆီးနိုင်သည်ကို မြင်သောအခါ ချန်ယွမ်နှင့် သူ၏အပေါင်းအပါများ စိတ်သက်သာရာ ရသွားကြသည်။

၎င်းတို့အပေါ် ကျရောက်လာသော အမြောက်ကျည်မှာ ၁၀ လုံးကျော်ခန့် ရှိသော်လည်း တကယ်တမ်း ခြိမ်းခြောက်မှုဖြစ်စေသည်မှာ ၃ လုံး၊ ၄ လုံးခန့်သာ ရှိပြီး ကျန်ရှိသော အမြောက်ကျည်များမှာ လှေဘေးရှိ ရေထဲသို့သာ ကျရောက်သွားတော့​၏။

၎င်းမှာ သူတို့အတွက် ထိခိုက်မှုမရှိပေ။

သို့သော် ထိုအချိန်၌ပင် ထူးဆန်းသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားလာတော့သည်။

All Chapters