← Chapters

အခန်း (၃၂၃-၃၂၄)

Vol. 24 Ch. 323-324

အခန်း (၃၂၃-၃၂၄)

Vol. 24 Ch. 323-324

အပိုင်း(၃၂၃)

‘အဇီးမှာ တရုတ်အိမ်ချက်ဟင်းလျာတွေနဲ့ ဆင်တူတဲ့ ဟင်းချက်နည်းမျိုး သိပ်မရှိဘူး… ဒါကြောင့် ဒီလောကသားတွေအတွက်တော့ ဒါဟာ တကယ့်ကို ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေ ဖြစ်နေမှာ အသေအချာပဲ…”

လင်ကျဲသည် မိမိဘာသာ ရေရွတ်ရင်း ဟင်းချက်နည်းစာအုပ်ကို တလှန်လှောကြည့်နေမိသည်။

"ဟင်းချက်တဲ့ နေရာမှာ သုံးတဲ့ ပါဝင်ပစ္စည်း အများစုကိုလည်း ဒီမှာ အလွယ်တကူ ရနိုင်တယ်၊ မရှိတာလေးတွေကိုလည်း တခြားဟာနဲ့ အစားထိုးလိုက်လို့ ရတာပဲ… ပြီးတော့ ဒီအခန်းလေးတွေကို နည်းနည်းလောက် ပြင်လိုက်ရင်..."

သူ့လက်ထဲမှ စာအုပ်သည် ရောင်စုံရိုက်နှိပ်ထားခြင်း ဖြစ်ရာ ဖတ်ရှုသူများအဖို့ အဖြူအမဲပုံရိပ်များကို ကြည့်ပြီး ချက်ပြုတ်ရသည့် ဒုက္ခမှ ကင်းဝေးစေမည်ဖြစ်သည်။ ဤအချက်ကပင် စာအုပ်၏ ဆွဲဆောင်မှုကို တမုဟုတ်ချင်း မြင့်တက်လာစေလိမ့်မည်ဟု လင်ကျဲ အတတ်ဟောရဲသည်။ သူ ရွေးထုတ်ထားသည့် စာအုပ်ပုံကြီးထဲတွင် ဤစာအုပ်သည် အရောင်းရဆုံးစာရင်းဝင် ဖြစ်လာလိမ့်မည်ဟုလည်း အလိုလို သိနေမိသည်။

"ဖြန့်ချီခွင့် ပေးလိုက်တာ တကယ့်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ… အရင်က မရောင်းရဘဲ ပုံနေတဲ့ စာအုပ်တွေအတွက် အခုတော့ ထွက်ပေါက်တစ်ခု ရပြီပေါ့… ကိုယ့်ဘာသာ စိတ်ပူနေစရာလည်း မလိုတော့ဘူး… ငါ့ရဲ့ ငွေရေးကြေးရေး အကျပ်အတည်းတွေလည်း ပြေလည်တော့မှာပါပဲ"

သူသည် စာအုပ်ငါးအုပ်ကို တစ်စုတစ်စည်းတည်း ဖြစ်အောင် ချည်နှောင်လိုက်ပြီး ကျေနပ်အားရစွာ ပုတ်လိုက်သည်။ ဤပထမအသုတ်အတွက် လင်ကျဲသည် အမျိုးအစားစုံလင်အောင် ပြင်ဆင်ထားသည်။ စာအုပ်ဆိုင်၏ အမှတ်တံဆိပ်ကိုသာ ရိုက်နှိပ်လိုက်လျှင် (ယခုထက်တိုင် ဆိုင်အမည် မရှိသေးသော်လည်း) အရာအားလုံး အောင်မြင်ချောမွေ့တော့မည်ဟု သူ ယုံကြည်နေသည်။

စင်ပေါ်တွင် ဤစာအုပ်များကို အုပ်ရေတစ်ရာစီ ပွားလိုက်ရန် စိတ်ကူးမိစဉ်မှာပင် လင်ကျဲ တွန့်ဆုတ်သွားသည်။

"ဒီအခွင့်အရေးကို သုံးပြီး ငါကိုယ်တိုင် ရေးထားတဲ့ စာအုပ်တစ်အုပ်လောက် ထည့်ပေးလိုက်ရင် ကောင်းမလား… အကြောင်းအရာကတော့ နည်းနည်း အထူးပြုလွန်းပြီး နားလည်ဖို့ အဆင့်တစ်ခုတော့ လိုလိမ့်မယ်… ဒါပေမဲ့ ရိုးလ် သယံဇာတ ဖွံ့ဖြိုးရေးအဖွဲ့လို ဖြန့်ချီရေး ယန္တရားကြီးနဲ့ဆိုရင်တော့ ဈေးကွက်က ကျယ်ပြန့်မှာပဲ… အဇီးက ပညာရှင်အချို့ စိတ်ဝင်စားကောင်း စိတ်ဝင်စားကြမှာပါ…"

သူ မေ့မထားတာ တစ်ခုရှိသေးသည်။ ဘလက်ကီက သူ့ကို ဤလောကသို့ ကူးပြောင်းပေးခဲ့သည့်အတွက် အဖိုးအခအဖြစ် သူကိုယ်တိုင် ရေးသားထားသော စာအုပ်များကို ပြန့်ပွားအောင် လုပ်ဆောင်ပေးရမည် ဖြစ်သည်။ ဤသည်မှာ ဘလက်ကီအတွက် အကျိုးရှိမည့်ပုံပေါ်ပြီး သခင်မလေကျိ ပေးအပ်ခဲ့သော မြေအောက်ကမ္ဘာမှ ရှေးဟောင်းပစ္စည်းများကလည်း တူညီသော အကျိုးသက်ရောက်မှုမျိုး ရှိခဲ့သည်ကို သတိပြုမိသည်။ အကြောင်းရင်းခံကို အသေအချာ မသိရသော်လည်း ဤသည်မှာ သူ၏ တာဝန်ဖြစ်ကြောင်း လင်ကျဲ နားလည်ထားသည်။

လင်ကျဲ အတွေးနက်သွားပြီး ဘလက်ကီနှင့် ပတ်သက်၍ အယူအဆအချို့ကို စဉ်းစားထုတ်ဖော်နေမိသည်။ သူ ဤလောကသို့ မရောက်မီကပင် ရိုးရာယဉ်ကျေးမှု လေ့လာရေးဆိုင်ရာ စာအုပ်ငါးအုပ်ကို ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်သည်။

၎င်းတို့မှာ 'အမှတ်တံဆိပ်များနှင့် အမှတ်အသားများ' ၊ 'ဒဏ္ဍာရီများနှင့် ပုံပြင်များ' ၊ 'ဗိသုကာပညာနှင့် အလှအပဆိုင်ရာ အနုပညာ' ၊ 'ဂီတနှင့် အက' နှင့် 'သွေးနှင့် လူမျိုးစု' တို့ ဖြစ်ကြသည်။ ထို့ပြင် 'ဓမ္မထုံးတမ်းများနှင့် အခမ်းအနားများ’ ဟူသော အနှစ်ချုပ်လက်ရာတစ်ခုကိုလည်း ရေးသားပြီးစီးခဲ့သော်လည်း တရားဝင် ထုတ်ဝေခြင်း မရှိသေးပေ။

ထိုအထဲမှ 'ဓမ္မထုံးတမ်းများနှင့် အခမ်းအနားများ’ စာအုပ်ကို အဘိုးဝယ်လ် ထံ ငှားရမ်းပေးခဲ့သည်။

ထိုသို့ ငှားပေးပြီးနောက်တွင်မှ သုံးနှစ်တိုင်တိုင် ပျောက်ချက်သားကောင်းနေသော ဘလက်ကီသည် ပြန်လည် ပေါ်ပေါက်လာပြီး ရုပ်လုံးပေါ်လာသည့်အပြင် လျှပ်စစ်မိန်းခလုတ် ကိစ္စတွင်ပင် ကူညီပေးနိုင်ခဲ့သည်။ ထိုကာလအတွင်း ထူးခြားသော ပြောင်းလဲမှုဆို၍ အဘိုးဝယ်လ်က ထိုစာအုပ်ကို ဖတ်ရှုလေ့လာခဲ့ခြင်း တစ်ခုတည်းသာ ရှိသည်။

ထို့ကြောင့် သူ တစ်စုံတစ်ခုကို ကောက်ချက်ချလိုက်နိုင်သည်။ ဘလက်ကီသည် သူ့ စာအုပ်များကို တစ်စုံတစ်ယောက်က ဖတ်ရှုလေ့လာခြင်းမှတစ်ဆင့် စွမ်းအင်များ ရရှိနေခြင်းပင် ဖြစ်ရမည်။

ဒိုရစ် ထံသို့လည်း သူမ၏ မျိုးနွယ်စုဝင်များကို ပညာပေးရန်အတွက် 'အမှတ်တံဆိပ်များနှင့် အမှတ်အသားများ' စာအုပ် အုပ်ရေ ၃၀ ရောင်းချခဲ့ဖူးသည်။

ထိုစဉ်က ဘလက်ကီထံတွင် ကြီးကြီးမားမား ပြောင်းလဲမှု မရှိခဲ့သော်လည်း သူ အဘိုးဝယ်လ်ထံ သွားရောက်စဉ်က လူများကို တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ပေးနိုင်သော စွမ်းအားကို ပြသခဲ့သည်။ သို့သော်လည်း ယခုတစ်ခေါက် ပေါ်လာချိန်တွင်မူ ဘလက်ကီသည် အရင်ကလို အရိပ်ပုံစံ မဟုတ်တော့ဘဲ မိမိအလိုရှိသလို လွတ်လပ်စွာ လှုပ်ရှားနိုင်နေပြီ ဖြစ်သည်။

လွန်ခဲ့သော သုံးလခန့်က ဘလက်ကီသည် စားပွဲပေါ်တွင် ရေစက်ကလေးများဖြင့် စာရေးပြရုံသာ တတ်နိုင်ခဲ့သော်လည်း ယခုမူ စကားပင် ပြောဆိုနိုင်နေပြီ ဖြစ်သည်။ လက်ရှိ ဘလက်ကီ၏ အနေအထားမှာ လွန်ခဲ့သော သုံးနှစ် လင်ကျဲနှင့် စတင်တွေ့ဆုံစဉ်က အခြေအနေနှင့် မခြားတော့ပေ။

"ဆိုလိုတာက... ဘလက်ကီဟာ ငါ့ကို ဒီလောကထဲ ခေါ်လာဖို့အတွက် သူ့ရဲ့ စွမ်းအင်အမြောက်အမြားကို အကုန်အစင် သုံးခဲ့ရပုံပဲ… ဒါကြောင့်လည်း သုံးနှစ်လုံးလုံး အိပ်ပျော်နေခဲ့ရတာပေါ့… ပြီးမှ အဘိုးဝယ်လ်ကို ငါစာအုပ်ပေးလိုက်တဲ့ အကျိုးဆက်ကြောင့် သူ ပြန်လည် နိုးထလာနိုင်တာပဲ"

လင်ကျဲက မေးစေ့ကို ပွတ်သပ်ရင်း တွေးတောနေမိသည်။

"အခုမှပဲ သူ လုံးဝ ပြန်လည် လန်းဆန်းလာတာပေါ့…"

သူ၏ ကောက်ချက်မှာ အခြေအမြစ်မရှိဟု မဆိုနိုင်ပေ။

"အင်း... ဘလက်ကီလည်း နာလန်ထူလာပြီဆိုတော့ နောက်ထပ် အရောင်းအဝယ်တစ်ခုလောက် ထပ်လုပ်ရင် ကောင်းမလား…"

ဤသို့ တွေးမိသည်နှင့် လင်ကျဲသည် စာအုပ်စင်ပေါ်မှ 'ဒဏ္ဍာရီများနှင့် ပုံပြင်များ' စာအုပ်ကို ထုတ်ယူကာ ကျန်စာအုပ်ငါးအုပ်ရှိရာ အပုံထဲသို့ ထည့်လိုက်သည်။

"တခြားစာအုပ်တွေကတော့ နက်နဲလွန်းတယ်… ဒီစာအုပ်ကမှ အဆင်ပြေဆုံး ဖြစ်လိမ့်မယ်။ ဒီထဲမှာ ဒေသအသီးသီးက ရိုးရာဒဏ္ဍာရီတွေ ပါဝင်နေတော့ ဝတ္ထုတစ်ပုဒ်လို ဖတ်လို့ရတာပေါ့… သုတေသန ပြုချက်တွေနဲ့ ရေးထားတာဆိုပေမဲ့ စိတ်ဝင်စားစရာတော့ ကောင်းမှာပါ… သခင်မလေးကျိ တစ်ယောက် အစွမ်းကုန် ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ရတာပဲ"

လင်ကျဲအနေဖြင့် ပညာရှင်များဖြင့် ဖွဲ့စည်းထားသော အမှန်တရား အသင်းတော်ကို မချဉ်းကပ်ဘဲ အဝေးက ရှောင်နေရခြင်း၌ အကြောင်းရင်း ရှိသည်။ ယခင် ကလောက် နှင့် အမှန်တရား အသင်းတော် အကြောင်း ဆွေးနွေးစဉ်က သိခဲ့ရသည်မှာ ထိုအသင်းသည် ပညာရှင်များဖြင့် ဖွဲ့စည်းထားသည် ဆိုသော်လည်း စက်မှုအတတ်ပညာ၊ ဆေးပညာ စသည့် လက်တွေ့အသုံးချ သိပ္ပံပညာရပ်များဘက်သို့သာ လွန်ကဲစွာ အားသန်ကြသည်။ တစ်နည်းအားဖြင့် ဆိုရသော် သူတို့သည် လူမှုဗေဒနှင့် အနုပညာရပ်များကို အထင်အမြင်သေးကြသူများ ဖြစ်သည်။ ထို့ကြောင့် လင်ကျဲအနေဖြင့် မိမိဘာသာ ဒုက္ခရှာရန် မလိုလားပေ။

"ဘာပဲဖြစ်ဖြစ်... နောက်ထပ် ဖြစ်လာမယ့်အရာတွေကတော့ ရိုးလ် သယံဇာတ ဖွံ့ဖြိုးရေးအဖွဲ့ရဲ့ လက်ထဲမှာပဲ ရှိတော့တယ်"

လင်ကျဲ သက်ပြင်းတစ်ချက်ကို လေးလံစွာ ချလိုက်သော်လည်း သူ၏ မျက်ဝန်းအစုံမှာမူ မျှော်လင့်ချက်များဖြင့် တောက်ပနေဆဲ ဖြစ်သည်။

မိမိရေးသားထားသော စာအုပ်မျက်နှာဖုံးကို လက်ဖြင့် ညင်သာစွာ ပွတ်သပ်ရင်း သူ၏ စာအုပ်များ ပြန့်ပွားရေးအတွက် မပင်မပန်း ကူညီပေးနေသော အဘိုးဝယ်လ်ကို သတိရမိသည်။

"အဘိုးဝယ်လ်တစ်ယောက် ဟိုကလေးတစ်သိုက်နဲ့ ဘယ်လိုများ နေနေပါလိမ့်..."

…

ဒုန်း…

လေးလံလှသော တံခါးမကြီးသည် ဝုန်းကနဲ ပွင့်ထွက်သွားရာ ခန်းမဆောင်ကြီးအတွင်းရှိ အစေခံများအားလုံး လန့်ဖျပ်သွားကြသည်။ လှေကားထောင့်တွင် ရပ်နေသော အထက်တန်းစား အမျိုးသမီးတစ်ဦးမှာ လန့်သွားလွန်းသဖြင့် လက်ထဲမှ ပန်းအိုးပင် လွတ်ကျသွားလေသည်။

ခွမ်း…

မြေပြင်ပေါ်တွင် ပန်းအိုးအကွဲအစများ ပြန့်ကျဲသွားသည်။

သူမ၏ မျက်နှာမှာ စက္ကူတစ်စနှယ် ဖြူရော်သွားပြီး ဝင်ရောက်လာသော သူရဲကောင်းအုပ်စုကို ကြည့်ရင်း စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

"နင်တို့... ဘယ်သူတွေလဲ… ဒါ ရောင်စဉ် သူရဲကောင်း အော့စ်ဝေါလ်ရဲ့ အိမ်နော်… ငါ သတိပေးလိုက်မယ်..."

သူမ၏ အမြင်တွင် ဤသူများသည် သူရဲကောင်းများ ဖြစ်ကြသဖြင့် အော့စ်ဝေါလ်၏ အမည်ကို ကြားရလျှင် ခန့်ငြားကြောက်ရွံ့သွားလိမ့်မည်ဟု ထင်မှတ်နေပုံရသည်။ သို့သော် သူမ မေ့လျော့နေသည်က… ဤသူများသည် အသေအချာ သိထားပြီးဖြစ်၍သာ ဤမျှ ရဲရဲတင်းတင်း ဝင်ရောက်လာကြခြင်း ဖြစ်သည်ဟူသော အချက်ပင်။

"အော့စ်ဝေါလ် ဟုတ်လား…”

အုပ်စုကို ဦးဆောင်လာသော သူရဲကောင်းမှာ ပြာလွင်လွင် မျက်ဝန်းနှင့် ရွှေရောင်ဆံပင်များရှိသည့် ဆွဲဆောင်မှုရှိသော လူငယ်တစ်ဦး ဖြစ်သည်။ သူက တည်ငြိမ်စွာပင် ဆက်ပြောလိုက်သည်။

"ငါတို့ လာတာလည်း သူနဲ့ တွေ့ဖို့ပဲ…"

ထို့နောက် သူက လက်ဝေ့ယမ်း၍ အမိန့်ပေးလိုက်ရာ သူရဲကောင်းတစ်ဝက်ခန့်က ခန်းမအတွင်းရှိ လူအားလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ကျန်တစ်ဝက်ကမူ အော့စ်ဝေါလ်ကို ရှာဖွေရန် အိမ်တွင်းသို့ ချီတက်သွားကြတော့သည်။

"မလုပ်ကြပါနဲ့… နင်တို့ ဒါမျိုး လုပ်လို့ မရဘူးနော်…"

အမျိုးသမီးမှာ အော့စ်ဝေါလ်၏ ဒုတိယမြောက် မယားငယ်ဖြစ်ပြီး ပထမမယားထက် လေးနှစ်မျှ ပို၍ ငယ်ရွယ်သူ ဖြစ်သည်။ သူရဲကောင်းတစ်ဦး၏ လက်အောက်တွင် လက်ပြန်ကြိုးတုပ်ခံထားရသဖြင့် သူမသည် နာကျင်စွာ အော်ဟစ်နေပြီး မျက်နှာတွင်လည်း နားမလည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေသည်။ ဤသူရဲကောင်းများမှာ အဆင့်မြင့် ရောင်စဉ် သူရဲကောင်း တစ်ဦး၏ အရှိန်အဝါကို အဘယ်ကြောင့် လျစ်လျူရှုရဲကြသနည်းဟု သူမ စဉ်းစားမရနိုင်အောင် ဖြစ်နေခဲ့သည်။

ရုန်းကန်နေရင်းမှ မိုနီကာသည် ခေါင်းဆောင်ဖြစ်သူကို စိုက်ကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွား၏။

"ငါ နင့်ကို မှတ်မိပြီ… နင်က ဂျိုးဇက်ရဲ့ တပည့် ဟယ်ရီ ကလောက် မဟုတ်လား… နင်တို့ ဒီမှာ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ… တော့ဒ် နဲ့ မေလီဆာတို့ ကလေးချင်း ရန်ဖြစ်တဲ့ကိစ္စအတွက်နဲ့ ဂျိုးဇက်က ဒီလောက်အထိ အငြိုးအတေးထားပြီး လက်စားချေချင်နေတာလား.. ဒါက လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ရဲ့ စည်းမျဉ်းတွေကို ဗြောင်ကျကျ ချိုးဖောက်တာပဲ… သူရဲကောင်း ကျင့်ဝတ်ကိုလည်း ဖောက်ဖျက်ရာရောက်တယ်… ငါ ဒါကို အကြီးအကဲ ကောင်စီထံ တိုင်ကြားမယ်”

ကလောက်က ပြုံးလိုက်ရင်း…

"ကလေးကလည်း တိုင်တောတတ်သလို၊ မိဘကလည်း အတူတူပါပဲလား... အကျင့်စရိုက်က မျိုးရိုးလိုက်တာပဲ… စည်းမျဉ်းတွေကို ဘယ်သူက အရင် စတင်ဖောက်ဖျက်ခဲ့သလဲဆိုတာကိုပဲ သေသေချာချာ ပြန်သတိရဖို့ ကြိုးစားလိုက်စမ်းပါ…"

ထို့နောက် သူက ပြုံးရယ်နေခြင်းကို ရပ်တန့်လိုက်ပြီး ရင်ဘတ်အိတ်ကပ်အတွင်းမှ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။

"စုံစမ်းစစ်ဆေးချက်များအရ... ရောင်စဉ် သူရဲကောင်း အော့စ်ဝေါလ် အဲလီးယော့ ကို ဂိုဏ်းဂဏဖွဲ့ခြင်း၊ ရန်သူနှင့် ပူးပေါင်းခြင်း၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းနှင့် သက်သေအထောက်အထားများကို ဖျက်ဆီးခြင်းတို့ဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရသည်… သံသယရှိသူအား ဖမ်းဆီးစစ်ဆေးရန် အကြီးအကဲကောင်စီသို့ တင်ပြချက်..."

"အတည်ပြုပြီး"

***

အပိုင်း(၃၂၄)

ဒုတိယထပ်ရှိ စာကြည့်ခန်းအတွင်း၌ ဖြစ်သည်။

အော့စ်ဝေါလ်၏ မျက်နှာထက်တွင် စိတ်မသက်မသာ ဖြစ်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်နှာအမူအရာမှာလည်း အမျိုးမျိုး ပြောင်းလဲနေသည်။

ရှေ့ရှိ စားပွဲပေါ်တွင်မူ အပိုင်းပိုင်းပြတ်နေသည်ကို ပြန်လည်ဆက်စပ်ထားသော ကျောက်သား ဂါဂွိုင်း ရုပ်တုတစ်ခုနှင့် ဓားမြှောင်တစ်စင်း ရှိနေသည်။ ထိုကျောက်ရုပ်တုသည် အရောင်အသွေး မှိန်ဖျော့၍ အက်ကြောင်းများဖြင့် ဗရပွ ဖြစ်နေ၏။ သွေးရောင် မျက်လုံးအစုံမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ် အလင်းရောင်ကသာ ဤရုပ်တုသည် သာမန်မဟုတ်ကြောင်း သက်သေပြနေသည်။

ဤသည်မှာ သာမန်အရာ မဟုတ်သည်မှာ အသေအချာပင်။

၎င်းသည် ဝိညာဉ်ပေါင်း တစ်ထောင်ကို လက်ခံကိန်းအောင်းနိုင်သည့် မိစ္ဆာဖန်တီးမှုတစ်ခု ဖြစ်သည်။ အသက်ဝင်လာသည်နှင့် တပြိုင်နက် ငရဲဘုံအဆင့် အထွတ်အထိပ်တွင် ရှိသော စွမ်းအားရှင်တစ်ဦးနှင့်ပင် ရင်ဆိုင်နိုင်စွမ်း ရှိသည်။

ဤရုပ်တုကို ဖန်တီးသူသည် ထိုစဉ်က ငရဲဘုံအဆင့် အလယ်တွင်သာ ရှိသေးသော်လည်း ဤမျှ အစွမ်းထက်သော လက်ရာကို ဖန်တီးနိုင်ခဲ့ခြင်းက ထို အောက်လမ်း မှော်ဆရာသည် ဖန်တီးခြင်းဆိုင်ရာ မှော်ပညာ၌ မည်မျှ ပါရမီထူးချွန်ကြောင်း ဖော်ပြနေပေသည်။

အမှန်တကယ် ထူးခြားဆန်းကြယ်လှသည်မှာ ထိုရုပ်တုထက် ၎င်းကို ဖန်တီးသူသာ ဖြစ်သည်။

သူကား... 'မျက်နှာမဲ့ မဟူရာ အကြေးခွံပိုင်ရှင်' ဝယ်လ် ပင် ဖြစ်သည်။

မိမိ မြေးဖြစ်သူ မိုက်မဲခဲ့မှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို အော့စ်ဝေါလ် ပြန်လည်တွေးတောမိရင်း စိတ်မသက်မသာ ဖြစ်နေမိသည်။

လွန်ခဲ့သော ရက်ပိုင်းက လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ၏ အစည်းအဝေး၌ ထိုစာအုပ်ဆိုင်မှာ မည်မျှအထိ အရေးပါကြောင်း သိလိုက်ရကတည်းက သူသည် မိမိ၏ ကံကြမ္မာကို လက်လျှော့ရမည်လော သို့မဟုတ် ရုန်းကန်ရမည်လောဟူသော ဝေခွဲမရသည့် သောကပင်လယ်ထဲတွင် နစ်မွန်းနေခဲ့ရသည်။

ထိုစဉ်က ဂျိုးဇက်သည် စုံစမ်းစစ်ဆေးမှုများကို စတင်ခြင်း မပြုရသေးပေ။ ဆိုလိုသည်က အော့စ်ဝေါလ် အနေဖြင့် သူ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော အရှိန်အဝါနှင့် အာဏာကို အသုံးပြု၍ သက်သေများကို ဖျက်ဆီးခြင်း၊ စုံစမ်းစစ်ဆေးမှုကို ကြန့်ကြာအောင် လုပ်ဆောင်ခြင်းဖြင့် ဂျိုးဇက်နှင့် အားပြိုင်ရန် အခွင့်အရေး ရှိခဲ့သေးသည်။ အနည်းဆုံးတော့ ယခုကဲ့သို့ ဘာမျှ မတုံ့ပြန်နိုင်ဘဲ ရက်ပိုင်းအတွင်းမှာတင် မိမိအိမ်ထဲသို့ သူတစ်ပါး အတင်းဝင်ရောက် သိမ်းပိုက်ခံရသည့် အခြေအနေမျိုးအထိ ဆိုးရွားလိမ့်မည် မဟုတ်ပေ။

သို့သော် ယခုကဲ့သို့ တစ်ဖက်သတ် အရှုံးပေးလိုက်ရသည့် အခြေအနေသို့ ဆိုက်ရောက်သွားခြင်းမှာ ရိုးရှင်းလှသည်။ အော့စ်ဝေါလ်သည် မိမိကံကြမ္မာကို လက်လျှော့လို၍ မဟုတ်ပေ။ မျက်နှာဖုံးစွပ်ထားသော ဝယ်လ် ရုတ်တရက် ပေါ်လာပြီး သူ့အတွက် တတိယမြောက် ရွေးချယ်စရာ လမ်းတစ်ခုကို လမ်းညွှန်ခဲ့သောကြောင့် ဖြစ်သည်။

"မင်း ယုံချင်ယုံ၊ မယုံချင်နေ... ငါကတော့ မင်းနဲ့ စကားအရှည်ကြီး ပြောနေဖို့ စိတ်ကူးမရှိဘူး… ငါ ဒီကို လာတာက စိတ်မကောင်းစရာ အချက်တစ်ခုကို အသိပေးဖို့ပဲ… အဲဒါကတော့ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ဟာ ဂျိုးဇက်ကို ရောင်စဉ် သူရဲကောင်း ရာထူး ပြန်ပေးဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာပဲ"

"ဒါပေမဲ့ နှစ်တွေအတော်ကြာသွားပြီဆိုတော့ ရောင်စဉ် သူရဲကောင်း နေရာတွေမှာ အလားအလာအကောင်းဆုံး လူသစ်တွေနဲ့ ပြည့်နေပြီလေ… ဂျိုးဇက် ပြန်လာဖို့ဆိုရင် အဲဒီ ဆယ်ယောက်ထဲက တစ်ယောက်ကတော့ နေရာဖယ်ပေးရလိမ့်မယ်"

"အဲဒီလူဟာ သူ့ရဲ့ ဘွဲ့ထူးကို ရုပ်သိမ်းဖို့ ခိုင်လုံတဲ့ အပြစ်တစ်ခုခု ကျူးလွန်ထားသူလည်း ဖြစ်ရမယ်… တစ်ချိန်တည်းမှာပဲ သူဟာ ဂျိုးဇက် ပြန်လာဖို့အတွက် လှေကားထစ်တစ်ခုလို အသုံးတော်ခံပေးရမယ်… ငါတို့ရဲ့ ချစ်လှစွာသော မငြိမ်းသေတဲ့ မီးလျှံ ကြီး တရားမျှတမှုကို ဖော်ဆောင်နိုင်ခဲ့တယ်ဆိုတဲ့ နောက်ထပ် ဂုဏ်ပုဒ်တစ်ခု ရဖို့ပေါ့…”

"ကဲ... အဲဒီလူက ဘယ်သူဖြစ်မလဲလို့ မင်း ထင်သလဲ"

ထိုမြွေလူသား၏ ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းအစုံမှာ လူသတ်လိုသော အရိပ်အယောင်များ ထွက်ပေါ်နေပြီး သူ၏ တိုးညှင်းသော အသံမှာလည်း တစ်ဖက်လူ၏ စိတ်ဆန္ဒကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိနေသည်။

ထိုစဉ်က… အော့စ်ဝေါလ်သည် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ဒေါသကြောင့် မျက်နှာတစ်ခုလုံး ပျက်နေခဲ့၏။ သူ မကျေမနပ် ဟစ်အော်ရင်း ဓားကို ဆွဲထုတ်ကာ ရှေ့သို့ ပြေးဝင်သွားခဲ့သည်။

"မဟုတ်ဘူး… ငါ မဖြစ်စေရဘူး… အကြီးအကဲကောင်စီက ငါ့ကို စွန့်ပစ်မှာ မဟုတ်ဘူး… ငါကလည်း ဖျက်ဆီးခြင်းအဆင့် ပဲ… ဂျိုးဇက် လုပ်နိုင်တာမှန်သမျှ ငါလည်း လုပ်နိုင်တယ်"

ဝယ်လ်က နှာခေါင်းရှုံ့လိုက်သည်။

"ဖျက်ဆီးခြင်းအဆင့် ဟုတ်လား… မင်း ကိုယ့်ကိုယ်ကိုယ် တကယ်ပဲ အဲဒီလို ထင်နေတုန်းလား… အရက်နဲ့ မိန်းမတွေကြားမှာ နှစ်ပါးသွားပြီး ပျက်စီးနေတဲ့ မင်းရဲ့ ခန္ဓာကိုယ်နဲ့ဆိုရင် အခုအချိန်မှာ မင်း ငရဲဘုံအဆင့် တစ်ယောက်ကိုတောင် ယှဉ်နိုင်မှာ မဟုတ်တော့ဘူး"

"သူတို့က မင်းကို ဖယ်ရှားပစ်ချင်နေတာ ကြာပြီ၊ မင်းလို အမှိုက်ကောင်ကို…”

"မင်း ရုန်းကန်နေတာတွေဟာ အချည်းနှီးပဲ… ဘာလို့လဲဆိုတော့ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် က အမြဲတမ်း ဂျိုးဇက်ဘက်မှာပဲ ရပ်တည်နေမှာမို့လို့ပဲ"

ဝယ်လ်က အော့စ်ဝေါလ်၏ ဓားချက်ကို အလွယ်တကူ ဖမ်းချုပ်လိုက်ပြီး အပိုင်းပိုင်းပြတ်နေသော ကျောက်သား ဂါဂွိုင်းရုပ်တုကို ထုတ်ကာ ပြောလိုက်သည်။

"အခု ကံတရားက မင်းကို အခွင့်အရေးတစ်ခု ပေးလိုက်ပြီ…"

"မင်းရဲ့ သွေးကို သုံးပြီး ဒီရုပ်တုကို နှိုးလိုက်စမ်း… အဲဒါက မင်းကို ဂျိုးဇက်နဲ့ ယှဉ်နိုင်မယ့် အစွမ်းတွေ ပေးလိမ့်မယ်… ပြီးရင်တော့ မင်းဟာ ငါတို့ရဲ့ အဖော်အပေါင်း ဖြစ်လာမှာပေါ့..."

"အဖော်အပေါင်း ဟုတ်လား…"

"ဟုတ်တယ်… ငါတို့ဟာ အဖော်တွေ ဖြစ်နေကြပြီ မဟုတ်လား… ဂျိုးဇက်က ငါတို့နှစ်ယောက်လုံးရဲ့ ဘုံရန်သူပဲလေ... ငါတို့နဲ့ ဘာကြောင့် ပူးပေါင်းသင့်သလဲဆိုတာကိုတော့ မင်းကိုယ်တိုင်ပဲ ကြည့်လိုက်ပါ… ငါက လွန်ခဲ့တဲ့ နှစ်နှစ်ကထက် အများကြီး ပိုပြီး အစွမ်းထက်လာပြီဆိုတာကိုရောပေါ့"

"ဆိုလိုတာက... ငါလည်း အဲဒီလို ဖြစ်နိုင်တယ်ပေါ့..."

"ဟဲ ဟဲ..."

အော့စ်ဝေါလ် သတိပြန်ဝင်လာချိန်တွင် သူ၏ လက်ထဲ၌ ဂါဂွိုင်းရုပ်တုကို လက်ခံရရှိပြီး ဖြစ်နေသည်။ ရှေ့မှ ဝယ်လ်မှာမူ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားလေပြီ။

မှန်ပေသည်။ ဝယ်လ်သည် ယခင်ကထက် အဆမတန် အစွမ်းထက်လာခဲ့ပြီ။ အမှောင်ရိပ်မရှိသော အစွမ်းထက် မိစ္ဆာတစ်ကောင်ကဲ့သို့ပင်။ အော့စ်ဝေါလ်ကဲ့သို့သော သူပင်လျှင် ဝယ်လ်၏ စွမ်းအားအဆင့်အတန်းကို ခန့်မှန်း၍ မရနိုင်တော့ပေ။

ဒုန်း…

အောက်ထပ်မှ တံခါးများ ဝုန်းကနဲ ပွင့်ထွက်သွားသည့် အသံကြောင့် အော့စ်ဝေါလ်သည် အတွေးကမ္ဘာထဲမှ လန့်နိုးလာ၏။ ဆိုလိုသည်က ဂျိုးဇက်၏ လူများ အိမ်ထဲသို့ ရောက်ရှိလာပြီဖြစ်ပြီး မကြာမီ ဒုတိယထပ်သို့ ရောက်လာတော့မည် ဖြစ်သည်။

ကျောက်သား ဂါဂွိုင်း၏ မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်များဖြင့် ဆက်လက် တောက်ပနေဆဲ ဖြစ်သည်။ ဤသည်မှာ အော့စ်ဝေါလ် အပြတ်အသတ် ဆုံးဖြတ်ချက် ချရမည့် အချိန်ပင်။

သူသည် ဓားမြှောင်ကို ကောက်ယူကာ လက်ဖဝါးကို လှီးဖြတ်လိုက်ပြီး လတ်လတ်ဆတ်ဆတ် သွေးများကို ဂါဂွိုင်းရုပ်တုပေါ်သို့ စီးကျစေလိုက်သည်။ ထိုအခါ ဂါဂွိုင်းရုပ်တု၏ ပါးစပ်မှာ ဟာလာဟင်းလင်း ပွင့်သွားပြီး ဟောင်းနွမ်းနက်မှောင်သော ပါးစပ်အတွင်းမှ စာအုပ်တစ်အုပ်ကို ထွေးထုတ်လိုက်လေသည်။

စာအုပ်၏ အမည်မှာ 'အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း အခမ်းအနားများနှင့် ဓမ္မထုံးတမ်းများ' ဟု ဖြစ်သည်။

"ဒါဟာ ပိုပြီးကြီးမားတဲ့ စွမ်းအားကို ရယူမယ့် နည်းလမ်းလား..."

အော့စ်ဝေါလ် မျက်မှောင်ကြုတ်ရင်း သံသယစိတ်ဖြင့် စာအုပ်ကို ကောက်ယူကာ လှန်လှောကြည့်လိုက်လေသည်။

…

ပထမထပ် ခန်းမဆောင်အတွင်း၌…

မိုနီကာသည် ရုန်းကန်နေခြင်းကို ရပ်တန့်လိုက်ပြီး မှင်တက်ကာ ရပ်နေမိ၏။ သူမသည် ကလောက်၏ လက်ထဲမှ စာရွက်စာတမ်းကို စိုက်ကြည့်နေသည်။ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာထဲတွင် ရေးသားထားသည်များကို သူမ နားမလည်သော်လည်း ညာဘက်အောက်ခြေရှိ ရွှေရောင်မျှော်စင် တံဆိပ်ခတ်နှိပ်ထားမှုကိုမူ အထင်အသား မြင်တွေ့နေရသည်။

လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ၏ ဌာနအသီးသီးတွင် အသုံးပြုသော တံဆိပ်များမှာ အနီရောင်များ ဖြစ်ကြသော်လည်း ထိုရွှေရောင်ကိုမူ သီးခြား အဖွဲ့အစည်း တစ်ခုတည်းကသာ အသုံးပြုခွင့် ရှိသည်။

၎င်းမှာ... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၊ အကြီးအကဲ ကောင်စီ ပင် ဖြစ်သည်။

အကြီးအကဲ ကောင်စီ၏ အတည်ပြုချက် ရရှိထားလေရာ ကလောက်နှင့် သူ၏ လူများ ဤအိမ်သို့ ဝင်ရောက်လာခြင်းသည် အကြီးအကဲများ၏ အမိန့်အရ ဖြစ်ကြောင်း သက်သေပြနေသည်။ သူတို့သည် သတင်းအချက်အလက်များကို စစ်ဆေးအတည်ပြုပြီး အမှန်တရားအဖြစ် လက်ခံလိုက်ကြပြီ ဖြစ်သည်။

‘အော့စ်ဝေါလ်တော့ သွားပြီ…’ ဟူသော ကြောက်မက်ဖွယ် အတွေးတစ်ခု မိုနီကာ၏ စိတ်ထဲတွင် ထင်ဟပ်လာသည်။ သူမ၏ မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားပြီး မြေပြင်ပေါ်သို့ ပုံရက်သား လဲကျသွားကာ ဆက်လက် ရုန်းကန်လိုစိတ်များလည်း ပျောက်ဆုံးသွားရ၏။

ရန်သူနှင့် ပူးပေါင်းကြံစည်ခြင်းသည် ကြီးလေးသော ပြစ်မှုဖြစ်သည်။ အပြစ်ထင်ရှားပါက ရောင်စဉ် သူရဲကောင်း တစ်ဦးပင် ဖြစ်သော်လည်း ဆင်ခြေပေးခွင့် ရှိလိမ့်မည် မဟုတ်ပေ။ မဟုတ်သေး... ရောင်စဉ် သူရဲကောင်း ဖြစ်နေသည့်အတွက်ကြောင့်ပင် ဘွဲ့ထူး၏ ဂုဏ်သိက္ခာနှင့် အရှိန်အဝါကို မညှိုးနွမ်းစေရန် မည်သည့် သက်ညှာမှုကိုမျှ ရရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် စီရင်ချက် ချမှတ်ပြီးသည်နှင့် ပြတ်သားစွာ အကောင်အထည် ဖော်တော့မည် ဖြစ်သည်။

အတိတ်ကာလများက အော့စ်ဝေါလ်နှင့် သူ၏ မြေးဖြစ်သူ တော့ဒ်တို့၏ လုပ်ရပ်များကို အကြီးအကဲကောင်စီ မသိရှိသည် မဟုတ်ပေ။ အလွန်အကျွံ မဖြစ်သရွေ့ သူတို့သည် သတိပေးရုံမျှဖြင့် မျက်ကွယ်ပြုထားခဲ့ကြခြင်း ဖြစ်သည်။ အကြောင်းကား အော့စ်ဝေါလ်သည် ဝါရင့်သူရဲကောင်းတစ်ဦး ဖြစ်သည့်အပြင် ဖျက်ဆီးခြင်းအဆင့် စွမ်းအားရှင်လည်း ဖြစ်နေသောကြောင့်… ထိုကဲ့သို့သော လူတစ်ယောက်အား လက်လွှတ်ရမည်ကို မည်သူမျှ မလိုလားကြသောကြောင့် ဖြစ်သည်။

သို့သော်လည်း… ယခုမူ သူတို့သည် အရာအားလုံးကို ထုတ်ဖော်ရန် ဆုံးဖြတ်လိုက်ကြပြီ ဖြစ်သည်။ ထို့ထက် ပို၍ အရေးကြီးသည်က သူတို့သည် ဂျိုးဇက်နှင့် အော့စ်ဝေါလ်တို့၏ ပဋိပက္ခတွင် မည်သူ့ဘက်က ရပ်တည်မည်ကို ရွေးချယ်လိုက်ခြင်းပင်။

ထိုလုပ်ရပ်၏ နောက်ကွယ်မှ အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။

မငြိမ်းသေသော သန့်စင်သည့် မီးလျှံသည်... အမှန်တကယ်ပင် ပြန်လည် ထွက်ပေါ်လာတော့မည် ဖြစ်သည်။

အော့စ်ဝေါလ် တစ်ဦးတည်းသာ မဟုတ်၊ အဲလီးယော့ မျိုးနွယ်စု တစ်ခုလုံးပင် လိုက်ပါ ပျက်စီးရတော့မည် ဖြစ်သည်။ မိုနီကာသည် အဲလီးယော့ မျိုးနွယ်စု၏ နှစ်ပေါင်းများစွာက လုပ်ရပ်များကို ကောင်းစွာ သိထားသူဖြစ်ရာ စိတ်အတွင်းမှ တုန်လှုပ်ခြောက်ခြားသွားပြီး ကြောက်လန့်တကြား ဖြစ်သွားသည်။ သူမ၏ မာန်မာနနှင့် ဝင့်ကြွားမှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး အသည်းအသန် အသနားခံတော့သည်။

"ဆရာ ကလောက်… ကျွန်မ သိထားတာမှန်သမျှ အကုန်ပြောပါ့မယ်… ကျွန်မလက်ထဲမှာ သက်သေတွေ အများကြီး ရှိပါတယ်… ကျွန်မကို လွှတ်ပေးဖို့ တောင်းပန်ပါတယ်... ကျွန်မ ဘာမဆို လုပ်ပေးပါ့မယ်"

ဘုန်း…

နားကွဲမတတ် ပြင်းထန်သော ပေါက်ကွဲသံကြီး တစ်ခု ဒုတိယထပ်မှ ထွက်ပေါ်လာ၏။ ထို့နောက်… မျက်နှာကျက်များ၊ နံရံများနှင့် ထောက်တိုင်များ ဝုန်းကနဲ ပြိုကျလာသည်။ ဖုန်မှုန့်များနှင့် မီးခိုးများကြားမှ လူရိပ်တစ်ခုသည် အရှိန်အဟုန်ဖြင့် ပြေးထွက်လာသည်။

ယခုတင် အပေါ်ထပ်သို့ တက်သွားသော သူရဲကောင်းများသည် သွေးစ သွေးနများအဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ မြေပြင်နှင့် နံရံများပေါ်တွင် ပြန့်ကျဲသွားလေတော့သည်။

***

All Chapters