← Chapters

အခန်း (၃၃၁-၃၃၂)

Vol. 24 Ch. 331-332

အခန်း (၃၃၁-၃၃၂)

Vol. 24 Ch. 331-332

အပိုင်း(၃၃၁)

သီအိုဒိုသည် မိမိဘာသာ ကောက်ချက်ချလိုက်မိသော အဓိပ္ပာယ်မရှိသည့် နိဂုံးကြောင့် အနည်းငယ် ထိတ်လန့်သွားမိသည်။ အကယ်၍ ဤသည်မှာ အမှန်တကယ်ပင် သုတေသန မှတ်တမ်းတစ်ခု ဖြစ်နေခဲ့လျှင်၊ ဤမှတ်တမ်းပိုင်ရှင်သည် စာစသင်ကာစ ကလေးတစ်ဦး အားခဲ၍ ရေးထားသကဲ့သို့ ပုံပျက်ပန်းပျက် ဖြစ်နေသော စာသားများကို သုတေသန ပြုလုပ်နေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သို့သော်... ဤအရာများတွင် သုတေသနပြုစရာ ဘာရှိပါသနည်း။ သူ ဖတ်လို့ရသည့် စာလုံးများမှာ ရိုးရှင်းလှပြီး နေ့စဉ်မြင်တွေ့နေရသော သာမန်စကားလုံးများသာ ဖြစ်သည်။ ဥပမာအားဖြင့် "မင်း"၊ "ငါ"၊ "ကြီးမြတ်သော"၊ "နေမင်း"၊ "ကောင်းကင်"၊ "နှင့်"၊ "အလင်း"၊ "ဖခင်"၊ "မရှိခြင်း" စသည်တို့ ဖြစ်သည်။

နော်ဇင်မြို့၏ လမ်းမများပေါ်တွင် လျှောက်သွားနေသည့် သုံးနှစ်အရွယ် ကလေးတစ်ယောက်ပင် ဤစကားလုံးများ၏ အဓိပ္ပာယ်ကို နားလည်နိုင်သည်။ ဤမျှလောက်သော အရာများကို စာမျက်နှာအပြည့် ထူးဆန်းသော ရှင်းလင်းချက်များဖြင့် ဘေးအနားသတ်များတွင် ရေးသားရန် လိုအပ်ပါသလော။

အကယ်၍ ဤသည်မှာ ရှေးဟောင်းအဆောက်အအုံတစ်ခုမှ ထွင်းထုချက်များကို သုတေသနပြုခြင်း ဖြစ်နေလျှင်မူ တစ်မျိုးဖြစ်သည်။ ထိုသို့ဆိုလျှင် ရှေးဟောင်းသမိုင်း အချက်အလက်များ ပါဝင်နေနိုင်သောကြောင့် သမိုင်းပညာရှင်များနှင့် တော်ဝင် မျိုးနွယ်များ အတွက် စိတ်ဝင်စားစရာကောင်းပြီး တန်ဖိုးရှိသည့် အရာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

သီအိုဒိုသည် ယခင်က ထိုသို့သော စာအုပ်များကို စုဆောင်းကာ အရင်းထက် သုံးဆခန့် ပိုသောဈေးဖြင့် ပြန်လည်ရောင်းချခဲ့ဖူးရာ အလွန်အကျိုးအမြတ်များသော လုပ်ငန်းတစ်ခု ဖြစ်ခဲ့သည်။ ဤတစ်ကြိမ်တွင်လည်း သူ၏ ကနဦးရည်ရွယ်ချက်မှာ ထိုသို့ပင် ဖြစ်သော်လည်း၊ ယခုကဲ့သို့ ဒုက္ခတွင်းထဲသို့ ကျဆင်းသွားလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ခဲ့ပေ။

သို့သော် ပို၍ စဉ်းစားလေလေ၊ ဤကိစ္စမှာ ပို၍ ဆန်းကြယ်လေလေ ဖြစ်သည်။

‘ဒီလောက် အဓိပ္ပာယ်မရှိတဲ့ သုတေသနလုပ်ရပ်မျိုးကို လုပ်ဆောင်တာဟာ တကယ်ကို... တကယ်ကို... ဖော်ပြဖို့ ခက်ခဲလွန်းလှတယ်... ဒါက သိပ်ကို မိုက်မဲလွန်းရာ မရောက်ဘူးလား’

သီအိုဒို သူ့ရှေ့မှ မှတ်တမ်းကို မျက်မှောင်ကြုတ်လျက် စိုက်ကြည့်နေပြီး ဦးနှောက်ကို အစွမ်းကုန် အသုံးချကာ စဉ်းစားနေခဲ့သည်။ သို့သော်လည်း ဘယ်လိုပဲ စဉ်းစားစဉ်းစား နားမလည်နိုင်အောင် ဖြစ်နေဆဲပင်။

"ဒါမှမဟုတ်... ငါ့ရဲ့ ယူဆချက်က မှားနေတာလား... ဒါက သုတေသန မှတ်တမ်းတစ်ခုနဲ့ သိပ်တူနေပေမဲ့၊ ငါ့ရဲ့ ကိုယ်ပိုင်အမြင်သက်သက်ပဲ ဖြစ်နေမလား"

"ဒီ သာမန် အဇီး စကားလုံးတွေကို မျက်လှည့်ပြဖို့အတွက် ထည့်ထားတာ ဖြစ်ပြီး၊ ငါ နားမလည်တဲ့ အဲဒီ ထူးဆန်းတဲ့ စာသားတွေကမှ သဘာဝလွန် စွမ်းအားရှင်တွေ စိတ်ဝင်စားနေတဲ့ အရာများလား"

နောက်ဆုံး၌ ဤသည်မှာ သီအိုဒို၏ ဝေခွဲမရသော အတွေးများကို အဆုံးသတ်နိုင်မည့် တစ်ခုတည်းသော ခန့်မှန်းချက် ဖြစ်လာခဲ့သည်။

မဟုတ်လျှင် သူ ရူးသွပ်သွားပေလိမ့်မည်... ဤခံစားချက်မှာ ကျောင်းနေစဉ်ကာလက ခက်ခဲလှသော သင်္ချာပုစ္ဆာတစ်ခုနှင့် ရင်ဆိုင်ရသကဲ့သို့ပင်။ မည်မျှပင် ကြိုးစားဖြေရှင်းပါစေ၊ ကြိုးစားလေလေ ပို၍ အားကိုးရာမဲ့လေလေ ဖြစ်လာသည်။ ၎င်းမှာ မိမိကို တားဆီးထားသည့် မမြင်ရသော အတားအဆီးတစ်ခုကဲ့သို့ပင်။ ပို၍ မြင့်အောင် တက်လေလေ ပို၍ မျှော်လင့်ချက် ကင်းမဲ့လေလေ ဖြစ်ရသည်။

သို့သော်လည်း... သီအိုဒိုသည် မိမိ၏စိတ်ကို ထိန်းချုပ်ကာ တည်ငြိမ်အောင် ထားနိုင်သူ ဖြစ်သည်။ မဟုတ်လျှင် ယခုကဲ့သို့ အန္တရာယ်များသော အခြေအနေမျိုးတွင် ဤမျှလောက် တည်တည်ငြိမ်ငြိမ် ရှိနေနိုင်လိမ့်မည် မဟုတ်ပေ။

သာမန်လူဆိုလျှင် လူတစ်ယောက် မိမိမျက်စိရှေ့တွင် လင်းယုန်ငှက်အဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်နှင့်တင် ကြောက်လန့်တကြား ဖြစ်သွားကြမည် မဟုတ်ပါလော။

အကယ်၍သာ သူ ကြောက်ရွံ့ပြခဲ့လျှင်၊ ထိုသဘာဝလွန် စွမ်းအားရှင်များ၏ စာအုပ်ဆိုင် ဟူသော စကားလုံးအပေါ် ထားရှိသည့် ထူးဆန်းသော ကြောက်ရွံ့မှုများမှာလည်း ပျောက်ကွယ်သွားပေလိမ့်မည်။ သူတို့သည် နောက်တစ်နေ့မှာတင် သူ့ကို အရေးယူကြမည်ဖြစ်ရာ သီအိုဒိုအနေဖြင့် မိမိကိုယ်ကိုယ် ကယ်တင်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

"ဟူး..."

သီအိုဒိုသည် သက်ပြင်းတစ်ချက် ထပ်မံချလိုက်ပြီး စာအုပ်ကို သေတ္တာထဲသို့ ပြန်ထည့်လိုက်သည်။ သူ စိတ်ပူစွာဖြင့် တွေးနေမိ၏။

"ဒီအတိုင်း ဆက်သွားနေရင် ဘာမှ ပြေလည်မှာ မဟုတ်ဘူး... အဲဒီလူက ငါ့ရှေ့မှာ သူ့ရဲ့ စွမ်းအားတွေကို ဗြောင်ကျကျ ထုတ်ပြလိုက်ကတည်းက၊ သူတို့ဟာ ဆက်ပြီး တုံ့ဆိုင်းနေကြမှာ မဟုတ်တော့ဘူး ဆိုတာ ပြလိုက်တာပဲ"

"ပြီးတော့ အဲဒီ စာအုပ်ဆိုင် ဆိုတာကရော ဘာလဲ..."

သူ၏ စာအုပ်ဆိုင်သို့ ထူးဆန်းသော လူပေါင်းစုံ ရောက်လာကြသော်လည်း၊ သူတို့ထဲမှ အနည်းဆုံး သုံးပုံတစ်ပုံခန့်မှာ 'စာအုပ်' သို့မဟုတ် 'စာအုပ်ဆိုင်' ဟူသော စကားလုံးများအပေါ် ထူးဆန်းသော တုံ့ပြန်မှုများ ပြသတတ်ကြသည်။

ဤအချက်ကို ကြည့်ခြင်းဖြင့် သီအိုဒိုသည် သူ၏ သံသယမှာ လုံးဝ မမှားကြောင်း သတိကြီးစွာဖြင့် အတည်ပြုနိုင်သည်။ ထိုစဉ်မှာပင် တစ်စုံတစ်ခုကို သိမြင်လိုက်သကဲ့သို့ သူ၏ လက်များ တုံ့ခနဲ ရပ်သွားသည်။

"နေပါဦး... စာအုပ်ဆိုင် ဟုတ်လား..."

သီအိုဒိုသည် ချက်ချင်း ထရပ်လိုက်ပြီး စာအုပ်ကို ယူကာ လမ်းတစ်ဖက်ခြမ်းကို စိုက်ကြည့်လိုက်သည်။ ကိုက်တစ်ရာပင် မဝေးသော လမ်းဘေးတွင် ဆိုင်းဘုတ်မရှိသော စာအုပ်ဆိုင်တစ်ဆိုင် ရှိနေသည်။ ၎င်းမှာ ဟောင်းနွမ်းပြီး လူသူကင်းမဲ့နေသလို၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဖောက်သည် လုံးလုံး မရှိသလောက်ပင်။

သို့သော်လည်း 'ရိုးလ်' အဖွဲ့၏ အမွေဆက်ခံသူ မိန်းကလေးကိုယ်တိုင်က လက်ဆောင်ပဏ္ဏာများဖြင့် အရိုအသေပေးကာ လာရောက်ခဲ့သော နေရာ ဖြစ်သည်။

‘ဒါမှမဟုတ် သူတို့ ပြောနေကြတဲ့ စာအုပ်ဆိုင်ဆိုတာ... အဲဒီဆိုင်များလား...’

သီအိုဒို၏ စိတ်ထဲတွင် ရူးသွပ်သော အတွေးတစ်ခု ပေါ်လာပြီး တည်ငြိမ်မှုများမှာလည်း ပျောက်ကွယ်သွားရသည်။

ယခင်က သူသည် စိုးရိမ်သောကများဖြင့်သာ ပြည့်နှက်နေသဖြင့် ဤအချက်ကို သတိမပြုမိခဲ့သလို အခြားသူများကိုပါ ဆွဲထည့်ရန်လည်း မစဉ်းစားခဲ့ပေ။ သို့သော် ယခုအခါ သဲလွန်စများကို ဆက်စပ်ကြည့်လိုက်ရာ ပုစ္ဆာ၏ သော့ချက်ကို ရှာတွေ့လိုက်သကဲ့သို့ပင်။

သီအိုဒို ကလေးဘဝတုန်းက ဖခင် ဖြစ်သူ ပြောပြခဲ့ဖူးသည့် စကားတစ်ခွန်း ရှိသည်။

"လောကမှာ တိုက်ဆိုင်မှုဆိုတာ အများကြီး မရှိဘူး... အတွေးတစ်ခု ရလာပြီဆိုရင် မတွန့်ဆုတ်နဲ့၊ အဲဒီအတိုင်းသာ ယုံကြည်လိုက်"

သီအိုဒိုသည် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး သေတ္တာကို ပိတ်ကာ မတင်လျက် လမ်းတစ်ဖက်ခြမ်းရှိ စာအုပ်ဆိုင်သို့ ပြေးသွားလေတော့သည်။

သူ အထင်မမှားပါက၊ ဆိုင်ထဲမှ ထွက်လာသည်နှင့် တပြိုင်နက် တစ်စုံတစ်ဦး၏ စောင့်ကြည့်ခြင်းကို ခံနေရသယောင် သူ ဝေဝါးစွာ ခံစားလိုက်ရသည်။

မိမိအပေါ် ကျရောက်နေသည့် ထိုမကောင်းသော အကြည့်များကြောင့် သူ၏ ခြေလှမ်းများကို ပိုမို မြန်ဆန်အောင် လှမ်းလိုက်တော့သည်။

...

လင်ကျဲသည် သူ၏ ကြောင်လေးနှင့် ကစားနေ၏။ သူ၏ လက်ထဲတွင် မွန်း ဝယ်လာသော ပစ္စည်းများဖြင့် သူကိုယ်တိုင် ပြုလုပ်ထားသည့် ကြောင်ကစားစရာတစ်ခု ရှိနေသည်။

လင်ကျဲသည် ကုလားထိုင်ပေါ်တွင် ထိုင်လျက် ထိုကစားစရာကို စိတ်လှုပ်ရှားစွာဖြင့် ဟိုရမ်းဒီရမ်း လုပ်နေပြီး၊ အဖြူလေးက အမွေးပွပွလေးကို အားတက်သရော လိုက်ဖမ်းနေသည်ကို ကြည့်ကာ ကျီစယ်နေသည်။

ဤကြောင်ကစားစရာတံလေးနှင့် ပတ်သက်၍ လင်ကျဲသည် သူ၏ အနုပညာလက်ရာကို အစွမ်းကုန် ပြသထားသည်။ လက်ကိုင်တံကို သူကိုယ်တိုင် ထွင်းထုထားပြီး၊ နိုင်လွန်ကြိုးကိုလည်း သူကိုယ်တိုင် ချည်နှောင်ကာ၊ အမွေးပွလေးမှာမူ... ကြက်တောင်ရိုက်သည့် ဘောလုံးမှ နုတ်ယူထားခြင်း ဖြစ်သည်။ စင်စစ်အားဖြင့် သူသည် ထိုအတံလေးကို အရောင်တင်ကာ ဖယောင်းပင် တိုက်ထားသေးသည်။

အကယ်၍ ဤကစားစရာကို ကုန်ပစ္စည်းအဖြစ်သာ ရောင်းချမည်ဆိုလျှင်ပင် မည်သူမျှ ကန့်ကွက်ကြလိမ့်မည် မဟုတ်ပေ။ အမှန်အတိုင်း ပြောရလျှင် လင်ကျဲမှာ အချိန်များ ပိုလျှံနေသဖြင့် ငြီးငွေ့နေသောကြောင့်သာ ဤမျှအထိ စေ့စပ်သေချာစွာ ပြုလုပ်ထားခြင်း ဖြစ်သည်။ စာဖတ်ခြင်းမှလွဲ၍ သူ လုပ်စရာ ဘာမှမရှိပေ။

အစပိုင်းတွင် သူသည် စားဝတ်နေရေးအတွက် ဖောက်သည်မရှိမှာကို စိုးရိမ်ခဲ့ဖူးသည်။ သို့သော်လည်း... စာအုပ်ကဖေး ဖွင့်လှစ်ပြီးနောက်တွင်မူ သူသည် ထိုအချက်ကို စိတ်ပူစရာ မလိုတော့ဘဲ၊ အနားယူသည့် အဆင့်သို့ပင် ရောက်ရှိနေပြီဟု ဆိုနိုင်သည်။

ကြောင်နှင့် ကစားလိုက်၊ မိန်းကလေးနှစ်ယောက်ကို ဧည့်ခံလိုက်ဖြင့်သာ။

"ဒါပေမဲ့ ကြည့်ရတာ ပရိုင်မာလည်း ဒဏ်ရာတွေ ပျောက်သလောက် ရှိနေပြီပဲ... ဆေးကျမ်းကိုလည်း တော်တော်လေး နားလည်နေပြီဆိုတော့ သူ အိမ်ပြန်ရမယ့် အချိန်ရောက်ပြီ ထင်တယ်"

တကယ်လည်း ပရိုင်မာသည် နောက်ရက်အနည်းငယ်အတွင်း ပြန်နိုင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အင်ဒရူးက သူ့ထံ ဖုန်းဆက်ကာ အရာအားလုံး ပြေလည်သွားပြီဖြစ်ကြောင်း အကြောင်းကြားခဲ့သောကြောင့် ဖြစ်သည်။

လင်ကျဲသည် အင်ဒရူးကို ထိုအခြေအနေအား မည်သို့ ဖြေရှင်းခဲ့သနည်းဟု စူးစမ်းစွာ မေးခဲ့ဖူးသည်။ ပရိုင်မာ၏ ပြောပြချက်အရ သူမ၏ မျိုးနွယ်စုမှာ အမှန်တရား အသင်းတော် အတွင်း၌ အရေအတွက်အားဖြင့် များပြားခြင်း မရှိသော်လည်း၊ ရှည်လျားသော မျိုးရိုးအစဉ်အလာကြောင့် အဖွဲ့အစည်းအတွင်း အဆင့်အတန်း မြင့်မားသူများ ဖြစ်ကြသည်။

ဒုတိယဥက္ကဋ္ဌပင် ဖြစ်ပါစေ... မျိုးနွယ်စုတွင်းမှ ရှေးရိုးစွဲဝါဒီဖြစ်သော ပရိုင်မာတို့ ညီအစ်မတစ်ဖက်နှင့်၊ အစွန်းရောက်ဝါဒီဖြစ်သော ဂျရုမ်းတို့တစ်ဖက် ပဋိပက္ခကို ဖြေရှင်းရန်မှာ တစ်ရက်နှစ်ရက်နှင့် မပြီးနိုင်သော အခက်အခဲများ ရှိနေနိုင်သည်။

အင်ဒရူးကမူ သူ ပြန်ယူသွားသော ပုလဲနို့လက်ဖက်ရည်မှာ နတ်သုဒ္ဓါကဲ့သို့ပင် အလွန်ကောင်းမွန်ကြောင်း၊ ပဋိပက္ခ အားလုံးကို ဖြေရှင်းပေးခဲ့ကြောင်းသာ ပြန်ပြောခဲ့သည်။

လင်ကျဲမှာ ထိုစကားကြောင့် အံ့အားသင့်သွားခဲ့၏။ သူ ဇဝေဇဝါ ဖြစ်နေသော်လည်း အင်ဒရူးက အစပိုင်းတွင် အချို့လူများက ထိုအရာကို မြည်းစမ်းရန် တွန့်ဆုတ်နေကြပြီး ကန့်ကွက်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော်လည်း... သူ၏ နွေးထွေးစွာ တိုက်တွန်းမှုကြောင့် သူတို့အားလုံး သောက်ကြည့်လိုက်ကြရာ၊ ထိုဖျော်ရည်ကို လုံးဝ စွဲလန်းသွားကြပြီး ချီးကျူးစကားများသာ ဆိုကြတော့သည်ဟု ဆိုသည်။

ထို့နောက်... ထိုနို့လက်ဖက်ရည်၏ အရသာကို ခံစားနေကြစဉ်မှာပင် နှစ်ဖက်စလုံးက အတိတ်က အမှားများကို မေ့ပျောက်ကာ သဘောတူညီချက် ရယူလိုက်ကြသည်။ ဤသို့ဖြင့်... နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော ပဋိပက္ခများ ပျောက်ကွယ်သွားပြီး မျိုးနွယ်စု၏ ပြန်လည်ပေါင်းစည်းခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့လေသည်။

လင်ကျဲမှာ သံသယရှိနေသော်လည်း အဆုံးတွင်တော့ ထိုအတိုင်းသာ လက်ခံလိုက်သည်။

အမွေးပွလေးကို အပတ်တကုတ် လိုက်ဖမ်းနေသော်လည်း မမိနိုင်ဖြစ်နေသည့် အဖြူလေးကို ကြည့်ရင်း လင်ကျဲက ပြုံးလျက် ရေရွတ်လိုက်သည်။

"ဒါဟာ ကမ္ဘာခြားက အစားအသောက်တွေရဲ့ စွမ်းပကားများလား..."

***

အပိုင်း(၃၃၂)

ကမ္ဘာခြားက နို့လက်ဖက်ရည်တစ်ခွက်၏ ကျေးဇူးကြောင့် ပရိုင်မာ၏ မျိုးနွယ်စုအတွင်း ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။

ဂျရုမ်းက ပရိုင်မာနောက်သို့ လူသတ်သမားလွှတ်သည့်အထိ အခြေအနေများမှာ တင်းမာနေခဲ့ပြီး၊ မာဂရက်မှာလည်း ပျောက်ဆုံးနေဆဲဖြစ်ကာ အဆုံးတွင် ဂျရုမ်းကိုယ်တိုင်လည်း ပုံမှန်မဟုတ်သော သေဆုံးခြင်းဖြင့် ဇာတ်သိမ်းသွားခဲ့ရသော်လည်း ကောင်းမွန်သော ဖျော်ရည်တစ်ခုအပေါ် ဘုံအသိအမှတ်ပြုမှုဖြင့်ပင် ထိုအုပ်စုနှစ်ခုသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော ပဋိပက္ခများ အပြီး အပေးအယူတည့်သည့် လမ်းစကို ရှာဖွေတွေ့ရှိသွားခဲ့ကြပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင်ပင် သူတို့အားလုံးမှာ သွေးချင်းနီးစပ်သူများဖြစ်ကြောင်းနှင့် မျိုးနွယ်စု၏ စည်းလုံးညီညွတ်မှုမှာ သူတို့၏ အဓိပ္ပာယ်မဲံ ယုံကြည်ချက်များထက် များစွာပို၍ အရေးကြီးကြောင်းကို နားလည်သွားကြသည်။

သူတို့၏ သွေးကြောထဲတွင် စီးဆင်းနေသော သွေးမှာ တစ်မျိုးတည်းဖြစ်ရာ တစ်ဦးနှင့်တစ်ဦး ရန်ဘက်ပြုနေစရာ အကြောင်းမရှိတော့ပေ။

ထို့နောက်တွင်မူ သူတို့သည် တစ်ဦးနှင့်တစ်ဦး လက်ဆွဲနှုတ်ဆက်ကာ ပြန်လည်သင့်မြတ်သွားကြလေတော့သည်။

မည်သို့ပင်ဆိုစေကာမူ... ပရိုင်မာလေးမှာ သတ်မှတ်ထားသည့် ရက်ထက် စော၍ စာအုပ်ဆိုင်မှ ထွက်ခွာနိုင်တော့မည် ဖြစ်သည်။ သို့သော် လင်ကျဲက ဤကိစ္စကို ပရိုင်မာအား ပြောပြသောအခါတွင်မူ ထိုမိန်းမငယ်လေးမှာ ထိတ်လန့်တုန်လှုပ်သွားပြီး မပြန်ချင်သေးကြောင်း၊ စာအုပ်ဆိုင်တွင် နောက်ထပ်ရက်အနည်းငယ်ခန့် ဆက်နေလိုကြောင်း အတင်းအကျပ် တောင်းဆိုလာတော့သည်။

သူမ ပေးသော အကြောင်းပြချက်မှာ ရိုးရှင်းပါသည်။

"မစ္စတာလင်က ကျွန်မရဲ့ အသက်သခင်ဖြစ်သလို ဒီလောက် အဖိုးတန်တဲ့ အသိပညာတွေကိုလည်း သင်ကြားပေးခဲ့တာပါ... ကျွန်မမှာ ပြန်ပေးစရာ ဘာမှမရှိပေမဲ့ မစ္စတာလင်အတွက် တစ်ခုခု အသုံးဝင်အောင် ကူညီပေးချင်ပါတယ်..."

သူမ ပြောသော 'အကူအညီ' ဆိုသည်မှာ ဘေးရှိ စာအုပ်ကဖေးတွင် စားပွဲထိုးအဖြစ် လုပ်ကိုင်ပေးရန်နှင့် မွန်း၏ လုပ်ငန်းဆောင်တာများကို ကူညီပေးရန် ဖြစ်သည်။ ဆိုလိုသည်မှာ လင်ကျဲ၏ လက်ထောက်၏ လက်ထောက် အဖြစ် လုပ်ကိုင်ခြင်းပင်။

လင်ကျဲသည် သူ့ လက်ထောက်၏ လက်ထောက် ဖြစ်လာသော ပရိုင်မာလေး အလုပ်ကို တော်တော်လေး ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်သည်ကို မြင်ရသဖြင့် သူမ၏ ဆန္ဒအတိုင်း လွှတ်ထားပေးလိုက်သည်။ အမှန်စင်စစ် နေ့စဉ် ကျွေးမွေးနေရသော ထမင်းသုံးနပ်မှလွဲ၍ ပရိုင်မာမှာ အခမဲ့ လုပ်အားပေးနေခြင်းဖြစ်ရာ လင်ကျဲအနေဖြင့် ဤမျှ ကောင်းမွန်သော အခွင့်အရေးကို လက်လွှတ်မခံလိုပေ။

ထို့ပြင်... အစ်မဖြစ်သူ ပျောက်ဆုံးနေခြင်းနှင့် ဦးလေးဖြစ်သူက လူသတ်သမားလွှတ်ခဲ့ခြင်းတို့ကြောင့် သူမအနေဖြင့် မိမိ၏ မျိုးနွယ်စုအပေါ် စိတ်ဒဏ်ရာအချို့ ကျန်ရစ်နေမည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ ပြန်သွားရန်အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများလည်း လိုအပ်ပေလိမ့်မည်။

ထို့ကြောင့် လင်ကျဲသည် ပရိုင်မာကို နောက်ထပ် ရက်အနည်းငယ်ခန့် ဆက်နေရန် ခွင့်ပြုလိုက်သည်။ သို့သော်... ဤသည်မှာ ရေရှည်ဖြေရှင်းချက် မဟုတ်ဘဲ သူမအနေဖြင့် တစ်နေ့တွင် ပြန်သွားကာ မိမိ၏ ပြဿနာများကို ရင်ဆိုင်ရမည်သာ ဖြစ်သည်။ လင်ကျဲ၏ လက်ရှိအစီအစဉ်မှာ အချိန်တန်လျှင် မွန်းကို သူမနှင့်အတူ လိုက်ပါပို့ဆောင်ပေးရန် ဖြစ်သည်။

မွန်းမှာ ပရိုင်မာနှင့် ရွယ်တူဟု ထင်ရသော်လည်း သူမ၏ တိုက်ခိုက်ရေး စွမ်းအင်မှာ အတော်လေး ကောင်းသည်။ လူငယ်လူရွယ် ငါးဦးခန့်ကို မျက်စိတစ်မှိတ်အတွင်း အမှုန့်ကြိတ်နိုင်စွမ်း ရှိသည် (ဟုဒ်နှင့် သူ၏ အပေါင်းအပါများကို သတိရလိုက်ပါလေ)

ထို့အပြင်... မွန်းမှာ အလုပ်ကိစ္စများတွင်လည်း အလွန် စိတ်ချရသူ ဖြစ်သည်။ အခြေအနေ မဟန်တော့သည်ကို မြင်လျှင် သူမသည် ချက်ချင်း ထွက်ပြေးခြင်း၊ အင်ဒရူးထံ ဖုန်းဆက်ခြင်း သို့မဟုတ် မိမိဘာသာ ဖြေရှင်းခြင်းတို့ကို လုပ်ဆောင်နိုင်စွမ်း ရှိသည်။

လင်ကျဲ ပရိုင်မာအား ဤအစီအစဉ်ကို ပြောပြရန် အခွင့်အရေး ရှာနေစဉ်မှာပင် သူ၏ စာအုပ်ဆိုင် တံခါးမှာ ဝုန်းကနဲ ပွင့်သွားတော့သည်။

"ကြိုဆိုပါတယ်ဗျာ..."

လင်ကျဲသည် သူ၏ ကြောင်ကစားစရာတံကို ချက်ချင်း သိမ်းဆည်းလိုက်ပြီး မော့ကြည့်လိုက်၏။ ထိုအခါ... အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနှင့် စိုးရိမ်ပူပန်နေပုံရသော လူလတ်ပိုင်း အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

အဖြူလေးမှာမူ လန့်ဖျပ်ကာ အရှေ့သို့ ကျွမ်းထိုးသွားသော်လည်း ရပ်တန့်သွားသည်နှင့် တပြိုင်နက် ဦးခေါင်းကို မော့လျက် ခန့်ညားသော အနေအထားဖြင့် "မြောင်" ဟု မာန်ပါပါ အော်လိုက်သည်။

လင်ကျဲ၏ အမြင်အရ ထိုအမျိုးသားမှာ သပ်ရပ်သော အသွင်အပြင် ရှိပြီး ရှပ်အင်္ကျီအဖြူပေါ်တွင် အပေါ်ထပ် အင်္ကျီ၊ ဘောင်းဘီရှည်နှင့် သားရေဖိနပ်တို့ကို ဝတ်ဆင်ထားသည်။ သူသည် ရွှေရောင်ကိုင်း မျက်မှန်ကို တပ်ဆင်ထားပြီး လက်ထဲတွင် စာအုပ် တစ်အုပ်ကို ကိုင်ထားသည်။

အမျိုးသား၏ မျက်နှာတွင် စိုးရိမ်စိတ်နှင့် မလုံခြုံမှုများ ပြည့်နှက်နေသော်လည်း တစ်ဖက်တွင်မူ မျှော်လင့်ချက်အရိပ်အယောင် အနည်းငယ်လည်း ရှိနေသည်။ သူသည် ဆိုင်ထဲသို့ ဝင်လာပြီးနောက် ဆိုင်ပိုင်ရှင်အား သတိကြီးစွာဖြင့် ပြုံးပြကာ တံခါးကို ပိတ်လိုက်သည်။

‘စာအုပ်ဆိုင် လာတာ သူလျှိုလုပ်ငန်း လုပ်နေရသလိုမျိုး၊ လျှို့ဝှက် အရောင်းအဝယ် လုပ်နေရသလိုမျိုး ဟန်ဆောင်နေဖို့ လိုလို့လား...’

လင်ကျဲ စိတ်ထဲမှ ကြိတ်လှောင်လိုက်မိ၏။ ဤအမျိုးသား၏ အမူအရာကို ကြည့်ရသည်မှာ စာအုပ်လာယူသည့်သူနှင့် မတူဘဲ၊ တစ်စုံတစ်ဦးအား မသိစေလိုသည့် ပစ္စည်းတစ်ခုကို လာရောက် ရောင်းချသူနှင့် ပိုတူနေသည်။

‘ပြီးတော့ အစ်ကိုကြီးရယ်... ခင်ဗျား နဖူးမှာလည်း ချွေးတွေချည်းပဲ...’

"မင်္ဂလာပါဗျာ..."

အမျိုးသားက ကောင်တာသို့ ချဉ်းကပ်ရင်း နှုတ်ဆက်လိုက်သည်။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး နွေးထွေးစွာ ပြုံးပြနေသော လူငယ်လေးကို ကြည့်ကာ ခဏတာ တုံ့ဆိုင်းသွား၏။

"မေးပါရစေ... ခင်ဗျားက ဒီစာအုပ်ဆိုင်ရဲ့ ပိုင်ရှင်လားခင်ဗျာ..."

"ဟုတ်ကဲ့၊ ဒါ ကျွန်တော့်ရဲ့ ဆိုင်ပါ"

လင်ကျဲက ခေါင်းညိတ် ထောက်ခံလိုက်သည်။ ထိုသူသည် စာအုပ်ဝယ်မည့်သူ မဟုတ်နိုင်သော်လည်း လင်ကျဲက ပုံမှန်အတိုင်းပင် မေးလိုက်သည်။

"စာအုပ် ငှားမလို့လား၊ ဖတ်မလို့လား၊ ဒါမှမဟုတ် ဝယ်မလို့လားခင်ဗျာ..."

အမျိုးသားက ကောင်တာရှိ ထိုင်ခုံတွင် ထိုင်လိုက်ပြီး အလွန်အရေးကြီးသော ဆုံးဖြတ်ချက်ကို ချလိုက်သည့်အလား စာအုပ်ကို စားပွဲပေါ်သို့ တင်လိုက်သည်။

"မဟုတ်ပါဘူး... ကျွန်တော့်နာမည်က သီအိုဒိုပါ၊ တစ်ပတ်ရစ် စာအုပ်ရောင်းဝယ်သူ တစ်ဦးပါ... မကြာသေးခင်ကမှ လမ်းတစ်ဖက်ခြမ်းက 'ရိုးလ်' အဖွဲ့ တည်ဆောက်ထားတဲ့ ကုန်တိုက်မှာ ဆိုင်ခန်းငှားပြီး ပြောင်းလာတာပါ... ကျွန်တော် ဒီကို ရောက်လာရတဲ့ အကြောင်းရင်းကတော့ ဒီစာအုပ်ကြောင့်ပါ..."

‘အော်... လုပ်ငန်းတူ တစ်ယောက်ပဲ...’

‘သူက ဒီမှတ်တမ်းစာအုပ်ကို ငါ့ဆီလာရောင်းနေတာလား...’

လင်ကျဲသည် စားပွဲပေါ်ရှိ ဟောင်းနွမ်းနေသော မှတ်တမ်းစာအုပ်ကို စိုက်ကြည့်လိုက်သည်။ ၎င်းတွင် သာမန် အမည်းရောင် မျက်နှာဖုံးရှိပြီး အစွန်းအထင်းများ ပေကျံနေကာ ထောင့်တစ်နေရာမှာလည်း ပြတ်တောက်နေသည်။ စာအုပ်၏ အရေးအကြောင်းများနှင့် အစွန်းအထင်းများကို ကြည့်ခြင်းအားဖြင့် ဤစာအုပ်မှာ အနည်းဆုံး ဆယ်စုနှစ်ချီ ကြာမြင့်နေပြီဖြစ်ကြောင်း ထင်ရှားသည်။

‘ဟုတ်ပ... ဒါကတော့ တကယ့်ကို... တစ်ပတ်ရစ် စာအုပ် စစ်စစ်ပဲ’

လင်ကျဲ တွေးလိုက်မိသည်။ ဤမှတ်တမ်းတွင် သမိုင်းဝင် တန်ဖိုးတစ်ခုခု ရှိနေသည်မှာ ထင်ရှားသည်။ ဥပမာအားဖြင့် ကျော်ကြားသူတစ်ဦးက ရေးသားခဲ့ခြင်း၊ အရေးကြီးသော သတင်းအချက်အလက်များ ပါဝင်ခြင်း သို့မဟုတ် ထူးခြားသော ဖြစ်ရပ်တစ်ခုကို မှတ်တမ်းတင်ထားခြင်းမျိုး ဖြစ်နိုင်သည်။

သို့သော်... သူကိုယ်တိုင်က တစ်ပတ်ရစ် စာအုပ်ရောင်းဝယ်သူ ဖြစ်နေမှတော့ ဤစာအုပ်၏ တန်ဖိုးကို သူ ကောင်းစွာ သိပေလိမ့်မည်။ လင်ကျဲ၏ ခန့်မှန်းချက် မှန်ကန်ပါက ဤမှတ်တမ်း၏ တန်ဖိုးမှာ မြင့်မားနိုင်ပေသည်။ သို့ဆိုလျှင် သူက အဘယ်ကြောင့် ပညာရှင်များ သို့မဟုတ် ပြတိုက်များကဲ့သို့ စိတ်ဝင်စားမည့်သူများထံ မသွားဘဲ၊ သာမန်... တစ်နည်းအားဖြင့် ဆင်းရဲလှသော ဤစာအုပ်ဆိုင်သို့ ရောက်လာရသနည်း။

‘သူက တန်ဖိုးမရှိတဲ့ စာအုပ်တစ်အုပ်နဲ့ ရိုးသားတဲ့ စာအုပ်ဆိုင်ပိုင်ရှင်ကို လှည့်စားဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်... ဥပမာ ငါ့လို လူမျိုးကိုပေါ့...

လင်ကျဲသည် လက်ပိုက်လျက် စဉ်းစားနေမိသည်။ သို့သော်လည်း... အဆုံးသတ်တွင်တော့ သူက ပညာရှင်တစ်ဦးကဲ့သို့ ဟန်ဆောင်ကာ ငြိမ်နေလိုက်ပြီး သီအိုဒို၏ ရှင်းပြချက်ကို စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။ စာအုပ်ကို ကြည့်ရုံနှင့်တော့ ဘာမှ သိနိုင်မည် မဟုတ်ပေ။

သီအိုဒိုက ထိတ်လန့်တုန်လှုပ်စွာဖြင့် ဆက်ပြောလိုက်၏။

"အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်း ဒီစာအုပ်အကြောင်း သိပ်မသိပါဘူး... ဒါကို တခြားတစ်ယောက်ဆီက ဝယ်ခဲ့တာပါ... အောက်ပိုင်းခရိုင်က လာတာဆိုတာပဲ သိပါတယ်... တကယ်တော့ အထဲက အကြောင်းအရာတွေကိုတောင် ကျွန်တော် နားမလည်ပါဘူး... ဒါပေမဲ့ ဒီစာအုပ်ကြောင့် ကျွန်တော်... သိပ်ကို ထူးဆန်းတဲ့ ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်နေရလို့ပါ"

လင်ကျဲသည် ကိုယ်ကို နောက်သို့ အနည်းငယ် မှီလိုက်ရင်း မျက်မှောင်ကြုတ်လျှက် အဖြူလေးကို ကောက်ယူ ပွတ်သပ်ပေးလိုက်သည်။

"ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဟုတ်လား..."

သီအိုဒိုက ခေါင်းညိတ်ပြသည်။

"ဟုတ်ကဲ့... ကျွန်တော့်နောက်ကို အမည်မသိလူတွေ လိုက်နေကြသလို စုံစမ်းစစ်ဆေးတာတွေလည်း ခံနေရပါတယ်... သူတို့အားလုံးက ဒီစာအုပ်ကိုပဲ လိုချင်နေကြတာပါ... ပြီးတော့... အခြေအနေတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်လာလို့ ကျွန်တော် ဘာလုပ်ရမှန်း မသိတော့တဲ့အတွက် ခင်ဗျားရဲ့ အကူအညီကို လာတောင်းတာပါ..."

သူက ဆက်လက်၍ သတိကြီးစွာဖြင့် ဖြည့်စွက်ပြောလိုက်သည်။

"လွန်ခဲ့တဲ့ ရက်ပိုင်းက 'ရိုးလ်' အဖွဲ့ရဲ့ ကားတစ်စီး ခင်ဗျားဆိုင်ရှေ့မှာ ရပ်တာကို ကျွန်တော် တွေ့လိုက်ပါတယ်... အဲဒီအဖွဲ့ရဲ့ အမွေဆက်ခံသူ မိန်းကလေးက လက်ဆောင်တွေနဲ့ လာတွေ့တာကို မြင်လိုက်ရလို့... အဲဒါကြောင့်..."

‘အော်... သူက ငါ့ကို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးလို့ ထင်နေတာကိုး... ဒါဆိုရင်တော့ ခင်ဗျား ရေလိုက်လွဲသွားပြီဗျ... ကျုပ် သာမန် စာအုပ်ဆိုင်ပိုင်ရှင် တစ်ယောက်ပါပဲ... ဪ... နေဦး... မကြာသေးခင်ကမှ သဘာဝလွန် စွမ်းအား နည်းနည်းလောက် ရထားတာ ဆိုတော့ သာမန်လူထက် နည်းနည်းပဲ ပိုစွမ်းတယ်လို့ ပြောလို့ရတယ်’

သို့သော်လည်း... လင်ကျဲသည် ဧည့်သည် ကြုံတွေ့နေရသည်များကို အနည်းဆုံးတော့ နားလည်သွားခဲ့ပြီ ဖြစ်သည်။

‘သခင်မလေးကျိ ယူလာတဲ့ ဒုက္ခတွေပဲပေါ့လေ...’

လင်ကျဲသည် မျက်မှောင်ကြုတ်ကာ နားထင်ကို ပွတ်လိုက်သည်။

"အရင်ဆုံး ကျွန်တော် ကြည့်ပါရစေဦး... ပြောရရင် ကျွန်တော်ကလည်း စွမ်းဆောင်ရည် အကန့်အသတ်ရှိတဲ့ သာမန်လူတစ်ယောက်ပဲမို့ ခင်ဗျားကို ကျိန်းသေ ကူညီနိုင်လိမ့်မယ်လို့တော့ အာမမခံနိုင်ဘူးနော‌ေ"

လင်ကျဲ လက်ကို ဆန့်ထုတ်ကာ မှတ်တမ်းစာအုပ်ကို ယူလိုက်သည်။ မျက်နှာဖုံးပေါ်ရှိ အစွန်းအထင်းမှာ သူ၏ အတွေ့အကြုံအရ သွေးကွက်တစ်ခု ဖြစ်နိုင်ပေသည်။ ကြည့်ရသည်က ဤမှတ်တမ်းစာအုပ်သည် စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြလိမ့်မည် ထင်ရသည်။

သို့သော် မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ လင်ကျဲသည် ဤမှတ်တမ်းစာအုပ်ကို အတော်လေး ရင်းနှီးနေသည်ဟု ခံစားရသည်။ တစ်နေရာရာတွင် သူ မြင်ဖူးခဲ့သကဲ့သို့ပင်။

***

All Chapters