အခန်း (၃၃၃-၃၃၄)
Vol. 24 Ch. 333-334
အပိုင်း(၃၃၃)
လင်ကျဲ သူ့ လက်ထဲမှ မှတ်တမ်းစာအုပ်ကို အသာအယာ ပွတ်သပ်နေမိ၏။ ရင်းနှီးနေသည့် ထိုခံစားချက်မှာ တစ်စက္ကန့်ထက် တစ်စက္ကန့် ပိုမိုပြင်းထန်လာသည်။
‘ငါ ဒီလိုမှတ်တမ်းစာအုပ်မျိုးကို ဘယ်မှာ မြင်ဖူးပါလိမ့်...’
လင်ကျဲ မိမိဘာသာ စဉ်းစားနေမိသည်။
‘ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူးလေ... သီအိုဒိုရဲ့ ပြောပြချက်အရဆိုရင် ဒါဟာ အောက်ပိုင်းခရိုင်က ရလာတဲ့၊ အနည်းဆုံး ရာစုနှစ်ချီ သက်တမ်း ရှိတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုပဲ... ငါ ဒီကမ္ဘာကို ရောက်လာတာ သုံးနှစ်ပဲ ရှိသေးတာ၊ ဒီစာအုပ်ကို မြင်ဖူးဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
ဒီသုံးနှစ်အတွင်းမှာ အလားတူ မှတ်တမ်းမျိုးနဲ့ ကြုံခဲ့ရင်တောင် ငါ့ရဲ့ မှတ်ဉာဏ်အရ ဒီလောက်အထိ ဝေဝါးနေစရာ အကြောင်းမရှိဘူး...’
လင်ကျဲသည် မိမိကိုယ်ကို ယုံကြည်မှုရှိသည်။ အသက် ၂၁ နှစ်အရွယ်တွင် သူသည် တက္ကသိုလ် ကထိက တစ်ဦးဖြစ်ခဲ့ပြီး ကိုယ်ပိုင်စာအုပ်ကိုပင် ထုတ်ဝေနိုင်ခဲ့သူဖြစ်သည်။ ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ဝိဇ္ဇာဘွဲ့၏ ထိပ်တန်းသို့ ရောက်ရှိနိုင်ခဲ့ခြင်းမှာ သူ၏ ထူးချွန်လှသော မှတ်ဉာဏ်စွမ်းရည်ကြောင့်ပင် ဖြစ်သည်။ အကယ်၍ ဤအချက်ကိုသာ ငြင်းပယ်လိုက်ရလျှင် လင်ကျဲတွင် အခြားမည်သည့် ထူးခြားချက်မျှ ကျန်ရှိတော့မည် မဟုတ်ပေ။
သူသည် မြင်သမျှကို ဓာတ်ပုံရိုက်ထားသကဲ့သို့ မမေ့တမ်း မှတ်မိနိုင်သည့် ပိုင်ရှင်မျိုး မဟုတ်သည့်တိုင်၊ အနည်းဆုံးတော့ လွန်ခဲ့သော သုံးနှစ်အတွင်း မြင်ခဲ့၊ ကြုံခဲ့သမျှကိုမူ ရှင်းရှင်းလင်းလင်း မှတ်မိနေသင့်သည်။
တစ်ချိန်တည်းမှာပင် လင်ကျဲသည် သူ၏ ပင်ကိုယ်သိစိတ်ကိုလည်း အလွန်ယုံကြည်သည်။ အကယ်၍ သူက ဤစာအုပ်ကို မြင်ဖူးသည်ဟု ထင်နေလျှင် သူ ၎င်းကို အမှန်တကယ်ပင် ကြုံတွေ့ခဲ့ဖူးသည်ဟု အဓိပ္ပာယ်ရသည်။
သို့ဆိုလျှင်... အဖြေက တစ်ခုတည်းသာ ရှိတော့သည်။
လင်ကျဲ၏ လက်ချောင်းများမှာ အစွန်းအထင်းများ၏ အနားသတ်တစ်လျှောက် ပွတ်သပ်သွား၏။ ၎င်းမှာ ရွှံ့နှင့် သွေးများ ရောနှောကာ ခဲနေသည့် အလွှာတစ်ခုဖြစ်ပြီး မူလမျက်နှာဖုံးနှင့် တစ်သားတည်း ဖြစ်နေကာ မူလက ပါဝင်ခဲ့သော ပုံစံများကို ဖုံးကွယ်ထားသည်။
‘ငါ နော်ဇင်မြို့ကို မရောက်ခင်၊ ကမ္ဘာမြေပေါ်မှာ ရှိနေတုန်းက... ငါ အဲဒီမှာ ရှိနေတုန်းက ဒီမှတ်တမ်းစာအုပ်နဲ့ ကြုံခဲ့တာပဲ...’
လင်ကျဲ၏ မျက်နှာမှာ လေးနက်တည်ကြည်သွားသည်။ ဤသည်မှာ ကြီးမားသော ပြဿနာတစ်ခုပင်။ သူ ဤကမ္ဘာသို့ မကူးပြောင်းမီက မြင်ဖူးခဲ့သော အရာတစ်ခုမှာ ယခုအခါ အဘယ်ကြောင့် သူ့ ရှေ့တွင် ရာစုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော အောက်ပိုင်းခရိုင်မှ ရှေးဟောင်းပစ္စည်းအဖြစ် ပေါ်လာရသနည်း။ ဤမှတ်တမ်းစာအုပ်မှာ အဘယ်အရာကို ကိုယ်စားပြုနေသနည်း။
သူ မှတ်တမ်းစာအုပ်ကို မျက်မှောင်ကြုတ်လျက် စိုက်ကြည့်နေမိသည်။ ထိုအခိုက်၌ သူသည် သီအိုဒို၏ ပြဿနာကို ဖြေရှင်းပေးရန် ကြိုးစားနေခြင်း မဟုတ်တော့ပေ။ ထိုအစား သူ၏ စိတ်ထဲတွင် ပေါ်ပေါက်လာသော သံသယပေါင်းများစွာကို အဖြေရှာရန်အတွက် စာအုပ်ကို စေ့စေ့စပ်စပ် စစ်ဆေးနေခြင်း ဖြစ်သည်။
လင်ကျဲသည် မှတ်တမ်းစာအုပ်ကို လှန်လိုက်ပြီး ပထမဆုံးစာကြောင်းကို ကြည့်လိုက်၏။
‘အမ်... ဘာမှ မရှိပါလား...’
ပထမဆုံး စာကြောင်းမှာ အစွန်းအထင်းများကြောင့် ဖုံးကွယ်နေပြီး မူလစာသားများမှာ မကျန်တော့သလောက်ပင်။
အတွင်းစာမျက်နှာများကို ကြည့်ခြင်းဖြင့် အစွန်းအထင်းများမှာ ခြောက်သွေ့နေသော သွေးများဖြစ်ကြောင်း ပိုမိုထင်ရှားလာသည်။ ထို့ပြင် ပိုးသားစအချို့လည်း ကပ်ပါနေသည်ကို တွေ့ရရာ ၎င်းမှာ အဖွဲ့အစည်းတစ်ခု၏ အမှတ်အသား ဖြစ်နိုင်ပေသည်။
‘ကြောက်စရာပဲ... ဒီမှတ်တမ်းစာအုပ်ရဲ့ ပိုင်ရှင်ဟာ ဘယ်လိုကြောက်စရာကောင်းတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါလိမ့်...’
လင်ကျဲသည် နောက်စာမျက်နှာများကို ဆက်လက် လှန်လှောရင်း တွေးနေမိသည်။
ဒုတိယစာကြောင်းမှ စတင်ကာ စာသားများမှာ တဖြည်းဖြန်း ရှင်းလင်းလာပြီး အဓိပ္ပာယ်များမှာလည်း ရိုးရှင်းလှသဖြင့် ဖတ်ရှုရန် အခက်အခဲ မရှိပေ။
...
သီအိုဒိုမှာမူ ဇဝေဇဝါဖြစ်နေသော မျက်နှာပေးဖြင့် စာအုပ်ဆိုင်ပိုင်ရှင် လူငယ်လေး စာအုပ်အား လှန်လှောနေသည်ကို ကြည့်ကာ အသက်ပင် ဝဝ မရှူရဲပဲ စောင့်ဆိုင်းနေမိသည်။ အထဲတွင် ရေးထားသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ထိုလူငယ်က မည်သို့မေးမြန်းလာမည်နည်းဟု မျှော်လင့်နေခြင်း ဖြစ်သည်။
သူကိုယ်တိုင်လည်း ဤစာအုပ်ကို စတင်လက်ခံရရှိစဉ်က အထဲတွင် ဘာရေးထားမှန်း တစ်စက်ကလေးမျှ နားမလည်သဖြင့် အလွန်ပင် မျက်စိလည်ခဲ့ရသည်။ ထို့ကြောင့် မှောင်ခိုသမားအား မေးမြန်းခဲ့သော်လည်း ဝမ်းနည်းစရာကောင်းစွာပင်... ထိုသူသည်လည်း ဘာမှမသိကြောင်းသာ ပြန်ပြောခဲ့သည်။
ထိုမှောင်ခိုသမားသည် စာအုပ်ကို သီအိုဒိုထံ မရောင်းမီက အချိန်အတော်ကြာ သုတေသန ပြုလုပ်ခဲ့သော်လည်း မည်သည့်ရလဒ်မျှ မထွက်ပေါ်ခဲ့ပေ။ သို့သော် သတင်းအချက်အလက် မရှိခြင်းမှာပင် သတင်းအချက်အလက် တစ်ခု ဖြစ်နေသည်။
ထို့ကြောင့်... ဤစာသားများမှာ နော်ဇင်မြို့၏ မည်သည့် ဘာသာစကားစနစ်နှင့်မျှ မသက်ဆိုင်ကြောင်း သူ အသေအချာ သိရှိခဲ့သည်။ အမှန်စင်စစ် ထိုအဖွဲ့မှ ကျွမ်းကျင်သူတစ်ဦး၏ ရူးသွပ်သော ပြောကြားချက်အရ ဤဘာသာစကားမှာ အဇီးကမ္ဘာမှပင် မဟုတ်ဟု ဆိုသည်။
တစ်နည်းအားဖြင့် ဆိုရသော် ဤဘာသာစကားကို အသုံးပြုသူတစ်ဦးမှ ပေါ်မလာလျှင် မည်သူမျှ နားလည်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ယခုအခြေအနေမှာ သီအိုဒို၏ မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့သည်။ စာအုပ်ဆိုင်ပိုင်ရှင် လူငယ်လေးမှာ စာအုပ်ကို လှန်လှောရင်း တစ်စုံတစ်ရာ တုံ့ဆိုင်းခြင်းမရှိဘဲ စာမျက်နှာများကို တစ်ခုပြီးတစ်ခု ဖတ်ရှုသွားသည်ကို သူ တွေ့လိုက်ရသည်။ ထိုလူငယ်သည် ဖတ်ရှုခြင်းကို ရပ်တန့်ရုံသာမက တစ်ခါတစ်ရံတွင်လည်း လေးနက်စွာ စဉ်းစားနေသည့် ပုံစံမျိုး ရှိနေသည်။
‘သူက... ဒီဘာသာစကားကို နားလည်နေတာလား...’
သီအိုဒို တစ်ကိုယ်လုံး တုန်တက်သွားမိသည်။
..
(မှတ်တမ်း စာအုပ် အတွင်းမှ စာသားများ)
"ပထမအကြိမ် စူးစမ်းလေ့လာရေးခရီးစဉ်ဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး ဒုတိယအကြိမ် စူးစမ်းလေ့လာရေးခရီးစဉ်က စတင်တော့မှာပါ... ရှေးဟောင်းပစ္စည်းပေါ်မှာ တွေ့ရတဲ့ စာသားတွေနဲ့ ပတ်သက်ပြီး ငါပြုလုပ်ထားတဲ့ သုတေသန မှတ်စုအားလုံးကို ပြုစုပြီး တင်ပြလိုက်ပါပြီ... သုတေသနဌာနက ငါတို့ရဲ့ ယူဆချက်တွေကို အမြန်ဆုံး အတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ..."
"အမှန်အတိုင်း ပြောရရင် ငါ တကယ်ကို စိတ်လှုပ်ရှားနေမိတယ်... ဒါဟာ အရင်က မရှိဖူးသေးတဲ့ ကြီးမားလှတဲ့ ရှာဖွေတွေ့ရှိမှုကြီး တစ်ခု ဖြစ်လာလိမ့်မယ်..."
"ဒါပေမဲ့ တခြားအရာတွေလိုပဲ အလျင်လိုရင် အမှားပါတတ်တာမို့ ငါတို့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရဦးမှာပါ..."
"နောက်ပိုင်းမှာတော့ ငါကြုံတွေ့ရသမျှ သတင်းအချက်အလက်တွေ၊ ငါ့ရဲ့ ကိုယ်ပိုင် အတွေးအမြင်တွေ၊ ခံစားချက်တွေနဲ့ သိမြင်မှုတွေကို မှတ်တမ်းတင်ဖို့အတွက် ဒီမှတ်တမ်းစာအုပ်ကိုပဲ သုံးတော့မယ်..."
"ဒါက သုတေသနလုပ်နေတာထက် နေ့စဉ်မှတ်တမ်း ရေးနေတာနဲ့ ပိုတူနေသလိုပဲ..."
"ငါတို့အဖွဲ့ထဲက ဝမ်လေးတစ်ယောက် စိတ်ဖိစီးမှုတွေကြောင့် စိတ်ဖောက်ပြန်သွားပြီး စူးစမ်းလေ့လာရေးအတွင်း ကြုံခဲ့သမျှကို မေ့သွားကတည်းက ပါမောက္ခလင်က စိတ်ဖိစီးမှုတွေ လျော့ပါးစေဖို့နဲ့ အရေးကြီးတဲ့ သုတေသန အချက်အလက်တွေ ထပ်မံ မဆုံးရှုံးရအောင် ဒီလိုလုပ်ဖို့ စည်းကမ်းသတ်မှတ်လိုက်တာ ဖြစ်တယ်..."
"ပါမောက္ခလင် ဟာ အဖွဲ့ထဲမှာ အတွေ့အကြုံ အရှိဆုံးသူပဲ... အသက် ၃၀ ပဲ ရှိသေးပေမဲ့ ရှေးဟောင်းသုတေသန လုပ်ငန်းမှာ ၇ နှစ်၊ ၈ နှစ်လောက် အတွေ့အကြုံရှိပြီး သူလုပ်သမျှဟာ အမြဲတမ်း စိတ်ချရပါတယ်"
...
"မတ်လ ၂၀ ရက်၊ သာယာသည်။"
"ပြင်ဆင်မှုတွေဟာ အစီအစဉ်အတိုင်း ဖြစ်မြောက်ခဲ့ပြီး အဖွဲ့ဝင်အားလုံး နေရာယူပြီးကြပြီ... ဒုတိယအကြိမ် စူးစမ်းလေ့လာရေးခရီးစဉ်ကို တရားဝင် စတင်လိုက်ပါပြီ..."
"လက်ရှိမှာတော့ ငါတို့ဟာ အနက် ၁၂၀ မီတာအထိ ဆင်းခဲ့ပြီးပြီ... ဝင်ပေါက်ကိုလည်း နှစ်ကြိမ်တိုင်တိုင် ချဲ့ထွင် ရှင်းလင်းထားသလို၊ ကြံ့ခိုင်အောင်လည်း ပြုလုပ်ထားပြီးပြီမို့ ပြိုကျနိုင်ခြေ အလွန်နည်းပါတယ်... အားလုံးဟာ အရင်ကထက် ပိုပြီး စိတ်ပေါ့ပါးနေပုံရတယ်..."
"ဒါဟာ တကယ်ပဲ ပါမောက္ခလင် ခန့်မှန်းခဲ့တဲ့အတိုင်းပါပဲ... နောက်ထပ် သုံးမီတာလောက် ထပ်ဆင်းလိုက်တဲ့အခါ လမ်းကြောင်းတစ်ခုလုံး ဖြောင့်တန်းသွားပြီး သာမန် မြေပြန့်လမ်းတစ်ခု ဖြစ်သွားတယ်... အရင်က ငါတို့ လျှောက်ခဲ့တာတွေဟာ 'လမ်း' တွေ မဟုတ်ဘဲ 'နံရံ' တွေ ဖြစ်နေခဲ့တာပဲ... ဒီအဆောက်အအုံဟာ အရင်ဆုံး ပြိုကျသွားပြီးမှ အချိန်ကြာလာတာနဲ့အမျှ မြေအောက်ထဲ နစ်မြုပ်သွားခဲ့တာ ဖြစ်ရမယ်"
"ငါ မှတ်တမ်းတင်ထားတဲ့ စာလုံးတွေကတော့ မပြည့်စုံသေးဘူး၊ အတည်ပြုနိုင်ဖို့အတွက် နောက်ထပ် နမူနာတွေ အများကြီး လိုအပ်ပါသေးတယ်..."
"ငါ အလုပ်ကို ဆက်လုပ်တော့မယ်"
(အလယ်ပိုင်းတွင် ပျောက်ဆုံးနေသော စာမျက်နှာများစွာ ရှိနေသည်။)
...
"မတ်လ ၂၇ ရက်၊ သာယာသည်။"
"ဒီနေ့တော့ အခက်အခဲတချို့နဲ့ ကြုံခဲ့ရတယ်... အင်ဂျင်နီယာအဖွဲ့က စိတ်မကောင်းစရာ သတင်းတစ်ခု ပေးလာတယ်... မြေသားအခြေအနေအရ ဆက်လက် တူးဖော်ဖို့ မသင့်တော်တော့ဘူး၊ ဒါက မြေပြိုမှုကို ဖြစ်စေနိုင်တယ်လို့ ဆိုတယ်... အဖွဲ့ဝင်တွေဟာ ခေတ္တ ဆုတ်ခွာခဲ့ကြပြီး အင်ဂျင်နီယာအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ဆိုင်းနေကြရတယ်"
....
"မတ်လ ၂၈ ရက်၊ သာယာသည်။"
"အင်ဂျင်နီယာအဖွဲ့က 'တံခါး' တစ်ခုကို ရှာတွေ့ခဲ့တယ်..."
(ကျန်ရှိသော စာလုံးများမှာ သွေးကွက်များဖြင့် ဖုံးကွယ်နေပြီး စာမျက်နှာ တစ်မျက်နှာ ပျောက်ဆုံးနေသည်။)
....
"မတ်လ ၃၁ ရက်၊ မိုးရွာသည်။"
"ဒါဟာ ပြောင်းပြန်လှန်ထားတဲ့ ကြီးမားလှတဲ့ နန်းတော်ကြီးတစ်ခုဆိုတာ သေချာသွားပြီ... အလယ်ဗဟိုက ကွင်းပြင်ကြီးတစ်ခုလို ဖြစ်နေတယ်... ဒီလို ဗိသုကာလက်ရာမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး..."
"မိုးသည်းနေတာကြောင့် အလုပ်လုပ်ရတာ အလွန်ခက်ခဲလှတယ်... အပေါ်ကနေ ရေတွေ အဆက်မပြတ် စိမ့်ဝင်နေပြီး ရွှံ့နွံတွေကိုပါ သယ်ဆောင်လာတယ်... ရာသီဥတုက ပိုပူလာလို့လား မသိဘူး၊ ငါ့လည်ပင်းပေါ်ကို ကျလာတဲ့ ရေစက်တွေက နွေးနေသလို ခံစားရတယ်"
"ငါတို့ အမိုးကို ထိန်းထားတဲ့ တိုင်ကို ရှာမတွေ့ဘူး... ပြောရရင် တိုင်တစ်တိုင်မှ ရှိမနေတာပါ... အဲဒါကြောင့် ကိုယ့်ကိုကို ဗိသုကာပညာရှင်လို့ ကြွေးကြော်ထားတဲ့ အဘိုးကြီးကတော့ ငါတို့ အလုပ်ကို အလေးအနက် မလုပ်ဘူးဆိုပြီး ဒေါသတကြီးနဲ့ အပြစ်တင်နေတော့တာပဲ"
"ဒီအဘိုးကြီးကတော့လေ... စောင်းမြောင်းပြောတာကလွဲရင် ဘာမှလည်း မတတ်ဘူး"
"သူ့လျှာကို ဆွဲထုတ်ပစ်ချင်စရာပဲ"
...
"ဧပြီလ ၁ ရက်၊ မိုးရွာသည်။"
"ငါတို့ စက်ကိရိယာ ယန္တရားတစ်ခုလုံးကို ဖွင့်နိုင်ခဲ့ပြီ... အလယ်ကွင်းပြင်ဟာ ပိုနက်ရှိုင်းတဲ့ ဥမင်လိုဏ်ခေါင်းကြီးတစ်ခု ဖြစ်နေတယ်... ပါမောက္ခလင်နဲ့ ပါမောက္ခကျန်းတို့ကတော့ ဆက်လက် စူးစမ်းဖို့ ဆုံးဖြတ်လိုက်ကြတယ်"
"သူတို့နှစ်ယောက် လက်ထပ်ထားတာ နှစ်နှစ်ပဲ ရှိသေးတယ်လို့ ကြားတယ်၊ ဒါပေမဲ့ သူတို့ တစ်ဦးပေါ်တစ်ဦး ချစ်ခင်ကြင်နာပုံကတော့ တခြားသူတွေ အားကျစရာပဲ"
***
အပိုင်း(၃၃၄)
“ဧပြီလ ၆ ရက်၊ မိုးရွာသည်...”
“ဥမင်လိုဏ်ဂူရဲ့ အောက်ဘက်မှာတော့ တစ်ခါမှမမြင်ဖူးသေးတဲ့ ကမ္ဘာသစ်တစ်ခု ရှိနေပါတယ်... ငါ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေကြောင့် စိုးထိတ်တုန်လှုပ်မိသလို တစ်ဖက်မှာလည်း ရင်ခုန်စိတ်လှုပ်ရှားနေမိတယ်... ခွင့်လွှတ်ပါ.... ခုနလေးတင်ပဲ ငါ စိတ်မထိန်းနိုင်ဘဲ တဟားဟား ရယ်မောလိုက်မိတာ ဘေးက အမျိုးသမီးတောင် လန့်ဖျန့်သွားပုံရတယ်”
“ငါ့စိတ်တွေ နည်းနည်းတော့ ကယောက်ကယက် ဖြစ်နေပြီ ထင်ပါရဲ့... ဒါပေမဲ့ ပညာရပ်ဆိုင်ရာ သုတေသီတစ်ယောက်အနေနဲ့ အခုလို မဖော်ထုတ်ရသေးတဲ့ ယဉ်ကျေးမှုအသစ်တစ်ခုကို တွေ့လိုက်ရတဲ့အခါ ရင်ခုန်မိတာဟာ သဘာဝပဲ မဟုတ်လား...”
“တခြားသူတွေလည်း ဒီလိုပါပဲ... ပါမောက္ခလင်ရဲ့ မျက်ဝန်းတွေထဲမှာ အရောင်တလက်လက် ဖြစ်နေတာကို ငါ မြင်နေရတယ်... သူဟာ အဖွဲ့ခေါင်းဆောင်တစ်ယောက်ရဲ့ သိက္ခာကို ထိန်းပြီး တည်ငြိမ်အောင် ကြိုးစားနေပေမဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေတဲ့ စိတ်လှုပ်ရှားမှုတွေကတော့ သူ့မျက်နှာပေါ်မှာ အထင်းသား ပေါ်လွင်နေပါတယ်...”
“ဒီရှေးဟောင်းသုတေသန လုပ်ငန်းစဉ်တစ်ခုလုံးကို ပါမောက္ခလင် ကိုယ်တိုင် စတင်ခဲ့တာဆိုတော့ သူ့အတွက်ကတော့ ရတနာသိုက်ကြီးတစ်ခုကို လက်တွေ့တူးဖော်နေရသလို ခံစားနေရမှာ အမှန်ပါပဲ...”
“သူတို့နဲ့ နှိုင်းယှဉ်ရင်တော့ ပါမောက္ခကျန်းကတော့ တစ်ခုခုကို စိုးရိမ်ပူပန်နေပုံ ရတယ်...”
...
“ဧပြီလ ၇ ရက်၊ မိုးရွာသည်...”
“စာလုံးတွေ အပြည့်ပါတဲ့ စာအုပ်တစ်အုပ်ကို အကောင်းပကတိနီးပါး ငါ ရှာဖွေတွေ့ရှိခဲ့တယ်... ဒါဟာ ငါ့ရဲ့ သုတေသန နမူနာတွေ အဆပေါင်း ရာနဲ့ချီ၊ ထောင်နဲ့ချီ တိုးပွားသွားတာပဲ ဖြစ်တယ်... ဝမ်းသာစရာ ကောင်းသလို တစ်ဖက်မှာလည်း တကယ့်ကို ခေါင်းခဲစရာပါပဲ...”
“စာလုံးတွေ ပြည့်နှက်နေတဲ့ ဒီစာမျက်နှာတွေကို ကြည့်ရုံနဲ့တင် ငါ့ဦးနှောက်ထဲမှာ အတွေးသစ်တွေ၊ အကြံသစ်တွေ တရဟော စီးဝင်လာသလို ခံစားရတယ်... အဲဒီစာလုံးတွေရဲ့ အဓိပ္ပာယ်ကို ငါ တကယ်တမ်း နားမလည်သေးပေမဲ့ ထူးဆန်းတဲ့ စိတ်ချင်းဆက်နွှယ်မှုတစ်ခုကတစ်ဆင့် သူတို့ ဖော်ပြချင်တဲ့ ဆိုလိုရင်းကိုတော့ ငါ သဘောပေါက်နေမိတယ်...”
“တခြားကမ္ဘာက လာတဲ့ ဒီလျှို့ဝှက်ကုဒ်တွေကို အမြန်ဆုံး အဖြေထုတ်ချင်လှပြီ...”
....
“ဧပြီလ ၁၅ ရက်၊ မိုးရွာသည်...”
“တူးဖော်ရေးအလုပ်တွေက ချောချောမွေ့မွေ့ မရှိလှဘူး... ဒီနှစ်ပတ်လုံးလုံး မပြတ်တမ်း ရွာသွန်းနေတဲ့ မိုးကြောင့် လူတိုင်းလည်း စိတ်ဓာတ်တွေ ကျနေကြပါပြီ...”
“ငါ စပြီး ကြောက်လန့်လာမိတယ်... လူ ၂၉ ယောက်ပါတဲ့ ငါတို့ သုတေသနအဖွဲ့ဟာ အသေအပျောက်နဲ့ ဒဏ်ရာရသူတွေကြောင့် အခုဆိုရင် ထက်ဝက်လောက်ပဲ ကျန်တော့တယ်... ဒီနေရာက အရာအားလုံးဟာ ငါတို့အတွက် သူစိမ်းပြင်ပြင် ဖြစ်နေပြီး ဘေးအန္တရာယ်တွေကလည်း နေရာအနှံ့မှာ ချောင်းမြောင်းနေတယ်... တစ်ယေက်ယောက်က ငါတို့နောက်ကို အမြဲတမ်း တကောက်ကောက် လိုက်နေသလို ခံစားရတယ်... မှောင်ရိပ်ထဲကနေ မျက်လုံးတစ်စုံက ငါတို့ကို စိုက်ကြည့်နေသလိုမျိုးပေါ့...”
“သူ... အဲဒီအရာ... ဒါမှမဟုတ် ‘သူ’ လို့ ခေါ်ဝေါ်တာက ပိုပြီး သင့်တော်မယ် ထင်ပါတယ်...”
“အမှောင်ထဲမှာ မီးခြစ်တစ်လုံး ခြစ်လိုက်တိုင်း မီးတောက်လေး တုန်ခါသွားတဲ့အခါ ‘သူ့’ ရဲ့ ထွက်သက်ဝင်သက်ဟာ ငါ့မျက်နှာကို လာပြီး ပွတ်သပ်သွားသလို ခံစားနေရတယ်...”
“ပါမောက္ခလင်ကတော့ ငါတို့ကို စိတ်အားတင်းထားဖို့ တိုက်တွန်းနေတုန်းပါပဲ... ဒီနေရာမှာ တွေ့ခဲ့တာတွေကိုသာ ပြန်သယ်သွားနိုင်ရင် ငါတို့အားလုံးဟာ ကိုလံဘတ်လိုပဲ သမိုင်းတွင်ကျန်ရစ်မှာ ဖြစ်တယ်... မဟုတ်ဘူး၊ ငါတို့က ကိုလံဘတ်စ်ထက်တောင် ပိုပြီး ကြီးကျယ်ဦးမှာ...”
“ဒါပေမဲ့... အရင်ဆုံး ဒီနေရာကနေ ထွက်သွားနိုင်ဖို့ လိုတာပေါ့... မနေ့က မြေပြိုမှုကြောင့် ငါတို့ ဝင်လာခဲ့တဲ့ လမ်းကြောင်း ပိတ်သွားခဲ့ပြီ... အဲဒီအချိန်မှာတင် အဖွဲ့ဝင် မိန်းကလေး တစ်ယောက်ဟာ နေရာတင် ရူးသွပ်သွားတော့တာပဲ... ငါက ဆေးပညာရှင် မဟုတ်တော့ သူ တကယ်ပဲ ရူးသွားတာလားဆိုတာ သေချာမပြောနိုင်ပေမဲ့ အဲဒီမိန်းကလေး ပါးစပ်ကနေ အသံတိုးတိုးနဲ့ တတွတ်တွတ် ရေရွတ်ရင်း ပိတ်နေတဲ့ ကျောက်တုံးကြီးကို နဖူးနဲ့ အားကုန်ပြေးစောင့်နေခဲ့တာကိုတော့ အမှတ်ရနေမိတယ်...”
“သူရဲ့ လက်မောင်းတွေ ကျိုးသွားတာ၊ ဦးခေါင်းခွံ ကွဲအက်ပြီး သွေးတွေ ရွှဲနစ်သွားတာကို ငါ ကိုယ်တိုင် မြင်လိုက်ရတယ်... ဒါတောင်မှ သူဟာ သေအံ့ဆဲဆဲအထိ ရွှံ့နွံတွေ ပေကျံနေတဲ့ အဲဒီကျောက်တုံးကြီးကို အားကုန် ဆောင့်နေတုန်းပါပဲ... သေတဲ့အထိပါပဲ...”
“အဘိုးဝူကိုလည်း ထပ်တွေ့ပြန်ပြီ... အဲဒီသေဆုံးသွားတဲ့ အမျိုးသမီးရဲ့ ဘေးနားမှာပဲ... ငါ ထွက်သွားခါနီး လှည့်ကြည့်လိုက်တော့ သူက အဲဒီမှာ ရပ်နေပြီး ပါးစပ်ကြီးကို ဟောင်းလောင်းပွင့်နေတဲ့ ချောက်ကမ္ဘာကြီးလို ဖြဲဟလို့ ငါ့ကို မျက်နှာမူထားတယ်...”
“ဒါပေမဲ့ ကံကောင်းတာတစ်ခုကတော့ ဒီတစ်ခါ သူ ငါ့ကို လှောင်ပြောင်တာမျိုး မလုပ်ခဲ့တာပါပဲ...”
...
“ဧပြီလ ၂၀ ရက်၊ မိုးရွာသည်...”
“ငါ့ခေါင်းထဲကို အရင်က တစ်ခါမှ မတွေးဖူးတဲ့ အကြံဉာဏ်သစ်တစ်ခု ဖျပ်ခနဲ ဝင်လာတယ်”
“ငါ့ကို ဒုက္ခပေးနေတဲ့ မေးခွန်းတွေအားလုံးဟာ ပြေလည်သွားခဲ့ပြီ... အဲဒီစာလုံးတွေရဲ့ အဓိပ္ပာယ်ကို ငါ ရုတ်တရက်ဆိုသလို အကုန်လုံး နားလည်သွားခဲ့တယ်... အဲဒီစာလုံးတွေက ငါ့ကို စကားပြောနေသလိုမျိုး၊ ငါကိုယ်တိုင်ကပဲ သူတို့ထဲက တစ်ယောက် ဖြစ်သွားသလိုမျိုး ခံစားရတယ်... ငါ တဲထဲမှာ ပုန်းပြီး တစ်ညလုံး လေ့လာနေမိတာ... စိတ်လှုပ်ရှားလွန်းလို့ ကိုယ့်စိတ်ဝိညာဉ်ရဲ့ တုန်ခါသံကိုတောင် ကိုယ်ပြန်ကြားနေရတယ်...”
“ဒီမှတ်တမ်းကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ တပည့်တွေကို ပြလိုက်တဲ့အခါ ဘယ်သူမှ နားမလည်ကြတဲ့အပြင် ငါ့ကို အင်းစာလုံးတွေ ဆွဲနေတာလားဆိုပြီး ဝိုင်းလှောင်ကြသေးတယ်... အင်းစာလုံး ဟုတ်လား...”
(ထိုစာမျက်နှာ၏ နောက်ပိုင်းတွင် မင်စက်များဖြင့် ရှုပ်ထွေးစွာ ခြစ်ထုတ်ထားသော်လည်း ဆဲရေးတိုင်းထွာထားသည့် စကားလုံးများဖြစ်ကြောင်း သိသာလှပေသည်...)
“...ဖြစ်နိုင်တာကတော့ သူတို့ကို ငါ အပြစ်မတင်သင့်ပါဘူး... ဒီအရာတွေကို ငါ စပြီး နားလည်လိုက်ကတည်းက ငါဟာ သူတို့နဲ့ မတူညီတဲ့ တခြားကမ္ဘာတစ်ခုထဲကို ရောက်ရှိသွားခဲ့ပြီ ဖြစ်လို့ပါပဲ...”
...
“ဧပြီလ ၂၃ ရက်၊ မိုးရွာသည်...”
“ဒီမှတ်တမ်းစာအုပ်ရဲ့ အစိတ်အပိုင်းတချို့ မိုးစိုသွားလို့ စာမျက်နှာ သုံးမျက်နှာလောက်ကတော့ စာလုံးတွေ ပျက်ကုန်ပြီ... ဒါ တကယ့်ကို ဆိုးတာပဲ၊ အစောကြီးကတည်းက သတိထားမိသင့်တာ...”
“အဲဒီစာမျက်နှာတွေကို ပြန်ကူးဖို့ စက္ကူအပိုလည်း မရှိတော့ဘူး... အစကတော့ အဲဒီမှတ်တမ်းထဲက အကြောင်းအရာတွေကို မှတ်မိနိုင်ဦးမယ် ထင်ထားတာ၊ ဒါပေမဲ့ ထူးဆန်းတာက ဒီနေ့ မနက်စာ ဘာစားခဲ့လဲဆိုတာတောင် ငါ မမှတ်မိတော့ဘူး...”
“ပြင်းထန်လှတဲ့ ဖိအားတွေအောက်မှာ အကြာကြီး နေခဲ့ရတာကြောင့် အချိန်နဲ့ ပတ်သက်တဲ့ အာရုံခံစားမှုတွေ ထိခိုက်ပြီး မှတ်ဉာဏ်တွေ ဝေဝါးကုန်တာ ဖြစ်နိုင်တယ်လို့ ပါမောက္ခကျန်းက ပြောတယ်... သူက ငါ့ကို အဲဒီအကြောင်းတွေ ဆက်မတွေးဘဲ စိတ်အေးအေးထားဖို့လည်း ဖျောင်းဖျရှာပါတယ်...”
“သူက တကယ်ကို ငယ်ပါသေးတယ်... ကြားရတဲ့ သတင်းတွေအရဆိုရင် သူမက ပါမောက္ခလင်ရဲ့ တပည့်ဟောင်းလို့ သိရတယ်... သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ပြောစမှတ်ပြုစရာတွေ အများကြီး ရှိခဲ့ပေမဲ့ အခုတော့ ငါ့စိတ်ထဲမှာပဲ တောင်စဉ်ရေမရ တွေးနေမိတော့တယ်...”
“ဒါပေမဲ့ ဒါဟာ သူ့ရဲ့ အရည်အချင်းနဲ့တော့ မဆိုင်ပါဘူး... ပါမောက္ခကျန်းဟာ ထူးချွန်တဲ့ စိတ်ပညာရှင်တစ်ယောက် ဖြစ်လို့ သ ပြောသမျှကို ငါ အမြဲတမ်း ယုံကြည်မိပါတယ်...”
...
“ဧပြီလ ၃၀ ရက်၊ မိုးရွာသည်...”
“မဆုံးနိုင်တဲ့ ဒီမိုးတွေကတော့ တကယ့်ကို စိတ်ပျက်စရာပဲ...”
“အခုဆို အဖွဲ့ထဲမှာ ငါးယောက်ပဲ ကျန်တော့တယ်... ပါမောက္ခလင်၊ ပါမောက္ခကျန်း၊ ရှောက်ယီဝမ်၊ ငါနဲ့ သိပ်မရင်းနှီးတဲ့ အတန်းဖော်တစ်ယောက်၊ ပါမောက္ခလင်ရဲ့ တပည့် လူငယ်လေး တွမ့်ရွှယ်မင်... ပြီးတော့ ငါပေါ့...”
“ယီဝမ်ရဲ့ ညာဘက်လက်မောင်းနဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတချို့ကို အဲဒီသတ္တဝါတွေက ကိုက်ဖြတ်သွားတာကြောင့် သွေးတွေကတော့ တစိမ့်စိမ့် ထွက်နေတုန်းပဲ... ပတ်တီးနဲ့ ဆေးဝါးတွေ ကုန်သွားလို့ ငါတို့ရဲ့ အဝတ်အစားတွေကိုပဲ အသုံးပြုနေရတယ်... ဒဏ်ရာတွေကြားကနေ သူ(မ) ရဲ့ ကလီစာတွေ ထွက်ကျလာတာကို ငါ ဒီအတိုင်းပဲ ကြည့်နေခဲ့မိတယ်...”
“အဖျားဒဏ်ကြောင့် ယီဝမ် စိတ်တွေ ဖောက်ပြန်နေပြီ... သူက သတိမေ့နေတတ်သလို တစ်ခါတလေလည်း အဓိပ္ပာယ်မရှိတာတွေကို လျှောက်ပြောနေတတ်တယ်... ဒါပေမဲ့ သူ ပြောနေတာတွေကို ငါ အကုန်လုံး နားလည်နေမိတာကတော့ အံ့ဩစရာပဲ...”
“ညဘက်မှာ သူ့ကို ပြုစုပေးနေတုန်း ယီဝမ်က သူရဲ့ နှစ်ခြင်းခံခဲ့တဲ့ အချိန်တွေ၊ ဘုရားကျောင်းမှာ ကစားခဲ့တဲ့ အကြောင်းတွေကို ပြောပြတယ်... သူ ဘယ်လို နွေးထွေးခဲ့ရပုံတွေ၊ အမြဲတမ်း ဆောင်ထားတတ်တဲ့ သမ္မာကျမ်းစာအုပ်လေး ပျောက်သွားတဲ့အကြောင်းတွေကို ပြောရင်း ရှိုက်ကြီးတငင်ငင် ငိုကြွေးနေခဲ့တယ်... သူက ခရစ်ယာန်ဘာသာဝင် တစ်ယောက်ဆိုတာ ငါ အခုမှပဲ သိလိုက်ရတော့တယ်...”
“သန်းခေါင်ယံအချိန်မှာတော့ ယီဝမ် မျက်လုံးတွေ ပြူးကျယ်လာပြီး ‘ဘုရားသခင် ကြွရောက်တော်မူပြီ’ လို့ တိုးတိုးလေး ရေရွတ်ခဲ့တယ်...”
...
“မေလ ၁၀ ရက်၊ သာယာသည်...”
“ငါ တစ်ယောက်တည်းပဲ ကျန်ပါတော့တယ်...”
“ဒီလိုပြောတာထက် ငါ သူတို့နဲ့ လမ်းပျောက်ပြီး ကျန်ရစ်ခဲ့တာလို့ ပြောရင် ပိုမှန်လိမ့်မယ်... အခုတော့ ငါဟာ ထောင့်လေးတစ်ခုမှာ ကွန့်ကွန့်လေး ခွေနေရင်း မောဟိုက်ငတ်မွတ်နေမိပြီ... လည်ချောင်းထဲမှာ သွေးညှီနံ့တွေ အမြဲတမ်း ရနေတာက တကယ့်ကို ခံရခက်လှတယ်... ငါ့ မျက်လုံးတွေလည်း ကွယ်သွားပြီ၊ မျက်လုံးတွေကလည်း တစ်ချိန်လုံး နာကျင်နေတယ်...”
“တော်သေးတာတစ်ခုက ငါတို့ တောင့်ခံနိုင်ခဲ့သလောက် အသစ်အဆန်းတစ်ခုကို ထပ်ပြီး တွေ့ရှိခဲ့တာပါပဲ... အဲဒီအချက်အလက်အားလုံးကို အောက်မှာ ငါ စနစ်တကျ ပြန်စုစည်းပေးထားပါတယ်... သုတေသနရဲ့ အစိတ်အပိုင်းတချို့က ရှောက်ယီဝမ်ဆီက ရတာမို့ သူ့ကိုလည်း အသိအမှတ်ပြုသင့်ပါတယ်... သူက တကယ်ကို အံ့ဩစရာကောင်းတဲ့ အလုပ်တစ်ခုကို လုပ်ဆောင်သွားခဲ့တာပါ...”
“ငါ့ရဲ့ အသိစိတ်တွေ ဝေဝါးလာပြီ... မြေပြင်ကြီးက တုန်ခါပြီး မြင့်တက်လာသလိုပဲ... ငါ သတိလွတ်ခါနီးအချိန်မှာ ကလေးငယ်တစ်ယောက် ငိုယိုနေတဲ့ အသံကို ကြားလိုက်ရသလိုပဲ...”
“အဘိုးဝူကိုလည်း ထပ်တွေ့ပြန်ပြီ...”
***