အခန်း (၃၃၅-၃၃၆)
Vol. 24 Ch. 335-336
အပိုင်း(၃၃၅)
မှတ်တမ်းစာအုပ်၏ ဒိုင်ယာရီအပိုင်းသည် ထိုနေရာ၌ပင် အဆုံးသတ်သွားခဲ့လေပြီ။ စာအုပ်ပိုင်ရှင်သည်လည်း ဤလောကတွင် ရှိတော့မည်မဟုတ်သည်မှာ သေချာသလောက်ပင်...။
ကျန်ရှိနေသော တစ်ရွက်ချင်းစီ ဖရိုဖရဲ ဖြစ်နေသည့် စာမျက်နှာများမှာမူ ဒိုင်ယာရီထဲက ‘ငါ’ ဆိုသူ ရေးသားထားသည့် ‘အမည်မသိ ယဉ်ကျေးမှုတစ်ခု၏ ဘာသာစကားများ’ နှင့် ‘တခြားကမ္ဘာမှ လျှို့ဝှက်ကုဒ်များ’ အကြောင်း သုတေသန ပြုချက်များသာ ဖြစ်ကြသည်။
ထိုစာလုံးများမှာ နားလည်ရခက်သော နည်းပညာရပ်ဆိုင်ရာ ဝေါဟာရများဟု ထင်ရသော်လည်း လင်ကျဲကဲ့သို့ ပညာဗဟုသုတ ကြွယ်ဝသူတစ်ယောက်အတွက်မူ ဘာသာဗေဒဆိုသည်မှာ သူ၏ ကျွမ်းကျင်မှုနယ်ပယ်ထဲတွင်သာ ရှိနေသေးသည်။
အမှန်စင်စစ်တွင်လည်း လူမျိုးစုဗေဒနှင့် ရိုးရာဓလေ့ လေ့လာမှုများ၌ အခြေခံယဉ်ကျေးမှုနှင့် သက်ဆိုင်သမျှ အရာအားလုံး ပါဝင်နေသည်ဖြစ်ရာ မိမိ၏ ကျွမ်းကျင်မှုနှင့် တိုက်ရိုက်ပတ်သက်နေသော အရာများကို နားလည်ရန်မှာ သူ၏အတွက် သိပ်ပြီး မခဲယဉ်းလှပေ။
ထူးဆန်းသည်က ဒိုင်ယာရီပိုင်ရှင်သည် သုတေသန မှတ်တမ်းတစ်ခုလုံး၏ အစီအစဉ်ကို ဖျက်ဆီးနေသကဲ့သို့ မကြာခဏဆိုသလို အဓိပ္ပာယ်မရှိသော စာလုံးများကို ရုတ်တရက် ထိုးခြစ်ရေးသားထားခြင်းပင် ဖြစ်သည်။
သို့သော်လည်း လက်ရေးအပြောင်းအလဲနှင့် ဒိုင်ယာရီပါ အကြောင်းအရာများကို တိုက်ဆိုင်စစ်ဆေးကြည့်ရာတွင်မူ ထိုစာအုပ်ပိုင်ရှင်သည် ထိုထူးဆန်းသော စာလုံးများကို ရေးခြစ်နေချိန်၌သာ အစိတ်လှုပ်ရှားဆုံးနှင့် အတွေးသစ် အကြံသစ်များ အရဆုံးဖြစ်ကြောင်း တွေ့ရသည်။
မှတ်တမ်းရေးသူ၏ အဆိုအရမူ ‘မကြုံစဖူးသော အကြံဉာဏ်သစ်တစ်ခုကို ရရှိပြီး ထိုစာလုံးများ၏ အဓိပ္ပာယ်ကို အကြွင်းမဲ့ နားလည်သွားခြင်း’ က သူ၏ သုတေသနကို အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးတက်စေခဲ့သည်ဟု ဆိုရပေမည်။
ဤမှတ်တမ်းစာအုပ်ထဲမှ အဓိက အချက်အလက်များကို ထုတ်ယူနိုင်ရန် အတွက် အဓိပ္ပာယ်မရှိသော ရေးခြစ်မှုများနှင့် စစ်မှန်သော သုတေသန အကြောင်းအရာများကို ခွဲခြားသိမြင်နိုင်ဖို့က အဓိကသော့ချက်ပင် ဖြစ်သည်။
သို့သော်လည်း... ၎င်းမှာ ဤမှတ်တမ်းစာအုပ်ကို တကယ်တမ်း ဖတ်ရှုရန် တန်ဖိုးရှိသည်ဆိုသည့် အချက်အပေါ်တွင်သာ မူတည်ပေလိမ့်မည်။
‘သူ တကယ်ပဲ စိတ်မှန်သေးရဲ့လား...’
တစ်ခေါက် ဖတ်ပြီးသွားသည်နှင့် လင်ကျဲ၏ စိတ်ထဲတွင် သံသယများ မကင်းနိုင်ဖြစ်လာသည်။ သို့သော် အမှန်အတိုင်းဆိုရလျှင် လင်ကျဲသည် ဒိုင်ယာရီပါ အကြောင်းအရာများကို ဖတ်ကတည်းက သူ့စိတ်ထဲတွင် အဖြေက ရှိနေပြီးသား ဖြစ်သည်။ ပထမဆုံး စာမျက်နှာမှာတင် ဒိုင်ယာရီပိုင်ရှင်က ‘ဝမ်’ ဟု အမည်ရသော အဖွဲ့ဝင်တစ်ဦး ပြင်းထန်သော ဖိအားများကြောင့် နေရာတင် စိတ်ဖောက်ပြန်သွားသည့်အကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။
နောက်ပိုင်းတွင် တွေ့ရသော အသေးစိတ် အချက်အလက်များအရ လင်ကျဲအနေဖြင့် အမှန်တရားကို ခန့်မှန်းတွက်ဆရန် မခက်ခဲလှပါ။
သုတေသနအဖွဲ့နှင့်အတူ တူးဖော်ရေးလုပ်ငန်းကို လုပ်ဆောင်နေစဉ်အတွင်း ဒိုင်ယာရီပိုင်ရှင်သည်လည်း (လမ်းခရီးတွင် သေဆုံးသွားခဲ့ကြသည့် ဝမ်နှင့် တခြားအဖွဲ့ဝင်များနည်းတူ) သူ၏အသိစိတ်များကို တဖြည်းဖြည်း လက်လွှတ်ခဲ့ရပြီး ရူးသွပ်ခြင်းလမ်းသို့ လျှောက်လှမ်းကာ ဘဝနိဂုံးချုပ်သွားခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
အစပိုင်းတွင် ဒိုင်ယာရီမှတ်တမ်းများနှင့် သုတေသနပြုချက်များသည် တကယ့်ကို ပြေပြစ်စနစ်ကျနေခဲ့သော်လည်း... မတ်လ ၂၈ ရက်နေ့၊ အင်ဂျင်နီယာအဖွဲ့က ‘တံခါး’ တစ်ချပ်ကို တွေ့ရှိခဲ့ချိန်ကစပြီး အရာအားလုံးသည် ပြောင်းလဲသွားခဲ့သည်။
လင်ကျဲသည် အသေးစိတ် ဆန်းစစ်ကြည့်ရန်အတွက် ဒိုင်ယာရီကို ရှေ့သို့ ပြန်လှန်လိုက်သည်။
ထိုတံခါး ပေါ်မလာခင်အထိ ရာသီဥတုမှာ သာယာနေခဲ့သော်လည်း တံခါးကို တွေ့ရှိပြီးနောက်ပိုင်းတွင်မူ နေ့တိုင်း မိုးရွာနေခဲ့သည်။ ဤသည်မှာပင် စိတ်ဝေဒနာရှင်တို့၏ ပုံမှန်မဟုတ်သော လက္ခဏာရပ်တစ်ခု ဖြစ်ပေသည်။
နော်ဇင်မြို့မှာပင် လွန်ခဲ့သော လအနည်းငယ်က ကြုံတွေ့ခဲ့ရသလို မိုးသည်းထန်စွာ မပြတ်တမ်း ရွာသွန်းခြင်းမှာ မဖြစ်နိုင်သည်တော့ မဟုတ်ပါ။ သို့သော် ပြဿနာမှာ... သူတို့သည် မြေပြိုမှုကြောင့် မြေအောက်ထဲတွင် ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။
အကယ်၍ မြေအောက်ရေ စိမ့်ထွက်လာခြင်းဆိုလျှင် ပြဿနာမရှိသော်လည်း မြေအောက်ရေနက်ပိုင်းမှာ နွေးထွေးနေတတ်သည်ဖြစ်ရာ မှတ်တမ်းပိုင်ရှင်၏ ခံစားချက်နှင့် ကိုက်ညီနေပြန်သည်။
သို့သော်လည်း ဒိုင်ယာရီထဲတွင် ‘မိုး’ ကို ထပ်ခါတလဲလဲ အလေးပေး ဖော်ပြထားသည်။ လူ ၃၀ နီးပါးပါသော ရှေးဟောင်းသုတေသနအဖွဲ့ကြီးတွင် ဘူမိဗေဒ ပညာရှင်တစ်ယောက်ယောက်တော့ ပါမည်မှာ အမှန်ပင် ဖြစ်ရာ မြေအောက်ရေကို မိုးရေဟု မှားယွင်းစွာ ယူဆစရာ အကြောင်းမရှိပေ။
ထို့ကြောင့်... အချက်အလက်များကို ပေါင်းစပ်ကြည့်လျှင်၊ ဒိုင်ယာရီပိုင်ရှင်ကို ဒေါသထွက်အောင် လုပ်ခဲ့ပြီး နောက်တစ်ကြိမ်တွင် လျှာမရှိတော့သော အဘိုးဝူ၏ အသွင်၊ မိမိ၏ သုတေသနကို အခြားလူများ နားမလည်သည့်အခါ ပေါက်ကွဲတတ်သော စာရေးသူ၏ စိတ်အခြေအနေ၊ ထို့နောက် သုံးရက်အကြာတွင် ‘မိုးရေ’ ကြောင့် စိုရွှဲသွားသော မှတ်တမ်းစာအုပ်...
ဤ ‘မိုး’ ဆိုသည်မှာ သွေးများသာ ဖြစ်နိုင်ချေရှိပေသည်။
လင်ကျဲသည် မှတ်တမ်းစာအုပ်ပေါ်ရှိ သွေးကွက်ကို စိုက်ကြည့်ရင်း “ဒီနေ့မနက်စာ ဘာစားခဲ့လဲဆိုတာတောင် ကျွန်တော် မမှတ်မိတော့ဘူး” ဆိုသည့် စကားစုကို ပြန်လည်သတိရမိသည်။
ထိုမှတ်တမ်းစာအုပ်မှာ ဝမ်းနည်းဖွယ်ရာ ဇာတ်လမ်းဆိုးကြီးတစ်ခု ဖြစ်နေမည်မှာ သေချာလှသည်။
လင်ကျဲသည် သက်ပြင်းတစ်ချက်ကို ထပ်မံချလိုက်ရင်း သူ၏စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခုကို အကြမ်းဖျင်း ပုံဖော်လိုက်သည်။
အကယ်၍ သူ၏ခန့်မှန်းချက်သာ မှန်ကန်ပါက ဤရှေးဟောင်းသုတေသနအဖွဲ့သည် ကမ္ဘာမြေမှ လာသူများ ဖြစ်ပေလိမ့်မည်။ သူတို့သည် အဇီးဟု ခေါ်သော တခြားကမ္ဘာတစ်ခုသို့ သွားရာလမ်းကြောင်းကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ကြပြီး နော်ဇင်မြို့၏ အောက်ပိုင်းခရိုင်ထဲက အကြွင်းအကျန်များဆီသို့ ရောက်ရှိသွားခဲ့ကြခြင်း ဖြစ်နိုင်သည်။
ကမ္ဘာနှစ်ခုကြားက လျှပ်စစ်သံလိုက်စက်ကွင်းများ၏ အပြန်အလှန် သက်ရောက်မှုကြောင့် ဖြစ်စေ၊ သို့မဟုတ် တခြားသော အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်စေ၊ ကမ္ဘာတစ်ခုမှ တစ်ခုသို့ ဖြတ်ကျော်ချိန်တွင် အဖွဲ့ဝင်အားလုံး ဘေးဒုက္ခနှင့် ကြုံတွေ့ပြီး သေဆုံးသွားခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်... ဤမှတ်တမ်းလေးသာ ကျန်ရစ်ခဲ့သည်။
အကယ်၍သာ ထိုသို့ဆိုလျှင် “ငါတို့ဟာ ကိုလံဘတ်ထက်တောင် ပိုပြီး ကြီးကျယ်သူတွေ ဖြစ်လာလိမ့်မယ်” ဆိုသည့် စကားဟုမှာ နားလည်ရ မခက်လှတော့ပေ။
ကိုလံဘတ်သည် ကမ္ဘာပေါ်ရှိ အခြား အစိတ်အပိုင်းသစ် တစ်ခုကိုသာ တွေ့ရှိခဲ့ခြင်းဖြစ်သော်လည်း ဤလူစုကမူ ကမ္ဘာကြီးတစ်ခုလုံးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်နေသည် မဟုတ်လား။
အကယ်၍သာ ဤသုတေသနပြုချက်များကို ထုတ်ပြန်နိုင်ခဲ့ပါက သူတို့၏အမည်များမှာ သမိုင်းတွင် ကျန်ရစ်မည်မှာ ဧကန်မလွဲပင်။
သို့သော် နှမြောစရာကောင်းသည်က လင်ကျဲအနေဖြင့် သူ ဤလောကသို့ မရောက်လာခင်အထိ ထိုကဲ့သို့သော သတင်းမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ခြင်းပင်။ ထိုအဖွဲ့ကို ကျောထောက်နောက်ခံပြုထားသည့် သုတေသနဌာနသည်လည်း သူတို့အဖွဲ့ ပြန်မလာနိုင်တော့သည့်နောက်တွင် အခက်အခဲ တစ်စုံတစ်ရာနှင့် ကြုံတွေ့ပြီး တိတ်ဆိတ်သွားခဲ့ပုံရသည်။
ယခင်က မိုက်ကယ် ဟု ခေါ်သော မိုက်ကလေး၏ အမည်ပြောင်နှင့် ‘မီးလျှံဓားလမ်းစဉ်’ ဟူသော အမည်များ မည်သို့ ပေါ်ပေါက်လာသနည်းဆိုသည်မှာ သူ့အတွက် ဝေဝါးနေခဲ့သော်လည်း...
ယခုမူ အရာအားလုံးက ရှင်းလင်းသွားခဲ့ပြီ။
‘မီးလျှံဓားလမ်းစဉ်’ အဖွဲ့သည် ရှောက်ယီဝမ် ပျောက်ဆုံးသွားခဲ့သော သမ္မာကျမ်းစာအုပ်ကို ကောက်ရရှိခဲ့ပုံရပြီး၊ ထိုကျမ်းစာအုပ်မှတစ်ဆင့် ယခုကဲ့သို့ ထူးဆန်းဆိုးဝါးသော အသင်းတော်ကြီးကို တည်ထောင်ခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။
သို့သော်လည်း... ယင်းအချက်များအပြင် ဒိုင်ယာရီထဲ၌ နားလည်ရခက်နေသေးသော အချက်တချို့ ရှိနေသေးသည်။ ထိုအရာများကို ရူးသွပ်သူတစ်ယောက်၏ စိတ်ကူးယဉ် ရေရွတ်ချက်များဟု အလွယ်တကူ လက်ပစ်ရနိုင်သော်လည်း စိုးရိမ်စရာတော့ ကောင်းလှသည်။
ဥပမာအားဖြင့်... ရှောက်ယီဝမ်၏ ခန္ဓာကိုယ်အစိတ်အပိုင်းကို ကိုက်ဖြတ်သွားသော ‘အရာ’ က ဘာများနည်း။
ဒိုင်ယာရီပိုင်ရှင်သည် နောက်ဆုံးအချိန်တွင် အဘယ်ကြောင့် ကလေးငိုသံကို ကြားခဲ့ရသနည်။
ထို့ပြင် အဖွဲ့ခေါင်းဆောင်ဖြစ်သူ ပါမောက္ခလင်၊ သူ၏တပည့်နှင့် ပါမောက္ခကျန်းတို့၏ ကံကြမ္မာကရော မည်သို့ ဖြစ်သွားခဲ့သနည်း။
သို့သော်လည်း လင်ကျဲ၏ အာရုံစိုက်မှုက ထိုအရာများပေါ်တွင် မရှိခဲ့ပေ။
တကယ့် အရေးကြီးဆုံးအချက်မှာ သုတေသနမှတ်တမ်းထဲတွင် ရေးသားထားသော စာလုံးများပင် ဖြစ်သည်။ ‘အမည်မသိ ယဉ်ကျေးမှု၏ ဘာသာစကား’ နှင့် ‘တခြားကမ္ဘာမှ လျှို့ဝှက်ကုဒ်များ’ ဟု ဆိုထားသည်မှာ နော်ဇင်မြို့တွင် ကျယ်ပြန့်စွာ အသုံးပြုနေသော ဘာသာစကားပင် ဖြစ်သည်။
လင်ကျဲ၏ အမြင်တွင်မူ ထိုအရာအားလုံးမှာ တရုတ်စာလုံးများသာ ဖြစ်နေသည်။ မှန်ပေသည်။ ထိုအရာများမှာ ထင်ရှားရှင်းလင်းသော တရုတ်စာလုံးများဖြစ်ပြီး တစ်လုံးချင်းစီ၏ အဓိပ္ပာယ်မှာလည်း ပြတ်သားနေသည်။ အဆိုးဆုံးဆိုလျှင် လက်ရေးအနည်းငယ် ကောက်ကွေးနေခြင်းသာ ရှိပေလိမ့်မည်။
သို့သော်လည်း မှတ်တမ်းပိုင်ရှင်သည် ထိုစာလုံးများကို အပတ်တကုတ် သုတေသနလုပ်နေခဲ့သည်။ တစ်ခါတရံတွင် အဓိပ္ပာယ်ဖွင့်ဆိုချက်များက ကိုက်ညီသော်လည်း၊ တစ်ခါတရံတွင် လွဲချော်နေတတ်သည်။ အချို့သော နေရာများ၌မူ အဓိပ္ပာယ်မှာ လုံးဝကို ပေါက်ကရဖြစ်နေပြီး ပြောင်းပြန်တောင် ဖြစ်နေတတ်သေးသည်။ ဤသည်မှာ တကယ့်ကို ရယ်စရာကောင်းလှသည်။
ပို၍ ရယ်စရာကောင်းသည်မှာ မှတ်တမ်းပိုင်ရှင်ကိုယ်တိုင်ကလည်း တရုတ်စာဖြင့်သာ ရေးသားနေခြင်းပင် ဖြစ်သည်။
ဤသည်မှာ မိမိစီးလာသော မြည်းကို ပြန်ရှာနေသည့် ပုံပြင်ထဲကလိုပင် အဓိပ္ပာယ်မဲ့လွန်းလှသည်။
ထို့ကြောင့် လင်ကျဲ၏ အမြင်တွင် ဤမှတ်တမ်းစာအုပ်တစ်ခုလုံးမှာ အရူးတစ်ယောက်၏ အဓိပ္ပာယ်မရှိသော ရေရွတ်ချက်များကဲ့သို့ ဖြစ်နေပြီး သူ့ကို ရယ်ချင်စိတ်တောင် ပေါက်စေသည်။
သို့သော် ယခုအချိန်တွင် သူ လုံးဝ မရယ်နိုင်ပါ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ဖြစ်နိုင်ချေ နှစ်ခုသာ ရှိပေသည်။
ပထမ ဖြစ်နိုင်ခြေ... ဒိုင်ယာရီပိုင်ရှင်သည် ထို ‘တံခါး’ ကို မတွေ့ခင်ကတည်းက စိတ်မမှန်ခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုသုတေသနဆိုသည်မှာလည်း တကယ်တမ်း မရှိဘဲ သူ၏ စိတ်ကူးယဉ်မှုများသာ ဖြစ်နိုင်သည်။
သို့မဟုတ်လျှင်မူ... ဤလောကသို့ ရောက်ရှိလာပြီးနောက်ပိုင်း သူ၏ အာရုံခံစားမှုများမှာ ပြောင်းလဲခြင်း ခံလိုက်ရပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ဤကမ္ဘာ၏ ဘာသာစကားများကို အလိုအလျောက် နားလည်နေခြင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း... ထိုသုတေသနအဖွဲ့အတွက်မူ ဤစာလုံးများမှာ နားမလည်နိုင်သော အမည်မသိ ယဉ်ကျေးမှုတစ်ခု၏ ဘာသာစကားများ ဖြစ်ခဲ့ပေလိမ့်မည်။
သို့သော်လည်း... သူ၏ မျက်လုံးထဲတွင်မူ ထိုအရာများမှာ ရင်းနှီးပြီးသား တရုတ်စာလုံးများအဖြစ်သာ မြင်တွေ့နေရခြင်း ဖြစ်ပေလိမ့်မည်။
***
အပိုင်း(၃၃၆)
ရိုးလ် သယံဇာတ ဖွံ့ဖြိုးရေးအဖွဲ့၏ ကုန်တိုက်အသစ်အတွင်းရှိ ကျူးလစ် စာအုပ်ဆိုင်...
အသစ်စက်စက် ပြုပြင်မွမ်းမံထားသော ဤဆိုင်လေးမှာ အနည်းငယ် ရှုပ်ပွနေဆဲပင် ဖြစ်သည်။ ဆိုင်အဝင်ဝတွင် စွန့်ပစ်ပစ္စည်းများ စုပုံနေပြီး တံခါးနောက်ဘက်တွင်မူ တစ်ပတ်ရစ်စာအုပ်များ အပြည့်ထည့်ထားသော သေတ္တာများကို တွေ့ရသည်။ ဆိုင်နေရာ အသစ်ပြောင်းထားကာစ ဖြစ်၍ အဖိုးတန်ပစ္စည်းဟူ၍ သိပ်မရှိသေးချေ။ တန်ဖိုးရှိသော စာအုပ်အများစုကိုလည်း မှန်ဗီရိုထဲတွင် သော့ခတ် သိမ်းဆည်းထားလေသည်။
ထို့ကြောင့်ပင် ခုနလေးတင် ဆိုင်ထဲမှ ထွက်ခွာသွားသော သီအိုဒို တစ်ယောက် သူ၏စာအုပ်ဆိုင်ထဲသို့ မျက်လုံးနီနီနှင့် ချိုးငှက်တစ်ကောင် ပျံဝင်လာပြီး ‘ကူကူး’ ဟု နှစ်ချက်တွန်ကာ လူအသွင် ပြောင်းလဲသွားလိမ့်မည်ဟု အိမ်မက်ထဲတောင် ထည့်မက်ထားလိမ့်မည် မဟုတ်ပေ။
ထိုမျှမက... ငှက်၏ ခြေဖဝါးအောက်ရှိ အရိပ်ထဲမှလည်း အရိပ်မည်းတစ်ခု ထွက်ပေါ်လာပြီး လူအသွင်သို့ ပြောင်းလဲသွားပြန်သည်။
ထိုလူနှစ်ယောက်အနက် တစ်ယောက်မှာ ခေါင်းစွပ်ပါသော မီးခိုးရောင် ဝတ်ရုံကို ဆင်မြန်းထားသည်။ သူ၏ ဆံပင်များမှာ ဖြူဆွတ်နေပြီး ခက်ထန်ကြမ်းတမ်းသော မျက်နှာပေး ရှိလေသည်။ သူ၏လက်ထဲတွင်မူ ထိပ်ဖျား၌ ဝံပုလွေခေါင်းပုံ ပါရှိသည့် ရွှေရောင် တိုတောင်းသော လှံတံတစ်ချောင်းကို ကိုင်ဆောင်ထားသည်။
အခြားတစ်ယောက်မှာမူ ကိုယ်ကျပ် အင်္ကျီအမည်းကို ဝတ်ဆင်ထားပြီး သူ၏ မျက်နှာမှာ မှောင်ရိပ်ထဲတွင် ဖုံးကွယ်နေသည်။ လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်များတွင် ပတ်တီးများ စည်းထားပြီး ရွှေရောင် လက်သည်းချွန်များ ရှိနေသည်။ ပခုံးသိုင်းကြိုးများတွင် ဓားမြှောင်များကို စီတန်းချိတ်ဆွဲထားပြီး ခါးပတ်တွင်လည်း ဓားအမည်း သုံးလက်ကို ချိတ်ထားသေးသည်။
အကယ်၍ အမှန်တရား အသင်းတော်မှ လူများသာ ဤနေရာ၌ ရှိနေပါက ထိုသူနှစ်ဦးမှာ ဆုငွေအများဆုံး ထုတ်ခံထားရသည့် နာမည်ကျော် ရာဇဝတ်သားများနှင့် ကြေးစားစစ်သည်များ ဖြစ်ကြောင်း ချက်ချင်း သိရှိသွားကြပေလိမ့်မည်။
ပထမတစ်ယောက်မှာ ဝံပုလွေကို အထွတ်အမြတ်ထားသော ဆေပါ မျိုးနွယ်စုမှ ငရဲဘုံအဆင့် ဒရူးဝစ် ဝေါလစ် ဖြစ်သည်။ သူသည် သတ္တဝါများကို ဆင့်ခေါ်ခြင်းနှင့် အသွင်ပြောင်းခြင်း မှော်ပညာရပ်များတွင် ကျွမ်းကျင်သူ ဖြစ်သည်။
ဒုတိယတစ်ယောက်မှာမူ “အရိပ်လုပ်ကြံသတ်ဖြတ်သူ” ဟု နာမည်ဆိုးဖြင့် ကျော်ကြားသော လူဝီ ဖြစ်သည်။ သူသည် ကိုယ်ယောင်ဖျောက်ရာတွင် အလွန်ထူးချွန်ပြီး ဖျက်ဆီးခြင်းအဆင့် ရှိသူကိုပင် လုပ်ကြံသတ်ဖြတ်ခဲ့ဖူးသည်။
ဝေါလစ်က စာအုပ်သေတ္တာများကို ဝေ့ဝိုက်ကြည့်ရှုလိုက်၏။
“ဒီမှာ မရှိတော့ဘူး... ငါတို့ နောက်ကျသွားပြီ ထင်တယ်”
လူဝီက ဘာမှပြန်မပြောဘဲ ဘေးနားရှိ ဖွင့်ထားသော သေတ္တာတစ်လုံးဆီသို့ လျှောက်သွားကာ မွှေနှောက်ထားသည့် လက္ခဏာများကို စေ့စေ့စပ်စပ် ကြည့်နေသည်။
ဝေါလစ်က အနားသို့ လျှောက်လာပြီး သူ၏ လှံတံကို အနည်းငယ် ဝေ့ယမ်းလိုက်၏။ လှံတံထိပ်မှ အပြာနုရောင် အလင်းတန်းလေး ထွက်ပေါ်လာသည်။ ထို့နောက် သူက ခေါင်းငုံ့ကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
“သူ အပြင်ထွက်သွားပြီ၊ အဲဒီစာအုပ်ကိုလည်း ယူသွားတယ်”
သူသည် သေတ္တာများမှတစ်ဆင့် အပြင်ဘက်သို့ ဦးတည်သွားသော အပြာရောင် ခြေရာများကို လိုက်လံကြည့်ရှုရင်း လမ်းတစ်ဖက်ရှိ အိုဟောင်းနေသော စာအုပ်ဆိုင်လေးကို လှမ်းမြင်လိုက်ရသည်။
“အဲဒါက... တခြားစာအုပ်ဆိုင်တစ်ဆိုင်လား...”
ဝေါလစ် တုံ့ဆိုင်းသွားသည်။ ဤရပ်ကွက်ထဲတွင် အမည်မသိ စာအုပ်ဆိုင်တစ်ဆိုင် ရှိနေသည်ဟူသော ကောလာဟလများကို သူ ကြားဖူးထားသည်။ ထိုသတင်းများမှာ လက်ချိုးရေတွက်၍ ရလောက်အောင် နည်းပါးပြီး များသောအားဖြင့်လည်း ချဲ့ကားလွန်းလှသည်ဟု ထင်ရသော်လည်း ထိုစာအုပ်ကို အလိုရှိနေကြသူများမှာမူ ဤသတင်းများကြောင့်ပင် စိုးရိမ်မကင်း ဖြစ်နေကြပြီး အလွယ်တကူ လက်မလှုပ်ရဲကြပေ။
ထို့ပြင် သူ၏မျိုးနွယ်စုအတွင်းရှိ သတင်းပေးတစ်ဦးကလည်း ချပ်ပ်မန်း စုန်းမနှင့် ပတ်သက်သော ကိစ္စရပ်တစ်ခုကို သတင်းပါးလာခဲ့ဖူးသည်။ သူမသည် ထိုစာအုပ်ဆိုင်၏ အကူအညီကို ရရှိခဲ့သောကြောင့်သာ အင်အားကြီးမားလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဤအချက်ကပင် သူ့ကို ဝေခွဲမရ ဖြစ်စေသည်။
“ငါတို့ အခုလောလောဆယ် စောင့်ကြည့်ရင်ကော... သူ ပြန်လာတဲ့အခါကျမှ ဖမ်းဆီးပြီး စစ်မေးတာပေါ့...”
ဝေါလစ်၏ အကြံပြုချက်ကို ကြားလိုက်ရသည့်အခါ လူဝီက နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးလိုက်သည်။
“သူ ပြန်လာတဲ့အချိန်ကျရင် အဲဒီစာအုပ်က သူ့လက်ထဲမှာ ရှိနေဦးမယ်လို့ မင်း သေချာလို့လား...”
“အဲဒါကတော့...”
ဝေါလစ် မျက်မှောင်ကြုတ်ရင်း စဉ်းစားနေမိသည်။
“မင်းမှာ ရွေးချယ်စရာ မရှိဘူး...”
လူဝီသည် အရိပ်အသွင်သို့ ပြန်လည်ပြောင်းလဲကာ အခန်းတွင်းရှိ အရိပ်များထဲသို့ ပျော်ဝင်သွားတော့၏။
“မမေ့နဲ့ဦး၊ အဖွဲ့အစည်းက ငါတို့ကို ဒီစာအုပ် ရအောင်ယူဖို့ တာဝန်ပေးထားတာ... တကယ်လို့ ငါတို့ ဒီအလုပ်ကို မအောင်မြင်ရင် ဘာတွေဖြစ်လာမလဲဆိုတာ မင်းလည်း သိပြီးသားပါ...”
သူ၏ အေးစက်စက် အသံသည် လေထဲတွင် ပဲ့တင်ထပ် ကျန်ရစ်ခဲ့သည်။
“ပြီးတော့ မင်း အခုလို ကြောက်ရွံ့နေတဲ့ ပုံစံက ငါ့ကို တကယ့်ကို စိတ်ပျက်စေတယ်... မင်းကို အဖွဲ့ထဲကို လက်ခံဖို့ ကိစ္စကို ငါ ပြန်ပြီး စဉ်းစားရလိမ့်မယ်”
ဝေါလစ် ပြန်ပြောရန် ပြင်နေစဉ်မှာပင် လူဝီ စာအုပ်ဆိုင်ထဲသို့ ဝင်ရောက်သွားသည်ကို မြင်လိုက်ရသည်။ သူ အံကို တင်းတင်းကြိတ်ကာ ချိုးငှက်အသွင်သို့ အမြန်ပြောင်းလဲပြီး စာအုပ်ဆိုင်၏ အမိုးပေါ်သို့ ပျံတက်လိုက်သည်။ ထိုအချိန်မှာပင် စာအုပ်စင်များကြားရှိ အရိပ်ထဲတွင် ကျွမ်းကျင်စွာ ပုန်းကွယ်သွားသော လူဝီ၏ အရိပ်အယောင်ကို သူ မြင်လိုက်ရသည်။
သို့သော်လည်း မကြာမီမှာပင် ထိုနေရာရှိ အရိပ်များမှာ ဖောင်းကြွတက်လာ၏။ တစ်စုံတစ်ယောက်က ထိုအရိပ်ထဲတွင် အပြင်းအထန် ရုန်းကန်နေသကဲ့သို့ ဖြစ်လာတော့သည်။
...
စာအုပ်ဆိုင်အတွင်း၌မူ လင်ကျဲမှာ အတွေးနက်နေဆဲ ဖြစ်သည်။ ဤမှတ်တမ်းသည် နော်ဇင်မြို့၏ အောက်ပိုင်းခရိုင်ထဲတွင် ပေါ်လာပြီး သူ၏လက်ထဲသို့ ရောက်ရှိလာခြင်း ဖြစ်ရာ ဒိုင်ယာရီပိုင်ရှင်သည် ဤကမ္ဘာသစ်နှင့် ထိတွေ့မှု ရှိခဲ့သည်မှာ သေချာလှသည်။ သူ၏ သုတေသနပြုချက်များသည်လည်း အလိမ်အညာများ မဟုတ်ဘဲ ရူးသွပ်နေသည့် အပိုင်းများမှလွဲ၍ ကျန်ရှိသောအရာများမှာ စစ်မှန်သော အမှန်တရားများသာ ဖြစ်ပေလိမ့်မည်။
လင်ကျဲအနေဖြင့် အစောပိုင်းက အဇီးကမ္ဘာ၏ ပျောက်ဆုံးသွားသော ယဉ်ကျေးမှုများကြောင့် တခြားကမ္ဘာတစ်ခုမှ လူများက အဘယ်ကြောင့် တရုတ်စာနှင့် အင်္ဂလိပ်စာကို အဓိက ဘာသာစကားအဖြစ် အသုံးပြုနေသနည်း ဆိုသည်ကို သေချာ မစဉ်းစားမိခဲ့ပေ။ ၎င်းတို့မှာ သူ အကျွမ်းကျင်ဆုံး ဘာသာစကားများ ဖြစ်ကြသည်။ ထို့ပြင် စကားလုံးများ၏ အထားအသိုနှင့် ဖွဲ့စည်းပုံများမှာလည်း ကမ္ဘာမြေနှင့် တစ်ထေရာတည်း တူညီနေပြန်သည်။
ဤသို့ဆိုလျှင်...
လင်ကျဲ သွေးစွန်းနေသော မှတ်တမ်းစာအုပ်ကို စိုက်ကြည့်ရင်း တွေးနေမိ၏။
‘ငါ ဒီလောကကို စရောက်ကတည်းက ငါ့ရဲ့ အသိစိတ်တွေ ပြောင်းလဲ ခံလိုက်ရတာလား...’
၎င်းမှာ သူ၏ ဘာသာစကား ဆက်တင်ကို “တရုတ်စာ (ရိုးရှင်း)” ဟု ပြောင်းလဲသတ်မှတ်လိုက်သလိုပင်။ အသစ်ပြန်ဖွင့်လိုက်သည်နှင့် နားမလည်နိုင်သော စာလုံးများကို သူ နားလည်နိုင်သော ဘာသာစကားအဖြစ်သို့ ချက်ချင်း ‘ဘာသာပြန်’ ပေးလိုက်သကဲ့သို့ ဖြစ်နေသည်။
ဤကဲ့သို့သော ထူးဆန်းအံ့ဩဖွယ်ရာ စွမ်းဆောင်ချက် မျိုးကို လုပ်ဆောင်နိုင်ပြီး လင်ကျဲကို အမြဲတမ်း ကျောထောက်နောက်ခံ ပေးထားနိုင်သည့် တည်ရှိမှုမျိုးမှာ တစ်ခုတည်းသာ ရှိပေသည်။
‘ဘလက်ကီလား...’
လင်ကျဲသည် မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း သီအိုဒို၏ ပခုံးကို ကျော်ကာ စာအုပ်စင်များကြားက ဟာကွက်လေးကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။ ထိုကြားထဲက အရိပ်မှာ တုန်ခါသွားပြီးနောက် ဝေဝါးနေသည့် လူကိုယ်ထည်ပုံစံ အရိပ်မည်းကြီးတစ်ခု အဖြစ် ပေါ်လာသည်။
ထိုနေရာတွင် မမြင်ရသော လူတစ်ယောက် ရပ်နေသကဲ့သို့ပင်။ ထိုအရိပ်ကြီးက ယဉ်ကျေးပျူငှာစွာ ခေါင်းညိတ်ပြလိုက်ပြီး လက်တစ်ဖက်ကို မြှောက်ကာ ဝေ့ယမ်းပြလိုက်၏။
၎င်းက “ရပါတယ်၊ ဘာမှအားနာစရာ မလိုပါဘူး” ဟု ပြောနေသကဲ့သို့ပင်။
‘ဒါဟာ ကမ္ဘာကူးပြောင်းလာသူတွေ ရတတ်တဲ့ အခွင့်ထူးတစ်ခုပေါ့...’
လင်ကျဲ စဉ်းစားနေမိသည်။ ဘလက်ကီ ပြချင်သည့် သဘောကို နားလည်သွားသည်ဟု ခံစားလိုက်ရသည့်အခါမှ သူ စိတ်ကို အနည်းငယ် လျှော့ချလိုက်သည်။
ထိုအရာကလည်း အဓိပ္ပာယ်ရှိပါသည်။ အကယ်လို့ ကမ္ဘာကူးလာပြီးနောက်မှာ အချင်းချင်း ဆက်သွယ်လို့ မရခဲ့ဘူးဆိုလျှင် လွန်ခဲ့တဲ့ သုံးနှစ်က သူ့ အခြေအနေမှာ အခုထက် အများကြီး ပိုဆိုးနေမှာ အသေအချာပင် ဖြစ်သည်။
စာအုပ်ရောင်းပြီး စားဝတ်နေရေး ဖြေရှင်းဖို့ နေနေသာသာ တခြားသူများနှင့် ဆက်ဆံဖို့တောင် တကယ့်ကို ပြဿနာကြီးတစ်ခု ဖြစ်နေလိမ့်မည် ဖြစ်သည်။
ဒိုင်ယာရီပိုင်ရှင်ကဲ့သို့ ဘာသာစကားကို အသုံးပြုမည့်သူနှင့် ကိုးကားစရာ မရှိသဖြင့် လမ်းပျောက်နေရသလိုမျိုး လင်ကျဲ မကြုံတွေ့ရသော်လည်း အကယ်၍သာ ဘလက်ကီ၏ အကူအညီ မပါခဲ့လျှင် ကျွမ်းကျင်စွာ ပြောဆိုနိုင်ရန် အနည်းဆုံး တစ်နှစ်ထက်မက အချိန်ယူရပေလိမ့်မည်။
အရင်တုန်းကတော့ လင်ကျဲသည် သူ့ကို ဤကမ္ဘာသို့ ပို့ဆောင်ပြီးနောက် ပေးဆပ်ရမည့် တန်ဖိုးကိုပင် ရှင်းရှင်းလင်းလင်း မပြောဘဲ ပျောက်ကွယ်သွားခဲ့သော ဘလက်ကီကို တာဝန်မဲ့လှသည်ဟု အမြဲ အပြစ်တင်ခဲ့ဖူးသည်။
သူ၏ ဆန္ဒအတွက် ပေးဆပ်ရမည့် တန်ဖိုးမှာ ‘ဤကမ္ဘာသစ်သို့ ပြည်နှင်ဒဏ် အပေးခံရခြင်း’ သာ ဖြစ်သည်ဟု လင်ကျဲ ထင်မှတ်ခဲ့မိသည်။
သို့သော် ယခုကဲ့သို့ ‘ရောင်းပြီးနောက်ပိုင်း ဝန်ဆောင်မှု’ (After-sales service) မျိုးကို ကြိုတင်စီစဉ်ပေးထားလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
‘ငါ မင်းကို အထင်လွဲခဲ့မိတယ်၊ ဘလက်ကီရေ...’
လင်ကျဲ ထပ်မံ စဉ်းစားကြည့်သောအခါ ကမ္ဘာမြေနှင့် အဇီးကမ္ဘာ၏ ဘာသာစကားများမှာ ကွဲပြားနေသည်ဖြစ်ရာ သူ ယူဆောင်လာသော စာအုပ်များကိုလည်း သူ၏ ဖောက်သည်များမှာ နားလည်နိုင်စရာ အကြောင်းမရှိပေ။ သို့သော် အမှန်တကယ်တွင်မူ သူတို့သည် စာအုပ်များကို နားလည်ရုံသာမက သူနှင့်ပင် အပြန်အလှန် ဆွေးနွေးနိုင်နေကြသည် မဟုတ်လား...။
ဤသည်မှာ ဘာကို ဆိုလိုသနည်း...။
ဘလက်ကီသည် လင်ကျဲ၏ ဘာသာစကား စနစ်ကိုသာ ပြောင်းလဲပေးခဲ့ခြင်း မဟုတ်ဘဲ သူ၏ စာအုပ်များထဲရှိ စာလုံးများကိုလည်း ဤကမ္ဘာကလူများ နားလည်နိုင်အောင် တစ်ပါတည်း ပြုပြင်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်သာ လင်ကျဲအနေဖြင့် စာအုပ်များကို ရောင်းချနိုင်ခြင်း ဖြစ်ပေသည်။
‘တကယ့်ကို စေ့စပ်သေချာလွန်းလှတယ်...’
လင်ကျဲသည် ရုတ်တရက် အရာအားလုံးကို နားလည်သွားပြီးနောက် ကြည်နူးနှစ်လိုဖွယ် အပြုံးလေးတစ်ခု ပြုံးလိုက်မိသည်။
‘ဒါပေမဲ့... ဘာဖြစ်လို့ ဘလက်ကီက အရင်ကထက် နည်းနည်းလေး ပိုပြီး ဝလာသလိုမျိုး ဖြစ်နေရတာပါလိမ့်...’
***