← Chapters

အခန်း (၃၂၅-၃၂၆)

Vol. 24 Ch. 325-326

အခန်း (၃၂၅-၃၂၆)

Vol. 24 Ch. 325-326

အပိုင်း(၃၂၅)

"အားလုံးပဲ... တိုက်ပွဲဗျူဟာ (၃) ပြောင်း... တိုက်စစ်ဆင်ကြ…”

ပထမထပ်တွင် ကလောက်သည် အလျင်မြန်ဆုံး တုံ့ပြန်နိုင်သူဖြစ်ရာ သူ၏ အမိန့်ပေးသံမှာ ဟိန်းထွက်သွားတော့၏။ သူက လက်ကို ဆန့်ထုတ်၍ လေထုကို ဆုပ်ကိုင်လိုက်ရာ ရွှေရောင်အလင်းတန်းများ စုစည်းသွားပြီး သူ့ လက်ထဲတွင် ဓားရှည်တစ်စင်းအဖြစ် အသွင်ပြောင်းသွားသည်။ ထိုခဏမှာပင် ဖုန်မှုန့်များကြားမှ သတ္တဝါတစ်ကောင်သည် လေပွေလှိုင်းသဖွယ် အဟုန်ပြင်းစွာဖြင့် ဒိုင်းခနဲ ပြေးထွက်လာ၏။

၎င်း၏ ပစ်မှတ်မှာ ရှင်းလင်းလှသည်။ ဤနေရာရှိ အရေးပါဆုံးသော ပုဂ္ဂိုလ်ဖြစ်သည့် ကလောက်ကို တည့်တည့်မတ်မတ် ဦးတည်နေခြင်းပင်။

ကလောက်သည် ဤအဖွဲ့၏ တပ်မှူးဖြစ်သလို ရာထူးအမြင့်ဆုံးနှင့် အစွမ်းအထက်ဆုံး သူရဲကောင်းလည်း ဖြစ်သည်။ သူ့ကိုသာ အလဲထိုးနိုင်လျှင် ကျန်သူများကို အရေးလုပ်နေစရာ မလိုတော့ပေ။ ကလောက်သည်လည်း ထိုသဘောကို နားလည်သဖြင့် ဓားကို မြှောက်ကာ ခံစစ်အနေအထားကို အသင့်ပြင်လိုက်သည်။

ဝေါ… ဝေါ…

ဖုန်လုံးများကြားမှ အစိမ်းပုပ်ရောင်ရှိသည့် လက်ကြီးနှစ်ဖက် စတင်ပေါ်ထွက်လာသည်။

ကလောက် အံ့အားသင့်သွားခဲ့၏။

‘ဒါ... အော့စ်ဝေါလ် မဟုတ်ဘူးလား… မဖြစ်နိုင်တာ…’

အီသာ စွမ်းအင်ဖြင့် စစ်ဆေးစဉ်က ဒုတိယထပ်တွင် အော့စ်ဝေါလ် တစ်ဦးတည်းသာ ရှိကြောင်း ပြသခဲ့သည်မဟုတ်ပါလော။ ဤသတ္တဝါကြီးက ဘယ်ကရောက်လာသနည်း။

သို့သော်လည်း… စဉ်းစားနေရန် အချိန်မရှိတော့ပေ။

လက်ကြီးများသည် အနည်းဆုံး အရှည် တစ်ပေခွဲခန့် ရှိသည်။ လက်ဆစ်ကြီးများမှာ ထူထဲလှပြီး လက်သည်းများမှာလည်း ဓားကဲ့သို့ ထက်မြက်လှသည်။ ဖယောင်းတင်ထားသကဲ့သို့ ပြောင်လက်နေသော အရေပြားနှင့် ကြောက်မက်ဖွယ် အကြေးခွံများ၊ လက်ချောင်းများအကြားရှိ အမြှေးပါးများကို ကြည့်ခြင်းဖြင့် ဤတိုက်ခိုက်သူမှာ လူသားတစ်ဦး မဟုတ်ကြောင်း ထင်ရှားလှသည်။

ချွမ်… ချွမ်…

ကလောက်၏ ဓားရှည်သည် ထိုလက်သည်းခွံများကို ခဏမျှသာ ခုခံနိုင်ပြီး ပြင်းထန်လှသော အရှိန်အဟုန်ကြောင့် တစ်စစီ ကြေမွသွားလေတော့သည်။

ဘုန်း… ဘုန်း…

ပြင်းထန်လှသော ထိပ်တိုက်ရင်ဆိုင်မှုကြောင့် ထွက်ပေါ်လာသည့် အသံများမှာ မိုးထစ်ချုန်းသကဲ့သို့ပင်။ ဝန်းရံနေသော ဖုန်လုံးများလည်း ထိုအရှိန်ကြောင့် လွင့်စဉ်သွားခဲ့လေ၏။

ကလောက်သည် အံကို တင်းတင်းကြိတ်ထားသော်လည်း ထိုဒဏ်ချက်၏ အကြွင်းအကျန် အရှိန်အဟုန်ကြောင့် နောက်သို့ လွင့်ထွက်သွားခဲ့သည်။ သူ အီသာ စွမ်းအင်ကို အစွမ်းကုန် အသုံးချလိုက်ရာ ခန္ဓာကိုယ် ပတ်လည်တွင် ဖြူဖွေးသော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး ကြွက်သားများလည်း တင်းမာသွားတော့၏။

“ယား…”

ကလောက် လည်ချောင်းသံဖြင့် ဟိန်းဟောက်လိုက်ပြီး ထိုသတ္တဝါကြီး၏ လက်ချောင်းများကို မိမိလက်ဖြင့် ပြန်လည်ဆုပ်ကိုင်ကာ အစွမ်းကုန် ခုခံထားလေသည်။

ခရက်… ခရက်…

ကလောက်၏ ခြေဖဝါးအောက်ရှိ ကျောက်သားကြမ်းပြင်မှာ ပင့်ကူအိမ်သဖွယ် အက်ကြောင်းများ ဗရပွ ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် သူသည် နောက်သို့ တရွတ်တိုက် ပါသွားသဖြင့် ကြမ်းပြင်ပေါ်တွင် ရှည်လျားသော အက်ကြောင်းကြီးများ ထင်ကျန်ရစ်လေသည်။

ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် သူ၏ အတွင်းကလီစာများနှင့် အရိုးများမှာ ဒဏ်ရာရသွားပြီး မျက်နှာမှာလည်း ဖြူလျော်ကာ သွေးတစ်လုပ် ထွေးထုတ်လိုက်ရသည်။

"ပြေးကြတော့…”

ကလောက် နောက်ဆုံးလက်ကျန် စွမ်းအားကို အသုံးချကာ အားယူအော်ဟစ်လိုက်သည်။

တိုက်ပွဲဗျူဟာ (၃) ဟူသည်မှာ လူတစ်ဦးက အစာအဖြစ် ခံယူပြီး ကျန်လူများက ပစ်မှတ်ကို ဝိုင်းရံတိုက်ခိုက်ရသည့် နည်းဗျူဟာ ဖြစ်သည်။ အခြားသူရဲကောင်းများမှာ စကတည်းက လူစုခွဲထားသဖြင့် တိုက်ပွဲအရှိန်အဟုန်အတွင်း ပါဝင် မသွားဘဲ အချည်းနှီး အသက်မဆုံးရှုံးစေရန် ကလောက်က အချိန်မီ ဆုံးဖြတ်ချက်ချနိုင်ခဲ့ခြင်း ဖြစ်သည်။

‘သိပ်အစွမ်းထက်လွန်းတယ်... ငါ အများဆုံး တောင့်ခံနိုင်ရင် သုံးစက္ကန့်ပဲ… ဆရာ ရောက်မလာခင် ငါ အသက်ပျောက်သွားနိုင်တယ်…’

ကလောက် စိတ်ပူစွာ တွေးနေမိသည်။ နောက်သို့ ဆုတ်ခွာနေသည့် ခဏတာ အတွင်း၌ပင် အသက်ဘေးမှ ကယ်ရန် အသနားခံနေခဲ့သော မိုနီကာမှာ တိုက်ပွဲ၏ ရိုက်ခတ်မှုကြောင့် အသားဖတ်များအဖြစ်သို့ ကြေမွသွားသည်ကို ကလောက် မြင်တွေ့လိုက်ရသည်။

ဝေါ… ဝေါ…

လူသားမဟုတ်သော မိစ္ဆာကြီးသည် နောက်ဆုံးတွင် သူ၏ ရုပ်သွင်ကို ထင်ရှားစွာ ပြသလာတော့၏။

၎င်း၏ ကိုယ်ထည်မှာ ပေ ၂၀ ခန့် မြင့်မားပြီး အစိမ်းပုပ်ရောင်ရှိသည့် ချောမွတ်သော အကြေးခွံများဖြင့် ဖုံးလွှမ်းထားသည်။ တစ်ချိန်တည်းမှာပင် အမွေးများလည်း ရှိနေသလို အချို့နေရာများတွင် လူသားအရေပြားကဲ့သို့ ပြောင်လက်နေသည်။ သို့သော် ခြေလက်အင်္ဂါအားလုံးမှာမူ အမြှေးပါးပါသော လက်သည်းခွံကြီးများ ကဲ့သို့ ဖြစ်နေ၏။

အဆန်းကြယ်ဆုံးမှာ ၎င်း၏ ဦးခေါင်းပင် ဖြစ်သည်။

မျက်နှာ၏ တစ်ခြမ်းမှာ အော့စ်ဝေါလ်၏ မျက်နှာဖြစ်နေဆဲ ဖြစ်သော်လည်း နာကျင်ခြင်းနှင့် စိတ်ဖောက်ပြန်ခြင်းတို့ ထင်ဟပ်နေသည်။ မျက်ဆံများမှာ ထိန်းမနိုင်သိမ်းမရ လည်ပတ်နေပြီး နဖူးပေါ်ရှိ သွေးကြောကြီးမှာ သန်ကောင်တစ်ကောင်ကဲ့သို့ တလှုပ်လှုပ် ခုန်နေသည်။ သူသည် စိတ်လွတ်နေပြီဟု ထင်ရသည်။

အခြားမျက်နှာတစ်ခြမ်းမှာမူ ငါးနှင့် ဖားကို ပေါင်းစပ်ထားသည့် ရုပ်သွင်မျိုး ဖြစ်သည်။ မျက်နှာနှစ်ခြမ်း၏ ကြားဆုံမှတ်မှာ မီးခိုးရောင်သန်းနေပြီး တွန့်လိပ်နေသော အရေပြားများပေါ်တွင် စေးကပ်သော အရည်များနှင့် သွေးများ ရောနှောနေသည်။ မျက်လုံးတစ်ဖက်မှာ အပြင်သို့ ပြူးထွက်နေပြီး ပါးစပ်မှာလည်း နားရွက်အထိ ကျယ်ပြန့်ကာ ဓားသွားကဲ့သို့ ထက်မြက်သော သွားများကို မြင်တွေ့နေရသည်။

"ဂူ... ဂူ... ဂူ..."

၎င်းသည် နားမလည်နိုင်သော အသံများကို မြည်တမ်းနေပြီးနောက် စိတ်ဖောက်ပြန်နေသည့် အမူအရာဖြင့် လူစကားကို ပြောဆိုလာ၏။

"အရှင်သခင်ကြီး... မဟုတ်ဘူး... မလုပ်ပါနဲ့... သတ်... စွမ်းအား... ကယ်ပါဦး... ငါ့ကို ကယ်ကြပါဦး…"

ဘုန်း…

ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သတ္တဝါကြီး၏ အားအင်မှာ ပိုမို ပြင်းထန်လာ၏။ ကလောက်၏ နဖူးတွင် ချွေးများဖြင့် ရွှဲနှစ်နေပြီး လက်များမှာလည်း ထိန်းမနိုင်အောင် တုန်ရင်နေသည်။

ခရက်… ခရက်…

တစ်စက္ကန့်မျှ မပြည့်သေးသည့် အချိန်အတွင်းမှာပင် အရိုးများ ကျိုးကြေသွားသည့် အသံနှင့်အတူ ကလောက်၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားရတော့သည်။ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အဖြူရောင် မီးလျှံများလည်း ငြိမ်းသတ်သွားလေ၏။

‘အော့စ်ဝေါလ်ဟာ ဖျက်ဆီးခြင်းအဆင့် ဆိုပေမဲ့ အသက်အရွယ်အရ အများဆုံးရှိရင် ငရဲဘုံအဆင့်ရဲ့ အထွတ်အထိပ်ပဲ ရှိနိုင်တာ… ဒါပေမဲ့ ဒီမိစ္ဆာကြီးရဲ့ အစွမ်းက ဆရာ့ရဲ့ အစွမ်းနဲ့တောင် ရင်ဆိုင်နိုင်လောက်တယ်…’’

ကလောက်၏ စိတ်ထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှုများ ဖြစ်ပေါ်လာသည်။

‘သူ ပြောနေတဲ့ အရှင်သခင် ဆိုတာ ဘယ်သူလဲ… သူ့ကို ဒီလိုမိစ္ဆာအဖြစ် ပြောင်းလဲလိုက်တဲ့သူလား… ငါတို့ အော့စ်ဝေါလ်ကို ဖမ်းဖို့လာတဲ့ အချိန်နဲ့ ကွက်တိ စီစဉ်ထားတာပဲ... ဒါက စနစ်တကျ ကြံစည်ထားတဲ့ ပူးပေါင်းကြံစည်မှုပဲ ဖြစ်ရမယ်’

သို့သော် နော်ဇင်မြို့အတွင်း၌ ငရဲဘုံအဆင့် ရှိသူတစ်ဦးကို ဖျက်ဆီးခြင်းအဆင့် အထိ မြှင့်တင်ပေးနိုင်သော စွမ်းအားရှင်မှာ လက်ချိုးရေတွက်၍ ရသည်။ ကလောက်သည် စက္ကန့်ပိုင်းအတွင်းမှာတင် ရှုံးနိမ့်သွားခဲ့ရသဖြင့် သူ မည်မျှပင် စဉ်းစားနေပါစေ အရေးမပါတော့ပေ။

အော့စ်ဝေါလ် အသွင်ပြောင်းထားသော မိစ္ဆာကြီးသည် လဲကျနေသော ကလောက်ထံသို့ လျှောက်လှမ်းသွားပြီး လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သို့သော် ချက်ချင်း မသတ်သေးပေ။

၎င်းသည် ကလောက်ကို မြှောက်မလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အပြုံးဖြင့် တံခါးဝတွင် ရပ်နေသည့် ဂျိုးဇက်ကို စိုက်ကြည့်လိုက်၏။

"ငါတို့ရဲ့ အစွမ်းထက်ဆုံး ရောင်စဉ် သူရဲကောင်းကြီး... မင်း ငါ့ကို သတ်ဖို့ ပြင်နေတာလား…"

မိစ္ဆာကြီးက တဟားဟား ရယ်မောရင်း ကလောက်၏ ခန္ဓာကိုယ်အတွင်းသို့ သူ၏ ထက်မြက်သော လက်သည်းများကို နက်နက်ရှိုင်းရှိုင်း ထိုးစိုက်လိုက်သည်။

"ဒါမှမဟုတ် မင်းရဲ့ ချစ်လှစွာသော တပည့်ကို သတ်ဖို့ ပြင်နေတာလား…"

"အခု ငါ အားနည်းနည်းလေး ပိုသုံးလိုက်တာနဲ့ မင်း အမြဲတမ်း ဂုဏ်ယူနေရတဲ့ ဒီတပည့်ဟာ အသားဖတ်တွေအဖြစ် ကြေမွသွားလိမ့်မယ်…"

၎င်းသည် အစတုန်းကလို စိတ်ဖောက်ပြန်နေသည့် ပုံစံ မဟုတ်တော့ဘဲ ပိုမို ပါးနပ်ကာ ပရိယာယ် ကြွယ်ဝလာပုံရသည်။

ဂျိုးဇက်၏ မျက်နှာမှာ တင်းမာနေသော်လည်း မည်သည့် လှုပ်ရှားမှုမျှ မပြုသေးပေ။ သို့သော်လည်း… သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဖြူဖွေးသည့် မီးလျှံများမှာမူ ယခင်ကထက် ပို၍ တောက်ပလာသည်။

ဂျိုးဇက် တပည့် ဖြစ်သူကို ကြည့်လိုက်၏။ ကလောက်မှာ အသက်ငင်နေပြီ ဖြစ်သော်လည်း မျက်လုံးကို အားယူဖွင့်ကာ တိုးညှင်းစွာ ပြောရှာသည်။

"ဆရာ... သတ်လိုက်ပါ... ကျွန်တော်က... သေလူပါပဲ..."

သူ၏ အတွင်းကလီစာများမှာ ကြေမွနေပြီဖြစ်သလို ခန္ဓာကိုယ်ရှိ အရိုးအများစုမှာလည်း အက်ကွဲနေပြီ ဖြစ်သည်။ သာမန်လူဆိုလျှင် ယခုကဲ့သို့ ဒဏ်ရာမျိုးဖြင့် သေဆုံးနေသည်မှာ ကြာလှပြီ ဖြစ်သည်။ ကလောက်သည် အစွမ်းထက်သော သူရဲကောင်းတစ်ဦး ဖြစ်သည့်အတွက်ကြောင့်သာ နောက်ဆုံးထွက်သက်အထိ တောင့်ခံထားနိုင်ခြင်း ဖြစ်သည်။

ထိုနောက်ဆုံးထွက်သက်ဖြင့်ပင် သူသည် မိမိ၏ ကံကြမ္မာအတွက် ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်သည်။

ခဏတာအတွင်းမှာပင် ဂျိုးဇက်သည် ကလောက်၏ မျက်နှာထက်၌ သူ၏ အတိတ်ကို မြင်ယောင်လိုက်မိသည်။ သူ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

"မင်း တကယ်ပဲ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပါတယ်… ငါကိုယ်တိုင် မင်းရဲ့နေရာမှာဆိုရင်တောင် မင်းထက် ပိုကောင်းအောင် လုပ်နိုင်ပါ့မလား မသိဘူး…"

ထိုသို့ ပြောပြီးနောက်တွင်မူ သူသည် ဆုပ်ထားသော လက်သီးကို လျှော့လိုက်လေတော့သည်။

***

အပိုင်း(၃၂၆)

"ဂူး... ဂူး... ဂူး…"

အော့စ်ဝေါလ်သည် လှောင်ပြောင်သော အသံဖြင့် ရယ်မောလိုက်၏။ သို့သော်လည်း သူ၏ ရယ်သံက ပုံမှန် ရယ်သံနှင့် မတူပဲ တစ်မျိုးကြီး ဖြစ်နေသည်။

"မင်း ဒေါသထွက်နေလား… ပေါက်ကွဲမတတ် ဖြစ်နေလား… ဒါပေမဲ့ မင်းက ဂျိုးဇက်ပဲလေ... မင်းရဲ့ တပည့်အသက်ကို မင်း ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်"

"ကဲ... ငါ အေးအေးဆေးဆေး ထွက်သွားတာကိုပဲ ကြည့်နေတော့… မင်းကတော့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး!"

ထိုမိစ္ဆာကြီးက ဝင့်ကြွားစွာဖြင့် နောက်သို့ ဆုတ်ခွာရန် ဟန်ပြင်လိုက်ပြီး ကလောက်ကို ထိုးစိုက်ထားသည့် လက်သည်းခွံကြီးကို မြှောက်လိုက်ရာ ကမ္ဘာ့ဆွဲအားကြောင့် ကလောက်၏ နာကျင်မှုမှာ ပိုမို ပြင်းထန်လာသည်။

"ဒီဒေါသကိုသာ ခံစားနေလိုက်စမ်းပါ… ဒါက တရားမျှတမှုရဲ့ နောက်ဆုံးရလဒ်ပဲလေ"

"ယုတ်မာမှုဆိုတာ ယုတ်မာတဲ့သူတွေ အတွက်တော့ အခွင့်ထူးခံ လက်မှတ်တစ်ခုပဲ မဟုတ်လား…”

ဂျိုးဇက်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး တည်ငြိမ်စွာပင် ရပ်မြဲရပ်နေသည်။

"ဝမ်းနည်းစရာပဲ အော့စ်ဝေါလ်... ယုတ်မာမှုဆိုတာ မင်းရဲ့ အုတ်ဂူပေါ်မှာ ရေးထိုးမယ့် ကဗျာစာသားပဲ ဖြစ်လိမ့်မယ်"

"ဘာလဲ..."

အော့စ်ဝေါလ်သည် အနည်းငယ် ကြောင်အသွား၏။

ထို့နောက် ထိုခေါင်းမာလှသော လူကြီးကို ပြန်လည် တုံ့ပြန်ရန် ဟန်ပြင်စဉ်မှာပင် သူ၏ ခေါင်းပေါ်သို့ ကြီးမားလှသော အရိပ်မည်းကြီးတစ်ခု ဖုံးလွှမ်းလာသည်ကို ခံစားလိုက်ရသည်။ သူသည် အပေါ်သို့ အလိုအလျောက် မော့ကြည့်လိုက်ရာ ဧရာမ အဖြူရောင် ဘီလူးကြီးတစ်ကောင်သည် သူ၏ လက်ဖဝါးဖြင့် သူ့ကို လှမ်းကိုင်ရန် ပြင်နေသည်ကို မြင်လိုက်ရသည်။

“ဂူး…”

ရုတ်တရက်… သူ၏ အမြင်အာရုံများ မှောင်အတိ ကျသွားကား မည်သည့်ခံစားချက်နှင့် အတွေးမျှ မရှိတော့ပေ။

မျက်နှာမပါသော ထိုဘီလူးကြီးသည် အော့စ်ဝေါလ်၏ ခေါင်းကို လက်တစ်ဖက်ဖြင့် ညင်သာစွာ ချိုးဖဲ့ဖယ်ရှားလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ပြုတ်ကျလာသော ကလောက်ကို ဖမ်းယူကာ အပျက်အစီးများကြားတွင် ညင်သာစွာ ချထားပေးလိုက်သည်။

စိတ်ဝိညာဉ်နယ်မြေ…

ဂျိုးဇက် လက်သီးကို ဖြေလျှော့လိုက်ခြင်းမှာ အားအင်များကို လျှော့ချလိုက်ခြင်း မဟုတ်ဘဲ စိတ်ဝိညာဉ်နယ်မြေကို ဖွင့်လှစ်လိုက်ခြင်းသာ ဖြစ်ပေသည်။

…

လူသားမဟုတ်သော မိစ္ဆာကြီး မြေပြင်ပေါ်သို့ ဝုန်းကနဲ လဲကျသွားပြီးနောက် ရင်သပ်ရှုမောဖွယ်ကောင်းလှသော တိုက်ပွဲသည်လည်း အဆုံးသတ်သွားခဲ့လေပြီ။

ထိုအခါမှသာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ ထောက်ပံ့ရေးဌာနမှ ဝန်ထမ်းများသည် ဒဏ်ရာရသူများကို ကုသရန် အလုအယက် ပြေးဝင်လာကြတော့သည်။ သူတို့သည် တိုက်ခိုက်ရေးစွမ်းရည် မရှိကြသော်လည်း (သို့မဟုတ် တိုက်ခိုက်ရေးနှင့် မသင့်တော်ကြသော်လည်း) မျှော်စင်၏ စစ်ဆင်ရေးတိုင်းတွင် မရှိမဖြစ် အရေးပါသော သူများ ဖြစ်ကြသည်။

သူရဲကောင်းများဖြင့်သာ ဖွဲ့စည်းထားသည့် တိုက်ခိုက်ရေးဌာန၊ လေ့ကျင့်ရေးဌာနနှင့် ထောက်လှမ်းရေးဌာနတို့နှင့် နှိုင်းယှဉ်လျှင် ထောက်ပံ့ရေးဌာန၏ ဖွဲ့စည်းပုံမှာ ပို၍ ရှုပ်ထွေးလှသည်။ သူတို့သည် နယ်ပယ်စုံကို ကိုင်တွယ်ရသဖြင့် အခြားသော မျိုးနွယ်စုဝင် စွမ်းအားရှင်များထဲမှ အရည်အချင်းရှိသူများကိုလည်း စုဆောင်းထားလေ့ ရှိသည်။

ဒဏ်ရာရသူများကို ကုသခြင်း၊ စစ်မြေပြင်ကို ရှင်းလင်းခြင်း၊ တိုက်ပွဲအပြီး လေ့လာဆန်းစစ်ချက်များ ထုတ်ပြန်ခြင်းနှင့် အီသာ စွမ်းအင် အကြွင်းအကျန်များကို စစ်ဆေးခြင်း စသည်တို့မှာ ထောက်ပံ့ရေးဌာန၏ တာဝန်များပင် ဖြစ်သည်။

ကယ်ရိုလိုင်းသည် ပျက်စီးနေသော အိမ်ရာဝင်းအတွင်းသို့ လျှောက်လှမ်းဝင်လာခဲ့၏။ တိုက်ပွဲသည် မိနစ်အနည်းငယ်မျှသာ ကြာမြင့်ခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှုမှာမူ ကြောက်ခမန်းလိလိပင်…။

အော့စ်ဝေါလ်၏ နေအိမ်တစ်ခုလုံးမှာ အုတ်ပုံအတိ ဖြစ်သွားရုံမျှမက အနီးနားရှိ အဆောက်အအုံများလည်း ထိခိုက်ပျက်စီးကာ ထက်ဝက်ကျော်မှာ မြေနှင့်တစ်ပြင်တည်း ဖြစ်သွားခဲ့ရသည်။ အိမ်တွင်းရှိ အစေခံများထဲမှ တစ်ဦးတစ်ယောက်မျှ အသက်မရှင်သလို တိုက်ပွဲဗဟိုချက်နှင့် နီးကပ်လွန်းသော သူရဲကောင်းအချို့လည်း ထပ်တူကံဆိုးခဲ့ကြရသည်။

အော့စ်ဝေါလ်နှင့် ကလောက်တို့၏ ထိပ်တိုက်တွေ့ဆုံမှုကြောင့် မြေပြင်တွင် ဧရာမ ကျင်းကြီးတစ်ခု ဖြစ်ပေါ်နေပြီး မြေလွှာကို ထွန်ယက်ထားသကဲ့သို့ နက်ရှိုင်းလှသော အက်ကြောင်းကြီးများလည်း ထင်ကျန်နေသည်။

ကြမ်းပြင်ပေါ်တွင် အသားစများနှင့် ပြတ်တောက်နေသော ခြေလက်များ ပြန့်ကျဲနေသည်။

သဘာဝလွန် စွမ်းအားများ ရှေ့မှောက်တွင် သာမန်လူသားများ၏ ခန္ဓာကိုယ်မှာ စက္ကူဖတ်များကဲ့သို့ အားနည်းလှပေရာ တိုက်ပွဲ၏ အရှိန်အဟုန် အနည်းငယ်မျှဖြင့်ပင် ကြေမွပျက်စီးသွားကြရရှာသည်။

'ဖျက်ဆီးခြင်းအဆင့်' ဟူသော ဘွဲ့ထူးမှာ အမည်နှင့်လိုက်အောင်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

"တိုက်ပွဲက မိနစ်ပိုင်းပဲ ကြာလို့ တော်သေးတာပေါ့… ဒီထက်သာ ကြာသွားရင် မနက်ဖြန် သတင်းစာတွေမှာ 'ဗဟိုခရိုင် အကြမ်းဖက်တိုက်ခိုက်ခံရ' ဆိုတဲ့ သတင်းမျိုး ပါလာလိမ့်မယ်"

ကယ်ရိုလိုင်းသည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေမိသည်။

သို့သော် အဆင့်မြင့် စွမ်းအားရှင်နှစ်ဦး၊ အထူးသဖြင့် အင်အားချင်း မတိမ်းမယိမ်းရှိသူနှစ်ဦး ထိပ်တိုက်တွေ့လျှင် ဤသည်မှာ သာမန်ဖြစ်ရပ်ပင် ဖြစ်သည်။

အကယ်၍ နှစ်ဖက်စလုံးက အားနည်းချက်ကို ရှာမတွေ့ပါက တိုက်ပွဲသည် ရက်ပေါင်းများစွာ ကြာမြင့်သွားနိုင်သည်။ ဂျိုးဇက်နှင့် ဝယ်လ်တို့ တိုက်ခိုက်စဉ်က တောင်ကုန်းဒေသတစ်ခုလုံး ပြိုလဲပျက်စီးသွားခဲ့ရသည်ကို သာဓကဆောင်နိုင်သည်။ သို့သော်လည်း… တစ်ဖက်က အမှားအယွင်း တစ်ခုခု ကျူးလွန်မိသည်နှင့် တိုက်ပွဲသည် မျက်စိတစ်မှိတ်အတွင်း အဆုံးသတ်သွားတတ်သည်။ ယခုကဲ့သို့ပင် ဖြစ်သည်။

ကယ်ရိုလိုင်းသည် အော့စ်ဝေါလ် အသွင်ပြောင်းထားသော မိစ္ဆာကြီး၏ လက်သည်းများအကြားမှ ကလောက်ကို ဂရုတစိုက် ဆွဲထုတ်နေသော ဂျိုးဇက်ကို ကြည့်လိုက်သည်။ ထို့နောက် သူမ၏ အကြည့်တို့က ဂျိုးဇက်၏ ဘေးနားသို့ ရောက်ရှိသွားသည်။

ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေသော ဖြူဖွေးသည့် ဝိညာဉ်ဘီလူးကြီး တစ်ကောင် ရှိနေသည်။

‘စိတ်ဝိညာဉ်နယ်မြေ... ဒါဟာ အဲဒီစွမ်းရည်ရဲ့ နာမည်လား…’’

ကယ်ရိုလိုင်း၏ အမြင်အာရုံထဲတွင် ထိုဘီလူးကြီးနှင့် ပတ်သက်သော သတင်းအချက်အလက်များ လွင့်ပျံလာသည်။

‘ဒါကြောင့်ကိုး... သူ ဒီစွမ်းရည်ကို စာအုပ်ဆိုင်ကနေ မကြာသေးခင်ကမှ ရခဲ့တာပဲ… ငါ တစ်ခါမှ မမြင်ဖူးတာ မဆန်းပါဘူး’

အော့စ်ဝေါလ်မှာ သတင်းအချက်အလက် နောက်ကျမှုကြောင့် အထိနာသွားရခြင်း ဖြစ်သည်။ ထို့အပြင်… ၎င်းသည် စိတ်ဖောက်ပြန်နေသဖြင့် တုံ့ပြန်မှုလည်း နှေးကွေးသွားခဲ့ရာ ဂျိုးဇက်၏ လက်ချက်ဖြင့် စက္ကန့်ပိုင်းအတွင်း ဇာတ်သိမ်းသွားခဲ့ရသည်။

ဤသည်မှာ စာအုပ်ဆိုင်ပိုင်ရှင်က သူမကို ချီးမြှင့်ခဲ့သည့် 'သိမြင်ခြင်း မျက်လုံး’ ၏ အစွမ်းပင် ဖြစ်သည်။

သူမသည် တစ်ခါက အကြီးအကဲ ကောင်စီ၏ တာဝန်ပေးချက်အရ ထိုလျှို့ဝှက်ဆန်းကြယ်သော စာအုပ်ဆိုင်သို့ သွားရောက်ကာ ဆိုင်ပိုင်ရှင်၏ အန္တရာယ်ရှိမှု အဆင့်အတန်းနှင့် စရိုက်လက္ခဏာကို အကဲဖြတ်ခဲ့ဖူးသည်။

ထို့နောက်ပိုင်းတွင် သူမ၏ တိကျသော ကောက်ချက်များကြောင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ စီမံကိန်းများ အောင်မြင်လာခဲ့လေရာ ဒုတိယဌာနမှူးအဆင့်မှ ထောက်ပံ့ရေးဌာန၏ ဌာနမှူးအဖြစ်သို့ ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသည်။

တစ်နည်းအားဖြင့် သူမသည် ဂျိုးဇက်နှင့် အဆင့်အတန်း တူညီသွားခြင်းပင်...

သို့သော် ဤအခြေအနေမှာ ကြာရှည်လိမ့်မည် မဟုတ်ပေ။ ဤတိုက်ပွဲ အပြီးတွင် ဂျိုးဇက် စွမ်းအားများ ပြန်လည်ရရှိလာသည့် သတင်းမှာ တောမီးပမာ ပြန့်နှံ့သွားတော့မည် ဖြစ်သည်။ ထို့ပြင် အော့စ်ဝေါလ် သေဆုံးသွားသဖြင့် လစ်လပ်သွားသော ရောင်စဉ် သူရဲကောင်း နေရာတွင် ဂျိုးဇက်က အလွယ်တကူ ပြန်လည် အစားထိုး ဝင်ရောက်လာလိမ့်မည် ဖြစ်သည်။

ကယ်ရိုလိုင်းသည် တိတ်တဆိတ် တွေးတောနေမိ၏။ သဘာဝကျစွာပင် ဤသည်မှာ သတင်းကောင်း ဖြစ်သည်။ သူမ၏ ကနဦး အကဲဖြတ်ချက်ကြောင့်သာ ဂျိုးဇက်၏ နတ်ဆိုးဓား လွှဲပြောင်းခွင့် တောင်းဆိုချက်မှာ အတည်ပြုခြင်း ခံခဲ့ရသည်ဖြစ်ရာ သူတို့နှစ်ဦးကြားတွင် ရင်းနှီးသော ဆက်ဆံရေး ရှိကြသည်။

မည်သို့ပင် ဆိုစေ… သူတို့နှစ်ဦးစလုံးမှာ 'စာအုပ်ဆိုင် ဂိုဏ်းဝင်များ' ဟုပင် ဆိုနိုင်ပေသည်။ ဂျိုးဇက်၏ ပြန်လည် ထွက်ပေါ်လာမှုက သူမ၏ ရာထူးအာဏာကိုလည်း ပိုမို ခိုင်မာစေလိမ့်မည်။

ကယ်ရိုလိုင်း အတွေးများကို ရှင်းထုတ်လိုက်ပြီး ဂျိုးဇက်ရှိရာသို့ လျှောက်သွားလိုက်သည်။ ယခု သူမ၏ အဓိကတာဝန်မှာ ဤရုတ်တရက် ဖြစ်ပွားခဲ့သော တိုက်ပွဲ၏ အကြောင်းရင်းနှင့် အော့စ်ဝေါလ်၏ ထူးဆန်းသော အသွင်ပြောင်းလဲမှု နောက်ကွယ်က လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် ဖြစ်သည်။

ဂျိုးဇက်က ကလောက်ကို ဆေးဝန်ထမ်းများလက်သို့ လွှဲပြောင်းပေးလိုက်၏။ အရေးပေါ် ကုသမှုများ ပြုလုပ်ပြီးနောက် ထောက်ပံ့ရေးဌာနမှ ဝန်ထမ်းများသည် ကလောက်ကို မျှော်စင်၏ ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်လိုက်ကြသည်။ ဤကဲ့သို့ ပြင်းထန်သော ဒဏ်ရာမျိုးကို စနစ်တကျ မကုသပါက နောက်ဆက်တွဲ ဆိုးကျိုးများ ကျန်ရစ်နိုင်ပေသည်။ ဂျိုးဇက် နှစ်ပေါင်းများစွာ ခံစားခဲ့ရသော ဒဏ်ရာဟောင်းများမှာလည်း ဤကဲ့သို့သော အကြောင်းရင်းကြောင့်ပင် ဖြစ်သည်။

"တစ်ခုခု သိရပြီလား…"

ဂျိုးဇက်က ကယ်ရိုလိုင်းဘက်သို့ လှည့်ကာ တည်ငြိမ်စွာ မေးလိုက်၏။

တိုက်ပွဲ၏ အခြား အပျက်အစီးများကို သာမန်ဝန်ထမ်းများက စစ်ဆေးနိုင်သော်လည်း အော့စ်ဝေါလ်ကဲ့သို့သော အဆင့်မြင့် စွမ်းအားရှင်တစ်ဦး၏ အလောင်းကိုမူ ဌာနမှူးကိုယ်တိုင် စစ်ဆေးရန် လိုအပ်သည်။ အစွန်းရောက် မှော်အတတ်ပညာကြောင့် စစ်ဆေးသူမှာ စိတ်လွှမ်းမိုးခြင်း ခံရနိုင်သဖြင့် အရည်အချင်း ပြည့်မီသူကသာ လုပ်ဆောင်သင့်သည်။

"ခဏစောင့်ပါ..."

ကယ်ရိုလိုင်းက အော့စ်ဝေါလ်၏ အလောင်းကို စိုက်ကြည့်လိုက်ပြီး သူမ၏ စွမ်းရည်ကို အသက်သွင်းလိုက်လေတော့သည်။

***

All Chapters