အခန်း (၃၂၇-၃၂၈)
Vol. 24 Ch. 327-328
အပိုင်း(၃၂၇)
ဤစွမ်းရည်ကို စတင်ရရှိစဉ်က ကယ်ရိုလိုင်းသည် အမြင်အာရုံထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်လာသော သတင်းအချက်အလက်များကို မထိန်းချုပ်နိုင်ခဲ့သဖြင့် အလွန် နာကျင်ခဲ့ရသည်။ သို့သော် နေ့စဉ် ပြင်းပြင်းထန်ထန် လေ့ကျင့်မှုကြောင့် ယခုအခါ 'သိမြင်ခြင်း မျက်လုံး' ကို မိမိအလိုရှိသလို ကျွမ်းကျင်စွာ အသုံးချနိုင်နေပြီ ဖြစ်သည်။
အော့စ်ဝေါလ်၏ အလောင်းပေါ်တွင် သတင်းအချက်အလက် အမြောက်အမြား ပေါ်ထွက်လာရာ တော့ဒ်သည် အမှန်စင်စစ် သူ၏ မြေးမဟုတ်ဘဲ သားအရင်းဖြစ်နေကြောင်းကိုပါ ကယ်ရိုလိုင်း သိလိုက်ရသည်။ အော့စ်ဝေါလ်သည် တော့ဒ်ကို အဘယ်ကြောင့် ဤမျှ အလိုလိုက်ခဲ့သနည်း ဆိုသည်မှာ မေးနေစရာ မလိုတော့ပေ။
‘သိပ်ကို ရှုပ်ထွေးလွန်းတယ်…’
ကယ်ရိုလိုင်းသည် ခေါင်းကို ခါယမ်းမိသည်။ ဤကဲ့သို့သော လူမျိုးသည် သူ၏ ကိုယ်ကျင့်တရားအရပင် ရောင်စဉ် သူရဲကောင်း ဟူသော ဘွဲ့နှင့် မထိုက်တန်ပေ။ သူ ကျူးလွန်ခဲ့သော အခြားယုတ်မာမှုများကို ထည့်ပင် မတွက်ရသေးပေ။ ထောက်လှမ်းရေးဌာန၏ စုံစမ်းချက်များမှာ မှန်ကန်နေသော်လည်း အကြီးအကဲ ကောင်စီက အဘယ်ကြောင့် ဤမျှလောက်အထိ လျစ်လျူရှု ခွင့်လွှတ်ပေးခဲ့သနည်း။
တစ်ခုခု မှားယွင်းနေသည်ဟု သူမ ခံစားရသော်လည်း အကြီးအကဲ ကောင်စီနှင့် ပတ်သက်နေသဖြင့် သူမ တွန့်ဆုတ်သွားမိသည်။ နောက်ဆုံးတွင်တော့ သူမသည် ဤကိစ္စ၏ ဇစ်မြစ်ကို စုံစမ်းရန် သူမ၏ စွမ်းရည်ကို အလွန်အကျွံ အသုံးမပြုတော့ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုအစား အော့စ်ဝေါလ် ဤကဲ့သို့ ဖြစ်သွားရသည့် အကြောင်းရင်းကိုသာ ဆက်လက် စစ်ဆေးလိုက်သည်။
သို့သော် ပိုမို စစ်ဆေးလေလေ၊ ကယ်ရိုလိုင်း၏ မျက်မှောင်မှာ ပို၍ ကြုတ်လာလေလေ ဖြစ်သည်။
"သူ... ဘာကို မြင်ခဲ့တာလဲ… တစ်ခုခုကို မြင်ခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့ စိတ်က မခံနိုင်တော့ဘဲ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုတွေ ရှိလာတာပဲ… နောက်ပြီး ဝိညာဉ် ရောင်ပြန်ဟပ်မှုက သူ့ရဲ့ ဖြစ်တည်မှုကို အမှန်အတိုင်း အသွင်ပြောင်းသွားစေတာပဲ... ဒါပေမဲ့ အဲဒီအရာက ဘာလဲ"
'သိမြင်ခြင်း မျက်လုံး' အနေဖြင့် အဖြစ်မှန်ကို ဖော်ထုတ်ရန် မတတ်နိုင်တော့သည့် အခြေအနေမျိုးကို သူမ ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။ သူမ ထပ်မံ စမ်းသပ်ကြည့်သော်လည်း မျက်လုံးသည် တားမြစ်ချက်တစ်ခုကို ရှောင်ရှားနေသကဲ့သို့ မည်သည့် သတင်းအချက်အလက်ကိုမျှ မပြတော့ဘဲ အော့စ်ဝေါလ် အလောင်း၏ အစိတ်အပိုင်းတစ်ခုကိုသာ ညွှန်ပြနေသည်။
ကယ်ရိုလိုင်းသည် အောက်သို့ ငုံ့ကြည့်လိုက်ပြီး အဝတ်အစားများကြားမှ သွေးများပေကျံနေသည့် ကျောက်သား ဂါဂွိုင်း ရုပ်တုကို ကောက်ယူလိုက်သည်။ သူမ၏ မျက်နှာတွင် ဝေခွဲမရသည့် အရိပ်အယောင်များ ပေါ်လာသည်။
ဤရုပ်တုကို သူမ မည်သည့် နေရာတွင် မြင်ဖူးပါလိမ့်... နောက် ၎င်းက အဘယ်ကြောင့် အပိုင်းပိုင်း ကြေမွနေရသနည်း။
ကယ်ရိုလိုင်း သူမ မြင်တွေ့နေရသည့် မျက်နှာပြင်ပေါ်မှ သတင်းအချက်အလက်များကို ဖတ်ကြည့်လိုက်၏။
"ဒီဂါဂွိုင်းရုပ်တုဟာ အပြစ်တရားတွေ ပြည့်နှက်နေတဲ့ အစွမ်းထက် ဝိညာဉ်ကို ဝါးမြိုပြီးနောက် သူ့ကိုယ်သူ ပြန်ပြုပြင်နေတယ်..."
သူမ ကြည့်နေစဉ်မှာပင် ဂါဂွိုင်းရုပ်တုသည် သွေးများကို စုပ်ယူလိုက်ရာ ကိုယ်ထည်ပေါ်ရှိ အက်ကြောင်းများမှာ တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်သွားလေ၏။
ဂျိုးဇက် မျက်မှောင်ကြုတ်လိုက်ရင်း ကယ်ရိုလိုင်းကို နောက်သို့ တွန်းထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဝိညာဉ်ဘီလူးကြီးသည် ၎င်း၏ လက်ကို ဆန့်ထုတ်ကာ ဂါဂွိုင်းရုပ်တုကို ဖမ်းရန် ကြိုးစားလိုက်သည်။
ရှုး…
ဂါဂွိုင်းရုပ်တု၏ မျက်လုံးများသည် သွေးကဲ့သို့ နီရဲစွာ တောက်ပလာပြီး လင်းနို့တောင်ပံကြီးများကို ဖြန့်ကာ ဧရာမ အရိပ်မည်းကြီးအဖြစ် အသွင်ပြောင်းသွားသည်။ ၎င်းသည် ဝိညာဉ်ဘီလူးကြီး၏ လက်မှ ရုန်းထွက်သွားပြီးနောက် ခဏချင်းမှာပင် လွတ်မြောက်သွားလေတော့၏။
ဂျိုးဇက် ရင်းနှီးသော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ ဤဖြစ်ရပ်တစ်ခုလုံး၏ နောက်ကွယ်က ကြိုးကိုင်သူမှာ မည်သူဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်သည်။
ဂျိုးဇက် ခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင်ထက်တွင် အဘိုးအိုတစ်ဦးသည် ပျံသန်းရင်း ပြန်လည် သေးငယ်သွားသော ဂါဂွိုင်းရုပ်တုကို လက်ခံရယူရန် လက်ကို ဆန့်ထုတ်နေသည်ကို မြင်လိုက်ရသည်။
"ဝယ်လ်…"
ဂျိုးဇက် ဟိန်းဟောက်လိုက် လေတော့သည်။
…
ကောင်းကင်ထက်တွင် ဝဲပျံနေသော ဝယ်လ်သည် မိမိထံသို့ ပြန်လည်ရောက်ရှိလာသော ကျောက် ဂါဂွိုင်း ရုပ်တုကလေးကို လက်ခံရယူလိုက်သည်။
မျက်နှာဖုံးအောက်ရှိ သူ၏ မျက်လုံးများမှာ ကျဉ်းမြောင်းလျက် ရုပ်တုကလေးကို လှည့်ပတ်ကြည့်ရှုကာ စစ်ဆေးနေမိသည်။ ထိုအခါ… မည်သည့်ချို့ယွင်းချက်မျှ မရှိသည့်အပြင် ယခင်ကထက်ပင် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်လာသည်ကို တွေ့ရသည်။
‘တကယ်လို့ ငါသာ အဆင့်မြင့်ပစ္စည်းတွေကို သုံးပြီး နောက်ထပ်တစ်ကြိမ် ထပ်မွမ်းမံနိုင်ရင်၊ ပြီးတော့ အော့စ်ဝေါလ်ရဲ့ ဝိညာဉ်ကို မောင်းနှင်အားအဖြစ် သုံးပြီး ကျန်တဲ့ သဘာဝလွန် စွမ်းအားရှင် ဝိညာဉ်ကိုးဆယ့်ကိုးခုကိုပါ ဝါးမြိုခိုင်းလိုက်မယ်ဆိုရင်... ဒီရုပ်တုဟာ ဖျက်ဆီးခြင်းအဆင့် အထိ တက်လှမ်းနိုင်လောက်တယ်…’
‘ဒါပေမဲ့ ဖန်တီးထားတဲ့ အရာဆိုတာ အဆုံးမှာတော့ ဖန်တီးထားတဲ့ အရာပဲလေ… တကယ့်တိုက်ပွဲမှာတော့ လူသားတစ်ယောက်ရဲ့ ဉာဏ်ပညာကို ဘယ်လိုမှ မမီနိုင်ဘူး… ဒီဂါဂွိုင်းရုပ်တုဟာ ပြီးပြည့်စုံသွားရင်တောင် တကယ့် ဖျက်ဆီးခြင်းအဆင့် တစ်ယောက်ကို အနိုင်ယူဖို့ ခဲယဉ်းလိမ့်မယ်… ဒါပေမဲ့ အဲဒီအောက် အဆင့်တွေကိုတော့ အမှုန့်ကြိတ်ပစ်ဖို့ သေချာသလောက်ပဲ’
ဖျက်ဆီးခြင်းအဆင့် ဆိုသည်မှာ လွယ်လွယ်ကူကူ ရနိုင်သော အဆင့်အတန်းမျိုး မဟုတ်ပေ။ ဗင်းဆင့် ကဲ့သို့ စာအုပ်ဆိုင် ပိုင်ရှင်ထံမှ စွမ်းအားများ ချီးမြှင့်ခြင်းခံရသည့် ကံထူးသူမျိုးမှလွဲ၍ ကျန်သူများအဖို့ ခဲယဉ်းလှသည်။ အကြမ်းထည် ဖန်တီးမှုတစ်ခုအနေဖြင့် ဤအဆင့်သို့ ရောက်ရှိနိုင်ခြင်းမှာပင် ၎င်း၏ အလားအလာကို အဆုံးစွန်အထိ ဆွဲထုတ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။
ဝယ်လ် အရာအားလုံးကို ဆန်းစစ်ကြည့်ပြီးနောက် ကျေနပ်အားရစွာဖြင့် ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။ သူ၏ဘေးတွင် လေဟာနယ်တစ်ခု ပွင့်ထွက်လာပြီး ဂါဂွိုင်းရုပ်တုကို ထိုအတွင်းသို့ ထည့်သွင်းလိုက်သည်။
"ဆရာလေးလင်အတွက် အစောင့်အရှောက်အဖြစ် ထားဖို့ဆိုရင်တော့ ဒီလောက်ဆို လုံလောက်ပါပြီ…"
ဂါဂွိုင်းရုပ်တု ပျက်စီးသွားသည်ဟူသော အချက်ကို သူ အနည်းငယ်မျှ အံ့ဩခြင်း မရှိပေ။ စင်စစ်အားဖြင့် စာအုပ်ဆိုင် ပိုင်ရှင် အတွက် ဤသည်မှာ အလှပြပစ္စည်းတစ်ခုမျှသာ ဖြစ်ပြီး ဟိုတိုက်ဒီခေါက် ဖြစ်ကာ ပျက်စီးသွားခြင်းမှာ သဘာဝကျလှသည်။
ထို့ပြင် ရုပ်တု ပျက်စီးရခြင်း၏ အဓိက အကြောင်းရင်းမှာ ဆရာလေးလင် မွေးမြူထားသော အိမ်မွေးတိရစ္ဆာန်လေးက ဂါဂွိုင်းရုပ်တုအတွင်းရှိ ဝိညာဉ်များကို စုပ်ယူကာ မိမိကိုယ်ကိုယ် အားဖြည့်ရန် အာဟာရအဖြစ် အသုံးချခဲ့သောကြောင့် ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုရသော် ဆရာလေးလင်သည် ဂါဂွိုင်းရုပ်တုကို ကြောင်စာ အဖြစ် အသုံးချခဲ့ခြင်းပင်။
နောင်တစ်ချိန်တွင် 'အခရာအဆင့်' သို့ ရောက်ရှိနိုင်မည့် အိမ်မွေးတိရစ္ဆာန်လေးနှင့် နှိုင်းယှဉ်လျှင် လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ၏ မပြည့်စုံသော လက်ရာမှာ တန်ဖိုးချင်း များစွာ ကွာခြားလှသည်။ ဝယ်လ်ကိုယ်တိုင်ပင် ရွေးချယ်ခွင့် ရခဲ့လျှင် ထိုနတ်ဘုရားအလောင်းအလျာလေး မည်မျှအထိ ကြီးထွားလာနိုင်မည်နည်းဟူသော သိလိုစိတ်ဖြင့် ဂါဂွိုင်းရုပ်တုကို ကျွေးမိမည်မှာ အသေအချာပင်။
ထို့ကြောင့် ဝယ်လ်အနေဖြင့် ဂါဂွိုင်းရုပ်တုသည် ထိုက်တန်သော နေရာတွင် အသုံးတော်ခံသွားရသည်ဟု ခံစားမိသည်။ ၎င်းကို ပြန်လည်ပြုပြင်၍ မရသည်လည်း မဟုတ်ပေ။ လုံလောက်သော ဝိညာဉ်များ သို့မဟုတ် အစွမ်းထက်သော ဝိညာဉ်တစ်ခု ရရှိလျှင် (အထူးသဖြင့် ယခုကဲ့သို့ ယုတ်မာညစ်ထေးသော ဝိညာဉ်မျိုး ရရှိလျှင်) ပြန်လည် နိုးထလာနိုင်ဆဲ ဖြစ်သည်။
ဝယ်လ်သည် အကြည့်ကို လွှဲပြောင်းလိုက်ပြီး မတွေ့ရသည်မှာ ကြာပြီဖြစ်သော မိတ်ဆွေဟောင်း ဂျိုးဇက်ကို ကြည့်လိုက်သည်။ ပြီးခဲ့သည့်အကြိမ်က စာအုပ်ဆိုင်ရှေ့တွင် ခဏတာ ဆုံတွေ့ခဲ့ကြသော်လည်း ၎င်းကို တွေ့ဆုံခြင်းဟု ခေါ်ရန် ခဲယဉ်းလှသည်။
ဝယ်လ် အနီးရှိ အဆောက်အအုံတစ်ခု၏ အမိုးပေါ်သို့ ဆင်းသက်လိုက်ပြီး လမ်းလျှောက်တုတ်ကို သိမ်းဆည်းကာ ဦးထုပ်ကို ချွတ်လျက် ယဉ်ကျေးပျူငှာစွာ ဦးညွှတ်လိုက်သည်။
"မတွေ့ရတာ ကြာပြီ မိတ်ဆွေဟောင်းကြီး… စိတ်ကို လျှော့စမ်းပါ… ငါတို့ တရားဝင် မတွေ့ဖြစ်တာ နှစ်နှစ်နီးပါး ရှိသွားပြီပဲ… မင်းကတော့ အရင်အတိုင်း စိတ်ကြီးနေတုန်းပါလား"
ဝယ်လ်က တည်ငြိမ်စွာ ပြောလိုက်သည်။ သို့သော်လည်း… သူ့ စကားမဆုံးမီမှာပင် ဂျိုးဇက်၏ စိတ်ဝိညာဉ်နယ်မြေမှ ဖန်တီးထားသော အဖြူရောင် ဘီလူးကြီးသည် ဝယ်လ်၏ နောက်ဖက်တွင် ရုတ်တရက် ပေါ်လာပြီး ပြင်းထန်သော လက်သီးချက်ဖြင့် ထိုးနှက်လိုက်လေတော့သည်။
ဘုန်း…
***
အပိုင်း(၃၂၈)
ဘုန်း...
အဖြူရောင် ဘီလူးကြီး၏ လက်သီးချက်မှာ လွဲချော်သွားခြင်း မရှိပေ။ ၎င်းက ဝယ်လ်၏ ဦးခေါင်းကို ရက်စက်စွာပင် အမှုန့်ကြိတ်ပစ်လိုက်သည်။ သို့သော်လည်း… ထူးဆန်းစွာပင် ဝယ်လ် သေဆုံးသွားခြင်း မရှိပေ။ စင်စစ်အားဖြင့် သူသည် ဆက်လက် စကားပြောနေဆဲ ဖြစ်သည်။
ကြေမွသွားသော ဦးခေါင်းနေရာတွင် အသားစများနှင့် ဦးနှောက်အစအနများမှာ တလူးလူးတလွန့်လွန့် လှုပ်ရှားလာပြီး ပါးစပ်ပုံသဏ္ဌာန်တစ်ခုအဖြစ် ပြောင်းလဲသွားကာ မျက်လုံးများလည်း ပြန်လည် ပေါ်ထွက်လာသည်။ ၎င်းသည် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော ရုပ်ပျက်ဆင်းပျက် ပုံစံမျိုး ဖြစ်နေသည်။
"အသားရုပ်သေး..."
ဂျိုးဇက်သည် ဝယ်လ်၏ အကွက်များကို ကောင်းစွာ သိထားသူဖြစ်ရာ နှာခေါင်းရှုံ့လိုက်၏။
"မင်းရဲ့ လက်ရာကတော့ အရင်အတိုင်း ရွံစရာကောင်းနေတုန်းပဲ… မင်းကို သူရဲဘောကြောင်တယ်လို့ ပြောရမလား၊ ဒါမှမဟုတ် မိလ္လာပိုက်ထဲမှာ ပုန်းအောင်းနေတတ်တဲ့ ကြွက်တစ်ကောင်လို သတ္တိနည်းတယ်လို့ ပြောရမလားပဲ"
ဂျိုးဇက်သည် သူ၏ တိုက်ခိုက်မှုက ထိရောက်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူသည် ဝယ်လ်ကို အသားဖတ်ဖြစ်အောင် ထုရိုက်ရသည့် အရသာကို ခံစားချင်ရုံသာ ဖြစ်သည်။
ဝယ်လ်အနေဖြင့် ယခုကဲ့သို့ ဗြောင်ကျကျ ပေါ်လာခြင်းနောက်ကွယ်တွင် တစ်ခုခု ရှိနေမည်မှာ အသေအချာပင်။
ယခင်က ဝယ်လ်ကို ဖမ်းမိခဲ့ခြင်းမှာ အဖြူရောင် တောင်ကုန်းများ ဒေသတွင် အလွန်ရှားပါးသော သဘာဝလွန် ပစ္စည်းတစ်ခု ပေါ်ထွက်လာခဲ့သောကြောင့်သာ ဖြစ်သည်။ ထိုစဉ်က လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်သည် ဂျိုးဇက်နှင့် ပူးပေါင်းကာ လွတ်လမ်းမရှိသော ပိုက်စိပ်တိုက် ဝိုင်းရံမှုကြီးကို ပြုလုပ်ခဲ့ပြီးနောက်တွင်မှ ဤရက်စက်လှသော 'ဖျက်ဆီးခြင်းအဆင့်' အောက်လမ်းမှော်ဆရာကို ချောင်ပိတ်မိခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဂျိုးဇက်သည် ဝယ်လ်ကို သတ်ရန်အလို့ငှာ သူ၏ လက်တစ်ဖက် ဆုံးရှုံးခဲ့ရသည့်အပြင် ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးစေသော အတွင်းဒဏ်ရာများကိုပါ အဖိုးအခအဖြစ် ပေးဆပ်ခဲ့ရသည်။
သို့သော်လည်း... ဝယ်လ်က အသက်ရှင်နေဆဲ ဖြစ်သည်။
ဤသည်မှာ စာအုပ်ဆိုင်ကြောင့် ဖြစ်နိုင်ခြေ များသော်လည်း ဝယ်လ်အနေဖြင့် ထိုဆိုင်သို့ ရောက်အောင် သွားနိုင်ဖို့လည်း လိုအပ်သည်။ ဆိုလိုသည်က ဝယ်လ်သည် စာအုပ်ဆိုင်သို့ ရောက်ရှိချိန်အထိ အသက်ရှင်နေသေးသည် ဟူသော အချက်ပင်။
ဝယ်လ်သည် ပါးနပ်သည်။ စေ့စပ်သေချာသည်။ စိတ်ဓာတ်လည်း ပြင်းထန်သည်။
ဤမျှ အန္တရာယ်များပြီး ယုတ်မာလှသော မှော်ဆရာတစ်ဦးသည် သေဘေးမှ သီသီလေး လွတ်မြောက်လာပြီးနောက် မိမိကိုယ်ကိုယ် အန္တရာယ်ကြားသို့ အလွယ်တကူ ပြန်လည် တွန်းပို့လိမ့်မည် မဟုတ်ပေ။
"လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ မင်း ကြုံတွေ့ခဲ့ရတာတွေက မင်းကို ယဉ်ကျေးလိမ္မာသင်တန်း မပေးခဲ့ဘူးလား"
ဝယ်လ်က ကြေမွနေသော သူ၏ ဦးနှောက်စများကို ညွှန်ပြရင်း အံ့ဩဟန်ဖြင့် မေးလိုက်သည်။
ဂျိုးဇက်က နှာခေါင်းရှုံ့လိုက်၏။
"အဲ့တာက ငါ့ရဲ့ ယဉ်ကျေးမှုပဲ…"
ထို့နောက် သူက လက်ကို ဆန့်ထုတ်လိုက်ပြီး ဆုပ်ကိုင်လိုက်ရာ 'စိတ်ဝိညာဉ်နယ်မြေ' မှ အဖြူရောင် ဘီလူးကြီးသည်လည်း ထပ်တူ လှုပ်ရှားလျက် ဝယ်လ်၏ ကျန်ရှိနေသော အစိတ်အပိုင်းများကို ချေမှုန်းပစ်လိုက်သည်။
ဝှစ်… ဝှစ်…
သွေးများမှာ ပျံ့ကြဲသွားပြီးနောက် ထိုနေရာမှာပင် ပြန်လည် စုစည်းသွားကာ ပုံပျက်ပန်းပျက် လူသားသဏ္ဌာန်တစ်ခုအဖြစ် ပြောင်းလဲသွားပြန်သည်။ မျက်လုံးရှိရမည့် နေရာတွင်မူ အမည်းရောင် မီးလျှံများ တောက်လောင်နေ၏။
နှစ်ယောက်စလုံးမှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြ၏။ တင်းမာလှသော လေထုကြောင့် တိုက်ပွဲ တစ်ခု ဖြစ်ပွားတော့မည့်ပုံ ပေါ်နေသည်။ 'ဖျက်ဆီးခြင်းအဆင့်' အထွတ်အထိပ် စွမ်းအားရှင် နှစ်ဦး၏ တိုက်ပွဲမှာ မရှောင်လွှဲနိုင်တော့ဟု ထင်ရသည်။
အနည်းဆုံးတော့ ကယ်ရိုလိုင်း၏ အမြင်တွင် ထိုသို့ပင် ဖြစ်သည်။
မိန်းကလေးမှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားပြီး ချွေးစေးများ ထွက်လာသဖြင့် အပျက်အစီးများ၏ အစွန်အဖျားသို့ သတိကြီးစွာဖြင့် ဆုတ်ခွာလိုက်သည်။ သူမသည် လက်အောက်ငယ်သားများကို အသင့်ပြင်ထားရန် အမိန့်ပေးလိုက်သလို၊ ဗဟိုခရိုင်ရှိ လူများကို ရွှေ့ပြောင်းနိုင်ရန်အတွက် အမှန်တရား အသင်းတော်ထံ ဆက်သွယ်ကာ မကြာသေးခင်ကမှ တည်ဆောက်ပြီးစီးသော အကြီးစား တယ်လီပို့ စနစ်ကို အသင့်ပြင်ထားရန် အကြောင်းကြားလိုက်သည်။
သွေးမြူများဖြင့် ဖွဲ့စည်းထားသော ထိုရုပ်ပုံလွှာမှာ ခဏမျှ တိတ်ဆိတ်နေပြီးနောက် တဟားဟား ရယ်မောလိုက်၏။
"တကယ် မဆိုးပါဘူး… ဆရာလေးလင်က မင်းကိုလည်း စွမ်းအားတွေ ချီးမြှင့်ပေးခဲ့ပုံပဲ။ ငါ့ အရှင်သခင်ရဲ့ မေတ္တာကတော့ မိုက်မဲတဲ့သူတွေအပေါ်မှာတောင် မပြောင်းလဲဘူးပဲ"
ဝယ်လ်က လင်ကျဲကို ချီးမွမ်းခန်းဖွင့်ရင်း ဂျိုးဇက်ကို လူအအဖြစ် သရော်လိုက်၏။
ဂျိုးဇက်မှာ ပြန်လည် မချေပသော်လည်း တစ်ခုကိုမူ သိချင်သွားသည်။
"အရှင်သခင် ဟုတ်လား… မင်းက မစ္စတာလင်ကို မင်းရဲ့ အရှင်သခင်အဖြစ် သတ်မှတ်ထားတာလား…"
သို့မဟုတ်... အခြားအဓိပ္ပာယ်များ ရှိနေသေးသလော။
မစ္စတာလင် ပြန့်ပွားစေချင်သည့် အရာမှာ နေမင်း၏ ယုံကြည်ကိုးကွယ်မှု ဖြစ်သည်ဟု ဂျိုးဇက်က ယခင်က ထင်မြင်ခဲ့သည်။ သို့သော် ယခု ဝယ်လ် မစ္စတာလင်အတွက် အလုပ်လုပ်နေသည်ကို ကြည့်ခြင်းဖြင့် သူသည် မစ္စတာလင်၏ ညွှန်ကြားချက်အရ လုပ်ဆောင်နေခြင်းလည်း ဖြစ်နိုင်သည်။
သူက ပိုမိုအန္တရာယ်ကြီးမားသော ယုံကြည်ကိုးကွယ်မှုတစ်ခုကို ဖြန့်နေခြင်းလော...
ဝယ်လ် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရင်း အူလှိုက်သည်းလှိုက် ရယ်မောလိုက်၏။
"ဒီလောက် မြင့်မြတ်ပြီး ထူးခြားဆန်းကြယ်တဲ့ ဖြစ်တည်မှုမျိုးက ငါ့ရဲ့ အရှင်သခင် မဖြစ်နိုင်စရာ အကြောင်းရှိလို့လား… ပြီးတော့ မင်းတို့ရဲ့ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် နဲ့ ငါနဲ့ ဘာများ ထူးခြားလို့လဲ… မင်းတို့ရဲ့ အကြီးအကဲတွေဆိုရင် ဆရာလေးလင်ရဲ့ အစေခံ ဖြစ်ခွင့်ရဖို့တောင် အသည်းအသန် ကြိုးစားနေကြမှာ သေချာပါတယ်…”
သူသည် ဂျိုးဇက်ကို ကြည့်ကာ ဆက်ပြောလိုက်သည်။
"မင်း ငါ့ကို ကျေးဇူးတင်သင့်တာ မဟုတ်လား… ဆရာလေးလင်က ငါ့ကို ဒီဂါဂွိုင်းရုပ်တု ပြန်ပြင်ဖို့ လွှတ်လိုက်တာ မှန်ပေမဲ့၊ တကယ်တော့ ငါက မင်းတို့လို လူအတွေ မီးလျှံဓားလမ်းစဉ်ရဲ့ လှည့်စားမှုကို မခံရအောင် ဒီသူလျှိုကို ဖယ်ရှားပေးလိုက်တာပဲ"
သူလျှို…
မီးလျှံဓားလမ်းစဉ်…
‘အော့စ်ဝေါလ်က မီးလျှံဓားလမ်းစဉ်ရဲ့ သူလျှို ဟုတ်လား…’
ဝယ်လ် ဂျိုးဇက်၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ ဆက်လက် လှောင်ပြောင်လိုက်သည်။
"ဟက်ဟက်... အော့စ်ဝေါလ်က လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် မှာ ဘာကြောင့် ဒီလောက်ကြာကြာ နေနိုင်ခဲ့သလဲဆိုတာ မင်း မစဉ်းစားမိဘူးလား… မင်းဘေးနားက စာအုပ်ဆိုင်ရဲ့ ဖောက်သည် (ကယ်ရိုလိုင်း) ကိုပဲ မေးကြည့်လိုက်ပါဦး၊ သူ ဒီနှစ်တွေမှာ ဘာတွေ လုပ်နေခဲ့သလဲဆိုတာကိုပေါ့"
ထိုသို့ ပြောပြီးနောက်တွင်မူ ဝယ်လ်၏ သွေးမြူများဖြင့် ဖွဲ့စည်းထားသော ရုပ်ပုံလွှာသည် ကျုံ့ဝင်သွားကာ ပျောက်ကွယ်သွားလေတော့၏။
ဂျိုးဇက်၏ မျက်နှာမှာ မည်းမှောင်သွားသည်။ သူ ခဏမျှ စိတ်ပျံ့လွင့်သွားစဉ်မှာပင် စိတ်ဝိညာဉ်နယ်မြေ သည် ထိုစုစည်းနေသော သွေးမြူများကို ဖမ်းချုပ်နိုင်ခြင်း မရှိဘဲ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။
…
ဝယ်လ် မျက်လုံးများကို ဖွင့်လိုက်ပြီး 'အသားရုပ်သေး' အား ထိန်းချုပ်နေခြင်းကို ရပ်တန့်လိုက်သည်။
သွေးမြူများမှာ သူ၏ လက်များပေါ်တွင် ရစ်ပတ်သွားပြီး ဂါဂွိုင်းရုပ်တု ပေါ်ထွက်လာ၏။
သူသည် ရုပ်တုအတွင်း၌ ရုန်းကန်နေသော ဝိညာဉ်ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။
"မင်းက ဆရာလေးလင်ကို စော်ကားထားပြီးမှ စွမ်းအားတွေကို ရယူဖို့ ကြိုးစားနေတာလား…"
"တကယ် မိုက်မဲတာပဲ… မင်းကတော့ အစပေါ့... နောက်တစ်ယောက်ကတော့ မင်းထက်တောင် ပိုပြီး မိုက်မဲတဲ့ မင်းရဲ့ မြေး… အာ... မဟုတ်သေးဘူး၊ မင်းရဲ့ သားပေါ့။"
…
အော့စ်ဝေါလ်၏ ပျက်စီးနေသော အိမ်ရာဝင်းအတွင်း၌ ဖြစ်သည်။
"ဘုရားသခင်ရဲ့ ကျိန်စာသင့်ပါစေ...”
ဒေါသထွက်နေသည့် ဂျိုးဇက်သည် တစ်ဝက်တစ်ပျက် ကျိုးပဲ့နေသော ကျောက်တိုင်ကြီးကို လက်သီးဖြင့် ထိုးနှက်လိုက်ရာ ကျောက်တိုင်မှာ ပြိုလဲသွားပြီး မြေပြင်မှ ဖုန်မှုန့်များ လွင့်ပျံတက်သွားတော့သည်။
တိုက်ပွဲစတင်ကတည်းက ဂျိုးဇက် အသာစီးရနေသည်ဟု ထင်ရသော်လည်း၊ ဝယ်လ်မှာမူ သူ၏ ကိုယ်ပိုင်ရုပ်သွင်ဖြင့် ပေါ်လာခြင်းပင် မရှိဘဲ အသားရုပ်သေး အတတ်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဂျိုးဇက် ထိုးနှက်လိုက်သော လက်သီးချက်များမှာ အားပါလှသော်လည်း အမှန်စင်စစ် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိပေ။ ကျိန်စာများမှ လွဲ၍ ရုပ်သေးရုပ်အပေါ် တိုက်ခိုက်ခြင်းမှာ ဖန်တီးသူအပေါ် ထိခိုက်မှု မရှိဘဲ မိမိ၏ မကျေနပ်ချက်ကို ဖွင့်ထုတ်ရုံသာ အဖတ်တင်သည်။
ဝယ်လ်ကဲ့သို့သော အဆင့်ရှိသည့် မှော်ဆရာတစ်ဦးအဖို့မူ ရုပ်သေးရုပ်အပေါ် ကျိန်စာတိုက်ခြင်းမှာလည်း အချည်းနှီး ဖြစ်နိုင်သည့်အပြင် ပြုလုပ်သူကိုပင် ပြန်လည် ထိခိုက်စေနိုင်ပေသည်။
ထို့ပြင် ဝယ်လ်၏ နောက်ဆုံးစကားများက ဂျိုးဇက်၏ စိတ်ကို အကြီးအကျယ် လှုပ်ခတ်သွားစေခဲ့သည်။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ နောက်ကွယ်မှ အဖြစ်အပျက်များကို ဝယ်လ်မှာ မိမိထက်ပင် ပိုမို သိရှိနေပုံ ပေါ်သည်။ ထိုအရာက ဂျိုးဇက်ကို အထူးပင် စိတ်ပျက်အားမလိုအားမရ ဖြစ်စေသည်။
ထို့ထက် ပို၍ ဆိုးသည်က ဝယ်လ်၏ စကားများအရ ဤဖြစ်ရပ်မှာ အကြီးအကဲ ကောင်စီနှင့် ပတ်သက်နေနိုင်ခြင်းပင်။ အော့စ်ဝေါလ်သည် ရောင်စဉ် သူရဲကောင်း တစ်ဦးဖြစ်သည့်အတွက်ကြောင့် သူ့ကို အကြီးအကဲ ကောင်စီကသာ ထိန်းချုပ်ကြီးကြပ်ခွင့် ရှိသည်။ အကြီးအကဲကောင်စီက စီရင်ချက် မချမချင်း မည်သူမျှ ရောင်စဉ် သူရဲကောင်း တစ်ဦးကို သံသယမဝင်ရဲကြပေ။ အကြောင်းကား သူတို့မှာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုသောကြောင့်ပင်။
အကယ်၍ အော့စဝေါလ်သာ လူသိထင်ရှား ဖြစ်ပေါ်နေသော ပြစ်မှုများထက် ပိုမိုကြီးမားသော ယုတ်မာမှုများကို ကျူးလွန်ခဲ့သည်ဆိုလျှင် (ဥပမာအားဖြင့် ဝယ်လ် ပြောသွားသကဲ့သို့ မီးလျှံဓားလမ်းစဉ်၏ သူလျှိုအဖြစ် လုပ်ဆောင်နေခဲ့သည်ဆိုလျှင်) ဤသည်မှာ အကြီးအကဲကောင်စီနှင့် အသေအချာ ပတ်သက်နေပေလိမ့်မည်။
တစ်နည်းအားဖြင့် ဆိုရသော် အကြီးအကဲကောင်စီအတွင်းသို့ မီးလျှံဓားလမ်းစဉ်မှ သူလျှိုများ ထိုးဖောက် ဝင်ရောက်နေပြီ ဖြစ်သည်။ ဤသည်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အသိပင် ဖြစ်သည်။
အဖွဲ့အစည်းတစ်ခု၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အတွင်းသို့ သူလျှိုများ ရောက်ရှိကာ အရာအားလုံးကို ထိန်းချုပ်သွားနိုင်ပြီဆိုလျှင် ထိုအဖွဲ့အစည်းမှာ မကြာမီ ပျက်သုဉ်းတော့မည်ဟု ဆိုလိုခြင်းပင်။ မကြာသေးခင်ကမှ ပြိုလဲသွားသော အမိုးခုံး ဘုရားကျောင်းတော်မှာ အကောင်းဆုံး သာဓကပင် ဖြစ်သည်။
***