← Chapters

အခန်း (၂၃၁-၂၃၂)

Vol. 24 Ch. 231-232

အခန်း (၂၃၁-၂၃၂)

Vol. 24 Ch. 231-232

အခန်း ၂၃၁ - အကြွေစေ့မြှောက်ခြင်း

တာကဲဒါ၏ မေးခွန်းကို မည်သူမျှ ပြန်မဖြေခဲ့ကြချေ။

သံလက်သီးဖြင့် ထိုးနှက်လိုက်သည့် အရှိန်နှင့်အတူ သူ၏အတွေးများနှင့် နောက်ဆုံးကျန်ရှိနေသော ထိတ်လန့်တုန်လှုပ်မှုများသည် လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့သည်။

သွေးညှီနံ့များကြားတွင် ပထမအဆင့် အလယ်အလတ်အစွမ်းရှိသော အရှေ့ဘက် ဂျပန်နိုင်ငံမှ နင်ဂျာသည် အသက်ပျောက်သွားခဲ့​၏။

သွေးနှင့်အသားစများ ပေကျံနေသော လက်သီးကို ခါယမ်းရင်း ရုပ်သေးရုပ်သည် လှည့်ထွက်လာကာ လျှောက်လှမ်းအနည်းငယ်ဖြင့် ယွဲ့ချင်းရို​၏ ဘေးတွင် ပြန်လည်ရပ်တန့်သွားသည်။

၎င်း၏ လက်မောင်းနှစ်ဖက် ပြန်ကျသွားကာ မျက်လုံးများ ပြန်ပိတ်သွားပြီး လှုပ်ရှားမှု ရပ်တန့်သွားသည်။

ရပ်နေပုံမှာ မယိမ်းမယိုင်သော ရုပ်ထုတစ်ခုအလားပင်။

တာကဲဒါကို ရှင်းလင်းပြီးနောက် လင်ချွမ်သည် သူ၏အာရုံကို အဘိုးအိုထံသို့ ပြန်လည်လှည့်လိုက်​၏။

တာကဲဒါနှင့် အရိပ်လူသားတို့ကို ကိုင်တွယ်နေစဉ်အတွင်း တစ်ဖက်လူမှာ ထွက်ပြေးရန် ရွေးချယ်ခဲ့ပြီး သူ၏နယ်ပယ်အတွင်းမှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်​၏။

သို့သော် သူ့ကို ဖမ်းဆီးရန်မှာ လင်ချွမ်အတွက် မခဲယဉ်းလှပေ။

တစ်ဖက်လူသည် ယခင်က ဆေးသောက်၍ အစွမ်းတိုးမြှင့်ခဲ့သော်လည်း အပြန်အလှန်အားဖြင့် သွေးအမြောက်အမြား အငွေ့ပျံပြီး ပင်လယ်ထဲသို့ စီးကျခဲ့သည်။

လင်ချွမ်ရယခင်က ရရှိထားသော ကျင့်စဉ်များထဲတွင် ခြေရာခံလိုက်လံသည့် နည်းလမ်းတစ်ခု ပါဝင်သည်။

သူနှင့် မူလဇစ်မြစ်တူညီသော အသား၊ သွေးနှင့် အရှိန်အဝါများ ရှိနေသရွေ့ လင်ချွမ်အနေဖြင့် ပြိုင်ဘက်ကို ဖမ်းမိရန် ယုံကြည်ချက်ရှိသည်။

ဤနည်းစနစ်ကို 'မိုင်သောင်းချီ ခြေရာခံခြင်း' ပင်။

အမည်မှာ အနည်းငယ် ချဲ့ကားထားသော်လည်း ခြေရာခံနိုင်စွမ်းမှာ အလွန်အသုံးဝင်လှသည်။

သူ၏ သိုင်းဘုရင်အဆင့် ကျင့်ကြံမှုဖြင့် ထိပ်သီးပညာရှင်တစ်ဦးကို ဖမ်းဆီးရန်မှာ ပြဿနာမဟုတ်ပေ။

သူသည် စစ်မြေပြင်သို့ ငုံ့ကြည့်လိုက်ရာ မင်မင်းဆက်ဘက်မှ အပြတ်အသတ် အသာစီးရနေသည်ကို အတည်ပြုနိုင်ခဲ့​၏။

လင်ချွမ် ခေါင်းညိတ်လိုက်ပြီး သူ၏လက်ချောင်းများဖြင့် ရှုပ်ထွေးသော အမှတ်အသားများကို ဖော်ဆောင်ကာ အတွင်းအားများကို စီးဆင်းစေလိုက်သည်။

တိုက်ခတ်နေသော လေပြင်းများသည် လျင်မြန်စွာ စုစည်းလာပြီး လေထုထဲတွင် ကြီးမားသော လေသင်္ဘောကြီးတစ်စင်းအဖြစ် ပုံပေါ်လာခဲ့​၏။

လင်ချွမ်သည် ရှေ့သို့ တစ်လှမ်းတိုးကာ သင်္ဘောပေါ်သို့ တက်လိုက်သည်။

ထို့နောက် လက်ကောက်ဝတ်ကို ခါယမ်းကာ တွန်းလိုက်ရာ လေရဟတ်သည် အလိုအလျောက် လည်ပတ်လာ​၏။

နည်းစနစ်၏ လမ်းညွှန်မှုဖြင့် အဖိုးအို၏ အသားစနှင့် အသက်ရှူသံကို ကြားခံအဖြစ် အသုံးပြုကာ လေသင်္ဘောကို ခြေရာခံခိုင်းလိုက်သည်။

သူသည် သင်္ဘောဦးတွင် တင်ပျဉ်ခွေထိုင်ကာ အသက်ရှူမှုကို ထိန်းညှိလိုက်သည်။

တိုက်ပွဲတွင် လင်ချွမ် ထိခိုက်ဒဏ်ရာ မရရှိခဲ့သော်လည်း ပြဿနာမှာ သူ၏ စွမ်းအင်ပုံသဏ္ဌာန်သည် အကြိမ်ကြိမ် ပြောင်းလဲခဲ့ခြင်း။

မူလစွမ်းအား နှင့် အတွင်းအား တို့ အပြန်အလှန် ကူးပြောင်းစီးဆင်းနေမှုသည် ဒဏ်ရာမရသော်လည်း သွေးကြောမျှင်များအပေါ် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့​၏။

ယခုမူ သူသည် ဤအချိန်ကို အသုံးပြု၍ ကောင်းကောင်း အနားယူလိုသည်။

......

လေစွမ်းအင်သုံး သင်္ဘောသည် အလွန်မမြန်သော်လည်း တည်ငြိမ်မှုရှိသည်။

နှစ်နာရီခန့် ခရီးနှင်ပြီးနောက် ကြီးမားသော ဆွဲအားတစ်ခု သက်ရောက်သကဲ့သို့ သင်္ဘောသည် အလိုအလျောက် လှည့်သွားသည်။

ဤထူးဆန်းသော ဖြစ်ရပ်သည် လင်ချွမ်​၏ အာရုံကို ဖမ်းစားလိုက်​၏။

သူသည် ခဏမျှ တွေဝေသွားပြီး အလျင်စလို ဝင်မပါသေးဘဲ စောင့်ကြည့်နေသည်။

လေသင်္ဘောကို အတင်းအဓမ္မ ထိန်းကျောင်းကာ အတားအဆီးကို ဖောက်ထွက်ရန် ပြင်လိုက်စဉ်မှာပင် အောက်ဘက် ပင်လယ်ပြင်တွင် ဝဲဂယက်တစ်ခု ပေါ်လာသည်ကို သတိပြုမိလိုက်သည်။

အစပိုင်းတွင် ပင်လယ်ရေ လှုပ်ခတ်မှုမှာ သိပ်မသိသာသော်လည်း အချိန်ကြာလာသည်နှင့်အမျှ လှိုင်းလုံးများသည် ပိုမိုပြင်းထန်လာပြီး ဝဲဂယက်များသည်လည်း ပိုမိုထင်ရှားလာသည်။

"ဆူနာမီ ဖြစ်တော့မှာလား"

လင်ချွမ်သည် ရေရွတ်ရင်း သူ၏မျက်လုံးများတွင် တွေဝေမှုများ လျှပ်ခနဲ ပေါ်လာ​၏။

အစွမ်းထက်သော ဂျပန်ပင်လယ်ဓားပြသည် ဝေးဝေးသို့ ထွက်ပြေးသွားပြီ ဖြစ်သော်လည်း ယခုလိုက်လျှင် မှီနိုင်သေးသည်။

အကယ်၍ အနည်းငယ်မျှ နောက်ကျသွားပါက ဖမ်းမိရန် ပို၍ ခဲယဉ်းသွားပေလိမ့်မည်။

သို့သော် အောက်ဘက်ရှိ ဝဲဂယက်မှာ ဟေးချင်းပြောပြခဲ့သော ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားသည့် တက်ကြွနည်းလမ်းနှင့် ဆင်တူနေသည်။

ဤဆူနာမီ ဝဲဂယက်အတွင်း၌ 'စိတ်အာရုံ ရေခဲကျောက်ပုံဆောင်ခဲ'များ ဖြစ်ပေါ်ရန် လိုအပ်သော ပတ်ဝန်းကျင် ရှိနေနိုင်ခြေ အလွန်များလေ​၏။

ဆိုလိုသည်မှာ သူသည် ရွေးချယ်မှုတစ်ခု ပြုလုပ်ရတော့မည်။

တစ်ဖက်လူနောက်ကို လိုက်မလား သို့မဟုတ် ရတနာပစ္စည်းများအတွက် စောင့်မလား။

လင်ချွမ်သည် စိတ်မရှည်စွာဖြင့် နှာတံကို ပွတ်သပ်လိုက်​၏။

သို့သော် သူသည် အရိုးရှင်းဆုံး အဖြေတစ်ခုကို လျင်မြန်စွာ စဉ်းစားမိလိုက်သည်။

'အကြွေစေ့ မြှောက်ခြင်း' ပင်။

သူ၏ စွမ်းဆောင်ရည်ဖြင့် ဆိုလျှင် မည်သည့်နေရာသို့သွားသည်ဖြစ်စေ ကြိုဆိုခြင်းခံရမည် ဖြစ်ပြီး ပိုက်ဆံကို အမှန်တကယ် မလိုအပ်ပေ။

သို့သော် အလေ့အကျင့်ကြောင့်ပင် လင်ချွမ်သည် ငွေစများနှင့် ရွှေတုံးအချို့ကို ဆောင်ထားတတ်သည်။

သူသည် ငွေစအချို့ကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် အုပ်ပြီး အနည်းငယ် ဖိညှစ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် စင်ကြယ်သော ငွေပြားဝိုင်းတစ်ခု သူ၏လက်ထဲတွင် ပေါ်လာ​၏။

လင်ချွမ်သည် ပြုံးလိုက်ပြီး လက်ချောင်းဖြင့် အနားသတ်များကို ချောမွေ့အောင် ပြုလုပ်ကာ အကြွေစေ့နှင့် တူအောင် ဖန်တီးလိုက်သည်။

ထို့နောက် လက်သည်းတွင် အတွင်းအားအနည်းငယ် ထည့်သွင်းကာ ပုံစံအချို့ကို လျင်မြန်စွာ ထွင်းထုလိုက်​၏။

"ခေါင်းကျရင် လိုက်မယ်၊ ပန်းကျရင် ရတနာကို စောင့်မယ်"

ကိုယ်တိုင် ရေရွတ်ပြီးနောက် လင်ချွမ်သည် အကြွေစေ့ကို လေထဲသို့ မြှောက်လိုက်သည်။

ဤဖြစ်စဉ်တွင် သူသည် မည်သည့် အထူးစွမ်းအားကိုမျှ အသုံးမပြုဘဲ ပုံမှန်လက်အားကိုသာ အသုံးပြုခဲ့​၏။

အကြွေစေ့သည် လေထဲတွင် လည်ပတ်သွားပြီးနောက် သူ၏လက်ဖဝါးပေါ်သို့ ကျလာသည်။

ပန်း ကျနေသည်။

လင်းချွမ်း ခေါင်းညိတ်လိုက်ပြီး လိုက်လံမှုကို လက်လျှော့လိုက်သည်။

သူသည် ကိုယ်ကို လှုပ်ရှားလိုက်ကာ လေသင်္ဘောကို လူစုခွဲလိုက်ပြီး ပျံသန်းနေသော အစွမ်းကို လွှတ်ချလိုက်​၏။

ပင်လယ်ထဲသို့ ခုန်ဆင်းလိုက်သည့် ခဏမှာပင် သူ၏အတွင်းအားများသည် လေထုထဲတွင် ပေါ်ပေါက်လာပြီး သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော အမြှေးပါးအဖြစ် ပြောင်းလဲသွားသည်။

ဝဲဂယက်စီးကြောင်း၏ ဆွဲငင်မှုဖြင့် လင်ချွမ်သည် ပင်လယ်ကြမ်းပြင်သို့ အားစိုက်စရာမလိုဘဲ နစ်မြုပ်သွားသည်။

ပေရာပေါင်းများစွာ နစ်မြုပ်သွားပြီးနောက် အလင်းရောင်များ လုံးဝကွယ်ပျောက်လုနီးပါး ဖြစ်သွား​၏။

သို့သော် သူ၏ မြင့်မားသော ကျင့်ကြံမှုနှင့် အမြင်အာရုံကြောင့် ရေအောက် မြင်ကွင်းကို မြင်နေရဆဲ။

သူ၏ညာဘက်၊ အောက်ဘက်တွင် အဖြူရောင် မုခ်ဦးတစ်ခု ဖြည်းဖြည်းချင်း ပုံပေါ်လာနေသည်။

လင်ချွမ်သည် မုခ်ဦးရှေ့သို့ လျင်မြန်စွာ ဆင်းသက်လိုက်ပြီး ထိုအရာကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

အတိအကျပြောရလျှင် ဤအရာသည် မုခ်ဦးတစ်ခုတည်း မဟုတ်သလို၊ ဟေးချင်း ပြောပြခဲ့သော သဘာဝလိုဏ်ဂူနှင့်လည်း မတူချေ။

၎င်းသည် အဆက်မပြတ် ဖြစ်ပေါ်နေသော အဖြူရောင် အဆောက်အအုံတစ်ခု ဖြစ်သည်။

၎င်း၏ ပစ္စည်းနှင့် ပုံသဏ္ဌာန်မှာ သန္တာကျောက်နှင့်လည်း တူသလို၊ လူ့အရိုးစုများနှင့်လည်း ဆင်တူသည်။

အနီးကပ်ကြည့်လျှင် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းနေ​၏။

ပုံဆောင်ခဲ ဖြစ်ပေါ်မှုကို မပျက်စီးစေရန်အတွက် လင်ချွမ်သည် ၎င်းကို ဖယ်ရှားရန် သို့မဟုတ် ဖျက်ဆီးရန် မကြိုးစားခဲ့ပေ။

သူသည် အဆောက်အအုံရှေ့တွင် တင်ပျဉ်ခွေထိုင်ကာ တရားမှတ်ရင်း သူ၏ရှေ့မှ ပြောင်းလဲမှုများကို တိတ်တဆိတ် စောင့်ကြည့်နေသည်။

သဘာဝတရား၏ အံ့ဖွယ်လက်ရာအောက်တွင် ရှေ့မှအဆောက်အအုံသည် အလိုအလျောက် ပုံဖော်တည်ဆောက်ရင်း အဖြူရောင် နန်းတော်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ခန်းမ၏ မုခ်ဦးမှတစ်ဆင့် လင်ချွမ်သည် အပေါ်ဘက်တွင် အဆက်မပြတ် လှုပ်ရှားနေသော ကြည်လင်ပြီး စေးကပ်သော ပုံဆောင်ခဲ အရည်များကို မြင်တွေ့ရသည်။

တစ်ချိန်တည်းမှာပင် အဆောက်အအုံအတွင်းရှိ ပင်လယ်ရေများသည် ရုတ်တရက် အပြင်သို့ တွန်းထုတ်ခံလိုက်ရ​၏။

သုံးနာရီခန့် ငြိမ်သက်စွာ ကုန်ဆုံးသွားပြီးနောက် ပင်လယ်ကြမ်းပြင်မှ ကြီးမားသော တုန်ခါမှုများ စတင်လာသည်။

ပင်လယ်ပြင်ပေါ်တွင် ဘာဖြစ်နေသည်ကို မမြင်ရသော်လည်း လင်ချွမ်သည် ကြောက်မက်ဖွယ် မြင်ကွင်းကို ကြိုတင်မြင်ယောင်နိုင်ပြီး မင်မင်းဆက် ရေတပ်အတွက် စိုးရိမ်စိတ် ဖြစ်ပေါ်လာသည်။

ခဏမျှ စဉ်းစားပြီးနောက် သူသည် ခေါင်းကို ပြန်ခါလိုက်သည်။

ဒီရေတက်ခြင်းနှင့် ဆူနာမီ အကြောင်းများကို သူ သိပ်မသိသော်လည်း ရေတပ်မှလူများ သိလိမ့်မည်ဟု သူ ယူဆလိုက်​၏။

နာရီအနည်းငယ်သည် တိုက်ပွဲကို အဆုံးသတ်ပြီး အန္တရာယ်ဇုန်မှ ထွက်ခွာရန် လုံလောက်သော အချိန်ပင်။

ရုပ်သေးရုပ် ရှိနေသဖြင့် ယွဲ့ချင်းရိုအတွက် စိုးရိမ်စရာ မလိုပေ။

ဤအတွေးနှင့်အတူ လင်ချွမ်​၏ စိတ်ထဲတွင် အကြံတစ်ခု လျှပ်ခနဲ ပေါ်လာသည်။

သူသည် မျက်လုံးကို ပိတ်ကာ စိတ်ကို စုစည်းလိုက်ပြီး သူ၏ ဝိညာဉ်တံဆိပ် မှတစ်ဆင့် သူ၏ ဝိညာဉ်စွမ်းအားကို အာရုံခံလိုက်သည်။

ခဏအကြာတွင် ဆူနာမီ ဧရိယာနှင့် ဝေးရာတွင် ရှိနေသော၊ တိုက်ပွဲပြီးဆုံးသွားသည့် စစ်သင်္ဘောပေါ်ရှိ ရုပ်သေးရုပ်သည် ရုတ်တရက် မျက်လုံးများ ပွင့်လာခဲ့သည်။

အခန်း ၂၃၂ - စွမ်းအားရှင် ဝိညာဉ်သားရဲ တံဆိပ်တော် (စွမ်းအားရှင် ဖျံကြီး)

လူတစ်ယောက်တည်းက နေရာနှစ်ခုမှာ သရုပ်ဆောင်နေရသလို ခံစားချက်က တကယ်ကို ထူးဆန်းလှသည်။

ဤအတွေ့အကြုံသစ်သည် လင်ချွမ်အတွက် ပထမဆုံးဖြစ်ပြီး သူ့အတွက် အလွန်ပင် ဆန်းသစ်နေ၏။

ဝူတန်တောင်ပေါ်တွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး နေရာအနှံ့ လှည့်လည်ခဲ့သော်လည်း လင်ချွမ်သည် စနစ်ဝင်ရောက်ခြင်း ဆုလာဘ်အဖြစ် ကိုယ်ပွားအတတ်ကဲ့သို့သော နည်းစနစ်မျိုးကို ရခဲလှ​၏။

ရန်သူအချို့ထံမှ ကိုယ်ပွားကျင့်စဉ် စာအုပ်အချို့ ရရှိခဲ့ဖူးသော်လည်း ထိုအရာများကို ကျင့်ကြံခြင်းမှ ရရှိသော အကျိုးသက်ရောက်မှုသည် ယခုသူ ခံစားနေရသည်နှင့် ကွာခြားသည်။

ထိုစဉ်က ထိန်းချုပ်ထားသော ကိုယ်ပွားများ သို့မဟုတ် အရိပ်ပုံရိပ်များသည် တတိယလူ၏ အမြင်ကိုသာ အသုံးပြုရခြင်း။

၎င်းတို့ကို လှုပ်ရှားစေသည့်အခါ ကြိုးများ၊ သစ်သားချောင်းများဖြင့် ကပြရသည့် ရုပ်သေးပွဲတစ်ခုကဲ့သို့ပင်။

ချန်အာကော၏ ခန္ဓာကိုယ်ကို ထိန်းချုပ်သည့် နည်းစနစ်ပင်လျှင် ထိုသဘောတရားနှင့် ဆင်တူသည်။

ပထမအချက်မှာ ထိုနည်းစနစ်များသည် အကွာအဝေး ကန့်သတ်ချက်ရှိပြီး အတိုင်းအတာတစ်ခု ကျော်လွန်သွားပါက အသုံးပြု၍ မရတော့ပေ။

ဒုတိယအချက်မှာ နည်းစနစ်ဖြင့် အမျိုးမျိုးသော လှုပ်ရှားမှုများကို ပြုလုပ်နိုင်သော်လည်း ကျင့်ကြံသူကိုယ်တိုင်မှာမူ တစ်စုံတစ်ခု လိုအပ်နေသကဲ့သို့ မဟာဟန်မကျမှုကို ခံစားရပြီး အစွမ်းအစ အပြည့်အဝ ထုတ်ဖော်ရန် ခက်ခဲစေသည်။

သို့သော် ယခုအခါ 'ကျောက်စိမ်းတံဆိပ်တော် ဝိညာဉ်အမှတ်အသား'၏ အာနိသင်ကြောင့် လင်ချွမ်သည် စစ်မှန်သော ကိုယ်ပွားတစ်ခု ဖြစ်တည်ခြင်း ခံစားချက်ကို အောင်မြင်စွာ ရရှိခဲ့ပြီ။

သူ့အမြင်အာရုံတွင် မြင်ကွင်းနှစ်ခု ပြိုင်တူ ပေါ်နေသည်။

ဘယ်ဘက်ခြမ်း မြင်ကွင်းသည် မိမိ၏ သာမန်မျက်စိဖြင့် မြင်တွေ့နေရသည့် ရှေ့မှောက်က မြင်ကွင်းဖြစ်သည်။

ညာဘက်ခြမ်းတွင်မူ ရုပ်သေးရုပ်၏ အမြင်မှ မြင်တွေ့ရသမျှ အရာအားလုံး ရှိနေသည်။

၎င်းတို့သည် တစ်ပြိုင်နက်တည်း တည်ရှိနေပြီး နှစ်ခုစလုံးမှာ မျက်စိ၏ အမြင်အာရုံ ခံစားမှုများဖြစ်ရာ လူကို အလွန်ထူးဆန်းသော ခံစားချက် ပေးစွမ်းသည်။

သို့သော် ဤအတွေ့အကြုံသည် အမှန်တကယ်ပင် ဆန်းသစ်ပြီး ပျော်စရာကောင်းသည်ဟု ဆိုရပေမည်။

လင်ချွမ်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး သင်္ဘောခန်းအတွင်း ဝေ့ကြည့်လိုက်​၏။

ဝေဝမ် နှင့် အခြားသူများက မည်သူမျှ မနှောင့်ယှက်ရန် အမိန့်ပေးထား၍ ဖြစ်နိုင်သလို၊ ရုပ်သေးရုပ်၏ ရှိန်စော်မှုကို ကြောက်ရွံ့၍ မချဉ်းကပ်ရဲကြခြင်းလည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေ ဤအခန်းထဲတွင် ပြင်ပလူ မရှိခြင်းကို လင်ချွမ် သဘောကျမိ​၏။

သူသည် လက်မောင်းများကို ဆန့်တန်းကာ ခြေထောက်များကို လှုပ်ရှားလျက် ရုပ်သေးရုပ်၏ လည်ပတ်မှုကို စမ်းသပ်ကြည့်ပြီးနောက် ယွဲ့ချင်းရို၏ အခြေအနေကို စစ်ဆေးရန် ငုံ့ကြည့်လိုက်သည်။

ရုပ်သေးရုပ်တွင် အတွင်းအားမရှိသော်လည်း ၎င်းကို ဝိညာဉ်စွမ်းအားဖြင့် အစားထိုးနိုင်သည်။

လင်ချွမ်သည် စမ်းသပ်ကြည့်ပြီးနောက် ခန္ဓာကိုယ်သစ်နှင့် တဖြည်းဖြည်း အသားကျလာသည်။

ယွဲ့ချင်းရို အခြေအနေ ကောင်းမွန်ကြောင်း အတည်ပြုပြီးနောက် သူသည် ပြတင်းပေါက်နားသို့ ဖြည်းညှင်းစွာ လျှောက်သွားကာ ပြင်ပမြင်ကွင်းကို ကြည့်လိုက်​၏။

အဝေးမှ လှိုင်းလုံးကြီးများမှာ ဆက်တိုက် တက်လာနေပြီး ကောင်းကင်မှာလည်း အလွန်အမင်း မှောင်မှိုင်းနေရာ မကြာမီ သည်းထန်စွာ ရွာမည့်မိုးနှင့် ဆူနာမီလှိုင်းလုံးကြီးများ လာတော့မည်မှာ ထင်ရှားလှသည်။

ကံကောင်းသည်မှာ ယခုအခါ ၎င်းတို့သည် ဆူနာမီ၏ တိုက်ရိုက်သက်ရောက်မှုနှင့် ဝေးကွာပြီး ဘေးအန္တရာယ်ဇုန်၏ အစွန်းပိုင်းတွင် ရောက်ရှိနေခြင်းပင်။

ဆိပ်ကမ်းနှင့်လည်း မဝေးတော့သဖြင့် စိုးရိမ်စရာ မရှိပေ။

ထိုသို့တွေးတောရင်း လင်ချွမ် စိတ်အေးသွားသည်။

သူ၏ ဝိညာဉ်စွမ်းအားကို တိတ်တဆိတ် ထုတ်

လွှတ်ကာ စစ်သင်္ဘောအချို့ကို စိတ်ဖြင့်ဖတ်ကြည့်ရာ ၎င်းတို့အနက် တစ်စီးပေါ်ရှိ ရှဝေါ် ကို လျင်မြန်စွာ တွေ့ရှိခဲ့သည်။

ထိုအချိန်တွင် ရှဝေါ်သည် တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး အသက်ရှုသံမှာလည်း ပျောက်လုနီးပါး။

ပထမတစ်ချက်ကြည့်လျှင် အတော်ပင် သနားစဖွယ် အခြေအနေပင်။

သို့သော် အနီးကပ် သေချာကြည့်လျှင် သူ၏မျက်လုံးများသည် ပိုမိုတောက်ပလာပြီး သူ၏ထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုစိတ် အရှိန်အဝါမှာလည်း ပိုမိုထက်မြက်လာသည်ကို တွေ့ရမည်။

ရှဝေါ်သည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ရောက်ရှိသည်မှာ မကြာသေးသော်လည်း သူ၏ 'သတ်ဖြတ်ခြင်းနှလုံးသား နည်းစနစ်' နှင့် တိုက်ပွဲအတွေ့အကြုံများကြောင့် အဆင့် (၈) ကျွမ်းကျင်သူတစ်ဦးကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း ရှိနေပြီ။

လင်ချွမ်​၏ မျက်လုံးများတွင် စိတ်သက်သာရာရမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ဝိညာဉ်စွမ်းအားကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

ထို့နောက် သူသည် ခပ်တိုးတိုး ရယ်မောကာ ယခင်နေရာသို့ ပြန်သွားပြီး ရှေ့မှောက်ရှိ အရာအပေါ် အာရုံစိုက်လိုက်သည်။

နာရီအနည်းငယ် ကြာပြီးနောက် ရေအောက်အဆောက်အအုံအတွင်းရှိ အရည်များသည် ခဲသွားခဲ့ပြီ။

ပင်လယ်ရေ၏ ပြင်းထန်သော ဖိအားအောက်တွင် ၎င်းတို့သည် တစ်ခုတည်းအဖြစ် စုစည်းသွားကာ အရွယ်အစားလည်း ဆက်လက် ကျုံ့ဝင်သွားသည်။

ဒါကိုမြင်တော့ လင်းချွမ်းက 'ပုံရိပ်ယောင်ပင်လယ်ပုံဆောင်ခဲ' မကြာမီ ပေါ်ထွက်တော့မည်ကို သိလိုက်​​၏။

ဤအချိန်တွင် သူကဲ့သို့ အစွမ်းထက်သူပင်လျှင် ရင်ထဲ၌ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။

"ဘုန်း"

ပင်လယ်ကြမ်းပြင်သည် တုန်ခါနေဆဲဖြစ်ပြီး ရွှံ့နှင့် သဲများ ရံဖန်ရံခါ လွင့်စင်လာကာ ပူဖောင်းပေါင်းများစွာ ထွက်ပေါ်နေသည်။

မှောင်မိုက်နေသော ရေအောက်ကမ္ဘာသည် ပိုမို၍ ရှုပ်ထွေးလာသည်။

ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ငါးကြီးအချို့သည် အခြားငါးငယ်များကို အမဲလိုက်နေကြသော်လည်း လင်ချွမ်​၏ ပြင်းထန်သော အရှိန်အဝါကို ခံစားမိသောအခါ တိတ်တဆိတ် ရှောင်ထွက်သွားကြ​၏။

သို့သော် ထိုအချိန်မှာပင် လင်ချွမ်သည် ရန်လိုသော စွမ်းအားတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။

ထိုရန်လိုမှုကို လိုက်ကြည့်ရာ အနီးနားရှိ ရေစီးကြောင်းသည် ပိုမိုမြန်ဆန်လာသည်ကို တွေ့ရသည်။

အဝေးမှ ပင်လယ်ရေနက်ပိုင်းတွင် တစ်စုံတစ်ခုသည် သူတို့ထံသို့ လျင်မြန်စွာ ဦးတည်လာနေ​၏။

ထုတ်လွှတ်နေသော အရှိန်အဝါနှင့် ဖိအားအရ လင်ချွမ်သည် ထိုပြိုင်ဘက်မှာ 'အထွတ်အထိပ်

အဆင့်' ဝန်းကျင်တွင် ရှိမည်ဟု ခန့်မှန်းလိုက်သည်။

သို့သော် အကြောင်းရင်းကို မသိရဘဲ ထိုအရှိန်အဝါသည် လူသားနှင့် မတူသလို သူခံစားနေရ​၏။

ဤမေးခွန်းသည် လင်ချွမ်​၏ စိတ်ထဲတွင် ပေါ်လာသော်လည်း အဖြေရှာမရပေ။

ထို့ကြောင့် သူသည် ထိုအတွေးကို ခေတ္တဘေးဖယ်ထားကာ သူ၏ အခြေအနေကို အကောင်းဆုံးအဆင့်သို့ ပြင်ဆင်ပြီး မကြာမီ ပေါ်လာတော့မည့် အစွမ်းထက်သူကို စောင့်ကြိုနေလိုက်သည်။

အဝေးမှ အစွမ်းထက်သူသည် ဤသတင်းကို မည်သို့ရရှိသည်ကို မသိရသော်လည်း ထိုသူသည် အားနည်းသူမဟုတ်သည်မှာ ထင်ရှား​၏။

"အရင်က ထွက်ပြေးသွားတဲ့ အဘိုးကြီးပဲလား မသိဘူး" ဟု သူတွေးမိသည်။

မကြာမီပင် လင်ချွမ်သည် ထိုအရာနှင့် ထိပ်တိုက်တွေ့ခဲ့​၏။

ထိုအရာကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် လင်ချွမ်​၏ အမူအရာ တောင့်တင်းသွားသည်။

ရှေ့မှ သတ္တဝါမှာ အလွန်ကြီးမားပြီး ခန္ဓာကိုယ်မှာ လုံးဝန်းကာ ဖျံကြီး တစ်ကောင်နှင့် အတိအကျတူသည်။

၎င်း၏ အရှိန်အဝါမှာ အစွမ်းထက်ဆုံး လူသားကျွမ်းကျင်သူများနှင့် တန်းတူပင်။

"အထူးအဆင့် ဝိညာဉ်သားရဲလား၊ ဒါ ဘယ်လိုဖြစ်တာလဲ"

လင်ချွမ်​၏ ရင်ခုန်သံ မြန်သွားပြီး သူ၏ နွားကြီးကို သတိရသွားသည်။

သူသည် ထိုနွားကို ယခင်က ဆေးလုံးများစွာ ကျွေးခဲ့သော်လည်း ထူးခြားသော ပြောင်းလဲမှု မရှိခဲ့ပေ။

ယခုရှေ့မှ ဖျံကြီးမှာမူ နွားနှင့်မတူဘဲ ကြီးမားလုံးဝန်းသော ခန္ဓာကိုယ်ကို ကြည့်ရုံဖြင့် ဤအကောင်သည် လွယ်လွယ်နှင့် ရင်ဆိုင်၍ရမည့်အရာ မဟုတ်ကြောင်း လင်ချွမ် သိလိုက်​၏။

သူ၏ လက်ရှိ သိုင်းဘုရင် အဆင့်ကို လူသားခန္ဓာကိုယ် အမြင်ဖြင့်သာ ကြည့်၍မရပေ။

တိရစ္ဆာန်များ သို့မဟုတ် ဝိညာဉ်သားရဲများသည် လူသားများနှင့် အဆင့်တူသွားပါက ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုမှာ လူသားများထက် သာလွန်လေ့ရှိသည်။

တကယ် တိုက်ခိုက်ကြလျှင် ထိုအဘိုးကြီးထက် ပို၍ ကိုင်တွယ်ရ ခက်ခဲနိုင်မည်။

ထို့ကြောင့် လင်ချွမ်သည် စတင်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

ဤကောင်ကြီး ဤနေရာအထိ ရောက်လာခြင်းမှာ လမ်းကြုံရုံ မဟုတ်ဘဲ 'ပုံရိပ်ယောင်ပင်လယ်ပုံဆောင်ခဲ' ကို လုယူရန် လာခြင်းဖြစ်ရမည်။

ထိုပုံဆောင်ခဲသည် ဖျံအတွက် မည်သို့ အသုံးဝင်မည်ကို မသိသော်လည်း အလုခံ၍ မဖြစ်ပေ။

ဤအဆင့်ရှိ ဝိညာဉ်သားရဲနှင့် တစ်ခါမျှ မတိုက်ခိုက်ဖူးသော်လည်း လင်ချွမ်တွင် ယုံကြည်ချက် ရှိ​၏။

သူ၏ မူလစွမ်းအား နှင့် ဝိညာဉ်စွမ်းအားကို အသုံးပြု၍ မိမိကိုယ်ကိုယ် ကာကွယ်နိုင်မည်ဟု ယုံကြည်သည်။

ရန်သူကို သတ်နိုင်၊ မသတ်နိုင်မှာမူ ကံတရားအပေါ်တွင်သာ မူတည်သည်။

လင်ချွမ်သည် အသက်ကို ပြင်းပြင်းရှုကာ စိတ်ကို အတည်ငြိမ်ဆုံး အခြေအနေတွင် ထားလိုက်သည်။

သူသည် အဟုန်ယူ၍ ရှေ့သို့ တိုးရန် ခြေထောက်ဖြင့် မြေပြင်ကို အားပြုကန်လိုက်သော်လည်း ထိုအချိန်တွင် ခြေချော်သွားသလို ခံစားလိုက်ရ​၏။

စွမ်းအားရှိသော်လည်း အားပြုစရာ မရှိပေ။

ထိုအခိုက်အတန့်တွင်မှ လင်ချွမ်သည် ဤနေရာသည် ကုန်းမြေမဟုတ်ကြောင်း ရုတ်တရက် သတိပြုမိသွားတော့သည်။

All Chapters