← Chapters

နွေဦးရာသီပန်းတွေပွင့်တဲ့အချိန်

Vol. 1 Ch. 61

နွေဦးရာသီပန်းတွေပွင့်တဲ့အချိန်

Vol. 1 Ch. 61

ထိုသိုင်းကွက်မှာ အလွန်မှ ရက်စက်ပြင်းထန်သည့် သိုင်းကွက် ဖြစ်လေသည်။ သို့သော် ဆန်းလျန်တွင် ရွေးချယ်စရာမရှိ။

ရဲ့လျိုယွင် သူ တတ်နိုင်သမျှသော နောက်ဆုံး သိုင်းကွက်ကို ထုတ်လိုက်လေသည်။

သို့သော်...

မည်သည့် သိုင်းကွက်ကိုမျှ အသုံးပြုနိုင်စွမ်း သူ့တွင် မရှိတော့။

ဆန်းလျန်၏ ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသည့် ဓားဝိညာဉ်မှာ ရဲ့လျိုယွင် လုံးဝ မျှော်လင့် ထားခြင်း မရှိသည့် သိုင်းပညာ ဖြစ်လေသည်။

ရေခဲကျောက်စိမ်း၏ အကူအညီနှင့်ဆိုလျှင် ဆန်းလျန်၏ နတ်သက်ခြွေ ဓားသိုင်းကို ရဲ့လျိုယွင် ကောင်းကောင်း ရင်ဆိုင်နိုင်မည် ဖြစ်လေသည်။ သို့သော် ရှိခြင်း မရှိခြင်း ဓားဝိညာဉ်က သူ့ကို ချုပ်နှောင် ထားသည်ကိုတော့ သူမည်သို့မျှ တွန်းလှန်နိုင်ခြင်း မရှိပါ။

ဆန်းလျန်၏ သိုင်းကွက်မှာ သူ မျှော်လင့်ထားသည်ထက် ကျော်လွန် နေလေသည်။ ဓားတစ်လက်မှာ မည်သည့်နေရာသို့ ပျောက်ကွယ်မှန်းမသိ လေထဲတွင် ပျောက်ကွယ်သွားပြီး သူနှင့် အနီးဆုံးတွင် မထင်မှတ်စွာ ပြန်ပေါ် လာမည်ဟု မည်သူမျှ တွေးထင်မိမည် မဟုတ်ပေ။

ရဲ့လျိုယွင် အကောင်းဆုံး တိုက်ခိုက်ခဲ့ပါသည်။ သို့သော် ဆန်းလျန်မှာ သူနားလည် နိုင်သည်ထက် ပိုပြီး စွမ်းရည် ထက်မြက်နေခြင်း ဖြစ်လေသည်။

ရဲ့လျိုယွင် အသုံးပြုလိုက်သည့် လက်ဝါးရိုက်ချက်မှာ ဓားဝိညာဉ်ကို ကာကွယ်နိုင်စွမ်း မရှိသည့်အပြင် တန်ပြန်အားဖြင့် သူ့ကိုယ်သူ ပြန်ထိ သွားရလေသည်။ ဓားဝိညာဉ်မှာ သူ၏ ခန္ဓာကိုယ် ဆီသို့ ထိုးစိုက်ရန် ဝင်ရောက် လာလေတော့သည်။

ကမန်းကတန်းနှင့် ဖြစ်သလို တိုက်ခိုက်လိုက်သည့် ရဲ့လျိုယွင်၏ လက်ဝါးရိုက်ချက်မှာ အား သိပ်မပါလှပါ။

ရဲ့လျိုယွင်မှာ အတွင်းအား လျော့နည်းနေပြီ ဖြစ်လေသည်။

ဓားဝိညာဉ်မှာလည်း သူ၏ နှလုံးသား နေရာသို့ တိုးဝင်လာလေသည်။

ထိုအချိန်မှာပင် လှစ်ခနဲ တိုးဝင်လာသည့် လူရိပ်တစ်ရိပ်.....

ဓားဝိညာဉ်၏ ဓားဦးသည် ထိုလူရိပ်ကို စိုက်ဝင်သွားလေသည်။

ဓားဝိညာဉ်မှာ အရှိန်ဖြင့် အရှေ့တည့်တည့်သို့ ထိုးစိုက် လိုက်သလို ရဲ့လျိုယွင်ကလည်း ဓားဝိညာဉ်ကို လက်ဝါးရိုက်ချက် တစ်ခုဖြင့် ခုခံကာကွယ် လိုက်လေသည်။ ထိုသို့ လူနှစ်ယောက်၏ သိုင်းကွက်နှစ်ခု အလယ်သို့ ဝင်ရောက်လာသော ထိုလူရိပ်၏ သေးသွယ်သော ခန္ဓာကိုယ်လေးမှာ ရဲ့လျိုယွင်၏ ရင်ခွင်ထဲသို့ လဲကျသွားရလေသည်။

ထိုလူရိပ်၏ ဆံပင်ရှည်များမှာ သွေးရနံ့နှင့်အတူ ရဲ့လျိုယွင်၏ မျက်နှာပေါ်တွင် လွင့်ဝဲ ကျသွားလေသည်။

ထိုလူရိပ်မှာ... ရှောင်းကျူဖြစ်လေသည်။

ရဲ့လျိုယွင်ကို ထိခိုက်မိတော့မည့် ဓားချက်ကို သူမက ဝင်ရောက်ကာကွယ် ပေးလိုက်ခြင်း ဖြစ်လေသည်။

အဘယ်ကြောင့် ထိုသို့ ပြုမူမိသည်ကို ရှောင်းကျူ ကိုယ်တိုင်လည်း မသိပါ။ ရဲ့လျိုယွင်မှာ ဓားဝိညာဉ် ထိုးစိုက်လာသည့် သိုင်းကွက်ကို ရှောင်တိမ်းနိုင်စွမ်း မရှိဟု ရှောင်းကျူက ထင်လိုက် မိသောကြောင့် သူမက ရဲ့လျိုယွင်ကို ကာကွယ်ပေးရန် ပြေးဝင်လာခြင်း ဖြစ်လေသည်။

ဆန်းလျန်အနေဖြင့် ခေတ်ပေါ်လောကနှင့် လက်ရှိ သူရောက်ရှိနေသည့် လောကနှစ်ခုလုံးတွင် ပထမဆုံးအကြိမ် လူတစ်ယောက်ကို သတ်မိခြင်း ဖြစ်လေသည်။

ထိုသူမှာလည်း မိန်းကလေးတစ်ယောက် ဖြစ်နေခဲ့လေသည်။

သို့သော် သူမကို အမှန်တကယ် ထိခိုက်စေသည်က ဆန်းလျန်၏ ဓားဝိညာဉ်လား... ရဲ့လျိုယွင်၏ လက်ဝါးရိုက်ချက် ကြောင့်လား ဆိုသည်ကတော့ ပြောရ ခက်လေသည်။

ထို့ပြင် လောလောဆယ် အခြေအနေတွင် ရှောင်းကျူမှာလည်း သေဆုံးသွားခြင်း မရှိသေးပါ။

ရှောင်းကျူ ယခုကဲ့သို့ ရဲ့လျိုယွင်အစား ဝင်ခံ ပေးလိမ့်မည်ဟု ဆန်းလျန်ကလည်း တွေးမထား မိပါ။

ရှောင်းကျူမှာ လူ့အသက် တစ်ချောင်းကို တန်ဖိုးမထားဘဲ ရက်စက်တတ်သူ မဟုတ်ပါလား။

ကွေးယွင်စန်းကျွမ်းမှ သခင်မလေး ဖြစ်သည့်အလျှောက် သူမက မာနကြီးပြီး လုပ်ချင်ရာ လုပ်တတ်သူ ဖြစ်လေသည်။ သူမ၏ အတ္တကြီးမှုကြောင့် ရွှမ်းဖုန်း အာမခံဌာန တစ်ဖွဲ့လုံးနှင့် အဖွဲ့ ခေါင်းဆောင် လီကျွမ်း အသက် သေဆုံးခဲ့ရခြင်း ဖြစ်လေသည်။

ဆန်းလျန်က သူမကို ချစ်ခင်မိခြင်း မရှိပါ။ သို့သော် သူမကို သေစေလိုသည့် ဆန္ဒလည်း မရှိပါ။

ထို့ပြင် သူက တမင်ရည်ရွယ်ပြီး သေစေလိုသည့် ဆန္ဒနှင့် လုပ်ခဲ့ခြင်း မဟုတ်ပါ။

အမှန်တော့ ရဲ့လျိုယွင်ကို ထိုးစိုက်မည့် ဓားဝိညာဉ်ကို ရှောင်းကျူက ကိုယ်စား ဝင်ခံလိမ့်မည်ဟု မည်သူမျှ တွေးထင်ထား ပါမည်နည်း။

လောကတွင် ရဲ့လျိုယွင်အတွက် အသက်ပေးချင်ကြသူ များစွာ ရှိလေသည်။

အနည်းဆုံးတော့ မင်ကျန်းတောင်မှ အစေခံများ ဖြစ်ကြသည့် ကျန်းရှီစန်းနှင့် ကျန်းရှီစစ်တို့ကဲ့သို့ ရဲ့လျိုယွင် အတွက်ဆိုလျှင် အသက် စွန့်ချင်ကြသည့် လူပေါင်းများစွာ ရှိလေသည်။

သို့သော် ရဲ့လျိုယွင်အတွက် အသက်ပေးချင်စိတ် မရှိသူများကို ပြောပါဆိုလျှင် ရှောင်းကျူမှာ ထိပ်ဆုံး စာရင်းတွင် ပါဝင်မည် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော ရှောင်းကျူလောက် ရဲ့လျိုယွင်ကို မုန်းတီးနေသည့်သူ လောကတွင် မရှိသောကြောင့် ဖြစ်လေသည်။

ဆန်းလျန်မှာ များစွာအံ့သြ တုန်လှုပ်သွားရလေသည်။ သို့သော် ရဲ့လျိုယွင်မှာတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားရလေသည်။

သူက ဆန်းလျန်ကို တိုက်ခိုက်ရန်ပင် သတိမရတော့။ သူ၏ အတွင်းအားဖြင့် ထိန်းချုပ်ထားသည့် ပျံသန်းနေသည့် အစိမ်းရောင်ဓားမှာ "မှန်သားပြင် ရေကန်" ထဲသို့ ပြုတ်ကျ သွားလေသည်။

သူ၏ အဖိုးတန်ဓားကို ပြန်ရှာရန်လည်း ရဲ့လျိုယွင်၏ ခေါင်းထဲတွင် မရှိတော့ပေ။

ရှောင်းကျူမှာ အဆင့်မြင့် သိုင်းသမားတစ်ဦး ဖြစ်လေသည်။ ထို့ကြောင့် ချက်ချင်းတော့ သေမသွားခဲ့ပေ။

ရဲ့လျိုယွင်က ရှောင်းကျူ ကိုယ်ထဲသို့ အတွင်းအား ထည့်သွင်းပေးရင်း သူမအသက် ဆက်နိုင် အောင် ကြိုးစား ပေးနေလေသည်။

"တောင်းပန်ပါတယ်"

ရှောင်းကျူက ရဲ့လျိုယွင်ကို တောင်းပန်စကားပြောရင်း ရဲ့လျိုယွင်၏ ရင်ခွင်ထဲသို့ လဲကျ သွားလေသည်။

ရှောင်းကျူ တောင်းပန်ရသည့် အကြောင်းအရင်းကို ရဲ့လျိုယွင် တစ်ယောက်သာ နားလည် လေသည်။ လွန်ခဲ့သည့် နှစ်များအတွင်းတွင် ရှောင်းကျူမှာ ရဲ့လျိုယွင်ကို တောက်လျှောက် လိုက်ပြီး နှောင့်ယှက်နေခဲ့ခြင်း ဖြစ်လေသည်။ ရဲ့လျိုယွင်မှာ သူမကြောင့် အသက်အန္တရာယ်ပင် ရင်ဆိုင် ရသည့် အခါများလည်း ရှိခဲ့လေသည်။

"စကားမပြောနဲ့။ တောင်ပေါ်ကို ပြန်ကြမယ်။ မင်ကျန်းတောင်မှာ ဆေးဝါးတွေ အများကြီး ရှိတယ်။ မင်း ကျိန်းသေ နေပြန်ကောင်းလာမှာပါ"

ရဲ့လျိုယွင်မှာ ဝမ်းနည်းကြေကွဲသည့် စိတ်ကို ထိန်းထားရင်း တတ်နိုင်သမျှ တည်ငြိမ်အောင် ကြိုးစား နေလေသည်။

"ကျွန်မရဲ့ ဒဏ်ရာ ဘယ်လောက် ပြင်းထန်တယ်ဆိုတာ ကျွန်မသိပါတယ်။ တာ့လော်စန်ရှန်း တန်ခိုးရှင်တွေတောင် ကျွန်မကို ကယ်နိုင်မှာ မဟုတ်တော့ဘူး။ ကျွန်မပြောတာ နားထောင်ပါနော်"

ရှောင်းကျူက ပြောရင်း မောလာလေသည်။

ဆန်းလျန်မှာ ရုတ်တရက် ဖြစ်သွားသည့် အခြေအနေကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေလေ သည်။

သူ့ဘက်က မှားယွင်းခြင်းမရှိသည့် တိုင်အောင် သူ့အပြစ် မကင်းဟု ခံစားနေရလေသည်။

သူက ရဲ့လျိုယွင်ကို မနာလိုပင် ဖြစ်မိလေသည်။ မိန်းကလေး တစ်ယောက်ကတောင် အသက် ပေးပြီး ချစ်နေသည် မဟုတ်ပါလား။

ရဲ့လျိုယွင်မှာ အမြဲတမ်း သတိရှိပြီး ဆင်ခြင်ဉာဏ် ကောင်းသော လူငယ်တစ်ယောက် ဖြစ်လေသည်။ သူ၏ ဆုံးဖြတ်ချက်များသည် အမြဲတမ်း တိကျပြတ်သား လေသည်။

သူက ရှုံးနိမ့်ခဲ့မည် ဆိုလျှင်တောင် သူ၏ ဆုံးဖြတ်ချက်အတွက် နောင်တ ရတတ်သည့်သူ မဟုတ်ပေ။

ရဲ့လျိုယွင် ချီတုံချတုံ ဖြစ်နေသည်ကို ကြည့်ကာ ရှောင်းကျူက တောက်ပစွာ ပြုံးလိုက် လေသည်။

"ခုအချိန် ခဏလေးမှာ ရှင် ကျွန်မကို ဘယ်လောက်တောင် ချစ်လဲဆိုတာ သိရပါပြီ။ ရှင်ကျွန်မကို လက်ထပ်ချင်တယ်ဆိုတာ စေ့စပ်ထားတဲ့ ကိစ္စတစ်ခုတည်းကြောင့် မဟုတ်ဘူးဘဲ။ ကျွန်မက သိပ်ပြီး မိုက်မဲတာပဲ"

ရှောင်းကျူက ပြောလိုက်လေသည်။

စေ့စပ် ကြောင်းလမ်းခဲ့သည့် ကိစ္စကြောင့် ရဲ့လျိုယွင်ကဲ့သို့ မသန်စွမ်း တစ်ယောက်ကို လက်ထပ် ရမည်ကို ရှောင်းကျူ လွန်စွာမှ မကျေမနပ် ဖြစ်ခဲ့ရလေသည်။

ထို့ပြင် ရဲ့လျိုယွင်အနေဖြင့် စေ့စပ်ပွဲကြောင့် သူမကို လက်ထပ်ရခြင်းမျိုး မဟုတ်ဘဲ သူမကို ချစ်သောကြောင့်သာ လက်ထပ်ခြင်းမျိုး ဖြစ်စေချင် ခဲ့လေသည်။

ရဲ့လျိုယွင်မှာ သူမကို ဘယ်တုန်းကမှ စိတ်မပျက်ခဲ့ပါ။ ဤနှစ်များ အတွင်းတွင် ရဲ့လျိုယွင်မှာ မည်သို့သော လူစားမျိုး ဖြစ်ကြောင်းကိုလည်း သူမသိလာ ရလေသည်။

ဆန်းလျန်မှာ ချစ်သူနှစ်ယောက် စကားပြောနေသည်ကို မနှောင့်ယှက်လိုပါ။ ထို့ကြောင့် ကူဟွေ့ ဆရာတော်၏ ဘေးတွင် သွားရပ်နေ လိုက်လေသည်။

သူက ချင်းရွှမ်နတ်တံခါးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရဲ့လျိုယွင်ကို မမေးတော့ဖို့ ဆုံးဖြတ် လိုက်လေသည်။ သူ့ကို ကူညီနိုင်မည် အခြား နည်းလမ်းကိုသား ထပ်မံရှာဖွေရန် ဆုံးဖြတ် လိုက်လေသည်။ သူက မမှားသည့်တိုင်အောင် သူ၏ အပြစ်မကင်းသလို ခံစားနေရသောကြောင့် ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။

ဤသည်မှာ လူ့လောက၏ မာယာပင် ဖြစ်လေသည်။ တစ်ခါတစ်ရံတွင် အမှန်နှင့်အမှား။ အဖြူနှင့်အမဲ မကွဲပြားသည့် ကိစ္စများမှာ များစွာရှိတတ် လေသည်။

ဆန်းလျန်မှာ မည်သည့်အခါမှ အရှုံးပေးမည့်သူတော့ မဟုတ်ပေ။ အထူးသဖြင့် နတ်ဘုရား ကျင့်စဉ်လမ်းကို ရှာဖွေ တွေ့ရှိရန်အတွက် သူလုံးဝ အရှုံးပေးမည် မဟုတ်ပေ။

***

အရှေ့လေ တိုက်ခတ်လာလေပြီ….

စမ်းချောင်းလေးများ စီးဆင်းလာပြီး ပန်းများလည်း ပွင့်လန်းလာပြီ ဖြစ်လေသည်။

ထိုနေ့…

ယှဉ်ပြိုင်ပွဲနေ့တွင် ရှောင်းကျူမှာ သေဆုံး သွားခဲ့ရလေသည်။

သူမကို ချယ်ရီပန်းပင်ကြီး တစ်ပင်၏ အောက်တွင် မြှုပ်နှံ ထားလေသည်။ သူမ၏ ဝိညာဉ်မှာ ချယ်ရီပန်းများနှင့် အတူ ပျော်မွေ့နေတော့မည် ဖြစ်လေသည်။

မင်ကျန်းတောင်မှ အဆင့်မြင့် ဆေးဝါးများကပင် သူမအသက်ကို တစ်ရက်ပိုရှည်အောင် ကုသ မပေးနိုင်ခဲ့ပါ။

ရဲ့လျိုယွင်မှာ မည်သူနှင့်မျှ စကားမပြောတော့ပါ။ ဆန်းလျန်ကိုလည်း လက်စားချေလိုစိတ် မရှိတော့ပါ။

သူက ရှောင်းကျူ၏ အုတ်ဂူနံဘေးတွင် အိမ်လေးတစ်လုံး ဆောက်ကာ နေထိုင်လေသည်။

ဆန်းလျန်က ရဲ့လျိုယွင်၏ ဖခင်ဖြစ်သူ မင်ကျန်းတောင် သခင်ကြီးနှင့် တွေ့ဆုံခွင့် ရခဲ့လေသည်။

မင်ကျန်းတောင် သခင်ကြီးမှာ ထူးခြားသူတစ်ဦး ဖြစ်လေသည်။ နားသယ်စပ်များမှာ ဖြူဖွေး နေပြီ ဖြစ်သည့်တိုင် ကျန်းမာသည့်ဟန်တော့ ရှိလေသည်။

သူ၏ မျက်လုံးများက ထူးခြားလေသည်။ ထိုမျက်လုံးများက လောကအကြောင်းကို ကောင်းစွာ နားလည် ထားပြီး လူ့ဘဝဆိုသည်မှာ ရေပွက်ပမာ တစ်ခဏချင်းတွင်ပင် ဖြစ်တတ် ပျက်တတ် သည့် သဘောတရားများ အားလုံးကို နားလည်လက်ခံ ထားပုံရလေသည်။

ရဲ့သခင်ကြီး ဝတ်ဆင်ထားသည့် အဝတ်အစားများမှာ သာမန်မျှသာ ဖြစ်လေသည်။ သူ့ကို လမ်းပေါ်တွင်သာ အမှတ်မထင် တွေ့လျှင် စာပေသမား အဘိုးအို တစ်ယောက်ဟုပင် ထင်မှတ်မိကြမှာ ဖြစ်လေသည်။

သူ၏ အမည်ရင်းမှာ ရဲ့ချိုးဖုန်း ဖြစ်လေသည်။ နာမည်၏ အဓိပ္ပာယ်မှာ ဆောင်းဦးသစ်ရွက်ဟု အဓိပ္ပာယ်ရလေသည်။

"ရဲ့သခင်ကြီး... အစ်ကိုလျိုယွင် ဘယ်လိုနေသေးလဲ"

"သူ အဆင်ပြေပါတယ်... အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင် မနေနဲ့တော့။ အဲဒီနေ့က အဖြစ်အပျက်တွေ အားလုံးကို ကူဟွေ့ ဆရာတော် ပြောပြပြီးပါပြီ"

ဘာပြန်ပြောရမှန်း မသိသည့် အတွက် ဆန်းလျန် ငြိမ်သက်၍ နေလိုက်လေသည်။

သူ့ကိုယ်သူ အပြစ်မတင်ဘဲ မည်သို့ နေနိုင်မည်နည်း။ သို့သော် ထိုနေ့က အဖြစ်အပျက်များကို အစမှ ပြန်ပြီး စတင်နိုင်မည် ဆိုလျှင်တောင် အဆုံးသတ် ရလဒ်ကတော့ အတူတူပင် ဖြစ်ပေလိမ့်မည်။ အရာရာက ကံစီမံရာ အတိုင်း ဖြစ်လေသည်။

"လျိုယွင်က မင်းကို ပစ္စည်းတစ်ခု ပေးခိုင်းလိုက်တယ်။ ဒါကြောင့် ကျုပ် မင်းကို တွေ့ချင်နေတာ"

ဆန်းလျန်၏ ဘေးကြပ်နံကြပ် ဖြစ်နေပုံကို သခင်ကြီး ရဲ့ချိုးဖုန်းက သတိထားမိပုံ ရလေသည်။

ရဲ့လျိုယွင် ပေးလိုက်သည့် ပစ္စည်းမှာ စာတစ်စောင် ဖြစ်လေသည်။ ထိုစာထဲတွင် ချင်းရွှမ် နတ်တံခါးသို့ ဝင်ခွင့်ရအောင် မည်သို့ ပြင်ဆင်ရမည်ကို အသေးစိတ် တိကျစွာ ရေးသားပေးထား လေသည်။

ရဲ့လျိုယွင်မှာ အလွန် ဉာဏ်ထက်မြက်သူ တစ်ယောက် ဖြစ်လေသည်။ ဆန်းလျန်က ထုတ်မပြော သည့်တိုင် သူက ဆန်းလျန် ဖြစ်ချင်နေသည့် ရည်ရွယ်ချက်ကို ကောင်းစွာနားလည် သဘောပေါက် လေသည်။

ထိုစာကို ဖတ်ပြီးသည်နှင့် ထူးဆန်းသည့် ခံစားချက်များ ဆန်းလျန်၏ ရင်ထဲတွင် တလိမ့်လိမ့် တက်လာလေသည်။

သူယှဉ်ပြိုင်ပွဲတွင် အနိုင်ရခဲ့ပါသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူရှုံးနိမ့် ခဲ့လေသည်။

ထိုစာကို ကြည့်ချင်းအားဖြင့် ရဲ့လျိုယွင်မှာ ယူကျုံးမရ အရူးမီးဝိုင်း ကြေကွဲခံစားနေသည့် သူတစ်ယောက် မဟုတ်သည်ကို သက်သေပြ နေလေသည်။ သူက မင်ကျန်းတောင်မှ တည်ငြိမ်သည့် သခင်လေး တစ်ပါး ဖြစ်နေဆဲပင် မဟုတ်ပါလား။

ဆန်းလျန်က ရဲ့လျိုယွင်ကို သွားရောက် နှုတ်ဆက်ခြင်း မပြုလုပ်တော့ဘဲ မင်ကျန်းတောင်မှ ထွက်ခွာ လာခဲ့လေသည်။

အနာဂတ် တစ်ချိန်ချိန်တွင် သူတို့ပြန်လည် တွေ့ဆုံကြဦးမည်ဟု သူယုံကြည်ထားသည်။

မည်သူ သိနိုင်မှာလဲ.....

သူတို့တွေ ပြန်လည်ဆုံတွေ့သည့် အချိန်တွင် ရန်သူတွေလည်း ဖြစ်ကောင်း ဖြစ်နေနိုင်မည်။

သို့မဟုတ်....

အတိတ် ရန်ငြိုးများကို သင်ပုန်းချေပြီး အပြုံးဖြင့်လည်း နှုတ်ဆက်ချင် နှုတ်ဆက်နိုင်ကြမည် ဖြစ်လေသည်။

***

All Chapters