အခန်း (၂၄၁-၂၄၂)
Vol. 25 Ch. 241-242
အခန်း ၂၄၁ - ချုပ်ငြိမ်းစေခြင်း
မီးတောက်များ၏ တွန်းကန်မှုနှင့်အတူ လင်ချွမ်ရှိရာနေရာသည် မီးလျှံမုန်တိုင်း၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။
မြင်နိုင်သမျှနှင့် ထိတွေ့နိုင်သမျှ အရာအားလုံးသည် ရှည်လျားလှသော မီးလျှံအလျဉ်အတွင်း နစ်မြုပ်သွားတော့သည်။
သူရပ်နေသည့် ပတ်လည် မီတာအနည်းငယ်အတွင်း၌သာ အပူချိန်မှာ ပုံမှန်အတိုင်း ရှိနေခဲ့သည်။
သူ့ရှေ့မှ နီရဲတောက်လောင်နေသော မြင်ကွင်းကို ကြည့်ရင်း၊ 'မီးလျှံနယ်ပယ်' ကို အပိုင်နိုင်ဆုံး ကျွမ်းကျင်သွားပြီဖြစ်သော လင်ချွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
"စိတ်ဓာတ်စစ်ဆင်ရေးလား၊ အပိုပဲ"
စကားဆုံးသည်နှင့် တစ်ပြိုင်နက်၊ သူ၏ အတွင်းအားများ စီးဝင်လာမှုကြောင့် သူ့ပတ်လည်ရှိ လေဝဲဂယက်သည် လျင်မြန်စွာ ကျယ်ပြန့်လာသည်။
မီးတောက်များ ငြိမ်းသတ်ခံလိုက်ရပြီး ဟင်းလင်းပြင်ကြီးတစ်ခုလုံး တုန်ခါသွားတော့သည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရမှုများမှတစ်ဆင့် လင်ချွမ်သည် ဤလေဝဲဂယက်၏ နိယာမအချို့ကို နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ။
အားကောင်းသော အတွင်းအားနှင့် ပေါင်းစပ်လိုက်သောအခါ လေဝဲဂယက်၏ စစ်မှန်သော စွမ်းအားမှာ ပေါ်ထွက်လာသည်။
တစ်မိနစ်အတွင်းမှာပင် သူ့အနီးရှိ မီးတောက်အားလုံး ငြိမ်းသတ်ခြင်း ခံလိုက်ရ၏။
နယ်ပယ်ဟင်းလင်းပြင် တစ်ခုလုံး တုန်လှုပ်လာသည်။
လင်ချွမ်က သက်ပြင်းတစ်ချက်ချရင်း သူ၏ စမ်းသပ်မှုမှာ ဤနေရာတွင်ပင် အဆုံးသတ်ရတော့မည်ဖြစ်ကြောင်း သိလိုက်သည်။
ယန်၏ နယ်ပယ်က မခံနိုင်တော့၍ မဟုတ်ဘဲ၊ သူကိုယ်တိုင်က နားလည်မှု အပြည့်အဝ မရသေးခြင်းကြောင့်သာ။
ဤမျှအထိ ရောက်ရှိလာခြင်းကပင် အောင်မြင်မှုတစ်ခုဟု ဆိုရမည်။
"ငါက 'သိုင်းဘုရင်' အဆင့် ပညာရှင်တွေကို ရင်ဆိုင်ရဦးမှာဆိုတော့ ဒီမှာတင် အင်အားတွေ အကုန်အဆုံးရှုံးမခံနိုင်ဘူး"
ဤသို့တွေးပြီး လင်ချွမ်က လေဝဲဂယက်ကို လူစုခွဲလိုက်ကာ သူ၏ နယ်ပယ်ကို ခန္ဓာကိုယ်အတွင်းမှ အပြင်သို့ စိမ့်ထွက်စေလိုက်သည်။
မီးလျှံနယ်ပယ်သည် ချက်ချင်း တုန်လှုပ်သွားပြီး ပြင်းထန်စွာ ပြန်လည်ခုခံရန် ကြိုးစားသည်။
သို့သော် အရည်အသွေး ကွာခြားမှုကြောင့် ညည်းတွားသံသာ ထွက်ပေါ်လာနိုင်ပြီး မူလနေရာမှ ဖယ်ရှားပေးလိုက်ရတော့၏။
နယ်ပယ်နှစ်ခု ထိတွေ့မိသောအခါ ဟင်းလင်းပြင် စွမ်းအင်လှိုင်းများသည် အပြင်ဘက်သို့ ဂယက်ထသွားပြီး ဟင်းလင်းပြင်လွတ်ထဲတွင် မရေမတွက်နိုင်သော ဂယက်လှိုင်းများ ဖြစ်ပေါ်လာစေသည်။
ယန် ၏ မျက်နှာမှာ နီမြန်းလာပြီး သူ၏ အတွင်းအားကို အစွမ်းကုန် ထုတ်သုံးသော်လည်း အချည်းနှီးသာ။
ထိုအချိန်တွင် လန်က စတင်လှုပ်ရှားလာသည်။
အစိမ်းနုရောင် ဟင်းလင်းပြင်တစ်ခု ဆင်းသက်လာပြီး သူမ၏ 'လေနယ်ပယ်' နှင့် 'မီးလျှံနယ်ပယ်' တို့ ပေါင်းစပ်ကာ လင်ချွမ်၏ နယ်ပယ်ကို ခုခံကြသည်။
သူမ၏ ပုံရိပ်သည် ချက်ချင်း ပျောက်ကွယ်သွားပြီး လင်ချွမ်၏ အထက်တွင် ပြန်လည်ပေါ်လာသည်။
နက်မှောင်သော လွှသွားတစ်ခု သည် ဟင်းလင်းပြင်ကြီးတစ်ခုလုံး ကွဲအက်သွားမတတ် ပြင်းထန်သော လေတိုးသံနှင့်အတူ အောက်သို့ ဝှေ့ယမ်းချလိုက်၏။
လွှသွား၏ အကွေးမှ လေဓားမြှောင် မြောက်မြားစွာသည် တစ်ပြိုင်နက် ထွက်ပေါ်လာပြီး လေထုကို ဖြတ်သန်းကာ လင်ချွမ်ဆီသို့ ပျံသန်းသွားသည်။
သို့သော် တစ်စက္ကန့်ပင် မပြည့်မီ ထိုလေဓားမြှောင်များသည် လေထဲတွင်ပင် ကျိုးပြတ်သွားပြီး အတွင်းမှ အပြင်သို့ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားကြသည်။
လင်ချွမ်သည် အတွင်းအားကို သူ၏ ညာလက်တွင် စုစည်းကာ လေဓား၏ ထိပ်ဖျားကို ဖမ်းချုပ်လိုက်သည်။
လက်တစ်ချက် နှိပ်လိုက်ရုံဖြင့် လန် ၏ တိုက်ကွက်ကို ရှေ့ဆက်မတိုးနိုင်အောင် တားဆီးလိုက်သည်။
ပထမတိုက်ကွက် လွဲချော်သွားပြီးနောက် လန် က နည်းဗျူဟာကို ချက်ချင်း ပြောင်းလဲလိုက်သည်။
သူမသည် လေထဲတွင် ဝှေ့ယမ်းကာ လင်ချွမ်၏ လက်ထဲမှ လွှတ်ကို ပြန်လည်ဆွဲထုတ်လိုက်ပြီး အားအကုန်သုံးကာ တစ်ဖန် ခုတ်ချလိုက်ပြန်၏။
ဤတိုက်ကွက်မှာ ယခင်ကထက် ပိုမိုပြင်းထန်လှသည်။
လင်ချွမ်၏ လက်ရှိစွမ်းအားဖြင့်ပင် အတွင်းအားတစ်ခုတည်းကို အသုံးပြု၍ လက်ဗလာဖြင့် ခုခံရန် မဖြစ်နိုင်တော့ပေ။
လင်ချွမ်က ခပ်တိုးတိုး အသံပြုလိုက်ပြီး ရေခဲကျောက်ဓားကို ထုတ်ယူလိုက်သည်။
ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုတိုက်ကွက်မှာ ဘေးသို့ လွဲချော်သွားသည်။
ထိုကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်သည် ကြီးမားသော လေဓားအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်မှ မြေပြင်သို့ ကျဆင်းကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွား၏။
မီတာ ဒါဇင်ပေါင်းများစွာအတွင်းရှိ အဆောက်အအုံများမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။
ထိုအချိန်မှာပင် ဘယ်ဘက်မှ တိုက်ခိုက်မှု စတင်လာသည်။
ငရဲမီးတောက်များ စုစည်းကာ ကြီးမားသော မီးနဂါးကြီးအဖြစ် ပြောင်းလဲသွားသည်။
၎င်းသည် ပါးစပ်ကြီးကို ဟကာ အသံတိတ် ဟိန်းဟောက်ပြီး လင်ချွမ်ဆီသို့ ပျံသန်းလာ၏။
ရေခဲကျောက်ဓားက လေထုကို ထိတွေ့လိုက်သည်နှင့် ဆီးနှင်းများ ကျဆင်းလာပြီး လေထဲတွင် ကြီးမားသော နှင်းနဂါးကြီးအဖြစ် ပြောင်းလဲကာ မီးနဂါးဆီသို့ ဦးတည်သွားသည်။
လင်ချွမ်၏ ဓားချက်က မရပ်တန့်ဘဲ လေထဲတွင် စက်ဝိုင်းပုံစံ တစ်ဝက်ကို ရေးဆွဲလိုက်ရာ 'ထိုက်ချီ'သင်္ကေတတစ်ခု ချက်ချင်း ပေါ်လာပြီး လန် ထံသို့ ပစ်လွှတ်လိုက်သည်။
ထိုက်ချီသင်္ကေတသည် လည်ပတ်လျက် ယင် နှင့် ယန် စွမ်းအင်များကို ထုတ်လွှတ်ပြီး အင်အားများကို ခုနှိမ်ရန် အသုံးပြုလေ့ရှိသော ထိုက်ချီကို လင်ချွမ်က ပြောင်းပြန် အသုံးပြုလိုက်ခြင်း။
ယင်-ယန် ငါးနှစ်ကောင်သည် လေထဲတွင် အဆက်မပြတ် လည်ပတ်ရင်း ကြီးမားသော ကြိတ်ဆုံဘီးကြီးအဖြစ် ပြောင်းလဲကာ လန် ဆီသို့ ပြေးဝင်သွားသည်။
လန် ၏ လွှသွားဖြင့် ရိုက်ခတ်မိသောအခါ မီးပွင့်များ ထွက်ပေါ်လာ၏။
စွမ်းအင်များ လျင်မြန်စွာ ပျက်စီးသွားမှုကို ခံစားလိုက်ရသောကြောင့် အတုမရှိ စွမ်းအားရှင် လန် ပင်လျှင် တုန်လှုပ်သွားရသည်။
သူမသည် သူမ၏ နယ်ပယ်ကို အသုံးပြု၍ လေထဲတွင် နောက်သို့ အမြန်ဆုတ်ခွာကာ အကွာအဝေး တစ်ခုကို ဖန်တီးလိုက်သည်။
လင်ချွမ်သည် ပြိုင်ဘက် နှစ်ယောက်ကို တစ်ပြိုင်တည်း ရင်ဆိုင်နေခြင်း။
ဤအချက်တစ်ခုတည်းဖြင့်ပင် လန် နှင့် ယန် တို့မှာ လင်ချွမ်၏ အစွမ်းကို လုံးဝ အသိအမှတ်ပြုသွားကြရ၏။
ခဏတာမျှ သူတို့ နောက်ဆုတ်လိုသော စိတ်များ ဝင်လာသည်။
သူတို့သည် ဘဝင်မြင့်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲခဲ့ကြသော်လည်း၊ လက်တွေ့ဘဝ၏ ပြင်းထန်သော ရိုက်ခတ်မှုအောက်တွင် လူ့လောက၏ ရက်စက်မှုကို နားလည်သွားကြပြီ။
နယ်ပယ်အဆင့်ချင်းလည်း မယှဉ်နိုင်၊ ကျင့်စဉ်အဆင့်မှာလည်း ပြိုင်ဘက်ထက် နိမ့်ကျနေသည့်အပြင် ပြိုင်ဘက်က နင်ဂျူဆု ကိုလည်း တတ်မြောက်ထားပြီး စွမ်းအင်မှာလည်း သူတို့ထက် ပိုမိုစင်ကြယ်နေ၏။
"တောက်... ဒါကို ငါတို့ ဘယ်လိုတိုက်ရမှာလဲ"
ဤအခြေအနေကို ရင်ဆိုင်နေရသောအခါ အမြဲတမ်း တည်ငြိမ်လှသော လန် ပင်လျှင် အဓိပ္ပာယ်မရှိသလို ခံစားလိုက်ရ၏။
အီတိုကို ကာကွယ်ရင်း ဆုတ်ခွာခဲ့စဉ်ကပင် သူမသည် 'သမုဒ္ဒရာတုန်ဟိန်းလက်ဝါး' ၏ ကြောက်မက်ဖွယ်ရာကို ခံစားခဲ့ရဖူးသည်။
သူတို့နှစ်ယောက် ပေါင်းလျှင်ပင် လင်
ချွမ်၏ ပြိုင်ဘက် မဟုတ်ကြောင်း သူမ၏ အသိစိတ်က ပြောနေသည်။
ဒါသည်ပင် ပြိုင်ဘက်က အစွမ်းကုန် မထုတ်သေးသည့် အခြေအနေ။
သို့သော်လည်း လင်ချွမ်က သူတို့နှစ်ဦးကို အပိုင်ချုပ်ထားနိုင်ခဲ့သည်။
သူသာ အစွမ်းကုန် ထုတ်သုံးလာပါက မည်မျှ ကြောက်စရာကောင်းမည်ကို ခန့်မှန်းကြည့်နိုင်၏။
"မင်းတို့... ဆက်တိုက်ကြဦးမလား"
"မင်းတို့ရဲ့ ဗဟိုစစ်ဌာနချုပ် ဆီကို ငါ့ကို ခေါ်သွားပေးစမ်း"
"အဲဒီက သိုင်းဘုရင်ကို ငါ တော်တော်လေး စိတ်ဝင်စားနေလို့"
"မင်းက ငါတို့ရဲ့ ဘိုးဘေးကြီးကို တွေ့ချင်တိုင်း တွေ့လို့ရမယ် ထင်နေလား၊ မင်း..."
ယန် က ပါးစပ်ဟပြီး ဆဲဆိုရန် ပြင်လိုက်သော်လည်း စကားမဆုံးခင်မှာပင် ရိုက်ချက်သံတစ်ခု လေထဲတွင် ဟိန်းသွားသည်။
သူ၏ ခေါင်းမှာ စောင်းသွားပြီး မျက်လုံးများမှာ ဒေါသဖြင့် တောက်လောင်နေ၏။
အထွတ်အထိပ် အဆင့်ရှိ ပညာရှင်တစ်ဦးမှာ ဤသို့ နှစ်ယောက်တစ်ယောက် အခြေအနေတွင် အရှက်ခွဲခံလိုက်ရခြင်း။
ဤအရာသည် သူ့အတွက် လုံးဝ လက်ခံနိုင်စရာ မရှိပေ။
တစ်ချိန်တည်းမှာပင် လင်ချွမ်၏ နည်းစနစ်ကြောင့် ထိုပါးရိုက်သံမှာ ခီတာနိုကျွန်းစု တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
အောက်ခြေရှိ တုံရင်းနိုင်ငံသားများနှင့် ခီတာနိုမိသားစုမှ အစွမ်းထက် ပုဂ္ဂိုလ်များအားလုံး ထိုအခိုက်အတန့်တွင် သူတို့၏ ပါးပြင်ပေါ်၌ နာကျင်မှုကို ခံစားလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
ထို့နောက် သူတို့၏ စိတ်ထဲတွင် အထင်အမြင်သေးမှုများ ဖြစ်ပေါ်လာ၏။
"ဒါတွေက ဗဟိုစစ်ဌာနချုပ်ရဲ့ ထိပ်သီးတိုက်ခိုက်ရေးသမားတွေလား၊ တော်တော်လေး အားနည်းတာပဲ"
"ဟုတ်ပ၊ ဘာမှတောင် ပြန်မလုပ်နိုင်ကြဘူး"
"ဟေ့... ငါကြည့်ရသလောက်တော့ ဒီလူက တတိယ ဒါမှမဟုတ် စတုတ္ထအဆင့်လောက်ပဲ ရှိမှာပါ"
"ဒီလောက်လေးနဲ့ ဘာလို့ အပေါ်တက်ပြီး ကြွားနေတာလဲ မသိဘူး"
ဘေးပတ်ဝန်းကျင်မှ စကားသံများကို ကြားရသောအခါ ယခင်က ပင်လယ်လှိုင်းလုံးကြီးများကို တားဆီးခဲ့သော ပထမအဆင့် ပညာရှင်မှာ မျက်နှာပျက်သွားတော့သည်။
ထိုစကားများနေသော သူများကို သတ်ပစ်ချင်စိတ် ပေါက်လာ၏။
အခြားသူများ မသိသော်လည်း သူကတော့ ထိုအခိုက်အတန့်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
သူတို့ အသက်နှင့်လဲပြီး တားသော်လည်း မရခဲ့သော ကြီးမားလှသော ပင်လယ်သတ္တဝါကြီးကို ကောင်းကင်ပေါ်မှ ပုဂ္ဂိုလ်နှစ်ဦးက အလွယ်တကူ မောင်းထုတ်နိုင်ခဲ့ခြင်း။
သူတို့အချင်းချင်း တိုက်ခိုက်မှုကြောင့် အိမ်အချို့ ပျက်စီးခဲ့သော်လည်း လူအသေအပျောက် မရှိခြင်းမှာပင် အတော်လေး ကံကောင်းလှပြီပင်။
အခန်း ၂၄၂ သွေးမျှော့များ
ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ဟု ထင်မှတ်ရသည့် အစွမ်းထက်ပုဂ္ဂိုလ်နှစ်ဦးမှာ ကောင်းကင်ပေါ်ရှိ မင်မင်းဆက်မှ ပညာရှင်၏ အပြတ်အသတ် ချေမှုန်းခြင်းကို ခံလိုက်ရသည်။
ဦးနှောက်ရှိသူ မည်သူမဆို လက်ရှိအခြေအနေကို နားလည်နိုင်ကြမည်။
ထိုသူနှစ်ဦးက အားနည်းလွန်း၍ မဟုတ်ဘဲ မင်မင်းဆက်မှ ပညာရှင်က အလွန်အမင်း အစွမ်းထက်နေခြင်းကြောင့်သာ။
သူသည် ဒဏ္ဍာရီလာ အထွတ်အထိပ် ပညာရှင်တစ်ဦးလော... သို့မဟုတ် သိုင်းဘုရင်တစ်ဦးလော။
၎င်းကို သဘောပေါက်သွားချိန်တွင် ခီတာနိုမိသားစုမှ ပထမအဆင့်ပညာရှင်၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ထင်ဟပ်လာသည်။
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူသည် အခင်းဖြစ်ပွားရာနေရာမှ အမြန်ဆုံးထွက်ခွာကာ နောက်ဘက်ရှိ ကျွန်းငယ်တစ်ခုဆီသို့ ဦးတည်ပြေးတော့၏။
ခီတာနိုမိသားစု၏ ဂူဗိမာန်မှာ သာမန်လူများကဲ့သို့ မြေပုံလေးတစ်ခုတင်ကာ ဖြစ်သလို မြှုပ်နှံထားခြင်းမျိုး မဟုတ်ပေ။
၎င်းတို့ကဲ့သို့သော မိသားစုကြီးအတွက်မူ...
မိသားစုဝင် အပြင်လူဖြစ်စေ၊ အတွင်းလူဖြစ်စေ ကွယ်လွန်ပါက တင်းကြပ်သော သင်္ဂြိုဟ်ခြင်း အခမ်းအနားများကို ပြုလုပ်လေ့ရှိသည်။
ကြီးကျယ်ခမ်းနားသော အခမ်းအနားများအပြီးတွင် နောက်ဆုံး၌ မိသားစုသုသာန်၌ မြှုပ်နှံကြသည်။
ခီတာနိုမိသားစု၏ ကြွယ်ဝချမ်းသာမှုကြောင့် သုသာန်တည်နေရာကို ခီတာနိုကျွန်း၏ နောက်ဘက်ရှိ ကျွန်းငယ်လေးတစ်ခုအဖြစ် သတ်မှတ်ခဲ့ခြင်း။
အထက်မှ တိုက်ပွဲကို လှမ်းကြည့်ရင်း ထိုပညာရှင်မှာ တစ်ဖက်လူ၏ သတိပြုမိခြင်းကို ခံရမည်စိုးသဖြင့် ခြေလှမ်းတိုင်းတွင် ခြေထောက်များ တုန်ယင်နေမိသည်။
သို့သော် သူသည် ထိုနေရာတွင် တိုက်ပွဲ၏သက်ရောက်မှုများ မရှိပါစေနှင့်ဟု ဆုတောင်းရင်း သုသာန်ဆီသို့ ဆက်သွားနေခဲ့သည်။
သုသာန်သို့ ရောက်ရှိသောအခါမှ ထိုသူမှာ သက်ပြင်းချနိုင်တော့ပြီး ရင်ထဲရှိ ကြောက်ရွံ့မှုများ အနည်းငယ် ပြေလျော့သွားသည်။
ထို့နောက် သူသည် သုသာန်ရှိ အုတ်ဂူတိုင်တစ်ခုကို ရှာဖွေတွေ့ရှိသွား၏။
သူသည် ဂူဗိမာန်ပေါ်ရှိ စာတန်းတစ်ခုပေါ်တွင် လက်ဖဝါးတင်ကာ ရုတ်တရက် ညာဘက်သို့ ပွတ်ဆွဲလိုက်သည်။
စက်ကိရိယာများ လည်ပတ်သံများ ထွက်ပေါ်လာပြီး ဂူဗိမာန်မှာ အလိုအလျောက် ညာဘက်သို့ ရွေ့လျားသွားကာ လျှို့ဝှက်တံခါးတစ်ခု ပေါ်လာသည်။
ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ပြီးနောက် ခီတာနိုမိသားစုမှ ပညာရှင်မှာ တည်ကြည်သော မျက်နှာထားကို ပြင်လိုက်သည်။
ထပ်မံတုံ့ဆိုင်းမနေဘဲ အသက်ကို ပြင်းပြင်းရှူကာ သတ္တိမွေး၍ အောက်သို့ ဖြည်းညှင်းစွာ ဆင်းသွားတော့၏။
"ဒေါက်... ဒေါက်... ဒေါက်"
မာကျောသော ကျောက်ပြားများပေါ်သို့ ဖိနပ်သံများ ရိုက်ခတ်မိရာမှ ပဲ့တင်သံများ ထွက်ပေါ်လာသည်။
ထိုအသံမှာ ကျယ်ဝန်းလှသော နေရာလွတ်ထဲတွင် အလွန်ပင် ကြည်လင်ပြတ်သားစွာ ထွက်ပေါ်နေလေ၏။
ပဲ့တင်ထပ်နေသော အသံများက သူ့ကို အလွန်အမင်း ကြောက်ရွံ့စေသည်။
သို့သော် မိသားစုမှ ပေးအပ်ထားသော တာဝန်ကသာ သူ့မျက်လုံးများကို ပိုမိုပြတ်သားစေခဲ့သည်။
အပြင်ဘက်တွင် ရောက်ရှိနေသော ဗဟိုစစ်ဌာနချုပ် မှဟု ယူဆရသည့် အစွမ်းထက်ပုဂ္ဂိုလ်နှစ်ဦးဖြစ်စေ၊ မင်မင်းဆက်မှ ပညာရှင်ဖြစ်စေ အားလုံးမှာ သူ့အတွက် အန္တရာယ်ဟု ခံစားနေရ၏။
အကယ်၍ မိသားစုခေါင်းဆောင်က တာဝန်ယူဖြေရှင်းရန် လိုအပ်ပါက၊ သူတစ်ဦးတည်းသာလျှင် ဘိုးဘေးကို သွားရောက်အကြောင်းကြားနိုင်သည်။
ဤသည်မှာ မိသားစုအတွက်ပင်။
သူသည် အကြောင်းပြချက်မရှိသော ကြောက်ရွံ့မှုများကို ဖိနှိပ်ကာ သတ္တိမွေးလိုက်သည်။
ဘိုးဘေးများ ချန်ထားရစ်ခဲ့သော နည်းလမ်းများနှင့် လမ်းကြောင်းများကို အသုံးပြုကာ ဂူဗိမာန်အတွင်းရှိ မှန်ကန်သော လမ်းကြောင်းကို အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့သည်။
နောက်ဆုံးတွင် စင်္ကြံလမ်းများစွာနှင့် လမ်းဆုံများစွာကို ဖြတ်ကျော်ပြီးနောက် ဂူဗိမာန်၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိသွားသည်။
အတွင်းဘက်ဆုံးနေရာတွင် ထူးခြားသော ပုံစံများဖြင့် ဖုံးလွှမ်းထားသည့် တံခါးကြီးတစ်ချပ် ရှိနေ၏။
တံခါးပတ်ပတ်လည်တွင် မမြင်ရသော အန္တရာယ်ရှိသည့် အငွေ့အသက်များ ဝန်းရံနေသဖြင့် သူသည် စိတ်မသက်မသာဖြစ်ကာ ချဉ်းကပ်ရန် တုံ့ဆိုင်းနေမိသည်။
သို့သော် သူ၏ မြင့်မြတ်သော တာဝန်နှင့် ၎င်းမှာ သူ၏ ကိုယ်ပိုင်ဘိုးဘေးဖြစ်သည်ကို တွေးတောမိကာ ဘိုးဘေးက သူ့ကို လိမ်ညာမည်မဟုတ်ဟု ယူဆလိုက်သည်။
ထို့ကြောင့် သူသည် အံကြိတ်ကာ ရှေ့သို့ တက်လှမ်းပြီး တံခါးကို လက်ဖဝါးဖြင့် တွန်းဖွင့်လိုက်၏။
တံခါးမှာ တကျိကျိမြည်ကာ ပွင့်သွားပြီးနောက် အားလုံး ပွင့်ဟသွားတော့သည်။
အခန်းတွင်းမှာ လုံးဝမှောင်မည်းနေပြီး အလင်းရောင် အနည်းငယ်မျှ ဝင်မလာပေ။
စင်္ကြံလမ်းတစ်လျှောက်ရှိ နံရံပေါ်မှ တစ်ချက်တစ်ချက် တောက်ပနေသော ပုံဆောင်ခဲများ၏ အလင်းရောင်ကသာ နေရာအနည်းငယ်ကို ဖျော့တော့စွာ အလင်းပေးထားနိုင်သည်။
"ဂျွတ်....ဂျွတ်...."
တောရိုင်းတိရစ္ဆာန်တစ်ကောင်က အသားနှင့် အရိုးများကို ကိုက်ခဲနေသည့်အလား ကြောက်မက်ဖွယ်ကောင်းသော အသံတစ်ခု သူ၏နားထဲသို့ တိုးဝင်လာသည်။
ထိုသူသည် သူ၏ အတွင်းစွမ်းအားကို အသုံးပြုကာ ခဏတာ အလင်းရောင်ကို ထုတ်လွှတ်ပြီး အတွင်းဘက်သို့ ပို့လွှတ်လိုက်၏။
ထိုအခါ ဂူဗိမာန်၏ အတွင်းပိုင်းရှိ ဖျာတုံးတစ်ခုပေါ်တွင် ကျောပေးထိုင်နေပြီး တစ်ခုခုကို စားနေသည့် အဖိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။
ထူးဆန်းမှုနှင့် ကြောက်ရွံ့မှုများ ခံစားနေရသော်လည်း ထိုသူ၏ ပုံပန်းသဏ္ဍာန်နှင့် အဝတ်အစားများကို ကြည့်ကာ ဘိုးဘေးဖြစ်ကြောင်း သူခွဲခြားနိုင်ခဲ့၏။
၎င်းကို တွေးမိသောအခါမှ ထိုသူမှာ သက်ပြင်းချနိုင်ပြီး ဖြည်းဖြည်းချင်း အနားသို့ တိုးသွားကာ တိုးတိုးလေး မေးလိုက်သည်။
"ဘိုးဘေးလားခင်ဗျာ..."
ထို 'ဘိုးဘေး' ၏ ခန္ဓာကိုယ်မှာ ခဏမျှ ရပ်တန့်သွားပြီးနောက် အနည်းငယ် တုန်ယင်လာသည်။
သူ၏ဘိုးဘေးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားသဖြင့် အစာစားကာ အားပြန်ဖြည့်နေသည်ဟု ယူဆကာ ထိုသူမှာ မည်သည့်သံသယမျှ မရှိခဲ့ပေ။
ထို့ကြောင့် သူသည် အနားသို့ သွားကာ ပြောလိုက်သည်။
"ဘိုးဘေး... အပြင်မှာ ကြောက်စရာကောင်းတဲ့ ကိစ္စတွေ ဖြစ်ပျက်နေပါတယ်၊ ပြဿနာတွေ အများကြီး ရှိနေပါတယ်"
"ဗဟိုစစ်ဌာနချုပ်က ဖြစ်နိုင်တဲ့ ပညာရှင်နှစ်ယောက် ရောက်လာပြီး ပင်လယ်နဂါးကြီးကို နှိမ်နင်းလိုက်ပါတယ်"
"သူတို့ရဲ့ စွမ်းအားကို ကြည့်ရတာ အထွတ်အထိပ် အဆင့်မှာ ရှိနေပုံရပြီး မင်မင်းဆက်က ပညာရှင်တစ်ယောက်နဲ့ ပြင်းထန်စွာ တိုက်ခိုက်နေကြပါတယ်"
"ကျွန်တော်တို့ မိသားစုက ပြိုလဲတော့မယ့် အခြေအနေမှာ ရှိနေပါတယ်၊ ကျေးဇူးပြုပြီး အမြန်ဆုံး အရေးယူပေးပါဦး"
ထိုအချိန်တွင် သူသည် ဘိုးဘေး၏ နောက်ကျောဘက်သို့ ရောက်နေပြီ။
"ဘိုးဘေး... ဒဏ်ရာတွေ အများကြီး ရထားလို့လားခင်ဗျာ..."
ဘိုးဘေးက ပြန်လည် မဖြေကြားသေးသည်ကို မြင်သောအခါ ထိုသူမှာ မိမိဘာသာ ရေရွတ်မိသွားသည်။
ထို့နောက် သူသည် ရှေ့သို့ ကိုင်းညွတ်ကာ ဘိုးဘေး၏ အခြေအနေကို စစ်ဆေးရန် ကြိုးစားလိုက်၏။
ထိုခဏ၌ သူ၏ မျက်စိရှေ့မှ ဘိုးဘေးမှာ ဖြည်းဖြည်းချင်း လှည့်လာရာ အရိုးစုသာ ကျန်တော့သည်အထိ ကိုက်ခဲစားသောက်ခြင်း ခံထားရသော ခန္ဓာကိုယ်တစ်ခြမ်း ပေါ်လာသည်။
ထိုသူ၏ ရင်ဘတ်ပေါ်တွင်မူ ဘောလုံးတစ်လုံးခန့် အရွယ်အစားရှိသော သွေးနီရောင် ပိုးကောင်ကြီးတစ်ကောင်မှာ အရိုးနှင့် အသားများကို အငမ်းမရ ကိုက်ခဲနေလေ၏။
မျက်နှာတစ်ခြမ်း ပျက်စီးနေပြီး စွမ်းအားများအားလုံး ဆုံးရှုံးနေသည့် ဘိုးဘေး၏ အလောင်းကို ကြည့်ရင်း ထိုသူမှာ ခြေဖျားမှ ခေါင်းအထိ စိမ့်တက်သွားကာ ကြောက်လန့်သွားတော့သည်။
ဘိုးဘေး၏ ထူးဆန်းနေမှု အကြောင်းရင်းကို သူ နောက်ဆုံး၌ သိရှိသွားပြီ။
ဘိုးဘေး ကွယ်လွန်သွားပြီ၊ ဘိုးဘေး သေသွားပြီ။
သူ၏ ရင်ထဲတွင် ရူးသွပ်မတတ် အော်ဟစ်လိုက်ရင်း မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူသည် လက်ဖဝါးများဖြင့် မြေပြင်ကို အားပြုကာ နောက်သို့ တွားသွားပြီး ပြေးထွက်သွားသည်။
သူသည် အရှိန်ကို တိုးမြှင့်ကာ ကိုယ်ကို အမြန်လှည့်၍ အပြင်ဘက်သို့ အစွမ်းကုန် ပြေးထွက်သွားတော့၏။
ဤအချိန်တွင် သူသည် မည်သည့် အန္တရာယ်ကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ထွက်ပြေးလွတ်မြောက်ရန်သာ စိတ်ကူးနေတော့သည်။
"ဒုန်း"
"ဝီး... ဝီး...(အတောင်ပံခတ်သံ)"
ရုတ်တရက် အင်းဆက်ပိုးကောင်များ အတောင်ပံခတ်သံကို နားထဲတွင် ကြားလိုက်ရပြီးနောက် သူ၏ ခါးတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရကာ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။
သူသည် ထိုခဏ၌ မိမိခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ မြေပြင်ပေါ်သို့ လဲကျမသွားမီ ချောင်းဆိုးလိုက်ရရုံသာ တတ်နိုင်တော့၏။
ထိုအချိန်တွင် အတွင်းစွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားများမှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။
သူ၏ နောက်ဆုံး ခွန်အားကို အသုံးပြုကာ လည်ပင်းကြွက်သားများကို လှည့်၍ နောက်ကွယ်မှ မြင်ကွင်းကို ကြည့်လိုက်သည်။
သူ၏ ခါးပေါ်တွင် ဘောလုံးတစ်လုံးခန့် အရွယ်ရှိသော သွေးနီရောင် ပိုးကောင်ကြီးတစ်ကောင်မှာ ၎င်း၏ ထက်မြက်သော မေးရိုးများဖြင့် သူ၏ ခါးဆစ်များကို ဖောက်ထွင်းကာ သွေးများနှင့် အတွင်းစွမ်းအားများကို လျင်မြန်စွာ စုပ်ယူနေသည်။
မည်သည့် အသံမျှ ထွက်မလာဘဲ ထိုအင်းဆက်၏ အငွေ့အသက်များ တိုးပွားလာသည်ကို ထိုသူ ခံစားနေရသည်။
ထို့နောက် အင်းဆက်၏ အတောင်ပံများ ရုတ်တရက် တုန်ခါသွားပြီးနောက် သူ၏ မှောင်မည်းနေသော အမြင်အာရုံမှာ လုံးဝ ပျက်စီးသွားတော့၏။
တံခါးမှာ နောက်တစ်ကြိမ် တကျိကျိ မြည်ကာ ပိတ်သွားပြီး အသံများမှာ တဖြည်းဖြည်း တိုးမှိန်သွားသည်။
ကျန်ရှိနေခဲ့သည်မှာ တံခါးဝမှ နှစ်မီတာခန့်အကွာ မြေပြင်ပေါ်ရှိ အသားစပုံကြီး တစ်ပုံသာ ဖြစ်လေတော့သည်။