← Chapters

အခန်း (၅၁၉)

Vol. 42 Ch. 519

အခန်း (၅၁၉)

Vol. 42 Ch. 519

အခန်း 519

ကုချင်းဖုန်းမှာ ထိတ်လန့်တုန်လှုပ်သွားရသည်။

ဒါက ဘယ်လို ကိုယ်ဖော့သိုင်းမျိုးလဲ

တစ္ဆေသရဲလို ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေတာ။

အရိုးထဲအထိ စွဲကပ်နေသော လောက်ကောင်များကဲ့သို့ပင် သူ့နောက်သို့ တကောက်ကောက် လိုက်ပါလာသည့် ဤတိုက်ကွက်အား ရင်ဆိုင်ရသည်မှာ အလွန်ခက်ခဲလှသည်။

ချန်ကျဲ့သည်တော့ ကုချင်းဖုန်း၏အတွေးများကို ဂရုမစိုက်အားပါချေ။ လျှပ်စီးခြေလှမ်းသိုင်းသည် မည်မျှအစွမ်းထက်ကြောင်း သူ သိသည်။ မိမိနှင့် ကျင့်ကြံဆင့်တူသော ပြိုင်ဘက်ကို ရင်ဆိုင်ရာတွင် လျှပ်စီးခြေလှမ်းကို အသုံးပြုခြင်းဖြင့် တိုက်ပွဲကို အသာစီး ရယူနိုင်သည်။

ချန်ကျဲ့၏ အရှိန်မှာ အမြဲ ခြေတစ်လှမ်းဦးနေ၏။

ဤသိုင်းသည် ဒဏ္ဍာရီလာ ကျင့်စဉ်တစ်ခုဖြစ်သည့် ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်မှ ဆင်းသက်လာသည့် သိုင်းပညာဟူသည့် ကျော်ကြားမှုနှင့် ထိုက်တန်ပေသည်။

ဝှစ်... ဝှစ်... ဝှစ်…

ချန်ကျဲ့သည် လျှပ်စီးခြေလှမ်းသိုင်းကို အသုံးပြုကာ ကုချင်းဖုန်းကို ဆက်တိုက် တိုက်ခိုက်နေခဲ့ရာ ကုချင်းဖုန်းမှာ တစ်ချက်ချင်းစီတွင် ပို၍ ထိတ်လန့်လာကာ စိတ်ဓာတ်ကျဆင်းလာခဲ့သည်။

ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ ဘယ်လို ကိုယ်ဖော့သိုင်းမျိုးက ငါ့ထက် အများကြီး ပိုမြန်နေရတာလဲ ဒါ မဖြစ်နိုင်တာ

ကုချင်းဖုန်းမှာ ခုခံရင်းနှင့်ပင် အားအင်ကုန်ခမ်းလာခဲ့သည်။ ချန်ကျဲ့မှာမူ လျှပ်စီးခြေလှမ်းသိုင်း၏ အားသာချက်ကို အသုံးချကာ ကုချင်းဖုန်း ပို၍ အားနည်းသွားစေရန် တိုက်ခိုက်နေသည်။

လက်ရှိတွင် ကုချင်းဖုန်းမှ ခုခံရန်အတွက် အသုံးပြုနေရသော အင်အားသည် ချန်ကျဲ့မှ တိုက်ခိုက်ရန်အတွက် အသုံးပြုရသော အင်အားထက် အဆပေါင်းများစွာ ပိုများပြားသည်။

မကြာမီတွင် ကုချင်းဖုန်းသည် ဆက်လက်၍ ခံနိုင်ရည်မရှိတော့ပေ။ ထိုအခွင့်အရေးကို အမိဖမ်းကာ ချန်ကျဲ့သည် ကုချင်းဖုန်း၏ ကျောပြင်ကို လက်ဝါးရိုက်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။

ဘုန်း ~

ကုချင်းဖုန်းမှာ ပါးစပ်အပြည့် သွေးများ အန်ထုတ်လိုက်ရပြီး ယိုင်ထွက်သွားကာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် လွင့်စင်လဲကျသွားတော့သည်။

၎င်းကို မြင်လျှင် ချန်ကျဲ့သည် အရှိန်မြှင့်ကာ ရှေ့သို့ တိုးဝင်သွားပြီး အပေါ်စီးမှနေ၍ သံမဏိလက်ဝါးသိုင်းဖြင့် ရိုက်ချလိုက်သည်။

"သေလိုက်တော့"

ဘုန်း

ကျောက်တုံး ကျောက်ခဲများကိုပင် အမှုန့်ခြေနိုင်သော အင်အားဖြင့် ချန်ကျဲ့သည် ကုချင်းဖုန်းကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ ကုချင်းဖုန်း၏ မျက်နှာမှာ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားပြီး အသည်းအသန် လှိမ့်ရှောင်လိုက်ရသည်။ မြေပြင်ပေါ်တွင် အကြိမ်ပေါင်းများစွာ လှိမ့်ရှောင်ပြီးနောက်မှသာ ရပ်တန့်နိုင်လေသည်။

ချန်ကျဲ့၏ လက်ဝါးရိုက်ချက်ကြောင့် မြေပြင်ပေါ်တွင် နက်ရှိုင်းသော လက်ဝါးရာကြီး ထင်ကျန်ရစ်ခဲ့သည်။

လက်ဝါးရိုက်ချက် မထိမှန်သည်ကို မြင်သောအခါ ချန်ကျဲ့သည် လျှပ်စီးခြေလှမ်းသိုင်းကို အသုံးပြု၍ ကုချင်းဖုန်း၏ အရှေ့သို့ ချက်ချင်း ထပ်သွားလိုက်ပြီး နောက်ထပ် လက်ဝါးတစ်ချက်ဖြင့် ထပ်မံ တိုက်ခိုက်ပြန်သည်။

၎င်းကို မြင်လျှင် ကုချင်းဖုန်းသည် လက်နှစ်ဖက်ကို ရင်ဘတ်တွင် ယှက်ကာပြီး အသည်းအသန် ခုခံလိုက်သည်။

"ဘုန်း" ခနဲ အသံနှင့်အတူ ကုချင်းဖုန်းမှာ နောက်တစ်ကြိမ် လွင့်ထွက်သွားရပြန်သည်။ ကုချင်းဖုန်းသည် လက်မောင်းနှစ်ဖက်စလုံး ကျိုးလုမတတ် ခံစားလိုက်ရသည်။

ချန်ကျိုစစ်၏ ကိုယ်ဖော့သိုင်းမှာ ဤမျှ ကြောက်စရာကောင်းလိမ့်မည်ဟု ကုချင်းဖုန်း မတွေးထားခဲ့မိပေ။ သာမန် သံမဏိလက်ဝါးသိုင်းနှင့် ပေါင်းစပ်အသုံးပြုလိုက်ရုံမျှဖြင့် သူ့ကို ဤမျှ သနားစဖွယ် အခြေအနေသို့ ရောက်အောင် တွန်းပို့နိုင်လေသည်။

ချန်ကျဲ့ကိုယ်တိုင်လည်း လျှပ်စီးခြေလှမ်းသိုင်းမှာ ဤမျှအထိ အံ့ဩစရာကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ၏လက်ထဲရှိ ဝှက်ဖဲများကို မထုတ်သုံးရသေးဘဲနှင့် ကုချင်းဖုန်းကို ဒုက္ခရောက်အောင် လုပ်နိုင်ခဲ့သည်။

သိုင်းလောကတွင် အရှိန်သည် အောင်နိုင်ခြင်း၏ သော့ချက်ဖြစ်သည်ဟု ဆိုရပေမည်။ လုံလောက်အောင် လျင်မြန်နေသရွေ့ မည်သူမျှ အနိုင်တိုက်နိုင်လိမ့်မည် မဟုတ်ချေ။

ချန်ကျဲ့သည် ယခုတွင် အရှိန်၏ အားသာချက်ကို ကောင်းကောင်း နားလည်သွားခဲ့၏။

အမြဲတမ်း ခြေတစ်လှမ်းဦးနေနိုင်ပါက အရင်က အားနည်းခဲ့သော သိုင်းကွက်များပင်လျှင် အစွမ်းထက်လာလိမ့်မည်။ ဥပမာ - ချန်ကျဲ့သည် သံမဏိလက်ဝါးသိုင်း၏ ၈ကွက်မြောက်သိုင်းကွက်ကို မသုံးရသေးဘဲ အရိုးရှင်းဆုံး သိုင်းကွက်များကို အသုံးပြုပြီး ကုချင်းဖုန်းကို အကျပ်ရိုက်အောင် လုပ်နိုင်ခဲ့သည်။

၎င်းမှာ ပြိုင်ဘက်ထက် အမြဲတမ်း လက်ဦးမှုရယူနိုင်သော သူတစ်ယောက်ကဲ့သို့ပင် တစ်ဖက်ပြိုင်ဘက်မှ အနိုင်မယူနိုင်သည့် အခြေအနေတစ်ခုကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်၍ ချန်ကျဲ့ အနည်းငယ် အာရုံလွင့်နေမိသည်။ သာမန် သံမဏိလက်ဝါးသိုင်းနှင့် လျှပ်စီးခြေလှမ်းသိုင်းတို့၏ ပေါင်းစပ်မှုပင်လျှင် ဤမျှ အစွမ်းထက်နေလျှင် ၈ကွက်မြောက်သိုင်းကွက် သို့မဟုတ် နဂါးနိုင်လက်ဝါးသိုင်း ၁၇ ကွက်ကိုသာ ပေါင်းစပ်အသုံးပြုလိုက်ပါက နန်ပါးထျန်းကိုလည်း အနိုင်ယူနိုင်မည်လောဟု ချန်ကျဲ့ တွေးနေမိသည်။

ချန်ကျဲ့သည် တွေးတောနေရင်း ကုချင်းဖုန်းကို နောက်ထပ် သိုင်းကွက်အချို့ဖြင့် ထပ်မံ တိုက်ခိုက်သည်။

ပါးစပ်မှ သွေးများ စီးကျနေသည့် ကုချင်းဖုန်း၏ ခုခံမှုမှာ တဖြည်းဖြည်း အားနည်းလာခဲ့သည်။

ချန်ကျဲ့၏ အကြည့်များ စူးရှသွား၏။ အဆုံးသတ်ရမည့်အချိန် ရောက်လေပြီ။ ချန်ကျဲ့ ရှေ့တိုးလိုက်သည်။

လျှပ်စီးခြေလှမ်းသိုင်းကို အစွမ်းကုန်အသုံးပြု၍ လက်ကို ဝှေ့ယမ်းလိုက်ရာ ချန်ကျဲ့၏လက်ဝါးထက်မှ နဂါးဟိန်းဟောက်သံကြီး ထွက်ပေါ်လာခဲ့သည်။

"သံမဏိလက်ဝါးသိုင်း ၈ကွက်မြောက်သိုင်းကွက် - နဂါးဖမ်းချုပ်လက်ဝါးသိုင်း"

ဂါး…

နဂါးဟိန်းဟောက်သံနှင့်အတူ ချန်ကျဲ့သည် လက်မြှောက်၍ ကုချင်းဖုန်းကို ပြင်းထန်လှစွာသော အင်အားဖြင့် တိုက်ခိုက်လိုက်သည်။

ထိုစဉ် ချန်ကျဲ့သည် အလွန်တရာ ကြောက်မက်ဖွယ်သော ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရပြီး ပင်ကိုအသိစိတ်အရ လျှပ်စီးခြေလှမ်းသိုင်းကို အသုံးပြု၍ နောက်သို့ အမြန် ပြန်ဆုတ်လိုက်သည်။

ထိုခဏ၌ ချန်ကျဲ့သည် ပြင်းထန်စွာသော အားအင်တစ်ခု သူ၏ ပါးပြင်ဘေးမှ ဝှစ်ခနဲ ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသည်။ ချန်ကျဲ့သည် လက်ဖြင့် ကာရန် ကြိုးစားသော်လည်း နောက်ကျသွားခဲ့သည်။ ထိုအားအင်မှာ သူ၏ လက်ထက် များစွာ ပို၍ မြန်ဆန်သည်။

ဝှစ်…

ချန်ကျဲ့သည် နားဘေးမှ လေခွင်းသံကို ကြားလိုက်ရပြီးနောက် ပါးပြင်တွင် ပြတ်ရှဒဏ်ရာတစ်ခု ဖြစ်သွားကာ သွေးများ စီးကျလာတော့သည်…

ထိုအားအင်မှာ ရပ်တန့်မသွားဘဲ မလှမ်းမကမ်းရှိ သစ်ပင်ကြီးတစ်ပင်ကို ထိမှန်သွား၏။

ဝှစ်

ဝှစ်

၎င်းသည် သစ်ပင်ကြီး နှစ်ပင်ကို ထိုးဖောက်သွားခဲ့ပြီးနောက် မီတာ ၃၀ အကွာရှိ တတိယမြောက် သစ်ပင်တွင် စိုက်ဝင်သွားခဲ့သည်။

အနီးကပ်ကြည့်လိုက်သောအခါ ၎င်းမှာ သေးသွယ်သော ငွေအပ်တစ်ချောင်း ဖြစ်၏။

ပါးပြင်တွင် စီးကျလာသည့် သွေးများကို ခံစားမိရင်း ချန်ကျဲ့သည် ကုချင်းဖုန်းကို သတိကြီးစွာဖြင့် လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးများမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ ကုချင်းဖုန်း၏ ညာဘက်လက်တွင် သံဗူးအရွယ်အစားရှိသော ဆလင်ဒါပုံစံ လက်နက်တစ်ခုအား ကိုင်ထားသည်ကို မြင်လိုက်ရသည်။

ကုချင်းဖုန်းသည် သွေးများ ဖုံးလွှမ်းနေသော ချန်ကျဲ့၏ မျက်နှာကို စိုက်ကြည့်လျက် ကြမ်းကြုတ်ခက်ထန်စွာ ပြော၏။

"ချန်ကျိုစစ် မင်းကိုယ်မင်း သိပ်တော်တယ် ထင်နေတာလား ကဲ လာစမ်းပါဦး၊ နောက်တစ်ခါ ထပ်တိုက်ကြည့်လေ"

ချန်ကျဲ့သည် ကုချင်းဖုန်းကို မျက်မှောင်ကြုတ်လျက် ကြည့်နေခဲ့သည်။

"ခင်ဗျားလက်ထဲက ဘာလဲ"

"ဒါက ဘာလဲ ဟုတ်လား ဟားဟား... မင်းရဲ့အသက်ကို နှုတ်ယူမယ့်အရာလေ။ ငါ မျန့်ရွှေစီရင်စုမှာ နှစ်ပေါင်းများစွာ နေလာခဲ့တာ၊ ကိုယ့်အသက်ကိုကယ်ဖို့ ဝှက်ဖဲ တစ်ခုလောက်တောင် မရှိဘူးလို့ ထင်နေတာလား"

"ဟား မင်းရဲ့ ကိုယ်ဖော့သိုင်းက အရမ်းကောင်းတယ်ပေါ့ ဟုတ်လား။ လာလေ၊ မင်းရဲ့ကိုယ်ဖော့သိုင်းက ပိုမြန်မလား ငါ့ရဲ့ မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်က ပိုမြန်မလား ကြည့်ကြသေးတာပေါ့"

"မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်"

ချန်ကျဲ့သည် ထိုအမည်ကို လေးနက်စွာ ရေရွတ်လိုက်သည်။

မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်အကြောင်းကို သူ ကြားဖူးသည်။ ၎င်းမှာ ရှုထန်ဂိုဏ်း၏ ထူးခြားသော လက်နက်ပုန်းတစ်မျိုးဖြစ်ပြီး အလွန်အစွမ်းထက်ကာ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ရှိသူများကိုပင် ဒဏ်ရာရစေနိုင်သည်။

၎င်းကို ပြုလုပ်ရန် အလွန်ခက်ခဲပြီး ထန်ဂိုဏ်း၏ အတွင်းတပည့်များသာလျှင် အသုံးပြုကြသည်။ ထို့ကြောင့် ၎င်းလက်နက်ကို သိုင်းလောကတွင် အလွယ်တကူ မတွေ့ရချေ။

ဒါပေမဲ့ ကုချင်းဖုန်းဆီမှာ ဘယ်လိုလုပ်ပြီး ဒီလက်နက်ရှိနေတာလဲ

ကုချင်းဖုန်းက ထန်ဂိုဏ်းရဲ့ အတွင်းတပည့်လား

မဖြစ်နိုင်ပါချေ။ ထန်ဂိုဏ်းသည် တပည့်လက်ခံရာတွင် အလွန်တင်းကျပ်ပြီး စီချွမ်းဒေသခံများကိုသာ လက်ခံခြင်းဖြစ်သည်။ ကုချင်းဖုန်းကမူ စီချွမ်းသား မဟုတ်ကြောင်း သေချာသည်။

ထိုသို့တွေးမိသည်နှင့် ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။

"ကုချင်းဖုန်း ခင်ဗျား ကျုပ်ကို လာလိမ်နေတာလား။ မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ် ဟုတ်လား ခင်ဗျား ဒီတစ်သက်လုံး စီချွမ်းကို ရောက်ဖူးမှာတောင် မဟုတ်ဘဲနဲ့"

ကုချင်းဖုန်း ရယ်မော၏။

"စီချွမ်းကို မရောက်ဖူးရင် မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်ကို မပိုင်ဆိုင်နိုင်ဘူးလို့ မင်းက ထင်နေတာလား တစ်ခါလောက် စမ်းကြည့်ချင်သေးလား"

All Chapters