← Chapters

အခန်း (၅၂၀)

Vol. 42 Ch. 520

အခန်း (၅၂၀)

Vol. 42 Ch. 520

အခန်း 520

ကုချင်းဖုန်းသည် ထိုလက်နက်ကို ချန်ကျဲ့ထံ ချိန်ရွယ်ထားရာ ချန်ကျဲ့၏ မျက်နှာအမူအရာသည် တည်ကြည်လေးနက်သွား၏။

မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်... ဒါက တကယ် လူကို ဒုက္ခပေးတာပဲ

ချန်ကျဲ့ ထိုသို့တွေးနေစဉ် ကုချင်းဖုန်းမှ ရယ်မောလာသည်။

"ဘယ်လိုလဲ ချန်ကျိုစစ်။ မင်း တော်တာကိုတော့ ငါ ဝန်ခံပါတယ်။ ဒါပေမဲ့ မင်း ဘယ်လောက်ပဲ သိုင်းပညာတော်ပါ‌စေ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ရှိတဲ့သူကိုတောင် ဒဏ်ရာရစေနိုင်တဲ့ ဒီမိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်ထက် မင်းက ပိုမြန်နိုင်မှာတဲ့လား"

"ဘာလဲ မယုံဘူးလား"

ကုချင်းဖုန်းသည် ချန်ကျဲ့ကို ကြည့်ကာ သူ၏လက်ထဲမှ ထိုလက်နက်ကို လက်ဟန်ပြ၏။

"စမ်းကြည့်ချင်သေးတာလား"

ကုချင်းဖုန်းက ချန်ကျဲ့ကို ဆက်တိုက် ခြိမ်းခြောက်နေသော်လည်း ချန်ကျဲ့သည် ဘာမှပြန်မပြောဘဲ ကုချင်းဖုန်း၏ ဘေးပတ်ပတ်လည်သို့ လမ်းလျှောက်ကာ နေရာယူလိုက်သည်။ ယခုတစ်ခေါက်တွင် ချန်ကျဲ့သည် ရှေ့သို့ တည့်တည့်မသွားဘဲ ပစ်မှတ်ကို ရှောင်ကွင်းရန်အတွက် 'S' ပုံစံအတိုင်း ဝိုက်၍ လျှောက်သွားရန် ရည်ရွယ်ထားသည်။

ဤမိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်မှာ အစစ်၊အတု မသေချာသော်ငြား ၎င်းမှာ တကယ့်ကို ကြောက်မက်ဖွယ်အစွမ်းရှိကြောင်း ချန်ကျဲ့ သိသည်။ ခုနက သူ၏ နားဘေးမှ ထိုလက်နက် ဝှစ်ခနဲ ဖြတ်သွားစဉ်က ထိုလက်နက် သူ့ထံ ဦးတည်လာနေသည်ကို သတိပြုမိသော်လည်း မဟန့်တားနိုင်ခဲ့ပေ။

ထိုအပ်တစ်ချောင်း၏ အင်အားမှာ အမှန်တကယ် ပြင်းထန်လှပြီး သစ်ပင်များကို အလွယ်တကူ ထိုးဖောက်သွားနိုင်သည်။

အကယ်၍ ဦးခေါင်းကိုသာ ထိမှန်သွားပါက အလွန် အန္တရာယ်များလိမ့်မည်။

ထိုသို့တွေးလျက် ချန်ကျဲ့သည် ဖမ်းရခက်သည့် သားကောင်ကို ချောင်းမြောင်းနေသည့် သားရဲတစ်ကောင်အလား ကုချင်းဖုန်းကို အကဲခတ်နေရင်း ခြေလှမ်းအနည်းငယ် ပတ်လျှောက်နေလိုက်သည်။

ကုချင်းဖုန်းကလည်း မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်ကို ချန်ကျဲ့ဆီသို့ မလွတ်တမ်း ချိန်ရွယ်ထားသည်။

ဒီမိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်က တကယ်ပဲ အစစ်လား။

အဖြေမှာ အစစ်ဖြစ်ပါ၏။

ကုချင်းဖုန်းနှင့် သူ၏ အစ်ကိုဖြစ်သူ ကုချင်းရှန်းတို့သည် ငယ်စဉ်က နက်ရှိုင်းဝေးလံသည့် တောင်ကြားထဲတွင် လိုက်လံသတ်ဖြတ်ခံခဲ့သော သိုင်းပညာရှင်တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရာမှ ကံကောင်းမှုကြီးတစ်ရပ်နှင့် ကြုံတွေ့ခဲ့ရသည်။

သူတို့သည် ထိုအလောင်းကို ရှာဖွေကြည့်လိုက်ရာမှ ပန်းမိုးကဲ့သို့ ငွေကြဲဖြန့်ခြင်းဟူသည့် လျှို့ဝှက်သိုင်းကျမ်းနှင့် လက်နက်ပုန်းဖြစ်သည့် မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်တို့ကို ရှာတွေ့ခဲ့သည်။

ကံမကောင်းစွာဖြင့် မူလက ထိုလက်နက်တွင် ငွေအပ် ၂၇ ချောင်း ပါဝင်သော်လည်း သူတို့လက်ထဲ ရောက်ရှိလာချိန်တွင် ငွေအပ် ၁၀ ချောင်းသာ ကျန်ရှိတော့သည်။

သို့သော် ဤငွေအပ် ၁၀ ချောင်းနှင့် လက်နက်ပုန်းသိုင်းကျမ်းတို့ကြောင့် ညီအစ်ကိုနှစ်ဦးသည် ချောင်ကုန်သည်အဖွဲ့အတွင်း နေရာတစ်နေရာ ရယူနိုင်ခဲ့ကြသည်။

နောက်ပိုင်းတွင် သူတို့သည် ဤလက်နက်ကို အသုံးပြုကာ ပြိုင်ဘက်များစွာကို သတ်ဖြတ်ခဲ့သည်။ ယခု ကုချင်းဖုန်း၏ လက်ထဲတွင် ငွေအပ် ၃ ချောင်းသာ ကျန်ရစ်တော့၏။ ချန်ကျဲ့ကို ချုံခိုတိုက်ခိုက်စဉ်က တစ်ချောင်း သုံးခဲ့သောကြောင့် ယခုတွင် ငွေအပ် ၂ ချောင်းသာ ကျန်တော့သည်။

သို့ဖြစ်ရာ ကုချင်းဖုန်းသည် သူ့တွင် ပြန်လည်တိုက်ခိုက်နိုင်သည့် အခွင့်အရေး ၂ ကြိမ်သာ ကျန်ရှိတော့သောကြောင့် ချန်ကျဲ့ကို ထိခိုက်အောင် မလုပ်နိုင်မည်ကို စိုးရိမ်နေခဲ့သည်။

ထို့ပြင် မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်၏ ခြိမ်းခြောက်နိုင်စွမ်းသည် ၎င်း၏ အမှန်တကယ် သတ်ဖြတ်နိုင်စွမ်းထက် ပိုကြီးမားသည်။ အကယ်၍ သူ ပစ်လွှတ်လိုက်ပြီးနောက်တွင် ပြိုင်ဘက် သေဆုံးသွားလျှင် ကောင်းသော်လည်း မသေခဲ့ပါက ဒုက္ခရောက်ရလိမ့်မည်။

ထိုသို့တွေးလျက် ကုချင်းဖုန်းမှ ချန်ကျဲ့ကို ပြောသည်။

"ချန်ကျိုစစ် ငါ ပြောခဲ့ပြီးတဲ့စကားကိုပဲ ပြန်ပြောမယ်၊ ငါတို့ကြားမှာ အရင်က ရန်ငြိုးရန်စ မရှိခဲ့သလို ဒီနေ့လည်း မရှိဘူး။ အဲဒါကြောင့် အသေအကြေ တိုက်ခိုက်နေဖို့ မလိုဘူး။ ငါတို့ တစ်ယောက်ကိုတစ်ယောက် အခွင့်အရေးပေးပြီး တစ်လှမ်းစီ နောက်ဆုတ်ကြရင် ဘယ်လိုလဲ"

ချန်ကျဲ့ မျက်လုံးများကို မှေးကျုံ့လိုက်သည်။

"ကျုပ်ကတော့ မကောင်းဘူးလို့ ပြောချင်တယ်"

"ဒါဆို မင်းက အသေအကြေ တိုက်ချင်တယ်ပေါ့"

ချန်ကျဲ့က ကုချင်းဖုန်းကို စိုက်ကြည့်လိုက်သည်။

"ခင်ဗျားရဲ့ လက်နက်အိမ်ထဲမှာ လက်နက်ပုန်းတွေ ကုန်နေပြီ မဟုတ်လား"

"အဓိပ္ပာယ်မရှိတာတွေ"

ကုချင်းဖုန်းမှ ငြင်းဆန်သည်။

ချန်ကျဲ့၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်သွား၏။

"ခင်ဗျား ဝန်မခံပေမဲ့ ကျုပ် ကြားဖူးတာတော့ မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်က စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက်ကို ဒဏ်ရာရစေနိုင်ပြီး တစ်ခါပစ်လိုက်ရင် ငွေအပ်တွေက ကောင်းကင်တစ်ခွင် ပြည့်နှက်သွားပြီး ပုန်းစရာ နေရာမရှိဘူးတဲ့လေ။ ဒါပေမဲ့ ခုနက ခင်ဗျား ကျုပ်ကို ပစ်လိုက်တုန်းက ငွေအပ်တစ်ချောင်းတည်းပဲ ထွက်လာတာ ဘာကြောင့်များလဲ"

"ခင်ဗျားက ကျုပ်ကို မသတ်ရက်နိုင်လောက်အောင် ကြင်နာတတ်နေလို့လား ဒါမှမဟုတ်... ဟားဟား... ခင်ဗျားမှာ ငွေအပ်တွေ ကုန်နေလို့လား"

"ဟမ့် အပ်ကုန် မကုန် သိရအောင် စမ်းကြည့်လိုက်ပါလား"

ချန်ကျဲ့သည် ထိုစကားကို ကြားသော်လည်း မလှုပ်ရှားသေးပေ။ ချန်ကျဲ့ ဆက်လက် အကဲခတ်နေစဉ် ကုချင်းဖုန်းမှ ပြောသည်။

"မင်း စမ်းကြည့်ဖို့ ကြောက်နေရင်လည်း ငါ့ကို သွားခွင့်ပြုလိုက်တော့။ ငါ့နောက်ကို လိုက်မလာနဲ့"

ကုချင်းဖုန်းသည် ထိုသို့ပြောလျက် ဖြည်းဖြည်းချင်း နောက်ဆုတ်သွားသည်။

ကုချင်းဖုန်းသည် ဤနေရာမှ ထွက်ပြေးချင်နေပြီ ဖြစ်၏။ ဤနေရာမှ လွတ်မြောက်သွားသည်နှင့် သူသည် တောင်တန်းကြီးများထဲရှိ ငှက်တစ်ကောင်ကဲ့သို့ လွတ်လပ်သွားလိမ့်မည်။ ထို့ပြင် ကုချင်းဖုန်းသည် ချန်ကျဲ့၏ ပါးပြင်ပေါ်ရှိ ဒဏ်ရာကို သတိပြုမိလိုက်၏—

ထိုအချိန်၌ တောအုပ်အတွင်း မလှမ်းမကမ်းတွင် လူနှစ်ယောက်သည် အခြေအနေကို စောင့်ကြည့်နေကြသည်။

တစ်ယောက်မှ ပြောသည်။

"ကုချင်းဖုန်းဆီမှာ မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ် ရှိနေလိမ့်မယ်လို့ လုံးဝ မထင်ထားမိဘူးပဲ။ ငါတို့ ပြန်ရောက်ရင် ဂိုဏ်းချုပ်ကို သတင်းပို့ရမယ်"

"မလောနဲ့၊ ခဏလောက် ထပ်စောင့်ကြည့်ရအောင်"

"ဘာကို စောင့်ကြည့်ဦးမှာလဲ ချန်ကျိုစစ်က မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတာတောင် ကုချင်းဖုန်းကို တိုက်ခိုက်ရဲမှာတဲ့လား"

"ဘာလို့ မတိုက်ရဲရမှာလဲ"

"မင်းက ငတုံးလား မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်က အင်အားကြီးမားတဲ့ လက်နက်ပုန်းတစ်ခု ဖြစ်ရုံတင်မကဘူး၊ အဲဒီငွေအပ်တွေမှာ ပြင်းထန်တဲ့ အဆိပ်တွေ သုတ်ထားတာ။ ငွေအပ်ထိမှန်သွားတဲ့သူက ကိုယ်လက်တွေ ထုံကျဉ်လာပြီး အဲဒီကမှတစ်ဆင့်– အဆိပ်တွေက သွေးကြောထဲ ရောက်သွားမှာ။ အဲဒီအချိန်ကျရင်..."

ထိုစဉ်မှာပင် ကုချင်းဖုန်းကို အကဲခတ်ကြည့်နေသည့် ချန်ကျဲ့သည် သူ၏ ဒဏ်ရာတွင် ရုတ်တရက် ထုံကျဉ်လာသည်ကို ခံစားလိုက်ရပြီး နောက်ဆက်တွဲအနေဖြင့် ခေါင်းမူးလာခဲ့သည်။

အဆိပ်ပဲ

ချန်ကျဲ့ ထိတ်လန့်သွား၏။ ထိုအချိန်၌ ကုချင်းဖုန်းသည် နောက်ဆုတ်နေခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ထင်ဟပ်လာသည်။

"ဟားဟားဟား ချန်ကျိုစစ် ဘယ်လိုခံစားရလဲ ခေါင်းမူးနေပြီ မဟုတ်လား ဟားဟား... ငါ မပြောမိတာ တစ်ခုရှိတယ်၊ မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်မှာ ပြင်းထန်တဲ့ အဆိပ်တွေ သုတ်ထားတာကွ"

"ဒါက ထန်ဂိုဏ်းရဲ့သိုင်းပညာရှင်တစ်ယောက် ဖော်စပ်ထားတဲ့ အဆိပ်ပဲ။ သာမန်လူတွေအတွက် ချက်ချင်း သေစေနိုင်သလို စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရှိတဲ့ သိုင်းပညာရှင်ဖြစ်ရင်တောင်မှ ဒီအဆိပ်မိပြီး ချက်ချင်း မကုသနိုင်ရင် အသက်အန္တရာယ် ရှိနိုင်တယ်"

"ကဲ ချန်ကျိုစစ်၊ မင်း ငါ့ကို သတ်ချင်သေးသလား"

ကုချင်းဖုန်း၏ မျက်နှာတွင် အေးစက်သော လှောင်ပြုံးတစ်ခု ရှိနေခဲ့သည်။ ချန်ကျဲ့သည် မူးဝေနေသော ဦးခေါင်းကို ခါယမ်းလိုက်ပြီး အကြည့်များကို ပြန်လည် စူးရှစေကာ ကုချင်းဖုန်းကို ကြည့်လိုက်သည်။

"ခင်ဗျား ဘာပြောချင်တာလဲ"

ကုချင်းဖုန်းမှ ပြောသည်။

"ဟားဟား ငါ ဘာမှမ‌ပြောချင်ပါဘူး၊ မင်းကို သေစေချင်ရုံပဲ"

ထိုသို့ပြောနေရင်း ကုချင်းဖုန်းသည် ချန်ကျဲ့ကို ဓားဖြင့် တိုက်ခိုက်လာသည်။ ချန်ကျဲ့သည် မျက်စိရှေ့တွင် အလင်းတန်းတစ်စ လက်သွားသည်ကို မြင်လိုက်ရသဖြင့် အမြန် ရှောင်တိမ်းလိုက်သည်။

ပုံမှန်ဆိုလျှင် ကုချင်းဖုန်း၏ တိုက်ခိုက်မှုအရှိန်မှာ ချန်ကျဲ့အတွက် ရှင်းရှင်းလင်းလင်း မြင်နိုင်သော်လည်း အဆိပ်မိသွားပြီးနောက်တွင်မူ ချန်ကျဲ့၏ လှုပ်ရှားမှုများမှာ နှေးကွေးသွားပြီး ကုချင်းဖုန်း၏ လှုပ်ရှားမှုများမှာ ရုတ်တရက် ပိုမြန်လာသကဲ့သို့ ခံစားနေရသည်။

ချန်ကျဲ့သည် မျက်မှောင်ကြုတ်ထားလျက် ဓားတစ်ချက်ပြီး တစ်ချက်ကို ရှောင်တိမ်းနေရသည်။

နှစ်ချက်၊ သုံးချက်... ကုချင်းဖုန်း၏ မျက်နှာထက်ရှိ ကြမ်းကြုတ်ရက်စက်သော အပြုံးသည် ပို၍ ထင်ရှားလာသည်

"ဟားဟား ကောင်းတယ်၊ ဆက်ရှောင်နေလိုက်။ မင်း ဘယ်လောက်ကြာကြာ ရှောင်နိုင်မလဲ ငါ ကြည့်ချင်သေးတယ်။ မင်း တစ်ကြိမ် ရှောင်နိုင်ရင်တောင် နှစ်ကြိမ်၊ သုံးကြိမ်ကျရင်ရော မင်းရဲ့ လှုပ်ရှားမှုတွေက ပိုနှေးလာပြီး အဆိပ်က ပိုပြင်းလာတော့မှာ။ အဲဒီအချိန်ကျရင် မင်း ဘယ်လိုရှောင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

ကုချင်းဖုန်းသည် စကားပြောရင်း သူ၏ ဓားမြှောင်ဖြင့် ချန်ကျိုစစ်ကို မနားတမ်း ပစ်မှတ်ထား တိုက်ခိုက်နေခဲ့၏။

တောအုပ်ထဲအတွင်း မလှမ်းမကမ်းမှ စောင့်ကြည့်နေကြသော နန်ပါးထျန်း၏ လူနှစ်ယောက်သည် ခေါင်းခါလိုက်ကြသည်။

"နောက်ဆုံးမှာ သေရမယ့်သူက ချန်ကျိုစစ် ဖြစ်နေမယ်လို့ ဘယ်သူ ထင်ထားမှာလဲ"

All Chapters