အခန်း (၅၂၂)
Vol. 42 Ch. 522
အခန်း 522
"ပြေးတော့"
ထိုလူနှစ်ဦးသည် ချန်ကျဲ့ သူတို့ဘက်သို့ လှည့်ကြည့်လာသည်ကို မြင်သောအခါ အလွန်အမင်း ထိတ်လန့်သွားကြပြီး အော်ဟစ်ကာ နောက်လှည့်ထွက်ပြေးကြတော့သည်။ သူတို့သည် သတင်းထောက်လှမ်းသူများသာ ဖြစ်ကြပြီး ဤနေရာတွင် အသက်မဆုံးရှုံးလိုကြပါချေ။
"ပြေးချင်တာလား"
ချန်ကျဲ့၏ မျက်နှာထက်တွင် အေးစက်သော အပြုံးတစ်ခု ဖြစ်တည်လာ၏။
အမှန်စင်စစ်တွင် ချန်ကျဲ့သည် အစကတည်းက ဤလူနှစ်ဦးရှိနေသည်ကို သတိပြုမိခဲ့သော်လည်း ထိုစဉ်က ကုချင်းဖုန်းသည် အဓိက ပစ်မှတ်ဖြစ်သောကြောင့် သူတို့ကို အာရုံမစိုက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုတွင်မူ အခြေအနေ ပြောင်းလဲသွားလေပြီ။ ချန်ကျဲ့သည် နဂါးနိုင်လက်ဝါး ၁၇ ကွက်ကို ထုတ်သုံးခဲ့သည်ဖြစ်ရာ ထိုလူနှစ်ဦးကို လွှတ်ပေးလိုက်ပါက သူ၏ လျှို့ဝှက်ချက်မှာ ပေါက်ကြားသွားလိမ့်မည်။
ထိုသို့တွေးမိသည်နှင့် ချန်ကျဲ့သည် အကြည့်များ စူးရှသွားပြီး ဘေးရှိ လှံရှည်ကို ဆုပ်ကိုင်လိုက်သည်။
ထို့နောက် လှံကို ပစ်လွှတ်လိုက်သည်။
ထို့နောက် လျှပ်စီးခြေလှမ်းသိုင်းကို အသုံးပြု၍ လေတွင် လွင့်ပျံနေသည့် လှံကို ကျော်တက်ကာ ထိုလူနှစ်ယောက်၏ နောက်ကျောသို့ သွားလိုက်သည်။
နောက်တဒင်္ဂ၌ ချန်ကျဲ့သည် လှံရှည်ကို ပြန်ဖမ်းဆုပ်လိုက်ပြီး အေးစက်သော အလင်းတန်းနှင့်အတူ ထွက်ပြေးနေသော သတင်းထောက်လှမ်းသူတစ်ဦးကို လှံဖြင့် ထိုးစိုက်လိုက်သည်။ ထို့နောက် လှံဖျားကို ကျန်တစ်ဦး၏ ပခုံးပေါ်သို့ တင်လိုက်သည်။
"ခန်းမအရှင်သခင်ချန် ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ၊ အသက်ချမ်းသာပေးပါ"
ကျန်လူတစ်ဦးမှာ အလွန်အမင်း ကြောက်လန့်သွားသဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး ဒူးထောက်ကာ အသည်းအသန် ဦးတိုက်တောင်းပန်တော့သည်။
ချန်ကျဲ့ မေးလိုက်သည်။
"မင်းတို့ကို ဘယ်သူလွှတ်လိုက်တာလဲ"
"ခေါင်း... ခေါင်းဆောင်နန် ပါ"
"အင်း ဘာအတွက်လဲ"
"အစကတော့ ကျွန်တော်တို့က လူသတ်သမားက ကုချင်းဖုန်းဖြစ်ကြောင်း သက်သေပြဖို့ ထင်းခုတ်သမားတစ်စုကို ခေါ်လာဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ ကုချင်းဖုန်းက ဌာနချုပ်ဆီက စာပို့ခိုရပြီးနောက်မှာ တိုက်ခိုက်မယ့်နေရာကို ရုတ်တရက် ပြောင်းလိုက်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း နောက်ကနေ လိုက်လာပြီး သတင်းပြန်ပို့ဖို့ နည်းလမ်းရှာဖို့ပဲ တတ်နိုင်ပါတော့တယ်"
"အင်း မင်းက တော်တော်ရိုးသားတာပဲ"
ချန်ကျဲ့မှ သူ၏အဖြေကို လက်ခံပေးလိုက်ရာ ထိုသူက ချက်ချင်း ပြောလာသည်။
"ခန်းမအရှင်သခင်ချန်ကို ကျေးဇူးတင်ပါတယ်။ ခန်းမအရှင်သခင်ချန် သူလျှိုလိုအပ်လားဗျ။ ကျွန်တော် ဌာနချုပ်ကို ပြန်သွားပြီးတော့..."
အာ့
ချန်ကျဲ့သည် ထိုသူကို စကားပင် ဆုံးအောင်ပြောခွင့်မပြုဘဲ လှံဖြင့် ထိုးသတ်လိုက်သည်။
ကိုယ့်ရဲ့ခေါင်းဆောင်ကို အလွယ်တကူ သစ္စာဖောက်နိုင်တဲ့လူကို ငါ ဘယ်လို ယုံကြည်ရမလဲ။
ထို့ပြင် နဂါးနိုင်လက်ဝါး ၁၇ ကွက်သည် လုံးဝ ပေါက်ကြား၍မဖြစ်သော လျှို့ဝှက်ချက်ဖြစ်ရာ ထိုသူနှစ်ဦးမှာ သေကိုသေရပေမည်။
သို့သော် သူတို့၏ စကားများအရ ဤကိစ္စမှာ နန်ပါးထျန်း၏ အစီအစဉ်ဖြစ်ကြောင်း ချန်ကျဲ့ နားလည်လိုက်သည်။ ဆိုလိုသည်မှာ ဤရန်ငြိုးကို နန်ပါးထျန်းထံတွင် စာရင်းရှင်းရမည်ဟူ၍ ဖြစ်သည်။
ကောင်းပြီလေ နန်ပါးထျန်း၊ ခင်ဗျားက ဒီလိုဆိုမှတော့ ကျုပ်တို့ကြားမှာ ဆွေးနွေးစရာတွေ ရှိလာပြီပေါ့။
ဤကိစ္စအပြင် ချန်ကျဲ့၏ စိတ်ထဲတွင် အခြားပြဿနာတစ်ခုကိုလည်း စဉ်းစားနေမိသည်။
၎င်းမှာ သူ၏ သတင်းအချက်အလက်စနစ်၌ ဟာကွက်တစ်ခုရှိနေခြင်း ဖြစ်သည်။
စနစ်တွင် အမှန်တကယ်ပင် ဟာကွက်တစ်ခု ရှိနေပါ၏။
၎င်းမှာ သတင်းအချက်အလက်စနစ်တစ်ခုမျှသာ ဖြစ်ပြီး အသစ်ဖြစ်သော သတင်းအချက်အလက်များ၏ အခြေအနေကိုသာ ပေးစွမ်းနိုင်ခြင်းဖြစ်သည်။
ထိုအခြေအနေများသည် ချန်ကျဲ့၏ ကိုယ်ပိုင်လုပ်ဆောင်ချက်များအပေါ် မူတည်၍ ပြောင်းလဲနိုင်သည်။
ဥပမာဆိုရသော် ချန်ကျဲ့သည် နန်ပါးထျန်း အကျပ်ရိုက်စေရန် နည်းဗျူဟာစီစဉ်ခဲ့သောကြောင့် နန်ပါးထျန်းသည် သူ၏ အစီအစဉ်များကို ပြောင်းလဲခဲ့ရပြီး လုပ်ကြံမည့်နေရာမှာ ယခင်စီစဉ်ထားသည့် ယန်ကျားမြို့မှ မိုင်နှစ်ဆယ်တည်းခိုေဆာင်သို့ ပြောင်းလဲသွားခဲ့သည်။
တစ်နည်းဆိုရသော် သူ၏ ရွေးချယ်မှုများသည် သတင်းအချက်အလက်တစ်ခုလုံး၏ ဦးတည်ချက်ကို ပြောင်းလဲစေနိုင်သည်။
အတိတ်ကလည်း ချန်ကျဲ့သည် ကြိုတင်ဟောကိန်းထုတ်သော သတင်းအချက်အလက်အချို့ကို ရရှိခဲ့သည်။ ဥပမာ - သူ၏ မူလအရင်းအနှီးကို စတင်ရှာဖွေခဲ့စဉ်က ဝံပုလွေချောက်၌ သမားတော်ပိုင်၏ ခြေကျင်းဝတ်ထိခိုက်သွားမည်ကို စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။
ထိုသတင်းအချက်အလက်သည် ကြိုတင်ဟောကိန်းတစ်မျိုးဖြစ်ပြီး ချန်ကျဲ့အား ဖြစ်လာမည့် ဖြစ်ရပ်တစ်ခုအကြောင်းကို ပြောပြခဲ့သည်မှာ အလွန်တိကျခဲ့သည်။ ချန်ကျဲ့လည်း စောင့်ဆိုင်းနေခဲ့ပြီး သမားတော်ပိုင်လည်း အမှန်တကယ် ထွက်ပေါ်လာခဲ့သည်။ ထိုစဉ်က အဘယ်ကြောင့် မပြောင်းလဲခဲ့သနည်း။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ချန်ကျဲ့သည် ဇာတ်လမ်း၏ ဦးတည်ချက်ကို မပြောင်းလဲခဲ့သောကြောင့် ဖြစ်သည်။
အကယ်၍ ချန်ကျဲ့သည် သမားတော်ပိုင်ကို အိမ်တံခါးဝတွင် ကြိုတင်တားဆီးကာ တောင်ပေါ်သို့ မတက်ခိုင်းခဲ့လျှင် ပြောင်းလဲသွားနိုင်ပေသည်။
ဆိုလိုသည်မှာ ချန်ကျဲ့သည် သတင်းအချက်အလက်များအတွင်းရှိ ဇာတ်လမ်းဦးတည်ချက်ကို ပြောင်းလဲနိုင်သော ထူးခြားသည့် ဖြစ်တည်မှုတစ်ခု ဖြစ်လာနိုင်သည်။
ယခုတစ်ကြိမ်တွင် ချန်ကျဲ့သည် နန်ပါးထျန်းကို ဆန့်ကျင်ရန် မစီစဉ်ဘဲ မသိနားမလည်ဟန်ဆောင်ခဲ့လျှင် ကုချင်းဖုန်း၏ လုပ်ကြံမည့်နေရာမှာ ယန်ကျားမြို့သာ ဖြစ်နေခဲ့လိမ့်မည်။
ဤအချက်တွင် ချန်ကျဲ့ နားလည်သွား၏။
သတင်းအချက်အလက်သည် အစီရင်ခံချက်တစ်ခုသာဖြစ်ပြီး မပြောင်းလဲနိုင်သော စည်းမျဉ်းတစ်ခု မဟုတ်ပါချေ။
ချန်ကျဲ့ ပါဝင်ပတ်သက်လိုက်သည်နှင့် နောက်ဆက်တွဲ တုံ့ပြန်မှုများကို ဖြစ်ပေါ်စေနိုင်သည်။ ဤကမ္ဘာကြီးသည် အစစ်အမှန် ဖြစ်၏။ ကြိုတင်ဒီဇိုင်းဆွဲထားသည့်အရာ မဟုတ်ပေ။ လူသားများသည်လည်း နတ်ဘုရားများ မဟုတ်သဖြင့် အရာရာကို ပြီးပြည့်စုံအောင် မလုပ်ဆောင်နိုင်ကြချေ။
သို့ဖြစ်ရာ သတင်းအချက်အလက်စနစ်သည် အကူအညီတစ်ခုအဖြစ်သာ တည်ရှိနေခြင်းဖြစ်ပြီး ကောင်းကင်ကို ဆန့်ကျင်ကာ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည့်အရာ မဟုတ်ပေ။
အောင်မြင်ရန်အတွက် မိမိကိုယ်တိုင်၏ ရုန်းကန်မှုလိုအပ်သည်။ မိမိကိုယ်တိုင် တိုက်ပွဲဝင်၍ ရယူထားသောအရာသည်သာလျှင် အမှန်တကယ် တည်ရှိသောအရာ ဖြစ်သည်။
ချန်ကျဲ့သည် ထိုသို့တွေးတောရင်း သတင်းအချက်အလက်စနစ်အပေါ် အမြင်သစ်တစ်မျိုးဖြင့် နားလည်သွားခဲ့သည်။
လက်ရှိ သတင်းအချက်အလက်စနစ်မှ ပေးသော အချက်အလက်များကို အဓိက အမျိုးအစားနှစ်ခု ခွဲခြားနိုင်သည်။
ပထမတစ်ခုမှာ အတိတ်ကာလဖြစ်ပြီး ဒုတိယတစ်ခုမှာ အနာဂတ်ကာလဖြစ်သည်။
အတိတ်ကာလသည် ဖြစ်ပျက်ပြီးသား ကိစ္စများဖြစ်ပြီး ပြောင်းလဲ၍ မရနိုင်သောကြောင့် သတင်းအချက်အလက်မှာ ၁၀၀ ရာခိုင်နှုန်း သေချာကာ အပြစ်အနာအဆာ မရှိပေ။
သို့သော် အနာဂတ်ကာလမှာမူ ကွဲပြားသည်။ အနာဂတ်ကာလတွင် ကြိုတင်ဟောကိန်းထုတ်သည့် သတင်းအချက်အလက်များ ပါဝင်သည်။ ဥပမာ - မနက်ဖြန်တွင် သမားတော်ပိုင် ဝံပုလွေချောက်၌ ချော်လဲမည် သို့မဟုတ် သုံးရက်အကြာတွင် ကုချင်းဖုန်းက ပိုင်ဝမ့်ကျင်းကို ယန်ကျားမြို့တွင် ချုံခိုတိုက်ခိုက်မည်ကဲ့သို့ စသည်တို့ ဖြစ်သည်။
ထိုသို့သော သတင်းများသည် အနာဂတ်ဖြစ်ရပ်များဖြစ်သောကြောင့် ပြောင်းလဲနိုင်သည်။
၎င်းကို ချန်ကျဲ့တစ်ဦးတည်းက ပြောင်းလဲနိုင်ခြင်းမဟုတ်ဘဲ နောက်ဆက်တွဲ တုံ့ပြန်မှုတစ်ခုလည်း ဖြစ်နိုင်သည်။ ယခုတစ်ကြိမ်ကဲ့သို့ပင် ချန်ကျဲ့၏ မျန့်ရွှေစီရင်စုမြို့အတွင်း ပြုလုပ်ခဲ့သည့် အစီအစဉ်များကြောင့် နန်ပါးထျန်းနှင့် သူ၏ အပေါင်းအပါများက တုံ့ပြန်မှုအနေဖြင့် လုပ်ကြံမည့်နေရာကို ပြောင်းလဲခဲ့သည်။
ဤသည်မှာ ခန့်မှန်းရ ခက်လှသည်။
ဤသို့အလုပ်လုပ်ခြင်း မဟုတ်လျှင် ဤစနစ်သည် သတင်းအချက်အလက်စနစ် မဟုတ်ဘဲ နတ်ဘုရားစနစ် ဖြစ်နေပေလိမ့်မည်။
ချန်ကျဲ့သည် နောက်ဆုံးတွင် သတင်းအချက်အလက်များအပေါ် ရှင်းလင်းသော နားလည်မှုအသစ်တစ်ခု ရရှိသွားသဖြင့် ခေါင်းကို အသာအယာ ညိတ်လိုက်သည်။
ချန်ကျဲ့ တွေးတောနေရင်း ခေါင်းကို အနည်းငယ် လှုပ်ရှားလိုက်စဉ် ဦးနှောက်မှာ ရုတ်တရက် လေးလံထိုင်းမှိုင်းသွားပြီး အမြင်အာရုံများ ဝေဝါးလာခဲ့သည်။
ချန်ကျဲ့ ရင်ထိတ်သွားလျက် တွေးလိုက်သည်။
မကောင်းတော့ဘူး။ မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်ရဲ့ အဆိပ်ပြင်းက အာနိသင် စပြနေပြီ
ခုနက ကုချင်းဖုန်းကို သတ်နိုင်ရန် အသည်းအသန် ကြိုးစားနေစဉ်က ချန်ကျဲ့သည် အဆိပ်ကို ထိန်းချုပ်ထားသော အတွင်းအားများကို လွှတ်လိုက်မိသဖြင့် အဆိပ်မှာ ပျံ့နှံ့သွားခြင်း ဖြစ်သည်။
မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်၏ အဆိပ်မှာ အလွန်ပြင်းထန်ပြီး ထန်ဂိုဏ်း၏ အမှတ်သင်္ကေတဖြစ်သော လက်နက်ပုန်းတစ်ခုအနေဖြင့် ထူးခြားသည့် အဆိပ်စွမ်းရည်ရှိသည်။
စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရှိသော သိုင်းပညာရှင်ပင်လျှင် ထိမှန်ပါက ခုခံနိုင်စွမ်း မရှိပါချေ။
ကံကောင်းသည်မှာ ချန်ကျဲ့သည် အပ်တစ်ချောင်းတည်းသာ ထိမှန်ထားခြင်းဖြစ်ပြီး ၎င်းမှာလည်း နက်ရှိုင်းသော ဒဏ်ရာမဟုတ်ဘဲ ပြတ်ရှရုံမျှသာ ဖြစ်သည်။ အကယ်၍များ ငွေအပ် ၂၇ ချောင်းလုံး တစ်ပြိုင်နက် အပစ်ခံရပြီး အဆိပ်ပမာဏမှာလည်း နှစ်ဆဖြစ်နေခဲ့လျှင် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ရှိသူပင်လျှင် သေဆုံးနိုင်လောက်ပေသည်။