← Chapters

အခန်း (၅၂၃)

Vol. 42 Ch. 523

အခန်း (၅၂၃)

Vol. 42 Ch. 523

အခန်း 523

ချန်ကျဲ့သည် ခေါင်းထဲတွင် ပို၍ နေထိုင်ရခက်ခဲလာသည်အထိ တွေးတောနေမိသည်။ ထိုအခိုက်အတန့်တွင် သူသည် မိမိကိုယ်မိမိ လဲမကျသွားစေရန် လှံရှည်ကို အားပြုထောက်ထားရင်း ယန်ချွမ်ကျင့်စဉ်ကို အစွမ်းကုန် ကြိုးစားပြီး လည်ပတ်စေလိုက်သည်။

ယန်ချွမ်ကျင့်စဉ်၏ အတွင်းအားစီးဆင်းမှုကြောင့် ချန်ကျဲ့သည် အနည်းငယ် သက်သာရာရနိုင်ခဲ့သည်။

သို့သော် အဆိပ်မှာ သွေးထဲသို့ ရောက်ရှိနေပြီဖြစ်ရာ ခဏတာအတွင်း ဖယ်ရှားပစ်ရန် မလွယ်ကူပါချေ။

ချန်ကျဲ့၏ ခန္ဓာကိုယ် အလွန်အမင်း အားနည်းလာခဲ့စဉ်တွင် သူ၏အရှေ့မှ အသံတစ်ခု ထွက်ပေါ်လာသည်။

"ကျိုစစ်..."

၎င်းမှာ သမားတော်ပိုင်၏ အသံဖြစ်သည်။ ချန်ကျဲ့သည် ထိုအသံကို ကြားရသော်လည်း မျက်လုံးများမှာ မြူနှင်းများဖုံးလွှမ်းနေသကဲ့သို့ ဝေဝါးနေသဖြင့် ရှင်းရှင်းလင်းလင်း မမြင်ရပါချေ။

သမားတော်ပိုင်သည် ၎င်းကိုမြင်လျှင် ချက်ချင်း ရှေ့တိုးလိုက်ပြီး ချန်ကျဲ့၏ လက်ကောက်ဝတ်ကို စမ်းသပ်လိုက်သည်။

ချန်ကျဲ့သည် သူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာသည့် နွေးထွေးသော လက်တစ်ဖက်ကို ခံစားလိုက်ရသည်။ သမားတော်ပိုင်သည် ဖျားနေဆဲဖြစ်ရာ သူ၏လက်မှာ အမှန်တကယ်ပင် ပူနွေးနေခဲ့သည်။

သမားတော်ပိုင်သည် ချန်ကျဲ့၏ သွေးခုန်နှုန်းကို စမ်းသပ်ရင်း ပြောသည်။

"ပြင်းလိုက်တဲ့အဆိပ်ပဲ။ နှလုံးသွေးကြောတွေထဲတောင် ရောက်သွားပြီလား"

သမားတော်ပိုင်သည် အိတ်ကပ်ထဲမှ ပုလင်းငယ်တစ်လုံးကို ထုတ်ယူလိုက်ပြီး အတွင်းရှိ ဆေးလုံးတစ်လုံးကို ချန်ကျဲ့၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

ထို့နောက် ပြောသည်။

"တင်ပျဉ်ခွေထိုင်ပြီး အသက်ရှူတာကို အာရုံစိုက်ပြီး စွမ်းအင်တွေကို စီးဆင်းစေလိုက်"

ထိုအခါ ချန်ကျဲ့သည် မည်သို့လုပ်ဆောင်ရမည်ကို ချက်ချင်း နားလည်လိုက်သဖြင့် မျက်လုံးမှိတ်လိုက်သည်။ ယန်ချွမ်ကျင့်စဉ်သည် အသက်ရှူခြင်းနှင့်အတူ စီးဆင်းလည်ပတ်သည်။ ထို့နောက် မကြာမီတွင် ချန်ကျဲ့သည် ရင်ဘတ်အတွင်း၌ ပူရှိန်းသကြားလုံးတစ်လုံး စားလိုက်သကဲ့သို့ အေးမြမှုကို ခံစားလိုက်ရသည်။

ထို့နောက် အမြင်အာရုံသည် တဖြည်းဖြည်း ပြန်လည်ကြည်လင်လာပြီး အဆိပ်သည်လည်း ထိုအေးမြမှုနှင့် ဆုံတွေ့ချိန်တွင် စတင် ပျက်ပြယ်သွားတော့သည်။ ခဏကြာပြီးနောက်၌ ချန်ကျဲ့ ခုနက ခံစားနေရသော အားအင်ကုန်ခမ်းမှုများ ပျောက်ကင်းသွားခဲ့သည်။

အတွင်းအား အမြောက်အများ အသုံးပြုလိုက်ရသဖြင့် ခန္ဓာကိုယ် အနည်းငယ် နုံးခွေနေသည်မှအပ အခြားကြီးမားသော ပြဿနာ မရှိတော့ချေ။

ချန်ကျဲ့ မျက်လုံးကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်သည့်အခါတွင် ပင်ပန်းနွမ်းနယ်နေသော်လည်း စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

"အဆင်ပြေရဲ့လား"

ချန်ကျဲ့ ချက်ချင်း လက်သီးယှက်အရိုအသေပြုလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာ"

"အဟွတ် အဟွတ် အဟွတ်... ငါတို့ ဆရာတပည့်ကြားမှာ ဒီလိုစကားတွေ ပြောနေဖို့ မလိုပါဘူး အဟွတ် အဟွတ်..."

"ဆရာ အဆင်ပြေရဲ့လား"

ပိုင်ဝမ့်ကျင်း လက်ခါပြလိုက်သည်။

"အအေးမိရုံပါပဲ"

ထိုအချိန်၌ ချန်ကျဲ့သည် မိမိကိုယ်ကိုယ် အပြစ်မကင်းသကဲ့သို့သော ခံစားချက်ဖြင့် နောက်တစ်ကြိမ် လက်သီးယှက် အရိုအသေပြုလိုက်သည်။

"ကျွန်တော့်ရဲ့ ပေါ့ဆမှုကြောင့် ဆရာ ထိတ်လန့်သွားရပါပြီ”

ပိုင်ဝမ့်ကျင်းမှ ပြောသည်။

"ဒါ မင်းအပြစ်မဟုတ်ပါဘူး၊ မင်း အစွမ်းကုန် ကြိုးစားခဲ့တာပဲ။ တချို့အရာတွေက ဒီလိုပဲလေ၊ အရာရာတိုင်းကတော့ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်လာပါ့မလား။ ဒီကလေးတွေအတွက်ပဲ စိတ်မကောင်းဖြစ်မိတာပါ"

ပိုင်ဝမ့်ကျင်းသည် လဲကျသေဆုံးနေသော သက်တော်စောင့်များနှင့် ကျားဖြူခန်းမ အဖွဲ့သားများကို ကြည့်ကာ သက်ပြင်းမချမိအောင် မထိန်းချုပ်နိုင်ပေ။ မျက်လုံးများတွင်လည်း မျက်ရည်များ ဝဲတက်လာခဲ့သည်။

ချန်ကျဲ့လည်း တိတ်ဆိတ်သွားပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကို ကြည့်နေမိသည်။ ထို့နောက် ပြောသည်။

"သူတို့အားလုံး အကောင်းဆုံး လုပ်ဆောင်ခဲ့ကြပါတယ်။ ကျုပ် ချန်ကျိုစစ် သူတို့အပေါ် အကြွေးတင်သွားခဲ့ပြီ"

"ခန်းမအရှင်သခင်က ကျွန်တော်တို့အပေါ် ဘာမှ အကြွေးမတင်ပါဘူး"

ချန်ကျဲ့၏ ထိုစကားအဆုံး၌ အသံတစ်ခု ထွက်ပေါ်လာသည်။ ချန်ကျဲ့ လှည့်ကြည့်လိုက်ရာ ထိုသူမှာ ချန်ကျူး ဖြစ်၏။

"အားကျူး”

ချန်ကျဲ့သည် ချန်ကျူးကို မြင်သောအခါ အမည်ကို ခေါ်လိုက်သည်။ ချန်ကျူးမှ ပြောသည်။

"ခန်းမအရှင်သခင် ကျွန်တော်တို့အားလုံးက ဆန္ဒရှိလို့ လုပ်ခဲ့တာပါ။ ကျားဖြူခန်းမအတွက်၊ ခန်းမအရှင်သခင်အတွက် အသက်ပေးရတာ ကျွန်တော်တို့အားလုံး ဘယ်သူမှ နောင်တမရပါဘူး။ အကယ်၍ ခန်းမအရှင်သခင်က အကြွေးတင်တယ်လို့ ပြောမယ်ဆိုရင် အဲဒီစကားက ကျွန်တော်တို့ ညီနောင်တွေကို စိတ်နာကျင်စေပါလိမ့်မယ်"

ထိုစကားကြောင့် ချန်ကျဲ့သည် ချန်ကျူးကို ငေးစိုက်ကြည့်နေမိသည်။

ချန်ကျူးသည် မျက်ရည်များကို သုတ်လိုက်ပြီး ပြောသည်။

"ခန်းမအရှင်သခင် ကျွန်တော်က ကျားဖြူခန်းမရဲ့ ချန်ကျူးပါ"

"ချန်ကုံ ..."

"ကျွန်တော် တံဆိပ်ပြားကို တင်ပြပါတယ်၊ ကျွန်တော်တို့ သမားတော်ပိုင်ကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာနိုင်ခဲ့ပါပြီ။ ခန်းမအရှင်သခင် ကျေးဇူးပြုပြီး တံဆိပ်ပြားကို စစ်ဆေးပေးပါ"

ချန်ကျူးသည် ဒူးတစ်ဖက် ထောက်ချလိုက်သည်။ သူ၏မျက်လုံးများတွင် မျက်ရည်များ ရစ်ဝဲနေခဲ့သည်။ သူသည် အသက်စတေးခဲ့ရသော သူ၏ညီနောင် ၁၀ ဦးကို ပြန်လည်အမှတ်ရနေသည်။ ယနေ့၌ ဤတံဆိပ်ပြားမှာ အလွန်တရာ လေးလံနေသကဲ့သို့ ခံစားရသည် - ဤသည်မှာ သူ၏ညီနောင်များ အသက်နှင့်လဲ၍ ရယူပေးခဲ့သည့်အရာ မဟုတ်ပါလော။

ချန်ကျဲ့သည် ဒူးထောက်နေသော ချန်ကျူးနှင့် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျနေသော ချန်ကုံတို့ကို ကြည့်လိုက်သည်။

ချန်ကျဲ့၏ မျက်လုံးများတွင်လည်း မျက်ရည်များ စိုစွတ်လာခဲ့သည်။

ချန်ကျဲ့သည် ချန်ကျူးဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ပြီး စိတ်ကို ထိန်းကာ ပြောလိုက်သည်။

"ကျားသက်တော်စောင့်တပ်ဖွဲ့ အမိန့်နာခံ"

"ရှိပါတယ်"

"တံဆိပ်ပြားကို လွှဲပြောင်းပေးပါ"

"ဟုတ်ကဲ့"

ချန်ကျဲ့သည် ချန်ကျူး ကမ်းပေးသော တံဆိပ်ပြားကို လက်ခံယူလိုက်သည်။ တံဆိပ်ပြားပေါ်တွင် ငွေရောင်ကျားခေါင်းပုံ ပါရှိပြီး ၎င်းသည် ဖန်းရှစ်ကျုံးမှ လက်ဆင့်ကမ်းပေးအပ်ခဲ့သော ကျားဖြူခန်းမ အမိန့်ပေးတံဆိပ်ပြား ဖြစ်သည်။

ချန်ကျဲ့သည် တံဆိပ်ပြားကို ဆုပ်ကိုင်ရင်း မတည်ငြိမ်နိုင်သော စိတ်ခံစားချက်များကို ဖိနှိပ်ထိန်းချုပ်ကာ ပြောလိုက်သည်။

"ညီနောင်တို့ အားလုံးပဲ ပင်ပန်းခဲ့ကြပြီ။ အေးအေးချမ်းချမ်း အနားယူကြပါ၊ ကျန်တဲ့ကိစ္စတွေကို ငါ မင်းတို့အတွက် အဆုံးသတ်ပေးပါ့မယ်။ ငါတို့ပြန်ယူရမယ့် လက်စားချေမှုအတွက် နည်းနည်းလေးမှ မလျော့နည်းစေရဘူး"

ချန်ကျဲ့၏ စကားလုံးများတွင် ပြင်းပြစွာသော ဆုံးဖြတ်ချက်ခိုင်မာမှုများ ပါဝင်နေသည်။

ကုချင်းဖုန်းသည် ဓားတစ်လက်မျှသာ ဖြစ်ပြီး ဤဖြစ်ရပ်၏ နောက်ကွယ်မှ တကယ့် ကြိုးကိုင်သူမှာ နန်ပါးထျန်း ဖြစ်သည်။

ယခုတစ်ကြိမ်တွင် ရန်ငြိုးမှာ အလွန်ကြီးမားသွားပြီဖြစ်ရာ အသေအကြေ တိုက်ပွဲဝင်ရတော့မည် ဖြစ်သည်။

ချန်ကျဲ့ တစ်ဦးတည်း တိတ်ဆိတ်စွာ ရပ်နေစဉ် ပိုင်ဝမ့်ကျင်း ရောက်လာပြီး ပုလင်းငယ်လေး တစ်လုံး ကမ်းပေးသည်။

"ဆရာ ဒါက"

"ရသာကိုးသွယ်အဆိပ်ဖြေဆေးလုံး”

"စုစုပေါင်း ငါးလုံး ရှိတယ်၊ မင်း တစ်လုံး သောက်လိုက်ပြီ"

ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။ ခုနက သူ သောက်လိုက်သည်မှာ ရသာကိုးသွယ်အဆိပ်ဖြေဆေးလုံးဖြစ်သောကြောင့် မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်၏ ပြင်းထန်သော အဆိပ်ကို အလွယ်တကူ ဖြေဖျောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း နားလည်သွားခဲ့သည်။

သူ၏ဆရာသည် သူ့ကို ဆေးလုံး၄လုံး ပေးလိုက်သည်။ ဆိုလိုသည်မှာ လျိုလောင်ကွေ့အတွက် တစ်လုံးနှင့် သူကိုယ်တိုင်အတွက် သုံးလုံး ဖြစ်သည်။ မဆိုးပါချေ။ သူ့အတွက် နောက်ထပ် ဝှက်ဖဲတစ်ခု တိုးလာခဲ့လေပြီ။

ချန်ကျဲ့သည် ချန်ကျူးကို ကြည့်လျက် ပြောသည်။

"အားကျူး ငါတို့ညီနောင်တွေထဲ မင်းနဲ့ အားချွမ်ပဲ ကျန်တော့တာလား"

အားကျူးမှ ပြောသည်။

"ဟုတ်ပါတယ်၊ ကျွန်တော်တို့နှစ်ယောက်ပဲ ကျန်ပါတော့တယ်၊ ပြီးတော့ အားချွမ်..."

ချန်ကျဲ့ အံ့ဩသွားပြီး ပြောသည်။

"အားချွမ် ဘာဖြစ်လို့လဲ"

ပိုင်ဝမ့်ကျင်းမှ ပြောသည်။

"အရမ်း မစိုးရိမ်ပါနဲ့၊ သူ့ရဲ့ ကိုယ်တွင်းအင်္ဂါအချို့ ဒဏ်ရာရသွားရုံပါပဲ။ ကောင်းကောင်း အနားယူဖို့ပဲ လိုပါတယ်"

ထိုစကားကြောင့် ချန်ကျဲ့ စိတ်သက်သာရာရသွားစဉ်မှာပင် မြင်းနှင့် ရထားလုံးများ ချဉ်းကပ်လာသံကို ရုတ်တရက် ကြားလိုက်ရသည်။

ထို့နောက် ခဏအကြာတွင် တပ်ဖွဲ့တစ်ခုရောက်ရှိလာပြီး ခေါင်းဆောင်ဖြစ်သူသည် ချန်ကျဲ့ကို မြင်သည်နှင့် မြင်းပေါ်မှ ဆင်းကာ ပြေးလာသည်။

"ခန်းမအရှင်သခင် ငယ်သားစစ်ရှီး နောက်ကျသွားခဲ့ပါတယ်၊ ကျေးဇူးပြုပြီး အပြစ်ပေးပါ"

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

"စစ်ရှီး မင်း အချိန်မီ ရောက်လာတာပဲ၊ ဒီက ကိစ္စတွေကို မင်းကိုပဲ တာဝန်ပေးထားခဲ့လိုက်တော့မယ်"

"ဟုတ်ကဲ့၊ အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်"

စစ်ရှီး ခေါင်းညိတ်နာခံလိုက်သည်။ ချန်ကျဲ့မှ ဆက်ပြောသည်။

"အိမ်ကို ပြန်ရောက်ရင် ဒီညီနောင် ၂၈ ယောက်စလုံးအတွက် ခေါင်းတလားတွေကို အကောင်းဆုံး ပြင်ဆင်ပေးလိုက်ပါ။ ပြီးတော့ သူတို့ရဲ့ ဝိညာဉ်တံဆိပ်ပြားတွေကို သူရဲကောင်းဗိမာန်မှာ ထားလိုက်ပါ"

"ဟုတ်ကဲ့"

စစ်ရှီးမှ ထပ်မံ၍ ခေါင်းညိတ်နာခံသည်။ ထို့နောက် ချန်ကျဲ့သည် ဆက်လက်အမိန့်ပေးသည်။

"ဟိုဘက်မှာ ရထားလုံးတွေ ပါလာတယ်မလား။ အားချွမ်ကို ပထမ ရထားလုံးပေါ် တင်လိုက်။ ဆရာ... ဆရာလည်း ရထားလုံးနဲ့ပဲ ပြန်လိုက်ပါ၊ ဒါမှ အနားယူလို့ ရမှာ"

ပိုင်ဝမ့်ကျင်းမှ ခေါင်းညိတ်သည်။

ထို့နောက် ချန်ကျဲ့မှ ပြောသည်။

"အားကျူး မင်းကတော့ ညီနောင်တွေရဲ့ ရုပ်အလောင်းတွေကို သိမ်းဆည်းဖို့ တာဝန်ယူလိုက်ပါ"

"ဟုတ်ကဲ့ပါ ခန်းမအရှင်သခင်"

ချန်ကျဲ့သည် ဝမ်းနည်းပူဆွေးနေခြင်းမှ အမြန်ဆုံး ပြန်လည်ရုန်းထွက်လိုက်သည်။

သူ ဝမ်းမနည်းဘူးလား?

သေချာပေါက် ဝမ်းနည်းတာပေါ့။ သူတို့အားလုံးက သူချစ်ခင်ရတဲ့ညီနောင်တွေလေ။ ဒါပေမဲ့ ဘဝက ဆက်ရှင်သန်နေရမှာပဲ။ တစ်စုံတစ်ယောက် သေဆုံးသွားချိန်မှာ ဝမ်းနည်းပူဆွေးမှုထဲမှာပဲ နစ်မွန်းနေပြီး ကျန်တဲ့အရေးကြီးကိစ္စရပ်တွေကို လျစ်လျူရှုထားလို့ မဖြစ်ချေဘူး။

All Chapters