← Chapters

အခန်း (၅၂၄)

Vol. 42 Ch. 524

အခန်း (၅၂၄)

Vol. 42 Ch. 524

အခန်း 524

သာမန်လူများမှာ ဝမ်းနည်းပူဆွေးနိုင်သော်ငြား ချန်ကျိုစစ်သည်တော့ ထိုသို့ဝမ်းနည်းပူဆွေးနေ၍ မဖြစ်ပါချေ။ သူသည် ခန်းမအရှင်သခင်တစ်ဦးဖြစ်သည်နှင့်အညီ အချိန်တိုင်းတွင် မိမိကိုယ်မိမိ တည်ငြိမ်အောင် ထိန်းသိမ်းထားရမည် ဖြစ်သည်။

ခန်းမအရှင်သခင်ဟူသည် အဘယ်နည်း။ ရာချီ၊ ထောင်ချီသော လူများစွာ၏ အားကိုးရာ ဖြစ်သည်။ အခြားသူများ စိတ်ဓာတ်ကျဆင်းနေနိုင်သော်လည်း ချန်ကျိုစစ်သည်တော့ ထိုသို့ ဖြစ်နေ၍ မရပါချေ။

ချန်ကျဲ့ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

ချန်ကျဲ့သည် ကုချင်းဖုန်း၏ အလောင်းနားသို့ ချဉ်းကပ်သွားပြီး အလောင်းကို စေ့စေ့စပ်စပ် ရှာဖွေကြည့်လိုက်ရာ အိတ်ငယ်တစ်လုံးကို တွေ့ရှိခဲ့သည်။ ၎င်းကို ဖွင့်ကြည့်လိုက်သောအခါ ငွေလက်မှတ်စာရွက်အထပ်လိုက်ကို တွေ့ရသည်။ စစ်ဆေးကြည့်လိုက်သောအခါ ငွေတုံးတစ်သောင်းခန့်သာ ရှိလေသည်။

ကုချင်းဖုန်းသည် ထွက်ပြေးနေရသူဖြစ်ပြီး သူ၏ မိသားစုနှင့် ပိုင်ဆိုင်မှုအားလုံးကို ဟန်ကျိုးပြည်နယ်သို့ ရွှေ့ပြောင်းထားပြီး ဖြစ်သည်။

ထို့ကြောင့် သူ၏ ကိုယ်ပေါ်တွင် ရွှေငွေအမြောက်အမြား သယ်ဆောင်ထားခြင်းငှာ မဖြစ်နိုင်ပါချေ။

ထပ်မံ ရှာဖွေကြည့်သော်လည်း အခြားငွေကြေးများ မတွေ့ရသဖြင့် ချန်ကျဲ့ တွေးလိုက်သည်။

ကံကောင်းလို့ ငါ သူ့စကားကို မယုံခဲ့တာ။ တကယ်လို့သာ ငါ သူ့ကိုယုံပြီး လွှတ်ပေးခဲ့ရင် ငါ့ကိုပေးမယ်ဆိုတဲ့ ငွေတုံးငါးသောင်းကို ဘယ်မှာသွားထုတ်ရပါ့မလဲ။

ချန်ကျဲ့ ထပ်မံ ရှာဖွေကြည့်ပြန်သည်။ ဤတစ်ကြိမ်တွင်တော့ ကုချင်းဖုန်း၏ ခါးပတ်အတွင်း၌ လျှို့ဝှက်အိတ်ကပ်တစ်ခုကို တွေ့ရှိလိုက်သည်။

ကုချင်းဖုန်း၏ ခါးပတ်သည် ၂၀ စင်တီမီတာခန့် ကျယ်ဝန်းပြီး အိတ်ကြီးတစ်လုံးကဲ့သို့ ပြုလုပ်ထားခြင်း ဖြစ်သည်။

၎င်းအိတ်အတွင်းကို မွှေနှောက်ရှာဖွေပြီးနောက်တွင် ချန်ကျဲ့သည် စာအုပ်နှစ်အုပ်ကို ရှာတွေ့ခဲ့သည်။

တိတိကျကျ ပြောရလျှင် စာအုပ်နှစ်အုပ် မဟုတ်ပါချေ။ စာအုပ်ငယ်တစ်အုပ်နှင့် စာလုံးများ ရေးသားထားသော အလွန်ပါးလွှာသည့် သားရေတစ်ချပ် ဖြစ်သည်။

ချန်ကျဲ့ ဖတ်ကြည့်လိုက်ရာ စာအုပ်ငယ်မှာ ဓားသိုင်းကျမ်းတစ်ခု ဖြစ်နေသည်။

[လိပ်ပြာဓားသိုင်း]

ချန်ကျဲ့သည် စာအုပ်ကို လှန်လှောကြည့်ရှုလိုက်သည်။ ၎င်းသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရှိသော သိုင်းပညာတစ်ခုဖြစ်ပြီး ဓားမြှောင်ဖြင့်တိုက်ခိုက်ရာတွင် အသုံးပြုရကြောင်း သိလိုက်ရသည်။ ၎င်းမှာ ကုချင်းဖုန်း အသုံးပြုခဲ့သော လျင်မြန်လှပသည့် ဓားသိုင်းကွက်များ ဖြစ်၏။

ဤသိုင်းပညာမှာ အတော်လေး အစွမ်းထက်၏။ အမြင်အားဖြင့် လှပနေသော်လည်း အနီးကပ်တိုက်ခိုက်ရာတွင် အလွန် ကြောက်စရာကောင်းသည်။

ဤသိုင်းသည် ရှောင်ဟူ သင်ယူထားသည့် စည်းချိုးဖျက်ကျားငါးကောင်တစ်ဖက်သွားဓားသိုင်းထက်ပင် ပို၍ အစွမ်းထက်နိုင်ကောင်းပေသည်။

ချန်ကျဲ့ ထိုသိုင်းကျမ်းကို သိမ်းဆည်းလိုက်သည်။ ၎င်းကို အိမ်ပြန်ရောက်လျှင် သိုင်းကျမ်းတိုက်ထဲသို့ ထည့်သွင်းထားရပေမည်။

ထို့ပြင် ကုချင်းဖုန်း၏ ဓားမြှောင်သည်လည်း အရည်အသွေး အလွန်မြင့်မားလှပြီး အထူးသတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားပုံရသည်။

ဓားသွား၏ အနားသတ်တွင် ငွေရောင်တောက်နေသည်မှအပ ဓားတစ်ချောင်းလုံးမှာ နက်မှောင်နေသည်။

ဤသို့သော ဒီဇိုင်းမျိုးသည် တိုက်ပွဲအတွင်း၌ ဓားကို အကောင်းဆုံး ဖုံးကွယ်ထားနိုင်ပြီး တိုက်ခိုက်မှုကို ပိုမို လျှို့ဝှက်စေနိုင်သည်။

ချန်ကျဲ့သည် ထိုဓားကို သေချာကြည့်ရှုပြီးနောက် သိမ်းဆည်းထားရန် ထိုက်တန်သော ဓားကောင်းတစ်လက်အဖြစ် ဆုံးဖြတ်လိုက်သည်။

ချန်ကျဲ့သည် သူ၏ ပြိုင်ဘက်ရန်သူများထံမှ လက်နက်များနှင့် သိုင်းကျမ်းများ သိမ်းဆည်းရခြင်းကို ဝါသနာပါသူ ဖြစ်သည်။

ချန်ကျဲ့သည် ဓားကို သေချာစွာ သိမ်းဆည်းပြီးနောက် နောက်ဆုံးပစ္စည်းဖြစ်သည့် သားရေပေါ်တွင် ရေးသားထားသော လျှို့ဝှက်ကျမ်းကို အာရုံစိုက်လိုက်သည်။

ကုချင်းဖုန်း ဤမျှအထိ ဂရုတစိုက် ဝှက်ထားရသော ပစ္စည်းမှာ မည်သို့သောအရာမျိုး ဖြစ်လိမ့်မည်နည်း။

သားရေပေါ်တွင် စာသားအချို့ ရေးသားထားသည်– [ပန်းမိုးကဲ့သို့ ငွေကြဲဖြန့်ခြင်း]

ချန်ကျဲ့သည် ၎င်းကို အသေးစိတ် လေ့လာကြည့်ရာ ၎င်းမှာ ထန်ဂိုဏ်း၏ လက်နက်ပုန်းသိုင်း၊၊ အတွင်းအား အသုံးပြုပုံများနှင့် လက်နက်ပုန်းများကို ထိန်းချုပ်ရာတွင် လိုအပ်သော အခြားသော ကျွမ်းကျင်မှုများအကြောင်း ရှင်းပြချက်များ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။

၎င်း၏ ဒီဇိုင်းမှာ အတော်လေး ဆန်းကြယ်သည်ဟု ဆိုရပေမည်။

ချန်ကျဲ့သည် ဖတ်ရင်းနှင့် စိတ်ဝင်စားသွားသည်မှာ လက်တွေ့စမ်းသပ်ကြည့်ချင်စိတ်ကို မထိန်းနိုင်‌တော့သည်အထိပင်။

ထို့ပြင် သူ၏လက်ထဲတွင် ကုချင်းဖုန်း၏ ဓားမြှောင် အဆင်သင့်ရှိနေသည်။

ချန်ကျဲ့သည် ဓားကိုကိုင်ကာ လက်နက်ပုန်းပစ်နည်းသိုင်းကျမ်းအတိုင်း အတွင်းအားများကို လှည်ပတ်စီးဆင်းစေကာ စမ်းသပ်ကြည့်ရန် ပြင်လိုက်သည်။

အတွင်းအားကို စတင်လည်ပတ်စေလိုက်သည်နှင့် ဤလက်နက်ပုန်းသိုင်းမှာ အလွန်ပင် အဆင်ပြေချောမွေ့နေကြောင်း ချန်ကျဲ့ သတိပြုမိလိုက်သည်။ အထူးသဖြင့် ယန်ချွမ်ကျင့်စဉ်နှင့် ပေါင်းစပ်လိုက်သောအခါ ထိုသိုင်း၏ စွမ်းအားမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး ယခင်က ထန်ဂိုဏ်း၏ အတွင်းအားစီးဆင်းမှုတွင် အထစ်အငေါ့ဖြစ်နေခဲ့သော နေရာများမှာလည်း အလွန်ပင် ပြေပြစ်သွားခဲ့သည်။

သို့ဖြင့် ချန်ကျဲ့၏ စိတ်ထဲ၌ ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားခဲ့သည်။

ဒီသိုင်းက ဒဏ္ဍာရီလာ ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ထဲက ပျောက်ဆုံးနေတဲ့ ကျင့်စဉ်တစ်ခု ဖြစ်နေမလား?

ယန်ချွမ်ကျင့်စဉ်နှင့် ဤမျှအထိ ချောမွေ့စွာ ပေါင်းစပ်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် ဤသည်မှာ နွေဦးအက္ခရာကျင့်စဉ်ထဲမှ သိုင်းကျင့်စဉ်တစ်ခု ဖြစ်နိုင်သည်ဟု ချန်ကျဲ့ တွေးမိလိုက်သည်။

နွေဦးအက္ခရာကျင့်စဉ်အတွင်း၌

အဓိက ကျင့်စဉ်နှစ်ခုသာ ကျန်ရှိတော့သည်။ ၎င်းမှာ ချွမ်းဖန်း နှင့် ကူယွီ ဖြစ်သည်။

ဒါဆို ဒီလက်နက်ပုန်းသိုင်းက?

ချန်ကျဲ့ ကူယွီကို ရုတ်ချည်း တွေးမိလိုက်၏။

ဒီသိုင်းက ကူယွီပဲ ဖြစ်ရမယ်။ မထင်မှတ်ဘဲ ကူယွီက လက်နက်ပုန်းသိုင်းတစ်ခု ဖြစ်နေခဲ့တာပဲ။

အဲဒါဆို ချွမ်းဖန်းကရော ဘာဖြစ်မလဲ?

ချန်ကျဲ့သည် အလွန် သိချင်စိတ်ပြင်းပြသွားခဲ့သည်။ နွေဦးအက္ခရာကျင့်စဉ်၏ သိုင်းကျင့်စဉ် ၆ ခုစလုံးကို စုစည်းနိုင်ခဲ့လျှင် ၎င်းမှာ မည်မျှအထိ အစွမ်းထက်လိမ့်မည်နည်း။ ဒဏ္ဍာရီလာ နွေဦးအက္ခရာကျင့်စဉ်ဟူသည် အမှန်တကယ်တွင် မည်မျှအထိ စွမ်းအားကြီးမားမည်နည်း။

ယခင်က ဆေးဘုရင်တောင်ကြားသည် ဤနတ်ဘုရားသိုင်းကျင့်စဉ်ကို အသုံးပြုကာ လောကကြီးကို အုပ်စိုးခဲ့သည်။

ထိုသို့တွေးမိသည်တွင် ချန်ကျဲ့သည် နွေဦးအက္ခရာကျင့်စဉ်ကို ရရှိလိုစိတ် ပိုမိုပြင်းပြလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ချန်ကျဲ့သည် သူ၏ လက်ရှိအခြေအနေ၌ နဂါးနိုင်လက်ဝါးသိုင်း ၁၇ ကွက်သည် လုံလောက်မှု မရှိနိုင်ကြောင်း သတိပြုမိသောကြောင့် ဖြစ်သည်။

သို့ဖြစ်ရာ နွေဦးအက္ခရာကျင့်စဉ်သည် နဂါးနိုင်လက်ဝါးသိုင်း ၁၇ ကွက်၏ လက်ဝါးသိုင်းကွက်တစ်ကွက်ထက် ပို၍ စွမ်းအားကြီးမားသင့်ပေသည်။

ချန်ကျဲ့သည် သူ စုဆောင်းထားသော ယန်ချွမ်ကျင့်စဉ်နှင့် ပတ်သက်သည့် သိုင်းကျမ်းများကို ပြန်လည် ဆန်းစစ်ကြည့်လိုက်သည်။

ရာသီစာဆိုအရ နွေဦးကာလတွင် အခါတော် ၆ ခု ရှိသည်။ လီချွမ်း၊ ယွီရွှေ၊ ကျင်းကျယ်၊ ချွမ်းဖန်း၊ ချင်းမင်၊ ကူယွီတို့ ဖြစ်သည်။

ချန်ကျဲ့သည် လက်ရှိတွင် လီချွမ်းကို ကိုယ်စားပြုသည့် အတွင်းအားကျင့်စဉ် ယန်ချွမ်ကျင့်စဉ်ကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။

ယွီရွှေကို ကိုယ်စားပြုသည့် လက်ဝါးသိုင်းဖြစ်သော ရေထိန်းချုပ်လက်ဝါးသိုင်းလည်း ရှိသည်။

ကျင်းကျယ်ကို ကိုယ်စားပြုသည့် ကိုယ်ဖော့သိုင်း လျှပ်စီးခြေလှမ်းသိုင်းကိုလည်း ပိုင်ဆိုင်ထားသည်။

ချင်းမင်ကို ကိုယ်စားပြုသည့် လက်နက်သိုင်းဖြစ်သော အတိဒုက္ခဆယ့်သုံးပါးလှံသိုင်းထဲမှ သိုင်းကွက်တစ်ကွက်လည်း ရှိထားသည်။

ယနေ့တွင်မူ ကူယွီကို ကိုယ်စားပြုသည့် လက်နက်ပုန်းသိုင်းဖြစ်သော ပန်းမိုးကဲ့သို့ ငွေကြဲဖြန့်ခြင်းကို ရရှိခဲ့သည်။

သို့ဖြစ်ရာ ယခုတွင် ချွမ်းဖန်းကို ကိုယ်စားပြုသည့် သိုင်းကျမ်းတစ်ခုသာ ကျန်တော့သည်။

သို့ဖြစ်ရာ ချန်ကျဲ့အနေဖြင့် အချိန်တစ်ခုအတွင်း ချွမ်းဖန်းကျင့်စဉ်ကို ရယူနိုင်မည့် နည်းလမ်းကို ရှာဖွေရပေမည်။

သို့ဆိုလျှင် ချန်ကျဲ့သည် ပြီးပြည့်စုံသော 'နွေဦးအက္ခရာကျင့်စဉ်' ကို ပိုင်ဆိုင်နိုင်လိမ့်မည်။

နွေဦးအက္ခရာကျင့်စဉ် အပြည့်အစုံကို ပိုင်ဆိုင်ထားပါက ချန်ကျဲ့သည် နန်ပါးထျန်းကို ကျိန်းသေပေါက် အနိုင်ယူနိုင်ပေလိမ့်မည်။

ထိုသို့တွေးလျက် ချန်ကျဲ့သည် ပန်းမိုးကဲ့သို့ ငွေကြဲဖြန့်ခြင်းသိုင်းကျမ်းကို သေချာ သိမ်းဆည်းလိုက်သည်။

ထို့နောက် ချန်ကျဲ့သည် သူ၏ဝတ်ရုံအင်္ကျီလက်ထဲရှိ ယနေ့၏ အကြီးမားဆုံးသော အကျိုးအမြတ်ဖြစ်သည့် မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်ကို စမ်းကြည့်လိုက်သည်။

ဟုတ်ပါသည်။ ဤလက်နက်သည် ချန်ကျဲ့ အလေးအနက်ထားဆုံးသော အရာ ဖြစ်သည်။

မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်သည် အဖိုးတန်ရတနာတစ်ခု ဖြစ်သည်။ ၎င်းကို သိုင်းလောကတွင် ထင်ရှားကျော်ကြားလှသော ထန်ဂိုဏ်း၏ အတွင်းတပည့်များသာလျှင် အသုံးပြုကြသည်။

ထန်ဂိုဏ်းဟူသည် နန်းတော်ကပင် အသိအမှတ်ပြုထားသော ဂိုဏ်းကြီးဖြစ်ရာ ထန်ဂိုဏ်းနှင့် နှိုင်းယှဉ်လျှင် ချောင်ကုန်သည်အဖွဲ့၊ ငါးဖမ်းကုန်သည်အဖွဲ့နှင့် အခြားသော ဒေသခံ ဂိုဏ်းအုပ်စုငယ်လေးများမှာ ပြိုင်ဘက်ပင် မဟုတ်ပါချေ။

ထန်ဂိုဏ်းမှ အကြီးအကဲများအဆင့်အထိ ထွက်လာရန်ပင် မလိုအပ်ဘဲ အစောင့်အရှောက်အနည်းငယ်ဖြတင် ထိုကဲ့သို့သော ဒေသခံအင်အားစုများကို အမြစ်ပြတ် သုတ်သင်ပစ်နိုင်ပေသည်။

All Chapters