အခန်း (၅၂၅)
Vol. 42 Ch. 525
အခန်း ၅၂၅
ထန်ဂိုဏ်း၏ အတွင်းတပည့်များသာ ထိုလက်နက်ကို အသုံးပြုနိုင်ကြသည်။
ထန်ဂိုဏ်းကို အတွင်းနှင့် အပြင်ဟူ၍ ခွဲခြားထားပြီး အတွင်းတပည့်များသည် များသောအားဖြင့် ထန်ဂိုဏ်းအကြီးအကဲများနှင့် အစောင့်အရှောက်မိသားစုများ၏ ကလေးများနှင့် တူများသာ ဖြစ်ကြသည်။ သူတို့သည် ဂိုဏ်း၏ အဓိကပျိုးထောင်ခြင်း ခံရသူများ ဖြစ်သည်။
အပြင်ဂိုဏ်းသားများမှာမူ အထွေထွေကိစ္စရပ်များကိုသာ လုပ်ဆောင်ရပြီး ဂိုဏ်း၏ အဓိကမဟုတ်သော ကျင့်စဉ်များကိုသာ သင်ကြားခွင့် ရကြသည်။
မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်သည် အတွင်းတပည့်များ၏ အမှတ်သင်္ကေတဖြစ်သည်။ အတွင်းတပည့်များ သိုင်းလောကသို့ ခြေဆန့်သည့်အခါ အကြီးအကဲများက ထိုတပည့်များအား မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန်နှင့် ထန်ဂိုဏ်း၏ တိုက်ရိုက်မျိုးဆက်များဖြစ်ကြောင်း အထောက်အထားအဖြစ် ဤလက်နက်ကို ပေးလေ့ရှိကြသည်။
ချန်ကျဲ့၏လက်ထဲရှိ အရာမှာလည်း ထန်ဂိုဏ်းအတွင်းတပည့်တစ်ဦး ချန်ထားရစ်ခဲ့သော မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်ဖြစ်ကြောင်း သိသာလှသည်။
ချန်ကျဲ့သည် ထိုလက်နက်ပုန်းကို ဟိုဘက်သည်ဘက် လှန်လှောကြည့်ရှုသည်။ လက်နက်၏နောက်ကျောဘက်တွင် စာလုံးတစ်လုံး ထွင်းထုထား၏။
လေ။
လက်နက်ပေါ်ရှိ ထိုစာလုံးကို မြင်သောအခါ ချန်ကျဲ့ ထိတ်လန့်သွားခဲ့သည်။
ဒီ "လေ" ဆိုတာက လူနာမည်လား ဒါမှမဟုတ် တခြားတစ်ခုခုလား
ချန်ကျဲ့ ဝေခွဲမရပါချေ။
သို့သော် ချန်ကျဲ့သည် ပို၍ သတိထားရန် ဆုံးဖြတ်လိုက်သည်။ နောင်တွင် ထန်ဂိုဏ်းမှ လူများနှင့် တွေ့ဆုံရပါက သူ အထူးဂရုစိုက်ရပေမည်။
ချန်ကျဲ့သည် ဤကိစ္စကြောင့် ကြီးမားသော နောက်ဆက်တွဲဆိုးကျိုးများ ရှိလာလေမလားဟု တွေးပူနေမိကာ ပြဿနာများ ကျရောက်မလာစေရန် ဆုတောင်းနေမိသည်။
ထိုသို့တွေးတောရင်း ချန်ကျဲ့သည် သူ၏လက်ထဲမှ မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်ကို စစ်ဆေးကြည့်ရှုနေခဲ့သည်။
ဤလက်နက်သည် စက်ယန္တရားသုံး လက်နက်ပုန်းတစ်မျိုးဖြစ်ပြီး ဤသို့သော ကိရိယာများအနက် အမြင့်ဆုံးအဆင့်ဟု သတ်မှတ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဤကိရိယာများသည် အတွင်းအားမှ စွမ်းအင်ကို ရယူခြင်းမဟုတ်ဘဲ ကိရိယာအတွင်းရှိ စက်ယန္တရားများအပေါ်တွင်သာ အခြေခံ၍ အပ်များကို ပစ်လွှတ်ခြင်းဖြစ်ရာ အလွန်ပင် လက်ရာမြောက်လှသော အတတ်ပညာ ဖြစ်သည်။
ဆိုလိုသည်မှာ ဤမိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်သည် သုံးနှစ်သားကလေးတစ်ယောက်၏ လက်ထဲသို့ ရောက်သွားခဲ့ပင်လျှင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ဦးကို ပစ်မှတ်ထားလိုက်ပါက ထိုသိုင်းပညာရှင်ကို အသက်နုတ်ယူနိုင်စွမ်း ရှိနေမြဲပင် ဖြစ်သည်။ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ရှိသူပင်လျှင် အသက်အန္တရာယ်ရှိနိုင်ပါ၏။
ဤသည်မှာ စက်ယန္တရားသုံး လက်နက်ပုန်းများ၏ သဘာဝဖြစ်သည်။ ၎င်းတွင် အကန့်အသတ်မရှိသော စွမ်းဆောင်ရည် ရှိ၏။
ပင်ပန်းကြီးစွာ ကျင့်ကြံအားထုတ်နေစရာမလိုဘဲ အောင်မြင်မှုကို ရယူနိုင်သည်။
ဤအချက်သည် ချန်ကျဲ့အား အနာဂတ်မှ လက်နက်တစ်ခုဖြစ်သည့် သေနတ်ကို သတိရသွားစေသည်။
မှန်ပါသည်။. ၎င်းတို့ကိုလည်း စက်ယန္တရားသုံး လက်နက်ပုန်းများဟု သတ်မှတ်နိုင်သော်လည်း ၎င်းတို့၏ စွမ်းဆောင်ရည်မှာ များစွာ ပို၍ မြင့်မားပေသည်။
အထူးသဖြင့် ဒုံးကျည်များနှင့် နျူကလီးယားဗုံးများအဖြစ် တိုးတက်လာသည့်အခါ သာမန်လူသားများကို နတ်ဘုရားများနှင့် ရင်ဘောင်တန်းစေနိုင်တော့သည်။
သို့သော် ထိုသို့သော ကြောက်မက်ဖွယ်ကောင်းသည့် အရာမျိုးမှာ ဤကမ္ဘာတွင် မရှိသေးပါချေ။
သို့တိုင် မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်သည် အမှန်တကယ်ပင် ကြောက်စရာကောင်းသော စက်မှုလက်ရာတစ်ခု ဖြစ်ပါ၏။
၎င်းကို ထုတ်လုပ်ရန်မှာ အလွန်ပင် စရိတ်ကြီးလှပြီး နည်းပညာမှာလည်း အလွန်ခက်ခဲသည်။ ထို့ပြင် ၎င်းကို တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး အပ်များကို ပြန်လည်ဖြည့်သွင်း၍ မရနိုင်ချေ။
သို့သော် ချန်ကျဲ့သည် ၎င်းလက်နက်ကို ပုံတူကူးယူထုတ်လုပ်၍ ရနိုင်မလားဟု တွေးမိခဲ့သည်။
အကယ်၍များ ပုံတူကူးယူနိုင်ခဲ့လျှင် အခုရေ ရာချီ၊ ထောင်ချီအထိ ထုတ်လုပ်ပြီး တပ်ဖွဲ့တစ်ခုကို တပ်ဆင်ပေးလိုက်မည်ဆိုပါက— သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်အောက်ရှိ မည်သူမဆို လွယ်ကူသော ပစ်မှတ်များ ဖြစ်သွားပေလိမ့်မည်။ ဤလက်နက်ဖြင့် အဆက်မပြတ် ပစ်ခတ်မှုဒဏ်ကို ထိုသိုင်းပညာရှင်များသည် ခံနိုင်ရည်ရှိပါမည်လော။
အဟွတ် အဟွတ်... အဆက်မပြတ် ပစ်ခတ်မယ်
သို့သော် ချန်ကျဲ့သည် ၎င်းမှာ မဖြစ်နိုင်လောက်ဟု ခံစားမိသည်။ အဘယ်ကြောင့်ဆိုသော် ထန်ဂိုဏ်းကိုယ်တိုင်ပင်လျှင် ဤလက်နက်ကို အများအပြား တပ်ဆင်ထားခြင်းမရှိဘဲ အတွင်းတပည့် အနည်းငယ်ကိုသာ အသက်ကယ်ကိရိယာအဖြစ် ပေးထားခြင်းကြောင့် ဖြစ်သည်။
ကြည့်ရတာ ဒီရတနာကို ပုံတူကူးဖို့က မလွယ်ကူလောက်ဘူးပဲ
ထိုသို့တွေးလျက် ချန်ကျဲ့သည် ရတနာကို သေချာစေ့စပ်စွာ စတင်စစ်ဆေးသည်။ လက်နက်တစ်ခုလုံးကို သတ္တုဖြင့် ပြုလုပ်ထားပြီး မီးဖိုချောင်သုံး ငရုတ်ကောင်းဖြူးသည့် ဗူးနှင့် အနည်းငယ် ဆင်တူသည်။ အလုပ်လုပ်ပုံမှာ လှည့်လိုက်လျှင် ငရုတ်ကောင်းများ ထွက်လာသကဲ့သို့ပင် ဖြစ်၏။
လက်နက်သည် အလေးချိန်စီးပြီး အတွင်းရှိ စက်ယန္တရားများကို ရှင်းလင်းစွာ ခံစားမိနိုင်သည်။
ဘူး၏ အောက်ခြေတွင် ခလုတ်တစ်ခု ပါရှိပြီး ဘယ်ဘက်တွင် 'အကုန်ပစ်'ဟု ရေးထားကာ ညာဘက်တွင် 'တစ်ချောင်းချင်းပစ်'ဟု ရေးသားထားသည်။
ဘူးအောက်ခြေတွင် အလွန်သေးငယ်သော ဝါယာကြိုးလေးတစ်ခုလည်း ပါရှိပြီး ၎င်းကို လှည့်လိုက်မှသာ စက်ယန္တရား အလုပ်လုပ်ကာ အပ်များကို ပစ်လွှတ်နိုင်မည် ဖြစ်သည်။
ထိုအခါ ချန်ကျဲ့၏ ဦးခေါင်းထက်တွင် အမေးသင်္ကေတ(?)တစ်ခု ပေါ်ထွက်လာရ၏။
ဒီပစ္စည်းက ဒီလောက်တောင် နည်းပညာ မြင့်တာလား
ဒီဝါယာကြိုးလေးက ဘေးကင်းရေးခလုတ် မဟုတ်ဘူးလား
ထို့ပြင် ဤလက်နက်သည် တစ်ချောင်းချင်းပစ်နိုင်သလို တစ်ပြိုင်နက်တည်းလည်း ပစ်နိုင်သေးသည်။
ဒါကတော့ အတော် မိုက်တာပဲ။
အင်း ထန်ဂိုဏ်းရဲ့ စက်ယန္တရားသုံး လက်နက်ပုန်းတွေထဲ အမြင့်ဆုံးအဆင့် ဖြစ်ထိုက်ပါပေတယ်။ တကယ်ကို အထင်ကြီးစရာပဲ။
ထန်ဂိုဏ်းသားများအနေဖြင့် ဤလက်နက်ကို သွန်းလုပ်ဖို့ရာ မည်သို့ စဉ်းစားမိခဲ့သည်ကို ချန်ကျဲ့ လုံးဝ စဉ်းစားမရပါချေ။ သို့ဖြင့် ချန်ကျဲ့၏ မျက်နှာမှာ ဤရတနာလက်နက်အပေါ် အလွန်အမင်း ချီးမွမ်းအံ့သြမှုများဖြင့် ပြည့်နှက်နေတော့သည်။
ထိုသို့အတွေးများဖြင့် ချန်ကျဲ့သည် မိုးသက်မုန်တိုင်း သစ်တော်ပန်းအပ်ကို သူ၏ကိုယ်ပေါ်တွင် သိမ်းဆည်းလိုက်သည်။ အရေးတကြီးအချိန်တွင် ဤလက်နက်သည် သူ၏ အသက်ကို ကယ်တင်ပေးနိုင်လိမ့်မည်။ အပ်နှစ်ချောင်းတည်း ကျန်တော့သည်မှာတော့ နှမြောစရာပင်။
ဟုတ်ပါ၏။ စစ်ဆေးကြည့်ပြီးနောက်တွင် ချန်ကျဲ့သည် အပ်နှစ်ချောင်းသာ ကျန်တော့ကြောင်း သိလိုက်ရသည်။
အကယ်၍ အပ် ၂၇ ချောင်းစလုံး ရှိနေခဲ့လျှင် ချန်ကျဲ့သည် နန်ပါးထျန်းကို သွားရောက်လုပ်ကြံရန်ပင် ဝံ့ရဲသွားမည်ဖြစ်၏။
နန်ပါးထျန်းကို တစ်ပြိုင်နက်တည်း အကုန်ပစ်လိုက်မယ်ဆိုရင် နန်ပါးထျန်းက အပ်တချို့ကို ရှောင်တိမ်းနိုင်ရင်တောင်မှ ၂၇ ချောင်းစလုံးကို ရှောင်နိုင်မှာတဲ့လား။
ချန်ကျဲ့ ခံစားနိုင်ပါ၏။ အဆိပ်မှာ တကယ်ကို ပြင်းထန်လှသည်။ သူ၏ ခွန်အားအားလုံးဖြင့် ဖိနှိပ်ထားလျှင်ပင် နာရီဝက်အတွင်း သေဆုံးသွားနိုင်ပေသည်။ ပြင်းထန်သော တိုက်ပွဲအတွင်း၌မူ အဆိပ်ကို ထိန်းထားခြင်းငှာ မဖြစ်နိုင်ပါချေ။
ထိုသို့အတွေးတွင် ချန်ကျဲ့ မျက်လုံးများကို မှေးကျုံ့လိုက်သည်။
ချန်ကျဲ့သည် ဤလက်နက်ပုန်းကို ပို၍ပင် အထင်ကြီးသွားခဲ့သည်။ အတွင်းရှိ အဆိပ်အပ်များ ကုန်သွားသည့်အခါ လက်နက်ထုတ်လုပ်ရေး အလုပ်ရုံကို ပုံတူကူးခိုင်းကြည့်ရပေမည်။
ချန်ကျဲ့ တွေးတောနေစဉ် အခြားသူများသည် အလောင်းများကို သိမ်းဆည်းပြီးစီးသွားကြလေပြီ။ ချန်ကျဲ့လည်း လက်ဝှေ့ယမ်းအချက်ပြလိုက်ပြီး အဖွဲ့ကို ဦးဆောင်ကာ မြို့ထဲသို့ ပြန်လာခဲ့သည်။
သူတို့ တောအုပ်ထဲမှ ထွက်လာပြီးနောက် မိုင်အတော်ကြာ ခရီးဆက်ခဲ့သည်တွင် လမ်းကြောင်းအသီးသီးမှ ကင်းထောက်များ ရောက်ရှိလာကြသည်။ ချန်ကျဲ့သည် သူတို့ကို မနှောင့်ယှက်ပါချေ။ ထိူကင်းထောက်များမှာ သူ၏ 'နဂါးနိုင်လက်ဝါးသိုင်း ၁၇ ကွက်’ကဲ့သို့သော အရေးကြီးသည့် သတင်းအချက်အလက်များကို ရယူနိုင်ရန် အလွန်ခက်ခဲမည် ဖြစ်သောကြောင့် ချန်ကျဲ့သည် ထိုကင်းထောက်များကို ဒီတိုင်း လွှတ်ထားပေးလိုက်သည်။
တိုက်ပွဲ၏ အသေးစိတ် အချက်အလက်များကိုမူ သူတို့ စုံစမ်းနေစရာပင် မလိုပါချေ၊ ၎င်းမှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်သောကြောင့် ဖြစ်သည်။
.
အင်အားစုအသီးသီးမှ ကင်းထောက်များသည် သတင်းများကို အလျင်အမြန် စုဆောင်းပြီးနောက် သတင်းပို့ဆောင်လိုက်ကြသည်။
ဤသည်မှာ အမှန်တကယ်ပင် သတင်းကြီးတစ်ခုဖြစ်ပါ၏။
…
ငါးဖမ်းကုန်သည်အဖွဲ့ ဌာနချုပ်၌
ထိုအချိန်တွင် နန်ပါးထျန်းသည် လျိုလောင်ကွေ့နှင့်အတူ ကျားကစားနေသည်။ ဤကျားကစားပွဲပညာရှင်နှစ်ဦးသည် ကျားခုံပေါ်တွင် အကွက်များ စီစဉ်နေကြသည်။
ကျားခုံကို ထျန်းယွမ်ဖြင့် ပိုင်းခြားကာ ကျားစေ့များကို မျဉ်းဖြောင့်တန်းအဖြစ် တန်းစီ၍ စတင် နေရာချကြသည်။ သို့ဖြင့် မကြာမီတွင် စစ်တုရင်ခုံတစ်ခုလုံး ပြည့်သွားခဲ့သည်။
နန်ပါးထျန်းမှ သူ၏ဘက်ခြမ်းကို အရင် ဖြည့်နိုင်ခဲ့သည်။ နန်ပါးထျန်းမှ လျိုလောင်ကွေ့ကို ကြည့်လိုက်ပြီး ပြောသည်။
"ကျုပ် နိုင်ပြီ"
လျိုလောင်ကွေ့သည် နန်ပါးထျန်းကို တစ်ချက်ပြန်ကြည့်လိုက်ပြီး ပြောသည်။
"ငါ နိုင်သွားတာလို့ ထင်တာပဲ"
နန်ပါးထျန်း မျက်မှောင်ကြုတ်သွားပြီး ချေပပြောဆို၏။
"ကျုပ် အရင်ပြီးတာလေ"
လျိုလောင်ကွေ့မှ ခေါင်းခါသသည်။
"မဟုတ်ဘူး၊ မင်းမှာ ချစရာ ကျားစေ့တွေ ကုန်သွားတာ။ ငါ့မှာတော့ ကျားစေ့တွေ ကျန်နေသေးတယ်။ မင်းမှာ ရွှေ့စရာ နေရာမရှိတော့ဘူး"
"ငါ့မှာ နောက်ထပ် တစ်ကွက် ကျန်သေးတယ်"
လျိုလောင်ကွေ့သည် ကျားခုံပေါ်ရှိ ကျန်ရှိနေသော နေရာကို ညွှန်ပြရင်း ပြုံးလိုက်သည်။
"ဟား ဘယ်လိုလဲ"
နန်ပါးထျန်းမှ မျက်မှောင်ကြုတ်လျက် ပြန်ပြော၏။
"ဟား အဲဒီတော့ ခင်ဗျားနိုင်ပြီလို့ ယုံကြည်နေတာပေါ့လေ။ ခင်ဗျား စိတ်ထဲမှတ်ထားဦးနော်၊ ခင်ဗျား ရှုံးသွားရင် ခင်ဗျားရဲ့သား အသက်အန္တရာယ်ရှိသွားမှာ။ ခင်ဗျားရဲ့လျိုမျိုးဆက် ပြတ်သွားနိုင်တယ် မဟုတ်လား"