အခန်း (၅၂၈)
Vol. 42 Ch. 528
အခန်း ၅၂၈
"ဝေါ့..."
အခန်းထဲသို့ ရောက်သည်နှင့် ဟွမ်ဝမ်အာသည် ထိန်းထားနိုင်စွမ်း မရှိတော့ပေ။ သုကျွမ်းသည် ထွေးခံကို အပြေးအလွှား ယူပေးလိုက်သည်။ ဟွမ်ဝမ်အာသည် ထွေးခံကို ကိုင်ကာ အဆက်မပြတ် အန်တော့သည်။
ကိုယ်ဝန်ကြောင့် အော့အန်ခြင်းသည် လွန်ခဲ့သော ရက်များထက် များစွာ ပို၍ ပြင်းထန်လာကြောင်း ဟွမ်ဝမ်အာ သတိထားမိလိုက်သည်။ အကယ်၍ ဤအတိုင်းသာ ဆက်ဖြစ်နေပါက သူမ၏လျှို့ဝှက်ချက်ကို ကြာရှည်စွာ ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ချေ။
ထို့ပြင် ယနေ့တွင်လည်း နန်ပါးထျန်းက သံသယဝင်သွားပုံရ၏။
ဟွမ်ဝမ်အာသည် ရင်ဘတ်ကို ဖိကာ အပြင်းအထန် အန်နေသော်လည်း သူမ၏ ဦးနှောက်မှာမူ အလျင်အမြန် အလုပ်လုပ်နေသည်။ သူမသည် ရူးသွပ်နေသော်လည်း အသိဉာဏ်မဲ့သူ မဟုတ်ပါချေ။ ယနေ့ နန်ပါးထျန်း၏ အာရုံစိုက်မှုကို ခံလိုက်ရခြင်းမှာ သူမအတွက် အန္တရာယ်ရှိသွားပြီ ဖြစ်သည်။ အကယ်၍ နန်ပါးထျန်းသာ သူမ၏ ဝမ်းဗိုက်ထဲတွင် အခြားအမျိုးသားတစ်ဦး၏ ရင်သွေး ရှိနေသည်ကို သိသွားခဲ့လျှင်—
ရူးသွပ်နေသော သူမပင်လျှင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ မထိန်းချုပ်နိုင်စွာ ထင်ဟပ်လာခဲ့ရသည်။
သူမသည် သေရမည်ကို မကြောက်သော်လည်း သူမ၏ကလေး အန္တရာယ်ဖြစ်သွားမည့်အရေးကိုမူ အလွန် စိုးရိမ်နေမိသည်။
မဖြစ်ဘူး၊ ဒီလိုအဖြစ်မခံနိုင်ဘူး။ ဟွမ်ဝမ်အာသည် အော့အန်ချင်စိတ်ကို အတင်းအကျပ် အောင့်အီးထိန်းချုပ်ထားရင်း သုကျွမ်းကို လှမ်းပြောလိုက်သည်။
"သုကျွမ်း"
"သခင်မ"
အစေခံမိန်းကလေးသုကျွမ်းမှ ပြန်ထူးသည်။ ဟွမ်ဝမ်အာမှ ပြောသည်။
"အရှေ့ခြံဝန်းကို တစ်ချက်သွားကြည့်လိုက်ဦး။ နန်ပါးထျန်း သံသယဝင်သွားပြီ ထင်တယ်။ ဝေါ့— သူ သမားတော် သွားခေါ်ခိုင်းလိုက်သလားလို့ စုံစမ်းကြည့်။ တကယ်လို့ ခေါ်ခိုင်းတယ်ဆိုရင်... မင်း... မင်း နည်းလမ်းရှာပြီး အဲဒီလူကို ဆက်သွယ်လိုက်။ ဘယ်လိုကိစ္စတွေပဲရှိပါစေ ခန်းမအရှင်သခင်ချန်ကို သတင်းပို့ခိုင်းလိုက်ပါ။ ငါတို့ရဲ့ ကလေးကို ကယ်ဖို့အတွက် သူ ဘာပဲလုပ်ရလုပ်ရ လုပ်ပေးဖို့ ပြောလိုက်"
"အာ သခင်မ— ဟုတ်ကဲ့၊ အခုချက်ချင်း သွားလိုက်ပါ့မယ်"
ထိုအခါ သုကျွမ်းသည် ချက်ချင်း ခေါင်းညိတ်ကာ အပြင်သို့ ပြေးထွက်သွားတော့သည်။ ဟွမ်ဝမ်အာသည် သုကျွမ်း ထွက်သွားသည်ကို ကြည့်ရင်း သူမ၏ ဝမ်းဗိုက်ကို ပွတ်သပ်နေခဲ့သည်။
"ဘာတွေပဲဖြစ်လာပါစေ၊ ဘာပဲလုပ်ရလုပ်ရ… အမေ မင်းကို ကာကွယ်ပေးပါ့မယ်"
ဟွမ်ဝမ်အာသည် သူမ၏ ဝမ်းဗိုက်ကို ထိကိုင်ရင်း မျက်လုံးများတွင် ပြတ်သားခိုင်မာခြင်းသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။
သုကျွမ်း တံခါးဝသို့ ပြေးထွက်လာစဉ်တွင် နန်ပါးထျန်း၏ အစေခံမိန်းကလေးများနှင့် တိုးလေသည်။ ထိုအစေခံမိန်းကလေးများက သူမကို မေးသည်။
"သုကျွမ်း ဘယ်သွားမလို့လဲ"
သုကျွမ်းမှ ဖြေသည်။
"ဪ သခင်မက သစ်သီးစားချင်လို့တဲ့၊ အဲဒါ သွားယူပေးမလို့ပါ"
"ဪ ဒါနဲ့ သုကျွမ်း၊ ခုနက သခင်မ နေမကောင်းဖြစ်နေတယ်လို့ ကြားတယ်။ သခင်မ ဖျားနေတာလား"
သုကျွမ်းမှ ပြောသည်။
“အို ဘာမှမဖြစ်ပါဘူး။ ခရီးပန်းလာလို့ ဖြစ်မှာပါ။ ပြီးတော့ ပြီးခဲ့တဲ့ရက်တွေတုန်းက သခင်မက ဘုရားကျောင်းမှာ အစားလျှော့ထားတာလေ။ အဲဒါကို ရုတ်တရက် အဆီဝင်းတဲ့ အသားတုံးကြီး မြင်လိုက်ရတော့ နည်းနည်း မူးသွားတာပါ"
"ဟုတ်လား ငါက ထင်နေတာ..."
အစေခံမိန်းကလေးသည် အလျင်စလို စကားရပ်လိုက်သည်။ သုကျွမ်းမှ မျက်နှာတည်ဖြင့် ပြောလိုက်သည်။
"နင် အသက်ရှင်ရတာ ငြီးငွေ့နေပြီလား။ သခင်မအကြောင်းကို အတင်းအဖျင်း ပြောရဲတယ်ပေါ့လေ။ ခေါင်းဆောင် သိသွားလို့ နင့်ရဲ့ အရေခွံကို အရှင်လတ်လတ် ဆွဲခွာခံနေရဦးမယ်၊ သတိထားဦး"
အစေခံမိန်းကလေးမှ ပြန်ပြောသည်။
"မဟုတ်ပါဘူး၊ ငါက ဒီတိုင်း ပြောလိုက်တာပါ"
"ဟား.. နင့်ရဲ့ ဒီလိုစကားမျိုးက ခေါင်းဆောင်ရဲ့ နားထဲကို ရောက်သွားတဲ့အခါကျ ရိုးရိုးစကားဖြစ်နေပါဦးမလား နင့်အသက်မသေချင်ရင် ဒီလို စကားတွေကို မဆင်မခြင် မပြောနဲ့တော့"
သုကျွမ်းသည် သူမကို စူးစိုက်ကြည့်လိုက်သည်။
ထိုအခါ အစေခံမိန်းကလေးမှာ ချက်ချင်း ထိတ်လန့်သွားတော့သည်။
"ကျွန်မ... ကျွန်မ စကားလွန်သွားတာပါ"
"တချို့အရာတွေက စကားလွန်လို့ ဖြစ်တဲ့အရာတွေမလို့လား"
"ဟုတ်... ကျွန်မ နောက်တစ်ခါ မပြောတော့ပါဘူး"
သုကျွမ်းသည် သူမကို ဒေါသတကြီး စိုက်ကြည့်ကာ လှည့်ထွက်သွားခဲ့သည်။ သုကျွမ်း ထွက်သွားသည်ကို ကြည့်ရင်း အစေခံမိန်းကလေးသည် မကျေမနပ် ရေရွတ်၏။
“သူက သခင်မရဲ့ အစေခံတစ်ယောက်ပဲ မဟုတ်ဘူးလား။ ဘာတွေကို အဲဒီလောက် ဟိတ်ကြီးဟန်ကြီးလုပ်နေတာလဲ။ ငါ့ကိုတောင် လာဆုံးမနေသေးတယ်။ မိန်းမတစ်ယောက်က အကြောင်းမရှိဘဲ ဘာလို့ ဒီလောက် အန်နေမှာလဲ"
"ငါ့အထင်တော့ သခင်မမှာ ကိုယ်ဝန်ရှိနေတာ ဖြစ်ရမယ်..."
"ရှူး... စကားကို မဆင်မခြင် မပြောစမ်းနဲ့။ သခင်မက အိမ်မှာတောင် ရှိနေတာ မဟုတ်ဘူး၊ ဘယ်လိုလုပ် ကိုယ်ဝန်ရှိမှာလဲ။ နင့်ရဲ့ ဒီပါးစပ်ကတော့ တစ်နေ့နေ့မှာ နင့်ကို သေအောင် သတ်လိမ့်မယ်"
အခြားအစေခံမိန်းကလေးတစ်ဦးသည် ထိုစကားကို ကြားသည်တွင် နောက်ထပ် ဘာမှမကြားချင်တော့သဖြင့် အလျင်အမြန် ထွက်သွားတော့သည်။
ထိုအခါ ပထမအစေခံမိန်းကလေးသည် နောက်မှ လိုက်သွားရင်း ပြောသည်။
"နေပါဦး၊ ငါ ပြောတာ မှားလို့လား"
…
အစေခံမိန်းကလေးနှစ်ဦး ထွက်သွားသည်ကို စောင့်ကြည့်နေရင်းဖြင့် အလှမ်းဝေးရာမှ လူတစ်စု ရောက်ရှိလာသည်။ ဦးဆောင်လာသူမှာ နန်ပါးထျန်းဖြစ်ပြီး သူ၏ နောက်တွင် ယုံကြည်ရသော လက်အောက်ငယ်သားများနှင့် အိမ်တော်ထိန်းအိုကြီးတို့ ပါလာကြသည်။
နန်ပါးထျန်းသည် မျက်လုံးများကို မှေးကျုံ့လိုက်ပြီး မေးသည်။
"အဲဒီအစေခံမိန်းကလေးက ဘယ်အခန်းကလဲ"
အနားရှိ အိမ်တော်ထိန်းအိုကြီးမှ ပြန်ဖြေသည်။
"သူက ခေါင်းဆောင်ရဲ့ အိပ်ဆောင်ကို သန့်ရှင်းရေးလုပ်ရတဲ့ အစေခံပါ"
နန်ပါးထျန်းမှ အမိန့်ပေးသည်။
"သူ့ကို အရှင်လတ်လတ် မြေမြှုပ်ပစ်လိုက်"
"ဟုတ်ကဲ့"
အိမ်တော်ထိန်းအိုကြီးသည် ဘာမျှ မေးခွန်းမထုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအစေခံမိန်းကလေးမှာ သေသင့်ပေသည်။ သူမ၏စကား မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သူမ သေရပေမည်
အကယ်၍ သူမ ပြောတာ မှန်ကန်နေပြီး ဟွမ်ဝမ်အာ၏ ဝမ်းဗိုက်ထဲတွင် အခြားအမျိုးသားတစ်ဦး၏ ရင်သွေးရှိနေခဲ့ပါက နန်ပါးထျန်းမှာ အရှက်ရစရာ ဖြစ်သွားပေလိမ့်မည်။ သခင်ဖြစ်သူ၏ အရှက်ရစရာကိစ္စကို အတင်းအဖျင်း ပြောဆိုခြင်းမှာ သေဒဏ်ပေးရန် ထိုက်တန်သည်။ မဆင်မခြင် ပြောဆိုခြင်းအတွက် အပြစ်ပေးရမည် ဖြစ်သကဲ့သို့ သခင်ကို သိက္ခာချခြင်းမှာ ပို၍ပင် ပြင်းထန်သော ပြစ်ဒဏ်နှင့် ထိုက်တန်သည်။
အကယ်၍ သူမ ပြောတာ မှားနေခဲ့လျှင်ရော
၎င်းမှာ အိမ်တော်၏ သခင်မကို စော်ကားခြင်းဖြစ်ရာ ထိုကဲ့သို့သော အစေခံကိုလည်း အသက်ရှင်ခွင့် မပေးသင့်ပါချေ။
ထို့ကြောင့် ထိုအစေခံမိန်းကလေးမှာ ဤကိစ္စကို စတင်ဆွေးနွေးမိသည်နှင့် ဟွမ်ဝမ်အာတွင် ကိုယ်ဝန် အမှန်တကယ် ရှိသည်ဖြစ်စေ၊ အခြားဝေဒနာတစ်ခု ခံစားနေရခြင်းဖြစ်စေ သူမသည် အသက်ရှင်နိုင်တော့မည် မဟုတ်ပါချေ။
နန်ပါးထျန်းကို စိတ်ကောင်းနှလုံးကောင်းရှိသော ဘုရားတရားကိုင်းရှိုင်းသူတစ်ဦးဟု သူမ တကယ်ပဲ ထင်နေခဲ့သလော။
နန်ပါးထျန်းသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်သူ ဖြစ်ပါ၏
နန်ပါးထျန်းသည် မျက်မှောင်ကို ပြင်းပြင်းထန်ထန် ကြုတ်ထားလျက် အိမ်တော်ထိန်းအိုကြီးကို ပြောလိုက်သည်။
"သုကျွမ်းကို သွားစောင့်ကြည့်။ သူ့ကို သေချာ စောင့်ကြည့်ထား"
"အခုချက်ချင်း သွားလိုက်ပါ့မယ်"
အိမ်တော်ထိန်းအိုကြီးမှ ပြန်ဖြေသည်။
ထို့နောက် နန်ပါးထျန်းမှ အမိန့်ပေးသည်။
"မင်းတို့နှစ်ယောက် မီးဖိုချောင်ကိုသွားပြီး စားဖိုမှူးကို ကုံကုမံကိတ်မုန့် လုပ်ခိုင်းလိုက်။ ပြီးရင် ငါ့ဆီ ယူလာခဲ့"
"ဟုတ်ကဲ့ပါ ခေါင်းဆောင်"
ယုံကြည်ရသော လက်အောက်ငယ်သားနှစ်ဦးသည် ချက်ချင်း ခေါင်းညိတ်ကာ မီးဖိုချောင်ဘက်သို့ ထွက်သွားကြသည်။
တစ်ချိန်တည်းမှာပင် သူတို့ စဉ်းစားနေမိ၏။
ကုံကုမံလား ခေါင်းဆောင်က ဘာလုပ်ဖို့ ကြံနေတာလဲ။
လက်အောက်ငယ်သားနှစ်ဦးမှာ သူတို့၏အတွေးတွင် သူတို့ကိုယ်တိုင်ပင် ထိတ်လန့်သွားကြသည်။
ကုံကုမံသည် အဖိုးတန် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေရန်နှင့် သွေးကို အေးမြစေကာ အဆိပ်အတောက် ပြေစေရန်အတွက် အစွမ်းထက်လှသည်။ သာမန်အားဖြင့် အနည်းငယ် သုံးစွဲခြင်းမှာ ကျန်းမာရေးအတွက် ကောင်းမွန်သည်။
သို့သော် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက်မူ ၎င်းမှာ တားမြစ်ထားသော အရာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ၎င်း၏ ဆေးဖက်ဝင်အာနိသင်သည် သားအိမ်ကို ကျုံ့စေပြီး ကိုယ်ဝန်ပျက်ကျစေနိုင်သောကြောင့် ဖြစ်သည်။ ကိုယ်ဝန်ဆောင်များ အနေဖြင့် ၎င်းကို လုံးဝ ရှောင်ကြဉ်ရပေမည်။
နန်ပါးထျန်းမှ မီးဖိုချောင်မှ ကုံကုမံကိတ်ကို မှာယူလိုက်ခြင်းမှာ ရှင်းလင်းစွာသော ရည်ရွယ်ချက် တစ်ခုတည်းသာရှိသည်။ ဟွမ်ဝမ်အာအနေဖြင့် ၎င်းကိတ်မုန့်ကို စားရဲခြင်း၊ မစားရဲခြင်းကို စမ်းသပ်ရန်ပင်
နန်ပါးထျန်းသည် စင်္ကြံလမ်းတွင် ရပ်နေရင်း ကောင်းကင်ယံကို မော့ကြည့်နေခဲ့သည်။ သူ၏ မျက်ဝန်းများတွင် ရှုပ်ထွေးလှသော ခံစားချက်များ ပြည့်နှက်နေသည်။ သို့သော် အထင်ရှားဆုံးမှာ ခိုင်မာပြတ်သားမှုပင် ဖြစ်သည်။ အကယ်၍ ဟွမ်ဝမ်အာသာ သူ့ကို သစ္စာဖောက်ရဲပါက ကလေးဖြစ်စေ၊ ဖောက်ပြန်သူဖြစ်စေ အားလုံးကို ဖျက်ဆီးပစ်ပေမည်
လောကကြီးတစ်ခုလုံးက သူ၏ခေါင်းပေါ်တက်၍ လှောင်ပြောင်မည့် အရှက်ရစရာ ကိစ္စမျိုးကို သူ အဖြစ်မခံနိုင်ပါချေ
သုကျွမ်းသည် အရှေ့ခြံဝန်းသို့ အလျင်အမြန် ပြေးထွက်သွားခဲ့သည်တွင် သမားတော်လျိုကို သွားခေါ်ရန် တံခါးဝသို့ ထွက်ခွာတော့မည့် အစေခံလူငယ်လေးတစ်ဦးနှင့် ပက်ပင်းတိုးမိလေသည်...။
စာစဉ်ပြီး၏