ခုနစ်လပိုင်း ဆယ့်ငါးရက်
Vol. 1 Ch. 62
သင်္ဘောသား တစ်ယောက်က ယင်ကျိုးနယ် အကြောင်းကို ပြောပြဖူးလေသည်။ မြူခိုးများ ထူထပ်နေသည့် ပင်လယ်ပြင်ထဲတွင် တည်ရှိသည့် ကျွန်းတစ်ကျွန်း အကြောင်း ဖြစ်လေသည်။
သို့သော် လက်ရှိ ဆန်းလျန် ရောက်ရှိနေသည့် လောကတွင် ပင်လယ်တစ်ဖက်ကမ်း၌ ယင်ကျိုး နယ်ဟူ၍ မရှိပေ။ သို့သော် ချင်းရွှမ်နတ် တံခါးတော့ တည်ရှိလေသည်။
ဆန်းလျန်မှာ ပင်လယ်ပြင်ကို ဖြတ်ပြီး ခရီးထွက်လာခြင်း ဖြစ်လေသည်။
တာ့ဝေ့တိုင်းပြည်နှင့် မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော အရပ်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ရဲ့လျိုယွင်သာ ပင်လယ်လမ်းပြမြေပုံနှင့် ပင်လယ်အကြောင်း ကျွမ်းကျင်သည့် သင်္ဘောသား တစ်ယောက် ထည့်ပေးလိုက်ခြင်း မရှိလျှင် ဆန်းလျန်အနေဖြင့် ချင်းရွှမ်နတ်တံခါးသို့ ရောက်ရန် လွယ်ကူမည် မဟုတ်ပေ။
ကြိုတင်ပြင်ဆင်မှုများ လုပ်လာသည့်တိုင်အောင် ချင်းရွှမ်နတ်တံခါးကို ရောက်ရန်အတွက် အခက်အခဲ ပေါင်းများစွာကို ရင်ဆိုင်ရလေသည်။
လွန်စွာမှပင် သွားရလာရ ခက်ခဲသည့်ဒေသ ဖြစ်သောကြောင့် ချင်းရွှမ်နတ်တံခါးသို့ အမှတ်မထင် ရောက်ရှိ သွားသူသာ ရှိခဲ့ပါက ထိုသူမှာ အလွန် ကံကောင်းသည့်သူပင် ဖြစ်လေသည်။
ထို့ပြင် ချင်းရွှမ်နတ်တံခါးသို့ ဝင်ခွင့်ရရန်မှာ လူပေါင်းတစ်သောင်းတွင် တစ်ယောက်ပင် ရရှိဖို့ရန် မလွယ်ကူသည့် အခွင့်အရေး ဖြစ်သည်ဟု ရဲ့လျိုယွင်၏ စာထဲတွင် ဖော်ပြထားလေသည်။
ကမ္ဘာလောကကြီးက ကျယ်ပြန့်လွန်းပြီး တာ့ဝေ့တိုင်းပြည်မှာ ထိုကမ္ဘာ လောကကြီး၏ သေးငယ်လှသည့် အစိတ်အပိုင်းလေး တစ်ခုမျှသာ ဖြစ်လေသည်။
နတ်ဘုရားတို့၏ ကျင့်စဉ်လမ်းမှာ သမိုင်းရှည်ကြီး တစ်ခု ဖြစ်လေသည်။ နတ်ဘုရားကျင့်စဉ် လမ်း လိုက်ရန်အတွက် နည်းဥပဒေနှင့် လိုအပ်ချက်များကို မျိုးဆက်အလိုက် လက်ဆင့်ကမ်းခဲ့ ကြလေသည်။
ရဲ့လျိုယွင်၏ စာထဲတွင် ဖော်ပြထားသည်မှာ လောကတွင် ချင်းရွှမ်နတ်တံခါး အပြင် အခြားသော နတ်ဘုရား ကျောင်းတော်ပေါင်း မြောက်မြားစွာ ရှိသေးသည်။ သို့သော် ချင်းရွှမ်နတ်တံခါးကဲ့သို့ အထင်ကရဖြစ်သည့် ကျောင်းတော်ကတော့ လူသူမနီးသည့် နေရာတွင် တည်ရှိတတ်သည် ဟူ၍ ဖြစ်လေသည်။
တောင်ပင်လယ် ဖေးရှန်းနတ်ဘုရား ကျွန်းဆွယ်ကဲ့သို့သော နတ်ဘုရား ကျောင်းတော် များကတော့ သီးသန့် နေထိုင်တတ်ကြပြီး သူတို့၏ လမ်းစဉ်ကို ကျင့်ကြံနိုင်ရန်အတွက် နှစ်ထောင်ပေါင်း များစွာအတွင်း အပြင်မှ လူတစ်ယောက်ကိုပင် တပည့်အဖြစ် လက်မခံခဲ့ပေ။ ကိုယ်နှင့် သက်ဆိုင်သည့် အနွယ်တော်များ ထဲမှသာ ကျင့်စဉ်လမ်းကို ဆက်ခံရန် ခေါ်ယူတတ်ကြ လေသည်။
နတ်ဘုရား ကျောင်းတော် အများစုမှာ တစ်နည်းမဟုတ် တစ်နည်း ချင်းရွှမ်နတ်တံခါးနှင့် ဆက်နွယ် နေကြသည်ချည်းပင် ဖြစ်လေသည်။ အချို့ဆိုလျှင် ချင်းရွှမ် နတ်တံခါးတွင် တပည့်ဖြစ်ခဲ့ ဖူးသူများ ဖြစ်လေသည်။ တာအိုကျင့်စဉ် ကျင့်ကြံရင်း မအောင်မြင်သည့် သူများသည် ချင်းရွှမ်မှ ထွက်ခွာလာပြီး နတ်ဘုရား ကျောင်းတော် တည်ထောင်ကြလေသည်။ သို့သော် ချင်းရွှမ် နတ်တံခါး ကတော့ ထိုသို့သော အပြင်လူများကို အသိအမှတ်ပြုခြင်း မရှိပေ။
သို့သော် ထိုကဲ့သို့သော သူများ၏ အနွယ်တော်များက အခြားသူများထက် ချင်းရွှမ် နတ်တံခါးကို မည်သို့ ဝင်ရမည်ကို သိရှိလေသည်။
ကွေးယွင်စန်းကျွမ်းမှာ တောင်ပင်လယ် ဖေးရှန်းနတ်ဘုရား ကျွန်းဆွယ်၏ အနွယ်တော်ဖြစ်သလို မင်ကျန်း တောင်မှာလည်း အခြားသော နတ်ဘုရားကျောင်းတော် တစ်ခု၏ အနွယ်တော် ဖြစ်လေသည်။
ထို နတ်ဘုရား ကျောင်းတော်များမှာ လောက လူသားများနှင့် သီးသန့်ခွဲထွက် ရပ်တည်နေကြပြီး သူတို့၏ တပည့်များမှာ လင်ချုန်းရှောင်ကဲ့သို့ အဆင့်အတန်း ရှိသူများ ဖြစ်လေသည်။
ကျင့်စဉ်လမ်း တစ်ခု (သို့မဟုတ်) နှစ်ခုကို ကျင့်ကြံအောင်မြင် ထားသည့်သူများ ဖြစ်လေသည်။ သူတို့က သိုင်းလောကရှိ သာမန်ဂိုဏ်းများထက် အဆင့်မြင့် ကျင့်စဉ်များ လေ့ကျင့်ထားသည့် သူများကို သဘောကျလေသည်။ ထိုသို့ လူ့လောကတွင် ကျင့်ကြံသူ လမ်းစဉ်ကို လိုက်နေသည့် သူတို့ကို လူသား တစ်ဝက် နတ်ဘုရား တစ်ဝက်ဟု ခေါ်ဆို၍ ရလေသည်။
ထိုသို့သော ကျင့်စဉ်လမ်းကို ကျင့်ကြံဖူးသူ များက သာမန်လူများထက် ပိုပြီး ချင်းရွှမ် နတ်တံခါး ကို ဝင်ခွင့်ရရန် နီးစပ်လေသည်။
"ချန်ဆန်း တံခါးဝမှာ ဘဝ မကူးနိုင်တဲ့သူတွေ တစ်ပုံကြီးပဲ" ဟူသည့် စကားအတိုင်းပင် သင်္ဂြိုဟ် ပေးမည့်သူ မရှိဘဲ ဖြစ်သလို သေဆုံးခဲ့ကြရသည့် ဝိညာဉ်များမှာ မကျွတ်မလွတ်နိုင် ဖြစ်နေကြ လေသည်။ ထို့အတူ ကျင့်ကြံသူ လမ်းစဉ်တွင် ချင်းရွှမ် နတ်တံခါးကို ဝင်ရောက်နိုင်ရန် ကြိုးစားနေသည့် သူတွေ များစွာ ရှိကြလေသည်။
ဆန်းလျန် ရောက်လာသည့် နေရာမှာ ကြီးမားလွန်းသည့် ကျွန်းကြီးတစ်ကျွန်း ဖြစ်လေသည်။ ကျွန်းပေါ်တွင် တောင်ကြီးတစ်တောင် ရှိနေပြီး ရောင်စုံ တိမ်တိုက်များက တောင်ကြီးကို ဝန်းရံ ထားလေသည်။
ဆန်းလျန်က သူ့ကိုယ်ထဲတွင် စီးဆင်းနေသည့် အတွင်းအားနှင့် သွေးလည်ပတ်မှုကို ဆင်ခြင် လိုက်ပြီး ခုနစ်လပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ခန့်မှန်း လိုက်မိလေသည်။ ဝံပုလွေ နတ်ဘုရား အဘိုးအို ရှင်းချွိပင်းကျိရှောင်အန်း ပြောလိုက်သည့် အတိုင်းဆိုလျှင် ကိုးလပိုင်း ကိုးရက်နေ့ တွင် ချင်းရွှမ်နတ်တံခါး ဖွင့်မည် ဖြစ်လေသည်။
ထို့ကြောင့် ဆန်းလျန်မှာ နှစ်လမျှ စောပြီး ရောက်နေခြင်း ဖြစ်လေသည်။
ဆန်းလျန်က လှေကြီးပေါ်မှ လှေသေးသေးလေးဖြင့် ခွဲထွက်ပြီး ချင်းရွှမ်သို့ ခရီး ဆက်လာခဲ့ခြင်း ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် လှေကြီးမှာ ကျွန်းဆွယ်အတွင်းသို့ ဝင်လို့ မရသည့်အပြင် လှေထိုး သမားကိုလည်း ချင်းရွှမ်၏ တည်နေရာကို မသိစေချင် သောကြောင့် ဖြစ်လေသည်။
သူက ကျွန်းပေါ်သို့ ရောက်သည်နှင့် ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်လိုက်သည်။ ရှုမျှော် ခင်းများမှာ လင်ချုန်းရှောင် ပြောပြခဲ့သည့် အကြောင်းအရာနှင့် ကိုက်ညီသလို ရဲ့လျိုယွင် ပေးလိုက်သည့် မြေပုံနှင့်လည်း ကိုက်ညီလေသည်။
ဆန်းလျန်က သူ ရောက်ရှိလာသည့် နေရာမှာ မှန်ကန်သည်ဟု ယုံကြည် လိုက်လေသည်။
သူရောက်ရှိသည့် အချိန်က အနည်းငယ် စောနေသည့်အတွက် ချင်းရွှမ် နတ်တံခါးကို တွေ့ခွင့် ရမည် မဟုတ်သေးဟု တွေးထင် ထားလေသည်။
သူ့ရှေ့တွင် မြစ်တစ်စင်းကို တွေ့ရလေသည်။ မြင်းကမ်း နံဘေးတွင် မြက်ပင်လေးများ ပေါက်ရောက် နေကြလေသည်။ ထူးဆန်းသည်မှာ ငှက်များ၏ အော်သံနှင့် ပိုးကောင် မွှားကောင်များ၏ အော်မြည်သံများ မကြားရခြင်းပင် ဖြစ်လေသည်။
လေတိုက်သည့် အသံ၊ မြက်ပင်လေးများ ယိမ်းနွဲ့သည့် အသံနှင့် စီးဆင်းနေသည့် မြစ်ရေပြင်၏ အသံက လွဲ၍ မည်သည့် အသံကိုမျှ ဆန်းလျန် မကြားရပေ။
နေက အလွန် ပူပြင်းသောကြောင့် အတွင်းအား ပြည့်ဝသည့် အဆင့်မြင့် သိုင်းသမား တစ်ယောက် ဖြစ်သည့်တိုင် ဆန်းလျန်မှာ ပင်ပန်းနွမ်းနယ် လာသလို ခံစား နေရလေသည်။
သူက သတိရှိသူ တစ်ယောက် ဖြစ်သည့်အတွက် မြစ်ထဲတွင် ရေချိုးခြင်းကို မပြုလုပ်ပါ။ ရဲ့လျိုယွင်၏ စာထဲတွင် တောင်ခြေတွင် မြို့လေးတစ်မြို့ ရှိပြီး ထိုမြို့လေးမှာ ချင်းရွှမ် နတ်တံခါးသို့ ဝင်သည့် တံခါးပေါက် ဖြစ်သည်ဟု ရေးသား ထားလေသည်။ မြို့လေး ဆုံးသွားသည်နှင့် လမ်းတစ်ခုရှိပြီး ထိုလမ်းက ချင်းရွှမ်သို့ ဝင်သည့် တံခါးဝပင် ဖြစ်လေသည်။ ထိုလမ်းကို "ဝမ့်ရှင်း" လမ်းဟု ခေါ်လေသည်။
ထိုလမ်းကို နတ်ဘုရားများက တန်ခိုးဖြင့် ဖန်ဆင်းထားခြင်း ဖြစ်လေသည်။ ထိုလမ်းမှာ ချင်းရွှမ် နတ်တံခါးသို့ ဝင်ရန်အတွက် အရည်အချင်း စစ်သည့်လမ်းပင် ဖြစ်လေသည်။
"လူတစ်ယောက်၏ အပြုအမူကို မကြည့်မီ။ ထိုသူ၏ နှလုံးသားကို ကြည့်ရမည် ဖြစ်လေသည်။"
ချင်းရွှမ် နတ်တံခါး လူရွေးပွဲအတွက် နှစ်လ အချိန်ရသေးသည်။ ထို့ကြောင့် ဆန်းလျန်မှာ တောင်ခြေရှိ မြို့လေးတွင် နေထိုင်ရန် ဆုံးဖြတ် လိုက်လေသည်။
ဆန်းလျန်မှာ စိတ်ပူခြင်း လုံးဝ မဖြစ်မိပါ။
တောင်ခြေ မြို့လေးမှာ တောင်ဘက်ပိုင်းတွင် ရှိလေသည်။ မြစ်ကြောင်းအတိုင်း ဆန်တက် သွားလျှင် ရွာသားများ နေထိုင်သည့် မြို့လေးကို တွေ့ရမည် ဖြစ်လေသည်။
မြစ်မှာ နက်ရှိုင်းပြီး ရေထဲသို့ ထိုးဖောက်ကြည့်၍ မရပေ။ သို့သော် ခေတ်ပေါ်ကမ္ဘာမှ မြစ်ရေများ ကဲ့သို့ ညစ်ပတ် နေခြင်းမျိုးလည်း မဟုတ်ပါ။
ဆန်းလျန်မှာ မြစ်ကြောင်းအတိုင်း ဆန်တက် လာခဲ့လေသည်။ သူက သုံးရက်ခန့် လမ်းလျှောက် လာခဲ့လေသည်။ ဆန်းလျန်က စားစရာနှင့် ရေများကို သယ်ဆောင် လာလေသည်။ သူ့ကဲ့သို့ ကျင့်စဉ် လမ်း အဆင့်တစ်ခုသို့ ရောက်ရှိနေသည့် လူများမှာ အစားအသောက်များစွာ စားရန်မလိုပေ။ သူက ပတ်ဝန်းကျင်မှ အစားအသောက်များကိုတော့ စားသောက်ခြင်း မပြုမိအောင် သတိထားကာ ရှောင်ကြဉ် လေသည်။
ဆန်းလျန်က နေ့ဘက်တွင် ခရီးဆက်ပြီး ညဘက်တွင် စိတ်ဝိညာဉ် ငြိမ်းအေးခြင်း ကျင့်စဉ် ကို ကျင့်ကြံလေသည်။
ယခုအချိန်ထိ သစ်ပင်များမှ လွဲပြီး အခြားသော သက်ရှိဟူ၍ မတွေ့ရပေ။
မြစ်လေးက တိတ်ဆိတ်စွာ စီးဆင်း နေလေသည်။
နံနက်ခင်း တစ်ခုတွင်တော့ သက်ရှိသတ္တဝါ တစ်ဦးကို ဆန်းလျန် တွေ့လိုက်ရလေသည်။ ပိုပြီး တိတိကျကျ ပြောရလျှင် လူသားတစ်ဦးကို တွေ့လိုက် ရလေသည်။
မြစ်ကမ်း အခြားဘက်တွင် မိန်းကလေး တစ်ယောက် ငြိမ်သက်စွာ မတ်တတ် ရပ်နေလေသည်။
သူမက ခရမ်းရောင် အဝတ်အစားများကို ဝတ်ဆင်ထားပြီး ထို အဝတ်အစားများမှာ သူမ၏ ခန္ဓာကိုယ်ကို ပေါ်လွင် စေလေသည်။
သူမမှာ လွန်စွာမှ လှပသူတစ်ယောက် ဖြစ်သည်ကိုတော့ မငြင်းနိုင်ပါ။
လေက တိုက်ခတ်သည့်အခါ သူမ၏ ခါးတွင် ချည်နှောင်ထားသည့် ခရမ်းရောင် ခေါင်းလောင်း လေးများမှ ခေါင်းလောင်းမြည်သံများ ထွက်နေလေသည်။ ခေါင်းလောင်းလေး များမှာ လေတိုက်ခတ် သည်နှင့် လှုပ်ရှားသွားပြီး အသံ မြည်နေကြခြင်း ဖြစ်လေသည်။
လူတစ်ယောက်ကို တွေ့ရသည့်အတွက် ဆန်းလျန်မှာ စိတ်လှုပ်ရှား သွားလေသည်။
သူက သူမကို နှုတ်ဆက်ရန် ကြိုးစား လိုက်လေသည်။ သို့သော် မိန်းကလေးက သူ့ကို တစ်ချက် စိုက်ကြည့်ပြီး ပျောက်ကွယ်သွားလေသည်။
ခေါင်းလောင်းသံ လေးများကတော့ လေထဲတွင် ပျံ့လွင့်နေဆဲ ဖြစ်လေသည်။
လူတစ်ယောက်ကို တွေ့ပြီဆိုမှတော့ ဤနေရာမှာ လူသူ မရှိသည့် နေရာမဟုတ်ဟု ဆန်းလျန် ယူဆ လိုက်လေသည်။ ရှေ့ဆက်သွားရင်း နောက်ထပ် လူတစ်ယောက်ကို တွေ့ကောင်း တွေ့နိုင်ဦးမည် ဖြစ်လေသည်။
သိပ်မကြာခင်မှာပင် ဆန်းလျန် နောက်ထပ် လူတစ်ယောက်ကို တွေ့ခဲ့လေသည်။
ညသန်းခေါင်ယံအချိန်….
လပြည့် နီးသောကြောင့် လမင်းက ထိန်ထိန် သာနေလေသည်။
ကြယ်စင်များက တောက်ပနေပြီး လမင်းက ကောင်းကင်ထက်တွင် ဖြည်းဖြည်းချင်း ရွေ့လျား နေသည်။
ဆန်းလျန်က ကျောက်ဆောင်တစ်ခု ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေလေသည်။ ထုံးစံအတိုင်း နံနက်နေ ထွက်လာမည့် အချိန်ကို စောင့်မျှော်နေခြင်း ဖြစ်လေသည်။
ထိုအချိန်…
မြစ်တွင်း၌ မြူများအုံ့ဆိုင်း လာလေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးတွင်လည်း လရောင်က ဖြာကျနေလေသည်။
ဆန်းလျန်နှင့် ပေသုံးရာခန့် အကွာတွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။ ထို အလင်းတန်းမှာ လရောင်နှင့် မြစ်ရေ ပေါင်းစပ်ပြီး မြူခိုးများ ဝေနေလေသည်။
ခုနစ်လပိုင်း ဆယ့်ငါးရက်နေ့ ရောက်နေပြီဟု ဆန်းလျန် ခန့်မှန်းကြည့်လိုက် လေသည်။
ထိုနေ့က တစ္ဆေကြီး ပွဲတော်နေ့ ဖြစ်လေသည်။
ဆန်းလျန် မြင်တွေ့ရသည့် အလင်းရောင်မှာ မီးအိမ်တစ်ခုမှ ထွက်ပေါ်လာသည့် အလင်းရောင် ဖြစ်လေသည်။ ထိုမီးအိမ်ကို လှေတစ်ခုတွင် ချိတ်ဆွဲထားခြင်း ဖြစ်လေသည်။
လှေမှာ အဖြူရောင် ဖြစ်ပြီး လှေပေါ်တွင် အဖြူရောင် ဝတ်ဆင်ထားသည့် လူတစ်ယောက် မတ်တတ် ရပ်နေလေသည်။ မြူခိုးများ ဝေနေပြီး အလင်းရောင်ကလည်း မှိန်ဖျော့နေသည့် အတွက်ကြောင့် ထိုသူကို ရှင်းလင်းစွာ မမြင်ရပေ။
အဖြူရောင် ဝတ်ဆင်ထားသည့် သူမှာ မီးအိမ်တစ်လုံးကို ကိုင်ထားလေသည်။ အသုဘ အခမ်းအနား များတွင် ဝိညာဉ်မီးအိမ်ကို ကိုင်ထားသည်နှင့် ဆင်တူလေသည်။
မြစ်ရေက ဖြည်းညင်းစွာ စီးဆင်းနေလေသည်။ မြစ်ထဲမှ အဖြူရောင်လှေမှာ လှော်တက်ဖြင့် လှော်ခတ်ခြင်း မရှိဘဲ မြစ်ရေ စီးကြောင်းအတိုင်း လိုက်ပါ သွားလေသည်။
တစ်စုံတစ်ယောက်၏ ငိုသံ သို့မဟုတ် သီချင်းဆိုသံ ကဲ့သို့သော အသံကို ဆန်းလျန် ကြားလိုက်ရ လေသည်။
အသုဘ ဧယဉ်ကျူးနေသည့် သီချင်းသံ ဖြစ်လေသည်။ ဆန်းလျန်မှာ ကြက်သီးများပင် ထလာ လေသည်။
ငှက်အော်သံများ ပိုးမွှားကောင်လေးများ၏ အော်ဟစ်သံများပင် မကြားရဘဲ တိတ်ဆိတ် လွန်းသည့် ညတစ်ညတွင် အသုဘ သီချင်းဆိုသံ ကြားလိုက်ရခြင်းမှာ တော်ရုံ စိတ်မခိုင်သည့် သူဆိုလျှင် သတိ လစ်သွားမည် ဖြစ်လေသည်။
သို့သော် ဆန်းလျန်က သတိလစ်သွားခြင်း မရှိပါ။ သီချင်းသံမှာ တန်ခိုးနှင့် ပြည့်ဝနေသည်ဟု ခံစားရပြီး ဆန်းလျန်၏ ရုပ်ခန္ဓာမှာ လင်းလက် သွားသလို ခံစားလိုက်ရလေသည်။
ဆန်းလျန် သူ့ကိုယ်သူ ပြန်ပြီး မြင်တွေ့ နေရလေသည်။
အတင်းလုပ်ယူခြင်း မဟုတ်ဘဲ ပထမဆုံးအကြိမ် အလိုအလျောက် ဝိညာဉ်လွှင့်မိခြင်း ဖြစ်လေသည်။
အဖြူရောင်ဝတ် လူက မီးအိမ်လေးကို ဝှေ့ယမ်း လိုက်သည်နှင့် မြစ်ကမ်း တစ်လျှောက်မှ အလင်းရောင် ဘောလုံးများ ထွက်ပေါ်လာပြီး အဖြူရောင် လှေဆီသို့ ဦးတည်ပြီး သွားနေကြ လေတော့သည်။
မြစ်ကြောင်း တစ်လျှောက်အတွင် သက်ရှိ သတ္တဝါများကို အဘယ်ကြောင့် မတွေ့ရသည်ကို ဆန်းလျန် သဘောပေါက်သွား လေသည်။
အဘယ်ကြောင့်ဆိုသော သတ္တဝါတိုင်း၏ ဝိညာဉ်များကို မီးအိမ် ကိုင်ထားသည့် အဖြူရောင်ဝတ် လူက ဆင့်ခေါ် သွားသောကြောင့် ဖြစ်လေသည်။
တောက်ပနေသည့် အလင်းရောင် ဘောလုံးများမှာ မြစ်ကမ်း တစ်လျှောက်တွင် လောလောဆယ် အသက်ရှင်နေသည့် သတ္တဝါများ၏ ဝိညာဉ်များပင် ဖြစ်လေသည်။
ထိုသို့ ဖြစ်ပျက် နေသည်ကို သူ အရင်က လုံးဝ သတိထားမိခြင်း မရှိပေ။
***