လှည့်စားခံရခြင်း ... ။
Vol. 73 Ch. 865
နူးညံ့လွန်းသော ယုန်ဖြူကလေး နှစ်ကောင်သည် လရောင်အောက်တွင်ရေစက် အချို့နှင့်အတူ တဆက်ဆက်ခုန်လျက်ဖြင့် စုရီအနား တရွေ့ရွေ့နီးကပ်လာချေပြီ။
အဆုံး၌ စုရီရှေ့တည့်တည့်တွင် ရပ်တန့်သွားကာ မီးလျှံကဲ့သို့ရဲရဲနီနေခဲ့သော မြင်ကွင်းဖြင့် အစားထိုးသွား၏။
“ ပြောပါ မင်းငါ့ဆီလာတာ ... တစ်ခုခု ပြဿနာရှိနေလား။ ”
စုရီက မျက်နှာမလွှဲဘဲ အင်္ကျီဝတ်နေသော ကောင်းကင်နတ်ဆိုးဧကရာဇ်ထံ ကြည့်လျက် မေးမြန်းလိုက်သည်။
ကောင်းကင်နတ်ဆိုးဧကရာဇ်မှ ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသော သူမ လက်နှစ်ဖက်ဖြင့် ဆံပင်များ ရေငွေ့ပျံစေပြီး ခေါင်းနောက်တွင် စည်းနှောင်လိုက်သည်။
ချက်ချင်းပင် မြေပြင်ပေါ်သို့ ဆင်းသက်လာသော ပြိုင်ဘက်ကင်းသော နတ်ဆိုးတစ်ကောင်အလား ရောင်ဝါများ ပြောင်းလဲသွား၏။
တောင်များနှင့် မြစ်များသည် ထူးဆန်းစွာတိတ်ဆိတ်မှုထဲ ကျဆင်းသွားသည်။ မမြင်ရသောစွမ်းအားတစ်ခုက ကမ္ဘာကြီးအပေါ် လွှမ်းမိုးလာသည်နှင့်တူ၏။
ဤသည်မှာ ရွှမ်ဟဲအဆင့် ကောင်းကင်နတ်ဆိုးဧကရာဇ်၏ စစ်မှန်သော ရောင်ဝါနှင့် မျက်နှာအသွင်အပြင်ဖြစ်သည်။ ယခင် ဆွဲဆောင်မှုရှိသော အသွင်အပြင်သည် သူမ၏အခြားတစ်ဖက်ပေပင်။
“ အစ်ကိုစု၊ တကယ်ပဲ ငါမင်းကိုတောင်းဆိုစရာ တစ်ခုရှိပါတယ်။ ”
ကောင်းကင်နတ်ဆိုးဧကရာဇ်က တိုးတိုးလေး ဝန်ခံစကားပြောလာသည်။ သူမ၏ အေးစက်စက်အမူအရာသည် သက်ရှိအားလုံးကို နာခံစေသော ဘုန်းအာနုဘော်ပေးစွမ်း၏။
“ အစ်ကိုစု ... မင်းသိတယ်မလား အရင်တုန်းက ငါ့ရဲ့ကျင့်ကြံမှုက ဧကရာဇ်အဆင့် ပြီးပြည့်စုံမှုကို ရောက်နေပြီဆိုတာ ... ။ ”
ထို့နောက် သက်ပြင်းချကာ အဝေးသို့ ငေးမောလျက်ဖြင့်၊
“ တကယ်ဆို ငါတို့လိုလူတွေအတွက် ဒီလောက်ကျယ်ပြောတဲ့ အရိုင်းမြေကိုးပါးကြီးက ရေတွင်းတစ်ခုလို ကျဉ်းမြောင်းလွန်းတယ် ...
... ငါတို့က ပိုမြင့်တဲ့ လမ်းကို တက်ရောက်နိုင်ဖို့ဆိုရင် ကောင်းကင်ဘုံကို တက်ရတာထက် ပိုခက်နေပါတယ် ... ။ ”
-ဟု ရေရွတ်လိုက်၏။ ထို့နောက် သူမကပင်။
“ ငါက နတ်ဆိုးလမ်းစဉ်ရဲ့ ရှေးအကျဆုံး နည်းစနစ်ဖြစ်တဲ့ ‘ကိုးပါးဖျက်ဆီးခြင်းကျမ်း’ကို လေ့ကျင်ခဲ့တယ် ...
... ဒီအမွေက အစွမ်းထက်ပေမယ့် အားနည်းချက်တစ်ခုရှိတယ် တိုးတက်အောင် မလုပ်နိုင်ရင် တစ်နေ့မင်းရဲ့ ကျင့်ကြံမှုက နောက်ပြန်ဆုတ်သွားလိမ့်မယ် ...
... ဒီလိုကျင့်ကြံမှု ကျဆင်းသွားတာနဲ့ ငါဘယ်တော့မှပိုမြင့်တဲ့လမ်းပေါ် လှမ်းတက် နိုင်တော့မှာမဟုတ်ဘူး ...
... ဒါကြောင့် အဲဒီတုန်းက ငါ့ရဲ့ခွန်အားကို ထိန်းသိမ်းဖို့အတွက် အခြားနည်းလမ်းမရှိတာမို့ တားမြစ်နတ်ဆိုးကွင်းဆက်ကို အသုံးပြုပြီး တံဆိပ်ခတ်လိုက်ရတယ် ...
... အခုဆိုရင် တားမြစ်နတ်ဆိုးကွင်း ဆယ့်သုံးကွင်းတိတိကို အသုံးပြုထားနေခဲ့ရပြီ ဒီအတိုင်းသာ ဆက်သွားနေရင် တားမြစ် နတ်ဆိုးကွင်းဆက်ရဲ့ စွမ်းအားလည်း ပျောက်ကွယ်သွားလိမ့်မယ် ...
... အဲဒီအချိန်မှာ ... တလျှောက်လုံး ဖိနှိပ်ထားခဲ့တဲ့ကျင့်ကြံမှုဟာ မလွဲမသွေပွင့်ပြီး ငါ့ကိုအပိုင်းပိုင်း ဖောက်ခွဲပစ်လိမ့်မယ်။ ”
ဤသည်မှာ သူမ အကြောက်ဆုံး အရာဖြစ်သည်။ ပါရမီအရသူမဟူသည် သမိုင်း တလျှောက် တုနှိုင်းမဲ့ချေ၏။ ထို့ကြောင့်ပင် နတ်ဆိုးဘိုးဘေးဟူသော ဘွဲ့ထူးကို ရရှိထားခြင်း ဖြစ်သည်။
ထိုသို့သော လူသည် ကျင့်ကြံမှု ပေါက်ကွဲ သေဆုံးခြင်းဖြင့် လူအများကြား ဟာသအဖြစ် ကျန်ရစ်မည်ကို မလိုလားချေ။
“ ဒါဆို မင်းက ပြန်ဝင်စားပြီး အစကနေ ပြန်စချင်နေတာလား။ ”
စုရီက မေးလိုက်သည်။ သူ့ယခင်ဘဝ အထွတ်အထိပ်ရောက်ချိန်၌ နှစ်ပေါင်းများစွာ ပိတ်မိနေဖူးသဖြင့် တစ်ဖက်လူ၏ခံစားချက်ကို ကောင်းကောင်း နားလည်၏။
“ မဟုတ်ဘူး ... ငါကနင့်လိုမဟုတ်ဘူး၊ ဒီဘဝရဲ့ အထွတ်အထိပ်ခွန်အားကို စွန့်လွှတ်ဖို့ ငါ့မှာသတ္တိမရှိသေးဘူး ...
... ငါပြန်ဝင်စားမယ် ဆိုရင်တောင် ဒီနေ့ငါရောက်နေတဲ့အမြင့်ထိ ပြန်ရောက်ဖို့ကို မသေချာဘူး။ ”
ကောင်းကင်နတ်ဆိုး ဧကရာဇ်မှ ခေါင်းခါလိုက်၏။ ထို့နောက်၊
“ တာအိုလမ်းခရီးမှာ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ ကြုံရနိုင်ချေ အရမ်းများတယ် ပြန်ဝင်စားခြင်းဆိုတာ အသစ်ပြန်စခြင်းပဲ ...
... ငါ့ရဲ့ အားအနည်းဆုံး အချိန်မှာတောင် သေးငယ်တဲ့ မုန်တိုင်းတစ်စင်းက ငါ့အသက်ကို ဆုံးရှုံးစေနိုင်လိမ့်မယ်။ ”
-ဟု ညည်းတွားတော့သည်။ စုရီက ခေါင်းညိတ်လျက်၊
“ ဒါဆို ... မင်းရဲ့အခြေအနေကို ဖြေရှင်းဖို့ ... နည်းလမ်းတစ်ခု ရှာတွေ့ပြီလား။ ”
-ဟု မေးမြန်းလိုက်၏။
ကောင်းကင်နတ်ဆိုးဧကရာဇ်က ရုတ်တရက်လေးပင်သော သက်ပြင်းများကို မှုတ်ထုတ်ကာ၊
“ ဒီလောက်ကျယ်ပြောလှတဲ့ အရိုင်းမြေထဲမှာ ငါ့အပေါ် တကယ်နားလည်တဲ့ လူက အစ်ကိုစုတစ်ယောက်ပဲရှိတယ်ဆိုတာ တကယ်ပါပဲ။ ”
“ ဟားဟားဟား ကောင်းပြီ၊ ငါ့ကို မြှောက်ပင့်ပြီး ချိုချိုသာသာ ပြောနေတာတွေကို ရပ်လိုက်တော့ ... မင်းရဲ့အစီအစဉ်ကို တိုက်ရိုက် ပြောပြပါ။ ”
“ အဟဲ ... ကောင်းပြီ၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကြယ်တွေပြည့်နှက်နေတဲ့ ကောင်းကင်ကြီးဗဟိုကနေ လာခဲ့ကြတဲ့ အင်အားစုတစ်ခုနဲ့ ငါတွေ့ခဲ့တယ် ...
... သူတို့က ငါကူညီရင် ငါ့ရဲ့အခက်အခဲတွေကို ဖြေရှင်းပေးမယ်လို့ ကတိပေးတယ် ...
... သူတို့အမည်ကို ကောင်းကင်ကိုးပါး နန်းတော်လို့ခေါ်ပြီး ကောင်းကင်ဆန္ဒကြယ်စု ကနေလာကြတယ် ပြီးတော့ သူတို့မှာ ...
... ကြယ်တာရာ တားမြစ် ဥပဒေစွမ်းအားလို့ခေါ်တဲ့ တာအိုဥပဒေတစ်ခု ပိုင်ဆိုင်ထားကြတယ် ငါ့တာဝန်က နတ်ဆိုး ဂိုဏ်းအားလုံးရဲ့အင်အားကို အသုံးပြုပြီး ရှေးခေတ်ရတနာတွေ စုဆောင်းပေးဖို့ပဲ ...
... အပြန်အလှန်အနေနဲ့ သူတို့က ငါ့ကိုကောင်းကင်လမ်းရဲ့ လျှို့ဝှက်ချက်အချို့ကို မျှဝေပေးရမယ်။ ”
ဤနေရာအရောက်တွင် တချိန်လုံးငြိမ်သက်နေသော စုရီအသွင်ကြောင့် သံသယဝင်လာပြီး ကောင်းကင်နတ်ဆိုး ဧကရာဇ်မှ ပြန်လှည့်ကြည့်ကာ၊
“ အစ်ကိုစု၊ မင်းဘာလို့ မအံ့သြတာလဲ ကောင်းကင်လမ်းနယ်ပယ်နဲ့ ကြယ်တွေစုံနေတဲ့ ဗဟိုဒေသကြီးအကြောင်း မင်းကြားဖူးပြီးသား ဖြစ်နေတာလား။ ”
-ဟု မေးမြန်းတော့၏။ စုရီမှ ခေါင်းညိတ်ပြသည်။
“ ကြားဖူးရုံတင်မကဘူး ... အဲဒီ ကောင်းကင်ကိုးပါးနန်းတော်ရဲ့ တပည့်တွေကို မရဏကမ္ဘာမှာ ငါသတ်ခဲ့ဖူးတယ်။ ”
ထိုစကားကြောင့် ကောင်းကင်နတ်ဆိုး ဧကရာဇ်က အံ့အားသင့်လျက် စိတ်ဝင်စားမှု ပြသလာကာ၊
“ အစ်ကိုစု ... ငါ့ကိုပြောပြနိုင်မလား မင်းသိတဲ့အတိုင်းပဲ ကောင်းကင်ကိုးပါးနန်းတော် အဖွဲ့ဝင်တွေကို ငါစိတ်ကုန်နေပြီ သူတို့က မာနကြီးကြတယ် ...
... ငါ့ရဲ့ကျင့်ကြံမှုမှာ ရင်ဆိုင်နေရတဲ့ ပြဿနာသာမျိုးမရှိခဲ့ရင် ငါသူတို့အားလုံးကို ပြာအဖြစ် ပြောင်းလဲပြီးသွားလောက်ပြီ။ ”
-ဟု ပြောကြားလိုက်သည်။
သူမမျက်နှာတွင် ဖုံးကွယ်မထားသော သတ်ဖြတ်ခြင်းရည်ရွယ်ချက်များ ထင်ဟပ်လာ တော့၏။ ကောင်းကင်ကိုးပါးနန်းတော်အပေါ် သူမ၏ မကျေနပ်မှုသည် တောင်တစ်လုံးပမာ များပြားနေပြီဖြစ်သည်။
“ အဲဒါက ဇာတ်လမ်းရှည်ကြီးပဲ။ ”
စုရီက ကောင်းကင်ကိုးပါးနန်းတော်၊ ကြယ်မြစ်ဂိုဏ်းနှင့် နှလုံးသားပြခန်းအကြောင်း သူသိသမျှ အချက်အလက်တိုင်းကို မျှဝေပေး လိုက်တော့၏။
ရှေးဦးခေတ်သမိုင်းကို ဖျက်ဆီးပစ်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် တာအိုကပ်ဘေးကြီး အပါအဝင် အခြားသောလျှို့ဝှက်ချက်များ ပါဝင်လေသည်။
ထိုအင်အားစုများသည် ရွှမ်ဟွမ်ကြယ်၏ မိခင်ချီကိုစုဆောင်းပြီး ပြန်ဝင်စားခြင်းဥပဒေကို ဆုပ်ကိုင်ရန်ဖြစ်ကြောင်း သိရှိသွား၏။
ထိုအသိသည် ကောင်းကင် နတ်ဆိုးဧကရာဇ်ကို အံ့အားသင့်သွားစေသည်။ သူမက အနည်းငယ် ရှုပ်ထွေးဟန်ဖြင့်၊
“ ကောင်းကင်ကိုးပါးနန်းတော်က ရွှမ်ဟွမ်မိခင်ချီနဲ့ ပြန်ဝင်စားခြင်းဥပဒေအတွက် လာခဲ့ကြတာ အံ့သြစရာမရှိတော့ပါဘူး ...
... ငါတို့ရွှမ်ဟွမ်ကြယ်စုဟာ တစ်ချိန်က တောက်ပပြီး ဘုန်းအသရေကြီးမားတဲ့ တာအို ဘိုးဘေးမြေကြီး ဖြစ်ခဲ့တာကိုး။ ”
-ဟု ညည်းတွားလိုက်သည်။
အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားပြီးနောက် အဆုံး၌ မျက်လုံးများ တဖြည်းဖြည်းတောက်ပလာကာ၊
“ အစ်ကိုစု ... မင်းပြောပုံအရဆဆိုရင် ငါတို့တွေသာ အဲဒီရွှမ်ဟွမ်မိခင်ချီတွေကိုသန့်စင် နိုင်မယ်ဆိုရင် ... နက်နဲတာအိုနယ်ပယ်ကို ဖြတ်ကျော်နိုင်မှာလား ဒါဆို ... ဧကရာဇ်ထက် မြင့်မားတဲ့ ကမ္ဘာ့ဘုရင်ဖြစ်နိုင်ပြီလား။ ”
-ဟု ထပ်မံ မေးမြန်း၏။
မည်သို့ပင်ဆိုစေကာမူ သူမဟူသည် ဤကမ္ဘာကြီး၏ နံပါတ်တစ်နတ်ဆိုးဂိုဏ်းကို တည်ထောင်သူ ဘိုးဘေးကြီးပေပင်။
စုရီပြောပြသော လျှို့ဝှက်ချက်များအပေါ် အခြေခံပြီး အခွင့်အရေးအပေါ် ကောင်းကောင်း ဆုပ်ကိုင်နိုင်ပါက အောင်မြင်ရန်နီးစပ်ချေ၏။ စုရီက ဝိုင်ကိုတစ်ငုံသောက်လိုက်ပြီး၊
“ အချိန်က အတိတ်ကသမိုင်းကို မြှုပ်နှံပစ်လိုက်ပေမယ့် ရွှမ်ဟွမ်မိခင်ချီကတော့ မူလအရင်းအမြစ်စွမ်းအားအဖြစ် ဒီကြယ်စုမှာ ရှိနေတုန်းပါပဲ၊ အဲဒီစွမ်းအားက ...
... ကြယ်တွေပြည့်နှက်နေတဲ့ ကောင်းကင်ကြီး ဗဟိုကနေလာကြတဲ့ လူတွေ ပိုင်ဆိုင်ထားတဲ့ ဥပဒေစည်းမျဉ်းတစ်ခုလို အရမ်းအစွမ်းထက်တယ် ...
... တစ်စုံတစ်ဦးသာ ဒီဥပဒေကို ထိန်းချုပ်နိုင်မယ်ဆိုရင် တာအိုအုတ်မြစ်ဟာ အသွင်ပြောင်းမြင့်တက်လာလိမ့်မယ် ... ။ ”
-ဟု ဖြေကြားလိုက်သည်။
စုရီထံမှ ထိုသို့သော အတည်ပြုချက် ရရှိပြီးနောက် ကောင်းကင်နတ်ဆိုးဧကရာဇ် တစ်ယောက် သိသိသာသာ စိတ်လှုပ်ရှားသွားပြီး မို့မောက်နေသော ရင်ဘတ်ကြီးကို ပိုမို မြင့်တက်လာစေတော့၏။
မူလက ဂရုမစိုက်ဘဲ ဂုဏ်သိက္ခာရှိသည့် စိတ်နေစိတ်ထားတွင် ထိုဝမ်းမြောက်မှုကြောင့် ရွှင်မြူးရိပ်များ ပြည့်နှက်လာ၏။
ဤသည်မှာ မည်မျှတန်ဖိုးရှိသော လျှို့ဝှက်ချက်ကြီးမည်နည်း။ အရိုင်းမြေအနှံ့တွင် ပုန်းကွယ်နေသော ထိုဧကရာဇ်အိုကြီးများသာ ကြားသိသော် ခုန်ဆွခုန်ဆွဖြစ်လာမည်ကို သေချာပေါက် လောင်းကြေးထပ်ဝံ့ချေပြီ။
“ အစ်ကိုစု ... မင်းငါ့နှလုံးသားကို သိမ်းပိုက်ချင်လို့ ဒီလိုလျှို့ဝှက်ချက်မျိုးတွေ မျှဝေပေးနေတာ မဟုတ်လား။ ”
“ ဖွီး ... ။ ”
“ ရွှတ် ... ။ ”
“ ဟားဟားဟား ... ။ ”
စုရီခမျာအရက်များ ချက်ချင်း ထွေးထုတ် လိုက်ရ၏။ ကောင်းကင်နတ်ဆိုး ဧကရာဇ်သည် ထိုမြင်ကွင်းကြောင့် သဘောကျစွာဖြင့် စုရီကို ဖျပ်ခနဲနမ်းရှိုက်ကာ အခွင့်အရေး ရယူသွားတော့သည်။
“ ဟားဟားဟား အစ်ကိုစု ... မင်းရဲ့ကြင်နာမှုကို ငါပြန်ဆပ်ချင်ပေမယ့် မင်းက တန်ဖိုးမထားဘူး ...
... မင်းမှာ အချစ်ဇာတ်လမ်းတွေ အများကြီးရှိခဲ့ဖူးတယ်ဆိုတာကိုသာ ငါမသိရင် မင်းရဲ့ယောကျ်ားဘဝမှာ တစ်ခုခုမှားနေပြီလို့ ငါသံသယဝင်မိလိမ့်မယ်။ ”
စကားဆုံးသည်နှင့် ရဲဝင့်စွာပင် စုရီ၏ပြဿနာကောင်ထံ စူးစူးစိုက်စိုက်ကြည့် လိုက်တော့၏။ စုရီက လက်ဝှေ့ရမ်းလျက်၊
“ မင်း ... ထပ်ကြိုးစားပြန်ပြီလား။”
-ဟု အော်ငေါက်လိုက်ရသည်။
“ မိန်းမတွေနဲ့ အတူအိပ်ခြင်းက စိတ်နဲ့ ရုပ်ခန္ဓာကို အဆုံးစွန်သော ပြေလျော့မှုပေးတယ် ဒါပေမယ့် မင်းလိုမိန်းမဆိုးတစ်ယောက်နဲ့ဆိုရင် ဒါရက်စက်တဲ့တိုက်ပွဲတစ်ပွဲနဲ့ မခြားနိုင်ဘူး ...
... ငါသာ သတိမထားနိုင်ရင် အရှင်လတ်လတ်ဝါးမျိုခံရသလို တာအိုအုတ်မြစ် ယိုင်နဲ့ပျက်စီးသွားနိုင်တယ်။ ”
“ ဟားဟားဟား ... ဒါပဲလေ ... နောက်ဆုံးတော့ ဒီကမ္ဘာမှာ မာနကြီးလွန်းတဲ့ စုရွှမ်ကြွယ်က ငါ့ကိုကြောက်ရွံ့နေကြောင်းကို ဝန်ခံလိုက်ပြီပဲ။ ”
ကောင်းကင်နတ်ဆိုးဧကရာဇ်ခမျာ မျက်ဝန်းများမှိတ်ကျသွားသည်အထိ ကျေနပ်စွာ ရယ်မောလိုက်တော့သည်။
( ဒီမိန်းမ ... ။ )
စုရီခမျာ စကားမပြောနိုင်ဖြစ်သွား၏။ ထို့ကြောင့် ခေါင်းစဉ်ကို ပြောင်းလဲလိုက်ရသည်။
“ မင်း ကောင်းကင်ကိုးပါး နန်းတော်နဲ ပူးပေါင်းဖို့ သဘောတူပြီးပြီလား။ ”
ကောင်းက်ငနတ်ဆိုးဧကရာဇ်က ရယ်မောခြင်းကို ရပ်တန့်လျက်၊
“ ဟုတ်တယ် ... ငါ သဘောတူလိုက်တယ် ဒါက အပြန်အလှန် အကျိုးရှိတာပဲ မဟုတ်လား ကံမကောင်းစွာနဲ့ပဲ ဒီနှစ်တွေတစ်လျှောက်မှာ ...
... နတ်ဆိုးဂိုဏ်းအသီးသီးကနေ ... ရှာဖွေပေးလို့ရသမျှ ရတနာတိုင်းမှာ ... ရွှမ်ဟွမ် မိခင်ချီမပါခဲ့ဘူး။ ”
-ဟု ဝမ်းနည်းစွာ ဖြေကြားလာ၏။
ထိုအဖြေကြောင့် စုရီခမျာ ပို၍ပင် ဝမ်းနည်းသွားချေပြီ။ စိတ်မသက်မသာစွာဖြင့် ကောင်းကင်နတ်ဆိုးဧကရာဇ်ထံ ကြည့်၏။ အဆိုပါအကြည့်ကြောင့် ကောင်းကင်နတ်ဆိုး ဧကရာဇ်မှ မျက်မှောင်ကြုတ်လျက်၊
“ အစ်ကိုစု ... ငါလှည့်စားခံရတာလား။ ”
-ဟု ပြန်၍ မေးမြန်းတော့သည်။
“ အခု မင်းဘယ်လောက်တောင် မိုက်မဲခဲ့လဲဆိုတာ သဘောပေါက်ပြီလား။ ”
***