ဝမ်ချွယ်၏ ဒေါသ။
Vol. 73 Ch. 867
ဝမ်မျိုးနွယ်စု၏ နန်းဆောင်ကြီးအတွင်းတွင် မီးတိုင်များ ထိန်ထိန်လင်းနေ၏။
ဝမ်မျိုးနွယ်စုမှ အဆင့်မြင့် အကြီးအကဲများသည်စုရုံးလျက် နတ်ဆိုး တစ်သောင်းတောင်၏သတင်းကို စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။
“ မဟာအကြီးအကဲ ... သူတို့ရဲ့ အသက်ဝိညာဉ်မီးအိမ်တွေ ဘာထူးခြားမှုရှိလဲ။ ”
မျိုးနွယ်စုခေါင်းဆောင် ဝမ်ကျန့်ယွမ်က မေးမြန်းလိုက်၏။ သူ့ဘေးရှိ အဖိုးအိုတစ်ဦးမှ ခေါင်းညိတ်ကာ၊
“ အရာအားလုံး ပုံမှန်ပါပဲ မိသားစုခေါင်းဆောင်။ ”
-ဟု ပြန်လည်ဖြေကြား၏။
ဝမ်ကျန့်ယွမ်တစ်ယောက် ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲတွင် လုံးဝ မအေးချမ်းနိုင်သေးချေ။ အကြောင်းမှာ သူတို့ ရင်ဆိုင်ရမည့်လူသည် ယခင်ကဲ့သို့ သာမန်လူ မဟုတ်သောကြောင့် ပေပင်။
“ မိသားစုခေါင်းဆောင် ... ငါ့အမြင်အရဆိုရင်တော့ အဲဒီစုရီဟာသေမှာ သေချာပါတယ် ပင်းမိုရဲ့အစီအစဉ်ဟာ ရွှမ်ဟဲအဆင့်ဧကရာဇ်ကိုတောင် အလွယ်တကူ သတ်နိုင်ပါတယ် ...
... ပြီးတော့ နှလုံးသားပြခန်းက ကျွမ်းကျင်သူလည်း ပါသွားတယ် မဟုတ်လား ဒါဆို ရွှမ်ကျောက်အဆင့်က တစ်စုံတစ်ဦးကို မသတ်နိုင်စရာ အကြောင်းမရှိပါဘူး။ ”
ဆံပင်ဖြူဖြူနှင့် အဖိုးအိုတစ်ဦးက လက်ဖက်ရည်သောက်လျက် အေးအေးလူလူ သုံးသပ်စကားဆိုလိုက်သည်။ ဝမ်ကျန့်ယွမ်က ခဏမျှ တိတ်ဆိတ်သွားပြီး၊
“ ဒါပေမဲ့ ... အဲဒီစုရီဟာ တကယ်ပဲ နတ်ဓားရှင်ရွှမ်ကြွယ် ပြန်လည်ဝင်စားလာတာ အမှန်ဖြစ်နေရင်ရော။ ”
-ဟု ပြန်မေးလိုက်၏။
နန်းဆောင်အတွင်းရှိ လေထုသည် ချက်ချင်းပင် အေးစက်သွားလေသည်။ လူတိုင်း ခံစားချက်များ လေးလံနေစဉ် ခန်းမအပြင်မှ လှောင်ပြောင်သံကြီး ထွက်ပေါ်လာ၏။
“ မင်းတို့လို ရွံ့စရာကောင်းတဲ့ လူယုတ်မာအဘိုးကြီးတွေဟာ ... တကယ်ပဲ သေသင့်တယ်။ ”
ထိုအသံကြောင့် လူတိုင်း၏အကြည့်များ တံခါးဝသို့ရောက်ရှိသွားလေသည်။ အစိမ်းရောင် ဝတ်ရုံစများ တဖျပ်ဖျပ်ခတ်လျက် လူငယ်တစ်ဦး ခန်းမထဲ လှမ်းဝင်လာတော့၏။
ဤသည်မှာ ဝမ်ချွယ်ဖြစ်သည်။ သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်လျှံလျက် လူတိုင်းအပေါ် အုပ်မိုးပစ်လိုက်၏။
“ချွယ်အာ ... မင်းတားမြစ်နယ်မြေထဲက ဘယ်လိုလုပ် ထွက်လာနိုင်တာလဲ။ ”
နန်းဆောင်အတွင်း ဆူညံသွား၏။ မိသားစုခေါင်းဆောင် ဝမ်ကျန့်ယွမ်က ချက်ချင်း မတ်တပ်ထရပ်ကာ၊
“ ချွယ်အာ ... ။ ”
-ဟု တုန်ယင်စွာ နှုတ်ဆက်လိုက်သည်။
“ အဖေ ... အရာအားလုံးကို ကျွန်တော် သိသွားပြီ တစ်ခုပဲပြောချင်ပါတယ် ... အမှားကို သိနေရင် ပြန်ပြင်ဖို့အချိန်မနှောင်းသေးပါဘူး မဟုတ်လို့ ဆက်ပြီး ရူးမိုက်နေဦးမယ် ...
... ဆိုရင်တော့ ဆရာသခင်ကိုယ်စား ဒီလုပ်ကြံမှုမှာပါဝင်တဲ့ သစ္စာဖောက်တွေအားလုံး ကျွန်တော့်လက်နဲ့ ရှင်းပစ်ရပါလိမ့်မယ်။ ”
“ ဟမ့် ... ရိုင်းလိုက်တာ ... ။ ”
ခရမ်းရောင်ဝတ်ရုံနှင့် အဖိုးလူကြီးတစ်ဦးက အော်ဟစ်လိုက်ပြီး၊
“ ဝမ်ချွယ် ... မင်းက မိသားစုရဲ့အကြီးအကဲတွေကို ဒီလိုပြောဝံ့လား အခုချက်ချင်း ထွက်သွားစမ်း။ ”
“ ဟားဟားဟား ... အကြီးအကဲတွေ ဟုတ်လား ... မင်းတို့က ငါ့ကို နှစ်ပေါင်း (၃၀၀) လုံးလုံး ပိတ်လှောင်ထားရုံမကဘူး အခု ငါ့ကို ငါးစာအဖြစ်သုံးပြီး ငါ့ဆရာရဲ့အသက်ကို ...
... ထောင်ချောက်ဆင်နေကြတယ် ... ဒီလိုလူယုတ်မာတွေက ဘယ်မျက်နှာနဲ့များ ငါ့ရဲ့ အကြီးအကဲလို့ ရည်ညွှန်းဝံ့နေတာလဲ။ ”
ထို့နောက် ဝမ်ချွယ်မှ သူ့ဖခင်ဖြစ်သော ဝမ်ကျန့်ယွမ်ထံလှည့်ကြည့်ကာ၊
“ အဖေ ... သူတို့ ဘာလုပ်လုပ် ကျွန်တော်ဂရုမစိုက်ဘူး ကျွန်တော်သိချင်တာက ဒီအရှုပ်အထွေးမှာ အဖေကိုယ်တိုင် ပါဝင် ပတ်သက်နေတာလား။ ”
-ဟု မေးမြန်းလိုက်၏။
သူ့အသွင်သည် ဝမ်းနည်းမှုကြောင့် တုန်ရင်နေချေပြီ။ ဤသည်မှာ ဖခင်နှင့် ဆရာ ဖြစ်၏။ နှစ်ဦးနှစ်ဖက်စလုံးသည် သူ့အတွက် အလေးထားသူများဖြစ်သည်။
“ချွယ်အာ ... မင်းအဖေလည်း အမိန့်ကိုနာခံရုံပါပဲ။ ”
အဖွားအိုတစ်ဦးက သက်ပြင်းချလျက် သူ့အဖေကိုယ်စား ပြန်ဖြေပေး၏။ ဝမ်ချယ်မှ တိတ်ဆိတ်သွားတော့သည်။ ထိုစဉ် ဆံပင်ဖြူနှင့် အဖိုးအိုတစ်ဦးဖြစ်သော မဟာအကြီးအကဲမှ ဝင်ပြောလာပြန်၏။
“ ဝမ်ချွယ် ... မင်းအထင်မှားနေပြီ ... အဲဒီစုရီဆိုတဲ့ ကောင်လေးက မင်းရဲ့ဆရာသခင် မဟုတ်ပါဘူး ဟန်ဆောင်နေတဲ့ သူယုတ်မာပဲ ... ငါတို့က ပင်မိုနဲ့ပေါင်းပြီး အဲဒီသူယုတ်မာကို ရှင်းပစ်ဖို့လုပ်နေတာပါ။ ”
“ ဟားဟားဟား ... ။ ”
ထိုစကားကြောင့် ဝမ်ချွယ်မှ ကြီးမားသောဟာသကို ကြားလိုက်ရသကဲ့သို့ သဘောကျဟန် အော်ဟစ်ရယ်မောလိုက်၏။
“ ဟမ့် ... အဲဒီလူက ငါ့ဆရာမဟုတ်ရင် ဘာလို့များ ငါ့ကိုငါးစာအဖြစ်သုံးနေကြတာလဲ သူကရော ဘာအတွက် ဒီလောက် ...
... အန္တရာယ်များတဲ့လမ်းကို ငါ့ကယ်ဖို့သွားရတာလဲ ဒီလူက အားနေတယ်လို့ မင်းထင်နေလား ဘယ်လိုဟာသလဲ။ ”
“ ချွင် ... ။ ”
ဝမ်ချွယ်မှ ဓားကိုဆွဲထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ အမည်ခံရွှမ်ဟဲအဆင့်ရောင်ဝါ ပွင့်ထွက်လာတော့၏။ ဖိအားကြောင့် အခန်းရှိ လူတိုင်းမျက်နှာပျက်ကုန်သည်။
“ တစ်ရက်ဆရာဖြစ်ဖူးရင် တစ်သက်ငါ့ဖခင်ပဲ မင်းတို့အားလုံး ငါ့ဆရာကို လုပ်ကြံဖို့ ကြံစည်နေကြမှတော့ ... ငါလည်း မင်းတို့အပေါ် အကြီးအကဲအဖြစ် ...
... သတ်မှတ်နေစရာ မလိုတော့ဘူး ဒီနေ့မင်းတို့လို လူယုတ်မာတွေကို အရင်ဆုံး သင်ခန်းစာပေးရလိမ့်မယ်။ ”
ဝမ်ချွယ်အသံက အေးစက်စွာဖြင့် ပဲ့တင်ထပ်လာသည်။ ထိုအသံတွင် ပြတ်ပြတ် သားသား ဆုံးဖြတ်ချက်ကို မြင်နိုင်၏။ လူတိုင်း စိတ်ရှုပ်ထွေနေစဉ် အခန်းအပြင်ဘက်မှ အသံ တစ်သံပျံ့လွင့်လာတော့သည်။
“ ဟားဟားဟား ... ဝမ်မျိုးနွယ်စုရဲ့ မျိုးဆက်သစ်တစ်ယောက်က မိသားစုအပေါ် ပြန်သတ်ဖို့ကြိုးစားနေတာလား ဘယ်လောက် လိမ္မာလိုက်တဲ့ လူငယ်လဲ။ ”
ဝမ်ချွယ်တစ်ယောက် နောက်သို့ ချာခနဲလှည့်ကြည့်လိုက်သည်။ ရွှေရောင်ဝတ်ရုံ ဆင်မြန်းထားသော အဖိုးအိုတစ်ဦး အမှောင်ရိပ်ထဲမှ လှမ်းထွက်လာ၏။
သူ့နဖူးအလယ်ရှိ ငွေရောင်မျက်လုံးသည် ကြောက်မက်ဖွယ်ကောင်းသော အလင်းများဖြင့် သူ့ထံစိုက်ကြည့်နေခဲ့သည်။ ထိုသူ၏ဘေးတွင် အနက်ရောင်ဝတ်ရုံဝတ် အသက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး လိုက်ပါလာ၏။
“ အစ်ကိုရှဲ့ ... မင်းဘာလို့ ဒီကိုရောက်လာတာလဲ။ ”
ခန်းမအတွင်းရှိ ဆံပင်ဖြူဖြူနှင့် အဘိုးအိုသည် ချက်ချင်းပင် မတ်တပ်ထရပ်ပြီး ထိုအနက်ဝတ်လူကို ကြိုဆိုလိုက်တော့၏။
“ ဝမ်ချွယ် ... သတိထားပါ အဲဒီအနက်ဝတ်လူက မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ မဟာအကြီးအကဲရှဲ့ယွမ်ချွမ်ပဲ ... သူက မင်းရဲ့ စီနီယာအစ်ကိုကြီးပင်းမိုဆီမှာ အမှုထမ်းနေတာ အလွန်သြဇာကြီးမားတယ်။ ”
ဝမ်ကျန့်ယွမ်က ဝမ်ချွယ်ကိုစိုးရိမ်စွာဖြင့် ခပ်တိုးတိုးသတိပေးလိုက်လေသည်။ ဝမ်ချွယ်မှ ရှဲ့ယွမ်ချွမ်ကိုတစ်ချက်ပင်မကြည့်ဘဲ ရွှေရောင် ဝတ်ရုံနှင့် အဘိုးအိုထံသာ စိုက်ကြည့်နေ၏။
“ ဂျူနီယာလေး ... မင်းက ပုန်ကန်ချင်နေတာလား။ ”
ရွှေရောင်ဝတ်ရုံနှင့် အဘိုးအိုက ဝမ်မျိုးနွယ်စုဝင်များကို လျစ်လျူရှူလျက်ဖြင့် ဝမ်ချွယ်ထံ ကြည့်ကာ မေးမြန်းချေပြီ။
ဝမ်ချွယ်တစ်ယောက် သတ်ဖြတ်ခြင်း အငွေ့အသက်များ ရစ်သိုင်းလာပြီး လှုပ်ရှားမည့် အချိန်တွင် ဝမ်ကျန့်ယွမ်က အနားကပ်လာပြီး တိုးညှင်းသောအသံဖြင့် တားမြစ်လိုက်၏။
“ ချွယ်အာ ... မင်း ငါ့ကို မုန်းတာပဲဖြစ်ဖြစ် နာကျည်းတာပဲဖြစ်ဖြစ် ကြိုက်သလို ဆုံးဖြတ်လို့ ရပါတယ် ဒါပေမယ့် အခုချိန်မှာ ပေါ့ပေါ့ဆဆ မလုပ်ဖို့ ငါသတိပေးပါရစေ ... ။ ”
ဖခင်ဖြစ်သူထံမှ စိုးရိမ်သောက အရိပ်အမြွက်ကို ခံစားရသောအခါတွင် ဝမ်ချွယ် ခမျာ နှလုံးသား၌ ခံစားချက်ပေါင်းစုံဖြင့် သည်းခံလိုက်ရ၏။
ထိုစဉ် အနက်ရောင်ဝတ်ရှဲ့ယွမ်ချွမ်က ဝမ်မိသားစုဝင်များကို ရွှေရောင်ဝတ်အဖိုးအိုနှင့် ကြားဝင်မိတ်ဆက်ပေးလာသည်။
“ အားလုံးပဲ ... ငါ မိတ်ဆက်ပေးပါရစေ ... ဒီစီနီယာက နှလုံးသားပြခန်းရဲ့ ... သံတမန်မင်ပါ သခင်ပင်းမိုတောင် အလွန်လေးစားရပါတယ်။”
အဆိုပါ မိတ်ဆက်စကားကြောင့် ဝမ်မိသားစုဝင်များ၏ မျက်နှာတွင် ရိုသေမှုများ ထင်ဟပ်လာတော့၏။ ဆံပင်ဖြူအဘိုးအိုမှ အမြန်ပင် ဦးညွှတ်လျက်၊
“ မင်္ဂလာပါ စီနီယာ ... ကြိုဆိုဖို့ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။ ”
-ဟု နှုတ်ဆက်လိုက်တော့၏။ သူနှင့်အတူ အခြားသော ဝမ်မိသားစုအကြီးအကဲများမှလည်း အရိုအသေပေးလာကုန်သည်။
ရွှေရောင်ဝတ်ရုံနှင့် အဘိုးအိုက မုတ်ဆိတ်မွှေးပွတ်သပ်လျက် ဂရုမစိုက်ဟန်ဖြင့်၊
“ နှုတ်ဆက်စကားတွေ မလိုပါဘူး ငါက အရေးအကြီးကိစ္စနဲ့ ... မင်းတို့ဝမ်မျိုးနွယ်စုဆီကို လာခဲ့တာပဲ ဒါပေမယ့် အဲဒီကိစ္စမဆွေးနွေးခင် အကူအညီတစ်ခု အရင်တောင်းချင်တယ်။ ”
-ဟု တုန့်ပြန်၏။
“ ဝမ်မျိုးနွယ်စုက စီနီယာကို အလုပ်အကျွေးပြုခွင့်ရတာ ဂုဏ်ယူစရာပါပဲ ဘာကိုများ ပြုလုပ်ပေးရမလဲအမိန့်ရှိပါ။ ”
ဆံပင်ဖြူအဘိုးအိုက ပြုံးလျက် မေးမြန်းသည်။ ရွှေရောင်ဝတ်ရုံနှင့် အဘိုးအိုမှ ဝမ်ချွယ်ထံညွှန်ပြကာ၊
“ သူ့ကို ဖမ်းပေးပါ ... ။ ”
-ဟု ပြန်လည်ဖြေကြားလာတော့၏။ သူ့စကားကြောင့် ပတ်ဝန်းကျင်လေထုတစ်ခုလုံး ချက်ချင်းလေးလံထိုင်းမှိုင်းသွားလေသည်။
***